၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက်

0

အနှစ်ချုပ်ဆွေးနွေးချက်

ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အတွက် မဲပေးခဲ့ကြပါပြီ။ တိုင်းပြည်မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုတွေ တိုးလာနေတဲ့ အခြေအနေ၊ ယိုယွင်းလာနေတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအခြေနေ၊ ပိုမိုပြင်းထန်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခ အခြေနေ၊ ပထဝီနိုင်ငံရေး အားပြိုင်မှုများနေတဲ့ အခြေနေတွေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလွန် နိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အင်စတီးကျူးတွေရဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်ဖွယ်ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အလွန်နိုင်ငံရေးကို နိုင်သူတက်အုပ်ချုပ် ပြဿနာတွေ ပြေလည်မှာပါ တိုင်းပြည်လမ်းကြောင်းမှန် တိုးတက်ကောင်းမွန်သွား မှာပါဆိုတဲ့ by default option ရွေးချယ်မှုနဲ့တင် စဉ်းစားရင် လုံလောက်ဖွယ်မရှိပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲလွန် နိုင်ငံရေး အပေးအယူ ညှိနှိုင်းမှုတွေကို ဆောင်ရွက်ပြီး တိုင်းပြည် အနာဂတ်ဘယ်လို သွားမယ်ဆိုတဲ့ by design option ကိုပါ အထူးတလည် ထည့်သွင်း စဉ်းစားသင့်ပါတယ်လို့ ဒီဆောင်းပါးက အဆိုပြုလိုပါတယ်။

အခြေခံဥပဒေပြင်ဆင်သင့်တဲ့ အရေးပေါ်အကြောင်းရင်း

၂၀၀၈ အခြေခံဥပဒေဟာ စပ်ကြားအုပ်ချုပ်ရေး (Hybrid Regime) ဖြစ်တဲ့ ဗီတိုအာဏာကိုင်ထားတဲ့ တပ်မတော်နဲ့ ရွေးကောက်ခံ အရပ်သားအစိုးရအတူတွဲနေထိုင်အုပ်ချုပ်ခြင်း၊ ပြည်မဗဟိုအစိုးရနဲ့ ပြည်နယ်များအကြားဆက်ဆံရေး ထိန်းညှိခြင်းတို့မှာ ဗဟိုချုပ်ကိုင်မှုနဲ့ တပါတီကြီးစိုးမှုတို့ပေါ် အဓိက အားပြုထားတာပါ။ ဒီအားပြုမှုကလည်း ချည့်နဲ့သွားမယ်၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကလည်း ပဋိပက္ခ သိပ်ပြင်းထန်လာမယ်ဆိုရင် အုပ်ချုပ်ရခက်ခဲတဲ့အခြေနေ၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအလား အလာကိုပါ ထိခိုက်နိုင်တဲ့ အခြေနေမျိုး ဆိုက်သွားနိုင်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပြင်ဆင်ရေး အရေးပေါ်လိုအပ်ချက်ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အမြဲတောင်းဆိုနေကျအကြောင်းတွေ ကြောင့်အပြင် လက်ရှိနိုင်ငံရေးစနစ် လည်ပတ်လို့မရတော့တဲ့အထိ၊ အလုပ်လုပ်ဖို့ မဖြစ်တော့အထိ၊ အတောမသတ်တော့မယ့် အကျပ်အတည်းအဆိုးသံသရာကနေ ထွက်စရာမရှိတော့မယ့်အခြေနေ (Dysfunction of polity and perpetuation of deadlocks) ဆိုတဲ့ အရေးတကြီးအကြောင်းကြောင့်ပါ ပြင်သင့်နေတာဖြစ်ပါတယ်။ တနည်းပြောရရင် ဒီမိုကရေစီ၊ ဖက်ဒရယ်စတဲ့ နှုန်းစံကောင်းတွေ ထွန်းကားမယ့် နိုင်ငံသစ်ကို ချီတက်ဖို့ဆိုတဲ့အကြောင်းထက် ၂၀၀၈ အခြေခံဥပဒေကိုမပြင်ရင် ဒီအခြေခံဥပဒေနဲ့တည်ဆောက်ထားတဲ့ နိုင်ငံရေးစနစ် အုပ်ချုပ်ရခက်ခဲ၊ ရှေ့တိုးဖို့မဖြစ်မယ့် အခြေမျိုး ဆိုက်သွားမယ်လို့ ဆိုလိုတာပါ။ ဥပမာ သမ္မတဦးသိန်းစိန်ရဲ့ ပြည်ခိုင်ဖြိုးအစိုးရဟာ (ဒီမိုကရေစီနဲ့ ဖက်ဒရယ် နှုန်းစံတွေ မပါတဲ့) ဒီအခြေခံဥပဒေအောက်မှာပဲ အုပ်ချုပ်ရေးစနစ်နဲ့ ပြုပြင်ပြောင်းလဲရေး တွေကို လုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကလည်း ပထမ ဆုံး အရပ်သားအများဆုံး လွှမ်းမိုးတဲ့အစိုးရအဖြစ် အုပ်ချုပ်ရေးအာဏာစက်ကို အခြေခံအားဖြင့် မပျက်မယွင်း ဆက်ထိန်းနိုင်ပြီး ငြိမ်းချမ်းရေးကနေ ထွေအုပ် အပြောင်းအလဲအလယ် စီးပွားရေးစီမံကိန်း တွေအဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုးရော၊ NLD ပါ အစိုးရဖြစ်ချိန်မှာ ၂၀၀၈အခြေခံ ဥပဒေရဲ့ ပေးထားချက်အရ တပါတီတည်းက အားကောင်းမောင်းသန်ကြီးစိုးထားနိုင်တာ၊ ဗဟိုအစိုးရနဲ့ ပြည်နယ်တွေအကြားဆက်ဆံရေးမှာ ချုပ်ကိုင်မှုရှိတာ၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ (ပြည်ခိုင် ဖြိုး အစိုးရနဲ့တော့ ယေဘုယျပြေလည်ပြီး) NLD အစိုးရခေတ်မှာတော့ အစပိုင်း တဖက်နဲ့ တဖက် လွန်လွန်ကျူးကျူးထမင်းရည်ပူစည်းမနင်းမိအောင် သတိထားနိုင်ခဲ့တာတွေကြောင့်ပဲ ဖြစ်ပါ တယ်။

NLD အစိုးရ ငါးနှစ်တာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး

ဒါပေမယ့် ပြီးခဲ့တဲ့ငါးနှစ်တာ ဖြတ်ခဲ့တဲ့သက်တမ်းအတွင်းမှာတော့ အခြေနေတွေဟာ ထူးထူးခြားခြား ပြောင်းလဲလာတာလည်း ရှိပါတယ်။ NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲကတိကဝတ်တွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘ၀တိုးတက်မြင့်မားရေးဆိုတဲ့အချက် သုံးရပ်မှာ ထူးထူးခြားခြားအောင်မြင်ခဲ့တာ မတွေ့ရပါဘူး။ မြန်မာ့အရေးသုတေသီအများစုကသာမက ဩဇာကြီး The Economist မဂ္ဂဇင်းကြီး တောင် နိုဝင်ဘာ ၇ ရက်ထုတ်စာစောင်မှာ “စကတည်းကလွဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာဒီမိုကရေစီကို လွတ်လပ်ခွင့်ပေးရမယ့်အစား၊ လွတ်လွတ်လပ်လပ် မပျံနိုင်အောင် ဌက် အတောင်ကို ကလစ်နဲ့ညှပ်သလို ဒီမိုကရေစီကို အချုပ်အချယ်ပြုခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

NLD ဟာ အခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေကို ၂၀၁၉ ကစလို့ လွှတ်တော်တွင်းမှာ ကြိုးပမ်းခဲ့ပါတယ်။ ဗီတိုအာဏာရှိထားတဲ့တပ်မတော်နဲ့ တင်ကြိုညှိနှိုင်းထားမှုတွေ မရှိဘဲ လွှတ်တော် တွင်း အခြေခံဥပဒေပြောင်းလဲဖို့ ကြိုးပမ်းမှုတွေဟာ မအောင်မြင်နိုင်မှန်းသိရက်နဲ့ လုပ်တာဖြစ်လို့ တပ်ကို ဗီလိန်အဖြစ် လူထုအမြင်မှာပုံပေါ်စေအောင် နိုင်ငံရေးရည်ရွယ်ချက်အရ တမင် လုပ်တယ်ဆိုတဲ့ အမြင်မျိုးကို အားကောင်းစေခဲ့ပါတယ်။ တပ်နဲ့ ထိပ်တိုက်တွေ့ဖို့ အလားအလာတွေ ပိုများလာခဲ့ပါ တယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုဝင်ဘာ ၂ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မမှားသင့်တဲ့အမှားတွေမှားတယ် လို့ ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် “ရွေးကောက်ပွဲများ၌ လွတ်လပ်၍တရားမျှတမှုရှိ/မရှိ အပေါ် ဝေဖန်ရာ၌ ရွေးကောက်ပွဲကော်မရှင်အပေါ်ဝေဖန်ခြင်းထက် အစိုးရအပေါ်ဝေဖန်ခြင်းဖြစ်သည်။” ဒါ ကြောင့် “ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာမှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသော မှားယွင်း မှု အားလုံးကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန်တာဝန်ရှိမည် ဖြစ်ပါ သည်” လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၃ ရက်က ပြုလုပ်တဲ့ အင်တာဗျူးတခုမှာလည်း “၂၀၁၅ ခုနှစ် မဲပေးတဲ့အချိန်မှာ မဲပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ကျွန်တော့်ကို မေးခဲ့တယ်။ ဘယ်လို လုပ်မလဲ ဆိုပြီးတော့။ ခင်များဗျာ ကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ အဲ့သဘောပေါ့လေ ရွေးကောက်ပွဲမှာ Result ကို ကြေညာတဲ့အတွက် ကျွန်တော်တို့ လက်ခံနိုင်တယ်လို့ပြောခဲ့တာရှိတယ်။ အခုဆိုရင် တော်တော် လေးသတိထားရတဲ့ အခြေအနေဖြစ် လာတယ်။ အခုလိုမျိုးတွေ ကျွန်တော် မဖြစ်စေချင်ဘူး။ ဒါကြောင့် သတိထားပြီး လုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ” လို့ဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုက တပ်မတော်အနေနဲ့ ရွေးကောက် ရလဒ်ကို အသိမှတ်ပြုမှပြုပါ့မလား။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရပုံစံ အာဏာရယူဖို့ လမ်းကြောင်းနေသလားဆိုတဲ့ ဆွေးနွေးမှုတွေ ဖြစ်စေပါတယ်။ ဒါဟာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပျက်ယွင်းလာတဲ့သဘောကို မြင်သာရုံ တင်ပြချက်သာဖြစ်ပါတယ်။

NLD အစိုးရ ငါးနှစ်တာ ငြိမ်းချမ်းရေး

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ငြိမ်းချမ်းရေးဘက်မှာ အနှစ်သာရရှိတဲ့တိုးတက်မှုတွေ မဖြစ်ခဲ့ပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာ (ဗိုလ်ချုပ်အောင်ဆန်းကလွဲရင်) ဘယ်အရင့်အရင် ခေါင်း ဆောင်မှ မရခဲ့ဖူးတဲ့ တိုင်းရင်းသားများရဲ့ လိုလားထောက်ခံမှုကိုရခဲ့တယ်။ ဒါဟာ နိုင်ငံရေးအရင်း တပွေ့ တပိုက်နဲ့ အာဏာယူခွင့်ရခဲ့တာဖြစ်ပါတယ်။ အင်စတီကျူးရှင်းပိုင်းအရကြည့်ရင်လည်း တနိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ အားနည်းချက်တချို့ရှိစေကာမူ မြန်မာ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းမှာ အတိတ်ကာလကလို နှစ်ပွင့်ဆိုင်အပစ်ရပ်ရေးမျိုးမဟုတ်ဘဲ ပထမဆုံး အင်အားစုအားလုံးပါဝင်နိုင်တဲ့စာချုပ်ဖြစ်ပါတယ်၊ အပစ်အခတ်ရပ်ရေးသာမက နိုင်ငံရေး အဖြေရှာဖို့ လမ်းပြမြေပုံပါ တွဲပါဝင်တဲ့စာချုပ်ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ တပ်မတော်ကို ဖက်ဒရယ်စနစ် ကို မူအားဖြင့်လက်ခံလာအောင် ကတိကဝတ်ပြုစေခဲ့တဲ့စာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ် ပေါ်ထွန်းရေး ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAOs များနဲ့ ညှိနှိုင်းခဲ့တာဖြစ်ပြီး NLD အစိုးရက အမွေဆက်ခံခဲ့ရတာပါ။ တချို့အဖွဲ့ကြီးတွေဆို NLD လက်ထက်မှာမှ လက်မှတ်ထိုး မယ်ဆိုပြီး စောင့်ဆိုင်းခဲ့တာမျိုးတောင်ရှိခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အဖွဲ့နှစ်ဖွဲ့ လက်မှတ်ထိုးခဲ့ပေမယ့် ကျန်အဖွဲ့ ကြီးတွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ၀ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) အပါအဝင် အဖွဲ့အများစုတို့ဟာ လက်မှတ်မထိုးခဲ့ကြပါဘူး။ အစိုးရဟာ ၂၁ ရာစုပင်လုံ ငြိမ်းချမ်း ရေး ညီလာခံကို လေးကြိမ်ကျင်းပခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စု သဘောတူညီချက် အခြေခံမူ ၇၁ ချက် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ လေ့လာသူအများစုတို့က ဒီအခြေခံ မူတွေဟာ ယေဘုယျဆန်လွန်ပြီး၊ အခြေခံဥပဒေမှာ ဌာပနာထားတဲ့ ဗမာနဲ့ တိုင်းရင်းသား လူနည်းစုတွေ အကြား၊ တပ်မတော်နဲ့ အရပ်ဘက် အကြား အာဏာခွဲဝေမှု တဖက်စောင်းနင်းဖြစ်နေတာကို ပြင်ဆင်နိုင် လောက်ဖို့ မလုံလောက်ဘူးလို့ ဝေဖန်ထောက်ပြကြပါတယ်။ တိုင်းရင်းသား EAOs တွေကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ NCA မှာပါတဲ့ ကြားကာလအစီအစဉ်များဖြစ်တဲ့ ဒေသတွင်း ဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စီမံကိန်း ကြီးကြီးတွေကို ဆောင်ရွက်ရာမှာ ညှိနှိုင်းပူးပေါင်းရေးဆိုတဲ့ကိစ္စရပ်တွေမှာ ပျက်ကွက်တယ်လို့ ထောက် ပြ ဝေဖန်ပါတယ်။

တပ်မတော်နဲ့ ညှိနှိုင်းမှုတွေဖြစ်တဲ့ ခွဲမထွက်ရေး၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး (ပြည်နယ်အခြေခံဥပဒေရေးဆွဲရေး) စတဲ့ကိစ္စတွေမှာ ရှေ့မတိုးနိုင်တဲ့အကျပ်ဆိုက်ခဲ့ ရတာကို EAOs တွေဘက်က ဝေဖန်သလို NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဗဟို ချုပ်ကိုင်မှု ပိုများလာတယ်။ တိုင်းရင်းသား EAOs တွေနဲ့အကြားမှာ ယုံကြည်မှုပိုနည်းလာတယ်လို့ ထောက်ပြကြပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာအဓိကအကျဆုံးဖြစ်တဲ့ NRPC အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်ငန်းစဉ် အီလာတာနဲ့အမျှ အာရုံစိုက်မှုနည်းလာတယ်။ UPDJC အစည်းဝေးတွေကို အနည်းဆုံး ငါးကြိမ် မတက်ရောက်ခဲ့ဘူး။ ငြိမ်းချမ်းရေးဆိုင်ရာအစည်းဝေးတွေ၊ ညီလာခံတက်ရင်လည်း အဖွင့် မိန့်ခွန်း ပြောရုံ တက်ရောက်သလိုပဲဖြစ်နေပြီး တိုင်းရင်းသားတွေကို လေးလေးစားစား နားထောင် ဆွေးနွေးတာ မရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ကျယ်လောင်ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင် တွေအကြား နှစ်ပေါင်းများစွာ ပြန်လည်တည်ဆောက်ဖို့လိုနေတဲ့ ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ဒီကြားထဲမှာမှ ၂၀၁၆ နောက်ပိုင်းက စလို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အထူးသဖြင့် ရက္ခိုင်တပ်တော် (AA)၊ တအန်းပလောင် လွတ်မြောက်ရေး တပ်ဦး (TNLA) တို့နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ၂၀၁၉ တနှစ်တည်းမှာပဲ တိုက်ပွဲပေါင်း ထောင် ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်သည်နဲ့ အရပ်သားပေါင်း ထောင်ကျော်သေဆုံးခဲ့ရသလို ဒုက္ခသည် သောင်းဂဏန်း ဖြစ်ခဲ့ပါတယ်။

တိုင်းရင်းသားပဋိပက္ခဟာ လက်နက်ကိုင် တိုက်ပွဲများအဖြစ်နဲ့သာမက မြို့ပေါ်တွေမှာလည်း ဆန္ဒပြပွဲ၊ ကန့်ကွက်ပွဲစတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပေါ်ပေါက်ခဲ့ပါတယ်။ ဗမာအများစုနေ ထိုင်တဲ့ တိုင်းဒေသကြီးတွေမှာ (လူထုရွေးကောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်နိုင်စွမ်း နဲ့ ဩဇာကို မထိခိုက်စေလိုတဲ့အတွက် ဝါ စိန်ခေါ်နိုင်စွမ်းမရှိတဲ့အတွက်) နိုင်ငံရေး လူထုလှုပ်ရှားမှုတွေ (ဗစ်တိုးရီးယားအရေးလို ဆန္ဒပြပွဲများကလွဲလို့) မရှိသလောက်ဖြစ်ခဲ့ရပေမယ့် တိုင်းရင်းသားဒေသတွေ မှာတော့ ပိုမိုစနစ်ကျ ပိုမိုအားကောင်းခဲ့တာ သတိပြုစရာဖြစ်ပါတယ်။ ၂၀၁၇ မွန်ပြည်နယ် ချောင်းဆုံ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးတာကို ကန့်ကွက်တဲ့ဆန္ဒပြပွဲကစလို့ ၂၀၁၈ ရခိုင်ပြည်နယ် မြောက်ဦးဆန္ဒပြပွဲတွေ၊ ၂၀၁၉ ကယား ကချင် ချင်းစတဲ့ပြည်နယ်တွေက ဗိုလ်ချုပ် ကြေးရုပ်စိုက်ထူမှု ကန့်ကွက်ဆန္ဒပြပွဲတွေ၊ ၂၀၂၀ ရှမ်းပြည် ကျောက်မဲနဲ့ ကရင်ပြည်နယ် ဖာပွန်ဒေသ တွေမှာ အရပ်သားတွေသတ်ဖြတ်ခံရမှု တပ်မတော်ကို ကန့်ကွက်ဆန္ဒပြတာတွေ စသဖြင့် ဆက်တိုက် ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ NLD အစိုးရကိုရော၊ တပ်မတော်ကိုပါ သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဦးတည်ဆန့်ကျင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ နိုင်ငံရေးမှာ ပိုပါဝင်လာမယ့် တိုင်းရင်းသား လူငယ်မျိုးဆက်သစ်တွေကို မွေးဖွားစေပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ နောင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကယား၊ မွန်၊ ကချင်စတဲ့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ ပါတီပေါင်းစည်းရေးတွေအတွက် အဓိကတွန်းအားဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတချို့မှာ ဗမာကိုလိုနီ စနစ်ဆန့်ကျင်ရေး၊ ကိုလိုနီပါတီတွေကို မဲမပေးရေးဆိုတဲ့ ကြွေးကြော်ပြောဆိုမှုမျိုးတွေအထိ ပြင်းထန်ခဲ့ တာလည်း သတိပြုစရာပါ။ အောက်တိုဘာ ၁၆ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြို့နယ် ၁၅ မြို့နယ်နဲ့ ကျေးရွာအုပ်စုအမြောက်အများကို လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင် ကြောင်း ကြေညာလိုက်တဲ့အခါ ဒီခံပြင်းမှုတွေ ပိုခါးသီးခဲ့ပုံရပါတယ်။ ပေါင်းစည်းတိုင်းရင်းသားပါတီ ၅ ပါတီရဲ့ ကြေညာချက်မှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယခုထုတ်ပြန်ချက်သည် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေများမှ တိုင်းရင်းသားများအား လွှတ်တော်ပြင်ပ နိုင်ငံရေး နည်းလမ်းများ ရွေးချယ်လာစေရန် တွန်းပို့ရာရောက်သည်ဟု ရှုမြင်ပါသည်” လို့ အတိအလင်း ရေးသားခဲ့တာ တွေ့နိုင်ပါတယ်။ ဒီရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAOs တချို့ကလည်း အရင်တုန်းကထက် ပိုစိတ်ဝင်စားခဲ့ပြီး တိုင်းရင်းသားအချင်းချင်းကိုသာ မဲပေးကြ ဖို့ တိုက်တွန်း တာမျိုးတောင်ရှိခဲ့ပါတယ်။

NLD အစိုးရ ငါးနှစ်တာ လူမှုစီးပွားဖွံဖြိုးရေး

အခုလို ဆိုးရွားလာတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ ဗမာနဲ့ တိုင်းရင်းသားများအကြား ဆက်ဆံရေးတွေဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်လာမယ့် စီးပွားရေးအကျပ်အတည်းတွေကြောင့် ပိုသက်သာရာရဖွယ် မရှိပါဘူး။ Economist Intelligence Unit (EIU) ရဲ့ ခန့်မှန်းချက်အရ ၂၀၂၀မှာ မြန်မာနိုင်ငံရဲ့ GDP ဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းမယ် (အခြား ဒီ့ထက်ဆိုးတဲ့ခန့်မှန်းချက်တွေလည်းရှိပါတယ်)၊ ၂၀၁၇ ကမ္ဘာဘဏ်စစ်တမ်းအရ မြန်မာနိုင်ငံသား လေးဦးမှာ တဦးဟာ ဆင်းရဲမှု သတ်မှတ်ချက်မှာ အကျုံး ဝင်ပါ တယ်။ ဒီအရေအတွက်ဟာ ကိုဗစ်ကြောင့် ပိုတိုးဖို့သာရှိပါတယ်။ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ အခြေနေဟာ တရားဝင်ကို ၈ ဒသမ ၂ ကျော် ထိုးတက်ဖွယ်ရှိတယ်ဆိုပေမယ့် မြန်မာ့စီးပွားရေးမှာ စည်းလွတ်နယ်ပယ် Informal Economy က ပိုကြီးနေတာမို့ အလုပ်လက်မဲ့နှုန်းဟာ ဒီ့ထက်ပိုများစရာ ရှိပါတယ်။ တကယ်တော့ ကိုဗစ်-၁၉ ကြောင့်သာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၁၆ NLD အာဏာယူပြီးနောက်ပိုင်းကစလို့ အရင်အစိုးရခေတ်ထက်စာရင် ကျဆင်းခဲ့တယ် လို့ The Economist မဂ္ဂဇင်းက ထောက်ပြပါတယ် (ပုံကားချပ်ကို ကြည့်ပါ)။ လူမှု စီးပွား အခြေနေ အားရစရာ တိုးတက်တယ် လို့ ပြည်သူအများစုက မခံစားရဘူးဆိုတာ Asia Barometer စတဲ့ စစ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။ မကြာခင်ကမှထုတ်ပြန်တဲ့ PACE အဖွဲ့ရဲ့ ဩဂုတ် ၂၀၂၀ စစ်တမ်း အရလည်း တိုင်းပြည်အတွက် အရေးကြီးဆုံးပြဿနာအဖြစ် အစိုးရဝန်ဆောင်မှုနဲ့ အခြေခံ အဆောက် အအုံပြဿနာ (၅၃ ရာခိုင်နှုန်း) နဲ့ စီးပွားရေး (၁၅ ရာခိုင်နှုန်း) အဖြစ် ဦးစားပေးဖော်ပြကြတာ တွေ့နိုင် ပါတယ်။ ဒီအခြေနေတွေဟာ ရိုဟင်ဂျာအရေးကြောင့် နိုင်ငံတကာဖိအားတွေ ပိုတိုးလာနိုင်ခြေနဲ့ တရုတ်ရဲ့ ဩဇာ ပိုလွှမ်းလာနိုင်ခြေတွေကြောင့် ဘူးလေးရာဖရုံဆင့်ဖြစ်နိုင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲလွန် အခင်းအကျင်း

ဒီအခြေနေတွေဟာ ရွေးကောက်ပွဲအပြီးမှာ သက်သာလာဖို့ထက် နဂိုအတိုင်းဆက် တပူပူဖြစ်ရင် ဖြစ်၊ ပိုဆိုးရင်ဆိုးသာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီလို ၂၀၁၅ ရွေးကောက်ပွဲကတိကဝတ်တွေ ထင်သလောက် မပေါက်မြောက်၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ တိုင်းရင်းသားရေးနဲ့ နိုင်ငံတကာဆက်ဆံရေး တွေမှာ ပိုဆိုးလာပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှု (အထူးသဖြင့် ဗမာအများစု နေထိုင်တဲ့ တိုင်းဒေသကြီးတွေမှာ) အင်နဲ့အားနဲ့ ရှိနေတုန်းပါပဲ။ ဒါကြောင့် NLD ပါတီဟာပြည်ထောင်စု အဆင့်မှာ ဆက်လက်အနိုင်ရဖွယ်ရှိပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအဆင့်မှာ နိုင်ပေမယ့် ပြည်နယ် လွှတ်တော်တချို့ (နဂိုကတည်း မနိုင်ခဲ့တဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်လွှတ်တော်တွေအပြင် ကယား၊ မွန်၊ ကရင်၊ ကချင်စတဲ့ ပြည်နယ်လွှတ်တော်တွေကိုပါ) လက်လွှတ်ရမယ်ဆိုရင်၊ NLD ဘက်က ပြည်နယ် ဝန်ကြီးချုပ် ရွေးချယ်မှုဆိုင်ရာ အခြေခံဥပဒေပုဒ်မ ၂၆၁ ကို မပြင်ပေးတာ (အနိမ့်ဆုံးအားဖြင့် အလျော့ အတင်းမလုပ်ဘူးဆိုရင်) ပြည်နယ်တချို့မှာ အုပ်ချုပ်ရခက်ခဲတဲ့ အခြေနေဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ကာလက NLD ကြီးစိုးတဲ့ ပြည်နယ်လွှတ်တော်မှာတောင် (ဥပမာ ကယားပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသ ကြီး) တွေမှာတောင် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ပြီး ကယားမှာ ဖြုတ်ချနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အာဏာခွဲဝေမှုနဲ့ အုပ်ချုပ်မှု အလွဲအမှားလို့ ယူဆစရာတွေဖြစ်ခဲ့ရင် ပြည်နယ်တွေမှာ ဝန်ကြီး ချုပ်တွေကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးစားမှုတွေက လွှတ်တော်ထဲမှာရော (မအောင်မြင်ရင် လမ်းပေါ်မှာပါ) ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ NLD ဟာ နိုင်တော့နိုင်မယ် အားနည်းသွားမယ့် မဲအရေ အတွက်၊ လွှတ်တော်အမတ်အရေအတွက် weak legitimacy နဲ့ပဲ နိုင်မယ်ဆိုရင် တပ်မတော်သား ကိုယ် စားလှယ်တွေအနေနဲ့လည်း လွှတ်တော်များတွင်းမှာ ယခင် ငါးနှစ်ကာလ ခံစစ်အသွင်ကနေ ကျန်အင် အားစုတွေနဲ့ ပိုမဟာမိတ်ဖွဲ့ပြီး ထိုးစစ်အသွင် လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်လာနိုင်ပါတယ်။ ဒီအခြေနေတွေက နိုင်ငံရေးတည်ငြိမ်မှုအပြင်၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အလားအလာတွေ ကို ထိခိုက် စေနိုင်ပါတယ်။

လက်ရှိနိုင်ငံရေးစနစ်ဟာ လူနည်းစုတွေရဲ့ ကိုယ်စားပြုခွင့်နဲ့ ထုတ်ဖော်အရေးဆိုခွင့် အသံတွေကို ကိုယ်စားမပြုနိုင်တော့ဘူးဆိုတဲ့သဘောထားမျိုးတွေ အရှိန်ရလာရင် လွှတ်တော်ပြင်ပနိုင်ငံရေးဟာ တည်ဆဲစနစ်ကို ဆန့်ကျင်တဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် (Anti-system Sentiments and Practices) များကို အားပေးလာနိုင်ပါတယ်။ တိုင်းရင်းသားလူငယ်မျိုးဆက်သစ်တွေဟာ အမျိုးသားရေးစိတ်တွေ ပြင်းထန် ပြီး ပိုရဲဝံလာကြတာလည်း သတိပြုသင့်ပါတယ်။ တပ်မတော်အနေနဲ့လည်း (တကယ်ပဲဖြစ်စေ၊ ရှုမြင်ပုံ perception အရဖြစ်စေ) မတည်မငြိမ်ဖြစ်မှုတွေကို အကြောင်းပြုပြီး နိုင်ငံရေးအရစွန့်စားမှုတွေကို ပိုလုပ်လာနိုင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲလွန် ထွက်ပေါက် – by default လား by design လား

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလွန်နိုင်ငံရေးဟာ နိုင်သူတက်အုပ်ချုပ်ဆိုတဲ့ by default option နဲ့ မလုံလောက်တော့ဘူး၊ ဒီအခြေနေဆိုးတွေကို ရှောင်ကွင်းနိုင်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ သေချာပြင်ဆင်တဲ့ by design option နဲ့မှ ဖြစ်တော့မယ်လို့ ဆိုခဲ့တာပါ။ ဒီရွေးကောက်ပွဲလွန် အခြေနေဟာ မြန်မာနိုင်ငံရဲ့ နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ်၊ ပြည်နယ်အစိုးရဖွဲ့တဲ့စနစ်တွေကစလို့ ၂၀၀၈ အခြေခံဥပဒေနဲ့ NCA ပေါ်အခြေခံပြုထားတဲ့ ငြိမ်းချမ်းရေးအင်စတီကျူးရှင်းတွေကို အကြီး အကျယ် စမ်းသပ်စိန်ခေါ်တော့မယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဒီနေရာမှာ ဦးတည်ချက်ကို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအဖြစ် ထားသင့်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး အရေးပေါ် လိုအပ် ချက်ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အမြဲပြောနေကျအကြောင်းတွေကြောင့်အပြင် လက်ရှိ နိုင်ငံရေးစနစ် လည်ပတ်လို့မရတော့တဲ့အထိ၊ အလုပ်လုပ်ဖို့ မဖြစ်တော့အထိ၊ အတော မသတ်တော့မယ့် အကျပ်အတည်းအဆိုးသံသရာကနေ ထွက်စရာမရှိတော့မယ့်အခြေနေတွေကြောင့် ပြင်သင့် နေတာဖြစ် ပါတယ်။ ဘယ်အကြောင်းကြောင့်ပဲပြင်ပြင် တတ်နိုင်သမျှ အဓိကအင်အားစုအားလုံး ပါဝင်တဲ့ ဒီမိုကရေ စီနဲ့ ဖက်ဒရယ်ကို ရှေးရှုတဲ့ ပြင်ဆင်မှုပဲဖြစ်ရမှာပါ။

ရွေးကောက်ပွဲလွန် ဒီဇိုင်းရဲ့ ဦးတည်ချက်အဖြစ် အခြေခံဥပဒေကို အဆင့်လိုက်ပြင်ဆင်ရာမှာ အဓိက အင်အားစုတွေအကြား နိုင်ငံရေးပဋိညာဉ် (Political Pact) တရပ်လိုအပ်ပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး အဲ့ဒီနိုင်ငံရေးပဋိညာဉ်တရပ်ပေါ်ပေါက်ရေး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ကြိုးစားသင့်ပါတယ်။ အရင်ဆုံး တိုင်းရင်းသားပါတီတွေ၊ ပြီးတော့ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပဋိညာဉ်ရဲ့ ပထမခြေလှမ်းအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ (Government of National Unity) ဆိုတာမျိုး ကို ဖွဲ့စည်းသင့်ပါတယ်။ စာရေးသူအနေနဲ့ ဒီလိုဖွဲ့စည်းဖို့ကို ၂၀၁၉ အောက်တိုဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ယောမင်းကြီးစကား၀ိုင်းမှာ NLD အစိုးရကို အသေအချာအကြံပြု မေတ္တာရပ်ခံခဲ့ဖူးပါတယ် (ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်)။ ဒီလို ရွေးကောက်ပွဲအခြေခံ အမျိုးသားညီညွတ်ရေးအစိုးရကနေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါ ပါဝင်လာနိုင်စေမယ့် အကြံပေးအဖွဲ့မျိုး၊ ပညာရှင်တွေပါ ပါဝင်လာနိုင်စေမယ့် အကြံပေးအဖွဲ့မျိုးကို တိုးချဲ့ဖွဲ့စည်း သွားသင့်ပါတယ်။ ဒီလို ဒီဇိုင်းမျိုးတွေနဲ့ပဲ အခြေခံဥပဒေထဲ ညှိနှိုင်းပြင်ဆင်နိုင်တာတွေ (ဥပမာ – ပုဒ်မ၂၆၁၊ ရွေးကောက်ပွဲစနစ်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း ပါဝင်မှု၊ ကာလုံဖွဲ့စည်းပုံအချိုးအစားစတာ) တွေကို ပြင်ဆင်ပြီး၊ ပြည်နယ်အခြေခံ ဥပဒေရေးဆွဲရေးကို ပိုမိုလက်တွေ့ကျအောင် အကောင်အထည်ဖော်ရင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိုရော၊ မြန်မာ့စီးပွား ဖွံဖြိုးတိုးတက်ရေးမဟာဗျူဟာကိုပါ စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ ရှေ့ဆက်သင့်ပါတယ်။

နိဂုံး

နိုဝင်ဘာ ၄ ရက်နေ့ကတော့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၂၀ အလွန်ပေါ် လာမယ့်အစိုးရဟာ National Unity Government (အမျိုးသား ညီညွတ်ရေးအစိုးရ) လိုမျိုး၊ အမျိုးသားညီညွတ်ရေးဆောင်ရွက်ချက်တွေ ဆက်လက်ထွက်ပေါ်လာမယ့်လို့ ပြောဆိုခဲ့ပါတယ်။ ဦးဇော်ဌေးအနေနဲ့ ဒီကိစ္စကို အသေးစိတ် ဖြည့်စွက်ရှင်းလင်းခဲ့တာမရှိသလို၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ NLD ပါတီခေါင်းဆောင်ပိုင်းကပဲဖြစ်ဖြစ် မူအရ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီပြောဆိုချက်ဟာ ကြိုဆိုရမှာဖြစ်ပါတယ်။ အကျပ်အတည်းကို ရှောင်ကွင်းနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရမျိုးကိုဖွဲ့ကြတယ်ဆိုပေမယ့် ဒါဟာ တိုင်းပြည် အကျပ်အတည်းဖြစ်နိုင်ခြေကို သိမြင်လက်ခံကျော်လွှားဖို့ ဖွဲ့တာမျိုးသာ ဖြစ်ကောင်းပါတယ်။ တဖွဲ့ တသင်း တပါတီ တဦးတယောက်ရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား ထွက်ပေါက်၊ ရေတိုယာယီထွက်ပေါက် အနေနဲ့တော့ မဖြစ်ကောင်းပါဘူး။ ဒါဆိုရင် နိုင်ငံတကာအတွေ့အကြုံတွေအရ ဆေးကြောင့်ဘေးဖြစ် တတ်တယ်လို့ ထောက်ပြခဲ့ချင်ပါတယ်။ တိုင်းပြည်အကျိုးကျေးဇူးကိုဦးတည်ပြီး ဂိုဏ်းဂဏစိတ်နဲ့ ဘက်ဖွဲ့အင်အားပြမှုတွေကို နောက်ချန်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရလမ်းကြောင်းကို အားလုံး ဝိုင်းတွန်းသင့်တဲ့ အပြောင်းအလဲဖြစ် ခံယူကြိုးပမ်းသင့်လှပါတယ်။

မင်းဇင်

နိုဝင်ဘာလ ၈၊ ၂၀၂၀

မင်းဇင်သည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု့ (ISP-Myanmar) ကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။

Share.

About Author

Min Zin

Min Zin is a founding member and the executive director of the Institute for Strategy and Policy - Myanmar, which is an independent, non-partisan, and non-governmental think tank, which promotes democratic leadership and strengthen civic participation in Myanmar. He is a PhD candidate in Travers Department of Political Science at University of California, Berkeley. Min Zin is a comparative political scientist who studies civil-military relations, democratization, contentious politics, ethnic conflicts and civil war with a focus on Myanmar and Southeast Asian countries. Min Zin’s writings appear in Journal of Democracy, Journal of Current Southeast Asian Affairs, Social Research: An International Quarterly, Contemporary Southeast Asia, Georgetown Journal of International Affair and many edited books. He serves as country analyst of Myanmar for several research foundations including Freedom House, and he is also a fellow of Legatum Institute. Min Zin took part in Burma’s democracy movement in 1988 as a high school student activist, and went into hiding in 1989 to avoid arrest by the junta. His underground activist-cum-writer life lasted for nine years until he fled to the Thai-Myanmar border in August 1997. Min Zin writes for The Foreign Policy Magazine, The New York Times, and other media outlets.

Leave A Reply