Institute for Strategy and Policy – Myanmar

မြန်မာ့သမိုင်းပညာရှင်ဒေါ်ကြန် (၁၉၁၈-၂၀၁၉)

အယ်ဒီတာမှတ်ချက် – ယခုဖော်ပြထားသော ဆောင်းပါးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ် ၅ အတွက် တောင်းခံထားခြင်း ဖြစ်သည်။ ယခုဆောင်းပါးကို မောင်ဇေယျာက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်တွင် ကျရောက်သည့် “မြန်မာ့သမိုင်းပညာရှင်ဒေါ်ကြန် တနှစ်ပြည့်” အတွက် ISP-Myanmar က ဖော်ပြခြင်း ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ က ရာပြည့်သမိုင်းဒေဝီဟု တင်စားဂုဏ်ပြုခံရသော ဆရာမကြီး ဒေါ်ကြန် (မကြန်) ကွယ်လွန်ခဲ့ပါပြီ။ မြန်မာ့သမိုင်းသုတေသနနယ်ပယ်တွင် နှစ်ပေါင်း ၆၀ ကျော်၊ အသက် ၁၀၂ နှစ် အထိ ရှင်သန်ခဲ့သည့် သက်တော်ရှည်သမိုင်းပညာရှင် စာရေးဆရာမကြီးအဖြစ် ထင်ရှားခဲ့သည်။ ဆရာမကြီး ကွယ်လွန်သွားခြင်းသည် မြန်မာ့သမိုင်း သုတေသနနယ်ပယ်အတွက် သာမက မြန်မာစာပေ၊ မြန်မာအမျိုးသမီး လောကအတွက် ကြီးမာသော ဆုံးရှုံးမှုတရပ်ဟု ဆိုရပါ မည်။

ဆရာမကြီး ဒေါ်ကြန်ကို မြန်မာသမိုင်းသုတေသနနယ်ပယ်တွင် ဒေါက်တာရီရီ (၁၉၂၉-၁၉၈၄)နှင့် တွဲလျက်တွေ့ရပါသည်။ ဆရာမကြီးတို့ နှစ်ဦးစလုံးသည် မြန်မာနိုင်ငံသမိုင်းကော်မရှင် (နိုင်ငံ သမိုင်းသုတေသနဦးစီးဌာန)၏ ကျမ်းပြုအရာရှိ မြန်မာသမိုင်းသုတေသီများအဖြစ် လူသိ များပါ၏။ အမှန်မှာ မြန်မာသမိုင်းကျမ်းပြုသုတေသီသက်သက်မျှမက၊ ဂုဏ်သိက္ခာကြီးမားခဲ့သည့် မြန်မာနိုင်ငံ သမိုင်းကော်မရှင်ကို ကနဦး ပျိုးထောင်သူများတွင် ပါဝင်ခဲ့ကြသူများလည်းဖြစ်သည်။

၁၉၅၅ ခုနှစ် ဇန်နဝါရီ ၂၆ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်၏ ပထမဦးဆုံးဥက္ကဋ္ဌမှာ ပညာမင်းကြီးဟု လူသိများသည့် စည်သူဦးကောင်း (၁၉၀၄-၁၉၅၇) ဖြစ် သည်။ ကော်မရှင်တွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၀ ဦး ပါဝင်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ အောက်တွင် တိုက်ရိုက်ရှိသော အဖွဲ့အစည်းဖြစ်သည်။ ကော်မရှင်ဖွဲ့ပြီး တနှစ်အကြာ ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီတွင် ဆရာမ မကြန်သည် သုတေသနအရာရှိအဖြစ် ခန့်အပ်ခံရသည်။ ၁၉၅၉ ခုနှစ် တွင် ဒေါက်တာရီရီသည် သုတေသနအရာရှိအဖြစ် အလုပ်ဝင်သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ သမိုင်းကော်မရှင်၏ ကနဦးလုပ်ငန်းများကို နှစ်ဦးတွဲ၍ ဆောင်ရွက်ခဲ့ရာ အငြိမ်းစားယူခဲ့ကြသည့် တိုင် ဖြစ်သည်။ ဆရာမကြီးတို့ ကော်မရှင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပုံများကို ဆရာမကြီး ဒေါ် ကြန်က သမိုင်းရှာပုံတော်ခရီးဆောင်းပါးတွင် မှတ်တမ်းတင်ခဲ့သည်။

‘…အထောက်အထားသည် ကုန်ကြမ်းဖြစ်၏၊ မရှိလျှင် မဖြစ်။ ရအောင် ရှာရသည်။ ပြည် တွင်း အထောက်အထားများရရန် ရပ်ရွာနယ်မြေအနှံ့ ခရီးထွက်ရသည်။ မြို့ကြီးပြကြီးများသို့ မဟုတ်ပါ။ ဘုရားပြို၊ ကျောင်းအိုကြီးများ၊ သင်္ချိုင်းကြိုသင်္ချိုင်းကြား ခဲရာခဲဆစ်သွားရသည်။ …အမျိုးသမီးဖြစ်သော်လည်း နယ်မြေအနှံ့ခြေဆန့်၍ တောင်လည်းတက်ဖူးသည်။ ချောင်းလည်း ကူးဖူးသည်။ ရွှံ့ထဲဗွက်ထဲလည်း ရုန်းဖူးသည်။ နေပူစပ်ခါး မရှောင်နိုင်။ ခရီးထွက်လျှင် ကာကီရောင် ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ စစ်ဖိနပ်နှင့် ရေဘူးလွယ်ရသည်။ စာရွက်စာတမ်း၊ ကူးစရာ မှတ်စရာ၊ ခဲတံခဲဖျက်၊ မှန်ဘီလူး၊ လက်နှိပ်ဓာတ်မီး၊ ခဲတံချွန်စက်၊ မကြီးမသေး မောင်းချဓားကလေး၊ ပေတံပေကြိုးမှအစ ပစ္စည်းစုံစုံ လွယ်အိတ်နှင့်အပြည့် လွယ်ရသည်။ …ဤသို့ သမိုင်းအထောက်အထား ရှာကြ၊ စုဆောင်းကြသည်။ ပြီးလျှင် ရေးသားရမည်။  ‘ရှာဖွေ-စုဆောင်း၊ စုဆောင်း-ရေးသား၊ ရေးသား-ပုံနှိပ်’ သည် သမိုင်းကော်မရှင်၏ ဆောင်ပုဒ်ဖြစ်၏ (သမိုင်းရှာပုံတော်ခရီးနှင့်… ၊ ၂၀ဝ၂၊ စာ ၃၆၅-၉)။

ဆရာမကြီးဒေါ်ကြန်သည် သမိုင်းသုတေသနကို စိတ်ဝင်စားသော လူငယ် သုတေသီများအတွက် စံပြု ရမည့် မြန်မာ့သမိုင်းပညာရှင်တဦးဟု ဆိုရပါမည်။ သမိုင်းသုတေသနလုပ်ငန်းတွင် လိုချင်တာ မရှာရ၊ ရှာ  ဖွေတွေ့ရှိသည့် အထောက်အထားကို သုတေသနပြု ဝေဖန်သုံးသပ် အကဲဖြတ်ရသည်။ ဝေဖန်သုံးသပ်ရာတွင် ဆန္ဒစွဲကင်းရသည်။ အထူးသဖြင့် လူမျိုး စွဲ၊ ဝါဒစွဲ၊ မျိုးချစ်အစွဲ ကင်းရသည်။ သို့မှသာ ပညာရှင်များလက်ခံသော သုတေသနဖြစ်လာမည်ဟု ပညာရှင်များကမိန့်ဆိုပါ၏။ သို့သော် ပုထုဇဉ်လူသားအနေနှင့် ဆန္ဒစွဲကင်းရန် ကြိုးပမ်းရသည်မှာ မလွယ်ကူလှပါ။ သုတေသီများအနေနှင့်မူ စနစ်တကျလေ့ ကျင့်လိုက်နာရပါ၏။ ထိုသုတေသန ဝိညာဉ်ကို ဆရာမကြီးဒေါ်ကြန်၏ မြန်မာ့သမိုင်းသုတေသနစာတမ်း ဆောင်းပါးများတွင် တွေ့နိုင် ပါ၏။ သာဓကအားဖြင့် ဆရာမကြီး၏ ‘ရခိုင်ရာဇဝင်ကျမ်းများ ပဏာမလေ့လာချက်’၊ ‘မရမာ အမတ်မျိုး စာဖတ်ဒိုးဝေ’၊ ‘သိန်ကန်မိန်တွင်နှင့် စောပြည့်ညို’၊ ‘ငဇင်ဂါနှင့် ငအင်ဂါ’ စသည့် စာတမ်းဆောင်းပါးများ၌ ဆန္ဒစွဲကင်းရန် ကြိုးပမ်းအားထုတ်ထားပါသည်။

ဒေါ်ကြန်ကို ၁၉၁၈ ခုနှစ် ဇူလိုင် ၁ ရက်တွင် ရခိုင်တိုင်း(ရခိုင်ပြည်နယ်) သံတွဲမြို့ ၌ အဖ ဦးကျော်ထွန်း၊ အမိ ဒေါ်ငွေနှစ်တို့မှဖွားသည်။ ၁၉၃၅ ခုနှစ်တွင် သံတွဲအစိုးရ ဟိုက်စကူးကျောင်းမှ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းကို (က)အဆင့်မှအောင်သည်။ သံတွဲအစိုးရဟိုက်စကူးကျောင်း တွင် အလယ်တန်းပြဆရာမ ခေတ္တ ဝင်လုပ်သည်။ ထို့နောက် ရခိုင်တိုင်း စာတိုက်ဌာန၊ သံတွဲ စာတိုက်နှင့် စစ်တွေစာတိုက်တို့၌ အထက်တန်းစာရေးအဖြစ် အမှုထမ်းသည်။ ၁၉၅၁ ခုနှစ်တွင် အစိုးရအလုပ်မှထွက်ပြီး ရန်ကုန်တက္ကသိုလ်၌ ပညာဆက်သင်သည်။ ၁၉၅၄ ခုနှစ် မတ်တွင် ဝိဇ္ဇာ ဘွဲ့ရသည်။ ဘွဲ့ရပြီး ၁၉၅၆ ခုနှစ်တိုင် ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန၌ နည်းပြအဖြစ် ဆောင် ရွက်သည်။ ၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင်၌ သုတေသနအရာရှိ ခန့်အပ်ခံရသည်။

၁၉၅၇ ခုနှစ်နှင့် ၁၉၅၉ ခုနှစ်များတွင် မြန်မာ့သမိုင်းအထောက်အထားများ ရှာဖွေကူးယူရန် အင်္ဂလန်ကို သွားရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က သမိုင်းအထူးပြုနှင့် မဟာဝိဇ္ဇာဘွဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင် သမိုင်းကော်မရှင်၏ အဓိကလုပ်ငန်းကြီးဖြစ်သည့် ‘မြန်မာနိုင်ငံ သမိုင်းကျမ်း’ ပြုစုရေးအတွက် ဗြိတိသျှခေတ် ကျမ်းပြုတာဝန် ပေးအပ်ခံရသည်။ ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံအုပ်ချုပ်ခံစနစ် ပြောင်းလဲခဲ့ရာ သမိုင်းကော်မရှင်သည် နိုင်ငံသမိုင်း သုတေ သနဦးစီးဌာန ဖြစ်လာသည်။ ၁၉၇၇ ခုနှစ်တွင် Cultural Award Scheme အရ ဩစတြေးလျ နိုင်ငံ လေ့လာရေးခရီး သွားခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် အကြီးတန်းသုတေသနရာထူးမှ သက်ပြည့် အငြိမ်းစားယူခဲ့သည်။

အငြိမ်းစားယူပြီး ၁၉၇၈ မှ ၁၉၈၂ ခုနှစ်တိုင် နိုင်ငံသမိုင်းသုတေသနဦးစီးဌာန၌ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသမိုင်းကော်မရှင်သည် အမည်အမျိုးမျိုး၊ ဝန်ကြီးဌာနအသီးသီး၏ လက်အောက် တွင် လောကဓံအမျိုးမျိုး ကြုံတွေ့ရပြီး ကော်မရှင်၏ မူလရည်မှန်းချက်တရပ်ဖြစ်သော အစောဆုံး ကာလမှ မျက်မှောက်ခေတ်အထိ ပြည့်စုံသော၊ အထောက်အထားခိုင်မာသော မြန်မာနိုင်ငံတော် သမိုင်းကျမ်းကြီး ပြုစုရေးသည် မှေးမှိန်ခဲ့ရသည်။ သမိုင်းကော်မရှင်၏ လောကဓံကို သက်တော် ရှည် မြန်မာ့သမိုင်းပညာရှင် ဆရာမကြီးဒေါ်ကြန်က သူအလုပ်ဝင်စ ကော်မရှင်၏ ပထမဦးဆုံး သောဥက္ကဋ္ဌ စည်သူဦးကောင်း၏ အားပေးတိုက်တွန်းစကားကို ကိုးကား၍ ပြန်လည်သုံးသပ်ထား သည်။ နိုင်ငံသမိုင်း သုတေသနကို စိတ်ဝင်စားသူများ အတွက် သတိမူစရာ ဖြစ်ရပါသည်။

‘…တို့များစိုက်သည့်အပင် ဘယ်တော့မှ မသေဘူးဟုလည်း(ဥက္ကဋ္ဌကြီးက) အားပေးစကားပြောကြား နှစ်သိမ့်ခဲ့သည်ကို ယနေ့တိုင် မှတ်မိနေပါသည်။ ဆရာ ကြီးပြောသကဲ့သို့ပင် သူစိုက်သည့်သစ်ပင်ကမသေပါ။ သို့သော်လည်း အမြစ်ကိုရေနွေးလောင်းခံရသည့်နှယ် စတင်တည်ထောင်သည့် ၁၉၅၅ ခုနှစ်မှ ၁၉၈၄ ခုနှစ် တိုင် ရုံးနေရာ ကိုယ်ပိုင်အတည်တကျ မရှိခဲ့ပါ။ အခြား ဌာနများတွင် ကပ်မြှောင်ကပ်ပါးဘဝဖြင့် ပြောင်းရွှေ့ ရပ်တည်ခဲ့ရပါသည်။ မြေတောင်မြှောက်ပေး၊ မြေဩ ဇာကျွေး စသည်ဖြင့် သမိုင်းကော်မရှင်တည်းဟူသော သစ်ပင်ကြီး တစတစ ဖြိုးစည်ပင်ရေးထက် အခက်ခြွေချ အကိုင်းချိုင်ချ၊ ရေနွေးလောင်းခံရသဖြင့် လော ကဓံဆိုးများကို အလူးအလဲရင်ဆိုင်ရတော့မည့် အနာဂတ်ကို ဆရာကြီး မမြင်တွေ့သွားရပါ။ မြင် မသွားရခြင်းက ဆရာကြီးအတွက်ကောင်းသည်ဟု ကျမက ခပ်ရွဲ့ရွဲ့ တွေးမိတတ်ပါသေးသည် (ဦးသော်ကောင်း ၇၅ နှစ်ပြည့်…မုဒိတာစာစု၊ ၂၀၁၂၊ စာ-၁၀၁)။

ဆရာမကြီးဒေါ်ကြန်သည် ၁၉၈၆ မှ ၁၉၉၁ ခုနှစ်အထိ အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် မြန်မာနိုင်ငံ စက်မှုလက်မှု သမိုင်းအကြံပေးပညာရှင်အဖြစ် တာဝန်ယူပြုစုခဲ့ရာ မြန်မာနိုင်ငံစက်မှု လက်မှုသမိုင်း ၆ တွဲ ထွက်ပေါ်လာသည်။ ၁၉၉၁ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရရာ ကွယ်လွန်သည့်တိုင် ဌာန၏ မြန်မာအဘိဓာန်လုပ်ငန်း၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အစိုးရအဖွဲ့၏ ၁၉၉၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်စွဲဖြင့် မြန်မာသမိုင်းအဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး မြန်မာသမိုင်းအဖွဲ့ကို ပြန်လည်ဖွဲစည်းချိန်တွင် ဆရာမကြီးဒေါ်ကြန် ပါမလာတော့ပါ။ မြန်မာစာအဖွဲ့ဝင်အဖြစ်သာ ဆောင်ရွက်၍ စာနယ်ဇင်းများတွင် သမိုင်းနှင့် စာပေသုတေသနဆောင်းပါး၊ စာတမ်းများရေးသားခဲ့ရာ စာရေးဆရာမတဦးအဖြစ်လည်း ဂုဏ်ပြုခံရသည်ဟု ဆိုနိုင်ပါသည်။ ထိုစဉ်က စာပေဗိမာန်ညွှန်ကြားရေးမှူး မောင်ဆုရှင်၏ ‘သမိုင်းကို အတုံးလိုက်အတစ်လိုက်ရေးမှ မဟုတ်ပါဘူး၊ ကိုယ်ပေးချင်တဲ့ message ကို reasonalble writing ဖတ်ပျော်သောစာဖြစ်အောင် ပေါ့ပေါ့လွင်လွင်လေး in lighter vein ရေးလျှင် ပိုကောင်းပါတယ်…’ ဟူသော တိုက်တွန်းမှုကို အရင်းခံ၍ သမိုင်းနှင့် စာပေဆောင်းပါး စာအုပ်စာတမ်းများ ရေးခဲ့သည်ဟု ဆိုနိုင်ပါသည် (သမိုင်းဟူသည်နှင့်…၊ ၂၀ဝ၈၊ စာ၂၅၄-၅)။

ဆရာမကြီးဒေါ်ကြန် (မကြန်)၏ စာပေနှင့်သမိုင်းလက်ရာများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်က အမျိုးသားစာပေဆု (ဝနတဝိဇ္ဇာ) ငါးကြိမ် ချီးမြှင့်ခဲ့သည်ဟု ဆိုနိုင်ပါ၏။ ၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံအခြေအနေ၊ ၁၈၈၅-၈၆။ ၂၀ဝ၂ ခုနှစ်တွင် သမိုင်းရှာပုံတော်ခရီးနှင့် အခြား စာတမ်းများ၊ ၂၀ဝ၃ ခုနှစ်တွင် မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး၊ ၁၈၈၆-၉၇။ ၂၀ဝ၅ ခုနှစ် တွင် ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး၊ ၁၈၈၆-၉၇။ ၂၀ဝ၉ ခုနှစ်တွင် ကုန်းဘောင်ခေတ် အခွန်တော်ရေးရာ စာအုပ်များနှင့် ရခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် အမျိုးသားစာပေဆု (တသက်တာ စာပေဆု)နှင့် ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမအဆင့်)။ ၂၀၁၂ ခုနှစ်တွင် စည်သူဘွဲ့များ ထပ်မံ ချီးမြှင့်ခံရသည်။ ပြင်ပစာပေအဖွဲ့အစည်းများက ချီးမြှင့်သည့်ဆုများအနေဖြင့် ၂၀ဝ၆ နှင့် ၂၀ဝ၇ ခုနှစ်များတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၏ ထူးချွန်အမျိုးသမီးဂုဏ်ပြုဆု နှစ်ကြိမ်၊။ Selected Writing of Daw Kyan စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု။ ၂၀၁၃ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်းစာပေ (တသက်တာစာပေ)ဆုများ ချီးမြှင့်ခံရသည်။

ဆရာမကြီးဒေါ်ကြန်၏ အခြားပုံနှိပ်ပြီး လုံးချင်းစာအုပ်များမှာ ဘင်္ဂလားသွားစာတမ်း (တည်းဖြတ် ၁၉၆၃)။ ရတနာသိင်္ခမြို့ထွက် ရဲတင်းမော်ကွန်း (တည်းဖြတ် ၁၉၆၈)။ ပဒေသရာဇ် မြန်မာနိုင်ငံဇာတ်သိမ်း (၁၉၈၁)။ ကုန်းဘောင်၏ နောက်ဆုံးအားမာန် (၂၀ဝ၄)။ မြန်မာ့သမိုင်းနှင့် ဆက်နွှယ်သော အနောက်နိုင်ငံသားများ (၂၀ဝ၅)။ ကျမ်းသုတေသနပြုခြင်း (၂၀ဝ၆)။ ကုန်း ဘောင်ခေတ် မြန်မာရဲမက်တော်များ (၂၀ဝ၆)။ ဒေါက်တာရီရီနှင့် သူ၏ ရွှေတိဂုံစေတီတော်ကြီးမှ ကြေးအုတ်များ (၂၀ဝ၇)။ သမိုင်းဟူသည်နှင့် အခြားစာတမ်းများ (၂၀ဝဂ)။ ဘာသာစကားနှင့် စာပေ၏ အသံလှယ်ခြင်းစာတမ်း (၂၀ဝ၉)တို့ ဖြစ်သည်။ အမျိုးသားစာပေဆု စိစစ်ရေးကော်မတီ၊ ပခုက္ကူဦးအုန်းဖေစာပေဆု ရွေးချယ်ရေးကော်မတီတို့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ဆရာမကြီး စည်သူဒေါ်ကြန်အမှတ်တရ Obituary စာစုရေးနေစဉ်မှာပင် က္ဘာသိ မြန်မာ့ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း(၁၉၂၃-၂၀ဝ၅)၏ ‘…ဒေါ်ကြန်တို့၊ ဒေါ်ရီရီတို့လို သမိုင်းသုတေသီမျိုး သူ့တသက်မှာ ထပ်တွေ့ဖို့မရှိတော့။ သူတို့လို ဇွဲလုံ့လနှင့် ကြိုးစားလေ့လာနိုင်၊ ဖတ်ကြားနိုင်၊ ရေးသားနိုင်တဲ့ သမိုင်းပညာရှင်များ ထပ်မံ မပေါ်ထွန်းနိုင်တော့’ ဟူသော စကားနှင့် သမိုင်းကော်မရှင်နှင့်ပတ်သက်၍ ‘…ဒီလိုကောင်းတဲ့စာတွေ ထွက်ခဲ့ပြီး ရှေ့ဆက်ထွက်ဖို့ အလား အလာမမြင်တဲ့ အတွက် ဝမ်းနည်းရပါတယ်‘ ဟူသော မှတ်ချက်များကို ကြားယောင်နေမိပါသည် (ထွေထွေရာရာ မြန်မာသမိုင်း၊ ၂၀ဝ၇၊ စာ-၁၇၅)။

မောင်ဇေယျာ

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

မောင်ဇေယျာသည် အမျိုးသားစာကြည့်တိုက်တွင် လက်ထောက်ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး စာပေ၊ ယဉ်ကျေးမှု၊ အတ္ထုပ္ပတိနှင့် သမိုင်းဆိုင်ရာများကို ရေးသားနေသော စာရေးဆရာတဦး ဖြစ်ပါသည်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar