Institute for Strategy and Policy – Myanmar

ချည်သောကြိုးများ ဖြတ်ခဲ့ပါ… (မီဒီယာလွတ်လပ်ခွင့်နှင့် ပြောင်းလဲရမည့်ဥပဒေများ)

အယ်ဒီတာမှတ်ချက်

ISP-Myanmar အနေဖြင့် မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာရေးအတွက် မြော်မြင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ အစိုးရသည် လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်အပြင် ပြည်သူအားလုံးပါဝင်မှုကို လမ်းဖွင့်ပေးသော အစိုးရတရပ် ဖြစ်ပေါ်ရေးကို ဦးတည်ပါသည်။ အဆိုပါ ဦးတည်ချက်၊ မြော်မြင်ချက်များနှင့် ပတ်သတ်၍ ရှုထောင့်စုံ အမြင်များ ထုတ်ဖော်ခွင့်ရရေး၊ ထိုအမြင်များပေါ် အခြေခံ၍ ဆီလျော် ထိရောက်မည့် မူဝါဒများ ပေါ်ထွန်း ရေးကို အားပေးပါသည်။ သို့ဖြစ်၍ ပြင်ပသုတေသီများ၊ လှုပ်ရှား ဆောင်ရွက်နေသူများကို ဖိတ်ခေါ်၍ သဘောထားအမြင် ဆောင်းပါးများ ရေးသားရန်တောင်းခံပါသည်။ မတူကွဲပြားသည့် အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား၍ မူဝါဒများ ချမှတ်နိုင်စေရေး ရည်သန်ပါသည်။ ဆောင်းပါးများပါ အမြင်သဘောထားများမှာ ဆောင်းပါးရှင်များ၏ အာဘော်သာဖြစ်ပါသည်။

ယခုဆောင်းပါးတွင် NLD အစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ သတင်းသမားများကို တရားစွဲဆိုရာ၌ အသုံး ပြုလေ့ရှိသည့် ဥပဒေများ ပြုပြင်ပြောင်းလဲရေး၊ သတင်းသမားများအပေါ် တရားစွဲဆိုမှု အရေအတွက်နှင့် သတင်း အချက်အလက် ရပိုင်ခွင့်အခြေအနေတို့ပေါ်တွင်အခြေခံကာ လေ့လာသုံးသပ်ထား ပါသည်။

(၁) သတင်းသမားများကို တရားစွဲဆိုရာ၌ အသုံးပြုလေ့ရှိသည့် ဥပဒေများ ပြုပြင်ပြောင်းလဲရေး

သတင်းသမားများကို တရားစွဲဆိုရာ၌ အသုံးပြုလေ့ရှိသည့် ဥပဒေများတွင် သတင်းမီဒီယာဥပဒေ၊ မတရား အသင်း ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝဝ နှင့် ၅၀၅(ခ)၊ ဆက်သွယ်ရေး ဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့ပါဝင်ပါသည်။  

အဆိုပါဥပဒေများထဲမှ ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ တို့ကိုသာ မည်ကာမတ္တ ပြင်ဆင်နိုင်ခဲ့ပြီး အခြားဥပဒေများပြင်ဆင်ရေးမှာ အလှမ်း ဝေးနေဆဲဖြစ်ပါသည်။ သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေးအတွက် သတင်းမီဒီယာကောင်စီအပါအဝင် သတင်း မီဒီယာအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက အဓိက ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း NLD အစိုးရနှင့် လွှတ်တော်က လစ်လျူရှုထားခဲ့သည်။ သတင်းမီဒီယာဥပဒေ ပုဒ်မ (၂၁) တွင် သတင်း မီဒီယာသမားတစ်ဦးဦးက ပုဒ်မ(၉)ပါ တာဝန်နှင့် ကျင့်ဝတ် သိက္ခာတရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် နစ်နာသူအနေဖြင့် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည် ဟု ဖော်ပြထားသည်။ တိုင်ကြားနိုင်သည် ဟူသောဖော်ပြချက်သည် ကောင်စီသို့ ဦးစွာမတိုင်ဘဲ ရဲစခန်းတွင်အမှုဖွင့်ခြင်း၊ တရားရုံးသို့ ဦးတိုက် လျှောက်ထားခြင်းတို့ကိုလည်း ချက်ချင်းဆောင်ရွက်၍ရသည်ဆိုသည့် သဘောသက်ရောက်သွားပြီး သတင်း မီဒီယာသမားများကို ကောင်စီအနေဖြင့် တိကျသောအကာအကွယ် မပေးနိုင်တော့ပေ။ အဆိုပါ အားနည်းချက် ကြောင့် သတင်းကိစ္စအငြင်းပွားမှုများကို ဖြေရှင်းပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ရပ်တည် ပေးရမည့် သတင်းမီဒီယာကောင်စီ၏ လုပ်ပိုင်ခွင့်မှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ကာ ကောင်စီအပေါ်တွင်လည်း သတင်းသမားများ၏ ယုံကြည်အားကိုးမှုမှာ ယုတ်လျော့ကျဆင်းသွားခဲ့သည်။

(၂) သတင်းသမားများအပေါ် တရားစွဲဆိုမှု အရေအတွက်

NLD အစိုးရလက်ထက်တွင် သတင်းမီဒီယာသမားများကို တရားစွဲဆိုထားမှုမှာ ၆၇ မှုအထိ ရှိလာခဲ့ပြီး ယခင် USDP အစိုးရလက်ထက်တရားစွဲဆိုမှုထက် နှစ်ဆထိ မြင့်တက်လာခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

တရားစွဲဆိုရာတွင် အသုံးပြုမှုအများဆုံးဥပဒေမှာ ဆက်သွယ်ရေးဥပဒေဖြစ်ပြီး ဒုတိယအသုံးပြုမှုအများဆုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြစ်သည်။ တရားစွဲဆိုကြသူများတွင် အစိုးရက တရားစွဲဆိုမှု ၃၁ မှုဖြင့် ဦးဆောင်နေပြီး တပ်မတော်က တရားစွဲဆိုမှု ၁၁ မှုဖြင့် ဒုတိယအများဆုံးဖြစ်သည်။ တပ်မတော်က သတင်းမီဒီယာ သမားများကို တရားစွဲဆိုထားမှုများထဲမှ အမှု ၇ မှုကို ပြန်လည်ရုတ်သိမ်းပေးခဲ့ပြီး အစိုးရက YBS ငွေကြေးအရှုပ် အရှင်းနှင့်ပတ်သက်ပြီး Eleven Media Group ကို တရားစွဲဆိုထားမှုတစ်ခုကိုသာ ပြန်လည်ရုတ်သိမ်းပေးခဲ့သည်ကို တွေ့ရှိရပါသည်။

(၃) သတင်းအချက်အလက်ရပိုင်ခွင့်အခြေအနေ

အစိုးရ၏ မှတ်တမ်းမော်ကွန်းများ၊ အုပ်ချုပ်ရေး (သို့) ပုဂ္ဂလိက စီးပွားရေးဆိုင်ရာအချက်အလက်များကို တောင်းဆိုနိုင်ရန်အတွက် သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေသည် အလွန်အရေးကြီးလှသည်။ သို့သော် အရပ်ဘက် အဖွဲ့အစည်းများကြိုးစားခဲ့သည့် သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေပြဌာန်းရေးမှာ ၂၀၁၈ခုနှစ် နှစ်ဦးပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ လက်ထဲ၌ အဆုံးသတ်သွားခဲ့ရသည်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ (မူကြမ်း)ကို ရေးဆွဲပြီးခဲ့ကြသော်လည်း ယင်းဥပဒေမူကြမ်းကို လွှတ်တော်သို့တင်သွင်းရန် ဝန်ကြီးဌာနဘက်က ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေအစား အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် တိုင်ပင်ခြင်း မရှိဘဲထွက်ပေါ်လာသည့် ဥပဒေမှာ အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ပြဌာန်းခဲ့သော အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကို အစားထိုး ပြင်ဆင်သည့် အနေဖြင့် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ အသစ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်သည်။ ဥပဒေတွင် ပြဌာန်းချက်များအရ ပြည်သူလူထုသည် သတင်းအချက်အလက် များကို လုံခြုံရေး သက်တမ်းအဆင့် ကုန်လွန်ပြီးမှသာ  ကြည့်ရှုခွင့်၊ အသုံးပြုခွင့်ရှိမည် ဖြစ်သည်။ လုံခြုံရေး သက်တမ်းအဆင့်များကိုလည်း ပုဒ်မ ၁၂ တွင် (က)ထိပ်တန်းလျှို့ဝှက်အဆင့် ဖြစ်လျှင် နှစ်ပေါင်း ၃၀၊ (ခ)လျှို့ဝှက် အဆင့်ဖြစ်လျှင် ၂၅ နှစ်၊ (ဂ)အတွင်းရေးအဆင့်ဖြစ်လျှင် နှစ်ပေါင်း ၂၀၊ (ဃ)ကန့်သတ်အဆင့် ဖြစ်လျှင် ၅ နှစ် ဟူ၍ သတ်မှတ်ပြဌာန်း ထားသည်။ ထို့ပြင် ပုဒ်မ ၁၃(က)တွင်ဖော်ပြချက်အရ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းတိုက် ဦးစီး ဌာနသည် လုံခြုံမှုသက်တမ်းကုန်ဆုံးပြီးဖြစ်သော မော်ကွန်းများကို ကြည့်ရှုခွင့်၊ အသုံးပြုခွင့်ကို ဆက်လက် ကန့်သတ် ထားနိုင်သည်။ ထို့ကြောင့် အဆိုပါဥပဒေသည် ပြည်သူလူထု၏ သတင်းအချက်အလက်ရပိုင်ခွင့်ကို ငြင်းဆိုပိတ်ပင် နိုင်ရန် အစိုးရထံ အခွင့်အာဏာ အပြည့်အဝပေးအပ်သကဲ့သို့ ဖြစ်နေသည်။

လက်ရှိဥပဒေအရ အစိုးရသည် မည်သည့်သတင်းအချက်အလက်ကိုမဆို  “ထိပ်တန်းလျှို့ဝှက်အဆင့်” အဖြစ် သတ်မှတ်နိုင်ပြီး၊ အဆိုပါအချက်အလက်ကို နှစ်ပေါင်း ၃၀ သို့မဟုတ် ထို့ထက်ကျော်လွန်၍ ထိန်းချုပ် ဖုံးကွယ် ထားနိုင်မည် ဖြစ်သည်။ အစိုးရ၏ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် အခွင့်အလမ်းကို ဥပဒေတွင် ဖန်တီးပေးထားခြင်းမရှိပေ။  ထို့ကြောင့် အစိုးရ၏ အကျင့်ပျက်ခြစားမှုများ၊ စီမံခန့်ခွဲမှုအမှားများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်ပစ်ရန် “ထိပ်တန်းလျှို့ဝှက်အဆင့်” သတ်မှတ်သောစနစ်ကို လွယ်ကူစွာပင် တလွဲ အသုံးချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု၏ သတင်းအချက်အလက်ရပိုင်ခွင့်ကို အကန့်အသတ် ဖြစ်နေသည့် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကို ပယ်ဖျက်ပြီး သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေ(RTI law) ဖြစ်မြောက်ရေးကိုသာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်။

သတင်းအချက်အလက်ရပိုင်ခွင့်နှင့်ပတ်သက်၍ သိသာထင်ရှားသည့် အခြားသောချိုးဖောက်ခြင်းနှစ်ခုမှာ ၂၀၁၉ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မှ မြို့နယ် ရှစ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ဖြတ်တောက်ခဲ့ခြင်းနှင့် ၂၀၂၀ ခုနှစ်၊ မတ်လ တွင် အစိုးရညွှန်ကြားချက်ဖြင့် ဆက်သွယ်ရေးအော်ပရေတာများမှ သတင်းဌာနအချို့အပါအဝင် ဝက်ဘ်ဆိုက်ပေါင်း ၂၀၀ ကျော်ကို ပိတ်ချခဲ့ခြင်းတို့ ဖြစ်သည်။ အပိတ်ခံခဲ့ရသည့် သတင်းဌာနများတွင် တရားဝင်မှတ်ပုံတင်ထားသည့် ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္စရာသတင်းဌာနနှင့် DMG(Development Media Group)၊ မန္တလေးအခြေစိုက် Mandalay In-Depth News နှင့် VOM(Voice Of Myanmar)၊ တာချီလိတ် မြို့အခြေစိုက် Mekong News-မဲခေါင်သတင်း စသည့်တို့ ပါဝင်သည်။

ထိုကဲ့သို့သော အချက်အလက်များကြောင့် NLD အစိုးရလက်ထက်တွင် သတင်းမီဒီယာလွတ်လပ်ခွင့် အခြေ အနေမှာ တိုးတက်ပြောင်းလဲလာခြင်းမရှိဘဲ ပိုမိုဆုတ်ယုတ်သွားသည်ဟုပင် ကောက်ချက်ချနိုင်ပေသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ယခုအပတ်တွင် ကျင်းပတော့မည်ဖြစ်ရာ လွှတ်တော်အသစ်သည် မကြာခင် စတင်နိုင်တော့မည်ဖြစ်သည်။ အဆိုပါလွှတ်တော် အခင်းအကျင်းအသစ်တွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို အကန့်အသတ်ဖြစ်နေသည့် ဥပဒေများကို ပြင်ဆင်ပယ်ဖျက်မှုများ ပြုလုပ်ရန် လိုအပ်လှပေသည်။ ဒီမိုကရေစီ စနစ်ဖြစ်ထွန်းပေါ်ပေါက်ရန် သတင်းမီဒီယာလွတ်လပ်ခွင့်သည် အသက်သမျှအရေးကြီးသည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာမခံမပေးဘဲ ဒီမိုကရေစီကို လျှောက်လှမ်းနေခြင်းသည် ကမ်းစပ်တွင်ကြိုးနှင့်ချည်ထားသော လှေကို အတင်းလှော်ခတ်နေခြင်းသာဖြစ်သည်။

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

မောင်ဆောင်းခသည် လွတ်လွပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့ကို တည်ထောင်ခဲ့သူများထဲတွင် တဦးအပါအဝင်ဖြစ်ပြီး၊ လက်ရှိတွင် အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေပါ သည်။ ယခု ဆောင်းပါးကို နိုဝင်ဘာ ၂ ရက်တွင် ကျရောက်သည့် International day of impunity against journalists  အတွက် ရေးသားခဲ့ခြင်း ဖြစ်ကာ Fojo Media Institute တွင် အင်္ဂလိပ်ဘာသာဖြင့် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၂ ရက်က ဖော်ပြခဲ့ပါသည်။

ဤဆောင်းပါးကို အင်္ဂလိပ်ဘာသာဖြင့်လည်း ဖတ်ရှုနိုင်ပါသည်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar