Institute for Strategy and Policy – Myanmar

ဆရာဦးထွန်းလွင်သို့ အမှတ်ရခြင်း

အယ်ဒီတာမှတ်ချက် – ယခုဖော်ပြထားသော ဆောင်းပါးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ် ၅ အတွက် တောင်းခံထားခြင်း ဖြစ်သည်။ ယခုဆောင်းပါးကို ဒေါက်တာမြင့်ဇော်က ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်တွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ကျရောက်သည့် “မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်ခဲ့ခြင်း တနှစ်ပြည့်” အတွက် ISP-Myanmar က ဖော်ပြခြင်း ဖြစ်ပါသည်။

ဘဝမှာ ဒဏ်ရာတွေ ပါမှ

ကဗျာတွေ လှတတ်တယ်

ကဗျာတွေ အလွန်လှပေမယ့်

ဒဏ်ကတော့ ပြင်းပါတယ်။

တင်မိုး

ဆရာ့ကိုလွမ်းရသော အချိန်များတွင် ဆရာက ဆရာ့ဘဝဇာတ်ကြောင်းကို ရိုးရှင်းလှပစွာ ပြောပြသွားခဲ့သော အချိန်များ ပါသည်။ ရုန်းကန်ကြိုးပမ်းခဲ့ရသော ဆရာ့ဇာတ်လမ်းကို ကျနော်တို့ အများစုသိကြပါသည်။ နှစ်ဆယ့်တစ်ရာစုအစ မြန်မာနိုင်ငံတွင် အခက်အခဲများစွာ ရှိနေပါလိမ့်မည်။ ဆရာနှင့် ဆက်စပ်နေသော အခက်အခဲကြီးသုံးခုအကြောင်းကို တွေးကြည့်မိပါသည်။ နာဂစ်မုန်တိုင်းကဲ့သို့သော သဘာဝဘေးရန်များတွင် ပြည်သူ့ဘဝများကို သတိပေးကယ်တင်နိုင်ရေး၊ တကမ္ဘာလုံးကြုံတွေ့နေရသော ဥတုဘေး၏ မြန်မာ့ရေမြေအပေါ် ပြင်းထန်စွာ သက်ရောက်နေသည့် အရေးနှင့် ဧရာဝတီအပါအဝင် မြန်မာ့ရေမြေတောတောင်များကို ကာကွယ်နိုင်ရေးတို့ ဖြစ်ပါသည်။ ထိုအရေးသုံးခုစလုံးတွင် ဆရာဦးထွန်းလွင် ပါဝင်ရုန်းကန်၍ ဖြစ်နိုင်သမျှ အားထုတ်ပေးခဲ့သည်ကို ကျေးဇူးတင် လွမ်းဆွတ်ရပါသည်။ 

ဆရာသည် နာဂစ်နှင့် ပတ်သက်၍၊ မြစ်ဆုံနှင့်ပတ်သက်၍၊ ဥတုဘေးနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည်များကို သက်ဆိုင်ရာက အသိအမှတ်ပြုပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာအောင်၊ ပြည်သူနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အသံကို နေရာပေးလာအောင် ရှေ့ဆောင်ရှေ့ရွက်ပြုပြောဆိုခဲ့ပါသည်။

နာဂစ်အလွန်ကာလ ဆရာ၏ နေ့မနား ညမနား အားထုတ်မှုများသည် နာဂစ်တွင် သူမဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စများအတွက် အလျော်ပေးခြင်းဟူသော ပြောဆိုချက်များရှိကြောင်း ဆရာ့စာမှတဆင့် သိရပါသည်။  နာဂစ်မုန်တိုင်းကို သုတေသနလုပ်ခဲ့သော ကျနော့်အနေနှင့် ဆရာ့တွင် နာဂစ် အတွက် အကြွေးမရှိပါဟု အခိုင်အမာပြောလိုပါသည်။ ချို့တဲ့သော ငယ်ဘဝနှင့် ရုန်းကန်ကြီးပြင်းခဲ့သော ဆရာ့တွင် လူများအပေါ် စေတနာနှင့် စာနာစိတ် တွန်းအား ကြီးမားလှပုံနှင့် ရသမျှလုပ်ပိုင်ခွင့်အပေါ်တွင် အစွမ်းရှိသမျှ အားထုတ်ခဲ့ပုံတို့က သိသာပေါ်လွင်လှပါသည်။ ကြွေးရှိခြင်းရှိလျှင် ဆရာ ပေးခဲ့သမျှ အသိအမြင်၊ အတွေ့အကြုံတို့ကို ရယူခဲ့ကြသည့် ကျနော်တို့တွင်သာ အကြွေးရှိနိုင်ပါသည်။

နာဂစ်မတိုင်မီရက်များ၊ နာဂစ်မုန်တိုင်းအတွင်းနာရီများနှင့် နာဂစ်မုန်တိုင်းအလွန် နှစ်-လ-မှတ်တမ်းများက ဆရာသည် သူလုပ်စရာရှိသမျှ တတ်နိုင်သမျှကို အစွမ်းကုန်ဆောင်ရွက်ခဲ့ကြောင်း အထောက်အထားများ သက်သေခံနေပြီးဖြစ်သည်။ နာဂစ်အပြီး မြန်မာနိုင်ငံသို့ ဖြစ်ကြောင်း ကုန်စင် လေ့လာရေးခရီးစဉ်အပြီးတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး၏ အစီရင်ခံစာက အဓိက မှတ်တမ်း တခုဖြစ်သည်။ ယခုတင်ပြလိုသည်မှာ သတင်းစာကော်လံနှစ်ခုဖြစ်သည်။

မေ ၁ ရက် နေ့လည် ၁၁ နာရီတွင် သတင်းထောက်ကို ဖုန်းဆက်ခေါ်ကာ အင်တာဗျူးစီစဉ် ၍  သတင်းကို တင်ဆက်နိုင်ရန် အားထုတ်ခဲ့သည်။ အဆိုပါ အင်တာဗျူးမှာ မေ ၂ ရက်နေ့သတင်းစာတွင် ပါရှိသည်။  ထို အင်တာဗျူး ကော်လံ (၁) စာပိုဒ် ၂  တွင် မုန်တိုင်း  မြန်မာနိုင်ငံ ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်နိုင်ပုံကို အကျယ်ဖော်ပြခဲ့သည်။

“မုန်တိုင်းတိုက်ခတ်မည်ဟု သတင်းများထွက်ပေါ်လာသည်။ ပြည်သူများ မုန်တိုင်းသတင်းကို အချို့လည်း သိကြသည်။ အချို့လည်းမသိကြပေ။ ထို့ကြောင့် မုန်တိုင်းသတင်းနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးထွန်းလွင်ကို တွေ့ဆုံမေးမြန်း၍ ရေးသားဖော်ပြလိုက်ပါသည်။

 ညွှန်ကြားရေးမှုးချုပ် ဦးထွန်းလွင်က ပြောကြားရာတွင် “ယခု ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းကြီးတခုဖြစ်ပေါ်နေကြောင်း၊ မုန်တိုင်းအမည်မှာ နာဂစ်ဖြစ်ပါကြောင်း၊ နာဂစ်မုန်တိုင်းသည် တဖြည်းဖြည်း အင်အားကောင်းလာပြီး မြန်မာနိုင်ငံဘက် ဦးတည်၍ ရွေ့လျားလာနေကြောင်း၊ မေ ၁ ရက်ခန့်မှန်းချက်အရ မေ၂ ( ယနေ့ နံနက်ပိုင်း၌ မြန်မာ့ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခိုက် နိုင်ပါကြောင်း၊ မုန်းတိုင်းသည် တနာရီ မိုင် ၁၀၀ ခန့်ဖြင့် တိုက်ခတ်နိုင်ပြီး မုန်တိုင်း ဒီရေများလည်း တက်ရောက်နိုင်ပါကြောင်း ပြောကြား သည်။

ထို့အပြင် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပါက ဧရာဝတီတိုင်းမြောက်ပိုင်းဒေသများ မုန်တိုင်းဒဏ်ကို ခံရနိုင်ကြောင်း၊ မုန်တိုင်းကြောင့် မုန်တိုင်းဒီရေများ နှစ် မီတာမှ သုံးမီတာ အထိ တက်ရောက်နိုင်ရာ ကမ်းရိုးတန်း ဒေသနေပြည်သူများ သတိပြုရမှာဖြစ်ကြောင်း ညွှန်ကြားရေးမှုးချုပ် ဦးထွန်းလွင်က ဆက်လက်ပြောကြားသည်။ (မီတာဖြင့် ဖော်ပြထားသော ရေလှိုင်းအမြင့်ကို ပေဖြင့် ဖော်ပြလျှင် ၇ ပေ အမြင့်မှ ၁၀ ပေ အမြင့်ထိ ရောက်နိုင်ကြောင်း ကြိုတင်ပြောကြားခဲ့ပါသည်)

တဖန် ယခုဖြစ်ပေါ်နေသော နာဂစ်မုန်တိုင်းသည် လေတိုက်နှုန်းတဖြည်းဖြည်းတိုးမြင့်လျှက်ရှိပြီး မုန်တိုင်းအရွယ်အစားလည်း ကြီးမားပါကြောင်း ၊ မုန်တိုင်းအတွင်း လေတိုက်ခတ်နှုန်းမှာ တနာရီ မိုင် ၁၀၀ ခန့်ရှိကြောင်း၊ နာဂစ်မုန်တိုင်းအရွယ်အစားကြီးမားမှုကြောင့် ရန်ကုန်မြို့သည်လည်း မုန်တိုင်းအရှိန် ခံစားရနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထောက်က ရေးသားခဲ့သည်။

ဆရာ၏  “ကျွန်တော်နှင့်နာဂစ်- ပန်းလည်းပေါက်တာလည်းနာချင်တယ်” စာအုပ်တွင် ထိုအင်တာဗျူးကို သတင်းထောက်အား ခေါ်၍ ပေးချိန်မှာ ၁ ရက်နေ့ မနက် ၁၁ နာရီဟုဆိုပါသည်။ သတင်းစာ၏ နောက်ဆုံးသတင်းဖော်ပြနိုင်သော အချိန်အကန့်အသတ်၊ မတည်ငြိမ်ပြောင်းလဲနေသော မုန်တိုင်း ပြင်းအားကိန်းဂဏန်းများအပေါ်တွင် ဆရာ့အား အပြစ်တင်ခဲ့ကြသူများ ရှိပါသည်။ ကျနော့် အနေနှင့်မူ မေ ၁ ရက်က ဆရာ့ကိုယ်ပိုင်အားထုတ်မှုသည် ဆရာ့စေတနာနှင့် ပညာကို သက်သေခံနေပါသည်။ ပြည်သူအများစုမှာ မုန်တိုင်းဒီရေဟူသော စကားကို နာဂစ်မုန်တိုင်းအပြီးမှသာ ကျွမ်းဝင်ကြခြင်းဖြစ်ပါသည်။ ယခုသတင်းစာဖြတ်ပိုင်းခေါင်းစဉ် စာလုံးမည်းကို ကြည့်ပါ။ “ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်းဒီရေ တက်နိုင်၍ သတိပြု” ဟု ထင်ထင်ရှားရှား ဖော်ပြထားပါသည်။

ဆရာ၏ “နာဂစ်နှင့် ကျွန်တော်” စာအုပ်ထဲတွင် ဖော်ပြသကဲ့သို့ပင် အာဏာပိုင်များ၏ အာရုံစိုက်မှုရရှိရန် ပုံမှန်သတင်းထုတ်ပြန်မှုထက်ကျော်လွန်သော အထက်သို့ ဆက်သွယ်သတင်းပေးမှုများကို ကြုံကြိုက်သည့်အခါတိုင်း ဆရာပြောပြလေ့ရှိပါသည်။ ဆရာနှင့် သူ၏ မိုးလေဝသဌာနက ဆောင်ရွက်ခဲ့သော အတိုင်းအတာမှာ ထိုခေတ်ကာလ အခြေအနေ အကန့်အသတ် များကြားထဲမှပင် ထင်ရှားပေါ်လွင်သည်ဟု ကောက်ချက်ချပါသည်။ ဆရာအငြိမ်းစားယူပြီးနောက်တွင်လည်း ပြည်သူ့မြင်ကွင်းတွင် ဆက်ရှိနေပါသည်။ နာဂစ်မှ သင်ခန်းစာများကို ဆရာ ဆက်ပြောနေခဲ့သည်။ နာဂစ်အပြီး ဆယ်စုနှစ်တခုကျော်အကြာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြည်သူနှင့် အစိုးရ၏ ပိုမိုလေးနက်လာသော အမြင်တို့အတွက် ကျေးဇူးတင်ရမည့်သူများ စာရင်းတွင် ဆရာထိပ်ဆုံးမှ ပါပါသည်။ ပြည်သူတို့၏ မိုးလေဝသပညာရှင် People’s weather man ဟူသော ဂုဏ်ပုဒ်ကို ဆရာ၏ မရပ်မနားသော အားထုတ်မှုတို့အတွက် ပြည်သူကပင် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

မုန်တိုင်း၊ သဘာဝဘေးအန္တရာယ်တို့တွင်သာ ဆရာ ရပ်တန့်မနေခဲ့ပါ။ ဆက်စပ်နေသော မျက်မှောက်ခေတ်၏ အကြီးဆုံးစိန်ခေါ်မှု ဥတုဘေး အကြောင်းကို ပြည်သူဆီရောက်အောင် ဆရာ အားထုတ်ခဲ့ပါသည်။ မရေမတွက်နိုင်သော ဟောပြောပွဲများတွင်သာမက ဆရာရေးခဲ့သော ဆောင်းပါးခေါင်းစဉ်များအနေနှင့်ပါ ဥတုဘေးကို အသိပေးရန်အတွက် သူအားထုတ်ခဲ့သည်များကို မြင်နိုင်ပါသည်။ “လောဘ၊ဒေါသ၊မောဟတရားများနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု”၊ “ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီး လူအများရဲ့ လွဲမှားနေတဲ့ ယုံကြည်မှု အယူအဆတွေ ”၊ “ရာသီဥတုပြောင်းလဲခြင်းကို ပြည်သူများတွင် ရှာဖွေခြင်း”၊ “ရာသီဥတုပြောင်းလဲခြင်း  (သို့မဟုတ်) ၂၁ ရာစုအတွက် အကြီးမားဆုံးစိန်ခေါ်မှု”၊ “မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအတွက် ဒီကနေ့ ရာသီဥတုစိန်ခေါ်မှုများ”၊ “မိုးနည်းပေမယ့် ရေမရှားရအောင်- ပူပြင်းပေမယ့် မခြောက်သွေ့ရအောင်” နှင့် “၂၁ ရာစုအကုန်ပင်လယ်ရေမြင့်တက်ခြင်းအလားအလာနဲ့ မြန်မာနိုင်ငံ” စသည်တို့မှာ ဆရာ ရေးခဲ့သမျှ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။

“မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ” ဟူသော ဆောင်းပါးမှ မြန်မာနိုင်ငံ၏ ကာလရှည်နှင့် ကာလတို ရာသီဥတုပြောင်းလဲခြင်းမှတ်တမ်းကို အောက်တွင် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။ လက်ရှိကြုံတွေ့နေရသော အခြေအနေ ဥတုဘေးအခြေအနေများမှာ ထိုမှတ်တမ်းဘောင်အတွင်းမှပင် ဖြစ်ပေါ်နေသည်ကို သိနိုင်ရန်ဖြစ်ပါသည်။

၁၉၇၈ မှ စတင်ခဲ့သော ရက်ရှည် ရာသီဥတုပြောင်းလဲခြင်း  

၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် စတင်ကြုံတွေ့လာရသော နှစ်ရှည်ရာသီဥတုပြောင်းလဲမှုသည် မုတ်သုံ ရာသီဥတု (Monsoon Climatology) ပြောင်းလဲမှုဖြစ်ပြီး၊ အဓိကအားဖြင့် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် အောက်ပါ ပြောင်းလဲမှုများကို တွေ့လာရပါသည်။

၁။ မုတ်သုံလေ အဝင်နောက်ကျခြင်း
၂။ မုတ်သုံလေ အထွက်စောခြင်း
၃။ မုတ်သုံကာလ တိုတောင်းသွားခြင်း
၄။ မုတ်သုံကာလအတွင်း မုတ်သုံလေ အတည်တကျမရှိခြင်း (Not well established)
၅။ မုတ်သုံလေ အားပြတ်ခြင်း၊ မကြာခဏ ပျောက်ကွယ်နေခြင်း
၆။ မုတ်သုံမိုးများ လျော့နည်းလာခြင်း
၇။ မုတ်သုံမိုးများ လျော့နည်းလာခြင်း
၈။ အပူအညွှန်းကိန်းများ မြင့်တက်လာခြင်း
၉။၁၉၇၉ ခုနှစ်တွင် မုတ်သုံလေ အင်အား အလွန်အမင်း ကျဆင်းသွားခြင်း
၁၀။ သမားရိုးကျမဟုတ်သော မိုးလေဝသ အခြေအနေများ မကြာခဏတွေ့လာရခြင်း။  

၂၀၀၆ ခုနှစ်မှ စတင်ကာ သိသာထင်ရှားလာသော ရက်လတ် ရာသီဥတု ပြောင်းလဲခြင်း  

၁။ မိုးကြိုကာလနှင့် မိုးလွန်ကာလများ ပိုမိုရှည်လျားလာခြင်း
၂။ မိုးတိမ်တောင်များ ပိုမို အဖြစ်များလာခြင်း
၃။ မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးရမှု ပိုမိုများလာခြင်း
၄။ လေဆင်နှာမောင်း တိုက်ခတ်မှုများ ပိုမိုကြုံတွေ့လာရခြင်း
၅။ မိုးကြို လေပြင်းတိုက်ခတ်မှုများ ပိုမိုဖြစ်ပွားလာခြင်း
၆။ စိုက်ဆင်း လေပြင်းတိုက်ခတ်မှုများ ပိုမိုဖြစ်ပွားလာခြင်း
၇။ လျှပ်တပြက် ရေကြီးမှုများ ပိုမို ဖြစ်ပွားလာခြင်း
၈။ မြေပြိုမှုများ ပိုမို ဖြစ်ပွားလာခြင်း
၉။ မုတ်သုံကာလအတွင်း မုတ်သုံ အားပျော့ခြင်း၊ မကြာခဏဖြစ်ပွားသဖြင့် မိုးကြိုးပစ်မှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုများ ပိုမို ဖြစ်ပွားလာခြင်း
၁၀။ ၁၉၉၉ ခုနှစ်နောက်ပိုင်း မိုးရာသီကာလ တိုတောင်းပြီး မုတ်သုံမိုးများလာသဖြင့် မိုးရွာသွန်းမှု ပိုမိုပြင်းထန်လာခြင်း
၁၁။ မုန်တိုင်းအန္တရာယ် ပိုမိုကျရောက်လာခြင်း စသည်တို့ ဖြစ်ပါသည်။  

ဆရာ၏ ပုံနှိပ်အက္ခရာမှတ်တမ်းများသည် လက်ရှိနှင့် နောင်လာလတ္တံသော ပညာရှင်များ၊ မူဝါဒရေးရာ သမားများ၊ ပြည်သူအများ အတွက် ရှည်လျားသော အချိန်ကာလများအထိ ဆက်ရှိနေမည်မှာ သေချာပါသည်။ စာအုပ်ထဲမှ စကားလုံးများကို အများပြည်သူ နားလည်နိုင်သော စကားများအဖြစ် ပြောင်းလဲ ဟောပြောခဲ့သည့်အကြိမ်ပေါင်းမည်မျှ ရှိမည်နည်း။ ကျနော့် အထင် အနည်းဆုံး ရာဂဏန်းရှိပါလိမ့်မည်။ မြန်မာနိုင်ငံရေး အကူးအပြောင်းကာလ၏ အထင်ရှားဆုံးမှတ်တိုင်တစ်ခုမှာ မြစ်ဆုံ ရေကာတာ စီမံကိန်းရပ်တန့်ခြင်းဖြစ်ပါသည်။ အာဏာနှင့် ငွေကြေးပူးပေါင်း၍ ထင်ရာစိုင်းနိုင်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို လူထုက အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့မှု ဖြစ်ပါသည်။ မြန်မာ့ရေမြေကို ကာကွယ်နိုင်ခဲ့သည်သာမက ကမ္ဘာတစ်ဝှမ်းမှာ စီးပွားရေးအင်အားစုကြီးများကို လက်လွတ်စပယ်မလုပ်ရန် ပြင်းထန်သော သတိပေးချက်ဖြစ်ခဲ့ပါသည်။ ဧရာဝတီအရေး၊ မြစ်ဆုံအရေးနှင့်ပတ်သက်၍ အမြဲတွဲသတိရနေမည့် အမည်မှာ မိုးလေဝသ ဦးထွန်းလွင် ဖြစ်ပါသည်။ ဆရာနှင့်ကျနော် ၂၀၁၁ နှစ်လည်က မြောက်ဥက္ကလာတွင် ပြုလုပ်ခဲ့သော Save the Ayeyarwaddy ဟောပြောပွဲတွင် အတူပါဝင်ခဲ့ကြပါသည်။ ကျနော်အပြီး ဆရာ့အလှည့်တွင် ဆရာက အောက်ပါစကားဖြင့် စတင်ပါသည်။ “ကျနော် အသက်လည်း ကြီးပါပြီ။  ကြောက်လည်း ကြောက်တတ်ပါတယ်။ ဒါ့ကြောင့်တိုတိုပဲ ကျနော် ပြောပါမယ်။ မြစ်ဆုံမှာ ရေကာတာ တည်ဆောက်မယ့် ကိစ္စကို ကျနော်ကန့်ကွက်ပါတယ်။” ယခုအချိန်ထိ ဆရာ့စကားသံ ပဲ့တင်ထပ်လျှက်ရှိပါသည်။ အမှန်တကယ်တွင်လည်း မြောက်မြားစွာသော ဧရာဝတီပွဲများတွင် ဆရာ ပါဝင်ခဲ့ပါသည်။ ဧရာဝတီအတွက် မားမားမတ်မတ်ရပ်ခဲ့ပါသည်။ ဧရာဝတီအတွက် စာတမ်းများ၊ ဆောင်းပါးများ ဆရာရေးခဲ့ပါသည်။ ၂၀၁၁ တွင် မြစ်ဆုံဆိုင်းငံ့ခဲ့သော်လည်း အပြီးတိုင် ရပ်တန့်ခြင်းမဟုတ်သည့်အတွက် ဆရာကွယ်လွန်သည်အထိ ပါဝင်ခဲ့ရသော လှုပ်ရှားမှုအဖြစ် အမှတ်ရနေမိပါသည်။ တရုတ်ဘက်မှ ဖိအားပေးလာတိုင်း မီဒီယာများ အခမ်းအနားများမှ ပြန်လည် တုံ့ပြန်ခဲ့ရသည်မှာ ဆရာကွယ်လွန်သည့် ၂၀၁၉ အထိပင်ဖြစ်ပါသည်။ ကျနော် အမှတ်ရနေသည်မှာ ၂၀၁၂ က ပြုလုပ်ခဲ့သော ဘာ့ကြောင့် ဧရာဝတီကို ကာကွယ်ရမလဲ Why we must protect our Ayeyarwaddy ဟူသော ပွဲအကြောင်း ဖြစ်ပါသည်။ ထိုစဉ်က တရုတ်တို့ဘက်မှ မြစ်ဆုံဆည်တည်ဆောက်သင့်ကြောင်း ပညာရှင်အမြင်ဟူသော စာအုပ်ကို ထုတ်ဝေလာပါသည်။ ကျနော်တို့ဘက်မှလည်း မြန်မာပညာရှင်များ၏ အဆိုပါစာတမ်းအပေါ် တုံ့ပြန်ချက်ကို ဖော်ပြပါ ပွဲအမီ ထုတ်ဝေခဲ့ပါသည်။ ဆရာက အင်္ဂလိပ်ဘာသာဖြင့် တုံ့ပြန်ချက်ကို ပြည့်ပြည့်စုံစုံ ရေးသားပေးပါသည်။ ဆရာက တရုတ်တို့၏ ဂျီဒီပီမက်လုံး၊ ပြည်ပမှ မြှောက်ပေးသည်ဟူသော စွပ်စွဲချက်၊ ဘေးကင်းပါသည်ဟူသော အပေါ်ယံအာမခံချက်တို့ကို တိတိပပ ငြင်းချက်ထုတ်သည်။ စီမံကိန်းများတွင် ဆန်းစစ်ချက်လိုအပ်ပုံ၊ နုန်းအနည် ကျနိုင်သည့်အန္တရာယ်၊ နွေကာလ ရေခန်းခြောက်မည့် ပြဿနာ၊ မြစ်ဝကျွန်းပေါ်ကို သက်ရောက်နိုင်သည့်အခြေအနေ၊ မြောက်ပိုင်းဒေသ၏ ဇီဝပဒေသာ ကာကွယ်ရန်လိုအပ်ချက် တို့ကို မီးမောင်းထိုး ပြသည်။ ဂျီဒီပီနှင့် ဝယ်ယူစားသုံးမှု ပဓာနအရင်းရှင်ဝါဒ၏ အန္တရာယ်ကို ယခုလောက် ကျယ်ကျယ်လောင်လောင်မပြောခင် ကာလကပင် ဆရာက မေးခွန်းထုတ်ခဲ့သည်။

ဆရာ၏ ရှင်းလင်းတုံ့ပြန်ချက်အချို့ကို ဖတ်ရှုကြည့်ပါ။

မြစ်ဆုံရေကာတာကြောင့် လျပ်စစ်ဓါတ်အားတစ်နေ့ လျပ်စစ်ဓါတ်အား 100 billion KWh ထုတ်ယူနိုင်တာတွေတန်ဖိုးအားဖြင့်  တရုတ်ငွေ ၂၀ ဘီလီယံ၊ မြန်မာငွေ ၂၀၀၀ ဘီလီယံ ဆိုတာတွေဟာ GDP ကိစ္စတွေပေါ့။ ဒါတွေကို လောဘဇောတိုက်လုပ်နေကြတာတွေကြောင့် ကနေ့ ကမ္ဘာကြီးပူနွေးမှု၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ အဓိကအကြောင်း တွေထဲမှာ သစ်တောပြုန်းတီးမှုတို့၊ လူဦးရေတိုးပွားမှုတို့၊ စွမ်းအင် ထုတ်လုပ်မှုတို့ ဆိုတာတွေကို ကျော်လွန်ပြီး ရှေ့တန်းက အဓိက တရားခံကြီးဖြစ်လာတာကတော့ အဲဒီ GDP ဆိုတာကြီးပါပဲ။

မြစ်ဆုံတာတည်ဆောက်ခြင်းကို စတင်ကန့်ကွက်ပြောဆိုခဲ့ကြတာ ပြည်တွင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ၊ ရာသီဥတု ပညာရှင်တွေ၊ စာရေးဆရာတွေ၊ သတင်းမီဒီယာတွေ နဲ့  ပြည်သူတွေ က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူ့ပယောဂ၊ တိုက်တွန်းချက်၊ သွေးထိုးလှုံ့ဆော်မှုမှ မပါခဲ့ပါဘူး။

အခုမှ ဒီမိုကရေစီစံနစ်ကို ပြန်လည်ကျင့်သုံးလာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အများကြီး လုပ်ဆောင်ရဦးမယ့် မြန်မာနိုင်ငံအတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ကြိုဆိုရမှာပါ။ ဒါပေမယ့် အလျင်စလို လုပ်ဖို့တော့ မသင့်ဘူးပေါ့။ နိုင်ငံက အရန်သင့်မဖြစ်သေးဘူးလေ။  Infrastructure Framing and Modification တွေ၊ Capacity Building တွေ လုပ်ကြရဦးမှာပါ။ အရေးကြီးတာက ဘယ် ရင်းနှီးမြုပ်နှံမှုမဆို လိုအပ်တဲ့ Proper Assessment တွေ ပြည့်စုံသေချာအောင်လုပ်ဖို့၊ လူထုအတွက် Transparency ဖြစ်ဖို့၊ Corruption ကင်းဖို့ စတဲ့ ဒီမိုကရေစီစံတွေနဲ့ ကိုက်ညီဖို့သာ အဓိကဖြစ်ပါတယ်။

ဘာအရင်းအနှီးမှ မစိုက်ရပဲ ရမှာပါတဲ့။ ဧရာဝတီမြစ်ကြီးတစ်ခုလုံး ရင်းနှီးထားရတာကို ဘာအရင်းအနှီးမှ မစိုက်ပဲ ရတာတဲ့။ ပြောရက်တယ်ဗျာ။

တာတမံတွေ ဆောက်လုပ်ရင် နှုံးပို့တတ်တယ်ဆိုတာကို data ပေး ဝန်ခံတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နှုံးပို့တဲ့အတွက်Navigation တွေ ပျောက်သွားမှာ livelihood  တွေ ပျက်စီးကုန်မှာ အသေအချာပဲပေါ့။

ဧရာဝတီမြစ်ကြီးရဲ့ ရေကြီးမှုတွေ၊ ရေကြောင်းပို့ဆောင်ရေး အခက်အခဲတွေ၊ မြစ်ဝကျွန်းပေါ်မှာ ပင်လယ်ဆားငံရေစိမ့်ဝင်မှုတွေ ဒါတွေအားလုံးကို မြစ်ဆုံဆည် တည်ဆောက် ခြင်းအားဖြင့်မြစ်ရေစီးဆင်းမှု(discharge) ကို တိုးပေးလိုက်တာနဲ့ ထိန်းလို့ ရတယ်။ ဟုတ်လား။ စိတ်ကူးယဉ်ဆန်လိုက်တာဗျာ။ ဆားငံရေ စိမ့်ဝင်တတ်တာ နွေရာသီဗျ။ မြစ်အတွင်းရေစီးဆင်းမှု နည်းလို့ ဆားငံရေက ဆန်ဝင်တာ။ ဧရာဝတီမြစ်ရဲ့ လက်ရှိ နွေကာလ ရေစီးကို မြင်ဖူးသလား ။ နွေမှာ ရေမရှိလို့ သင်္ဘောခရီးစဉ်တွေ ဖျက်ရတဲ့အထိ အခြေအနေဆိုးတာ ဘာကြောင့်လည်း။ မြစ်ဖျားဒေသတွေမှာ နွေမှာ လုံလောက်တဲ့ရေ မရနိုင်လို့ပေါ့။ ရေဆိုတာကလေည်း ဟိမဝန္တာတောင်ပေါ်က ရေခဲ အရည်ပျော်တာကြောင့် ရတာနဲ့ မိုးရွာလို့ရတာနဲ့ ဒါပဲရှိတာလေ။ ဟိမဝန္တာကရေခဲမြစ်တွေရဲ့အခြေအနေကလည်း ကမ္ဘာကြီးပူနွေးမှုကြောင့် ပျောက်ကွယ်ကုန်ကြတာ နည်းလားဗျာ။ ဧရာဝတီမြစ်ဖျားဒေသရဲ့ ၂၀၂၀၊ ၂၀၅၀ နဲ့ ၂၁၀၀ နှစ်များအတွက် မိုးရေချိန်ရနိုင်မှုကလည်း ၂၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း အထိ လျော့နည်းမယ်လို့ climate scenario တွေက အတိအလင်းပြောထားလေရဲ့။ ကဲ… ခင်ဗျား၊ ဘယ်ကရေတွေနဲ့ နွေကာလမှာ discharge ကို တိုးလွှတ်ပေးမှာလည်း။ တကယ်က မြစ်ဆုံဆည်ဆောက်ရင် ခင်ဗျားပြောတာနဲ့ ဆန့်ကျင်ပြီး discharge တွေ နည်းသွားလို့ မြစ်ဝကျွန်းပေါ်ဒေသတွေ တဖြည်းဖြည်း ကျုံ့ကျုံ့သွားကြတာ ခင်ဗျားနိုင်ငံက ယန်ဇီမြစ်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသက သက်သေပါဗျာ။

Large reservoir တွေ ဆောက်လိုက်ခြင်းအားဖြင့် ecological protection လုပ်နိုင်ပါတယ်တဲ့။ “တယ်ဆိုတဲ့ စာ” ပါလား။ မြစ်ဆုံဒေသဟာ Biodiversity Laboratory ကြီးဆိုတာကို မမေ့ပါနဲ့။ ဒီ မြစ်ဆုံတာ ဆောက်မယ့်ဒေသမှာ wildlife တွေ အများကြီးပါ။ ရှားပါးတဲ့ တောတွင်းတိရိစ္ဆာန်တွေ၊ အထူးသဖြင့် ဒီဒေသက ရှားပါးတဲ့ ငှက်တွေ၊ လိပ်ပြာတွေ ဆိုတာ ကမ္ဘာကျော်ပေါ့။ Ecological Protection မဖြစ်တဲ့အပြင် ecological deterioration တွေ ဖြစ်မှာ အသေအချာပါပဲ။

၂၀၂၀ တွင် ဆရာမရှိတော့ပါ။ ကြီးမားသော လစ်ဟာမှုကို မငြင်းပယ်လိုသော်လည်း ရှေ့ခရီးဆက်နိုင်ရန် လုံလောက်သည့် အသိအမြင်တို့ကို ဆရာချန်ထားခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၉ တွင် ဧရာဝတီကို ပြန်ရွေးယူကြမယ် ပွဲနှင့် ဥတုဘေးအတွက် ထိုးတဲ့ ခေါင်းလောင်း (ယောမင်းကြီး စကားဝိုင်း) တွင် ဆရာပါဝင်ခဲ့ပါသည်။ ကြယ်တံခွန်တခုကဲ့သို့ နောက်ဆုံးအချိန်အထိ လင်းလက်တောက်ပ ကုန်ခန်းသွားချင်သည်ဟူသော ဆရာ့စကားကို သတိရမိပါသည်။ ဆရာ့ကြယ်တံခွန်မှ အလင်းရောင်သည် နောင်နှစ်များစွာအထိ ကျနော်တို့အားလုံးကို လမ်းပြနေပါလိမ့်မည်။ အထူးသဖြင့် ဥတုဘေးများ၊ သဘာဝဘေးများ၊ပတ်ဝန်းကျင် ပျက်စီးမှုများ၊ ရေအရင်းအမြစ် မခြောက်ခန်းရေးများ နှင့် ရုန်းကန်နေရမည့် နိုင်ငံသားတို့အတွက် ဆရာ့ပညာနှင့် စေတနာ အလင်းရောင်တို့ လင်းလက် တောက်ပနေပါလိမ့်မည်။

ဒေါက်တာမြင့်ဇော်

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

ဒေါက်တာမြင့်ဇော်သည် ဩစတေးလျ အမျိုးသားတက္ကသိုလ်မှ သဘာ၀ဘေးအန္တရာယ်နှင့်သယံဇာတ စီမံခန့်ခွဲမှု ပညာရပ်ဖြင့်ပါရဂူဘွဲ့ ရရှိခဲ့သူဖြစ်ပြီး၊ သဘာ၀ပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ စာအုပ်များ ရေးသားနေသူ ဖြစ်သည်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar