Institute for Strategy and Policy – Myanmar

အာဏာရှင်ဒေါက်တိုင် နောက်ခံနိုင်ငံကြီးများ၏ ဘက်ပြောင်း ထောက်ခံမှုအကြောင်း လေ့လာချက်

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၈)

Download PDF Version

အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ အစိုးရတွေဟာ သူတို့ရဲ့ ရပ်တည်ရေးကို ကျောထောက် နောက်ခံပေးမယ့် အင်အားကြီးနိုင်ငံတွေကို အားကိုး တတ်ကြပါတယ်။ ဒီအာဏာရှင် ဒေါက်တိုင်နိုင်ငံကြီးတွေဟာ အာဏာရှင်အစိုးရကို သံတမန်ရေးရာအကာအကွယ်တွေ၊ စီးပွားရေး အကူအညီတွေ၊ လက်နက် ရောင်းပေးတာတွေ ပြုလုပ်ပါတယ်။ အခြားတဖက်မှာတော့ အပြန်အလှန်အနေနဲ့ အဲ့ဒီနိုင်ငံရဲ့ သယံဇာတ ထုတ်ဖော်ခွင့်တွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်တာတွေ၊ မဟာဗျူဟာအရ စီမံကိန်းတွေ အကောင်အထည် ဖော်ရေးတွေကို ဆောင်ရွက်ကြပါတယ်။ ဒါကြောင့် အာဏာရှင်နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ ဒေါက်တိုင် အင်အားကြီးနိုင်ငံတွေဟာ အာဏာရှင်ကိုပဲ ဆက်ထောက်ခံရမလား၊ ဒါမှမဟုတ် အာဏာရှင်ကို ထောက်ခံမှု ရုပ်သိမ်းပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပြောင်းလဲ ထောက်ခံရမလား ဆိုပြီး ရွေးချယ်မှု အကျပ်အတည်းကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုအခြေအနေမှာ အာဏာရှင် ဒေါက်တိုင်နိုင်ငံကြီးရဲ့ ဘက်ပြောင်းရေး၊ မပြောင်းရေး ဆုံးဖြတ်ချက်တွေအပေါ် ဘယ်အချက်တွေက လွှမ်းမိုးနေသလဲဆိုတာ လေ့လာသင့်ပါတယ်။

∎ ဆိုလိုရင်းအနှစ်ချုပ်

အာဏာရှင် ဒေါက်တိုင် နိုင်ငံကြီးတွေအနေနဲ့ သူ့ဩဇာခံ အာဏာရှင် နိုင်ငံတွေမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အောက်ပါ အချက်သုံးချက်ကို အဓိကထား စဉ်းစားပါတယ်။ (၁) ဒီမိုကရေစီရေး လှုပ်ရှားမှု ဦးဆောင်သူတွေဟာ တိုင်းပြည်ကို စီမံ အုပ်ချုပ်နိင်စွမ်း ရှိ၊ မရှိနဲ့ မရှိတဲ့အတွက် အာဏာရှင်နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြား သွားနိုင်သလား၊ (၂) အစိုးရအပြောင်းအလဲ (ဝါ) စနစ် အပြောင်းအလဲဟာ နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးနဲ့ အာဏာရှင်ဒေါက်တိုင် နိုင်ငံကြီး ရရှိထားတဲ့ အထူး အခွင့်အရေးတွေကို လက်လွှတ် ဆုံးရှုံးသွားတာမျိုး ဖြစ်လာနိုင်သလား၊ (၃) ဒီမိုကရေစီစနစ် ပေါ်ထွန်းလာလို့ ပြည်သူတွေမှာ ပြောရေးဆိုခွင့်တွေ ရှိလာပြီး နှစ်နိုင်ငံ အကြား အရင်က မမျှမတ ဖြစ်နေတဲ့ ဆက်ဆံရေးအပေါ် ပြည်သူတွေက ဝေဖန်မှု ပြင်းထန်လာမလား စတဲ့ အချက် သုံးချက် ဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲကို ဘက်ပြောင်းထောက်ခံ စွန့်စားတာထက် ပိုနေမြဲ ကျားနေမြဲကိုပဲ ဆက် ထိန်းထားနိုင်ဖို့ ကြိုးစား တတ်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ပြည်သူလူထုအများ ဆန့်ကျင်တဲ့ အာဏာရှင်ကို ဆက်လက် ထောက်ခံနေချိန်မှာ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှု အောင်မြင်သွားခဲ့ရင် နှစ်နိုင်ငံကြား မဟာမိတ် ဆက်ဆံရေး လုံး၀ ပျက်စီးနိုင်တာကိုလည်း စိုးရိမ်ကြပါတယ်။ ဒီလို အခြေအနေမှာ အာဏာရှင်ဒေါက်တိုင် နိုင်ငံကြီးကိုယ်၌က ဒီမိုကရေစီနိုင်ငံ ဖြစ်ရင်၊ ပြီးတော့ မိတ်ဖက်အာဏာရှင် နိုင်ငံမှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဒေါက်တိုင် နိုင်ငံကြီးရဲ့ မဟာမိတ်ဖြစ်မှုနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးမယ်ဆိုပြီး ယုံကြည်လောက်တဲ့ သတင်းစကား ပါးနိုင်ရင် ဒေါက်တိုင်နိုင်ငံကြီးဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဘက်ပြောင်း ထောက်ခံကြတယ်လို့ ဆိုပါတယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ

ကမ္ဘာတဝန်း အောင်မြင်ခဲ့တဲ့ ဒီမိုကရေး လှုပ်ရှားမှု တော်တော်များများမှာ အာဏာရှင်ကို ကျောထောက် နောက်ခံ ပေးထားတဲ့ အင်အားကြီး နိုင်ငံတွေဟာ ဒီမိုကရေစီရေးဘက်ကို ပြောင်းလဲ ထောက်ခံခဲ့ကြပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ ဖိနှိပ်တဲ့ အာဏာရှင် အစိုးရကို တွန်းလှန် တိုက်ခိုက်နေသလို တချိန်တည်းမှာလည်း အာဏာရှင်ကို အထောက်အပံ့ ပေးနေတဲ့ အင်အားကြီးနိုင်ငံရဲ့ ပူးပေါင်းမှုကို ရရှိနိုင်ဖို့ အားထုတ်ကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် အာဏာရှင်ကို ကျောထောက် နောက်ခံပေးထားတဲ့ အင်အားကြီးနိုင်ငံတွေဟာ ဘယ်လို အခြေအနေမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ပြောင်းလဲထောက်ခံသလဲ ဆိုတာကို နားလည်ခြင်းဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုအောင်မြင်ရေး မဟာဗျူဟာ၊ နည်းဗျူတွေ ဆွဲရာမှာ အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံကို အာဏာရှင် ဒေါက်တိုင် နိုင်ငံကြီးအဖြစ် လူထုတွေက ရှုမြင်ကြသလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း တရုတ်ရဲ့ ရပ်တည်ချက်နဲ့ အခန်းကဏ္ဍဟာ ဗီတိုအာဏာ ကိုင်စွဲထားပြီး အရေးပါသူ ဖြစ်တာကြောင့် ဒီသုတေသနဟာ မြန်မာနိုင်ငံအတွက် အထူးဆီလျော်ပါတယ်။

မြန်မာဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်နေတာ၊ တရုတ် စီးပွားရေးရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ ရှိနေတာ၊ စွမ်းအင် လုံခြုံရေးအတွက် အရေးပါတဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ရှိနေတာတွေအပြင် ရပ်ဝန်းလမ်းကြောင်း (BRI) စီမံကိန်းမှာ မြန်မာဟာ ပထဝီနိုင်ငံရေးအရ အချက်အချာမှာ ရှိနေကြောင့်လည်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားမှာ၊ ပြည်သူလူထုအကြား တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပိုမို မြင့်မားလာမှုတွေက တဆင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားမယ့်အရေးကို တရုတ်နိုင်ငံက စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီစိုးရိမ်မှုအတွက် အာမခံချက်ကို အာဏာသိမ်း ကောင်စီ အာဏာတည်ခဲ့ရင် ဆက်ပေးနိုင်မယ် ဆိုတာ သေချာသလောက် ရှိပေမဲ့၊ ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်တွေက အလားတူ တည်ငြိမ် အေးချမ်းမှု အာမခံချက်မျိုး ပေးနိုင်မလားဆိုတာ ပထမ ထည့်သွင်း စဉ်းစားချက် ဖြစ်နိုင်ပါတယ်။

ဒုတိယ အချက်အနေနဲ့ အစိုးရ အပြောင်းအလဲ ဖြစ်လာရင် တရုတ်နိုင်ငံရဲ့ မဟာမိတ်ဖြစ်မှုနဲ့ အကျိုးစီးပွားဟာ ကြီးကြီး မားမား ထိခိုက်စရာ ရှိ၊ မရှိ ဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို မထိခိုက်ဘူးလို့ ယုံကြည်တဲ့ အချိန်မှာ ဒီမိုကရေစီ အင်အားစုတွေဘက်ကို ပြောင်းလဲ ထောက်ခံခဲ့ပါတယ်။ ဥပမာ ၂၀၁၅ ခုနှစ် မတိုင်ခင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ အရေးပါတဲ့ ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ NLD ပါတီက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အလေးထားကြောင်း သိသိသာသာ ဖော်ပြလာတဲ့အခါ ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီခင်း ကြိုဆိုခဲ့တာ သတိချပ်စရာပါ။

တတိယ အချက်နေနဲ့ ပြည်သူလူထုအနေနဲ့ စစ်အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် ဆန္ဒပြမှု တွေရှိနေတာ၊ တရုတ်နိုင်ငံရဲ့သံတမန်ရေးရာတုံ့ပြန်မှုတွေကို ကျယ်ကျယ်လောင်လောင် ဝေဖန်ကြတာ၊ ဒီမိုကရေစီ ပြန်ပွင့်လင်းလာရင် တရုတ်နိုင်ငံပေါ် အခဲ မကျေဘဲ မမျှမတ ဖြစ်မှုတွေကို ပိုဝေဖန်ပြစ်တင်ပြီး စားသုံးသူ သပိတ်လိုမျိုးကစလို့ ဒဏ်ခတ်မှုတွေ လုပ်လာနိုင်တာ စတဲ့ လက္ခဏာတွေကို တရုတ်နိုင်ငံကလည်း တစုံတရာ အလေးအနက် ထားပုံရပါတယ်။ မတ် ၁၁ ရက်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒုတိယအကြိမ် ထုတ်ပြန်ချက်မှာ ငြိမ်းချမ်းစွ ာဆန္ဒဖော်ထုတ်နေသူတွေအပေါ် အကြမ်းဖက်နေခြင်းကို ပြင်းထန်စွာ ရှုတ်ချပါတယ်ဆိုတဲ့ စကားရပ်ကို ထည့်သွင်း နိုင်ခဲ့တာ၊ ဒီထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးကနေတဆင့် ပြန်လည် ထုတ်ပြန်ခဲ့တာဟာ ဆက်စပ် သတိပြုစရာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ အခုအချိန်ထိ အာဏာသိမ်း ကောင်စီကို တရားဝင်ထောက်ခံမှု မပြုသေးတာကို ကြည့်ရင် အဆုံးသတ် ရလဒ် မရေရာသေးတဲ့ အနေအထားမှာ ဘက်ရွေးမှားမှာကိုလည်း သတိကြီးကြီးထား ကိုင်တွယ် နေတယ်လို့ သုံးသပ်ရပါတယ်။

သို့သော် တရုတ်နိုင်ငံဟာ တပါတီ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ အပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတွေနဲ့ ပတ်သက်ရင် ကိုယ်တိုင်လည်း ဝေဖန်ခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတခုရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒကို စွန့်လွှတ်ပြီး (ဒီမိုကရေစီ အင်အားကြီး နိုင်ငံတွေလို) ဒီမိုကရေစီရေး လှုပ်ရှားမှုဘက်ကို တရားဝင် သိသိသာသာ ဘက်ပြောင်းထောက်ခံဖို့၊ ပိတ်ဆို့ အရေးယူမှုတွေ ဆောင်ရွက်လာဖို့တော့ အခုချိန်ထိ အလားလာ နည်းနေ ပါသေးပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ နိုင်ငံခြားမူဝါဒ သဘောထားအဆင့်ဆင့် ပြောင်းလဲလာပုံဟာ အရင် ဘယ်တုန်းကနဲ့မှမတူတဲ့ “အရွေ့“ တခု ဖြစ်လာတာကတော့ ဒေါက်တိုင်နိုင်ငံကြီးတွေ အကြောင်း မှတ်တမ်း တင်မယ့် နိုင်ငံတကာ ဆက်ဆံရေးသမိုင်းမှာ သိသာလှတဲ့ အပြောင်းအလဲ တရပ်ပဲဖြစ်ပါတယ်။

∎ Further Readings

McKoy, Michael K. & Miller, Michael K. 2012. “The Patron’s Dilemma: The Dynamics of Foreign-Supported Democratization.” The Journal of Conflict Resolutions, Vol.16, No.5, pp.904-932.

◉ What Matters

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။

About the author

ISP Admin
ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

ISP Admin By ISP Admin
Institute for Strategy and Policy – Myanmar