Institute for Strategy and Policy – Myanmar

တရုတ်၏ ကျက်သရေထိုးစစ်အား မဟာဗျူဟာယဉ်ကျေးမှုရှုထောင့်မှ ချဉ်းကပ်ကြည့်ခြင်း

တရုတ်နိုင်ငံ၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ သုတေသနစာတမ်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းတွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထို စာတမ်းတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာသော တရုတ်၏ လူထုဗဟိုပြု သံတမန် လှုပ်ရှားမှုများ၊ အစိုးရနှင့်ဆက်ဆံရေးအပြင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစုများ၊ အသိပညာရှင် အတတ်ပညာရှင်များကိုဦးတည်၍ ဆက်ဆံရေး ချဲ့ထွင်လာမှုကို လေ့လာခဲ့ပြီး ထိုမူဝါဒများ၏ ရေတိုရေရှည် ရည်ရွယ်ချက်အချို့ကို ဆန်းစစ် ဖော်ပြခဲ့ပါသည်။
ထိုသို့ လေ့လာသုံးသပ်ရာတွင် သမားရိုးကျ နိုင်ငံတကာဆက်ဆံရေး ရှုထောင့်အမြင်များ အပြင် ‘ကွမ်းရှိ Guanxi (Relationship)’ တရုတ်လူ့အဖွဲ့အစည်း၏ ဆက်ဆံရေး အခြေခံအမြင်တခု ကိုပါ မိတ်ဆက်ဖော်ပြခဲ့သည်။ ယင်းဆောင်းပါးတွင် အလွှာစုံဆက်ဆံရေး၊ ဆွဲဆောင်စည်းရုံးနိုင်မှု အင်အား၊ ကွန်းရှိဟုခေါ်သော တရုတ်၏ လူမှုဆက်ဆံရေးအယူအဆ စသည်ဖြင့် အယူအဆ မူဘောင်များ ထည့်သွင်းရေးသားခဲ့သော်လည်း အကျယ်တဝင့်ရှင်းလင်းခဲ့ခြင်း မရှိပေ။
အကြောင်းမှာ လက်တွေ့မူဝါဒရေးရာများကို အဓိက မီးမောင်းထိုးလိုခြင်း ဖြစ်သောကြောင့် သီအိုရီများ၊ အယူအဆမူဘောင်များ အကျယ်တဝင့်ဆွေးနွေးပါက စာတမ်း၏ကျစ်လျစ်မှုအား အားနည်းစေနိုင်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။ စာတမ်းတွင်ပါဝင်သော အယူအဆများ အား အကြိုဆွေးနွေးရန် ဤဆောင်းပါးအား The Myanmar Quarterly ဂျာနယ်အတွက် ရေးသားခဲ့ခြင်းဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် သုတေသနစာတမ်းကို ဦးစွာ ပုံနှိပ် ထုတ်ဝေဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ယခုဆောင်းပါးသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ပုံနှိပ်ထုတ်ဝေ ခဲ့သော တရုတ်နိုင်ငံ၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာ စာတမ်းဖတ်ပြီးနောက် စာဖတ်သူများ ထံတွင် ပေါ်ထွက်လာနိုင်သည့် သီအိုရီနှင့် အယူအဆပိုင်းဆိုင်ရာ ဒွိဟများ၊ မေးခွန်းများကို အဖြေ ရှာရာ၌ တစုံတရာအထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။
အလွှာစုံဆက်ဆံရေး၊ လူထုသံတမန်ရေးနည်းလမ်းများဖြင့် ဆွဲဆောင်စည်းရုံးမှုအင်အား ဖြန့်ကျက်ရန် စသည်တို့အား တရုတ်နိုင်ငံက စတင်အာရုံစိုက်ဆောင်ရွက်လာသည်မှာ မကြာ သေးသော်လည်း ယင်းတို့သည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အထိုက်အလျောက် ဖွံ့ဖြိုး ပြီးသော အယူအဆများဖြစ်ရာ တရုတ်၏ချဉ်းကပ်မူများသည် မည်သို့ကွာခြားပါသနည်း။ ထို့ အပြင် နှစ်လိုဖွယ်ပုံရိပ်နှင့် ဆွဲဆောင်စည်းရုံးခြင်း စသည့် Soft Power အယူအဆများအပြင် Smart Power၊ Sharp Power (ထို Smart Power နှင့် Sharp Power တို့၏ အဓိပ္ပာယ်များကို ဆောင်းပါး၏နောက်ပိုင်းတွင် ဆက်လက်ရှင်းလင်းပါမည်) စသည်ဖြင့် အယူအဆအသစ်များ လည်း ထွက်ပေါ်လျက်ရှိရာ ထိုအယူအဆမူဘောင်များအတွင်း တရုတ်နိုင်ငံ၏ အင်အားနှင့် လွှမ်းမိုးနိုင်မှုများကို မြှင့်တင်ရန်ဆောင်ရွက်ချက်များကို မည်သို့နားလည်နိုင်သနည်း စသည့် မေးခွန်းများအား သီအိုရီနှင့် အယူအဆပိုင်းဆိုင်ရာများနှင့် ချိတ်ဆက်ရှင်းလင်း ဆွေးနွေးသွား မည်ဖြစ်ပါသည်။

အလွှာစုံ သံတမန်ရေးမူဝါဒ
သံတမန်ရေးရာများ ဆောင်ရွက်ခွင့်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ လက္ခ ဏာနှင့် အခွင့်အရေးတရပ်ဖြစ်ပြီး နိုင်ငံကိုကိုယ်စားပြုသော တရားဝင်အစိုးရချင်းသာ သံတမန် ရေးရာကိစ္စများကို ဆောင်ရွက်နိုင်သည်ဟု ယေဘုယျ နားလည်လက်ခံထားကြသည်။ သို့သော် ဒုတိယကမ္ဘာစစ်အပြီးကာလ ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြားသောနိုင်ငံတကာအဖွဲ့အစည်းများ ပိုမို အားကောင်းလာသည့် အခြေအနေတရပ်အောက်၌ သံတမန်ဆက်ဆံရေးတွင် နိုင်ငံတကာ အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားလာရသည်။ ထို့အတူ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှု ပိုမိုများပြားလာသော စစ်အေးလွန်ကာလတွင် နိုင်ငံတကာငြိမ်းချမ်းရေးကို စဉ်းစား ရာ၌ နိုင်ငံအချင်းချင်း အစိုးရအဆင့်ဗဟိုပြုဆက်ဆံသော သံတမန်ဆက်ဆံရေး (Track one diplomacy) သာမက ထိုနိုင်ငံအတွင်းနေထိုင်ကြသော အသိပညာရှင်များ၊ အတတ်ပညာရှင် များ၊ ပြည်သူများ၏ အချင်းချင်း အပြန်အလှန် ရင်းနှီးနားလည်မှုများကိုပါ ပိုမိုအလေးထားလာကြ သည့် ‘သံတမန်ရေးရာ အလွှာ ၂’ (Track two diplomacy) ဆိုသော အယူအဆ သဘောတရား များ စတင်ထည့်သွင်းစဉ်းစားလာခဲ့ခြင်းကို တွေ့ရသည် (Montville, 1991)။ အမေရိကန် ပညာ ရှင်နှစ်ဦးဖြစ်သော Lousie Diamond နှင့် John McDonald တို့က အထက်ပါ ငြိမ်းချမ်းရေး အထောက်အကူပြု အလွှာနှစ်ရပ် သံတမန်ဆက်ဆံရေးကို ထပ်မံအသေးစိတ်ကာ တရားဝင် သံတမန်ဆက်ဆံရေး၊ ပဋိပက္ခဖြေရှင်းရေး ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူ များ၏ ပါဝင်မှု၊ မီဒီယာများ၏အခန်းကဏ္ဍ စသဖြင့် အလွှာကိုးလွှာဖြင့် အသေးစိတ်ခွဲထားပြီး အလွှာစုံဆက်ဆံရေးဟူသော သဘောတရားကို ဖော်ထုတ်ခဲ့သည် (Diamond & McDonald, 1996)။
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်မူ အလွှာစုံဆက်ဆံရေး ကို အကြမ်းဖျင်းအားဖြင့် အလွှာသုံးလွှာ ခွဲခြားထားသည်။ ‘အလွှာစုံဆက်ဆံရေး၏ အလွှာ ၁’ (Track one diplomacy) သည် နိုင်ငံများကို တရားဝင်ကိုယ်စားပြုသော အစိုးရအချင်းချင်းနှင့် သီးခြားတာဝန်ပေးအပ်ခြင်းခံရသော အစိုးရဝန်ထမ်းများအကြား သံတမန်ဆက်ဆံရေးဖြစ်သည်။ ထိုဆက်ဆံရေးသည် နိုင်ငံတော်ကိုတာဝန်ခံထားပြီး၊ သံတမန်ရေးရာ ဆက်ဆံရေးမှ ဆုံးဖြတ် ချက် ရလဒ်များကို နိုင်ငံတော်က အကောင်အထည်ဖော်သည်။
‘အလွှာစုံဆက်ဆံရေး၏အလွှာ၂’ (Track two diplomacy) တွင်မူ အသိပညာရှင်အတတ် ပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေး ဖလှယ်ခြင်းများဖြစ်သည်။ ထိုသူတို့သည် နိုင်ငံတော်ကို တရားဝင်ကိုယ်စားပြုမှုမရှိခြင်းကြောင့် ပိုမိုလွတ်လပ်စွာ ဆွေးနွေးအဖြေရှာနိုင်သကဲ့သို့ အစိုးရ၏မူဝါဒများကို တဖက် တလမ်းမှ သက်ရောက်နိုင်သူများ ဖြစ်ကြသည်။
‘အလွှာစုံဆက်ဆံရေး၏ အလွှာ ၃’ (Track three diplomacy) သည် ပြည်သူအချင်းချင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အချင်းချင်းအကြား အပြန်အလှန် ဆက်ဆံရေးများ၊ ယဉ်ကျေးမှု ဖလှယ်ခြင်းများ အားပေးခြင်းဖြင့် ပြည်သူချင်း ရင်းနှီးနားလည်မှုရရှိအောင် ဆောင်ရွက်ခြင်းဖြစ် သည် (USIP Glossary)။ ‘အလွှာ ၃’ ဆက်ဆံရေးအား ပြည်သူချင်းဆက်ဆံရေးဟု ယေဘုယျ ပြောသော်လည်း နိုင်ငံတနိုင်ငံ၏အစိုးရက ဦးဆောင်ကာ အခြားနိုင်ငံတနိုင်ငံ၏ ပြည်သူများကို မိမိနိုင်ငံပုံရိပ်နှင့်မူဝါဒများအား နှစ်လိုမှုရှိလာစေရန် ဆောင်ရွက်သော သံတမန်ရေးရာလှုပ်ရှားမှု များ (Public Diplomacy) ကိုလည်း အလွှာစုံသံတမန်ရေးရာများအောက်တွင် ထည့်သွင်းဆွေးနွေး မည်ဖြစ်ပါသည်။
မျက်မှောက်ခေတ်တွင် အလွှာစုံ သံတမန်ရေးရာကို ငြိမ်းချမ်းရေးအထောက် အကူပြု မူဘောင်များအဖြစ်သာမက ပိုမိုကျယ်ပြန့်သော နိုင်ငံတကာဆက်ဆံရေး ရည်ရွယ်ချက်များကို ရရှိစေရန် နည်းလမ်းတခုအဖြစ် အသုံးပြုလာသည်ကို တွေ့ရသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအနေဖြင့် ရွေး ကောက်ပွဲမှတက်လာသော အစိုးရတရပ် ပေါ်ထွန်းလာခဲ့သည်။ ထိုအခြေအနေနှင့်အတူ အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်လာပြီး အသစ်တဖန်မွေးဖွားလာခဲ့သည့် မြန်မာနိုင်ငံ၏ လူမှု ရေး၊ နိုင်ငံရေး အင်အားစုများသည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အခင်းအကျင်းသစ်တရပ် ပေါ်ထွက်လာစေခဲ့သည်။ တရုတ်၏မြန်မာမူဝါဒသည် တပ်မတော်အစိုးရကိုသာ ဗဟိုထားပြီး စဉ်းစား အကောင်အထည်ဖော်ခဲ့ခြင်းသည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ရာ ပြောင်းလဲလာ သော အခင်းအကျင်းမှာ တရုတ်အတွက် စိန်ခေါ်မှုတရပ်ဖြစ်ခဲ့သည်။ အခြား နိုင်ငံရေး၊ လူမှုရေး အင်အားစုများ၏ အခန်းကဏ္ဍများ ပိုမိုကျယ်ပြန့်လာသော အခြေအနေအောက်တွင် ယခင်က တဦး၊ တဖွဲ့၊ တယောက်ကိုသာ ဦးတည်ဆက်ဆံခဲ့သောတရုတ်နိုင်ငံသည် အံမဝင်ဖြစ်ခဲ့ရသည်။ သို့ဖြစ်ရာ ပြောင်းလဲလာသော အခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် တရုတ် နိုင်ငံသည် ၎င်းတို့၏ မြန်မာမူဝါဒကို ပြန်လည်သုံးသပ်ပြီး အလွှာစုံဆက်ဆံရေးတရပ်ကို အလျင် အမြန်ပင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ထိုမူဝါဒသစ်အောက်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပေါ်ပေါက်လာခဲ့သော အင်အားစုအသီးသီးနှင့် ဆက်ဆံရေးများ တည်ဆောက် လာသကဲ့သို့ မြန်မာပြည်သူများသို့ မျက်နှာမူသော လုထု သံတမန်ရေးရာလှုပ်ရှားမှုများလည်း ထင်ရှားစွာ ပေါ်ပေါက်လာခဲ့သည်။
တရုတ်-မြန်မာချစ်ကြည်ရေးအသင်းသည် မြန်မာ့လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား ချစ် ကြည်ရေးခရီးစဉ်များ စီစဉ်ပေးခြင်း၊ ချစ်ကြည်ရေးပွဲများပြုလုပ်ခြင်း၊ ပညာရေး၊ လူမှုရေး ကျန်းမာရေး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်လာခဲ့သည်။ အလွှာအသီးသီးမှ ပုဂ္ဂိုလ် များအား လေ့လာရေး၊ ဆွေးနွေးပွဲ၊ စွမ်းရည်မြှင့်သင်တန်း၊ ချစ်ကြည်ရေးခရီး စသည့် ခေါင်းစဉ် များအောက်၌ များပြားလှသော မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံသို့ ဖိတ်ကြားခဲ့သည်။ အဆိုပါအသင်း၏ လမ်းခင်းပေးမှုဖြင့် တရုတ်နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများသည် မြန်မာ နိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့သည်။ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေး ရှင်း၊ တရုတ်နိုင်ငံ အရပ်ဘက်အဖွဲ့အစည်းကွန်ရက်၊ ပိုးလမ်းမ အရပ်ဘက်အဖွဲ့အစည်းကွန်ရက် စသည်တို့သည် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်နည်းတူ မြန်မာနိုင်ငံမှ အဖွဲ့အစည်းများကို ဖိတ်ကာ တရုတ်နိုင်ငံသို့ လာရောက်လေ့လာစေခြင်းများလည်း ရှိခဲ့သည်။

နှစ်လိုဖွယ်ပုံရိပ်နှင့် ဆွဲဆောင်စည်းရုံးနိုင်မူအင်အား
(Soft Power) ရှုထောင့်အမြင်
တရုတ်၏ အလွှာစုံဆက်ဆံရေးနှင့် လူထုသံတမန်ရေးရာ လှုပ်ရှားမှုများအား ရှိရင်းစွဲဖြစ်သော ဆွဲဆောင်စည်းရုံးနိုင်မှု အင်အားဖြန့်ကျက်မှု မူဘောင်ထဲ၌ ထည့် သွင်း ရှုမြင်လေ့ရှိကြသည်။ အမေရိကန် ပါမောက္ခ ဂျိုးဇပ်(ဖ်)နိုင်း(အ်) စတင် ဖော် ထုတ်ခဲ့ပြီး ၂၀ ရာစု နှောင်းပိုင်းမှစတင်၍ ရေပန်းစားခဲ့သော နှစ်လိုဖွယ်ပုံရိပ်နှင့် ဆွဲဆောင်စည်းရုံးနိုင်မှုအင်အား၊ သို့မဟုတ် အပျော့ထည်အင်အားဟူသော အယူအဆ သည် စာဖတ်သူတို့နှင့် ရင်းနှီးပြီးသား ဝေါဟာရတခု ဖြစ်မည်ဟု ယူဆပါသည်။ ဘာသာစကားဖလှယ်ရန် ခက်ခဲသော ကြောင့် ဆွဲဆောင်စည်းရုံးနိုင်မှုအင်အားဟု ဆိုသော်လည်း သူတပါးမလုပ်ချင်သည့် အရာတခုကို ဆောင်ရွက်ချင်လာအောင် မက်လုံးပေးပြီး ဆွဲဆောင်ခြင်းဟူသော သဘောမသက်ရောက်သည်ကို အထူးအလေးပေး ပြောလိုပါသည်။ ပုံမှန်အခြေအနေတွင် အခြားနိုင်ငံတခုက မလုပ်ချင်သည့်၊ လုပ်မည်မဟုတ်သည့် အပြုအမူ၊ ဆုံးဖြတ်ချက်တခုအား စစ်ရေး၊ စီးပွားရေး စသည့် အရင်းအမြစ်များကို အသုံးချကာ ဖိအားပေး ခြင်း၊ မက်လုံးများပေးခြင်းဖြင့် တွန်းအားပေးကာပြုလုပ်စေသည့် အင်အား၊ ပါဝါသည် အမာစား အာဏာ (Hard Power) ဖြစ်ပြီး အခြားနိုင်ငံများအား တွန်းအားပေး တောင်းဆိုမှုများမပြုဘဲ မိမိဖြစ်စေချင်များအား သူ့ဆန္ဒသဘောအလျောက် ပြုမူလာစေနိုင်သော ဆွဲဆောင်မှုအင်အား (power of attraction) ကို အပျော့စားအာဏာ (Soft Power) ဟု ယေဘုယျနားလည်နိုင်ပါသည်။ မျက်မှောက်ခေတ်တွင် ဖိအား၊ တွန်းအားများကို ဖန်တီးနိုင်သည့် အမာထည်အာဏာသည် တဖြည်းဖြည်း အကန့်အသတ်ရှိလာပြီး အခြားနိုင်ငံများအား မိမိလိုချင်သည့်အရာကို စိတ်လို လက်ရ ဆောင်ရွက်စေနိုင်သည့် နိုင်ငံ၏ပုံရိပ်၊ ယဉ်ကျေးမှုအပါအဝင် ထိုနိုင်ငံမှကိုင်စွဲထားသော တန်ဖိုးများနှင့်စံနှုန်းများအပေါ် စသည့် အတွေးအခေါ်များအား တခြားနိုင်ငံများက လေးစား အားကျလက်ခံမှုနှင့် ကျင့်သုံးမှု စသော နှစ်လိုဖွယ်ပုံရိပ်နှင့် ဆွဲဆောင်စည်းရုံးနိုင်မှု (Soft Power) သည်လည်း အရေးပါလာသည်။ သို့သော် တဖက်တွင်လည်း နိုင်ငံတတနိုင်ငံသည် ၎င်း၏ လိုလား ချက်အကျိုးစီးပွားများကို အကောင်အထည်ဖော်ရာ၌ ဆွဲဆောင်စည်းရုံးနိုင်မှုအင်အား အရေးပါ သကဲ့သို့ စစ်ရေး၊ စီးပွားရေးအင်အား၏ အရေးပါမှုကိုလည်း ဆက်လက် အသိအမှတ်ပြုထားပြီး ထိုအင်အားနှစ်ရပ်ကို မျှမျှတတအသုံးပြုရန် လိုအပ်သည်ဟူသော Smart Power အယူအဆများ လည်း ပေါ်ထွက်ခဲ့ပြန်သည်။
Soft Power အကြောင်းဆွေးနွေးရာတွင် ယင်း၏ ဆိုလိုရင်းအဓိပ္ပာယ်၊ Soft Power ကို ဖြစ်စေသည့် အရင်းအမြစ်များနှင့် ရရှိလာစေရန်ကြိုးပမ်းသော နည်းလမ်းများကို ကွဲကွဲပြားပြား နားလည်ရန်လိုအပ်သည်။ Soft Power ဆိုသည်မှာ နိုင်ငံတနိုင်ငံ၏ပုံရိပ်နှင့် ထိုနိုင်ငံ လက်ခံ ကျင့်သုံးနေသော ရိုးရာယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတကာတန်ဖိုးများ၊ စံနှုန်းများအား အခြားနိုင်ငံတနိုင်ငံက နှစ်လိုဖွယ်ရာအဖြစ် ရှုမြင်စေပြီး ပထမနိုင်ငံ၏ လိုလားချက်များအတိုင်း ဒုတိယနိုင်ငံက စိတ်လိုလက်ရပြုမူစေခြင်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးစနစ်၊ နိုင်ငံခြားရေးမူဝါဒ၊ ယဉ်ကျေးမှုနှင့် အနုပညာ၊ လူမူအသိုင်းအဝန်းမှ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ကျင့်သုံးနေသော စံနှုန်းများ၊ တန်ဖိုးများ၊ စိတ်ကူးစိတ်သန်းများ၊ အတွေးအခေါ်များ၊ ထိုနိုင်ငံမှ ထွက်ကုန်များ၊ အမှတ်တံဆိပ်များသည် ထိုနိုင်ငံ၏ Soft Power အရင်းအမြစ်များ ဖြစ်ကြသည်။ ဥပမာ- ဒီမိုကရေစီစနစ်ကို လွတ်လပ်မှု၊ လူသားတဦးချင်းစီ၏ ဖြစ်တည်မှုကို တန်ဖိုးထားမှုများဟု နှစ်လိုဖွယ်ရာအဖြစ်မြင်လေ့ရှိရာ ထိုတန်ဖိုးများသည် Soft Power အရင်း အမြစ်များပင်ဖြစ်သည်။ ထို့နည်းတူပင် ရုပ်ရှင်များ၊ ဂီတများကလည်း နိုင်ငံတနိုင်ငံ၏ နှစ်လိုဖွယ် ပုံရိပ်ကိုဖြစ်စေသော Soft Power အရင်းအမြစ်များ ဖြစ်နိုင်သည်ဆိုသောအချက်ကို ကိုရီးယားဇာတ်လမ်းများ၊ K-pop ဂီတနှင့် မြန်မာပြည်သူများ၏ ကိုရီးယားနိုင်ငံအပေါ်ထားရှိသော ယေဘုယျအမြင်များက သက် သေခံနေသည်။ ၂၀ဝ၀ ပြည့်နှစ်ဆန်းပိုင်းမတိုင်ခင်တွင် ကိုရီးယားနိုင်ငံအားသိရှိသော မြန်မာ ပြည်သူ အကန့်အသတ်နှင့်သာရှိသော်လည်း ဆယ်စုနှစ်တခုအတွင်း ကိုရီးယား စားသောက်ဆိုင် များ၊ ကိုရီးယားအသုံးအဆောင်ပစ္စည်းများကို မက်မက်မောမော ဝယ်ယူသုံးစွဲလာကြသည်မှာ လည်း နှစ်လိုဖွယ်ပုံရိပ်၏ အင်အားများပင်ဖြစ်သည်။ အထက်ပါ အရင်းအမြစ်များသည် နိုင်ငံ တနိုင်ငံ၏ နှစ်လိုဖွယ်ပုံရိပ်ကိုဖော်ဆောင်ပြီး တခြားနိုင်ငံသားများက ထိုနိုင်ငံအား အပြုသဘော ဆောင်သော အမြင်မျိုးကို ဖြစ်စေနိုင်သည်။
တဖက်တွင်လည်း အစိုးရက ထိုအရင်းအမြစ်များကို စနစ်တကျအသုံးချကာ မိမိနိုင်ငံ၏နှစ်လိုဖွယ်ပုံရိပ်ကို မြှင့်တင်နိုင်ရန် ပံ့ပိုးပေးသော လှုပ်ရှားမှုများလည်းရှိသည်။ ထိုလှုပ်ရှားမှုများကို Soft Power Tools များဟု ခေါ်နိုင်သည်။ ဥပမာအားဖြင့် ပညာသင်ဆုများ၊ Exchange Program များ၊ လူထုရေးရာ သံတမန်ရေးလှုပ်ရှားမှုများ (Public Diplomacy) ပါဝင်သည်။ ထူးချွန်ထက်မြက် ပြီး အလားအလာရှိသောသူများကို ပညာသင်ဆုများပေးခြင်း၊ ဖလှယ်ရေး အစီအစဉ်များတွင် ပါဝင်စေခြင်းဖြင့် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံကြသည်။ ကမ္ဘာတဝန်းတွင် အမေရိကန်နိုင်ငံမှ ဖလှယ်ရေးအစီအစဉ်များ၌ပါဝင်ခဲ့ဖူးသူပေါင်း တသန်းကျော်ရှိထားပြီးဖြစ်ကာ ၎င်းတို့အနက် ၅၀ ကျော်မှာ နိုဘယ်ဆုရှင်များနှင့် ၃၅၀ ကျော်မှာ နိုင်ငံနှင့် အစိုးရခေါင်းဆောင်များ ဖြစ်လာခဲ့သည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသည့် တိုနီဘလဲနှင့် ဂေါ်ဒွန်ဘရောင်းတို့သည် ဝန်ကြီး ချုပ်မဖြစ်ခင်ကာလတွင် အမေရိကန်၏ ဖလှယ်ရေးအစီအစဉ်များ၌ ပါဝင်ခဲ့ဖူးသူများ ဖြစ်ကြသည် (US Department of State)။ ထို့အပြင် အစိုးရက ယဉ်ကျေးမှုပွဲတော်များ ကျင်းပခြင်း၊ နိုင်ငံ ခြားသားများအတွက် ဘာသာစကားသင်တန်းများ ဖွင့်လှစ်ခြင်း၊ လူထုရေးရာ သံတမန်နည်းလမ်း တို့ဖြင့် ၎င်းတို့၏ယဉ်ကျေးမှုကို နိုင်ငံခြားသားများ နှစ်သက်လာစေရန် ဆောင်ရွက်ကြသည်။ အခြားနိုင်ငံများမှ ပြည်သူလူထုအား လူမှုရေးရာ အကူအညီများပေးခြင်းဖြင့် မိမိနိုင်ငံ၏ပုံရိပ် ကောင်းမွန်စေရန် ဆောင်ရွက်ကြသည်။
သို့ဖြစ်ရာ တရုတ်၏ မြန်မာမူဝါဒသစ်ဖြစ်သော အလွှာစုံဆက်ဆံရေးမူဝါဒနှင့် လူထု ဦးတည် သံတမန်ရေးရာလှုပ်ရှားမှုများကို Soft Power ဖြန့်ကျက်မှု မူဘောင်အတွင်းမှ ရှုမြင်လာ ကြသည်။ မြန်မာနိုင်ငံအတွင်းမှ မူဝါဒဖော်ဆောင်မှုနှင့် ပြည်သူတို့၏အမြင်ကို လွှမ်းမိုးနိုင်စွမ်း ရှိသည့် အင်အားစုအသီးသီးဖြင့် အပြန်အလှန် ဆက်ဆံရေးတရပ် တည်ဆောက်ခြင်းဖြင့် လက်ရှိ နှင့် အနာဂတ်စီမံကိန်းများအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ မြန်မာ့အလွှာအသီးသီး နှင့် ထိတွေ့ဆက်ဆံပြီး အပြန်အလှန်ရင်းနှီးစေခြင်း၊ တရုတ်နိုင်ငံ၏ သဘောထားဆန္ဒနှင့် ရပ်တည်ချက်တို့ကို မြန်မာပြည်သူများအား ပိုမိုနားလည်စေခြင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု များကို ကိုယ်တွေ့ ခံစားတွေ့မြင်နိုင်ပြီး တရုတ်နိုင်ငံ၏ နှစ်လိုဖွယ်ပုံရိပ်တခုကို တည်ဆောက်ခြင်း ဖြစ်သည်ဟု ယေဘုယျအားဖြင့် ရှုမြင်ကြသည်။ တရုတ်နိုင်ငံကို ရင်းနှီးချစ်ခင်သော အိမ်နီးချင်း ကောင်း၊ တာဝန်သိသော ရင်းနှီးမြှုပ်နှံသူအဖြစ် ရှုမြင်ပါက တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း များအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ လျော့နည်းလာနိုင်သည်။
‘တရုတ်စက် တရက်စုတ်’ ဟုပင် ပြောစမတ်ပြုခဲ့ရသော တရုတ်နိုင်ငံမှကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် နည်းပညာများကို သံသယရှိသော မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံသို့ ခေါ်သွားပြီး တရုတ်၏ နည်းပညာအဆင့်အတန်းများ၊ ဖွံ့ဖြိုးတိုးတက်မှုများကိုပြခြင်းဖြင့် တရုတ် စီမံကိန်းများအပေါ်တွင် ယုံကြည်မှုတိုးတက်လာစေနိုင်သည်။ The Straits Times သတင်းစာတွင် မြန်မာနိုင်ငံမှ သတင်းစာဆရာများ၊ သံဃာတော်များနှင့် အခြား အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ကို တရုတ်နိုင်ငံသို့ခေါ်ယူခြင်းသည် မြန်မာပြည်သူများ၏ နှစ်လိုဖွယ်အမြင်ကိုရရှိရန်ဆောင်ရွက်သော Soft Power တည်ဆောက်မှု ဖြစ်သည်ဟု ဆိုထားသည်။ ထိုသတင်းဆောင်းပါးမှာပင် ယူနန်တက္ကသိုလ်မှ ကထိကတဦးက တရုတ်နိုင်ငံသည် အစိုးရချင်းဆက်ဆံရေးသာမက ပြည်သူ ချင်း ဆက်ဆံရေးကိုပါ ဖော်ဆောင်ရန် လိုအပ်သည်ဟု နားလည်သဘောပေါက်လာခဲ့ပြီး ၎င်း၏မူဝါဒကိုပြောင်းကာ Soft Power တည်ဆောက်ရေးကို ပိုမိုဆောင်ရွက်လာခဲ့သည်ဟု မှတ်ချက် ပေးခဲ့သည် (The Straits Times, 2017)။
လူထုရေးရာသံတမန်ရေးလှုပ်ရှားမှုကို ပြည်ပနိုင်ငံသားများအား ဦးတည်သည့် ဝါဒဖြန့် လှုပ်ရှားမှုဟု ပြောကြသည်များလည်းရှိသည်။ သို့သော် လူထုရေးရာသံတမန်ရေးလှုပ်ရှားမှုနှင့် ပြည်ပဝါဒဖြန့်ချိခြင်းများသည် အခြေခံအားဖြင့် ကွဲပြားချက်များရှိသည်။ နှစ်ခုစလုံး၏ ရည်ရွယ် ချက်မှာ ၎င်း၏ပုံရိပ်ကောင်းမွန်စေရန်နှင့် မူဝါဒများအား ထောက်ခံစေရန်ဖြစ်သော်လည်း လူထု ရေးရာ သံတမန်ရေးလှုပ်ရှားမှုသည် အပြန်အလှန်ဆက်ဆံသည့်သဘော ပိုမိုသက်ရောက်ပြီး ပြည်ပဝါဒဖြန့်ချိမှုသည် အပြန်အလှန်မရှိသော တကြောင်းတည်းဆက်ဆံမှုဖြစ်သည်။ လူထု သံတမန်လှုပ်ရှားမှု၌ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရာတွင် ပြည်သူလူထု၏အသံကို ထည့်သွင်းစဉ်းစားခြင်းမျိုးပါရှိသော်လည်း ဝါဒဖြန့်ချိမှုသည် ၎င်း၏မူဝါဒကို နှစ်ခြိုက်လက်ခံလာ စေရန် တိုက်တွန်းဆောင်ရွက်ခြင်းဖြစ်သည်။ လူထုသံတမန်ရေးလှုပ်ရှားမှုသည် ရေရှည်တွင် အပြုသဘောဆောင်သော ယေဘုယျဆက်ဆံရေးတရပ် ဖော်ဆောင်ရန်ရည်ရွယ်ပြီး ဝါဒဖြန့်ခြင်း တွင်မူ မြင်သာသော ရေတိုရည်မှန်းချက်များ ပါဝင်နေတတ်သည်ကို တွေ့ရသည်။ တခါတရံတွင် Soft Power ခေါင်းစဉ်အောက်၌ ဦးတည်လူထုအကြားတွင် လက်မခံနိုင်သော စီမံကိန်းများကို အကောင်အထည်ဖော်ရန် တိုက်တွန်းသည့် ဝါဒဖြန့်ခြင်းများအား ဆောင်ရွက်သည့်အခါ ထို လှုပ်ရှားမှုသည် Soft Power ဖြန့်ကျက်နိုင်မူအပေါ် အဟန့်အတား ဖြစ်စေတတ်သည်ကို တွေ့ရ သည်။

အနုစားလွှမ်းမိုးမှု (Sharp Power) ရှုထောင့်အမြင်
အခြားနိုင်ငံတနိုင်ငံ၏ အပြုအမူများ၊ မူဝါဒများကို သက်ရောက်လွှမ်းမိုးမှုရှိနိုင်စေရန် အာဏာရှင်နိုင်ငံတချို့၏ ကြိုးပမ်းမှုများသည် ပေါ်ပေါ်ထင်ထင် အကျပ်ကိုင်ဖိအားပေးသည့် Hard Power မဆန်သော်လည်း ၎င်း၏တန်ဖိုး၊ယဉ်ကျေးမှုဓလေ့များအား နှစ်လိုဖွယ်ဖြစ်လာစေခြင်း သက်သက်ကိုသာ အားကိုးထားသော Soft Power ချဉ်းကပ်မှုမျိုးလည်း မဟုတ်ဟု ပညာရှင် တချို့က ထောက်ပြကြသည်(Walker & Ludwig, 2017)။ အာဏာရှင်အစိုးရများသည် ၎င်း၏ပြည်တွင်း၌ နိုင်ငံရေးဗဟုဝါဒများ၊ လွတ်လပ်စွာထုတ်ဖော်မှုများကို ဖိနှိပ်ပြီး ချုပ်ကိုင်နိုင်မှုကို ထိန်းသိမ်းထားသကဲ့သို့ နိုင်ငံတကာနယ်ပယ်တွင်လည်း အလားတူနည်းလမ်းများကို ကျင့်သုံး နေကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်တခုအတွင်း တရုတ်နိုင်ငံသည် ငွေကြေး အမြောက်အမြား သုံးကာ ပြည်သူချင်းဆက်ဆံရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ သတင်းဌာနများ၊ ပညာရေးအစီအစဉ် များ စသည်ဖြင့် ကမ္ဘာတဝှမ်းရှိ လူထုများ၏အမြင်များအပေါ် သက်ရောက်လွှမ်းမိုးနိုင်ရန် ကြိုး ပမ်းခဲ့သည်။ ထိုအစီအစဉ်များသည် ယေဘုယျအားဖြင့် ဆွဲဆောင်စည်းရုံးမှုကို ဦးတည်သော Soft Power လှုပ်ရှားမှုတခုဖြစ်သည့် လူထု သံတမန်ရေးရာ ဆောင်ရွက်မှုအဖြစ် ယူဆ နိုင်သော်လည်း ကွဲပြားသည်မှာ ၎င်း၏အယူ အဆနှင့် မူဝါဒများကို သွတ်သွင်းလက်ခံ စေပြီး အမြင်မတူသည်များကို ကန့်သတ် ဖိနှိပ်ထားရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု လေ့ လာသူ တချို့ကသုံးသပ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံမှ ကျင့်သုံးဆောင်ရွက်လျက် ရှိသော အချို့သော အလွှာစုံဆက်ဆံမှုပုံစံ များနှင့် လူထုသံတမန်နည်းလမ်းများသည် Soft Power ဟုမဆိုသာဘဲ အနုနည်းဖြင့် လွှမ်းမိုးမှု Soft Influence သို့မဟုတ် နိုင်ငံ ရေးအရ လွှမ်းမိုးမှု Political Influence သာ ဖြစ်ကြောင်း ထောက်ပြကြသည်။ တရုတ် နိုင်ငံနှင့် အခြား အာဏာရှင်နိုင်ငံတချို့ အသုံး ပြုသော နည်းလမ်းတချို့သည် နှစ်လိုဖွယ် ရှိပြီး အပြုသဘောဆောင်သည့် Soft Power အယူအဆများနှင့် အခြေခံအားဖြင့်ကွဲပြားရာ ပညာရှင်တချို့ကလည်း Sharp Power သည် အများပြည်သူများ၏စိတ်နှလုံးကို သိမ်းပိုက်နိုင်ရန်၊ ဆွဲဆောင်စည်းရုံးနိုင်ရန် ရည်ရွယ်ဆောင် ရွက်ခြင်းမျိုးမဟုတ်ဘဲ သတင်းအချက်အလက်များ၊ လှုပ်ရှားဆောင်ရွက်နိုင်သည့် ပတ်ဝန်းကျင် များကို ကန့်သတ်ရန် ကြိုးပမ်းခြင်းဖြင့် တဖက်သားအား ကြိုးကိုင်ခြယ်လှယ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသည် (Walker & Ludwig, 2017)။
တရုတ်၏ အလွှာစုံမူဝါဒ တစိတ်တဒေသကို အပျော့စားအာဏာ (Soft Power) ရှုထောင့် မှ နားလည်နိုင်သော်လည်း ထိုမူဝါဒသစ်၏ အစိတ်အပိုင်းတချို့သည် ဆွဲဆောင်နိုင်မှုအင်အား (power of attraction) ကို ဖြန့်ကျက်ခြင်းထက် ပိုနေသည်ကိုတွေ့ရသည်။ Soft Power အယူ အဆအား စတင်ဖော်ထုတ်ခဲ့သူ ဂျိုးဇက်နိုင်းလ်၏အဆိုအရ Soft Power နှင့် Sharp Power တို့ ၏အဓိကကွာခြားချက်သည် အမှန်တရားနှင့် ပွင့်လင်းမှုဖြစ်သည်။ နိုင်ငံတနိုင်ငံ၏နိုင်ငံပိုင်သတင်း ဌာနတခုသည် တခြားနိုင်ငံများ၌ ပွင့်ပွင့်လင်းလင်းအသံလွှင့်ခြင်းသည် Soft Power ဖြစ်ပြီး တခြားနိုင်ငံ၏ ပြည်တွင်းသတင်းနှင့်မီဒီယာများကို တိတ်တဆိတ်ပံ့ပိုးခြင်းသည် Sharp Power ဖြစ်သည်ဟုဆိုသည်။ ထို့အတူ သတိပြုရန်တချက်မှာ အစိုးရတရပ်သည် လူထုရေးရာ သံတမန် နည်းလမ်းများကိုသုံးကာ နိုင်ငံခြားတိုင်းပြည်တခု၏ ပြည်သူပြည်သားတို့ကို ဦးတည် ထိတွေ့ ဆောင်ရွက်ပြီး ထိုသူများအကြား ၎င်းတို့၏ပုံရိပ်ကိုမြှင့်တင်ရန်နှင့် ၎င်းတို့၏မူဝါဒများကို နှစ်သက် လာစေရန် ဆောင်ရွက်ခြင်းသည် Sharp Power ဖြစ်သည်။ သို့သော် ထိုသူများရရှိနိုင်သော သတင်းအချက်အလက် အရင်းအမြစ်များကို နောက်ကွယ်မှလွှမ်းမိုးခြင်း၊ ကြိုးကိုင်ခြင်းဖြင့် ထိုသူ များ၏လိုလားချက်များကို ပြောင်းလဲယိမ်းယိုင်လာစေရန် ဆောင်ရွက်ခြင်းသည် Sharp Power ဖြစ်သည်။
နယူးဇီလန်ပညာရှင်တဦးဖြစ်သူ အန်းန် မေရီ ဘရေဒီက သူ၏ ပဉလက်လက်နက်များ ဟူသော စာတမ်းတစောင်တွင် တရုတ်၏ အလွှာစုံဆက်ဆံရေး နည်းလမ်းများအား နိုင်ငံခြား တိုင်းပြည်များနှင့် ဆက်ဆံရေး၌ ပါတီနိုင်ငံရေး၊ သတင်းမီဒီယာများနှင့် ပညာရေးလုပ်ငန်းများသို့ ထိုးဖောက်ဝင်ရောက်ကာ အဆိုပါတိုင်းပြည်၏ ပြည်သူလူထုနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ သူများ၏ အမြင်များအား လွှမ်းမိုးနိုင်ရန်ကြိုးပမ်းသည့် နည်းလမ်းတခုဟုဆိုခဲ့သည် (Brady, 2017)။ ထိုစာတမ်းတွင် တရုတ်နိုင်ငံသည် နိုင်ငံခြားတိုင်းပြည်များမှ သက်ရောက်နိုင်မှုရှိသည့် နိုင်ငံရေးသမားများအား ပြည်သူချင်း အဆက်အသွယ်ကောင်းများကို သိမ်းသွင်းကာ အစိုးရ၏မူဝါဒများကို လွှမ်းမိုးနိုင်ရန်နှင့် တရုတ်၏ နိုင်ငံခြားရေးမူဝါဒများကို အထောက်အပံ့ဖြစ်စေရန် နည်းလမ်းတခုအဖြစ် အသုံးပြုလျက်ရှိသည်ဟု ဖော်ပြထားသည် (Brady, 2017; p.31)။
တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Soft Power ဖြန့်ကျက် ရေး အစီအစဉ်များသည် ယေဘုယျလက်ခံထားသော အယူအဆများနှင့် ကွာခြားသည့်အချက်မှာ အစိုးရ၏ ဦးစီးဦးဆောင်ပြုမှုဖြစ်သည်။ ဤအချက်ကလည်း တရုတ်နိုင်ငံ၏ နိုင်ငံရေးအခြေအနေ နှင့် အယူအဆများမှာ တရုတ် Soft Power လှုပ်ရှားမှုများအပေါ် သက်ရောက်မှုများရှိနေသည်ကို ဖော်ပြလျက်ရှိသည်။ Soft Power ဟူသောအယူအဆသည် ဒီမိုကရေစီနှင့် အရပ်ဘက်အဖွဲ့ အစည်း အားကောင်းသော အနောက်နိုင်ငံများ၏ လူ့အဖွဲ့အစည်းယဉ်ကျေးမှု၊ တန်ဖိုးနှင့် စံနှုန်း များအပေါ်တွင် အခြေတည်စဉ်းစားခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ တရုတ်၏ Soft Power အယူ အဆသည်လည်း ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုအရေး အမြင်များအပေါ်တွင် အခြေခံပြီးပေါ် ပေါက်လာသည်ကို နားလည်ရမည်ဖြစ်သည်။ ထိုလှုပ်ရှားမှုများသည် Soft Power အယူအဆ များနှင့်ပုံစံအားဖြင့်တူညီသည်ဟု ယူဆဖွယ်ရာရှိသော်လည်း ကျင့်သုံးသောနိုင်ငံများ၏ နောက်ခံ အခြေအနေ၊ မဟာဗျူဟာယဉ်ကျေးမှု ရှုထောင့်များအပေါ်တွင် မူတည်ပြီး လုပ်ထုံးလုပ်နည်း၊ အနှစ်သာရပိုင်းဆိုင်ရာနှင့် ရည်ရွယ်ချက်ပိုင်းဆိုင်ရာများ ကွဲပြားခြားနားမှု ရှိနေတတ်သည်။ သို့ဖြစ်ရာ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံများ၏ နိုင်ငံရေးနှင့် လူမူရေး အခြေအနေများအပေါ် တွင် အခြေတည်ပြီး ပေါ်ပေါက်လာခဲ့သည့် Soft Power အယူအဆအပေါ်တွင် တိကျစွာ သုံးသပ် နိုင်ရန် ခက်ခဲသည်။ အထူးသဖြင့် လက္ကားနိုင်ငံတကာဆက်ဆံရေးသီအိုရီ အယူအဆတခု အောက်၌ ခြုံငုံသုံးသပ်မှုမျိုးသည် မူဝါဒဆောင်ရွက်ချက်များကို နားလည်မှုလွဲမှားခြင်း ဖြစ်စေနိုင် သည်ကို သတိချပ်သင့်ပါသည်။ သို့ဖြစ်ရာ တရုတ်တို့၏ Soft Power ဖြန့်ကျက်သည့် နည်းလမ်း တခုဖြစ်သော အလွှာစုံဆက်ဆံရေးနည်းလမ်းကို သမားရိုးကျအမြင်များမှ ဖောက်ထွက်ကာ တရုတ်လူမှုရေးဓလေ့တခုဖြစ်သည့် ကွန်းရှိ (Guanxi) မဟာဗျူဟာယဉ်ကျေးမှု ရှုထောင့်မှ နား လည်ကြည့်ရန် ကြိုးစားထားခြင်းဖြစ်ပါသည်။

အလွှာစုံဆက်ဆံရေးနှင့် ကွန်းရှိဆက်ဆံရေး ယဉ်ကျေးမှုရှုထောင့်အမြင်
ယဉ်ကျေးမှုဆိုသည်မှာ လူ့အသိုင်းအဝိုင်းတခုအတွင်း သင့်တင့်လျောက်ပတ်သည်ဟု တန်ဖိုးထားလက်ခံနေသော အတွေးအမြင်များ၊ အပြုအမှုများဖြစ်သည်။ အချင်းအရာတခုပေါ် လူသားတို့၏ ရှုမြင်နားလည်ပုံသည် ၎င်းတို့ ယုံကြည်လက်ခံထားသော ယဉ်ကျေးမှုဓလေ့များ အပေါ် များစွာအခြေခံသည်။ သို့ဖြစ်ရာ လူတဦးတယောက်၏ အပြုအမူ၊ ဆုံးဖြတ်ချက်များသည် ယဉ်ကျေးမှုမူဘောင်အတွင်း ပုံပေါ်လာသည်။ ထို့အတူ နိုင်ငံများ၏ မူဝါဒအပြုအမူများကို သုံး သပ်ရာတွင် နိုင်ငံများ၏ မဟာဗျူဟာတွက်ချက်မှုများ၌ ၎င်းတို့လက်ခံထားသော ယဉ်ကျေးမှု များအား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ထောက်ပြလာကြသည် (Colin, 1981; Carnes, 1985)။
၂၁ ရာစုအဝင်မှစကာ တရုတ်သည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အရေးပါသောအခန်း ကဏ္ဍ၌ ပါလာပြီး ကမ္ဘာလုံးချီပြဿနာများဖြေရှင်းရာတွင် တရုတ်၏ရပ်တည်ချက်သည် အခရာ ကျလာခဲ့သည်။ ထိုသို့သောအခြေအနေမျိုးတွင် ကမ္ဘာကြီးအား တရုတ်နိုင်ငံ၏ ရှုမြင်ပုံကို နား လည်ရန် လိုအပ်လာသည်။ အထူးသဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အသွင်လက္ခဏာတို့ကို နိုင်ငံရေး၊ လူမှုရေး သီအိုရီများတွင် ဂုဏ်ယူစွာထည့်သွင်းလေ့ရှိသော တရုတ် နိုင်ငံရေးမဟာဗျူဟာ တွက် ချက်မှုကို နားလည်ရာ၌ တရုတ်တို့၏ အတွေးအခေါ်များအား လွှမ်းမိုးထားသော ယဉ်ကျေးမှုဓလေ့ များကို ထည့်သွင်းစဉ်းစားနိုင်ရန် အရေးကြီးသည်။ တရုတ်၏ အလွှာစုံဆက်ဆံရေးကို ပိုမိုပြည့်စုံစွာသုံးသပ်နိုင်ရန် တရုတ် လူမှုဆက်ဆံရေးအခြေခံဖြစ်သော Guanxi ယဉ်ကျေးမှုကို နားလည်ရန် လိုအပ်သည်ဟု ယူဆပါသည်။
ကွန်းရှိ (Guanxi) ကို ဆက်ဆံရေးဟု တိုက်ရိုက်ဘာသာပြန်နိုင်သော်လည်း တရုတ်တို့၏ ကွန်းရှိယဉ်ကျေးမှုသည် သမားရိုးကျဆက်ဆံရေးများထက် ကျယ်ပြန့်သော သဘောတရားများ ပါဝင်နေသည်။ တရုတ်တို့၏ လူမှုဆက်ဆံရေးတွင် ကွန်းရှိသည် အလွန်အရေးပါပြီး လူမှုဘဝတွင် အောင်မြင်မှုသည် ထိုသူတဦးတယောက်၏ ကွန်းရှိ တည်ဆောက်နိုင်မှုအပေါ်တွင် မူတည်သည်။ မိတ်ဖက်ဆက်ဆံရေးကိုအသုံးပြုပြီး အရင်းအမြစ်များကို လွယ်ကူစွာရရှိစေခြင်း၊ ထိန်းချုပ်ထား သော သတင်းများကို ပိုမိုရရှိစေခြင်း၊ အခြားပြိုင်ဘက်များကို အသာစီးရစေခြင်းတို့ကို ကွန်းရှိ ယဉ်ကျေးမှုတွင် တွေ့ရသည် (Lee & Jae Pae, 2001)။ အောက်စဖို့ဒ်အဘိဓာန်၌ ကွန်းရှိဟူသော ဝေါဟာရကို ‘စီးပွားရေးလုပ်ငန်းများနှင့် အခြား ပတ်သက်ဆက်နွယ်မှုများကို အဆင်ပြေချောမွေ့ စေသည့် လူမှုရေးကွန်ရက်များဖြင့် လွှမ်းမိုးနိုင်မှုရှိသော ဆက်ဆံရေးပုံစံ’ဟု ဖွင့်ဆိုထားသည်။ ကွန်းရှိသည် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန် အပြန်အလှန် မျက်နှာသာပေးမှုများဖြင့် တည်ဆောက်ထားသည့် ပုဂ္ဂိုလ်ချင်းဆက်ဆံရေးတခု ဖြစ်သည် (Luo, 2000)။ တရုတ်တို့၏ လူမှုရေးအပြုအမူများကို နားလည်ရန်နှင့် အဓိပ္ပာယ်ကောက်ယူနိုင်ရန် ကွန်းရှိ မည်ကဲ့သို့အလုပ်လုပ်သည်ဆိုခြင်းအား သဘောပေါက်နားလည်ရန် လိုအပ်သည် (Zhu & Hong, 2009)။
တရုတ် လူမူဆက်ဆံရေးယဉ်ကျေးမှု၌ အောက်ပါလက္ခဏာများရှိသည်။ ပထမအချက် အနေဖြင့် ပုဂ္ဂိုလ်ချင်းဆက်ဆံရေးသည် အလုပ်သဘောဆက်ဆံရေးများ၏ အခြေခံဖြစ်သည် (McLaughlin, 2013)။ ဒုတိယအချက်မှာ တရုတ်ယဉ်ကျေးမှုအရ ဆက်ဆံရေးတရပ်ကို ရေရှည် စဉ်းစားပြီး ရင်းနှီးမြှုပ်နှံလေ့ရှိသည်။ ဆိုလိုသည်မှာ တစုံတဦးကို တခုခုကူညီပေးခြင်း၊ မျက်နှာ သာပေးခြင်းအားဖြင့် ရေရှည်တွင် ထိုသူထံမှ အကူအညီများကို မျှော်လင့်ကြသည် (Smart, 1993)။ တတိယအချက်မှာမှု ကွန်းရှိတွင် အပြန်အလှန်ရှိခြင်းကို လူမှုရေးရာ တာဝန်တရပ်အဖြစ် ရှုမြင်ကြပြီး အပြန်အလှန်ရှိရန် ပျက်ကွက်ခြင်းသည် လူမှုရေးဆိုင်ရာ တာဝန်များကို ပျက်ကွက် ခြင်းအဖြစ် ယူဆကြသည် (Lo & Otis, 2003)။
အချို့ပညာရှင်များကလည်း ကွန်းရှိကို အများလက်ခံကျင့်သုံးနေသည့် အယူအဆတခု ဖြစ်သော ဆက်ဆံရေးကွန်ရက် တည်ဆောက်ခြင်း လူမှုရေး ရင်းနှီးမြှုပ်နှံမှုများနှင့်မကွာဟု ထောက်ပြကြသည် (Ying & Walker, 2006) ဆက်ဆံရေးတခုကို တည်ဆောက်ရာတွင် အပြန် အလှန်ရှိခြင်းကို မျှော်လင့်တတ်ကြသော်လည်း ကွန်းရှိ၏ထူးခြားချက်မှာ အပြန်အလှန်ရှိမှုကို တာဝန်ဝတ္တရားတခုအဖြစ် ရှုမြင်ခြင်းဖြစ်သည်။ ကွန်းရှိကို စတင်တည်ဆောက်နေသောအချိန် တွင် တရုတ်လူမျိုးများသည် ၎င်းတို့၏သဘောထားကြီးမှု ပိုပြနိုင်ရန် အလွန် ဧည့်ဝတ်ကျေပြီး ရက်ရောကြတတ်သည်။ ပြဿနာများ၊ ပဋိပက္ခများကို ဖော့ထားတတ်သည်။ ကွန်းရှိဆက်ဆံရေး သည် မျက်နှာသာပေးခြင်းဖြင့် တာဝန်ဝတ္တရားအကြွေးများကို ဖန်တီးခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အချိန်အကန့်အသတ်မရှိသော ရှေ့လာမည့် ဆက်ဆံရေးများ၌ ၎င်းတို့အား မျက်နှာသာပေးရန် ဝတ္တရားတခုကို တဖက်သားအတွက် ဖန်တီးလိုက်သည် (Gold & Guthrie, 2002)။ သို့သော် ကွန်းရှိဆက်ဆံရေးအတွင်း ဝင်သွားသည်နှင့် တဖက်လူတွင် အပြန်အလှန်ရှိရန် လူမှုရေးဝတ္တရားရှိသည်ဟု မှတ်ယူထားလေ့ရှိသည် (King, 1992)။ ထိုဝတ္တရား ပျက်ကွက်ခြင်းကို လူမှုရေးဝတ္တရားချိုးဖောက်မှုအဖြစ် မြင်ပြီး ဆက်ဆံရေးပျက်ပြားသည်အထိ ဦးတည်သွားနိုင် သည် (Dunning & Kim, 2007)။
လက်ရှိအချိန်အထိ ကွန်းရှိအား လေ့ လာမှုအများစုသည် စီးပွားရေးနှင့် လူမှုဆက် ဆံရေးနယ်ပယ်တွင် ဖြစ်သော်လည်း နိုင်ငံ တကာဆက်ဆံရေး၌လည်း စတင်ထည့်သွင်း စဉ်းစားလာသည်ကို တွေ့ရသည်။ တရုတ် တို့၏ ကွန်းရှိ သဘောထားအမြင်ကို အခြေ ခံပြီး တရုတ်-ဗီယက်နမ် ဆက်ဆံရေးအပေါ် ရေးသားထားသည့် ဆောင်းပါးတခု၌ ဤသို့ သုံးသပ်ထားသည်။ ဗီယက်နမ်နိုင်ငံအား လွှမ်းမိုးနိုင်ရန်အတွက် ဆက်ဆံရေး၏ အစ ပိုင်းတွင် တရုတ်တို့သည် နယ်စပ်နှင့် ပင် လယ်ပိုင်နက် အငြင်းပွားမှုများကို ဘေးချိတ် ပြီး ၎င်းတို့ ကျပ်တည်းနေသည့်ကြားမှပင် အနစ်နာခံမှုများ ပြုလုပ်၍ ဗီယက်နမ်နိုင်ငံ အား နိုင်ငံရေးအရထောက်ပံ့မှုများနှင့် များ စွာသောအကူအညီများ ပေးခဲ့သည်။ ၎င်းတို့ အပေါ် ကျေးဇူးကျွေးတင်နေသည့် ဗီယက်နမ် နိုင်ငံက အပြန်အလှန်ရှိမှုကို မျက်ကွယ်ပြုပြီး ၎င်းတို့နှင့် ဆန့်ကျင်ဘက်လမ်းကြောင်သို့ သွား သောအခါ ဆက်ဆံရေးပျက်စီးခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် စစ်ပွဲဆင်နွှဲခဲ့သည်အထိ ဖြစ်ခဲ့ရသည့်အပြင် တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည်လည်း ကာလအတန်ကြာ အေးစက်သွားခဲ့သည်ဟု သုံးသပ် ထားသည် (Uemura, 2012)။ ၁၉၄၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း တရုတ်-ဗီယက်နမ် ဆက် ဆံရေးကို သက်ရောက်မှုရှိသည့် အခြားအကြောင်းအရာ များစွာရှိမည်ဖြစ်သော်လည်း တရုတ် နိုင်ငံ၏ ယဉ်ကျေးမှုအမြင်များသည် ထိုနိုင်ငံ၏ ပကတိအခြေအနေများအပေါ် သုံးသပ်မှုနှင့် နိုင်ငံ ခြားရေးမူဝါဒအပေါ် သက်ရောက်မှုများ ရှိနေနိုင်ခဲ့သည်ကို တွေ့ရပါသည်။
ခေတ်သစ် တရုတ်-မြန်မာ ဆက်ဆံရေးသမိုင်းတလျှောက်တွင်လည်း ကွန်းရှိမူဘောင် အတွင်းမှ အပြန်အလှန်လက္ခဏာများကို တွေ့နိုင်သည်။ ဥပမာ- ၂၀ဝ၇ ခုနှစ် တပ်မတော်အစိုးရ လက်ထက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဗီတိုအာဏာနှင့်ပယ်ချခဲ့ပြီး မကြာခင်၌ပင် မြန်မာနိုင်ငံ၏ အလယ်ဗဟိုကိုဖြတ်ကာ တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်နှင့် ချိတ်ဆက်ပေးထားသည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါ်လာခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ပတ်သက်သော မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးရာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှရပ်တည်ကာ နိုင်ငံတကာဖိအားများမှ ကာ ကွယ်ပေးခဲ့ပြန်သည်။ နောက်ပိုင်းတွင် ကာလအတော်ကြာ ငြိမ်သက်နေခဲ့သော မြစ်ဆုံအရေး ပြန်လည်အစဖော်လာခဲ့သလို တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်တွင် မန္တလေးကိုဖြတ်ကာ ယူနန်မှ ရန်ကုန်နှင့် ကျောက်ဖြူတို့ကိုချိတ်ဆက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကို တည်ဆောက်လိုကြောင်း ပြောသွားခဲ့ခြင်းသည်လည်း စဉ်းစားဖွယ်ရာဖြစ်သည်။
အလွှာစုံဆက်ဆံရေးအား ကွန်းရှိရှုထောင့်အမြင်မှ မြင်ကြည့်ပါကလည်း နှစ်လိုဖွယ်ပုံရိပ် နှင့် ဆွဲဆောင်စည်းရုံးမှုအင်အား (Soft Power) ရှုထောင့်၊ အနုစားလွှမ်းမိုးနိုင်မူအင်အား (Sharp Power) တို့နှင့် ထပ်တူမကျသော အမြင်သစ်တခုကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာ- အလွှာစုံ သံတမန်ရေးလှုပ်ရှားမှု၏ အားသာချက်တခုမှာ အင်အားစုတခုခုက ဆောင်ရွက်ရန် အကန့် အသတ်ရှိသော အလုပ်တခု၊ ဆက်ဆံရေးတခုကို နောက်အင်အားစုတခုက ပုံစံတမျိုးဖြင့် ဆောင် ရွက်နိုင်ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကိုစီစဉ်ရာတွင် မည်သည့်ခေါင်းစဉ်ဖြင့် ဖိတ်ကြားမည်ဆိုခြင်းကို တရုတ်နိုင်ငံရှိ မူဝါဒအသိုင်းအဝိုင်းအကြား အငြင်းပွားမှုရှိခဲ့သည်။ အတိုက်အခံခေါင်းဆောင်၊ လွှတ်တော်ကိုယ်စားလှယ်တဦးအား တရုတ်နိုင်ငံ၏ခေါင်းစဉ်အောက် တွင် ဖိတ်ကြားရန် အဆင်မပြေသောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နှောင့်နှေးနေ ခဲ့ရာ နောက်ဆုံးတွင် သမ္မတရှီကျင့်ဖျင်က ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနက ပါတီ ချင်း ဆက်ဆံရေးအနေဖြင့်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နည်းတူ နိုင်ငံရေးပါတီတည်ထောင် ရန် အလားအလာရှိသော ဦးကိုကိုကြီး ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို လည်း အရပ်ဘက်အဖွဲ့အစည်း ခေါင်းစဉ်အောက်၌ အလျင်အမြန်ပင် လက်ဦးမှုရယူကာ ဆက်ဆံ ရေးတည်ဆောက်ခဲ့သည်ကို တွေ့ရသည်။
အလွှာစုံဆက်ဆံရေးတွင် ၎င်းတို့နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်လိုသည့် Soft Power၊ လွှမ်းမိုးချုပ်ကိုင်လိုသည့် Sharp Power စဉ်းစား ချက်များပါသလို ၎င်းတို့၏ ရေတို စီးပွားရေး၊ နိုင်ငံရေးအကျိုးစီးပွားများ အကောင်အထည်ဖော်ရာ၌ လိုအပ်သော အချိတ်အဆက်များကို ဖန်တီးလိုသည့် ကွန်းရှိစဉ်းစားချက်များလည်း ပါနေနိုင်သည်။ ထိုအဆက်အသွယ်များကို အဖွဲ့ အစည်းအနေအဖြင့်သာမက ပုဂ္ဂိုလ်ရေး ရင်းနှီးမှုများပါ တည်ဆောက်ထားခြင်းဖြင့် သတင်း အချက်အလက်များရရှိခြင်း၊ ဦးစားပေးခြင်းများဖြင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် ပိုမို အဆင် ပြေချောမွေ့စေခြင်းများကို အပြန်အလှန်အနေဖြင့် မျှော်လင့်ထားနိုင်သည်။ အခြား အရေးကြီး သည့်အချက်တချက်မှာ တဖက်မှ အခြားတဖက်အား အကျိုးပြုနိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ဆုံးရှူံးသွားသည့် အခြေအနေအနေမျိုး သို့မဟုတ် တဖက်မှ အကြောင်းကြောင်းကြောင့် အပြန် အလှန်ရှိခြင်းကို မလိုက်လျောနိုင်သည့်အခါ ရေတိုစီးပွားရေး၊ နိုင်ငံရေး အကျိုးစီးပွားများကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ လုပ်ပိုင်ခွင့်အာဏာနှင့် အပြန်အလှန်ရှိမှုဆိုသော နှောင် ကြိုးဖြင့် တည်ဆောက်ထားသော ကွန်းရှိဆက်ဆံရေးသည် ပြိုပျက်သွားတတ်သည်။

နိဂုံး
တရုတ်၏ လူထုဗဟိုပြု သံတမန်လှုပ်ရှားမှုများနှင့် အလွှာစုံဆက်ဆံရေးတို့သည် မည်သည့်အဓိပ္ပာယ်ဆောင်သည်၊ မည်သည့်ရလဒ်များကို ရည်မှန်းသည်ဆိုခြင်းမှာ တရုတ်၏ မြန်မာမူဝါဒများအပေါ် သက်ရောက်မှုများစွာရှိနေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆွဲ ဆောင်စည်းရုံးမှုအင်အား (Soft Power)၊ ကြိုးကိုင်ချယ်လှယ်ခြင်း (Sharp Power) နှင့် လူမှု အရင်းအနှီးတည်ဆောက်ခြင်း (Guanxi) တို့သည် အယူအဆအားဖြင့် ကွဲပြားမှုများရှိသည့်နည်း တူ အကောင်အထည်ဖော်သည့် နည်းဗျူဟာများ၊ ရည်ရွက်ချက်များလည်း မတူညီကြပေ။
အချုပ်အားဖြင့်ဆိုရသော် Soft Power သည် ကျယ်ပြန့်ပြီး ရေရှည်သဘောဆောင်သော ယေဘုယျနှစ်လိုမှုကို ရရှိစေရန် ဦးတည်ဆောင်ရွက်သည်။ ရေတိုစီးပွားရေး၊ နိုင်ငံရေးအကျိုး စီးပွားများကို ဦးတည်ဆောင်ရွက်ခြင်း မဟုတ်ပေ။ Sharp Power သည် သတင်းအချက်အလက်၊ လူသားအရင်းအမြစ်များ၊ နိုင်ငံရေးသမားများအား ကြိုးကိုင်ခြင်းဖြင့် ၎င်းတို့၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ သို့သော် ကွန်းရှိသဘောအရ ရှုမြင်လျှင်မူ အလွှာစုံဆက်ဆံ ရေး၏ ပိုမိုအသေးစိတ်ကျသော အစိတ်အပိုင်းများကို နားလည်နိုင်ရန် မူဘောင်တခုသာ ဖြစ်နိုင် ပါသည်။ ထိုသဘောတရားအရ အလွှာစုံဆက်ဆံရေးသည် ယေဘုယျဆန်သော ပုံရိပ်ကောင်း များ၊ နှစ်လိုမှုများအပြင် ထိုဆက်ဆံရေးများကိုအသုံးချပြီး ရေတိုအကျိုးစီးပွားမြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များ ပါနေသေးသည်။ ထိုမူဝါဒအောက်ရှိ ရက်ရောမှုများ၊ ဖော်ရွေမှုများ၊ သဘော ထားကြီးမှုများသည် တဖက်နိုင်ငံအား အပြန်အလှန်ဟူသော လေးလံသည့် ဝတ္တရားကြွေးများ တင်ပေးခဲ့ခြင်းဖြစ်ပြီး အခွင့်အခါသင့်သောအခါတွင် ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသည်ဆိုသော မျှော်မှန်းချက်မျိုး ပါရှိနေပါမည်။ ထိုယဉ်ကျေးမှုအရ ကောင်းမွန်သော ဆက်ဆံရေးတရပ်သည် အပြန်အလှန်ရှိပါသည်။ အပေးအယူရှိပါသည်။ တရုတ်တို့၏ အလွှာစုံဆက်ဆံရေးမူဝါဒတွင် အနောက်တိုင်းအယူအဆဖြစ်သော ဆွဲဆောင်နိုင်မှုအင်အားအပြင် တရုတ်ယဉ်ကျေးမှု၏ လွှမ်း မိုးမှုဖြစ်သော ကွန်းရှိယဉ်ကျေးမှု၏ လက္ခဏာများလည်း ထည့်သွင်း နားလည်သင့်ပါသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ပိုမိုတက်ကြွလာသော မြန်မာမူဝါဒနှင့် အလွှာစုံဆက်ဆံရေးကို အပျော့ ထည်အာဏာ ဖြန့်ကျက်ရန်သာရည်ရွယ်သော ယေဘုယျဆန်သည့် ကျက်သေရေထိုးစစ် (Charm offensive) အဖြစ်သာ ရှုမြင်မည်ဆိုပါက ဖြစ်နိုင်ခြေရှိသော မူဝါဒသက်ရောက်မှုများကို လျစ်လျူရှုရာ ရောက်နေပေလိမ့်မည်။

ကျမ်းကိုးစာရင်း
Brady, A.M (2017). Magic Weapons: Chinas political Influence activities under Xi Jinping. Wilson Center, Kissinger Institute on China and United States. September 18.

Carnes, L. (1985). American Strategic Culture, Comparative Strategy, 5(3), 269-93.

Colin. S, G. (1981). National Style in Strategy: The American Example. International Security, 6(2), 21-47.

Diamond, L and McDonald, J. (1996). Multi-Track Diplomacy: A System approach to peace. Kumarian Press Books for a World That Works.

Dunning, J.H. & Kim, C. (2007). The Cultural Roots of Guanxi: An Exploratory Study, The World Economy, 30(2), 331.

Gold, T & Guthrie, D. et.al (Eds). (2002). Social Connections in China: Institutions, Culture and the Changing Nature of Guanxi. Cambridge University.

King. A. (1992). “Ren Ji Guan Xi Zhong De Renqing Fen Xi (Renqing Analysis in Interpernasonal relationship).” in Guo Shuo (Edt.), Chinese Peoples Mind, Guiguan Press. Taiwan, PP75-104.

Lee, D.J & Jae Pae, H. et.al. (2001). A Model of Close Business Relationships in China (Guanxi), European Journal of Marketing (Bradford), 35(1).

Lo, M.C & Otis, E.M (2003). Guanxi civility: Process, potentials and contingencies, Politics and Society, 31, 145.

Luo, Y. D. (2000). Guanxi and Business(M). Singapore: World Scientific Publishing.

McLaughlin, S. (2013). What is Guanxi- Relationships in China. The China Culture Corner. April 21. Retrieved From https://chinaculturecorner.com/2013/04/21/chinese-relationships-guanxi/.

Montville, J. V. (1991). “Track Two Diplomacy: The Arrow and the Olive Branch.” The Psychodynamics of International Relationship, 163-175.

Nye, J.S. (2004). The Benefits of Soft Power, Working Knowledge, Harvard Business School. Retrieved From https://hbswk.hbs.edu/archive/the-benefits-of-soft-power.

Pye.L W. (1993). Chinese Commercial Negotiation style. New York.

Smart, A. (1993). Gifts, bribes, guanxi: A Reconsideration of Bourdieu’s social capital”, Cultural Anthropology 8(3), 388-408.

Sun, Y. (2012). China and the Changing Myanmar, Journal Current Southeast Asian affairs, No (4), 51-77.

The Economist. (2017). China is spending billions to make the world love it, March 23rd. Retrieved From http://www.economist.com/news/china/21719508-can-money-buy-sort-thing-china-spending-billions-make-world-love-it

The Strait Times (2017). Beijing turns to “soft power” to win over the people. May 16. Retrieved From http://www.straitstimes.com/world/beijing-turns-to-soft-power-to-win-over-the-people

Uemura, T. (2012). Chinese and Foreign Relations Cultural Construction of Identity, Turkish Journal of International Relations, 11 (4), Winter, 153-182.

US Department of State. Alumni Achievements. https://alumni.state.gov/featured-alumni/alumni-achievements

USIP Glossary. “Tracks of Diplomacy”, United States Institute of Peace. Retrieved From https://www.usip.org/glossary/tracks-diplomacy

Walker, C and Ludwig, J.(2017). The meaning of Sharp Power. Foreign Affairs. Retrieved From https://www.foreignaffairs.com/articles/china/2017-11-16/meaning-sharp-power

Ying, L.S & Walker, A. (2006). Explaining Guanxi: The Chinese Business Network. New York: Routledge.

Yuan, Z & Zhang, ZH. ( 2016). China boosts soft power by training foreign journalists. China daily. Retrieved From http://www.chinadaily.com.cn/china/2016-10/17/content_27077588.htm.

Zhu, D.S. & Hong, H.C. (2009). “Guanxi and Consumers” perceived Pre-purchased Risk A Moderating Effect of Consumer Enterprise, Management Review, 19 (2), 197-232.

About the author

Khin Khin Kyaw Kyee

Khin Khin Kyaw Kyee is the Deputy Director of Research and Head of China Desk in ISP Myanmar. She holds a Bachelor of Arts in Chinese Language from Mandalay University of Foreign Language and also obtained MA International Relations from Yunnan University in 2011 and MA International Studies and Diplomacy from School of Oriental and African Studies (SOAS) in 2016. She has experience in working with various international scholars, as well as CSOs, NGOs and INGOs since 2007. Her current research focus is on China-Myanmar relations, China’s Myanmar policy and One Belt One Road Initiative. Her research interest includes Foreign Policy, Public Diplomacy & Nation Branding, Non-traditional security issues and Geo-politics of Myanmar.

Add comment

Institute for Strategy and Policy – Myanmar