လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေး မုန့်ဆီကြော်၊ နှုတ်ခမ်းနာနှင့် မဟာဗျူဟာမျှခြေ ရှာဖွေခြင်း

0

ဒီဆောင်းပါးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်ကပြုလုပ်တဲ့ UNFC Stakeholders ဆွေးနွေးပွဲရဲ့ တင်ပြချက်အပေါ် အခြေခံရေးသားထားတာ ဖြစ်ပါတယ်။ ဒါဟာ အခြေအနေနဲ့ အပြန်အလှန်ဆွေးနွေးချက်တွေအပေါ် မူတည်ပြီး ဆက်လက်ဖြည့်စွက်ရေးသားရမယ့်စာမူ ဖြစ်ပါ တယ်။ ဆောင်းပါးခေါင်းစဉ်မှာ ဖော်ပြထားသလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရ သဘော တူချက် ရယူနိုင်မှုမရှိသေးဘဲ လုံခြုံရေးကဏ္ဍကို အပြီးအပြတ်ဧကန်သဘော ဆွေးနွေးကြမယ် ဆိုရင် ‘နှုတ်ခမ်းနာနဲ့တည့်ပါ့မလား’ကိန်း ဆိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကို မဆွေးနွေးဘဲထားရင် လည်း ဖြစ်စဉ်တွေ ဆင့်ကဲမြန်ဆန်လာတဲ့အခါ အဆင်သင့်မဖြစ်တဲ့အားနည်းချက်ကို ကြုံရနိုင်ပါ တယ်။ ဒါကြောင့် လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ရင် တန်ဖိုးစံနှုန်းတွေအပေါ် အခြေ ခံတဲ့မြော်မြင်ချက် (vision) ကို ဆုပ်ကိုင်ပြီး ဘက်အသီးသီးအကြား ယုံကြည်မှုတည်ဆောက်နိုင် မယ့် အကျိုးစီးပွား အပေးအယူမျှခြေတွေကို တဆင့်ချင်းရှာရင်း မဟာဗျူဟာကျကျ ဆောင်ရွက် သွားသင့်ကြောင်း သုံးသပ်အကြံပြုမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ အပိုင်းလေးပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းက တိုင်းပြည်ရဲ့ အရင်းခံ ပြဿနာနဲ့ ဆက်စပ်အခြေအနေတွေကို တင်ပြပါမယ်။ ဒုတိယနဲ့ တတိယပိုင်းမှာ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ရင် အခြေခံမူဝါဒတွေ ပဓာနကျကြောင်းနဲ့ မျှော်မှန်းချက်အမြင် အရေးပါကြောင်း ဆွေးနွေးပါမယ်။ နောက်ဆုံးပိုင်းမှာတော့ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် အပိုင်းလိုက်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်အခြေပြု မဏ္ဍိုင်တွေအကြောင်း တင်ပြ ပါမယ်။

အရင်းခံပြဿနာနဲ့ ဆက်စပ်အခြေအနေများ

မြန်မာနိုင်ငံရဲ့ အရင်းခံပြဿနာဟာ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ အခုချိန်အထိ ပြည်ထောင်စုကို ပီပြင်ပုံပေါ်အောင် မတည်ဆောက်နိုင်ခြင်း (incomplete nation-building) ပဲ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ပင်လုံစာချုပ်အခြေခံတဲ့ ပင်လုံကတိကဝတ်နဲ့ ပြည်ထောင်စုသစ်ကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပေမဲ့ လွတ်လပ်ရေးအမြန်ရယူရေးဆိုတဲ့ ကာလတိုဖိအားနဲ့ ဖုတ်ပူ မီးတိုက် ပေါင်းစုဖွဲ့စည်းခဲ့တဲ့အတွက် ဖက်ဒရယ်မြော်မြင်ချက် (vision) မသဲကွဲဘဲ တပြည်ထောင် စနစ်အဖြစ်နဲ့ စခန်းသွားခဲ့ကြရပါတယ်။ ဒါကို တိုင်းရင်းသားများဘက်က ပြင်ဆင်ဖို့ အရေးဆို အားထုတ်ခဲ့ကြပေမဲ့ ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းယူလိုက်တဲ့အတွက် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးဟာ ဖိနှိပ်ခံခဲ့ရပါတယ်။ ဒီအခြေအနေဟာ Robert Dahl ဖွင့်ဆိုသလို ဒီမိုကရေစီမှာပဲ ဖက်ဒရယ်စနစ် ဖြစ်ထွန်းနိုင်တယ်ဆိုတဲ့အချက်ကို သက်သေထူတဲ့သဘောပါပဲ။ ဒီမိုကရေစီမရှိတဲ့အခါ ခွဲထွက်ရေးတောင် အာမခံပါတယ်ဆိုတဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ယူဂို ဆလားဗီးယား ဖက်ဒရယ်စနစ်တွေဟာ ဘာမှအသက်မဝင် စာရွက်ပေါ်ကဟန်ပြသာ ဖြစ်ခဲ့ပါ တယ်။ ကနဦးအစမှာ အိန္ဒိယဟာ တပြည်ထောင်စနစ်လို့ ပညာရှင်တွေကသတ်မှတ်ပေမဲ့ ဒီမို ကရေစီမူဝါဒတွေနဲ့ မတူကွဲပြားမှုတွေကို နိုင်ငံရေးအရ ထုတ်ဖော်စည်းရုံးလှုပ်ရှားခွင့်ရှိတဲ့ စနစ် အောက်မှာ အိန္ဒိယဟာ ဖက်ဒရယ်လက္ခဏာတွေကို တဖြည်းဖြည်း ပိုမို ကျင့်သုံးလာပါတယ်။ ပြည်နယ်(ပြန်လည်)ဖွဲ့စည်းမှုတွေကိုလည်း ၁၉၅၆ ခုနှစ်ကစလို့ ၂၀၁၄ ခုနှစ် Telangana ကို သီးခြားပြည်နယ် သတ်မှတ်ပေးချိန်အထိ လိုက်လျောထိန်းညှိ ဆောင်ရွက်လာပါတယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာပြည်ရဲ့ စစ်အစိုးရအဆက်ဆက်အောက်မှာတော့ အားလုံး လက်တွဲပေါင်းစည်းကြမယ် (coming together formation) ဆိုတဲ့ ပြည်ထောင်စုဟာ အတင်း အာဏာစက်နဲ့ ဆွဲစုထားတဲ့ (putting together) အခြေအနေ ဆိုက်သွားရပါတယ်။ ပြည်တွင်းစစ် ဟာ တတိုင်းပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။ ဒီ သမိုင်းအချိုးအကွေ့ဟာ အင်စတီ ကျူးရှင်းနဲ့ ခေါင်းဆောင်တွေရဲ့ အာဏာချုပ်ကိုင်မှုဆိုင်ရာ အကျိုးစီးပွားတွေကို အပျက်သဘော ဩဇာသက်ရောက်ခဲ့ရုံသာမက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုတဲ့ နိုင်ငံရေးတားမြစ်ချက် ဖြစ် သွားပြီး ပြည်ထောင်စုဝင် အချင်းချင်းအကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုဆိုတာကို ပျက်ပြားစေခဲ့ပါတယ်။ ဒါဟာ Livingston ထောက်ပြခဲ့တဲ့ လူမှုနယ်ပယ်မှာပါ ဖက်ဒရယ် ရေ သောက်မြစ် ခြောက်ခန်းလာတဲ့ သဘောပါပဲ။ ဒါကြောင့် အရင်းခံပြဿနာဟာ ပြည်ထောင်စုကို ပီပြင်ပုံပေါ်အောင် မတည်ဆောက် နိုင်တဲ့ကိစ္စပဲဖြစ်ပြီး စစ်အာဏာရှင်စနစ်က ပြဿနာကို ပိုရှုပ်ထွေးစေခဲ့ပါတယ်။ ဒီမိုကရေစီ ဆိတ် သုဉ်းတဲ့အခါ ပိုပြီးဖက်ဒရယ်ကျတဲ့ နိုင်ငံရေးစနစ်တရပ်အဖြစ် ဆင့်ကဲဖြစ်ထွန်းလာဖို့ အခွင့် အလမ်း ဆုံးရှုံးသွားခဲ့ရတာပါပဲ။ ဒီအခြေအနေမှာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဗဟိုချက်အတွင်း ဖိုခနောက်ဆိုင် (iron triangle) အာဏာဟာ တည်ဆောက် အမြစ်တွယ်လာပါတယ်။ ဖိုခနောက် ဆိုင်အာဏာဖြစ်တဲ့ တပ်မတော်အခွင့်ထူးဝါဒီများ၊ စီးပွားရေးအင်ပါယာ လုပ်ငန်းရှင်ကြီးများ (oligarchs) နဲ့ အရေအတွက်များတဲ့ လူများစုက ကြီးစိုးအုပ်ချုပ်သင့်တယ်ဆိုတဲ့ မီးများမီးနိုင်ဝါဒီ (majoritarian supremists) တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခွင့်ထူးတွေနဲ့ လူ့အဖွဲ့ အစည်းရဲ့ အညှာကိုကိုင်ထားပြီး ဆင်းရဲသားနင်းပြားတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ စတဲ့ ကျန်လူမှုအစုအဖွဲ့တွေဟာ လူမှုစီးပွားနဲ့ နိုင်ငံရေးကိုယ်စားပြုခွင့် ကိုင်းဖျားကိုင်းနားကို လွင့်ရတဲ့အခြေ ဆိုက်လာပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ လူမှုပကတိဘာဝအခြေအနေ (structural conditions) ဖြစ်လာနေပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန်အစိုးရက အပြောင်းအလဲ တွေ ဖွင့်လာတဲ့အခါ နိုင်ငံတကာဘက်ကလည်း  မြန်မာ့အရေးနဲ့ပတ်သက်ရင် ဖိုခနောက်ဆိုင် ဇာတ်ဆောင်တွေ အားကောင်းလာတာ တွေ့ရပါတယ်။ နိုင်ငံတကာမှာပေါ်လာတဲ့ ဖိုခနောက်ဆိုင် အကျိုးစီးပွားတွေကတော့ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေ၊ လုံခြုံရေးဦးစားပေး နိုင်ငံခြားရေးမူဝါဒချမှတ်သူတွေနဲ့ ဖွံ့ဖြိုးရေးစေတလုံးပိုင်ရှင် နိုင်ငံတကာငွေကြေးအဖွဲ့စည်းတွေပဲ ဖြစ်ပါတယ်။ ပြည်တွင်းဖိုခနောက်ဆိုင်နဲ့ နိုင်ငံတကာဖိုခနောက်ဆိုင်တွေအကြား ချိတ်ဆက်မှုလည်း ပိုသိသာ ထင်ရှားလာပါတယ် (ပုံ-၁ နှင့် ပုံ-၂ ကို ရှုပါ)။ ဒီအခြေအနေဟာ၂၀၁၇ ခုနှစ် ရခိုင်အကျပ်အတည်း  နောက်ပိုင်းမှာတော့ အစိုးရနဲ့တပ်မတော် ကိုင်တွယ်ပုံအားနည်းချက်တွေကြောင့် ချိတ်ဆက်မှု လျော့လာပေမဲ့ တရုတ်ရဲ့ မြန်မာကိုလွှမ်းမိုးလာမှုအပေါ် မသက်မသာဖြစ်လာတဲ့ အနောက်တိုင်း

အစိုးရတွေဟာ မြန်မာကိုအရေးယူဖို့ထက် လက်တွဲလုပ်ဆောင်အဖြေရှာဖို့ကိုသာ ပိုစိတ်ဝင်စား ကြပါတယ်။  နိုင်ငံတကာ လူထုလှုပ်ရှားမှုတွေ၊ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ တွန်းအားကြောင့် သာ အရေးယူရေးလမ်းကြောင်းပေါ် တဖြည်းဖြည်း ရောက်သွားနေတာဖြစ်ပါတယ်။ ရခိုင်အကျပ် အတည်းနောက်ပိုင်း ပြည်တွင်းမှာ ပေါ်ပေါက်လာတဲ့ ပိုမိုစိုးရိမ်စရာ အလားအလာတရပ်ကတော့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ကာကွယ်ဖို့ လုံခြုံရေးကို ရှေ့တန်းတင်ရမယ်ဆိုတဲ့ အမြင်၊ အာဏာရအရပ်သားပါတီက ဝါဒဖြန့်ချိတဲ့ ပြည်သူ့မဲအများစုနဲ့ရွေးချယ်ထားတဲ့  ပြည်သူ့ အစိုးရကို မဝေဖန်နဲ့၊ မထိနဲ့၊ ဝိုင်းဝန်းကာကွယ်ရမယ်ဆိုတဲ့ အမြင်တွေ ပိုအားကောင်းလာနေ တာပါ။ တခါ အာဏာရှိသူတွေရဲ့ အတွေးအခေါ်ဝေါဟာရမှာ အရင်ကလို ခရိုနီဆိုးနဲ့ ခရိုနီကောင်း  ခွဲတဲ့အဆင့်မျိုးတောင် မဟုတ်တော့ဘဲ ဖွံ့ဖြိုးမှုမိတ်ဖက်ဆိုတဲ့ စကားသကာအောက်မှာ လက်ဝါး ကြီးအုပ် လုပ်ငန်းရှင်စနစ် (oligarchy) ဟာ အသက်ပြန်ဝင်လာဖို့ ရေခံမြေခံ ကောင်းလာတာပါပဲ။ ဒါနဲ့တဆက်တည်း နိုင်ငံတကာဖိအားတွေကြောင့် တိုင်းပြည်ဟာ တရုတ်နိုင်ငံအပေါ် ပြန်လည် (အရင်ကထက်တောင် ပိုမို) အားကိုးနေရတဲ့ အခြေနေတွေဟာ နိုင်ငံတကာ သံတမန် ဆက်ဆံရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပထဝီ နိုင်ငံရေး (ငြိမ်းချမ်းရေး)တွေမှာ အထူး ထင်ရှား မြင်သာလာပါတယ်။ တနည်းအား ဖြင့် နိုင်ငံတကာဆက်ဆံရေးမှာ အရင်းအနှီး စီးဝင်မှု၊ အကူအညီအထောက်အပံ့၊ အင်စတီ ကျူးရှင်း၊ ကုန်သွယ်ကူးသန်း၊ စစ်ဘက်လုံခြုံ ရေးရာ၊ သတင်းစီးဆင်းမှု၊ လူဝင်လူထွက် စတဲ့ ချိတ်ဆက်မှု (linkage) တွေဟာ ဒီမို ကရေစီနိုင်ငံတွေနဲ့ မဖြစ်တော့ဘဲ အာဏာ ရှင်နိုင်ငံတွေနဲ့ ပိုဖြစ်လာပါတယ်။ ဒါဟာ ပြည်တွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စေ့ဆော်မှုကို လျော့ကျစေပါတယ်။

ဒီ လူမှုပကတိဘာဝ အခြေအနေတွေ အောက်မှာ မြန်မာ့အသွင်ကူးပြောင်းရေးဟာ စိန် ခေါ်မှုခြောက်ရပ်ကို ရင်ဆိုင်ရပါတယ်။ ဒါတွေကိုရှင်းလင်းမှ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ထည့်သွင်းစဉ်းစားအပ်တဲ့ ဆက်စပ်အခြေအနေကို သိနိုင်မှာဖြစ်လို့ အကျဉ်းရုံးတင်ပြပါ့မယ်။ ပထမတခုကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးပါ။ ပြည်သူလူထုက သူတို့ကိုအုပ်ချုပ်မယ့်အစိုးရကို လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး၊ အစိုးရက ပြည်သူလူထုကို တာဝန်ခံမှု တာဝန်ယူမှုရှိရှိနဲ့ အုပ်ချုပ် နိုင်ခွင့်ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ခွင့်အဓိပ္ပာယ်ပြည့်ဝဖို့လိုအပ်တဲ့ လွတ်လပ်စွာဖော်ထုတ်၊ သင်းပင်းစုဖွဲ့ခွင့် စတဲ့ အခြေခံအခွင့်အရေးတွေ ရှိရေးပါ။ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေအရ တပ်မ တော်မှာ ဗီတိုအာဏာရှိနေသမျှ အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ စိန် ခေါ်မှုတရပ် ဖြစ်နေဦးမှာပါပဲ။

ဒုတိယစိန်ခေါ်မှုတရပ်ကတော့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတန်းတူရေး ဖြစ်ပါတယ် (ဒီ စိန်ခေါ်မှုက ဒီဆောင်းပါးရဲ့ အဓိကအကြောင်းဖြစ်တဲ့ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ တိုက် ရိုက်ဆက်စပ်တဲ့အတွက် အောက်မှာ အနည်းငယ် အကျယ်ရှင်းလင်းပါမယ်)။

တတိယကတော့ လူဦးရေဖိအား၊ အရွှေ့အပြောင်းနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ စီးပွားရေး အကျပ်အတည်းကြောင့်ပဲဖြစ်ဖြစ်၊ နာဂစ်လို သဘာဝကပ်ဘေးတွေကြောင့်ပဲဖြစ်ဖြစ်၊ စစ်ပွဲနဲ့ အကြမ်းဖက်မှုပဋိပက္ခတွေကြောင့်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွင်း လူဦးရေအရွှေ့အပြောင်း မြန်ဆန်လာမှုရဲ့ အကျိုးဆက်ကြောင့် နိုင်ငံရေး၊ လူမှုရေးနဲ့ ဥပဒေစိုးမိုးမှု မတည်မငြိမ်ဖြစ်မှုတွေဟာ တိုင်းရင်းသားဒေသတွေမှာ သိသိသာသာတွေ့လာရတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။

စတုတ္ထကတော့ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် တပ်မတော်က နိုင်ငံတော်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ပျက်ပြားခဲ့ရတဲ့ အရပ်ဘက်-စစ်ဖက်ဆက်ဆံရေး စိန်ခေါ်မှုဖြစ်ပါတယ်။ ပဉ္စမ ကတော့ စီးပွားရေးအကျပ်အတည်းနဲ့ တရားဥပဒေစိုးမိုးမှုဆိုင်ရာ စိန်ခေါ်မှုဖြစ်ပါတယ်။ နောက် ဆုံးတချက်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအင်အားစုများဘက်မှာတောင် နိုင်ငံရေးနဲ့ နိုင်ငံ တော်တည်ဆောက်ရေးဟာ တဦးတယောက်ကောင်း ခေါင်းဆောင်တွေအပေါ် အားပြုထားတာ ဖြစ်တဲ့အတွက် ခေါင်းဆောင်တွေ အသက်အရွယ်အရသော်လည်းကောင်း၊ နိုင်ငံရေးကျဆုံးမှု ကြောင့်သော်လည်းကောင်း တစုံတရာဖြစ်ခဲ့မယ်ဆိုရင် ပေါ်ပေါက်လာမယ့် ခေါင်းဆောင်မှု လေ ဟာနယ်လိုအပ်ချက်ကို ဖြည့်ဆည်းရေး ပြင်ဆင်မှုမရှိတဲ့အတွက် ကြုံရမယ့် စိန်ခေါ်မှုဖြစ်ပါတယ်။

ဒီစိန်ခေါ်မှုတွေထဲက ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတန်းတူရေးအကြောင်းကို အနည်း ငယ် ဆွေးနွေးပါမယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် မျှော်မှန်းချက်အမြင်တွေမတူတာ ထင်ရှားပါ တယ်။ တိုင်းရင်းသားတွေက ပျက်ပြားခဲ့တဲ့ ပင်လုံကတိကဝတ်ကို ပြန်ဖော်ပြီး အနာဂတ် ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာနဲ့အရင်းအမြစ်ခွဲဝေရေးနဲ့ လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေးတွေကို ရည်ရွယ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကတော့ အတိအကျမရှင်းလင်းပေမယ့် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံဖြင့် လွတ်လပ်ရေးကို အရယူခဲ့သလို ၂၁ ရာစုပင်လုံဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။ တပ်မတော်ကတော့ ပြည်ထောင်စုဆိုတာ ရှိနှင့်ပြီးသား၊ အသစ်တည်ဆောက်နေစရာ မလို။ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးလုပ်၊ လိုအပ်ချက်တွေကို တောင်းဆိုညှိနှိုင်း၊ ပြင်ဆင် သင့်တဲ့ အခြေခံဥပဒေ အစိတ်အပိုင်းတချို့နဲ့ အကွက်လိုက်၊ ဒေသလိုက် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးတချို့ လိုက်လျောမယ်။ ပြီးရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက် ဖြုတ်၊ ဥပဒေနဲ့အညီပါတီထောင် ရွေးကောက်ပွဲဝင် စသဖြင့် မြော်မြင်စဉ်းစားထားတာပါ။ ဒီလို မျှော်မှန်းချက်အမြင်မတူတဲ့အတွက် ငြိမ်းချမ်းရေးဟာ တကယ် စေ့စပ်ဆွေးနွေးတဲ့အခါ အခက် ကြုံရပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကြည့်ရင်လည်း အပစ်ရပ်စာချုပ် (NCA) ဘောင်တွင်းက ငြိမ်းချမ်း ရေး၊ NCA ဘောင်ပြင်ပက ငြိမ်းချမ်းရေးနဲ့ EAOs တိုင်းရင်းသားအဖွဲ့များနဲ့ တပ်မတော်အကြား တပ်-တပ်ချင်း ဆွေးနွေးချိတ်ဆက်မှုဆိုပြီး လမ်းကြောင်းသုံးသွယ် ပေါ်ထွက်လာပါတယ်။ ဒီနေရာ မှာ NCA ဟာ တဖက်နဲ့တဖက် ရှေ့ဆက် အပြန်အလှန်အပေးယူလုပ်ဖို့ ဖြစ်နိုင်ခြေ၊ ဖြစ်လိုစိတ် ကုန်ခမ်းသွားပြီး ရှေ့ဆက်မတိုးနိုင်တော့တဲ့ အကျပ်အတည်း (deadlock) ဖြစ်သွားနိုင်သလား ဆိုတာ ဆန်းစစ်သင့်ပါတယ်။ တကယ်လို့ အစိုးရနဲ့ တပ်မတော်ဘက်က UNFC ရဲ့ အဓိကတောင်းဆိုချက်တွေ လိုက်လျောမယ် ဆိုရင်တောင် UNFC တပ်ပေါင်းစုထဲက ကချင် KIA အဖွဲ့ နှုတ်ထွက်သွားပြီးနောက် NCA ဘောင်တွင်းလမ်းကြောင်းဟာ ကိုယ် စားပြုမှုအရ အားနည်းသွားရပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်ဘက်ကလည်း UNFC တောင်းဆို ချက်တွေကို လိုက်လျောမှုမရှိတဲ့ အပြင် NCA ကို မဖြည့်စွက်ရဆိုတဲ့ အချက် အပြင် ဖက်ဒရယ်နဲ့ ဒီမိုကရေစီအကြား ဆက် နွယ်မှုကို အငြင်းပွားစရာအဖြစ် ဆွေးနွေးလာတဲ့နောက်ပိုင်း UNFC တခုလုံးအနေနဲ့ NCA လက်မှတ်ထိုးရေးဟာ အခက်အခဲဖြစ်ရပြန်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံဆိုပြီး နှစ်ကြိမ်လုပ်ခဲ့ပေ မယ့် ခုချိန်အထိ အဖွဲ့သစ်တွေ လက်မှတ်ထိုး လာတာမျိုးမရှိသေးတဲ့အတွက် တတိယအကြိမ် ညီလာခံမတိုင်မီ အဖွဲ့သစ်တွေ လက်မှတ်ထိုးတာ လိုအပ်မှာတော့ အသေအချာပါပဲ။

တခါ NCA ဘောင်ပြင်ပက ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ မြောက်ပိုင်း EAOs အဖွဲ့တွေရဲ့ ရပ်တည်မှုက အရေးပါပါတယ်။ အစိုးရနဲ့တပ်မတော်က ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တိုင်းရင်းသား EAOs တွေအပေါ် ဘယ်လိုသဘောထားမလဲဆိုတာနဲ့လည်း ချိတ်ဆက်နေပါတယ်။ ခုချိန်မှာ တော့ ဒီမြောက်ပိုင်းအဖွဲ့တွေအနေနဲ့ တရုတ်နိုင်ငံရဲ့ဖိအားကိုလည်း ရှဉ့်လည်းလျှောက်သာ၊ ပျား လည်းစွဲသာ လိုက်လျောရင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖိတ်ရင်လည်း တက်ရောက်ပြီး မဟာ မိတ်အဖွဲ့ရဲ့ တရားဝင်မှုကို အစိုးရနဲ့တပ်မတော်က လက်ခံလာရအောင် တွန်းယူဖို့ အဓိကရည်ရွယ် တယ်လို့ သုံးသပ်နိုင်ပါတယ်။

ဒီကြားထဲမှာ တပ်မတော်အနေနဲ့EAOs တချို့နဲ့သီးသန့်တပ်-တပ်ချင်း ဆွေးနွေးတာမျိုး၊ တိုက်ပွဲမဖြစ်အောင်ရှောင်ရှားဖို့ ထိန်းညှိတာမျိုးတွေ ဆောင်ရွက်တာလည်း ရှိပါတယ်။

ဒါပေမဲ့ ဒီလမ်းကြောင်းသုံးသွယ်စလုံးဟာ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေး အတော်အတန် ပြည့်ဝပုံပေါ်စေဖို့ အခြေအနေပေးတဲ့သဘော မရှိပါဘူး။ ဖြစ်တန်ခြေရှိတာတခုကတော့ နိုင်ငံရေး သမားတွေနဲ့ လက်နက်ကိုင်တပ်တွေ (အစိုးရဘက်ရော၊ EAOs တပ်တွေပါ) အကြား အချိန် မိုးကုတ်စက်ဝိုင်း (time horizon) မတူကြပါဘူး။ နိုင်ငံရေးသမားတွေဟာ အချိန်တန်ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ဖိအားကို ရင်ဆိုင်ရပါတယ်။ ရွေးကောက်ပွဲတွေမှာ (ပြန်) ရွေးကောက်ခံရအောင် အားထုတ်ရပါတယ်။ ဒီ့အတွက် လူကြိုက်များမယ့်၊ မဲများများရမယ့် လုပ်ကွက်တွေ၊ ရလဒ်တွေ ပြဖို့လိုပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ဒီလိုအပ်ချက်ကြောင့် NCA အပစ်ရပ်စာချုပ်ကို သူ့ သက်တမ်းအတွင်း၊ ရွေးကောက်ပွဲမတိုင်ခင် တက်သုတ်ရိုက် လုပ်ခဲ့တာဖြစ်နိုင်ပြီး၊ ဒေါ်အောင်ဆန်း စုကြည်ကလည်း တိုင်းရင်းသား EAOs ခေါင်းဆောင်တချို့ကို NCA လက်မှတ်ထိုးရေး မလော ကြဖို့ စကားရိပ်ချေသန်းခဲ့တာလို့ သုံးသပ်နိုင်ပါတယ်။

တကယ်လို့သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ၂၀၁၈ ခုနှစ်ထဲရောက်တဲ့အထိ သောင်မတင် ရေမကျ ဆက်ဖြစ်နေဦးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအစိုးရအနေနဲ့ ကနဦးက ကြွေးကြော်ခဲ့တဲ့ ပြည်ထောင်စုတည်ဆောက်ရေး nation-building ဆိုတဲ့ မျှော်မှန်း ချက် ကြီးကြီးမားမား maximalist approach အစား၊ ရသလောက်နဲ့ဖြစ်အောင်လုပ်မယ်၊ ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံကို သုံးကြိမ်လောက်ထပ်ခေါ်ပြီး သဘောတူနိုင်သလောက် အခြေခံမူ တွေကို အရယူ၊ ပြည်ထောင်စုစာချုပ်အဖြစ်သတ်မှတ်၊ လွှတ်တော်တင် အတည်ပြု၊ အဲဒီအခြေခံ ပေါ်မှာ ၂၀ဝ၈ အခြေခံဥပဒေကို ပြင်နိုင်ဖို့ကြိုးစားဆိုတဲ့ အနိမ့်ဆုံးရည်မှန်းချက်၊ ဖြစ်နိုင်တာကိုပဲ လုပ်တဲ့ minimalist approach ကို အထိုင်အဖြစ် ဆင်းသွားနိုင်ပါတယ်။ တကယ်လို့ ဒီဖြစ်စဉ်ကို တပ်မတော်ကလက်မခံရင် လက်မခံသူတွေကို နိုင်ငံရေးဗီလိန်အဖြစ်နဲ့ ပုံဖော်ပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် အထောက်အကူဖြစ်နိုင်သလို၊ လက်ခံခဲ့ရင်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကပေးခဲ့ တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကတိကို တစိတ်တပိုင်း အကောင်အထည်ဖော်မှုအဖြစ်နဲ့ မဲဆွယ် ရေးအထောက်အကူ ဖြစ်နိုင်ပါတယ်။

တပ်မတော်ဘက်ကတော့ ဒီအခြေအနေတွေကို အစိုးရကတွန်းလာရင် NCA နိုင်ငံရေး လမ်းပြမြေပုံ၊ အပိုဒ်(ဂ)ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ (အထူးသဖြင့် DDR လက်နက်ဖြုတ်၊ တပ်ဖျက်ပြီး ပြန်လည်ပေါင်းစည်းရေးကို ဇောင်းပေးတဲ့ ကိစ္စရပ်များ)၊ လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခြင်း၊ သဘောတူညီတဲ့ ကြိုတင်လုပ်ဆောင်ဖွယ်ရာများကို မလုပ်မချင်း အဆင့်ကျော်ပြီး လွှတ်တော်တင်အတည်ပြုတာကို လက်မခံနိုင်ဘူးလို့ ရပ်ခံနေနိုင် ပါတယ်။ ချုပ်ပြောရရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တခြမ်းပဲ့ငြိမ်းချမ်းရေးမျိုးတော့ ဖြစ်ကောင်း ဖြစ်လာနိုင်သလို ငြိမ်းချမ်းရေးဟာ နိုင်ငံရေးရည်မှန်းချက်ရှိသူတွေအတွက် မဲဆွယ်စရာ ပလက် ဖောင်းလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ် အစောပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၀ဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ နှိုင်းယှဉ်လေ့လာစရာ ဖြစ်နိုင်ပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ခြင်း၊ မပြင်ဆင်နိုင်ခြင်းထက် ဒီလှုပ်ရှားမှုကို အကြောင်း ပြုပြီး လူထုစည်းရုံးရေး၊ မဲဆွယ်ရေးကို သွယ်ဝိုက်ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့  တခြမ်းပဲ့ငြိမ်းချမ်းဟာ မြေပြင်က စစ်ပွဲတွေလျော့ပါးရေးနဲ့ တိုင်းရင်းသားပြည်သူလူထု ဒုက္ခ လျော့ပါးရေးကို အထောက်အကူ ပြုမပြုကတော့ စောင့်ကြည့်ရပါမယ်။

တိုင်းပြည်တစုံလုံးကို ပြန်ကြည့်ရင်တော့ ရခိုင်အရေး ပိုဆိုးလာတာနဲ့ ခေါင်းဆောင်မှု လေဟာနယ်ပြဿနာ ရုတ်ချည်းပေါ်မလာဘူးဆိုရင် မြန်မာနိုင်ငံရေး အစဉ် (sequence) ကို လတ်တလောဆုံးဖြတ်မှာက စီးပွားရေးအကျပ်အတည်း ဖြစ်ဖွယ်ရှိပါတယ်။ အလယ်အလတ် ကြားကာလအဆင့်မှာတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေက မြန်မာ့နိုင်ငံရေးကို ပြဌာန်း နိုင်ပြီး၊ ဒီလတ်တလောနဲ့ အလယ်အလတ်ကာလဖြစ်ရပ်တွေ တည်ငြိမ်ချောမွေ့အောင်မြင်မှုပေါ် မူတည်ပြီးမှသာ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုတည်ဆောက်ရေး (nation-building) ပီပြင်ပုံပေါ် ဖွယ်ရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။

လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာမူဝါဒကို အထက်ဖော်ပြခဲ့တဲ့ အရင်းခံပြဿနာ တွေနဲ့ လတ်တလောစိန်ခေါ်မှုတွေရဲ့ ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားပြီးမှသာ ချမှတ် နိုင်မှာပါ။ နိုင်ငံရေးအရ သဘောတူညီမှုတွေမရသေးဘဲ လုံခြုံရေးကဏ္ဍအကြောင်း အပြီးအပြတ် ဧကန်သဘောပြောမယ်ဆိုရင် မုန့်ဆီကြော်ကဘယ်နေမှန်းမသိ နှုတ်ခမ်းနာနဲ့တည့်ပါ့မလားဆိုတဲ့ အဖြစ် ဆိုက်နေမှာပါပဲ။ ဒါပေမဲ့ ပြင်သင့်တာကိုတော့ မဟာဗျူဟာကျကျ ပြင်ရဆင်ရပါလိမ့်မယ်။

မူနဲ့ မျှော်မှန်းချက်အမြင် ပဓာန

လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ပြင်ဆင်ကြတဲ့အခါ ဘယ်အခြေခံ မူဘောင်တွေအပေါ် ရပ်တည်ဆွေးနွေး ညှိနှိုင်းမလဲဆိုတဲ့အချက်က အရေးပါပါတယ်။ ဆိုလိုတာက လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလား၊ လုံခြုံရေးကဏ္ဍ ခေတ်မီရေးလား၊ လုံခြုံရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လား၊ လုံခြုံရေးကဏ္ဍ စီမံခန့်ခွဲအုပ်ချုပ်ရေးလား၊ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးလား၊ ဒါမှ မဟုတ် DDR သက်သက်ပဲလား စသည်ဖြင့် ရှင်းလင်းကွဲပြားဖို့လိုပါတယ်။ တခါ တပ်မတော် ဘက်က ပြောနေတဲ့ NCA ပါ ‘လုံခြုံရေးဆိုင်ရာ  ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ’ဆို တာ ဘာကိုရည်ညွှန်းသလဲ သဲကွဲစွာရှင်းလင်းဖို့ လိုပါတယ်။

တကယ်တော့ လုံခြုံရေးလို့ဆိုလိုက်တာနဲ့ ဘယ်သူက ဘယ်သူ့လုံခြုံရေးကို ခြိမ်းခြောက် တာလဲ။ ခြိမ်းခြောက်တယ်ဆိုရာမှာလည်း ခြိမ်းခြောက်ခံရသူ တန်ဖိုးထားအပ်တဲ့ ဘယ်အကြောင်း အချက်တွေကို ပျက်ပြားအောင် ရည်ရွယ်တာလဲစသည်ဖြင့် မေးခွန်းတွေပေါ်လာပါတယ်။ ဥပမာ- ခြိမ်းခြောက်ခံရသူက နိုင်ငံတော်ဆိုပါစို့။ နိုင်ငံတော်ဆိုတာ ဘာလဲ၊ နိုင်ငံတော်ကို ခြိမ်းခြောက် နေတဲ့ အန္တရာယ်တွေက ဘာလဲလို့ တဆက်တည်း မေးခွန်းထုတ်စရာရှိပါတယ်။ သမားရိုးကျ နိုင်ငံတော်ရဲ့ စစ်ဘက်လုံခြုံရေးကိစ္စတွေရှိသလို သမားရိုးကျမဟုတ်တဲ့ အန္တရာယ်တွေဖြစ်တဲ့ စားနပ်ရိက္ခာ လုံခြုံရေး၊ စွမ်းအင် လုံခြုံရေး၊ ဆိုင်ဘာနဲ့သတင်းအချက်လက် လုံခြုံရေးကစလို့ နယ်စပ်ဖြတ်ကျော် ရောဂါဘေး၊ သဘာဝဘေး၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှု စတာတွေကိုပါ ထည့် စဉ်းစားရပါမယ်။

ချုပ်ပြောရင်တော့ လူသားဘဝ လုံခြုံရေး human security ကို စဉ်းစားတာပါပဲ။ ဒါကြောင့် လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲရေး (SSR) ကိုပြောရရင် ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး သက်သက်တင်မဟုတ်ဘဲ လူသားဘဝလုံခြုံရေးကိုပါ အကျုံးဝင် ဘက်စုံ လွှမ်းခြုံတဲ့ လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲရေးကို အဓိထားပြင်ဆင်ရမှာပါ။ အလားတူပဲ မြန်မာ နိုင်ငံလို တိုင်းရင်းသားပဋိပက္ခတွေများပြားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ နိုင်ငံအနေနဲ့ လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲရေးကို စဉ်းစားတဲ့နေရာမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအခြေခံမူ တွေကို ထည့်သွင်းရမှာသေချာပါတယ်။ ဒီလို လူသားဘဝလုံခြုံရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်၊ ဒီမိုကရေစီ စတာတွေနဲ့ဆက်စပ်တဲ့ လုံခြုံရေးသာမက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက် စပ်တဲ့ လုံခြုံရေးအမြင်လည်း ရှိရမှာပါ။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမရှိရင် ဆင်းရဲမွဲတေမှုက လွတ် မြောက်ရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွေလည်း ရှိမှာမဟုတ်ပါဘူး။

လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲမှုမှာ မျက်နှာစာနှစ်ရပ်ရှိပါတယ်။ နိုင်ငံရေးမျက်နှာစာနဲ့ အဖွဲ့အစည်းဆိုင်ရာ မျက်နှာစာဖြစ်ပါတယ်။ နိုင်ငံရေးမျက်နှာစာမှာ လုံခြုံရေးကဏ္ဍဟာ ဒီမို ကရေစီကျတဲ့ အရပ်ဘက်ရဲ့ ထိန်းချုပ်မှုကို တာဝန်ခံဖို့ပဲဖြစ်ပါတယ်။ ဒီမှာ တာဝန်ခံမှု၊ ရှင်းလင်း မြင်သာမှုနဲ့ စောင့်ကြပ်မှုတွေ ပါဝင်ပါတယ်။ အဖွဲ့အစည်းဆိုင်ရာ မျက်နှာစာမှာတော့ လုံခြုံရေး ကဏ္ဍအနေနဲ့ ထိရောက်မှုရှိတာ၊ သက်သာလွယ်ကူစွာနဲ့စွမ်းဆောင်ရည်ပြည့်ဝရေး ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့သမျှကို ပြန်ချုပ်ရရင်တော့ ဒီဆောင်းပါးမှာ လုံခြုံရေးစနစ် ပြုပြင် ပြောင်းလဲရေး မျှော်မှန်းချက်အမြင် (vision) ကို မြန်မာနိုင်ငံနဲ့ဆီလျော်အောင် အခုလို ဝိဂြိုဟ် ပြုချင်ပါတယ်။ နိုင်ငံတော်နဲ့လူသားဘဝ လုံခြုံရေးဦးတည်ချက်အတွက် လုံခြုံရေးစနစ်ကို ဒီမို ကရေစီ တာဝန်ခံမှု၊ ဖက်ဒရယ်အာဏာခွဲဝေမှု၊ ထိရောက်ထက်မြက်မှုရှိအောင် ပြုပြင်ပြောင်း လဲခြင်းဆိုပြီး မြော်မြင်ချက် ထားရှိသင့်ပါတယ်။

မဏ္ဍိုင် ပဓာန လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာ လုပ်ငန်းစဉ်တွေနဲ့ ဒါတွေကို ဆိုင်ရာအလိုက်စုဖွဲ့ ထားတဲ့ မဏ္ဍိုင်တွေရှိရပါမယ်။ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်က စမလဲ၊ ဘယ်အပိုင်း ဘယ်ကဏ္ဍတွေကို ထည့်သွင်းမလဲစသဖြင့် စဉ်းစားရပါမယ်။ ဒီလုပ်ငန်းစဉ်အခြေပြု မဏ္ဍိုင်တွေဟာ ပကတိ ဘာဝ အခြေအနေအကန့်အသတ်တွေ၊ ဦးစားပေးလုပ်ရမယ့်အစဉ်တွေ၊ ချိန်သားကိုက် ဆောင် ရွက်ရမယ့် အလုပ်တွေ၊ မျှခြေမိအောင်ညှိရမယ့် အပေးအယူတွေနဲ့ အညီအညွတ်ဖြစ်အောင် ရေးဆွဲရမယ့် လမ်းညွှန်ပဲဖြစ်ပါတယ်။ မဏ္ဍိုင်ငါးရပ်ကို အဆိုပြုချင်ပါတယ် (ဇယား ၁ ကို ရှုပါ)။

ပထမပိုင်းကတော့ လုံခြုံရေးစနစ်ဆိုင်ရာ မဟာဗျူဟာမူဘောင် ဖြစ်ပါတယ်။ ဒီမဏ္ဍိုင် ခိုင်မြဲရေးဟာ အထူးအရေးပါပါတယ်။ ဒီအပိုင်းမှာ လုံခြုံရေးကဏ္ဍတခုလုံးကို ပြန်လှန်သုံးသပ်တာ၊ ဘာတွေကို ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ လိုအပ်ချက်တွေကို အကဲဖြတ်တာ၊ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွေကို ဖော်ထုတ်တာနဲ့ အမျိုးသားလုံခြုံရေး မူဝါဒတွေကို ချမှတ်တာတို့ ပါဝင်ပါတယ်။ အဆင့်တိုင်းမှာ လုပ်ငန်းစဉ်အသီးသီး ရှိပါတယ်။ ဥပမာ- ပြန်လှန် သုံးသပ်ရာမှာ လက်ရှိပြောဆိုကျင့်သုံးနေတဲ့ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးမူဝါဒ၊ ရည်မှန်းချက်၊ မဟာဗျူဟာ စတာတွေကို ပြန်လှန်သုံးသပ်ရုံမက လုံခြုံရေးကဏ္ဍနဲ့ပတ်သက်တဲ့ ဥပဒေဆိုင်ရာ၊ အင်စတီးကျူးရှင်းဆိုင်ရာနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ ယန္တရားစနစ် (mechanism) စတာတွေကိုပါ ပြန်လှန်ဆန်းစစ်သုံးသပ်ရမှာ ဖြစ်ပါတယ်။ သုံးသပ်ရာမှာလည်း (အထက် မှာ ဆွေးနွေးတင်ပြခဲ့တဲ့ အဆိုပြုချက် နမူနာလိုပဲဖြစ်ဖြစ်၊ အခြား အများသဘောညီပဲဖြစ်ဖြစ် ရှိအပ်တဲ့) လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မျှော်မှန်းချက်အမြင် Vision နဲ့ ညီညွတ် အောင် ဆက်စပ်ဆန်းစစ်ရမှာဖြစ်ပါတယ်။ ဒီ တန်ဖိုးတွေ၊ မျှော်မှန်းချက်အမြင်တွေကို ရရှိပြီးပြီ ဆိုတာနဲ့ အနာဂတ်ပြည်ထောင်စုတပ်မတော်က ဒီ vision တွေနဲ့အညီ ဘယ်သူတွေကို အကာ အကွယ်ပေးမှာလဲဆိုတဲ့ မေးခွန်းကိုဖြေဆိုရမှာပါ။ ဒါတွေနဲ့အတူ ပြည်ထောင်စုတပ်မတော်က အကာအကွယ်ပေးရမယ့် အချုပ်အချာအာဏာဆိုတာဘာလဲ စတဲ့ မေးခွန်းတွေကိုလည်း ဖြေဆို ကြရမှာပါ။ ပြည်ထောင်စုမှာ တန်းတူရည်တူ  ပြည်ထောင်စုဝင် နိုင်ငံသားဖြစ်ခွင့်နဲ့ အဲဒီနှုန်းစံ တွေနဲ့အညီ  ပြည်ထောင်စုသားအားလုံးကို  ပြည်ထောင်စုတပ်မတော်က အကာအကွယ်ပေးရ မှာပါ။ ဒီအချက်တွေကို အရင်သဘောတူညီချက်မရှိဘဲ DDR/SSR စတဲ့ အကဲဆတ်လွန်းတဲ့ ကိစ္စ တွေကို ဆွေးနွေးမယ်ဆိုရင် အဖြေထွက်ဖွယ် မရှိပါဘူး။

ဒုတိယမဏ္ဍိုင်ကတော့ လုံခြုံရေးနဲ့ တရားရေးဆိုင်ရာ အကာကွယ်ပေးနိုင်ရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ သက်ဆိုင်ပါတယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွေနဲ့မူဝါဒတွေ ချမှတ်ပြီးရင် ကဏ္ဍအသီးသီးအလိုက် ပြုပြင်ပြောင်းလဲမှုတွေကို စတင်ရမှာပါ။ ကာကွယ်ရေး ကဏ္ဍ၊ ထောက်လှမ်းရေးကဏ္ဍ၊ နယ်စပ်လုံခြုံရေးကဏ္ဍ၊ ရဲ၊ တရားရေးစနစ်၊ အကျဉ်းထောင်နဲ့ အခြားကဏ္ဍအသီးသီးရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ကြရမှာပါ။ ဒီနေရာမှာ ပကတိဘာဝ အခြေအနေ အကန့်အသတ်တွေကြောင့် ကဏ္ဍတိုင်းကို တပြိုင်တည်းလုပ်ဖို့ ရချင်မှရနိုင်မှာပါ။ ဘာကို အရင်ကိုင်တွယ်မလဲ၊ ဘယ်အချက်က စေ့စပ်ညှိနှိုင်းရတာ ပိုလွယ်ကူမလဲစတဲ့ အစဉ် (sequence) ကို ထည့်စဉ်းစားကြရမှာပါ။ နယ်စပ်လုံခြုံရေး ပြုပြင်ပြောင်းလဲရေး၊ ရဲ ပြုပြင်ပြောင်း လဲရေး၊ အကျဉ်းထောင် ပြုပြောင်းလဲရေးတွေက ကာကွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ နှိုင်းယှဉ်ရင် ပိုညှိရလွယ်မလား၊ ယုံကြည်မှုတည်ဆောက်ရေး အမြင်အရ အရင်ဆုံး လုပ်ရကိုင်ရ ပိုလွယ်မလားစသဖြင့် စဉ်းစားဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ အစဉ် (sequence) ဟာ ဦးစားပေး ဆောင်ရွက်ခြင်း (prioritization) နဲ့ ခြားနားပါတယ်။ အစဉ်မှာ ပထမဆုံးလုပ်ဖို့ ရွေးချယ်ဆောင်ရွက်ချက်ဟာ နောက်ဆက် တွဲလုပ်မယ့် လုပ်ငန်းစဉ်တွေကို အထောက် အကူပြုရပါတယ်။ အစဉ်မှာ ချိန်သားကိုက်မှု (timing) နဲ့ မျှခြေရှာမှု (equilibrium) သဘောတွေ ပါဝင်ပါတယ်။

အပိုင်းသုံးကတော့ အရပ်ဘက် စီမံ ခန့်ခွဲမှုနှင့် ဒီမိုကရေစီအရ ကြီးကြပ်မှုနဲ့ သက် ဆိုင်ပါတယ်။ ဒီအပိုင်းမှာ လုံခြုံရေးစနစ်ကို ပြည်သူလူထု ရွေးကောက်တင်မြှောက်ထား တဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ထိန်းချုပ်မှု၊ ပါလီမန် လွှတ်တော်ရဲ့ စောင့်ကြည့်ကြီးကြပ်မှု၊ တရား ရေးကဏ္ဍရဲ့ ဆန်းစစ်ဆုံးဖြတ်ပေးမှု၊ လွတ် လပ်တဲ့အေဂျင်စီများ စောင့်ကြည့်ကြီးကြပ်မှု၊ အရပ်ဘက်အဖွဲ့အစည်းများ စောင့်ကြည့်ကြီး ကြပ်မှု စတာတွေကို ဖော်ထုတ်ရေးနဲ့ အား ကောင်းအောင် ဆောင်ရွက်ရေးတို့ ပါဝင်ပါတယ်။

လေးခုမြောက်မဏ္ဍိုင်မှာတော့ စစ်ပွဲတွေလွန်လို့၊ ပဋိပက္ခတွေပြီးသွားတာနဲ့ လုံခြုံရေး စနစ် ပြုပြင်ပြောင်းလဲရေးနဲ့အတူ ကျွဲကူးရေပါဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒါတွေကတော့ DDR၊ SALW ခေါ်တဲ့ လက်နက်ငယ်တွေပြန့်ပွားမှု ထိန်းချုပ်ရေး၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ အသွင်ကူးပြောင်းမှုကာလ တရားမျှတရေးနဲ့ ကျန်လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ DDR ကို လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲရေး မဏ္ဍိုင်ငါးခုထဲက တခုရဲ့ အစိတ်အပိုင်း အဖြစ်သာ ထည့်သွင်းထားတာ တွေ့နိုင်ပါတယ်။ DDR ကို လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ဆက်စပ်စဉ်းစားမှသာ လက်နက်တွေ စည်းမဲ့ကမ်းမဲ့ ဒုစရိုက်လောကထဲ ရောက်သွားမယ့်အရေး၊ ရပ်ရွာလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ထိန်းကျောင်းမယ့်သူမရှိဘဲ တောကြောင်တွေ လက် ခမောင်းခတ်လာမယ့်အရေး စတာတွေကို ရှောင်ရှားနိုင်မှာပါ။ ဒါကြောင့် သုတေသီတွေက DDR နဲ့ SSR ချိတ်ဆက်မှုကို ပိုအရေးပေး လေ့လာလာကြပါတယ် (Civic & Miklaucic, 2010)။

နောက်ဆုံးမဏ္ဍိုင်မှာပါတဲ့ လုပ်ငန်းစဉ်တွေကတော့ ကျန်မဏ္ဍိုင်တွေမှာပါတဲ့ လုပ်ငန်း စဉ်တွေ အားလုံး၊ အဆင့်တိုင်းနဲ့ ချိတ်ဆက်နေတဲ့ ကိစ္စရပ်များပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ ကျား၊ မ လိင်တိမ်းညွှတ်မှုဆိုင်ရာ တန်းတူအခွင့်အရေး၊ ကလေးသူငယ် ကာကွယ်ရေးနဲ့ IDPs ပြည်တွင်းအိုးအိမ်စွန့်တိမ်းရှာင်များနဲ့ ဒုက္ခသည်များအရေးတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေဟာ (ဥပမာ- အမျိုးသမီးများ ပါဝင်ခွင့်နဲ့ ကလေးသူငယ် ဘေးကင်းရေးစတာတွေကို) မဟာဗျူဟာ မဏ္ဍိုင်ကစလို့ လုံခြုံရေးနဲ့ တရားမျှတမှု အကာအကွယ်ပေးရေး၊ အရပ်ဘက် စီမံခန့်ခွဲစောင့်ကြပ် ရေးစတဲ့ အစိတ်အပိုင်းတိုင်း၊ အဆင့်တိုင်းမှာ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါ တယ်။

ဒါကြောင့် လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးဟာ ကျယ်ပြန့်ပြီး ဘက်စုံခြုံငုံလုပ်ဆောင် ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ သီးသန့်ကိစ္စရပ်တခုစီ အကွက်လိုက်၊ ဒေသလိုက် ဆန်စင်ရာ ကျည်ပွေ့လိုက် ဖြေရှင်းဆောင်ရွက်လို့ မရနိုင်ပါဘူး။ အဲဒီလို လုံခြုံရေးစနစ် ဘက်စုံပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ရာမှာလည်း လူ့အဖွဲ့အစည်းတခုလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဒါကို အဖွဲ့အစည်း တခု၊ လူပုဂ္ဂိုလ်တချို့သာ စဉ်းစားသုံးသပ် ဆုံးဖြတ်ခြင်းမျိုး မလုပ်သင့်သလို မပြောအပ် မဆိုအပ် တဲ့ နိုင်ငံရေးတားမြစ်ချက် (political taboo) မဖြစ်သင့်ပါဘူး။ ဒီလို စဉ်းစားသုံးသပ်ဆုံးဖြတ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ ပါဝင်ဆောင်ရွက်မှုကိုလည်း ခွင့်ပြုရုံမက မြှင့်တင်အားပေးဖို့လည်း လိုအပ်ပါ တယ်။ အားလုံး ပါဝင်ဆွေးနွေးဖလှယ်ခွင့်ရရင် participatory and deliberative democracy လူထုပါဝင်နှီးနှောခွင့်အခြေခံတဲ့ ဒီမိုကရေစီ ရှင်သန်အားကောင်းပြီး ညှိနှိုင်းသဘောတူချက်တွေ ဟာ တဖြည်းဖြည်း နီးစပ်လာမှာပါ။

ဥပမာပြရရင် ၂၀၁၂-၂၀၁၃ ခုနှစ်နောက်ပိုင်းကစလို့ ဖက်ဒရယ်ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ရင် အရင်လို တားမြစ်ချက် (taboo) မဟုတ်တော့တဲ့အတွက် တပ်မတော်ကစလို့ အင်အားစုအားလုံးဟာ ဖက်ဒရယ်နဲ့ပတ်သက်လို့ သုတေသနပြုပြီး အဆိုပြုချက်အသီးသီးကို ပြုလာကြတာဟာ အားတက်စရာပါ။ ချက်ချင်းကြီးအဖြေမထွက်ပေမယ့် အမြင်ဖလှယ်ခွင့်လမ်းစ ပွင့်လာတာဟာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို ကောင်းမွန်စေရေးအတွက် အားထားရတဲ့ ဖြေရှင်းနည်းတရပ်ပါပဲ။ တကယ်တော့ နိုင်ငံရေးသဘောတူညီချက်ဆိုတာ တကြိမ်တခါတည်းနဲ့ ဇာတ်လည်း ပေါင်းရော အောင်မြင်ရောဆိုတဲ့သဘောမျိုး မမျှော်လင့်နိုင်ပါဘူး။ နိုင်ငံတော်နဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ တတ်နိုင်သမျှ အားလုံးညှိနှိုင်းဖော်ဆောင်ရမှာဖြစ်သလို တချိန်တည်း မှာပဲ အတ္တဘာဝနဲ့ ထင်တိုင်းပေါက် စိတ်တိုင်းကျတည်ဆောက်လို့ရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ သမိုင်းဖြစ်စဉ်ကြီးရဲ့ ကောင်းမွေဆိုးမွေတွေနဲ့ ဆက်စပ်ပြီး ဆင့်ကဲဖြစ်ထွန်းမှု (evolution) ဖြစ်လာတာကိုလည်း မျက်ကွယ်မပြုနိုင်ပါဘူး။ ဒါကြောင့် လုံခြုံရေးစနစ် ပြုပြင် ပြောင်းလဲရေးကို စဉ်းစားတဲ့အခါမှာလည်း တန်ဖိုးစံနှုန်းတွေပေါ်အခြေခံတဲ့မြော်မြင်ချက် (vision) ကို ဆုပ်ကိုင်ထားရမယ်။ တချိန်တည်းမှာလည်း ပကတိဘာဝအခြေနေ အကန့်အသတ်တွေကို နားလည်မှုရှိရှိနဲ့ ချိန်သားကိုက်မှု၊ ဆီလျော်တဲ့အစဉ် (sequence) ဖော်ထုတ်မှုတွေနဲ့ ပါဝင်သူ ဘက်အသီးသီးအကြား ယုံကြည်မှုတည်ဆောက်နိုင်မယ့် အကျိုးစီးပွား အပေးအယူမျှခြေတွေကို တဆင့်ချင်းရှာရင်း မဟာဗျူဟာကျကျ ဆောင်ရွက်သွားသင့်ကြောင်း သုံးသပ်အကြံပြုရပါတယ်။

ကျမ်းကိုးစာရင်း

အင်္ဂလိပ်ဘာသာ

Byrden. A. & Scherrer. V. (2012). Disarmament, Demobilization and Reintegration and Security Sector Reform. Geneva: Geneva Centre for the Democratic Control of Armed Forces (DCAF).

Bruneau, T. C. & Matei. F. C. (2013). The Routledge Handbook of Civil-Military Relations. London and New York: Routledge Taylor & Francis Group.

Civic. M. A. (2011). Monopoly of Force: The Nexus of DDR and SSR. Washington, D.C.: National Defense University Press.

Dahl, R. (1986). Democracy, Liberty, and Equality. Oslo: Norwegian University Press.

Licklider, R. (2014). New Armies from Old: Merging Competing Military Forces after Civil Wars. Washington: Georgetown University Press.

Livingston, W. S. (1952). A Note on the Nature of Federalism. Political Science Quarterly, Vol. 67. No. 1 (March). 81-95.

Min Zin. (2016). Politics and Security Sector Presentation at 21st Century Panglong Conference. Napyidaw.

Stepan, A. (2001). “Toward a New Comparative Politics of Federalism, (Multi) Nationalism, and Democracy: Beyond Rikerian Federalism.” In Stepan. A. (Eds.), Arguing Comparative Politics (pp. 315-363). New York: Oxford University Press.

မြန်မာဘာသာဆောင်းပါး

မင်းဇင်။ ‘ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်စဉ်နှင့် မျှခြေ၊ ကနဦးအဆိုပြုချက်များ’၊ The Myanmar Quarterly အတွဲ ၁၊ အမှတ်၂၊ ဖေဖော်ဝါရီ-မတ်၊ ISP-Myanmar ၊ ရန်ကုန်၊ ၂၀၁၇။ ၁          ဒီဆောင်းပါးမှာတော့ OSCE/DAC (Organization for Security and Cooperation in Europe/Development Assistance Committee) က ဖွင့်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြတဲ့ SSR ရှင်းလင်းချက်ကို လက်ခံတင်ပြပါမယ်။ ဒီဖွင့်ဆိုချက်မှာ လုံခြုံရေးကဏ္ဍသက်သက်မဟုတ်ဘဲ လုံခြုံရေးစနစ်တခုလုံး ပြုပြင်ပြောင်းလဲပစ်ရေး (security system reform; SSR) ကို ညွှန်းဆိုပါတယ်။ ဒီစနစ်မှာ လုံခြုံရေးနဲ့နှီးနွယ်သမျှ ဇာတ်ကောင်တွေ၊ သူတို့ရဲ့အခန်းကဏ္ဍတွေ၊ တာဝန်ယူမှုတွေ၊ လုပ်ဆောင်ချက်တွေကို အကျုံးဝင်စေပါတယ်။ ဒီအင်အားစုတွေအကုန် ပူးပေါင်းဆောင်ရွက်ပြီး ဒီမို ကရေစီစံချိန်စံညွှန်းတွေနဲ့ သဟဇာတဖြစ်တဲ့၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး နှုန်းစံတွေနဲ့ ဆီလျော်တဲ့ လုံခြုံရေးစနစ်တရပ်ကို စီမံခန့်ခွဲလည်ပတ်စေဖို့ ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက် စီမံခန့်ခွဲမှုက အလုပ်ဖြစ်တဲ့ လုံခြုံရေးမူဘောင်ကို အကျိုး ကျေးဇူးဖြစ်စေတယ်လို့ OSCE/DAC ဖွင့်ဆိုချက်က ဆိုပါတယ်။

Share.

About Author

Min Zin

Min Zin is a founding member and the executive director of the Institute for Strategy and Policy - Myanmar, which is an independent, non-partisan, and non-governmental think tank, which promotes democratic leadership and strengthen civic participation in Myanmar. He is a PhD candidate in Travers Department of Political Science at University of California, Berkeley. Min Zin is a comparative political scientist who studies civil-military relations, democratization, contentious politics, ethnic conflicts and civil war with a focus on Myanmar and Southeast Asian countries. Min Zin’s writings appear in Journal of Democracy, Journal of Current Southeast Asian Affairs, Social Research: An International Quarterly, Contemporary Southeast Asia, Georgetown Journal of International Affair and many edited books. He serves as country analyst of Myanmar for several research foundations including Freedom House, and he is also a fellow of Legatum Institute. Min Zin took part in Burma’s democracy movement in 1988 as a high school student activist, and went into hiding in 1989 to avoid arrest by the junta. His underground activist-cum-writer life lasted for nine years until he fled to the Thai-Myanmar border in August 1997. Min Zin writes for The Foreign Policy Magazine, The New York Times, and other media outlets.

Leave A Reply