Institute for Strategy and Policy – Myanmar

လူထုလှုပ်ရှားမှု အနိုင်အရှုံးရလဒ်အကြောင်း စဉ်းစားပုံ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၉)

Download PDF Version

∎ ဆိုလိုရင်းအနှစ်ချုပ်

လူထုလှုပ်ရှားမှုရဲ့ရလဒ်ကို ဆင်ခြင်ရာမှာ လုံးလုံးအနိုင်နဲ့ လုံးလုံးအရှုံး ဆိုပြီး ယတိပြတ် သဘော၊ ဆန့်ကျင်ဘက် ဒွိစုံ binary သဘော မစဉ်းစားဖို့ သုတေသီတွေက အကြံပြုပါတယ်။ ထင်ရှားတဲ့ သုတေသီ တဦးဖြစ်တဲ့ William Gamson (1990) က လူထုလှုပ်ရှားမှုရဲ့ ရလဒ်ကို အကဲဖြတ်တဲ့အခါ အခြေခံ ပေတံ နှစ်ရပ်ကို အသုံးပြုဖို့ တင်ပြပါတယ်။ တခုကတော့ အန်တု စိန်ခေါ်သူတွေရဲ့ ကံကြမ္မာ ဘယ်လို ဖြစ်လာမလဲ ဆိုတာနဲ့၊ နောက်တခုက အန်တု စိန်ခေါ်သူတွေ တောင်းဆိုတဲ့ အခွင့်အလမ်း အခင်းအကျင်းသစ် ရနိုင်သလား ဆိုတာပဲ ဖြစ်ပါတယ်။

ပထမ အချက်မှာ လူထုလှုပ်ရှားမှုနည်းနဲ့ အန်တု စိန်ခေါ်သူတွေကို အုပ်စိုးသူက လက်ခံ လိုက်ရတာ ဖြစ်ပြီး ဒုတိယ အချက်မှာတော့ လူထုတိုက်ပွဲ ကာလမှာပဲဖြစ်ဖြစ်၊ အပြီးမှာပဲ ဖြစ်ဖြစ် အန်တုစိန်ခေါ်သူတွေ တောင်းဆိုတဲ့ အခြေနေအခင်းကျင်းသစ် တရပ် (ဝါ) အနီးစပ်ဆုံး အကျိုးများတဲ့ အခြေနေသစ် တရပ် ပေါ်ထွန်းလာတာပဲ ဖြစ်ပါတယ်။ ချုပ်ရရင် (၁) လူထု လှုပ်ရှားမှုကနေ အင်အားစုသစ် တရပ် ပေါ်ထွက်လာမယ်။ အဲဒီ အင်အားစုသစ်ဟာ လှုပ်ရှားမှုရဲ့ အကျိုးစီးပွားကို တရားဝင် ကိုယ်စား ပြုပေးနိုင်တဲ့ အင်အားစုသစ် အဖြစ် တည်ဆဲ စနစ်က (ဝါ) အုပ်စိုးသူက လက်ခံလိုက်ရတာ။ လူထု ထောက်ခံမှု ရရှိထားတဲ့ စိန်ခေါ် အန်တုသူ စုဖွဲ့မှုအသစ်၊ အဖွဲ့အစည်းအသစ်၊ အင်စတီကျူးရှင်း အသစ်ကို အုပ်စိုးသူက လက်ခံ အသိမှတ် ပြုပေးလိုက်ရတာပါပဲ။ (၂) လူထုလှုပ်ရှားမှုက တောင်းဆိုတဲ့အတိုင်း ဒါမှမဟုတ် အနီးစပ်ဆုံး အကျိုးကျေးဇူးများတဲ့ အခြေနေသစ် တခုကို ရလိုက်တာ။ တနည်းအားဖြင့် နိုင်ငံရေး အခင်းအကျင်းမှာ အပြောင်းအလဲ ဖြစ်သွားတာ၊ တပန်းသာ အောင်မြင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီတိုင်းတာချက် နှစ်ရပ်ကို ပေါင်းစပ်တဲ့ အခါ ရလဒ်လေးမျိုး ထွက်လာပါတယ်။

ဇယားကို ကြည့်မယ် ဆိုရင် အကွက်အမှတ် ၁ နဲ့ ၄ က အနိုင်နဲ့အရှုံး ကိုပြပြီး၊ အမှတ် ၂ နဲ့ ၃ က အင်အားစုအသစ် ပေါ်လာတယ်၊ သို့ပေတဲ့ ရှိရင်းစွဲ စနစ်ထဲ ဆွဲသွင်း အစားခံရလိုက်ရတာ (ဇယားကွက် ၂)နဲ့ အုပ်စိုးသူက အခြေအနေ သစ်ကို သူ့စိတ်တိုင်းကျ လိုသလို ပုံသွင်းယူပြီး အင်အားစုအသစ်ကို အသိမှတ်မပြုတာ (ဇယားကွက် ၃) ဆိုတဲ့ အခြေအနေ နှစ်ရပ်ကို တွေ့နိုင်ပါတယ်။ ဒီနေရာမှာ အင်အားစုသစ်ဟာ တော်လှန်ရေးကျပြီး အုပ်စိုးသူနဲ့ စနစ်ရဲ့ အသိအမှတ်ပြုလက်ခံမှုကို မလိုအပ်ဘူး၊ စနစ်ဟောင်းကို အပြီးတိုင် ဖျက်ဆီးပစ်ရေး၊ စနစ်သစ်နဲ့ အစားထိုးရေး ကိုသာ ဦးတည်တယ် ဆိုရင် အုပ်စိုးသူနဲ့ စနစ်က လက်ခံ အသိမှတ်ပြုခြင်း မပြုခြင်းဟာ အရေး မပါတော့ပါဘူး။ အလားတူပဲ အခွင့်သာတဲ့ နိုင်ငံရေး အခြေအနေသစ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ ဆိုတာကလည်း ဒီ သုတေသန ကိန်းရှင်တွေရဲ့ ရှင်းပြနိုင်စွမ်းကို အကန့်အသတ် ဖြစ်စေပါတယ်။

Tom Rochon and Daniel Mazmamian (1993) ကတော့ လူထု လှုပ်ရှားမှုရဲ့ ရလဒ်ကို တိုင်းတာရာမှာ အင်အားစုသစ်ကို လက်ခံခြင်း မခံခြင်း၊ အကျိုးများတဲ့ အခြေနေသစ် ပေါ်ထွန်းခြင်း၊ မပေါ်ထွန်းခြင်းအပြင် လူထုလှုပ်ရှားမှု ကြောင့် လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးထားမှုတွေ ပြောင်းလဲခြင်းကိုပါ တတိယ အချက်အဖြစ် ထည့်သွင်း လေ့လာခဲ့ပါတယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ

လူထုလှုပ်ရှားမှုရဲ့ရလဒ်တွေကို လေ့လာခြင်းက အလေးထားသင့်တဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်ဟာ နိုင်ငံရေးနဲ့ နိုင်ငံတော် အင်စတီကျူးရှင်းတွေ၊ ဥပဒေပိုင်း၊ စီးပွားရေးစနစ်နဲ့ လူမှုတန်ဖိုးတွေကို သာမက လူတဦးစီရဲ့ ဘဝဇာတ်ကြောင်းကိုပါ အလှည့်အပြောင်း ဖြစ်စေတဲ့ ရလဒ်တွေ ရှိတတ်ပါတယ်။ ရလဒ်ဟာ လက်တလော မြင်သာ ထင်သာ အသီးအပွင့်သာမက အလယ်အလတ်နဲ့ ရေရှည် အကျိုးဆက်တွေလည်း ဖြစ်တတ်ပါတယ်။ တိုက်ရိုက်သာမက သွယ်ဝိုက်လည်း ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် လူထု လှုပ်ရှားမှုရဲ့ရလဒ်ကို အနိုင်အရှုံး လုံးလုံးလျားလျားဆိုပြီး မှတ်ယူတာထက် ဘက်စုံက ကျယ်ကျယ်ပြန့်ပြန့် အလေးထား လေ့လာတာဟာ လက်တွေ့ မဟာဗျူဟာသမား၊ မူဝါဒသမားတွေသာမက လှုပ်ရှားမှုမှာ ပါဝင်နေသူတွေအတွက်ပါ အကျိုးများပါတယ်။

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

ဒီလေ့လာမှုဟာ မြန်မာနိုင်ငံအတွက် ယခုကာလမှာ အထူး ဆီလျော်လှပါတယ်။ အထက် ဖော်ပြပါ ဇယားမှာလာတဲ့ ရလဒ်လေးမျိုးကို မြန်မာ့ လူထုလှုပ်ရှားမှုသမိုင်းနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ ဥပမာ- ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမို ကရေစီအရေးတော်ပုံ လူထု လှုပ်ရှားမှုကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အင်အားစု အသီးသီး ပေါ်ထွက်ခဲ့ပါတယ်။ အာဏာသိမ်း နဝတ စစ်အစိုးရဟာ လူထု တောင်းဆိုချက်ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ယတိပြတ် မငြင်းဆန်နိုင်ဘဲ ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အင်အားစုသစ် ဖြစ်တဲ့ NLD ရဲ့ တရားဝင်ကိုယ်စားပြုမှုကို လက်ခံခဲ့ရပါတယ်။ အာဏာသိမ်း စစ်အစိုးရက ကတိ ဖျက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို ငြင်းဆန်ခဲ့တာကြောင့် အာဏာရှင် စနစ်ကို အန်တုစိန်ခေါ်သူတွေဘက်က လုံးလုံး လျားလျား အောင်ပွဲရတယ်လို့ မဆိုနိုင်ပေမယ့် ရှစ်လေးလုံး လှုပ်ရှားမှုဟာ အင်အားစု အသစ်ကို အုပ်စိုးသူ/စနစ်က လက်ခံခဲ့ရတာ၊ တခါ အခြေနေသစ်ပေါ်ဖို့ တာစူခဲ့တာကြောင့် တစိတ်တပိုင်း အောင်မြင်တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒီရှစ်လေးလုံး အရေးတော်ပုံကြီးကို ဇယားဖော်ပြပါ အကွက်(၁)နဲ့ ဆက်စပ် သုံးသပ်နိုင်ပါတယ်။

၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေး လူထုလှုပ်ရှားမှုမှာတော့ အင်အားစုသစ်ပေါ်လာတာ၊ ဒါကို စစ်အစိုးရက လက်ခံခဲ့တာမျိုး မတွေ့ရပါဘူး (တတိယအင်အားစု Third Force ကိစ္စကတော့ သီးသန့် ဆွေးနွေးရပါမယ်)။ ဒါပေမဲ့ လူထု လှုပ်ရှားမှုရဲ့ အကျိုးဆက်အဖြစ် တရုတ်အပါအဝင် နိုင်ငံတကာက ဖိအားပေးလို့ စစ်အစိုးရက ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မြန် အဆုံးသတ် ပြဋ္ဌာန်းပြီး ၂၀၁၀ ပြည့်နှစ် နိုင်ငံရေး ဖြေလျော့မှု အခြေအနေသစ်ကို ရှေးရှုစေခဲ့ပါတယ်။ ဇယားဖော်ပြပါ အကွက်(၂)နဲ့ ဆက်စပ် သုံးသပ်နိုင်ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ၂၀၂၁ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုဟာ ဘယ်လို ရလဒ်မျိုး ပေါ်ထွန်းလာ မလဲဆိုတာ သုတေသန ရှုထောင့်အရ အကဲဖြတ်ဖို့ စောနေပါသေးတယ်။ သေချာတာကတော့ ဒီလှုပ်ရှားမှုကြီးရဲ့ ကျေးဇူးကြောင့် လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးထားမှုတွေ ပြောင်းလဲသွားနေတာကို တွေ့ရပါတယ်။ လူများစု ဗမာ ဒေသက ဆန္ဒပြသူတွေ၊ ဩဇာရှိတဲ့ လူမှုကွန်ရက် သုံးစွဲသူတွေ အကြားမှာ တိုင်းရင်းသားအရေး၊ ဘာသာရေး၊ လူ နည်းစုတွေရဲ့အရေးကို ပိုပြီး နားလည် ခံစားပေးလာနိုင်တာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ကာကွယ် ရေးတွေကို ပိုပြီး တန်ဖိုး ထားလာတာ၊ မျိုးဆက်သစ်တွေကို လေးစားပြီး အထက်အောက် ဆရာမွေး-တပည့်မွေး ဆက်ဆံရေးကို လက်မခံတော့တာ၊ အသွင်ကူးပြောင်းမှု တရားမျှတရေးက စလို့ တရားမှုအကြောင်းကို ပိုပြီး လေးနက်လာကြတာ၊ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာလည်း ကျင့်ဝတ်မဲ့သူတွေနဲ့ ပေါင်းဖက်တာကို စားသုံးသူ သပိတ်မှောက်ဖို့ လှုံ့ဆော်လာကြတာ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ လူထုရှုထောင့်ကနေ မိတ်ဆွေစစ်နဲ့ မိတ်ဆွေတု ကို ခွဲမြင် လာကြတာစတဲ့ တန်ဖိုးနဲ့၊ နှုန်းစံ တော်လှန်ရေးကတော့ လက်ငင်း ရလဒ်တခုအဖြစ် သိသိသာသာ မြင်နေ ကြရပါပြီ။ ဒီ တန်ဖိုးနှုန်းစံတွေကို အရှည်ဆက်တည်အောင် အားထုတ်နိုင်မယ်ဆိုရင်ပဲ ဒါဟာ ကြီးမားတဲ့ နိုင်ငံရေး အကျိုးကျေးဇူး ဖြစ်ပေါ်စေမှာ သေချာပါတယ်။ ဒီတန်ဖိုးထားမှုနဲ့ နှုန်းစံတော်လှန်ရေးဟာ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ပြောင်းလဲစေမယ်၊ ပေါ်ထွန်းလာမယ့် ခေါင်းဆောင်မှု အသစ်တွေကို ထိန်းကွပ် လမ်းညွှန်နိုင်မယ်၊ အဆုံးတနေ့မှာ အင်စတီကျူးရှင်းနဲ့ စနစ်ပြောင်းလဲရေးအတွက် အားကြီးတဲ့ အထောက်အပံ ဖြစ်စေမယ်လို့ နောက်ပိုင်းပေါ်လာတဲ့ သုတေသန တော်တော်များများက သက်သေထုတ် တင်ပြကြပါတယ်။

∎ Further Readings

Gamson, William A. 1990. The Strategy of Social Protest. Belmont, CA: Wadsworth Publishing Co.Rochon, Thomas R. and Daniel Mazmanian. 1993. “Social Movements and the Policy Process.” Annals of the American Academy of Political and Social Sciences 528:75–87.Tarrow, Sidney G. 2011. Power in Movement: Social Movements and Contentious Politics, 3rd edition (Cambridge: Cambridge University Press)

◉ What Matters

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။

About the author

ISP Admin
ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

ISP Admin By ISP Admin
Institute for Strategy and Policy – Myanmar