Institute for Strategy and Policy – Myanmar

ကချင်တိုင်းရင်းသားတို့အတွက် ၂၀၂၀ ပြည့်နှစ် အနာဂတ်အမြော်အမြင်

က

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြို အနိုင်ရပြီး အရပ်သားဦးဆောင်တဲ့ အစိုးရသစ်တရပ်ကို ဖွဲ့စည်းနိုင်ခဲ့တာဟာဖြင့် အခု ဆိုရင် သုံးနှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ အခုလိုအချိန်ကာလမှာ ကချင်တိုင်းရင်းသားတွေအနေနဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်သုံးသပ်ဖို့ လိုအပ်သလို၊ မိမိတို့ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ ပါဝင်နိုင်မယ့် ပြည်ထောင်စုနိုင်ငံတခု ဖြစ်ပေါ်လာရေးအတွက် အကောင် အထည်ဖော်ရာမှာလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကနေ ဘယ်လိုဖြစ်နိုင်ခြေတွေ၊ အခွင့် အလမ်းတွေ ရနိုင်မလဲဆိုတာ ကြိုတင်ရည်မျှော်စိတ်ကူးဖို့ လိုအပ်ပါတယ်။

ကချင်တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကို ပူးတွဲတည်ထောင်ခဲ့သူတွေ ဖြစ်လင့် ကစား၊ စစ်မှန်တဲ့အာဏာခွဲဝေမှုကတော့ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ စတင်ဖြစ်တည်ခဲ့စဉ် ကနေ ယနေ့အထိ ဝေးကွာနေဆဲဖြစ်ပါတယ်။ အဲဒီလို ဝေးကွာနေစေတဲ့ အတားအဆီးတွေကို ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်မှာဖြစ်သလို နိုင်ငံ အဆင့် ပါတီကြီးတွေ အသာစီးရပြီး တိုင်းရင်းသားပါတီငယ်တွေ နစ်နာအောင် ဖန်တီးထားတဲ့ ရွေးကောက်ပွဲစနစ်မှာလည်း တွေ့မြင်နိုင်ပါတယ်။ အခုလို မဆုတ်သာမတိုးသာ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့အတွက် နည်းလမ်းတွေရှာဖွေဖို့ လိုပါတယ်။ လက်ရှိ အခြေအနေအတိုင်း ဆက် ပြီးလွှတ်ထားမယ်ဆိုရင်တော့ ကြိုးပမ်းလုပ်ဆောင်ခဲ့သမျှ၊ မျှော်လင့်ခဲ့သမျှအရာတွေဟာ သဲထဲ ရေသွန် ဖြစ်ရပါလိမ့်မယ်။

ကျမတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက်ရော ကချင်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက်ကိုပါ လမ်းကြောင်းမှန်ကန်စွာနဲ့ ပြင်ဆင်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီအရာတွေဟာ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုကို သယ်ဆောင်ပေးနိုင်မယ့် ယာဉ် တွေဖြစ်သလို၊ ကချင်တို့ရဲ့စွမ်းပကား (Kachin Power) ဆိုပြီး ရည်မျှော်လုပ်ဆောင်နေတာကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်မယ့် နိုင်ငံရေးဝန်းကျင်တရပ် ဖန်တီးဖို့ အခွင့်အလမ်းတွေလည်း ဖြစ်ပါ တယ်။ ကချင်တို့ရဲ့စွမ်းပကားဆိုတာကတော့ မိမိတို့ရဲ့ ယဉ်ကျေးမှု၊ တန်ဖိုးစံ၊ ရိုးရာအစဉ်အလာ စတာတွေကို အခြေခံပြီး လူ့အဖွဲ့အစည်းတရပ်အနေနဲ့ မိမိတို့ရဲ့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် အဓိပ္ပာယ်သတ်မှတ် ဖန်တီးနိုင်စွမ်းပဲ ဖြစ်ပါတယ်။ ပညာရေးနဲ့ စီးပွားရေးအပါအဝင် လူ့အဖွဲ့ အစည်းနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အဓိကကျတဲ့မူဝါဒတွေ ချမှတ်နိုင်ခြင်း၊ သဘာဝသယံဇာတ အပါအဝင် တိုင်းပြည်ကပိုင်ဆိုင်တဲ့ဓနကို သာတူညီမျှခွဲဝေသုံးစွဲခြင်း စတာတွေလည်း ပါဝင်ပါ တယ်။

လက်ရှိအချိန် ကချင်ပြည်နယ်လွှတ်တော်ထဲမှာ တပ်မတော်နဲ့ NLD တို့က အင်အားကြီး မားတဲ့ အုပ်စုတွေဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ဦးရေရဲ့  ၁၃ ရာခိုင်နှုန်းကသာ ‘ကချင် ပါတီ’တွေကို ကိုယ်စားပြုပါတယ်။ ၁၃ ရာခိုင်နှုန်းလို့ဆိုရာမှာလည်း တချို့တဝက်က နယ်ခြား စောင့်တပ်တွေကိုကိုယ်စားပြုတဲ့ ပါတီဝင်တွေ ဖြစ်ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်လူဦးရေရဲ့ လေးပုံတပုံဟာ ကချင်ပါတီတွေကို မဲမပေးဘဲ NLD ရယ်၊ တပ်မတော်နဲ့ဆက်နွယ်မှုရှိတဲ့ ပါတီတွေရယ်ကို မဲပေးခဲ့တယ်လို့ အဓိပ္ပာယ်ကောက်ယူလို့ ရပါ တယ်။ ဒီအခြေအနေဟာ ကချင်ပြည်နယ်ရဲ့  အကျိုးအမြတ်နဲ့ အနာဂတ်အမြော်အမြင်ကို ထိခိုက် စေနိုင်ပါတယ်။

နောက်ထပ် စဉ်းစားစရာတခုကတော့ ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ အလုပ်လုပ် နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀ဝဝဝ၀ နဲ့ ၅၀ဝဝဝ၀ ကြားကို NLD က အိမ်ထောင်စု စာရင်း ထုတ်ပေးမယ်လို့ အဆိုပြုလာတဲ့ကိစ္စ ပါပဲ။ ဒီလိုသာ တကယ်လုပ်ဆောင်ခဲ့ရင် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို စိတ် ဝင်စားမှုရှိလိမ့်မယ်လို့ မျှော်မှန်းလို့မရနိုင်တဲ့ ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကချင်ပြည်နယ်အတွင်းမှာ မဲပေးခွင့် ရလာ ကြလိမ့်မယ်။ ကချင်ပြည်နယ် လွှတ်တော်ထဲ မှာတောင် ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ကောင်း ထမ်းဆောင်လာနိုင် မယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံနယ်စပ် မှာ စစ်ရှောင်နေရတဲ့ ကချင်တိုင်းရင်းသား တွေက မဲပေးနိုင်ခြင်းရှိမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအောက်ပိုင်းကနေ ရောက်ရှိလာ တဲ့ ရေမဆေးကျောက်ရှာဖွေသူ အမြောက် အမြားကို အိမ်ထောင်စုစာရင်းပေးမယ်လို့ အခုလိုပြောဆိုလာတာဟာ ကချင်တိုင်းရင်းသားလူဦးရေကို ကမောက်ကမဖြစ်အောင် တမင် ရည်ရွယ်လုပ်ဆောင်တဲ့ ဖြစ်စဉ်ပါလို့ ထင်မြင်ကြသူတွေလည်း ရှိပါတယ်။ ဆိုင်ရာ တိုင်းရင်းသား တွေ စုစည်းနေထိုင်တဲ့ အခြားသောဒေသတွေမှာ တွေ့ရသလိုမျိုး ဗမာဇာတ်သွင်းခြင်းဆိုတဲ့ လျှို့ဝှက်အကြံအစည်ကို အကောင်အထည်ဖော်ဖို့ကြိုးစားတဲ့ ဖြစ်စဉ်သဘောမျိုး ထင်မြင်ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ကချင်ပြည့်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းဟာ ရာဇဝတ်မှုကျူးလွန်သူတွေ ဒဏ်ခတ်ခံရခြင်းမရှိတဲ့ ယဉ်ကျေးမှုတရပ်အတွင်းမှာ ပြုပြင်ပြောင်း လဲမှု ရှာဖွေနိုင်မယ့်ဖြစ်စဉ်ကို ပုံဖော်ထုဆစ်ဖို့အတွက် အခွင့်အလမ်းတွေ ဖြစ်ပါတယ်။ အခုအချိန် အထိတော့ ဒဏ်ခတ်ခံရမှာကို ကြောက်ရွံ့နေစရာမလိုဘဲ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ ဝတ်မှုတွေကို ကျူးလွန်ခွင့်ရနေကြဆဲ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အကောင်အထည်ဖော်ရာမှာ ဖွံ့ဖြိုးရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေလိုပဲ လူထုရဲ့သဘောဆန္ဒ ပါဝင်ရမှာဖြစ်သလို၊ ဆုံး ဖြတ်ချက်ချမှတ်ရာမှာလည်း ပါဝင်ပတ်သက်သူအားလုံးရဲ့ သဘောတူညီမှုကို အလေးထားဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့  အခန်းကဏ္ဍပါဝင်လာပါပြီ။ အရပ် ဘက်အဖွဲ့အစည်းတွေဟာ အများပြည်သူရဲ့ထင်မြင်ချက်ကို စုစည်းပေးနိုင်သလို၊ ‘စုပေါင်းခေါင်း ဆောင်မှု’ (Collective Leadership) ကိုလည်း ဝန်းရံပံ့ပိုးပေးနိုင်လို့ ဖြစ်ပါတယ်။

ပိုပြီးအရေးကြီးတဲ့အချက်ကတော့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ ကချင်လူမျိုးချည်း သာမဟုတ် တိုင်းပြည်မှာ မှီတင်းနေထိုင်သူအားလုံး ပါဝင်နိုင်မယ့် ဖက်ဒရယ်စနစ်ကျင့်သုံးမှုအပေါ် အခြေခံရပါမယ်။ အခုထက်ထိတော့ ဒီကိစ္စဟာ စမ်းတဝါးဝါးဖြစ်နေတဲ့ အကြောင်းရပ်ဖြစ်နေပြီး ဒါကို ကျမတို့အနေနဲ့ ဒီထက်ပို လုပ်နိုင်ရပါလိမ့်မယ်။ ဖြစ်စဉ်လမ်းကြောင်းတလျှောက်မှာလည်း အခြားသော တိုင်းရင်းသားမဲဆန္ဒရှင်အုပ်စုတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် အင်အားကြီးအုပ်စုတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားတွေပေါ့။ ကျမတို့ကို စည်းလုံး ညီညွတ်စေမယ့် အရာတွေကို ရှာဖွေဖော်ထုတ်ရမယ်။ မဲဆန္ဒရှင်အားလုံးရဲ့ လိုအပ်ချက်တွေအပေါ် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို သင်ယူရမယ်။ ပြီးတော့ မိမိရဲ့ တိုင်းရင်းသားအုပ်စုသက်သက်ကိုပဲ ကိုယ်စားပြုတာမျိုးမဟုတ်ဘဲ စုပေါင်းစိတ်ထားတရပ်ကို မွေးမြူရပါမယ်။

ဒါ့အပြင် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုအပေါ်ထားရှိတဲ့ ကျမတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် သယံဇာတကို ဝေခြမ်းသုံးစွဲခြင်း၊ စစ်၊ ဆင်းရဲမွဲတေမှု၊ တိုင်းပြည် အတွင်း ရွှေ့ပြောင်းလုပ်ကိုင်ခြင်း၊ မူးယစ်ဆေးသုံးစွဲမှုနဲ့ မူးယစ်ဆေးစွဲခြင်း၊ မူးယစ်ဆေး ရောင်း ဝယ်ဖောက်ကားခြင်း စတဲ့ ဆက်နွယ်ပြဿနာရပ်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ကျောက်စိမ်း၊ ပယင်း၊ ရွှေ၊ သစ် အစရှိတဲ့ သယံဇာတတွေကို တူးဖော်ထုတ်လုပ် ရောင်း ဝယ်ဖောက်ကားရာမှာ အစိုးရကခွင့်ပြုထားတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် ပြည်နယ်ပြင်ပက လုပ်ငန်းရှင်သူဌေးကြီးတွေကပဲ အမြတ်ထုတ် လုပ်ကိုင်နေကြတာဖြစ်တယ်။ ကချင်လူမျိုး ကျောက်စိမ်းကုန်သည်တွေကျပြန်တော့ ပြင်းထန်တဲ့တားမြစ်ချက်တွေ၊ အကန့်အသတ်တွေနဲ့ ကြုံတွေ့ရပါတယ်။ ကချင်လူမျိုး ကုန်သည်တွေဆိုရင် သူတို့ရဲ့ ကျောက်စိမ်းကို မြစ်ကြီးနားမြို့ ပြင်ပဆီ ယူဆောင်ခွင့်မရှိပါဘူး။ မြစ်ကြီးနားမှာကျတော့ ကျောက်စိမ်းဈေးကွက်က မရှိဘူး။ ကျောက်စိမ်းနဲ့သက်ဆိုင်တဲ့ ကုန်ချောပစ္စည်းတွေကို ရောင်းဝယ်ခွင့်ပေးထားတယ် ဆိုပေမယ့် လည်း အရည်အသွေးသတ်မှတ်ချက် အဆင့်နိမ့်တဲ့ပစ္စည်းမျိုးသာ ဖြစ်ရမယ်။ ဒီတော့ အကျိုး အမြတ် နည်းပါတယ်။ အစိုးရက ကျောက်စိမ်းကုန်သွယ်မှုအပေါ်မှာ အင်မတန်မြင့်မားတဲ့အခွန်မျိုး စည်းကြပ်ပါတယ်။ ဒါပေမဲ့ အဲဒီအခွန်ငွေရဲ့အကျိုးကျေးဇူးကို ခံစားရတဲ့အပိုင်းမှာတော့ ကချင် တွေက ခံစားခွင့်မရှိသလောက်ပါပဲ။ ဥပမာကောင်းတခုကတော့ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပေ မယ့် ၇၃ ဒသမ ၁ ကီလိုမီတာ (၄၈ မိုင်) ရှည်လျားတဲ့ မိုးကောင်း-ဖားကန့် လမ်းမကြီးကို တလက်မကလေးတောင် ပြုပြင်ထိန်းသိမ်းခြင်း မရှိခဲ့ပါဘူး။ တချိန်တည်းမှာပဲ ဗဟိုအစိုးရဟာ မိုင်းတွင်းလုပ်ငန်းကနေ ဘဏ္ဍာငွေ ဘီလီယံပေါင်းများစွာ ရရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဥပဒေအရ ပြည်နယ်အစိုးရအနေနဲ့ အခွန်ငွေ ကောက်ခံခွင့်မရှိပါဘူး။ တိုင်းပြည်ရဲ့ ဘဏ္ဍာ ငွေတွေကို ဗဟိုအစိုးရက နေပြည်တော်ကနေ ကိုင်တွယ်အသုံးပြုတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ ကချင်ပြည်နယ် နယ် စပ်ဒေသက အခြေအနေ ယိုယွင်းဆိုးရွားနေ တဲ့ ယာယီဒုက္ခသည်စခန်း ၁၆၇ ခုမှာ စစ်ရှောင်ပြည်သူပေါင်း ၁၂၀ဝဝဝ ကျော် ခိုလှုံနေထိုင်လျက်ရှိပါတယ်။ အဆိုပါ စစ် ရှောင်ပြည်သူတွေရဲ့ အတိဒုက္ခဟာ လျော့ပါး သွားမယ့်လက္ခဏာ မရှိသေးပါဘူး။ သူတို့ လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးနိုင် အောင်၊ တချိန်တည်းမှာပဲ သူတို့ရဲ့ အိမ် အပြန်နဲ့ ပြန်လည်ထူထောင်ရေးကိုလည်း  အဆင်ပြေချောမွေ့အောင် ဘယ်လိုဆောင် ရွက်ကြမလဲဆိုတဲ့ကိစ္စဟာ အင်မတန် စိုးရိမ်ရ တဲ့ကိစ္စ ဖြစ်လာလို့နေပါတယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း တိုင်းပြည် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ထည့်သွင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။

ကျမတို့ရင်သွေးတွေရဲ့  ပညာရေးနဲ့သက်ဆိုင်တဲ့ အနာဂတ်ဟာ မျှော်လင့်ချက်မဲ့နေဆဲ ဖြစ်တယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကျောင်းတွေမှာ တက်ရောက်တဲ့ ကျောင်းသူကျောင်း သားတွေဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်မရှိပါဘူး။ ဒါကို ၂၀၁၁ ခုနှစ်က စတင်ပြီး အစိုးရက ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ ဒီစာမေးပွဲဟာ တက္ကသိုလ်တက်ရောက်နိုင်ဖို့အတွက် တခုတည်းသောလမ်းကြောင်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာဆိုရင် တက္ကသိုလ်ပညာရေးကို သင်ယူခွင့်မရတဲ့ အထက်တန်းကျောင်းအောင်မြင်ပြီးသား ကချင်လူငယ်ပေါင်း ၁၄၄၅ ဦး ရှိပါ တယ်။ တက္ကသိုလ် တက်ရောက်ခွင့်မရတဲ့အတွက် သူတို့ဟာ အခြားသော တိုင်းရင်းသားမျိုး နွယ်စုဝင်တွေနဲ့ ရောနှောနေထိုင်ခွင့်၊ ပြောဆိုဆက်ဆံခွင့်ကိုပါ ဆုံးရှုံးကြရပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအနှစ်သာရပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲ ရေးတို့ကိုရဖို့ဆိုရင် ပြည်ထောင်စုကိုတွဲဖက်တည်ထောင်သူ လူနည်းစု တိုင်းရင်းသားတွေ၊ အမျိုး သမီးတွေကို မျှတတဲ့အချိုးနဲ့ လွှတ်တော်မှာ ကိုယ်စားပြုခွင့်ပေးရမှာဖြစ်ပါတယ်။ အဲဒီလို ကိုယ် စားပြုခွင့်ပေးနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဌာန်းချက်တွေထည့်သွင်းဖို့ လိုပါ တယ်။ လက်ရှိ တိုင်းရင်းသားပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ၁၀ ရာခိုင်နှုန်းမျှစီသာရှိတဲ့ကိစ္စဟာ တိုင်းရင်းသားတို့နဲ့ အမျိုး သမီးထုရဲ့ အသံ၊ သူတို့ရဲ့လိုလားချက်တွေကို ဖော်ထုတ်နိုင်ဖို့ မလုံလောက်ပါဘူး။

ဒါတွေကိုလုပ်ဆောင်ရာမှာ ဖြတ်လမ်းရယ်လို့ မရှိပါဘူး။ ကျမတို့ဟာ ရနိုင်သမျှ အကူ အညီတွေ၊ ပံ့ပိုးမှုတွေကို ယူကြရပါမယ်။ ကျမတို့ဟာ မိမိကိုယ်မိမိ ဘေးထွက်ထိုင်ပြီးကြည့်နေသူတွေအဖြစ် မရှုမြင်ချင်ဘူးဆိုရင်၊ ပြီးတော့ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီး ထဲမှာ နောက်ကျမကျန်ခဲ့ချင်ဘူးဆိုရင်တော့ဖြင့် ဘယ်သူ့ကိုမှစောင့်မနေဘဲ ပြဿနာတွေကို ကိုယ့်ဘာသာကိုယ် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုဖြစ်ပေါ်စေဖို့အတွက် ရနိုင်သမျှအခွင့်အလမ်းတွေကို လက်မလွှတ်စတမ်း ရယူဖို့လည်း လိုအပ်ပါတယ်။

အယ်ဒီတာမှတ်ချက်

                ယခုဆောင်းပါးကို ဆရာမဆိုင်းရော်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး မောင်ဒေးက မြန်မာဘာသာသို့ ပြန်ဆိုပါသည်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

By ISP Admin
Institute for Strategy and Policy – Myanmar