Institute for Strategy and Policy – Myanmar

မော်ဒန်ခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေ ဘာလုပ်သင့်သလဲ

အချီး

လူမှာ ရုပ်နဲ့နာမ် ရှိတယ်။ ဗုဒ္ဓဘာသာဟာ နာမ် (ဝါ) စိတ်ကိုဟောတဲ့ တရားပဲ။ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲရေးတရား မဟုတ်ဘူး။ သို့သော် ခက်နေတာက အဲဒီနှစ်ခုမှာ ထိုဟာက ဘယ်မှာဆုံးပြီး ဤဟာက ဘယ်မှာစတာလဲ။

ဘာသာတရားရယ်လို့ အမည်တပ်ပြီး အကြမ်းဖက်ခြင်းများ ကျူးလွန်နေကြတဲ့ ခေတ် ကာလ၊ ထိုကာလကြီးထဲမှာ ဘာသာရေးသွေးခုန်ခြင်းရဲ့ မည်းမှောင်တဲ့ဘက်ခြမ်းကို ဘာသာရေး အဖွဲ့အစည်းဟာ မိမိအလိုအလျောက် ပြုပြင်ပြောင်းလဲနိုင်မလား။ စိတ်ပိုင်း ထိုးထွင်းသိမြင်မှုများ စိတ်အင်အား ပျောက်ဆုံးနေရာ ထိုကြိုးမျှင်များကို ပြန်ဆက်နိုင်မှာလား။ သို့သော် ဘာသာတရား သည် တကယ်တမ်း၌ လူအား တီထွင်ဆန်းသစ်စေနိုင်သော၊ အမြော်အမြင်ရှိစေသော၊ လွတ် မြောက်စေသော အရာလည်း ဖြစ်သည်။ ‘ဖြစ်ရှိနေသည်များကို ပို၍ ကြည်လင်စွာမြင်လျှင်’ မျှော် လင့်စရာရယ်လို့ ရှိလာမှာပါ။

ရှေးရှေးကတည်းက ရှိခဲ့သော ဤတရား၌ စိတ်ပိုင်း၊ လယ်တွေ့ပိုင်း အရင်းအမြစ်များ အများအပြားရှိသည်။ ဤတရားက မျက်မှောက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တန်သည်။ ဗုဒ္ဓဘာသာ၌ ‘ဥပါယ’ဟူသောစကားရှိရာ သင့်တော်သော နည်းလမ်းများဟူ၍ အဓိပ္ပာယ်ရှိသည်။ တဦးချင်းစီ၌ ‘လောဘ၊ ဒေါသ၊ မောဟ’၏ အမြစ်အရင်းများ ရှိသည်။ လူ့အဖွဲ့အစည်း၌ စုပေါင်း တည်ရှိနေသော လောဘ၊ ဒေါသ၊ မောဟအစု (Collective) သည်လည်း ရှိသည်။ မှန်ကန်စွာ သိမြင်သောပုဂ္ဂိုလ် (a spiritually mature person) သည် ယခုလို ခေတ်ကာလကြီးတွင် လူ့အဖွဲ့ အစည်းအရေး၌ သိမြင်ကာ လူ့အဖွဲ့အစည်း၏ ဝန်ကိုထမ်းခြင်း (social concerns and social responsibility) ကိုလည်း လုပ်ရမည်။ ဒုက္ခကို လျော့နည်းရန်အတွက်က ဒီနည်းလမ်းလား။

အခြားဘာသာတွေလိုပဲ ဗုဒ္ဓဘာသာသည်လည်း ယခုခေတ်ကြီး၌ စမ်းသပ်ခံရသည်။ ဉာဏ်နှင့်ကရုဏာသည် ယခု ဘယ်မှာလဲ။ ကောင်းသော နေထိုင်ခြင်း (သမ္မာအာဇီဝ) ဟူသည် ဘာလဲ။ ဂေဟစနစ်များပြိုလဲ၍ မျိုးစိတ်များ အမြန်ကွယ်ပျောက်နေသောကာလတွင် ဘယ်လို သီလလဲ။

ခေါင်းစဉ်က ကြီးကျယ်လှချည်လားလို့ မေးငေါ့ချင်စရာပဲ။ ဒီငနဲဟာ သူလိုကိုယ်လို ဗုဒ္ဓ ဘာသာဝင်ပဲ။ မောင်တာ ဘာသိသလဲ။

မိုးကလေး တညိုညို လေချို တညင်းညင်းနဲ့ ပြတင်းပေါက်မှာ ခရေပန်းတွေလည်းပွင့်နေ၊ စာကလေးတွေကလည်း တကျွီကျွီ မြည်နေတာကိုး။ စိတ်ကူးစိတ်သန်းဟာ ဘယ်ကနေရောက် လာတယ်မသိဘူး။ ဒါနဲ့ပဲ ဒီအကြောင်းမျိုး တွေးမိတယ်။ ဒါနဲ့ပဲ ဗုဒ္ဓဘာသာအကြောင်း စာအုပ် ကလေးတွေဖတ်တော့ ဒါတွေတော့ဖြင့် ဟုတ်ပေသားပဲလို့ ကျနော် သဘောကျတာနှင့် ကျနော် စဉ်းစားမိတာတွေကို ဟောတာ၊ အဲ… မျှတာပါ။

ဒေးဗစ်လွိုင်း (David Loy) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စာအုပ် ဩညနပယ Money, Sex, War, Karma ကပါပဲ။ ဗုဒ္ဓဘာသာ တော်လှန်ရေးအတွက် မှတ်စုများတဲ့။ ဒေးဗစ်လွိုင်းဟာ အနောက်တိုင်း ဗုဒ္ဓဘာသာ ဝင်တဦးဆိုတော့ မိရိုးဖလာဝါဒီတော့ မဟုတ်ဘူး။ သူ့ဟာက နက်နက် ဆင်ခြင်စရာကောင်းမယ် လို့ ကျနော်ထင်တယ်။

ဗုဒ္ဓဘာသာဟာ သံခေတ်မှာပေါ်ခဲ့တဲ့ အယူဝါဒ။ အဲသလိုတရားဟာ ယခု မျက်မှောက် လူမှုရေးပြဿနာတွေဖြစ်တဲ့ စီးပွားရေးရာ ဂလိုဘယ်လိုက်ဇေးရှင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင် အကျပ်အတည်း၊ အကြမ်းဖက်စစ်ပွဲ စတာတွေအတွက် လူတွေကို အကူ အညီ ပေးနိုင်ပါ့မလား။ ဒါတွေအတွက် ဗုဒ္ဓဝါဒီတွေဟာ ဗုဒ္ဓဓမ္မထဲက ဘာတွေယူရမတုန်း။ ဒေးဗစ် လွိုင်း အလိုအရဆိုရင် ဒီခေတ်ကြီးမှာ ဗုဒ္ဓဝါဒီတွေလုပ်ဖို့ ကောင်းတာတွေ လေး၊ ငါးချက်ရှိတယ်။

၁။        တရားအားထုတ်သင့်တယ်။

၂။         အကြမ်းမဖက် အနုနည်းပဲ သုံးသင့်တယ်။

၃။        တယောက်တည်းမဟုတ်ဘဲ အားလုံးနိုးအောင် လုပ်ရမယ်။

၄။        မမြဲခြင်းနဲ့ ငါမဟုတ်ခြင်းကို ဆင်ခြင်ပြီး အားရှိရမယ်။

၅။        ဗုဒ္ဓဘာသာမှာ ‘ဥပါယ’ဆိုတဲ့ စကားရှိတော့ အဲဒီစကားနဲ့အညီ ပြဿနာရဲ့သော့ချက်ကို ရှာတတ်ရမယ်။

အထက်ကတင်ပြသလိုပဲ သူဟောတဲ့ထဲမှာ ကျနော် စဉ်းစားတာတွေလည်း ရောထား ပါတယ်။ ရှုစားတော်မူကြပါ။

တရားအားထုတ်ရမယ်

ဗုဒ္ဓဘာသာဟာ တဦးချင်းလွတ်မြောက်ရေးက စတာပဲ။ တဦးချင်း၊ တယောက်ချင်း ကောင်းရာကနေ လူ့အဖွဲ့အစည်း စနစ်ကောင်းရာကို သွားတဲ့တရား။

တော်လှန်ရေးတွေ၊ ပြုပြင်ပြောင်းလဲရေးတွေ၊ လှုပ်ရှားမှုကြီးတွေ လုပ်ခဲ့ကြတယ်။အာဏာယစ်မူး ထင်ရာစိုင်းတဲ့လူတစုကို မထူးတမူးတဲ့နောက်တစုနဲ့ အစားထိုးတာ များတာပဲ။ ကိုယ့်လောဘ၊ ဒေါသ၊ မောဟကို လျော့အောင်၊ နည်းအောင် မလုပ်ရင် လောကကြီးကို ပြုပြင် ပြောင်းလဲအောင် ကြိုးစားတယ်ဆိုလည်း အလကားပဲ။ အချည်းနှီး ဖြစ်တာချည်းပဲ။

တော်လှန်ရေးကတော့ အောင်မြင်မှာပဲ။ ဒါပေတဲ့ ဒါက လူတစုရဲ့အတ္တတွေကို ကျုပ်တို့ရဲ့ အတ္တတွေနဲ့ အစားထိုးတာပဲ။ ကိုယ့်အတွင်းအဇ္ဈတ္တက လောဘကိုရင်မဆိုင်ရင် ကျုပ် အာဏာ ရလာတဲ့အခါ ကျုပ်လည်းပဲ ကျုပ်အကျိုးစီးပွားကိုလုပ်ဖို့ အခြေအနေကို အသုံးချမှာပဲ။ အဲဒီလိုပဲ ဒေါသကို လျှော့ဖို့မကြိုးစားရင် ကျုပ်ကိစ္စကို ဟန့်တားမယ့်သူတွေအပေါ် ကျုပ်ဒေါသတွေ သွန်ချ ပစ်မှာပဲ။ ကျုပ်ရဲ့ အဇ္ဈတ္တထဲက ‘ငါတို့နဲ့သူတို့ ခွဲခြားမှု’ (duality) ကို မောဟရယ်လို့မသိရင် ဒီလူမှု နိုင်ငံရေးဖြစ်စဉ်ကြီးကို ကျုပ်ကပဲ ခေါင်းဆောင်ဖို့လိုအပ်နေသလို ခံယူတာပေါ့။ ကျုပ်က စေတနာ လည်းကောင်းတာပဲ၊ ပညာကလည်းတတ်တာပဲ စသည်ဖြင့် ထည့်ပေါင်းလိုက်ရင်တော့ ဒီဆေး ညွှန်းဟာ ကိုယ်ရောအများပါ ဒုက္ခရောက်မယ့် ဆေးညွှန်းမျိုး ဖြစ်သွားတာချည်းပါပဲ။ သမိုင်းမှာ ဒီလိုဥပမာတွေ ပြည့်နေတာပ။

ဒါကြောင့် တဦးချင်းပြောင်းလဲဖို့ရေး တရားအားထုတ်ဖို့ အရေးကြီးတာ။

(တရားအားထုတ်ရမယ်၊ စေ့စေ့ဆင်ခြင်ရမယ်။ တရားအားထုတ်တယ် ဆိုတာကတော့ စိတ်ကို ကောင်းအောင်လုပ်တာလို့ ကျနော် မှတ်ထားပါတယ်။ မကောင်းတဲ့စိတ်ကို ကောင်းအောင်၊ သတိ၊ ပညာ၊ သမာဓိ၊ ဝီရိယ စသည်ရှိအောင်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စိတ်တွေ ဖြစ်အောင် လုပ်တာလို့ နားလည်ပါတယ်။ ဦးသန့်က တနေ့ နာရီဝက်တရားထိုင်ပြီးမှ ရုံးသွားတယ် ပြောတယ်။ လူ့အကျိုးဆောင်သူများ၊ ခေါင်းဆောင်များဟာ အဲသလို လုပ်သင့်ပါတယ်လို့ အဆို တင်သွင်းပါတယ်)

နိုင်လိုမင်းထက်မလုပ် အကြမ်းမဖက်ခြင်း

(ဝါ) အနုနည်းကိုသုံးခြင်း

ကိုယ် ရင်ဆိုင်နေရတဲ့ ဆန့်ကျင်ဘက်က လူတွေကိုသော်မှ အကြမ်းဖက်တဲ့နည်းကို မကျင့်သုံးဖို့ပဲ။ ကိုယ်နဲ့ သူတပါး ခြားနားခြင်း (duality လို့ ခေါ်ချင်ခေါ်ပါ) ဟာ ဗုဒ္ဓဘာသာအလိုမှ မဟုတ်ဘဲ။ အဲသလိုပဲ နည်းလမ်းနဲ့ပန်းတိုင်ကို မခွဲခြားသင့်ဘူး။ ငြိမ်းချမ်းခြင်းဆိုတာလည်း ရည်ရွယ်တန်းမှန်းချက်ပဲ မဖြစ်သင့်ဘူး။ ငြိမ်းချမ်းခြင်းဟာ လမ်းဖြစ်ရမယ်။ ကျုပ်တို့ကိုယ်တိုင်က ငြိမ်းချမ်းနေရမယ်။ တရားအားထုတ်ခြင်းကြောင့် ကိုယ့်အပေါ် အာဏာ ကျင့်သုံးသူတွေအပေါ် ခွဲခြားစဉ်းစားနေခြင်းကို လျော့စေပါတယ်။ ဂန္ဓီကြီးဆိုပါစို့။ သူက ဗြိတိသျှ အာဏာပိုင်တွေကိုပဲ တလေးတစား ဆက်ဆံတယ်။ ဒီလူတွေကိုပဲ ဂုဏ်သရေနိမ့်အောင် အားမထုတ်ဘူး။ ဂန္ဓီကြီးရဲ့ အောင်မြင်မှုဟာ ဒီအချက်ကြောင့်လည်းဖြစ်တယ်လို့ အဆိုရှိပါတယ်။

အလျှော့ပေး ငြိမ်းချမ်းရေးသမားသက်သက် (absolute pacific) ဖြစ်ရမယ်လို့ မဆိုလို ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် မကာကွယ်ရဘူးလို့ မဆို လိုပါဘူး။ အကယ်၍ ကျုပ်ဇနီးနဲ့ ကျုပ်သားကိုသာ ကိုယ်ထိလက်ရောက် တိုက်ခိုက်လာရင် သူတို့ ကိုခုခံဖို့တာဝန် ကျုပ်မှာရှိတယ်။ လိုအပ်ရင် အားသုံးမှာပါပဲ။ သို့သော် အဲသလို အခြေအနေထဲ မှာပဲ အကြမ်းမဖက်ခြင်းဟာ ပို၍ လျော်ကန်သင့်မြတ်သောနည်း၊ ပို၍ထိရောက်သောနည်း ဖြစ် တတ်တယ် မဟုတ်လား။

ပြဿနာက ကိုယ့်ကိုယ်ကိုယ်ခုခံခြင်းဆိုတာ ဘာလဲလို့ တခါတရံ အစဉ်းစားရခက်တာ။ ကျူးကျော်တဲ့စစ်ကိုပဲ ကိုယ့်ကိုယ်ကိုယ် ခုခံစစ်ရယ်လို့ ကျိုးကြောင်းပြကြတယ်။ ဥပမာ- ၂၀ဝ၃ ခုနှစ် အီရတ်ကိုဝင်တိုက်တဲ့စစ် ဆိုပါစို့။ အကြမ်းဖက်ချင်တာနဲ့ပဲ လုပ်ကြံဝါဒဖြန့်ပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်ဖို့ တိုက်တာပဲ။ ဗုဒ္ဓဝါဒီတွေအဖို့ အဲဒါမျိုးတွေမှာ ဝါဒဖြန့်တာကို ဝါဒ ဖြန့်မှန်းသိပြီး ဆန့်ကျင်ရမှာပေါ့။ သိဖို့က ခက်တော့ခက်တယ်။

ဗုဒ္ဓဘာသာမှာ ဥပါယ(upaya) ဆိုတဲ့ လျော်ကန်သင့်မြတ်သော လုပ်နည်းကိုင် နည်းများ (skillful means) ဆိုတာရှိတယ်။ အကြမ်းမဖက်တဲ့နည်း ကျင့်သုံးရာမှာ ဘယ် နည်းက လျော်ကန်သလဲ။ ဘယ်လိုလုပ်ရင် တော်မလဲ စဉ်းစားဝေဖန်တတ်ဖို့ လိုတယ်။ အကြမ်းမဖက်တဲ့နည်းဟာ လူမှုရေး လှုပ်ရှား မှုတွေ၊ တော်လှန်ပြောင်းလဲရေးတွေကို ပို အောင်မြင်အောင်၊ ပိုလွယ်ကူအောင် လုပ် ချင်မှလုပ်နိုင်လိမ့်မယ်။ သို့သော် ဒီနည်းလမ်း မှာ အရေးကြီးတဲ့ မူတခု ရှိနေတာချည်း။ အာဏာကို အလွဲသုံးနေတဲ့သူတွေရဲ့ မောဟ (စဉ်းစားပုံ စဉ်းစားနည်း)ကို အန်တုနေပြီး မင်းတို့လုပ်နေတာ ဟုတ်ရဲ့လားလို့  ဒီနည်း လမ်းက ပြန် စဉ်းစားစေတာပဲ။ (၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟာ အာဏာပိုင် တွေကို သူတို့ရဲ့ အကြမ်းဖက်မှုအပေါ် ပြန် စဉ်းစားအောင် (ဝါ) သတိတရားရအောင် လုပ်တဲ့နေရာမှာ အလွန်အောင်မြင်တယ်လို့ ပြောရင် မလွဲဘူး။ ဒီတော်လှန်ရေးဟာ အချည်းနှီးမဟုတ်ဘူးလို့ တွက်ရမယ်)

ခုခံရေးလှုပ်ရှားမှုတွေမှာ ဒေါသ ပါတတ်တာချည်းပါ။ မှန်ကန်သောဒေါသလို့ ခေါ်ချင် ခေါ်နိုင်ပါတယ်။ သို့သော် ဗုဒ္ဓဝါဒီအမြင်ကကြည့်ရင်တော့ ဒေါသဟာ အမုန်းအမျိုးအစားတခုပါပဲ။ အမုန်းနဲ့တုံ့ပြန်ခြင်းဟာ လျော်ကန်သောတုံ့ပြန်မှု(ဥပါယ)တော့ဖြင့် မဟုတ်ဘူး။ တိဘက်တွေ ပေးတဲ့ ဥပမာတခုရှိတယ်။ လူတယောက်ကို နာစေလိုတဲ့အတွက် မီးခဲတခု ကိုင်ပြီးပစ်သလိုပဲ။ ပထမဆုံး ကောက်ကိုင်တဲ့လက်ကို မီးလောင်မှာပဲ။

ဒီလိုအခြေအနေတွေကို ဘယ်လိုတုံ့ပြန်မလဲ။ ဗုဒ္ဓဝါဒက အားလုံးခံစားရတဲ့ဒုက္ခ (collective dukkha) ဟာ မသိခြင်း မောဟကြောင့်သာဖြစ်တယ်။ မကောင်းဆိုးဝါးတွေ (evil) ကြောင့်လို့ မဟောဘူး။ လောကဟာလည်း ကောင်းတဲ့သူက မကောင်းသူတွေကို ဖယ်ရှားသုတ် သင်တဲ့ စစ်မြေပြင်မဟုတ်ဘူး။ လူဟာ အမှားအယွင်းတွေလုပ်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက် အောင်လည်း လုပ်၊ သူတပါးကိုထိခိုက်အောင်လည်း လုပ်တတ်တယ်။ လောကဟာ အဲသလိုနေရာ ဒေသသာ ဖြစ်တယ်။ လူတချို့ကတော့ ကိုယ့်သဘာဝ အစစ်အမှန်ကို မသိတဲ့သူတွေသာဖြစ်တယ် လို့ ဟောတယ်။

လူမှုရေးပြဿနာတွေရဲ့ အခြေခံအကြောင်းရင်းကြီးတခုက ကျုပ်တို့ရဲ့သိမှုဟာ ပြုပြင် ပုံသွင်းခြင်း ခံနေရတာပဲ။ ဒါကြောင့် ဒုက္ခဟာ လျော့မသွားဘဲပိုတိုးလာတယ်။ ကျုပ်တို့အားလုံး ဟာ ပြုပြင်ပုံသွင်းခံနေရတဲ့ လူတွေချည်း။ ကြော်ငြာတွေဟာ ဝါဒဖြန့်နေတာ၊ ပုံသွင်းနေတာ ချည်းပဲလို့ စဉ်းစားနိုင်တယ်။ ကြော်ငြာလုပ်ငန်းကြီး (မီဒီယာလို့ အကြမ်းဖျင်းယူရင်လည်းရတယ်)ဟာ လုပ်ငန်းအကြီးကြီး သူ့ဟာသူရပ်တည်နေတဲ့ အင်စတီကျူးရှင်းကြီး၊ ကျုပ်တို့ရဲ့ ခေါင်းဆောင် တွေ၊ အုပ်ချုပ်သူတွေဟာလည်း အာဏာကို ရယူဖို့၊ သုံးစွဲဖို့ ထက်သန်နေကြတာချည်း။ အာဏာ ကိုမက်မောမှုဟာ သူတို့ကို ပျက်လိုပျက်စီးလုပ်တတ်တယ် ဆိုတာကိုတောင် မေ့လျော့သွားတတ် ကြတာချည်း တွေ့နေရတယ်။

ဗုဒ္ဓဘာသာကတော့ တဖက်တည်းမကြည့်ဘဲ နှစ်ဖက်လုံးကြည့်တယ်။ အာဏာရှင်တွေ ကို သနားရမယ်။ သို့သော် အာဏာပြမှုကြောင့် ဒုက္ခရောက်သူတွေအတွက် တရားမျှတရေး အတွက် သူတို့ကို ရင်ဆိုင်ကြရမှာပဲ။

အားလုံး အတူတကွနိုးခြင်း

အများအကျိုးဆောင်ရမယ်ဆိုတာက အများအကျိုး လုပ်နေရတာနဲ့ပဲ ကိုယ့်ပျော်ရွှင်မှု လျော့သွားမယ်။ အများကအရင်၊ ကိုယ့်ပျော်ရွှင်ချမ်းသာမှုကိုတော့ အများအတွက် နောက်ဆုတ် ပေးရမယ်၊ အဲသလိုမဟုတ်ဘူး။ ဒါမျိုးက အားကုန်ခမ်းသွားတတ်တယ်။ ဒါမျိုးက ငါနဲ့ သူတပါး ခွဲခြားခြင်း (dualism) ပဲ။ အမှန်တကယ်က အတူတကွပူးပေါင်းလိုက်၊ အားလုံးအတွက် အခြေ အနေတိုးတက်အောင် အားလုံးပူးပေါင်း။ အမေရိကန် တိုင်းရင်းသား အမျိုးသမီးကြီးတဦး ပြော တာကို သတိထားသင့်တယ်၊ ‘ကျမတို့ကိုကူညီဖို့ ရှင်တို့ ဒီကိုလာတယ်ဆိုရင် ရှင်တို့ဟာ ရှင်တို့ အချိန်ကို ဖြုန်းနေတာ။ ရှင်တို့ရဲ့လွတ်မြောက်ရေးဟာ ကျမတို့နဲ့အတူတူပဲမို့ ဒီလိုလာတယ် ဆိုရင် သာ အဲဒီလိုဆိုရင်တော့ ကျမတို့ အတူတွဲပြီး အလုပ်လုပ်ကြစို့ရဲ့’

ကျနော်တို့ တကယ်တော့ တဦးနဲ့တဦး ခွဲခြားလို့မရဘူး။ ကျနော်တို့ရဲ့ ဦးတည်ချက်တွေ ဟာလည်း တဦးနဲ့တဦး ကွာလှတာမဟုတ်ဘူး။ ကမ္ဘာကြီးရဲ့ မျက်မှောက်အခြေအနေဟာ တဦးကို တဦး ကြင်နာဖို့လိုနေတယ်။

ပါရမီတာ (pâramita) ရဲ့အနက်ဟာ ‘ဆိုဖွယ်ရာမရှိ ပြည့်စုံခြင်း’လို့ အနက်ရတယ်။ အများအကျိုးဆောင်ရွက်သူဟာ ခန္တီနဲ့ ဝီရိယပါရမီကို ဖြည့်ရမယ်။ လူမှုရေးလုပ်သူတွေအတွက် အဲဒီပါရမီနှစ်ခုဟာ အတော့်ကိုလိုအပ်တာ။ ကျုပ်တို့အနေနဲ့ ကျုပ်တို့ တခုခုလုပ်တာနဲ့ အသိ အမှတ်ပြုခံရဖို့၊ ချီးမွမ်းခံရဖို့၊ ဆုရဖို့ မမျှော်လင့်အပ်ဘူး။ ကျုပ်တို့အလုပ်တွေက အသီးအပွင့်တွေကို မြင်တွေ့ဖို့ကိုလည်း မမျှော်လင့်အပ်ဘူး။ သို့သော် ဒီအလုပ်တွေကို စွန့်ပစ်ဖို့၊ ဒီအလုပ်တွေကို မလုပ်တော့ဘူးဆိုပြီး စွန့်ခွာဖို့ ကျုပ်တို့ လွတ်လပ်တယ်လို့လည်း မယူဆအပ်ဘူး။ ဒီလိုဆိုရင်တော့ စိတ်ပျက်စရာပဲလို့ ထင်စရာရှိတယ်။ သို့သော် ဗုဒ္ဓဟောသလိုပဲ အစွဲကင်းရမယ်၊ တဿတ (tathâtâ ဒါပါပဲ) ပဲ မဟုတ်လား။ ဒီခဏကို အနာဂတ်က တခုခုအတွက် စွန့်လွှတ်ဖို့ မဟုတ်ဘူး။ လူမှုသုခဘုံ (utopia) ကြီးက ဟိုမှာ ရှိချင်လည်းရှိမယ်၊ မရှိချင်လည်းမရှိဘူး။ တကယ် တော့ ‘ယခု ဒီနေရာမှာ’ ဖြစ်နေတာက အလုံးစုံအကုန်ပဲ၊ သူ့အတိုင်းတိုင်း ပြည့်စုံနေပြီပဲ မဟုတ် လား။ ဒါက ဗုဒ္ဓဝါဒီတွေရဲ့ နေ့တိုင်းနေ့တိုင်း ကျင့်စဉ်ဖြစ်ရမှာ မဟုတ်ဘူးလား။ အဲသလို စိတ်ထား ကပဲ လူမှုရေးသမားတွေရဲ့ အားအင်တွေ ကုန်ခန်းသွားခြင်းကို ရှောင်လွှဲနိုင်ဖို့အတွက် သော့ချက် မဟုတ်ဘူးလား။

မမြဲခြင်းနှင့် ဓမ္မသာရ သုညတ

(Impermanence and Emptiness)

အရာအားလုံး ပြောင်းလဲနေတာပဲ။ ဘယ်အရာမှလည်း မိမိကိုယ်ပိုင်ရယ်လို့ ရှိမှမရှိတာ။ အရာအားလုံးဟာ တခြားအရာအားလုံးနဲ့ ဆက်စပ်နေတော့ တခြားအကြောင်းတွေပေါ်မူတည်ပြီး ပြောင်းလဲနေတာပဲ။ မမြဲဘူးဆိုမှတော့ ဘယ်လိုပြဿနာမှလည်း မပြောင်းဘဲ တည်မနေနိုင်ဘူး။ ဘယ်လောက်တည်တံ့မယ်ဆိုတဲ့ အရာဖြစ်ပါစေ၊ အမြဲအစဉ် ပြုပြင်ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကြီးရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်နေတာကိုး။ ကျနော်တို့ သတိပြုမိသည်ဖြစ်စေ မပြုမိသည်ဖြစ်ပါစေ ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကြီးပဲ။ စစ်အေးခေတ်ကြီးဟာ ဘယ်သူမှ မထင်ဘဲနဲ့ ပြီးသွားတယ်။တောင်အာဖရိက က အပါသိုက် (apartheid) လည်း ဘယ်သူမှ ထင်ထားတာမဟုတ်ဘဲနဲ့ ပြီးဆုံး သွားတယ်။ တကယ်တော့ မျက်နှာပြင်အောက်မှာ တက်တောနစ်မြေကြီး ပလိပ်ပြားတွေက ရွေ့လျားနေတာကိုး။

အပြောင်းအလဲဆိုတာ အမြဲတမ်း အကောင်းဘက်တော့ ဟုတ်ချင်မှဟုတ်မှာပေါ့။ မကောင်းတဲ့ဘက် ပြောင်းလဲတာလည်း ရှိမှာပေါ့။ ဥပမာ- တရုတ်တွေရဲ့ စီးပွားရေးတိုးတက်မှုက ကျုပ်တို့အပေါ် ရိုက်ခတ်လာတာ။ အရင်က ဝင်မလာပေမယ့် ယခု ဝင်လာတော့လည်း ရင်းနှီး မြှုပ်နှံမှုတွေက နည်းမှန်လမ်းမှန်မဟုတ်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ။

ပြဿနာတွေမမြဲသလို ဖြေရှင်းနည်းတွေလည်း မမြဲဘူး။ အကြောင်းခြင်းရာတွေ ဘယ် လိုပြောင်းနေသလဲ။ ဒီအပြောင်းအလဲတွေကို ဘယ်လိုတုံ့ပြန်မလဲ။ နားလည်အောင်လုပ်ဖို့ကတော့ ကျနော်တို့အပေါ်ပဲ တည်မှာပေါ့။

မမြဲခြင်းနဲ့ ငါရယ်လို့မရှိခြင်း (non-substantiality) ကနေ ဆက်စပ်ပြီး ဆန့်တွေးလိုက် ရင် အသေကိုင်စွဲမထားခြင်းနဲ့ ဥပါယ (non-dogmatism and skillful means) ကို ရမှာပဲ။ ဗုဒ္ဓ ဝါဒဟာ လက်တွေ့ကျပြီး ပြုလွယ်ပြောင်းလွယ်ခြင်းရှိတယ်လို့ ယူရမှာပဲ။

‘တဖက်ကမ်းကိုရောက်ဖို့ ဆောင်ပို့မယ့် ဘယ်လိုဖောင်ကိုမဆို တည်ဆောက်ရမှာပဲ။ ဟိုဘက်ကမ်းကို ရောက်ရင်တော့ ကျုပ်တို့ကျောပေါ်မှာ ဒီဖောင်ကြီးကို မသယ်တော့ဘူး’

စွဲကပ်မနေခြင်း (အဥပါဒါန်)ဟာ လမ်းကိုပွင့်စေပြီး ဥပါယကိုလည်း တွေ့စေမှာပဲ။ စိတ် ကူးကွန့်မြူးတဲ့ ဖြေရှင်းနည်းတွေက ကျနော်တို့စိတ်တွေကို တဝဲဝဲလည်နေတဲ့ဆီက ခုန်ထွက်စေ မှာပေါ့။

ပရိသတ်ကြီးခင်ဗျား …

ဖော်ပြပါအချက်တွေဟာဖြင့် လက်မခံစရာ မရှိတန်ပါဘူးလို့ ထင်ပါတယ်။ သို့သော် နံပါတ်တစ်အချက်ဖြစ်တဲ့ တရားအားထုတ်ခြင်းကို နားလည်ကြတာတွေကို တင်ပြပါရစေ။

‘ဘာဝနာစီးဖြန်းတယ်ဆိုတာ လူ့အဖွဲ့အစည်းမှ ထွက်သွားဖို့ မဟုတ်ဘူး။ မိမိကိုယ်ဆီသို့ ပြန်လာဖို့ ဘာတွေဖြစ်နေသလဲ မြင်ဖို့ပဲ။ မြင်တယ်ဆိုရင် မြင်တာကြောင့် ပြုလုပ်ခြင်းဖြစ်မယ်၊ သတိရှိခြင်းကြောင့် ကျုပ်တို့ဟာ ဘာကိုတော့ဖြင့်လုပ်မယ် ဘာကိုတော့ဖြင့် မလုပ်ဘူး သိတယ်။’

Meditation is not to escape from society, but to comeback to ourselves and see what is going on. Once there is seeing, there must be acting. With mindfulness, we know what to do and what not to do.

ဗီယက်နမ်ဆတော်ကြီး သစ်နတ်ဟန်းက အထက်ပါအတိုင်း ယူတယ်။ ထိုင်းက အာဂျန် စူလတ်စီဗာရတ်ကတော့…

‘ကျုပ်တို့ နေ့တိုင်း တရားအားထုတ်ခြင်း ပရိတ်ရွတ်ခြင်း လုပ်ရမယ်။ အနည်းဆုံး မနက် ခင်းဖြစ်စေ၊ ညချမ်းဖြစ်စေ၊ သို့မဟုတ် နှစ်ခုလုံးဖြစ်စေ လုပ်ရမယ်။ လူ့အသိုင်းအဝန်းထဲမှာ အလုပ် လုပ်နေပြီး အာဏာကို၊ လူမှုတရားမမျှမှုကို ရင်ဆိုင်နေသူတွေအဖို့။ ကျုပ်တို့ မကြာခဏ ထပ် တလဲလဲ ရှုံးတယ်၊ မကြာခဏ အားကုန်ကြတယ်။ နှစ်တိုင်း ကျုပ်တို့ တောဝင်ပြီး တောရကျောင်း တွေမှာ အရှင်သူမြတ်များ ခြေရင်းမှာထိုင်ပြီး ကျုပ်တို့ရဲ့ စိတ်အင်အား ပြန်ရလာအောင် လုပ်သင့် တယ်။ ဒီလိုနဲ့ ပြန်ထွက်လာပြီး တဖန် ပြန်ရင်ဆိုင်မယ်’

ဗုဒ္ဓဘာသာက အယူအဆတွေကို မျက်မှောက်ခေတ်ရဲ့ အဖြစ်များ၊ အကြမ်းဖက်ခြင်းများ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းများ၊ ရာသီဥတုပြောင်းလဲခြင်း၊ စားသုံးခြင်းသာ အဓိကဝါဒ စသည်တို့အပေါ်မှာတင်ပြီး သင့်လျော်အောင်သုံးဖို့ ကြိုးစားကြတယ်။ အနှစ်သာရ အားဖြင့် လောကတ္ထစရိယပါပဲ။ သို့သော် မိမိကိုယ်ကိုယ်အတွက် အားထုတ်ခြင်းလည်းပါတယ်။ နှစ်ခုအားထုတ်တယ်၊ အဲသလိုလူတွေကို Engaged Buddhists လို့ အမည်တပ်တယ်။ ယခုလိုပါ။

အတ္တ (ငါ၊ သူတပါး၊ ယောကျာ်း၊ မိန်းမ) ဟာ လူ့အဖွဲ့အစည်းထဲမှာရှိတယ်။ လူ့အဖွဲ့ အစည်းရဲ့ အတွင်းမှာ၊ အပြင်ဘက်မှာ မဟုတ်ဘူး။ ဒါကြောင့် စနစ်၊ အဆောက်အအုံရဲ့ အကျိုး သက်ရောက်မှုက ငါ၊ သူတပါး၊ ယောကျာ်း၊ မိန်းမအပေါ်မှာရှိတယ်။ လူဟာ မိမိ ပြောင်းလဲရေး (ဝါ) ဒုက္ခလျော့နည်းရေးအတွက် အားထုတ်ရမယ်။ စနစ် အဆောက်အအုံကြီး ပြောင်းလဲရေး အတွက်လည်း အားထုတ်ရမယ်။ အကြမ်းဖက်ခြင်း (violence) ဆိုပါစို့။ စနစ် အဆောက်အအုံရဲ့ အကြမ်းဖက်ခြင်း (structural violence) ကိုလည်း သိမြင်ကြရမယ်။

                ‘ခရစ်ယာန်တွေက အခြားသူတွေကို ကူညီအစေခံလျှင် ‘ငါ’ ပြောင်းလဲမည်လို့ ယူ တယ်။ ဗုဒ္ဓဘာသာတွေအဖို့က ‘ငါ’ပြောင်းလဲလျှင် အခြားသူတွေကို အစေခံလိမ့်မည်လို့ ယူတယ်။ ခြားနားချက်က ဦးစားပေးမှုပဲ။ ပုဂ္ဂလိကနဲ့ လူမှုရေးဘဝ အထည်စကြီးကို အစွန်းတွေဘက်က ယူတာ’ လို့ စာအုပ်တအုပ်မှာ ရေးတယ်။

နှစ်ဘက်လုံးကို ယူရမှာပဲလို့ လောကထဲကဗုဒ္ဓဘာသာဝင် (Engaged Buddhists) တွေ က ယူဆတာပါ။ လူမှုရေး တရားမျှတမှုအတွက် ဆောင်ရွက်ရမယ် (အားလုံးဟာ အပြန်အလှန် မှီခိုနေခြင်း interdependence ကြောင့်)။ ဈေးကွက်ကို အကန့်အသတ်မဲ့လွှတ်ထားမှု (စားသုံး ခြင်းဝါဒကြောင့်ဖြစ်တဲ့ လောဘ (free market greed and consumerism) ကို ဆန့်ကျင်ရမယ်။ သဘာဝပတ်ဝန်းကျင် ဂေဟတည်တံ့ရေးကို ဂရုစိုက်ရမယ်။ အကြမ်းမဖက်ရေးကို လေးနက်ရ မယ်။ လောကထဲက ဗုဒ္ဓဘာသာဟာ ဝါဒတွေလွန်တဲ့ လက္ခဏာရှိတယ် (post-ideological-character)။

‘ဗုဒ္ဓဘာသာဟာ နိုးထခြင်းလို့ အဓိပ္ပာယ်ရတာပဲ။ ခန္ဓာမှာ၊ ခံစားမှုမှာ၊ စိတ်မှာ ပြီးတော့ လည်း ကမ္ဘာလောကမှာ ဖြစ်နေတာတွေကို သိနေတယ်။ သင် နိုးထပြီဆိုပါစို့။ သင့် ဘေးပတ် လည်က ဒုက္ခတွေ သက်သာရာရအောင် ကရုဏာနဲ့ ကူညီဖို့လုပ်ရုံကလွဲလို့။ တခြား ဘာလုပ် ရမှာလဲ။ တနည်းအားဖြင့်ဆိုရင် ဗုဒ္ဓဘာသာဟာ ကမ္ဘာလောကကြီးနဲ့ ဆက်ထားရမှာပ’

Buddhism means to be awake – mindful of what is happening in one’s body, feelings, mind and in the world. If you are awake you cannot do otherwise than act compassionately to help relieve suffering you see around you. So Buddhism must be engaged in the world.

မော်ဒန်ခေတ်ကြီးမှာ ကရုဏာလက်ကိုင်ထားဖို့ ဟောနေကြတယ်။ လူမှုရေး အခြေအနေ တွေ တိုးတက်အောင်လုပ်ကြဖို့ပဲ။ ဒလိုင်လားမားနဲ့ အနောက်တိုင်း ဗုဒ္ဓဘာသာဆရာတွေ တွေ့တဲ့ အစည်းအဝေးတခု ၁၉၉၃ ခုနှစ်ထဲမှာ လုပ်တယ်။ သူတို့က ကြေညာတယ်။

‘သက်ရှိသတ္တဝါ ဝေနေယျအားလုံးအတွက် ပိုကောင်းတဲ့ကမ္ဘာကြီးသို့ အလုပ်လုပ်ကြ ရန်မှာ ဗုဒ္ဓဘာသာဝင် ကျနော်တို့၏ ပထမတာဝန်ဖြစ်သည်။ ကြင်နာခြင်း ကရုဏာထားရှိရေး၊ ငြိမ်းချမ်းရေးနှင့် အညီအညွတ် သပ္ပာယဖြစ်အောင်နေရေး၊ သည်းခံရေးနှင့် အခြားဘာသာများအား လေးစားရေးတို့သည် ကျနော်တို့၏ အပြုအမူများ၊ လုပ်ဆောင်မှုများအတွက် လမ်းညွှန် မူ သုံးရပ်ဖြစ်၏။’

စဉ်းစားတော်မူကြပါ။ လူ့စဉ်းစားပုံစနစ် နှစ်ခုအနက်က ဒုတိယစနစ် (System II) (ဝါ) အကျိုးအကြောင်း ဆင်ခြင်ခြင်းနဲ့ စဉ်းစားပေးကြပါခင်ဗျား။

ယခု လောလောဆယ် ကျနော်တို့ မြန်မာ ဗုဒ္ဓဘာသာတွေဟာ ကမ္ဘောဒီးယားက ဆတော်ကြီး မဟာဂေါသနန္ဒ ဟောခဲ့သလို ကိုယ်ဟာဘာလဲ စဉ်းစားရမယ်ထင်တယ်။ ဆတော် ကြီးက ကမ္ဘောဒီးယားပြည်ကြီး ယိုင်နေတဲ့ အခါမှာ ဟောခဲ့တာကို ပြန်လည်ဖြောင့်တန်း ခြင်း (redirecting) လို့ ခေါ်ရမယ်ထင်တယ်။ ကမ္ဘောဒီးယားများအား လူဆိုတာ ကောင်း တာလေးတွေ ရှိတန်သရွေ့ရှိတဲ့သူတွေရယ်လို့ သတိပေးတယ်။ ကောင်းတဲ့စိတ်တွေ ပြန် လည် နိုးကြားရမယ်။ ယခုလိုပါ။

ကိုယ့်အမွေ ကိုယ်ထိန်းသူများ ဖြစ်ပါ သည်

ကမ္ဘောဒီးယားတို့၌ အဖိုးတန်အမွေ အနှစ် ရှိပါသည်။ ကမ္ဘောဒီးယား ဓလေ့ထုံးစံ၌ ရတနာများ ရှိပါသည်။

ကမ္ဘောဒီးယားတို့သည် ရဲရင့်သူများ ဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မောဟကို အောင်နိုင်သောကြောင့် ဖြစ်ပါသည်။

ကမ္ဘောဒီးယားတို့သည် နှိမ့်ချသူ၊ ရိုသေသူ၊ မြင့်မြတ်သူများ ဖြစ်ပါသည်။

ကမ္ဘောဒီးယားတို့သည် မိဘ၏ကျေးဇူးကို သိသူ၊ ခေါင်းဆောင်များ၊ မိမိတိုင်းပြည်နှင့် ကမ္ဘာကြီး၏ကျေးဇူးကို သိသူများ ဖြစ်ပါသည်။

ကမ္ဘောဒီးယားတို့သည် ငါးပါးသီလ စောင့်ကြပါသည်။ လူတို့၏ အခြေခံဥပဒေနှင့် ဓမ္မကို စောင့်ကြပါသည်။

ကမ္ဘောဒီးယားတို့သည် သတိရှိသူများ၊ ရှင်းလင်းစွာ နားလည်သူများ ဖြစ်ပါသည်။

ကမ္ဘောဒီးယားတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာကို ကျင့်ကြပါသည်။

ကမ္ဘောဒီးယားတို့သည် စိတ်ရှည်ကြပါသည်။ သူတို့ကား အလွန်ကြီးမားသော အခက် အခဲများ၊ ဒုက္ခများကို အောင်နိုင်ကြပါသည်။

ကမ္ဘောဒီးယားတို့သည် အခြားသူများ၏ အမှားအယွင်းများကို ခွင့်လွှတ်ကြ၍ မေ့ပစ်နိုင် ကြပါသည်။ သူတို့သည် အတိတ်မှသင်ခန်းစာများကို ယူနိုင်ကြပါသည်။ သူတို့သည် အနာဂတ်ကို တည်ဆောက်ရန် ပစ္စုပ္ပန်ကို သုံးကြပါသည်။

ကမ္ဘောဒီးယားတို့သည် သစ္စာရှိကြပါသည်။ ကောင်းသောအနေအထိုင် ရှိကြပါသည်။ သူတို့သည် အလယ်အလတ်လမ်းကို လျှောက်ကြပါသည်။

ကမ္ဘောဒီးယားတို့သည် နူးညံ့ကြပါသည်။ ပြုံးတတ်ကြပါသည်။ သူတို့၏ စကားများသည် အမှန်များ၊ ချစ်ဖွယ်ရာများ၊ လက်တွေ့ကျသည်များ၊ ရှင်းလင်း၍ တက်ကြွကာ ချိုသာသော စကားများ ဖြစ်ပါသည်။ သူတို့၏စကားများ၌ အကြောင့်အကြမှကင်းရန်၊ ထင်ယောင်ဝိုးတဝါးမှ ကြည်လင်ရန်၊ စိတ်အားလူအား သန်စွမ်းလာရန် တန်ခိုးရှိပါသည်။

ကမ္ဘောဒီးယားတို့သည် ဓမ္မနှင့် ဗုဒ္ဓဝါဒအားဖြင့် စည်းလုံးလျက် တဦးကိုတဦး ကူညီသော ရိုးရာအစဉ်အလာ ရှိပါသည်။

ကျုပ်တို့သည် မြစ်ထဲမှာရှိသောအခါ မြစ်နှင့်အတူ ကွေ့ကောက်စီးလိုက်ကြပါသည်။ သို့ သော် ရိုးရာအစဉ်အလာဟူသော ကျုပ်တို့၏လှေကိုတော့ မမေ့နိုင်ကြပါ။

ဗုဒ္ဓရှင်တော်မြတ်များ အားလုံးကဲ့သို့ပင် ကမ္ဘောဒီးယားပြည်သူအပေါင်းသည် ငြိမ်းချမ်း ရေးဆောင်ရွက်သူများ ဖြစ်ပါစေ။ မြင့်မြတ်သော ကျုပ်တို့မြေ၏ ထုံးတမ်းနှင့်လျော်စွာ ကျုပ်တို့ အား ညီညွတ်ခြင်း၊ မေတ္တာနှင့် ငြိမ်းချမ်းခြင်းတို့ ရောက်ရှိနိုင်ပါစေ။

မြန်မာတွေဟာလည်း အောက်ပါအတိုင်း ပြန်လည် ဖြောင့်တန်းရမယ် ထင်တယ်။

မြန်မာတို့သည် ငါးပါးသီလ စောင့်ကြပါသည်။ လူတို့၏ အခြေခံဥပဒေနှင့် ဓမ္မကို စောင့် ကြပါသည်။မြန်မာတို့သည် သတိရှိသူများ၊ ရှင်းလင်းစွာ နားလည်သူများ ဖြစ်ပါသည်။မြန်မာတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာကို ကျင့်ကြပါသည်။မြန်မာတို့သည် စိတ်ရှည်ကြပါသည်။ သူတို့ကား အလွန်ကြီးမားသော အခက်အခဲများ၊ ဒုက္ခများကို အောင်နိုင်ကြပါသည်။မြန်မာတို့သည် အခြားသူများ၏ အမှားအယွင်းများကို ခွင့်လွှတ်ကြ၍ မေ့ပစ်နိုင်ကြပါ သည်။ သူတို့သည် အတိတ်မှ သင်ခန်းစာများကို ယူနိုင်ကြပါသည်။ သူတို့သည် အနာဂတ်ကို တည်ဆောက်ရန် ပစ္စုပ္ပန်ကို သုံးကြပါသည်။မြန်မာတို့သည် သစ္စာရှိကြပါသည်။ ကောင်းသောအနေအထိုင် ရှိကြပါသည်။ သူတို့သည် အလယ်အလတ်လမ်းကို လျှောက်ကြပါသည်။မြန်မာတို့သည် နူးညံ့ကြပါသည်။ ပြုံးတတ်ကြပါသည်။ သူတို့၏ စကားများသည် အမှန် များ၊ ချစ်ဖွယ်ရာများ၊ လက်တွေ့ကျသည်များ၊ ရှင်းလင်း၍ တက်ကြွကာ ချိုသာသောစကားများ ဖြစ်ပါသည်။ သူတို့၏စကားများ၌ အကြောင့်အကြမှ ကင်းရန်၊ ထင်ယောင်ဝိုးတဝါးမှ ကြည်လင် ရန်၊ စိတ်အားလူအား သန်စွမ်းလာရန် တန်ခိုးရှိပါသည်။မြန်မာတို့သည် ဓမ္မနှင့် ဗုဒ္ဓဝါဒအားဖြင့် စည်းလုံးလျက် တဦးကိုတဦး ကူညီသော ရိုးရာ အစဉ်အလာ ရှိပါသည်။ကျုပ်တို့သည် မြစ်ထဲမှာရှိသောအခါ မြစ်နှင့်အတူ ကွေ့ကောက်စီးလိုက်ကြပါသည်။ သို့ သော် ရိုးရာအစဉ်အလာဟူသော ကျုပ်တို့၏လှေကိုတော့ မမေ့နိုင်ကြပါ။ ဗုဒ္ဓရှင်တော်မြတ်များ အားလုံးကဲ့သို့ပင် မြန်မာပြည်သူအပေါင်းသည် ငြိမ်းချမ်းရေးဆောင်ရွက်သူများ ဖြစ်ပါစေ။ မြင့်မြတ်သော ကျုပ်တို့မြေ၏ ထုံးတမ်းနှင့်လျော်စွာ ကျုပ်တို့အား ညီညွတ်ခြင်း၊ မေတ္တာနှင့် ငြိမ်း ချမ်းခြင်းတို့ ရောက်ရှိနိုင်ပါစေ။ဘုန်းတော်ကြီးတွေကတော့ အောက်ပါ ဗိုလ်ချုပ်အောင်ဆန်းလျှောက်ခဲ့တဲ့ တရားကို ကျင့်ကြရင် ကောင်းမှာပဲလို့ အောက်မေ့မိတယ်။ ယခုလိုပါ။‘တပည့်တော်တို့ နိုင်ငံတွင်သာမက တကမ္ဘာလုံးမှာပင် မေတ္တာတရား၊ သမစိတ္တ သဘော ထားတို့ကို ပြုပြင်နိုင်သောစွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿ လူတမျိုးလုံး အစဉ်အဆက် နှစ်ပရစ္ဆေဒ ရှည်လျားစွာ ရှိခိုး ပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဘက်ကသာကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင် ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ ညီညွတ်ရေးတရားများ ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ် ရေးတရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သောလွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရားကို ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြော နိုင်မှု၊ ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအလူနဘဝမှ လွတ်မြောက်မှု စသည်တို့ ဖြစ်ပါ သည်’

– ဗိုလ်ချုပ်အောင်ဆန်း

နိဂုံး

ကိုယ့်ကိုယ်ကိုယ် ပြန်လည်အောက်မေ့ပြီး၊ တပြိုင်နက်မှာ လူမှုမတရားမှုတွေကို ဆန့် ကျင်ရန် အားထုတ်ကြဖို့ပါပဲ။ ငါနှင့် လူ့အဆောက်အအုံ အဆက်ကြီးကိုလည်း သတိထားပြီး ငါ (ego) တင်မက အဆောက်အအုံပြဿနာကိုလည်း ပါဝင်ဖြေရှင်းကြဖို့ပါပဲ။

ကျမ်းကိုးစာရင်း

Kahneman,D.,& Egan,P. (2011). Thinking, fast and slow (Vol.1). New York: Farrar, Straus and Giroux.

Ken, J. (2003). The New Social Face of Buddhism: An Alternative Sociopolitical Perspective. Wisdom Publications, Boston.

Loy, D. (2008). Money, Sex, War, Karma: Notes for a Buddhist Revolution, Wisdom Publications, Boston.

Watts, J (Eds.). (1999). The Lack of Progress: Buddhist Perspectives on Modernity and the Pitfalls of “Saving the World”, Think Sangha Journal, Winter.

1              Quoted in Arnold Kotler, ed. Engaged Buddhist Reader (Berkeley, CA: Parallax Press, 1996), Editor’s Introduction

2              Cynthia Ellen, “The Impact of Christianity on Buddhist Non-violence in the West” in Kenneth Kraft, ed. Inner Peace, World Peace: Essays on Buddhism and Nonviolence (Albany: State University of New York Press [SUNY], 1992, pp. 91 – 100, 97

3              Turning Wheel: Journal of the Buddhist Peace Fellowship, Summer, 1983

4              Maha Ghosananda, “Preserving Our Heritage”, Step by Step: Meditations on Wisdom and Compassion, Parallax Press, 1991

5          ကိုရဲ (ရွှေတြိဂံ)၊ ‘ဗိုလ်ချုပ်ပြောကြားခဲ့တဲ့ နိုင်ငံရေးနဲ့ ဘာသာရေး’၊ 7Day Daily, No. 1509, Thursday, July 20, 2017

About the author

Ko Tar

ကိုတာသည် မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) အဖွဲ့ဝင်တဦး ဖြစ်ပြီး ထင်ရှားသော စာရေးဆရာဖြစ်သည်။

Add comment

By Ko Tar
Institute for Strategy and Policy – Myanmar