Institute for Strategy and Policy – Myanmar

ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉)

Download PDF Version

စစ်ကောင်စီက အာဏာသိမ်းပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက် ချေမှုန်းမှုတွေလုပ်တာ၊ ပစ်ခတ်မှုတွေမှာ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်တာ၊ ပစ်ခတ်လို့ သေဆုံးရသူတွေထဲမှာ ကလေးသူငယ်တွေ ပါနေတာ၊ ရပ်ထဲ ရွာထဲ ဝင်ရောက် ရှင်းလင်း ချေမှုန်းတဲ့အခါ ပြည်သူတွေအပေါ် ပြောဆို ပြုမူ ဆက်ဆံပုံတွေဟာ ရန်သူသဖွယ် ရမ်းကား နိုင်လွန်းတာတွေကို ဓာတ်ပုံ၊ ဗီဒီယိုစတဲ့အထောက်အထားတွေမှာ တွေ့မြင်ကြရပါတယ်။ စစ်ကောင်စီ တပ်တွေအနေနဲ့ ပြည်သူကိုပါ ရန်-ငါ စည်းခြားပြီး ဘာကြောင့်များ  ဒီလောက် ရက်စက်နိုင်ရသလဲဆိုတာ ပြည်သူတွေအတွက် နာကျည်းစရာ ဖြစ်ရသလိုနဲ့ သုတေသီတွေကြားမှာ မေးခွန်း ထုတ်စရာလည်း ဖြစ်ရပါတယ်။ အာဏာသိမ်းခြင်း၊ အာဏာစက် တည်ဆောက်ခြင်းပေါ်မှာ မူတည်ပြီး ဖြေဆို ကြံဆချက် အမျိုးမျိုး ရှိကြပါတယ်။ ဒီလို ကြံဆမှုတွေထဲမှာ နိုင်ငံရေးဓလေ့ ရှုထောင့်က ဖြေဆိုဖို့ အားထုတ်တာကလည်း အရေးပါပါတယ်။ ဒါကြောင့် မင်းအာဏာကို မြန်မာ့နိုင်ငံရေးဓလေ့မှာ ဘယ်လို ရှုမြင်သလဲ ဆိုတာ အလေးထား လေ့လာအပ်တဲ့ အကြောင်းချက်တရပ် ဖြစ်ပါတယ်။

∎ ဆိုလိုရင်းအနှစ်ချုပ် 

မြန်မာ့သမိုင်းပညာရှင် ဆရာတိုးလှကတော့ ထီးနန်းကို မင်းစည်းစိမ်လို့ ထင်နေတဲ့ အစွဲဟာ ရာဇဝင်မှာ မင်းဆိုးမင်းညစ်တွေ ပေါ်ထွန်းစေတဲ့ အဓိကအကြောင်းရင်းတရပ် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ “ထီးနန်းကို ‘စည်းစိမ်’ လို့ဆိုလာကတည်းက မြန်မာ့အုပ်ချုပ်ရေးမှာ ကသောင်းကနင်းတွေ ဖြစ်လာတယ်” လို့ ထင်ပါတယ်။ “ပြည်သူ့အတွက် မဖြစ်မနေ ထမ်းဆောင်ရတဲ့ တာဝန်ကြီး” လို့ မမြင်ခဲ့ကြပါဘူး။ မိဖုရား၊ မောင်းမ မိဿံတွေနဲ့ နိုင်ငံကရတဲ့ အခွန်တော်တွေ လက်ဆောင် ပဏ္ဏာတွေနဲ့ စိတ်ကြိုက် နေလို့ရတဲ့ စည်းစိမ်လို့ မြင်လာခဲ့ကြတယ်။ ရေမြေရှင်ဆိုတဲ့ စိတ်နဲ့ အာဏာကို အလွဲသုံးစား လုပ်လာခဲ့ကြတယ် (တိုးလှ ၂၀၁၉)” လို့ ရေးပါတယ်။

မင်းအာဏာကို စည်းစိမ်လို့ မြင်တဲ့အခါ သိမ်းပိုက်တဲ့ သဘော၊ သူတပါးနဲ့ မဆက်စပ် စေလိုတဲ့ သဘော၊ ကိုယ်ရကိုယ်ယူ သဘော ဖြစ်လာပါတယ်။ ဒါကို ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က မြန်မာနိုင်ငံရေးဓလေ့မှာ အာဏာကို မျှဝေစရာ၊ ခွဲခြမ်းစရာ၊ စေ့စပ် ရယူစရာ၊ ပွားစည်းစရာ အဖြစ် မမြင်ဘဲ နိုင်သူအကုန်ယူမှ အပိုင်ရမယ့် အကန့်အသတ် ရှိတဲ့သဘော finite အဖြစ် ရှုမြင်တယ်လို့ သုံးသပ်ပါတယ် (Steinberg 2001)။ ဒီသဘောကို ဆရာ မောင်မောင်ကြီးက ရှေးမွန်မဆွကပဲ မြန်မာတွေဟာ “အကုန်ရရင်ရ မရရင် ဘာမှ မလိုချင်ဘူး”ဆိုတဲ့ ယေဘုယျ သဘောထားမျိုး ရှိကြောင်း ထောက်ပြဖူးပါတယ်။ ဆရာက မြန်မာစကားပုံမှာလာတဲ့ “သေရင်မြေကြီး၊ ရှင်ရင် ရွှေထီး” နဲ့ “မစားရ အရှင်း၊ စားရ ဆီထမင်း” ဆိုတဲ့ စကားတွေကို ကိုးကားပြီး မြန်မာ့အမြင်မှာ အောင်နိုင်သူနဲ့ ချေမှုန်းခံရသူပဲ ရှိတယ်။ ရန်သူကို ကိုယ်က သတ်ရင်သတ် မသတ်ရင်ကိုယ်အသတ်ခံရမယ် ဆိုတဲ့ အမြင်ကို ခံယူတယ်လို့ ရေးဖူးပါတယ် (Maung Maung Gyi 1983)။

ဆရာတိုးလှက ကုန်းဘောင်မင်းဆက် ဇယားကိုစဉ်ရာမှာ မင်း ၁၁ ပါးမှာ အနည်းဆုံး လေးပါးဟာ အုပ်စိုးနေတဲ့ ဘုရင်ကို ပုန်ကန် နန်းလု တက်လာကြတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ် (ဇယား ၁ ကိုကြည့်ပါ)။ ဆရာက အခုလို သုံးသပ်ပါတယ်။ “ထီးနန်း လုကြသူတွေဟာ အလုခံရတဲ့ ဘုရင် မကောင်းလို့ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို သနားလို့ ပြည်သူတွေကို ကယ်တင်ချင်လို့ ခုလို လုပ်ရတယ်လို့တော့ မထင်လိုက်ပါနဲ့။ အုပ်ချုပ်ရေးကိုလဲ ပြည်သူ့အကျိုးအတွက် ကောင်းအောင် ‘ထမ်းဆောင်ရမယ့် တာဝန်’ လို့ မြော်မြင်ပြီး ပြည်သူတွေ ငြိမ်းချမ်းသာယာ ဖွံဖြိုး တိုးတက်စေချင်တဲ့ စိတ်စေတနာနဲ့ အသက်ကို စွန့်ပြီး အုပ်ချုပ်ရေး အာဏာကို လုယူခဲ့ကြတာ မဟုတ်ဘဲ ထီးနန်းစည်းစိမ်ကို မိဖုရားတွေ အများကြီးနဲ့ ကာမဂုဏ် စည်းစိမ်အဖြစ် ခံစား စံစားချင်လို့ အာဏာရှိရင် လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ မတော်လောဘ စိတ်နဲ့ နန်းလုခဲ့ကြတာ ဖြစ်တယ် (တိုးလှ ၂၀၁၉)။” ချုပ်ပြောရရင် ထီးနန်းကို မင်းစည်းစိမ်လို့မြင်တဲ့အတွက် သိမ်းပိုက် အောင်နိုင်ယူရမယ်၊ ဒီလို ရယူရာမှာ အလျော့အတင်း မရှိစေရဘူး၊ သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ စံစားရမယ် ဆိုတာတွေဟာ အာဏာ၊ အာဏာလုခြင်း၊ အာဏာ အလွဲသုံးစား လုပ်ခြင်းတွေနဲ့ ပတ်သက်လို့ ပညာရှင်တွေ ဂရုထားမိတဲ့ မြန်မာ့အစဉ်အလာ နိုင်ငံရေးဓလေ့တွေပဲ ဖြစ်ပါတယ်။ ဒီညစ်ထေးတဲ့ နိုင်ငံရေး ဓလေ့ဆိုးတွေကို မင်းလိုလိုက် မင်းကြိုက် ဆောင်ပြီး ငုံခံမနေဘဲ သင်ခန်းစာယူစေ၊ ပြုပြင်နိုင်စေ၊ သံဝေဂရစေဖို့ ပြန်လှန်ဆန့်ကျင်တဲ့ အားထုတ်မှုတွေ၊ နမူနာကောင်းတွေလည်း ရှိခဲ့ကြပါတယ်။ 

∎ ဘာကြောင့် အလေးထားသင့်သလဲ

မြန်မာနိုင်ငံရဲ့ ၂၀၂၁ လူထုတော်လှန်ရေးမှာ မြင်သာ ထင်သာတဲ့ ဥပဒေတွေ၊  အုပ်ချုပ်ရေး၊ စီးပွားရေး စနစ်တွေကိုသာမက ထီးရိပ်နန်းရိပ်က လူတွေရဲ့ နိုင်ငံရေးဓလေ့ဆိုးတွေကိုပါ အမြစ်လှန် ပြောင်းလဲပစ်ဖို့ ဦးတည်တာမျိုးကို တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စနစ်တော်လှန်ရေးသာမက စိတ်ဓာတ်ပိုင်း ဆိုင်ရာ၊ တန်ဖိုးနဲ့ နှုန်းစံပိုင်း ဆိုင်ရာ တော်လှန်ရေးကိုပါ တပြိုင်တည်း ဆင်နွှဲနေတာ တွေ့ရပါတယ်။ အထူးသဖြင့် အုပ်စိုးသူ လူတန်းစားတွေထဲက ညစ်ထေးလှတဲ့ အာဏာခံယူချက်တွေကို ဖောက်ထုတ် သွေးသစ်လောင်းဖို့ ရည်ရွယ်တာဟာ လှုပ်ရှားမှုကြီးရဲ့ အဓိက ကျေးဇူးပြုမှုတရပ် ဖြစ်လာပါတယ် (လူထုလှုပ်ရှားမှု အနိုင် အရှုံးရလဒ်အကြောင်း စဉ်းစားပုံ။ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၉ ကို ဆက်စပ် ဖတ်ရှုပါ)။ ဒီလိုမှသာ လူထုတော်လှန်ရေးတွေရဲ့ အသီးအပွင့်တွေဟာ အောင်မြင်ပြီး အရှည် တည်တံနိုင်ပါမယ်။ အာဏာရှင် တယောက်ကို နောက်အာဏာရှင် တယောက်က အစားထိုးတဲ့၊ ပြည်သူတွေကို အပြုခံ အပြဌာန်းခံ အသုံးတော်ခံလို ထားတဲ့ နိုင်ငံရေး ဓလေ့ဆိုးက လွတ်မြောက်နိုင်ပါမယ်။ ဒါ့အပြင် ထီးရိပ်နန်းရိပ်က လူတွေ အချင်းချင်း အဝေ မတည့်လို့ အာဏာလုကြတိုင်း ပြည်သူတွေက အဲ့ဒီ ဆိုးကျိုးတွေကို ခါးစည်းခံကြရတာမျိုး ဖြစ်စရာမလိုဘဲ အာဏာဟာ မင်းစည်းစိမ် မဟုတ်၊ အာဏာဆိုတာ ပြည်သူ့ဆီက ဆင်းသက်လာတာ၊ ပြည်သူတွေက အာဏာရှိသူတွေကို အထိန်းအထေနဲ့ ကွပ်ညှပ် ဩဇာလွှမ်းနိုင်ရမယ်၊ အာဏာ အပ်နှင်းခံရတယ် ဆိုတာ “ပြည်သူ့အတွက် မဖြစ်မနေ ထမ်းဆောင်ရတဲ့ တာဝန်ကြီး”လို့ ရှုမြင်တဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားစေဖို့အတွက် နိုင်ငံရေးဓလေ့ ရှုထောင့်က မြန်မာတွေရဲ့  အာဏာရှုမြင်ပုံကို လေ့လာခြင်းဟာ အလေးထားသင့်တဲ့ အကြောင်းချက် တရပ်ပဲ ဖြစ်ပါတယ်။

➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/ISPMyanmarpage/posts/2531700717134145

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

မြန်မာနိုင်ငံရေးသမိုင်းမှာ မင်းစည်းစိမ် လိုချင်လို့ အာဏာလုတဲ့အခါ အဖေသတ်၊ ဦးရီးသတ်၊ အကိုသတ်၊ သားသတ်၊ တူသတ်ခဲ့ကြတာ၊ ကုန်းဘောင်ခတ်မှာဆို မင်းညီမင်းသား ၄၀ ကျော်ကို အစုလိုက် အပြုံလိုက် လုပ်ကြံခဲ့တဲ့ နိုင်ငံရေးအရ ကြောက်စရာ သတ်ဖြတ်မှုတွေတောင် ရှိခဲ့ပါတယ်။ မင်းဆက်တိုင်း လိုလိုမှာ နန်းလုမှု ပြဿနာတွေ ရှိခဲ့ကြပါတယ်။ အောင်မြင်တာနဲ့ မအောင်မြင်တာပဲကွာပါတယ်။ နန်းလျာအလွှဲ အပြောင်း၊ မင်းပြောင်း မင်းလွှဲကာလတွေဟာ မချောမွေ့တာ၊ သွေးထွက်သံယိုတွေ ဖြစ်တတ်တာဟာ ပဒေဿရာဇ်ခေတ် ကနေ၊ မျက်မှောက်ခေတ်အထိ ကြုံနေရပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့ပေမယ့် သိမ်းတာမဟုတ်ဘူး၊ ထိန်းတာသာ ဖြစ်တယ်၊ ဒါဟာ အာဏာရပါတီ NLD က မဲမသမာမှုတွေ လုပ်လို့ ထိန်းလိုက်ရတဲ့ နေပြည်တော် နိုင်ငံရေးသာ ဖြစ်တယ်လို့ ပုံဖော်ခဲ့ပါတယ်။ ဒါဟာ အကြောင်းပြချက် တခုသာ ဖြစ်ပြီး ပြည်သူလူထုကလည်း လက်မခံကြပါဘူး။ လူထုတော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ခေါင်းဆောင်တွေ၊ စွန့်လွှတ်မှု အပြည့်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ ပြည်သူ အများစုကပါ ဒီလှုပ်ရှားမှုဟာ ပါတီတခု၊ ပုဂ္ဂိုလ်တဦး တယောက်အတွက် တိုက်ပွဲ ဝင်နေတာမဟုတ်ဘူး။ အာဏာကို ဒီလို မတရား အနိုင့်အထက်ကျင့်နည်းနဲ့ ရယူတာ၊ မင်းပြောင်း မင်းလွှဲကို သွေးထွက် သံယိုနည်းနဲ့ ဖြေရှင်းတာကို လက်မခံတာပဲ ဖြစ်တယ်၊ စစ်အာဏာရှင်စနစ်ကို ဗြောင်ကျကျ ပြန် အသက်သွင်းလာတာကို အန်တုတာပဲ ဖြစ်တယ်လို့ ပိုပြီး သဘော ထားလာကြတာ တွေ့နိုင်ပါတယ်။

အာဏာသိမ်းသူတွေဟာ ရှိရင်းစွဲ ပုဂ္ဂလိက ကြွယ်၀ ချမ်းသာမှုတွေ လျော့ပါးမှာစိုးလို့၊ ရလတ္တံသော ဓနနဲ့ အဂတိ အခွင့်လမ်းသစ်တွေ ဆုတ်ယုတ်မှာ စိုးလို့၊ မင်းအာဏာကို စည်းစိမ်လို မြင်ပြီး အာဏာသိမ်းတာ ဖြစ်တယ်၊ ဒါ ကြောင့် အာဏာသိမ်းရာမှာ တာဝန်ရှိသူတွေ ဖြစ်တဲ့ အဖွဲ့စည်း၊ လူပုဂ္ဂိုလ်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား ပြစ်ဒဏ် ခတ်မှုတွေ၊ သပိတ်မှောက်မှုတွေကို ပြည်ပ အစိုးရတချို့ကရော၊ ပြည်တွင်း ပြည်သူတွေက လုပ်ဆောင်ကြတာ (ဝါ) လုပ်ဆောင်ဖို့ လှုံဆော်ကြတာမျိုးတွေကို တွေ့မြင် ကြရပါတယ်။

နန်းလုတာဟာ အာဏာကို မင်းစည်းစိမ်လို ရှုမြင်လို့၊ ဒီလို မြင်တဲ့အတွက် သေရင်မြေကြီး ရှင်ရင်ရွှေထီး အလျော့အတင်းမရှိ လက်ကုန် လုပ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ချေမှုန်း နှိပ်ကွပ်မှုတွေ ကျူးလွန်ခဲ့ကြတာပါ။ အကျိုးဆက်အားဖြင့် မြို့ပြနိုင်ငံရေးမှာ ဆယ်စုနှစ်နဲ့ချီ မကြုံဘူးခဲ့တာတွေကို ခြောက်ခြား တုန်လှုပ်စရာ အဖြစ် ပြည်သူတွေရော၊ ကမ္ဘာကပါ ဆိုရှယ်မီဒီယာကတဆင့် မြင်တွေ့ခဲ့ကြရပါတယ်။ ဒါကြောင့် မြန်မာ့ အုပ်စိုးသူတွေရဲ့ အာဏာဆိုင်ရာ အမြင်နဲ့ လူထုက ဆန့်ကျင် ဆင်နွှဲတဲ့ တန်ဖိုးနဲ့၊ နှုန်းစံ တော်လှန်ရေးကို တွဲဖက် လေ့လာတာဟာ လူအဖွဲ့စည်းရဲ့နိုင်ငံရေး ယဉ်ကျေးမှုကို အပြောင်းအလဲကို အထောက်အကူ ဖြစ် စေတာမို့ ဒီသမိုင်း သုတေသနဟာ မြန်မာ့အခြေနေနဲ့ အထူး ဆီလျော်လှပါတယ်။ နိုင်ငံရေးကို ရာဇရေး သက်သက်အဖြစ် သတ်မှတ် လက်လွှဲ ထားတာကနေ၊ လူထုအရေးအရာအဖြစ် ပြောင်းလဲပစ်ပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ယူနိုင်မှသာ ရာဇဓလေ့ဆိုးတွေကို လူထုဓလေ့၊ ဒီမိုကရေစီဓလေ့နဲ့ ထိန်းထေနိုင်မယ်၊ ဧကဝါဒ ကျဆုံးပြီး ဗဟုဝါဒ ထွန်းကားနိုင်မှာ ဖြစ်ပါတယ်။

∎ Further Readings

တိုးလှ (၂၀၁၉)။ ရာဇဝင်ထဲက မင်းဆိုးမင်းညစ်များ (ပုံနှိပ်မှတ်တမ်း မပါဝင်။) Maung Maung Gyi. (1983). Burmese Political Values. The Socio-Political Roots of Authoritarianism. New York: Praeger. Steinberg, David I. (2001). Burma: The State of Myanmar. Washington, D.C. Georgetown University Press

◉ What Matters 

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။

About the author

ISP Admin
ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar