Institute for Strategy and Policy – Myanmar

တိုင်းရင်းသားဒေသများအတွင်း ဖြစ်ပွားသော တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၁)

∎ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်အထိ

Download PDF Version

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပြီး နောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၇၅ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁ရက်မှ ဧပြီ ၈ ရက်အထိ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၆၉ ကြိမ်ထက်မနည်း ရှိခဲ့ရာကနေ အခုတပတ်မှာ ခြောက်ကြိမ်ထက်မနည်း ထပ်ဖြစ်ခဲ့ပြီး စုစုပေါင်း၇၅ ကြိမ်ထက်မနည်း ရှိလာပါတယ်။ ဒီတိုက်ပွဲတွေဟာ ဧပြီ ၉ ရက်မှ ၁၇ ရက်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နှစ်လကျော် အချိန်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၅၄ ဦးကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၇၂ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၂ ဦးကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၈ ရက်အထိ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူ ၅၁ ဦးကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၁ ဦးကျော် ရှိခဲ့တာဖြစ်ပြီး၊ ယခုတပတ်အတွင်းမှာတော့ အရပ်သားသေဆုံးမှု သုံးဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ တဦးထက်မနည်း အသီးသီး ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်ကလည်း တပတ်အတွင်း နှစ်ဦးထက်မနည်း တိုးလာခဲ့ပါတယ်။

တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ဘေးဒုက္ခသည် အရေအတွက် ၃၄,၆၀၁ ဦးကျော် ရှိလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၈ရက် အထိ စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၃၂,၀၃၀ ဦးကျော် ရှိခဲ့ရာက အခု တပတ်မှာ ၃၄,၆၀၁ ဦးကျော်အထိ ရှိလာတာကြောင့် တပတ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၂,၅၇၁ ဦးကျော် တိုးလာပါတယ်။ ၂၀၂၀ ပြည့်နှစ် ကစပြီး အခု ၂၀၂၁ ခုနှစ် ဧပြီ ဒုတိယပတ်အထိ စစ်ပြေးဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၄၀၂,၁၀၁ ဦးကျော် ရှိလာခဲ့ပါတယ်။

တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲမှ ၃၂,၀၀၀ ကျော်က ကရင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူတြော် ခရိုင် ဒွယ်လိုးမြို့နယ်နဲ့ ဘူးသိုမြို့နယ်ဖားပွန်-ကမမောင်း လမ်းမကြီးအနီးမှာ ရှိတဲ့ ရွာပေါင်း ၃၀ ကျော်က ဒေသခံ ပြည်သူ ၂,၀၀၀ ကျော်ဟာ ဧပြီ ၁၄ ရက်မှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။

◉ What Matters

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေအကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar ကဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်းအလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွားဖို့ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ် ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေးတင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာသုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။

About the author

ISP Admin
ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar