Institute for Strategy and Policy – Myanmar

အင်တာနက် ဖြတ်တောက်ခြင်းအားဖြင့် လူထုလှုပ်ရှားမှုအရှိန် လျော့ကျသွားမည် မဟုတ်ဆိုသော အယူအဆ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၅)

Download PDF Version

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အင်တာနက် သုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ သုံးစွဲသူ စုစုပေါင်း ၂၂ သန်းကျော် ရှိခဲ့ပါတယ် (Internet World Stats,2020)။ စီးပွားရေး လုပ်ငန်းတွေတင်မကဘဲ လူတဦးချင်းစီရဲ့ နိစ္စဓူ၀ လုပ်ငန်းဆောင်တာတိုင်းမှာ အင်တာနက်က အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာတခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ အခြားသော ကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံမှာလည်း အင်တာနက်က တဆင့် ချိတ်ဆက်လှုပ်ရှား ဆောင်ရွက်မှုတွေ အားကောင်းခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီကတော့ အာဏာသိမ်းခဲ့တဲ့ နေ့ကစပြီး အများပြည်သူရဲ့ ရပိုင်ခွင့် တခုဖြစ်တဲ့  အင်တာနက် ဝန်ဆောင်မှုတွေကို တရစ်ပြီး တရစ် တိုးမြှင့် ဖြတ်တောက်ခဲ့ပါတယ်။ ဒီအခြေအနေမှာ အင်တာနက်ကို ဖြတ်တောက်လိုက်ခြင်းဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု လုပ်နေတဲ့ ပြည်သူတွေအကြား ဆက်သွယ်မှု ပြတ်တောက်နိုင်စေနိုင်တာ မဟုတ်ဘူးဆိုတဲ့ အယူအဆကို အလေးထားအပ်တဲ့ အကြောင်းအချက်တခုအဖြစ် ဖော်ပြပါမယ်။ 

∎ ဆိုလိုရင်းအနှစ်ချုပ် 

စစ်အာဏာသိမ်းယူတဲ့ ကာလတွေမှာ အာဏာသိမ်း စစ်တပ်တွေဟာ သူတို့ကို ဆန့်ကျင်တဲ့ လူထုအကြား ချိတ်ဆက်ပြီး လုပ်ဆောင်တဲ့ ဆန္ဒပြပွဲတွေ နည်းအောင် အင်တာနက်နဲ့ မိုဘိုင်းဖုန်းလိုင်းတွေကို အခါ အားလျော်စွာ ဖြတ်တောက်လေ့ရှိပါတယ်။ သမားရိုးကျ အမြင်မှာတော့ အင်တာနက်ကို ဖြတ်တောက် လိုက်ရင် လူထုအကြား ချိတ်ဆက်မှု မလုပ်နိုင်တော့ဘဲ လမ်းပေါ်ထွက် ဆန္ဒပြတဲ့သူ အရေအတွက် လျော့သွားနိုင်တယ်လို့ ယူဆကောင်း ယူဆပါလိမ့်တယ်။ ဒါပေမဲ့ နိုင်ငံရေးသိပ္ပံ သုတေသီတဦးဖြစ်တဲ့ Navid Hassanpour က အင်တာနက်နဲ့ မိုဘိုင်းဖုန်းလိုင်းတွေကို ဖြတ်လိုက်တိုင်း လမ်းပေါ်ထွက် ဆန္ဒပြတဲ့ နေရာနဲ့ ဆန္ဒပြသူ အရေအတွက် လျော့သွားစေနိုင်တာ မဟုတ်ဘူးလို့ သုတေသန စာတမ်း တစောင်မှာ ထောက်ပြခဲ့ပါတယ်။ အင်တာနက်နဲ့ မိုဘိုင်းဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတဲ့အခါ  အခြေအနေ သုံးရပ်ကြောင့် လမ်းပေါ်ကို လူတွေ ပိုရောက်စေနိုင်ပါတယ်။  (၁) အွန်လိုင်းနဲ့ ဖုန်းဆက်သွယ်မှု အပေါ် အားပြုပြီး အဆက်အသွယ် လုပ်တဲ့အစား မျက်နှာချင်းဆိုင် ဆက်သွယ်မှုတွေကို ပိုပြီး အားပြု လာကြပါတယ်။ (၂) နိုင်ငံရေးကိစ္စတွေမှာ အရင်က အကျွမ်းတဝင် သိပ်ပြီး မရှိသူတွေ၊ စိတ်မဝင်စားသူတွေကိုတောင် ဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်လာစေပါတယ်။ (၃) ဆန္ဒပြမှုတွေဟာ အရင်က တနေရာထဲ စုဝေး နေရာကနေ မြေပြင်မှာလုပ်တဲ့ ချိတ်ဆက်မှု ကွန်ရက် အသစ်တွေပေါ်လာပြီး နေရာအနှံ့အပြားကို ဖြန့် ထုတ်လိုက်နိုင်ပါတယ်။ ဒီအချက်က ဆန္ဒထုတ်ဖော်မှုတွေကို ဖြိုခွင်းဖို့ စောင့်ဆိုင်းနေသူတွေကို လှည့်စားမှု လုပ်ရာမှာ အသုံးဝင်ပါတယ်။ 

∎ ဘာကြောင့် အလေးထားသင့်သလဲ 

လူထု တော်လှန်ရေးတွေမှာ အင်တာနက်၊ မိုဘိုင်းဖုန်း စနစ်တွေ အရေးပါခြင်းကို အသိအမှတ် ပြုကြပေမဲ့ ဒီစနစ်တွေကို  ဖြတ်တောက်ပစ်တာနဲ့ လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန် ရပ်တန့်သွား မသွားဘူး ဆိုတဲ့အပေါ် သုတေသန ဖော်ထုတ်မှု နည်းသေးတာမို့ ကနဦး တွေ့ရှိချက်တွေကို အလေးထား လေ့လာသင့်ပါတယ်။ ၂၀၁၁ ခုနှစ်က အီဂျစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုကို လေ့လာခဲ့တဲ့ သုတေသန စာတမ်းရဲ့ အဆိုအရ အာဏာသိမ်း စစ်တပ်က အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်ပေမဲ့  ပထမ ရက်မှာတင် လူထုလှုပ်ရှားမှုဟာ ရပ်တန့်သွားတာ၊ အရှိန်အဟုန် ပြောင်းသွားတာမျိုး မဖြစ်ဘဲ စုရပ်နဲ့ ဆုံချက်ပြောင်းသွားခြင်းသာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တခါ အခြားနေရာ အမြောက်အမြားမှာလည်း အုပ်စုငယ်လေးတွေ အသွင်နဲ့ စုဝေး ဆန္ဒပြကြပါတယ်။ လူထုတော်လှန်ရေးမှာ တဦးချင်းစီရဲ့ ဆန္ဒပြခြင်း၊ မပြခြင်း ဆုံးဖြတ်ချက်က ကျရောက်လာမယ့် အန္တရာယ်အပေါ် ရင်ဆိုင်လိုစိတ် ရှိ၊ မရှိဆိုတာနဲ့ ပတ်ဝန်း ကျင်က အခြားသူတွေက စွန့်စွန့်စားစားနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခြင်း လုပ်၊ မလုပ်ဆိုတာတွေနဲ့ သက်ဆိုင် ပါတယ်။ အင်တာနက်ကို ဖြတ်လိုက်လို့ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေ ပြတ်တောက်မယ်၊ ဦးဆောင်မှု ပေးနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သတင်းအချက်အလက် ပေးနိုင်တဲ့ မီဒီယာတွေဆီကလည်း သတင်းစကား မကြားရတော့ရင်တောင် လူတဦးချင်းရဲ့ ဆန္ဒပြခြင်း၊ မပြခြင်း ဆုံးဖြတ်ချက်က အင်တာနက် ရခြင်း မရခြင်းနဲ့ မဆိုင်တော့ပါဘူး။ ရပ်ရွာထဲက သတ္တိရှိရှိ စွန့်လွှတ်စွန့်စားရဲတဲ့ မျက်နှာသိ မိတ်ဆွေတွေ ရဲ့ လုပ်ဆောင်ချက်ကသာ ပိုပြီး လွှမ်းမိုးလာပါတယ်။ အရင်က အန္တရာယ်ကို ကြောက်ပြီး မထွက်ရဲသူ ဖြစ်ခဲ့ရင်တောင် ကိုယ့်ပတ်ဝန်းကျင်က စိတ်ဓာတ်ပြင်းပြသူတွေနဲ့ ချိတ်ဆက်မိတဲ့အခါ အများနည်းတူ အန္တ ရာယ်ကို ရင်ဆိုင်ပြီး ထွက်လာပါတော့တယ်။  ဒီအခါ ဆန္ဒပြပွဲကြီးအဖြစ် နေရာတခုတည်းမှာ ဆုံချက် ထားပြီး စု‌ဝေးတာထက် ဒေသအနှံ့အပြားမှာ ဖြန့်ခွဲထွက် လှုပ်ရှားမှုတွေ ပေါ်လာပြီး၊ ဆန္ဒထုတ် ဖော်မှုတွေကို ဖြိုခွင်းဖို့ စောင့်ဆိုင်းနေတဲ့ အာဏာပိုင်တွေကိုပါ လှည့်စားလာနိုင်မှာ ဖြစ်ပါတယ် (ပုံ ၁ ကိုကြည့်ပါ)။ 

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

စစ်အာရှင်စနစ် ဆန့်ကျင်ရေး မြန်မာ့ လူထုတော်လှန်ရေးမှာ အင်တာနက်ကတဆင့် ချိတ်ဆက်မှုတွေဟာ ကနဦးကာလမှာ အရေးပါခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ဖို့ နေ့ရက်၊ နေရာ၊ ပုံသဏ္ဍာန် စသဖြင့် ချိန်သားကိုက်မှု ပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်ရာမှာ အလွန်အရေးပါခဲ့တာပါ။ ဒါကြောင့်လည်း အာဏာသိမ်း စစ်ကောင်စီ ဘက်က သူတို့အပေါ် လူအင်အားသုံး ဆန့်ကျင်မှုတွေ လျော့ကျအောင် ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်း ခြင်းကစပြီး အင်တာနက်ကိုပါ ဖြတ်တောက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်အရေးပါတဲ့ ဆက်သွယ် ရေးစနစ်ကို တဖြည်းဖြည်းချင်း စတင်ပြီး ဖြတ်တောက်ခံရချိန်မှာလည်း စစ်ကောင်စီက မျှော်လင့်သလို လူတွေလမ်းပေါ်ထွက် ဆန္ဒပြတာတွေ ရပ်တန့်သွားတာမျိုး မတွေ့ရပါဘူး။ ဒါကြောင့်ပဲ ဒီသုတေသနကို မြန်မာ့အခြေနေနဲ့ ဆက်စပ်စဉ်းစားဖို့ ဆီလျော်တယ်လို့ ဆိုချင်ပါတယ်။ 

အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်က စတင်ပြီး  ငါးရက်အတွင်း ရန်ကုန်၊ မန္တလေး အပါအဝင် အချို့မြို့တွေမှာ လမ်းပေါ်ထွက် ဆန္ဒပြသူ အချို့ရှိလာပါတယ်။ ဒ့ါပေမဲ့ လှုပ်ရှားမှုရဲ့ ကနဦးကာလ ဖြစ်တာကြောင့်  သိပ်မများခဲ့ပါဘူး။ စစ်အာဏာသိမ်းပြီး ခြောက်ရက်မြောက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၆ ရက်၊  နံနက်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီက တနိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက်သုံးစွဲမှုကို စတင် ဖြတ်တောက်လိုက်ပါတယ်။ လူမှုမီဒီယာ သုံးစွဲခွင့်နဲ့ အခြား ပြည်တွင်းမီဒီယာများရဲ့ ဝက်ဘ်ဆိုက် စာမျက် နှာတွေကိုလည်း ပိတ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု အားကောင်းလာပါတယ်။ စစ်အာဏာရှင်တွေဟာ ဆန္ဒပြမှုတွေကို လျော့ကျသွားအောင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ နဲ့ လူ ငါးဦးထက် ပို မစုဝေးရ အမိန့်တွေကို ထုတ်ပြန် တားဆီးခဲ့တာတွေ လုပ်ခဲ့ပေမဲ့လည်း မြန်မာနိုင်ငံအနှံ့မှာ လူထုလှုပ်ရှားမှု ပိုအားကောင်းလာခဲ့ပြီး အလွှာစုံပါဝင်တဲ့ သန်းချီ စုဝေးမှုတွေအထိ ဖြစ်လာခဲ့ပါတယ် (ပုံ ၂ ကိုကြည့်ပါ)။

တခါ အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၅ ရက်က စပြီး နံနက် ၁ နာရီကနေ  ၉ နာရီအထိ အင် တာနက် ဖြတ်တောက်မှုကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူထုဟာ ရတဲ့နည်းလမ်းနဲ့ ချိတ်ဆက်မှုကို သုံးပြီး လူထု လှုပ်ရှားမှုကို အရှိန်မြှင့်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ အာဏာသိမ်း စစ်ကောင်စီရဲ့ ရဲနဲ့စစ် တပ်က အင်အားသုံး အကြမ်းဖက် ဖြိုခွင်းပစ်ခတ်မှုတွေ လုပ်လာပါတယ်။ ဒီလို လုပ်ခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ မြန်မာနိုင်ငံတဝှမ်းက လူသန်း၂၀ကျော် ပါဝင်တဲ့ လှုထုလှုပ်ရှားမှုကို မြို့ပေါင်း ၃၀၆မြို့ကျော်မှာ ပြုလုပ်နိုင်ခဲ့ကြတယ်လို့ ပုဂ္ဂလိက သတင်းမီဒီယာများက ဖော်ပြပါတယ်။ အင်တာနက် ဖြတ်တောက်ခံ ရမှုကြောင့် အချက်အလက် အတိအကျ မသိရပေမယ့် လူသူဝေးလံ ခေါင်ပါးတဲ့ ကျေးလက် တောရွာ တွေမှာပါ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတယ်လို့  ပါဝင်သူတွေရဲ့ ထုတ်ဖော် ပြောဆိုချက်တွေအရ သိရပါတယ်။ 

ဒီနောက်ပိုင်း မတ် ၁၅ ရက်ကစပြီး မိုဘိုင်း အင်တာနက် ဖြတ်တောက်မှုကို အာဏာသိမ်း စစ်ကောင်စီက လုပ်ခဲ့ပြီး ရန်ကုန်က မြို့နယ်ခြောက်ခုကိုလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေဟာ ရပ်တန့်မသွားဘဲ နေရာစုံ၊ အလွှာစုံ ကနေ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖြန့်ခွဲ ပေါ်ပေါက်ခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဘက်က ရဲနဲ့ စစ်တပ်က လည်း အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေကို ပိုလုပ်လာပြီး၊ တရားမဲ့ သတ်ဖြတ်တာတွေ၊ ခြိမ်း ခြောက်တာတွေကို နေ့ည မရွေး ရပ်ရွာတွေထဲ အထိပါ လုပ်လာပြီး လူထုလှုပ်ရှားမှုကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။  ပြည်သူတွေဘက်ကလည်း လမ်းပေါ်ထွက် စုဝေး ဆန္ဒပြခြင်းထက် အစုအဖွဲ့တွေကို အခြေပြုပြီး ပြောက်ကျားဆန္ဒပြမှုတွေ၊ ညသပိတ်တွေ၊ အာရုဏ်ဦးသပိတ်တွေနဲ့ လူမဲ့သပိတ်တွေကို ဖော်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အရှိန်မပြတ် ဆက်လုပ်ခဲ့ ကြပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့်လည်း အာဏာသိမ်း စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်မှုက ပြည်သူလူထုရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ဆက်သွယ်ရေး ပြတ်တောက်သွားခြင်း မရှိတာကို ညွှန်းဆိုနေပါတယ်။ 

နိုင်ငံရေးသိပ္ပံ သုတေသီ Navid Hassanpour ရဲ့ သုတေသနမှာ ထည့်သွင်းစဉ်းစားထားခြင်း မရှိပေမဲ့ မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုအတွက် အရေးကြီးတဲ့ အချက်ကတော့ ဒီအင်တာနက် ဖြတ်တောက် မှုတွေနဲ့အတူ အာဏာသိမ်းစစ်တပ်က မြေပြင်မှာ အကြမ်းဖက် ဖြိုခွင်းမှုတွေကို မီးကုန် ယမ်းကုန် အရှိန် မြင့်ပြီး လုပ်လာခဲ့ရင် လူထုဆန္ဒပြတွေအတွက် ဘယ်လို သက်ရောက်စေမလဲဆိုတာ ဖြစ်ပါတယ်။ ဒီအချက်တော့ နောင် သုတေသနတွေအတွက် အရေးပါတဲ့ ကိန်းရှင် ဖြစ်နိုင်ပါတယ်။

∎ Further Readings

Hassanpour, N. 2014. Media disruption and revolutionary unrest: Evidence from Mubarak’s quasi-experiment. Political Communication, 31(1), 1-24.

◉ What Matters

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာ ဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။

About the author

ISP Admin
ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar