Institute for Strategy and Policy – Myanmar

လက်နက်ကိုင်ဆန့်ကျင်မှုများ၏မူလအစ
စေ့ဆော်မှုမဟာဗျူဟာနှင့် နည်းဗျူဟာများ
ဒေးဗစ်စကော့မက်သီဆင်

ယခုအညွှန်းသည် Seth G. Jones, Waging Insurgent Warfare. Lessons from the Vietcong to the Islamic State, New York: Oxford University Press, 2017 စာအုပ်ကို ဝေဖန်သုံးသပ် ဖော်ပြထားခြင်းဖြစ်သည်။

သောင်းကျန်းသူဆန့်ကျင်ရေး စစ်ဆင်ရေးတွေအပေါ်လေ့လာမှု (COIN) ဟာ၊ ၂၀ဝ၃ ခုနှစ်ဝန်းကျင်မှာ တကျော့ပြန် ခေတ်စားလာပါတယ်။ အကြောင်းကတော့ အမေရိကန် ပြည် ထောင်စုနဲ့ ၎င်းရဲ့မဟာမိတ် အနောက်နိုင်ငံတပ်ဖွဲ့တွေက အီရတ်နဲ့ အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်း စစ်ထဲမှာ နစ်မြုပ်ခေါင်းမဖော်နိုင် ဖြစ်နေကြရတာကြောင့်ပါ။ အင်ဒိုချိုင်းနားစစ်ပွဲတွေအတွင်း အမေရိကန်ပြည်ထောင်စုက ဆယ်စုနှစ်နှစ်ခုစာလောက် ပါဝင်ပတ်သက်ခဲ့လို့ သောင်းကျန်းသူ ချေမှုန်းရေးစစ်ဆင်ရေး (COIN) နဲ့ပတ်သက်ပြီး၊ ခက်ခဲတဲ့သင်ခန်းစာတွေ ရရှိခဲ့ဖူးပါတယ်။ အဲဒီ သင်ခန်းစာတွေကိုလည်း မေ့မေ့ပျောက်ပျောက် ရှိနေခဲ့ကြပါတယ်။ စစ်အေးခေတ်အတွင်းမှာ တော့ အနောက်စစ်အုပ်စု တပ်မတော်တွေအနေနဲ့ ဥရောပမှာ ဝါဆောစစ် အုပ်စုဝင်တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တွေ့ဖို့၊ အကြီးစား ပုံမှန်စစ်ပွဲကြီးတွေအတွက်ပဲ အစီအစဉ်ဆွဲ ပြင်ဆင်ထားခဲ့ကြပါတယ်။ ၁၉၉၀ ပြည့်နှစ်များမှာ ပေါ်ပေါက်လာတဲ့ ရှုပ်ထွေးပွေလီတဲ့ နိုင်ငံရေးအခင်းအကျင်းတွေအတွက် မျှော်လင့်ပြင်ဆင်ထားမှု အားနည်းခဲ့ပါတယ်။ အဲဒါအပြင် ဆိုမာလီယာနဲ့ ယခင် ယူဂိုဆလား ဗီးယားမှာ ရှုပ်ထွေးပြန့်ကျဲ၊ ကပ်ဘေးသင့်သလို အခြေအနေမျိုးတွေကြားထဲ လူသားချင်းစာနာမှု အရ ဝင်ရောက်စွက်ဖက်ရတာမျိုးတွေအတွက်လည်း ကြိုတင်မျှော်လင့်ထားတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ အင်အားစုဘက်ပေါင်းစုံ ပါဝင်ပတ်သက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ အရေးအခင်းများ တွေမှာ ပါဝင်ရဖို့ဖြစ်လာတာကြောင့် အနောက်တိုင်း စစ်ရေးအစီအစဉ် ချမှတ်သူတွေအနေနဲ့ ကျမ်းရိုး သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေးကိစ္စတွေကို ပြန်ကြည့်ရဖို့ တွန်းအားဖြစ်လာစေ ပါတယ်။ အယ်လ်ဂျီးရီးယားအရေးမှာ ပြင်သစ်က လုပ်ဆောင်ခဲ့ရတာတွေနဲ့ မာလာယုကျွန်းဆွယ် မှာ ဗြိတိသျှစစ်တပ်တွေ ရခဲ့တဲ့အတွေ့အကြုံများ၊ အခြားသော ပြည်တွင်းစစ်များက သင်ခန်းစာ တွေကို ကြည့်လာရပါတော့တယ်။
ဒီစာအုပ်မှာတော့ စာရေးသူ ဆက်သ်ဂျုံး (Seth Jones) ရဲ့ လေ့လာမှုအသစ်က လက်နက် ကိုင်ဆန့်ကျင်မှုများရဲ့ မူလအစ၊ ယင်းအဖွဲ့အစည်းများနဲ့ ယင်းတို့ရဲ့ စေ့ဆော်မှုများ၊ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို ကြည့်ပါတယ်။ သူက အဲဒီအဖွဲ့အစည်းတွေကို ကြည့်မြင်ထားပြီး၊ အကျယ် အပြန့်သော စိတ်ဝင်စားဖွယ် ဖြစ်ရပ်လေ့လာမှုများ (case studies) နဲ့ ကာလ အပိုင်းအခြားတွေ ကိုလည်း ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ်က အဓိကမေးခွန်းလေးခုကို ဖြေဆိုဖို့ ကြိုးပမ်းထားတာ တွေ့ရပါတယ်။
မေးခွန်းတွေကတော့
(၁) လက်နက်ကိုင်ဆန့်ကျင်မှုတခု ဖြစ်ပေါ်လာစေဖို့ အကြောင်းရင်းတွေဟာ ဘာတွေလဲ။
(၂) လက်နက်ကိုင် ဆန့်ကျင်မှုတခုကို လုပ်ဆောင်တဲ့အခါမှာ အဓိက ပါဝင်တဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေက ဘာတွေဖြစ်နိုင်မလဲ။ မဟာဗျူဟာ၊ နည်းဗျူဟာတွေ၊ အဖွဲ့အစည်း ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ ပြင်ပအထောက်အပံ့ရှာဖွေခြင်း အစရှိသဖြင့် ကိစ္စတွေပါ။
(၃) လက်နက်ကိုင် ဆန့်ကျင်မှုတွေက ဘယ်လို အဆုံးသတ်လေ့ရှိသလဲ။
(၄) ဒီလေ့လာမှုကနေပြီး သောင်းကျန်သူချေမှုန်းရေး၊ စစ်ဆင်ရေးအတွက် ဘယ်လို သင်ခန်းစာတွေ ရရှိနိုင်သလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဆက်သ်-ဂျုံးကတော့ လက်နက် ကိုင်ဆန့်ကျင်မှုဆိုတာ ‘အစိုးရတရပ်ကို ဖြုတ်ချရန်၊ သို့မဟုတ် နိုင်ငံတနိုင်ငံမှ ခွဲထွက်ရန် အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့တဖွဲ့၊ သို့မဟုတ် အဖွဲ့များက ဆောင်ရွက်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးလှုပ်ရှားမှု’လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ (စာ-၇)

ဒုတိယကမ္ဘာစစ်အပြီး ကာလကနေ ၂၀၁၅ ခုနှစ်အထိ ပျမ်းမျှအားဖြင့် ၁၂ နှစ်မှ ခုနစ်နှစ်အထိကြာမြင့်တဲ့ ပဋိပက္ခစစ်ပွဲတွေ အပါအဝင် လက်နက်ကိုင် ဆန့်ကျင်မှုပေါင်း ၁၈၁ ခုခန့် ရှိခဲ့တယ်လို့ ဂျုံးက ခန့်မှန်းတင်ပြ ထားပါတယ်။ လက်နက်ကိုင် ဆန့်ကျင်မှု အရေအတွက် အများဆုံးဖြစ်ခဲ့တဲ့ အချိန်က တော့ လူအသေအကြေများခဲ့တဲ့ စစ်အေး တိုက်ပွဲလွန်ကာလဖြစ်တဲ့ ၁၉၉၂ ခုနှစ်ဖြစ်ပြီး၊ လက်နက်ကိုင်ဆန့်ကျင်မှု စုစုပေါင်း ၆၀ ခန့် ရှိခဲ့ပါတယ်။ ယခုလက်ရှိ ကာလမှာတော့ ကမ္ဘာတဝန်းလုံးမှာ လက်နက်ကိုင်ဆန့်ကျင်မှု စုစုပေါင်း ၃၈ ခုရှိပြီး ယင်းတို့အနက်မှ ခြောက် နိုင်ငံကတော့ တချိန်တည်းမှာပဲ လက်နက်ကိုင် ဆန့်ကျင်မှုပေါင်းစုံ ရင်ဆိုင်နေရတာ ဖြစ်ပါ တယ်။ အဲဒီ ခြောက်နိုင်ငံကတော့ မြန်မာ၊ အိန္ဒိယ၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ဖိလစ် ပိုင်နဲ့ ယီမင်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစစ် သက်တမ်း အရှည်ဆုံးနဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ အရှုပ်ထွေးဆုံးအဖြစ် ထူးခြားနေတာလည်း ဖြစ်ပါတယ်။ ဂျုံးက လက်နက်ကိုင်ဆန့်ကျင်မှု ၁၈၁ ခု ပါဝင်တဲ့၊ ကျယ်ပြန့်သော အချက်အလက် စုဆောင်းမှုကို အသုံးပြုပြီး၊ အံ့ဩဖွယ် နိဂုံးချုပ်မှုကို ဖော်ပြခဲ့ပါတယ်။ လက်နက်ကိုင်ဆန့်ကျင်မှု ၁၈၁ ခုအနက်မှ ၃၅ ရာခိုင်နှုန်းဟာ အစိုးရတရပ်ကိုဖြုတ်ချဖို့၊ ဒါမှမဟုတ် လွတ်လပ်ရေးရရှိဖို့ ဦးတည်ချက် အောင် မြင်ခဲ့ပြီး၊ ၃၆ ရာခိုင်နှုန်းကတော့ အစိုးရတွေက စစ်မြေပြင်တိုက်ပွဲတွေမှာ ချေမှုန်းနိုင်ခဲ့ပါတယ်။ ကျန် ၂၉ ရာခိုင်နှုန်းကတော့ (သရေပွဲ) တနည်း သဘောတူညီမှုရတာ၊ သို့မဟုတ် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေဖြစ်သွားတာ တွေ့ရပါတယ်။ စာရေးသူရဲ့ မှတ်ချက်အရ ‘သင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်နက်ကိုင်ဆန့်ကျင်မှုတွေကို စစ်မြေပြင်မှာပဲ ဖြေရှင်းလို့ရတယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ မဟုတ်ဘူး’လို့ ဆိုထားပါတယ်။ (စာ-၁၀)
ဂျုံးက လက်နက်ကိုင်ဆန့်ကျင်မှုတခုကို အဓိကကျတဲ့ ဇာတ်ကောင် (actor) သုံးဦးထား ပြီး လေ့လာခဲ့ပါတယ်။ လက်နက်ကိုင်သူနှင့် ၎င်းတို့ရဲ့ ဒေသခံမဟာမိတ်များ၊ အစိုးရနှင့် ၎င်းရဲ့ မဟာမိတ်များ (ဥပမာ- ပြည်သူ့စစ် လက်နက်ကိုင်တပ်ဖွဲ့လိုမျိုး)နဲ့ ပြင်ပနိုင်ငံများနဲ့ ၎င်းတို့ လက်ဝေခံအုပ်စုတွေ အစရှိသဖြင့် လေ့လာခဲ့ပါတယ်။ သူက သတိပေးဖော်ပြတာကတော့ သူတို့ရဲ့ မဟာဗျူဟာရဖို့ လက်နက်ကိုင်ဆန့်ကျင်သူတွေက ဘယ်လို ဆောင်ရွက်ကြသလဲဆိုတာ ပဲ ဖြစ်ပါတယ်။ သူ့ဖော်ပြချက်အရ ပြောက်ကျားစစ်ပွဲ ဆင်နွှဲသလား၊ သမားရိုးကျစစ်ပွဲလား၊ ပြစ်ဒဏ်ပေးခြင်း (လူထုအပေါ် လက်စားချေတိုက်ခိုက်ခြင်း)မျိုး လုပ်သလား စသည်ဖြင့် ဘယ်လို တိုက်ခိုက်ပုံကို ရွေးချယ်သလဲဆိုတာ ဖြစ်ပါတယ်။ နည်းဗျူဟာကလည်း အရေးကြီးပါတယ်။ ခြုံခိုတိုက်ခိုက်ခြင်း၊ ရုတ်တရက် ဝင်ရောက်စီးနင်းခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ သပ်လျှိုချိနဲ့ခြင်း၊ လုပ်ကြံခြင်း၊ ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းနဲ့ ဗုံးခွဲတိုက်ခိုက်ခြင်းတွေ ဆောင်ရွက်လေ့ ရှိပါ တယ်။ ဒါပေမဲ့ ချိန်ဆတွက်ချက် လုပ်ကြတာပါ။ အကြောင်းကတော့ ‘လက်နက်ကိုင်အဖွဲ့တွေက ဒီတိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို မခွဲခြားဘဲ ထိခိုက်သေကြေစေမယ်ဆိုရင်တောင် ပြည် တွင်းနဲ့ နိုင်ငံတကာ ထောက်ခံမှုတွေကို လျော့နည်းပျက်စီးစေမှာမျိုး မဖြစ်အောင် ရှောင်ကြဉ် ကြပါတယ်’။ ဒေသခံလူထုတွေကို လွန်ကဲစွာ ပြစ်ဒဏ်ပေးတာမျိုး အပါအဝင် နည်းဗျူဟာ တွေကတော့ ထောက်ခံမှု ကျဆင်းစေပါတယ်။ အောင်ပွဲမရနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်’ (စာ- ၁၁) အခြား ထည့်သွင်းစဉ်းစားချက်တွေမှာတော့ အဖွဲ့အစည်းဖွဲ့စည်းမှု ရွေးချယ်ပုံပါ။ လူထု ဆက်ဆံရေးနဲ့ ဝါဒဖြန့်မှုအပါအဝင် သတင်းပြန်ကြားရေးလုပ်ငန်းများ၊ ပြင်ပ အထောက်အပံ့ ရယူခြင်း ကိစ္စတွေကိုလည်း စဉ်းစားကြပါတယ်။
အခန်း ၂ မှာတော့ လက်နက်ကိုင်ဆန့်ကျင်မှုတခု စတင်ခြင်းကို ဖော်ပြထားပါတယ်။ အဲသည်မှာ ၂၀ဝ၆ ခုနှစ် အောက်တိုဘာလမှာ စတင်ပေါ်ပေါက်လာတဲ့ အာရ်ကန်ရိုဟင်ဂျာ ကာ ကွယ်ရေးတပ်မတော် (ARSA) ပေါ်ပေါက်လာပုံနဲ့ နောက်ပိုင်း လူသေကြေမှုတွေဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ မောင်တောခရိုင်တွင်း ရဲကင်းနဲ့ တပ်စခန်းတွေကို တိုက်ခိုက်မှုတွေ အကြောင်း ရေးသားထားပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်မလာခင် လများအတွင်း ARSA အဖွဲ့ဝင်တွေက ယင်းဒေသတခုလုံးက ရွာလူကြီးတွေနဲ့ ရဲသတင်းပေးအချို့ကို သတ်ဖြတ်မှုများနဲ့ စတင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ကို ထိန်းချုပ်ခြင်းလို့ဆိုရမယ့် လုပ်ငန်းတွေ၊ လုံခြုံရေးတပ်ဖွဲ့များထံ သူတို့ရဲ့ ဖွဲ့စည်းပုံသတင်းရောက်ရှိမှုလျော့နည်းစေရေး စတဲ့၊ ကျမ်းရိုး သူပုန်ထမှု မဟာဗျူဟာ များကို ကျင့်သုံးခဲ့ကြပါတယ်။ အဲဒီနောက် သီးခြားဖြစ်နေတဲ့ ရဲကင်းများကို တိုက်ခိုက်ပြီး၊ လက် နက်များသိမ်းပိုက်ခြင်း၊ အစိုးရဘက်က အရပ်သားများအပေါ် ပြင်းထန်တဲ့ဖြိုခွင်းမှုများနဲ့ တုံ့ပြန် လာတဲ့အခါ မကျေမချမ်းမှုတွေကို မီးလောင်ရာလေပင့် ဖြစ်လာစေပါတယ်။ ဒီလိုအခြေအနေ တွေက သန္ဓေသားအဖြစ်ပဲ ရှိနေသေးတဲ့ လက်နက်ကိုင်အုပ်စုအတွက် ဒေသခံတွေဆီက ထောက်ပံ့မှု ရရှိစေပါတယ်။
ဂျုံးက လက်နက်ကိုင်ဆန့်ကျင်မှုများဟာ အကျယ်အပြန့်သော အကြောင်းရင်း သုံးခု ကြောင့် ဖြစ်ပေါ်လာစေတယ်လို့ ဖော်ပြပါတယ်။ နစ်နာမကျေချမ်းမှု၊ အုပ်ချုပ်မှုစနစ်အား နည်း ခြင်းနဲ့ မတော်လောဘကနေ အစပြုတယ် ဆိုပါတယ်။ ပဋိပက္ခတွေအပေါ် လေ့လာကြတဲ့အခါ နှစ်ပေါင်းများစွာပဲ စစ်ပွဲတွေဟာ ‘နစ်နာမကျေချမ်းမှု’တွေကြောင့် ဖြစ်ရတယ်၊ ‘မတော်လောဘ ကြောင့် ဖြစ်ရတယ်’ဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေက လွှမ်းမိုးထားခဲ့ပါတယ်။ စစ်ပွဲတွေဟာ မတော် လောဘကြီးတဲ့၊ အခွင့်အရေးမျှော်ကိုးသူ သူပုန်တွေကြောင့် ဖြစ်ရတယ်လို့ အီကိုနို မက်ထရစ် စစ်တမ်း (Econometric Surveys) များကို အခြေခံတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပြီးတဲ့ နောက်၊ ရှုပ်ထွေးပွေလီတဲ့ နစ်နာမကျေချမ်းချက်တွေကို အာရုံမစိုက်ဘဲနေတာတွေ ဖြစ်လာခဲ့ပါ တယ်။ ဖိနှိပ်တဲ့၊ သို့မဟုတ် အားနည်းချိနဲ့တဲ့ ဗဟိုအစိုးရတွေကလည်း မဖြေရှင်းဘဲ ထားခဲ့ကြပါ တယ်။ အကြမ်းဖက်မှု၊ ပြည်တွင်းစစ်ကိစ္စတွေနဲ့ ပတ်သက်လို့ လေ့လာမှုမှာ လူအများ လေးစား ခံရသူ ပညာရှင်တဦးဖြစ်တဲ့ စတာဿစ် ကာလီဗာစ် (Stathis Kalycas) ကို ကိုးကားလို့ ဂျုံးက ဖော်ပြပါသေးတယ်။ ဒီလို အခြေခံအကြောင်းအချက်တွေအားလုံး အပြန်အလှန် သက်ရောက် နေမှုအပေါ်မှာ သုံးသပ်လေ့လာဖို့ သူက တောင်းဆိုထားတာပါ။
နစ်နာမကျေချမ်းမှုတွေက ပုံစံမျိုးစုံနဲ့ လာနိုင်ပါတယ်။ စီးပွားရေးအရ တန်းတူညီမျှမှု မရှိခြင်း၊ လူမျိုးစုရေးရာ ကွဲပြားခြင်း၊ ဒါမှမဟုတ် ဖိနှိပ်ခံရခြင်း၊ ဘာသာရေးအရ ကွဲပြားခြင်း စသည်ဖြင့် ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာရှိနေခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင်ဆန့်ကျင်မှုက၊ ဒီအချက်တွေအားလုံး ရောပြွမ်းရှုပ်ထွေးစွာ တည်ရှိနေပါတယ်။ ဒါ့အပြင် ပိုလို့ တန်းတူညီမျှရှိစေရေး တောင်းဆိုချက်၊ အင်အားစုအားလုံးပါဝင်နိုင်ရေး စတဲ့ တောင်းဆိုချက်တွေ ကိုလည်း အရပ်ဘက်နဲ့ စစ်ဘက်အစိုးရရဲ့ အသိုက်အဝန်းတွေအတွင်းမှာ ကြားသိနိုင်ဖို့ ပျက်ကွက် ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အဖြေရှာဖြေရှင်းရေးအတွက် စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရပါတယ်။ ချိနဲ့ အား နည်းတဲ့ အစိုးရတွေက လက်နက်ကိုင်သူပုန်ထမှုကို ဖြစ်ပေါ်စေပါတယ်။ နိုင်ငံတော်အစိုးရအဖြစ် တည်ရှိနေတဲ့၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်အပေါ် အမြင်မကျေနပ်တဲ့အခံနဲ့ မြင်လေ့ရှိကြပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ဆန့်ကျင်သူတွေက ‘အဖွဲ့အစည်းတွေ စတင်ထူထောင်ပြီး၊ သူလျှိုလို့ ယူဆရတဲ့ သူများအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်နိုင်ခြင်းဟာ တောင်တန်းဒေသဖြစ်ခြင်း စတဲ့ ပထဝီဝင်အနေအထားနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်’ (စာ- ၂၇) လက်နက်ကိုင် သူပုန်ထမှု တခုရဲ့ ကနဦးအဆင့်တွေကို ဒေါက်တာကျောက်ဇန်းယောင်ဝေ (Dr. Chao Tzang Yawn-ghwe) ရေးသားတဲ့ ‘မြန်မာပြည်မှရှမ်းများ- ရှမ်းပြည်ပြေးတဦး၏ ကိုယ်တွေ့ မှတ်တမ်းများ (The Shan of Burma: Memoirs of a Shan Exile)’မှာ ရှမ်းပြည်တပ်မတော်ရဲ့ အစောပိုင်း ကာလတွေကို ဖော်ပြထားတာ တွေ့ရပါလိမ့်မယ်။
မတော်လောဘ (greed) နဲ့ပတ်သက်လို့ ဖော်ပြထားတာတော့ နည်းနည်းပဲ ပါရှိပါတယ်။ ဒါပေမဲ့ အင်မတန်ကောင်းမွန်တဲ့ အချက်တခုကို ဆွေးနွေးထားပါတယ်။ ၂၀ဝ၀ ပြည့်နှစ်များရဲ့ အစောပိုင်းကာလတွေမှာ သီရိလင်္ကာနိုင်ငံက တမီးလ်အီလမ် လွတ်မြောက်ရေးကျားတပ်ဖွဲ့ (LTTE) က ၎င်းတို့တပ်ဖွဲ့များရဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ဝ မှ ၃၅၀ အထိ အသုံးပြုခဲ့ပါတယ်။ ဒီပမာဏဟာ သီရိလင်္ကာ အရှေ့မြောက်ပိုင်းဒေသရဲ့ စုစု ပေါင်း ဂျီဒီပီ ၂၀ ကနေ ၃၅ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ရေနံ၊ မူးယစ်ဆေး၊ ကျွန်းသစ်နဲ့ အဖိုးတန် ကျောက်များ စတဲ့ လုယက်ဖွယ်အရာများ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး နစ်နာမကျေနပ်မှုများ၊ ချိနဲ့အားနည်းတဲ့အစိုးရ စတဲ့ အချက်များစွာ ရှိနေပေမယ့်လည်း၊ စာရေးသူ ဂျုံးက ကောက်ချက်ချ တာကတော့ ‘များသောအားဖြင့် လက်နက်ကိုင်ဆန့်ကျင်မယ့် အဟန့်အတားများစွာ ရှိနေတတ် ပါတယ်။ သူတို့ဆီမှာ အရင်းအမြစ်၊ တိုက်ခိုက်ရေးသမား၊ ခေါင်းဆောင်မှု၊ လူထုထောက်ခံမှု လုံလောက်စွာ ရှိမနေတာမျိုး ကြုံရလေ့ရှိပါတယ်’ (စာ- ၃၄) လို့ ဆိုပါတယ်။ ချေဂွေဗားရား ရေးထားတာကို ကိုးကားပြီး ‘သူပုန်တွေရဲ့ မရှိမဖြစ် အရေးအကြီးဆုံး လုပ်ငန်းတာဝန်ကတော့ သူတို့ကိုယ်တိုင် ဖျက်ဆီးခံရမယ့်အရေးက ကာကွယ်ဖို့ပါပဲ’လို့ ဖော်ပြထားပါတယ်။
အခန်း ၃ မှာတော့ လက်နက်ကိုင်ဆန့်ကျင်သူများရဲ့ မဟာဗျူဟာတွေကို ခြုံငုံသုံးသပ် ထားပါတယ်။ လက်နက်ကိုင်သူပုန်တွေက အကျယ်အပြန့်အားဖြင့် မဟာဗျူဟာ သုံးခုကို ဆောင် ရွက်နိုင်ပါတယ်။ ပထမအချက်အနေနဲ့ ပြောက်ကျားစစ်ပွဲ ဖြစ်ပါတယ်။ ဒီအတွက် သတင်းအချက် အလက်၊ အစားအစာ၊ လူသစ်စုဆောင်းမှုနဲ့ ထောက်ခံမှုတွေ ဒေသခံလူထုတွေဆီက လိုအပ်ပါ တယ်။ ပြောက်ကျားတွေက အုပ်စုငယ်၊ ရွှေ့ပြောင်းသွားလာတဲ့ အုပ်စုတွေခွဲပြီး အစိုးရတပ်တွေကို ချောင်းမြောင်းလုပ်ကြံခြင်း၊ ဖျက်ဆီးခြင်းနဲ့ ပစ်ပြေးတိုက်ခိုက်မှု နည်းလမ်းတွေကိုသုံးကာ တိုက် ခိုက်နိုင်ပါတယ်။ သဘောကတော့ အစိုးရရဲ့ နိုင်ငံရေးအရ စိတ်ဆန္ဒရှိမှုကို ခြေကုန်လက်ပန်းကျ ပျက်ပြားလာအောင် ဆောင်ရွက်တဲ့နည်းဖြစ်ပါတယ်။ ပြောက်ကျားစစ်က ရေရှည်လုပ်ငန်းစဉ် သဘော ဆောင်ပါတယ်။ ဂျုံးက အင်ဂိုလာ၊ မြောက်အိုင်ယာလန်နဲ့ အခြားနိုင်ငံများမှ အသေးစိတ် အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။ ဒုတိယကတော့ ပုံမှန် သမားရိုးကျစစ်ဆင်ရေးပါ။ ဆိုလို တာကတော့ လက်နက်ကိုင်တပ်အင်အား အလုံးအရင်းနဲ့ နိုင်ငံရဲ့ စစ်တပ်ကို ဝင်ရောက်စီးနင်း တာမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂရိပြည်တွင်းစစ်၊ စစ်ဗိုလ်ချုပ်ကြီးများဖြစ်ကြတဲ့ ဗိုငုယင် ဂီယက်၊ ဗန်တီယန်ဒေါင်းတို့ ဦးဆောင်တဲ့ ဗီယက်နမ်စစ်ပွဲနဲ့ အင်ဂိုလာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ UNITA လှုပ်ရှားမှုတွေမှာ တွေ့ရပါတယ်။ ကြီးမားတဲ့၊ ရည်ရွယ်ချက်မျိုးစုံပါတဲ့ တပ်ဖွဲ့တွေနဲ့ ရန်သူ ကို ပုံမှန်သမားရိုးကျတိုက်ပွဲတွေ ဆောင်ရွက်ခဲ့ကြတာမျိုးပါ။ ဖြစ်ရပ်လေ့လာမှု ၁၈၁ ခုသော လက်နက်ကိုင်ဆန့်ကျင်မှုတွေမှာ ပြောက်ကျားစစ်ဆင်တဲ့ နည်းဗျူဟာကို အသုံးပြုခဲ့ပေမယ့်၊ သမားရိုးကျ စစ်ဆင်ရေးနည်းဗျူဟာကို ၁၉၉၀ ပြည့်နှစ်တွေမှာ သိသိသာသာ ငြင်းပယ်လာကြ တာကို တွေ့ရှိရပါတယ်။ ဒါကလည်း စစ်အေးတိုက်ပွဲအပြီး၊ အင်အားကြီး နိုင်ငံတွေဆီက လက်နက်ကိုင်ဆန့်ကျင်မှုများ အတွက် အထောက်အပံ့တွေ ကျဆင်းလာမှုကြောင့်ဖြစ်တယ်လို့ ဂျုံးက သုံးသပ်တင်ပြထားပါတယ်။
တတိယ မဟာဗျူဟာကတော့ အငြင်းပွားဖွယ်အဖြစ်ဆုံး အပြစ်ပေးမှု ဖြစ်ပါ တယ်။ အပြစ်ပေးမှုဆိုတဲ့နေရာမှာ ‘တိုက် ခိုက်သူမဟုတ်တဲ့ အင်အားစုတွေကို ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့်- အပြစ်မဲ့ပြည်သူ များကို သတ်ဖြတ်ခြင်းနဲ့ အခြေခံအဆောက် အဦတွေကို ဖျက်ဆီးတာမျိုး ဖြစ်ပါတယ်။ ဆက်လက်ခုခံမယ်ဆိုရင် လူမှုအဖွဲ့အစည်းက ပေးဆပ်ရတဲ့ ကုန်ကျစရိတ်ကို မြင့်တက်စေဖို့၊ လက်နက်ကိုင်အုပ်စုတွေရဲ့ တောင်းဆိုချက် တွေကို အစိုးရတွေက လိုက်လျောရန် အကြပ်ကိုင်ကြတာမျိုး ဖြစ်ပါတယ်’။ (စာ- ၄၇) အရပ်သားတွေကို ပြစ်ဒဏ်ပေးတာက ရည်ရွယ်ချက်အမျိုးမျိုး ရှိပါတယ်။ လက်နက် ကိုင်သူပုန်တွေ မထိန်းချုပ်နိုင်တဲ့ဒေသက လူထုတွေကို ခြောက်လှန့်ဖို့၊ ထိန်းချုပ်နိုင်ဖို့ သီးသန့်ရွေးချယ်ထားတဲ့ အကြမ်းဖက်မှုနည်းလမ်းကိုသုံးတာ၊ သူပုန်တွေက ထူးဆန်းတဲ့နည်း တွေနဲ့ ပြစ်ဒဏ်ပေးတဲ့အခါ၊ (သူတို့မှာ ပြစ်ဒဏ်ပေးမှုကို လျော့နည်းကျဆင်းစေဖို့ ဘဏ္ဍာရေးအရ တည်ငြိမ်မှု တစုံတရာရှိနေတဲ့အခါ) အစိုးရက အလွန်အကျွံ အင်အားသုံးလာအောင်၊ လူထုတွေ ကို ပြစ်ဒဏ်ပေးမှုတွေဖြစ်လာအောင် ဆွပေးတာ၊ အစိုးရအရာရှိတွေကို တုန်လှုပ်ခြောက်ခြား စေရန်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်မပေးနိုင်ဘူးလို့ သက်သေပြရန်၊ ပိုလို့ စိုးရိမ်ပူပန်ဖွယ်အကောင်းဆုံးက လူထုတွေအပေါ် အကြမ်းဖက်မှုကို သဘောတရားရေးရာ အကြောင်းပြချက်အနေနဲ့ သူပုန်တွေက အသုံးပြုတာဖြစ်ပါတယ်။ ဆိုလို တာက သူတို့က ‘ရန်သူတွေကို နိမ့်ကျသူလူသားတွေအဖြစ်မြင်ပြီး၊ ဒါမှမဟုတ် တရားမဝင်ကြ သူတွေအဖြစ်မြင်ပြီး အကြမ်းဖက်ကြခြင်းမျိုး’ ဖြစ်ပါတယ်။ (စာ- ၅၁)
အခန်း ၄ နည်းဗျူဟာခြုံငုံသုံးသပ်ချက် အခန်းမှာတော့ လက်နက်ကိုင်ဆန့်ကျင်သူ အင်အားစုများကသုံးတဲ့ စစ်မြေပြင်လှုပ်ရှားမှုများကို ဖော်ပြထားပါတယ်။ အထူးသဖြင့် ခြုံခို တိုက်ခိုက်ခြင်း၊ ဝင်ရောက်စီးနင်းခြင်း၊ လှည့်ဖျားခြင်းနဲ့ ဖျက်ဆီးဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ် ခြင်း၊ ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်း၊ ပြန်ပေးဆွဲခြင်းနဲ့ ဗုံးခွဲခြင်းတွေ ဖြစ်ပါတယ်။ ခြုံခို တိုက်ခိုက်ခြင်းနဲ့ ဝင်ရောက်စီးနင်းခြင်းတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက ပြည်တွင်း စစ်ပွဲတွေမှာ အမြဲဆိုသလိုဖြစ်နေတဲ့ လက်ရှိဖြစ်ရပ်တွေပါ။ မကြာသေးမီနှစ်များကတော့ မြန်မာ နိုင်ငံ အနောက်ဖက်နယ်စပ်ဒေသတွေမှာ AA အဖွဲ့က၊ မြန်မာ့တပ်မတော်အပေါ် ပြောက်ကျား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စာရေးသူ ဂျုံးက အီရတ်၊ ချေချင်ညာ၊ အာဖဂန်နစ္စတန်က ဖြစ်ရပ်များကို အသုံးပြုပြီး ပြောက်ကျားတိုက်ခိုက်မှု ပင်မပုံစံများကို ဖော်ပြခဲ့ပါတယ်။ ၂၀ဝ၇ ခုနှစ်က ဖာရာပြည်နယ်၊ ဂူလစ်စတန်ခရိုင်မှာ တာလီဘန်တို့ ဆောင်ရွက်ခဲ့တဲ့ ပြောက်ကျား တိုက်ခိုက်မှု မြေပုံတခုကိုပါဖော်ပြခဲ့ပြီး၊ အဲဒီတိုက်ခိုက်မှုမှာ အာဖဂန်စစ်သား ၂၀ ကျော် သေဆုံး ကာ အမေရိကန်စစ်သားနှစ်ဦး ဒဏ်ရာရစေခဲ့ပါတယ်။
လှည့်ဖျားခြင်းနဲ့ ဖျက်ဆီးဖောက်ခွဲခြင်းကိုတော့ ‘အစိုးရရဲ့ စစ်ရေး၊ စီးပွားရေး၊ စိတ်ဓာတ် ရေးရာ၊ နိုင်ငံရေးအင်အားတွေကို ဖျက်ဆီးလှိုက်စားဖို့ အသုံးပြုတာဖြစ်ပြီး၊ လူတဦးတယောက်က လျှို့ဝှက်မြေအောက်အသွင်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ အစိုးရအပေါ် လူထုယုံကြည်မှု ကျဆင်းစေအောင် ဆောင်ရွက်တာဖြစ်ပါတယ်’။ (စာ- ၆၃) လုပ်ကြံသတ်ဖြတ်မှုတွေကိုတော့ ‘အကြမ်းဖက်မှုကို တိကျတဲ့ပစ်မှတ်အတွက် အသုံးပြုခြင်း’ဖြစ်ပြီး၊ (စာ- ၆၇) အစိုးရကို စာနာ ထောက်ခံနေသူတွေ၊ အစိုးရကိုယ်စားလှယ်တွေကိုဖျက်ဆီးနိုင်ဖို့ သုံးကြပါတယ်။ ဒီလို နည်းဗျူ ဟာကို မြန်မာနိုင်ငံမှာ အသုံးပြုပေမယ့်၊ အခြားစစ်ပွဲပဋိပက္ခများလို ကျယ်ပြန့်စွာ အသုံးပြုခြင်း မရှိပါဘူး။
ဗုံးခွဲမှုနည်းနာတွေကိုတော့ ဂျုံးရဲ့စာအုပ်မှာ အသေးစိတ် ဖော်ပြထားပါတယ်။ ဂျုံးက ‘သူပုန်’နဲ့ ‘အကြမ်းဖက်သမား’တို့အကြား ကွာခြားပုံကို ဂရုတစိုက် ဖော်ပြထားပါတယ်။ အကြမ်း ဖက်သမားကိုတော့ ‘နိုင်ငံရေးရည်ရွယ်ချက် ပြည့်မြောက်စေရန်အတွက် တိုက်ခိုက်ရေးသမား မဟုတ်သူများအပေါ် အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုသုံးတာ’လို့ ဖော်ပြပါတယ်။ ပြောရမယ် ဆိုရင်တော့ သူပုန်အုပ်စုတိုင်းဟာ အကြမ်းဖက်မှုနည်းနာကို တနည်းနည်းနဲ့ အသုံးပြုကြတာချည်း ဖြစ်ပါတယ်။ (စာ- ၇၂) စာရေးသူက ချီချင်ညာ၊ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံရှိ လက်နက်ကိုင် ဆန့်ကျင်သူအဖွဲ့တွေအပေါ် ဖြစ်ရပ်လေ့လာချက်အနေနဲ့ ဖော်ပြခဲ့ပြီး၊ ခလုပ်နှိပ်အမိန့်ပေးလို့ရတဲ့ ဝိုင်ယာကြိုးချိတ်ဆက်ဗုံးတွေကနေပြီး၊ အဝေးထိန်းချုပ်ဗုံး၊ Shaped charges ခေါ် လိုရာပုံသွင်း ဖောက်ခွဲယမ်းဗုံး၊ အသုံးချပုံ၊ ဖျက်ဆီးနိုင်စွမ်းအားတွေကို ဖော်ပြထားပါတယ်။ (ထိုင်းနိုင်ငံ တောင်ပိုင်းက ဗုံးခွဲတိုက်ခိုက်မှုဖြစ်ရပ်တွေကိုလည်း ဒီအခန်းမှာ လေ့လာမှုပြုထားပါတယ်။) ၁၉၈၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အသေခံဗုံးခွဲတိုက်ခိုက်မှု နှိုင်းယှဉ်ဇယားကိုလည်း ဖော်ပြ ထားပါတယ်။ ဖမ်းဆီးရမိသူတွေရဲ့အဆိုအရ၊ တိကျမယ်ဆိုရင်တော့ အသေခံဗုံးခွဲမှုပေါင်း ၄၆၁၆ ဖြစ်ပွားခဲ့ပြီး၊ ဒီလိုတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၂၈၆၁ သေဆုံး၊ ၁၁၁ç၆၉၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ (စာ- ၇၄)
အခန်း ၅ မှာ အခုသုံးသပ်သူအမြင်အရ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ကိစ္စတွေကို တင်ပြရေးသားထားပြီး၊ အခြေအမြစ်အရှိဆုံးနဲ့ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဖြစ်ပါတယ်။ ဒီအခန်းမှာ ဂျုံးက လက်နက်ကိုင်ဆန့်ကျင်မှုတခုကို ဆောင်ရွက်တဲ့အခါမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု တွေကို သုံးသပ်ပြထားပါတယ်။ ပထမအချက်အနေနဲ့ လူအများ စုပေါင်းဆောင်ရွက်ခြင်း (collective action) နဲ့ လူတဦးက သူ့ဆန္ဒအလျောက် ဆုံးဖြတ်ဆောင်ရွက်မယ်ဆိုရင် အခြားသူ တဦးအပေါ် သက်ရောက်နိုင်တဲ့အခြေအနေ ပြဿနာ (principal-agent problem) တို့ကို စူးစမ်း ထားပါတယ်။ အတိုချုပ်တင်ပြထားတာက လူအုပ်စုကြီးက အကြမ်းဖက်မှု၊ ဒါမှမဟုတ် လက်တုံ့ပြန်ခံရမှုမျိုး ကြုံကြရတဲ့အခါ စုစည်းညီညွတ်နေမှုကို ဘယ်လို ထိန်းသိမ်းကြမလဲဆိုတဲ့ ပြဿနာနဲ့ ခေါင်းဆောင်တဦးအနေနဲ့ မိမိရဲ့ နောက်ပါအင်အားစုကို မျှော်လင့်ထားတဲ့၊ တွက်ဆ ထားလို့ရနိုင်တဲ့ နည်းလမ်းများအတိုင်း ဆောင်ရွက်နိုင်စေရန်အတွက် ဘယ်လို အာမခံချက်မျိုး ပေးမလဲ ဆိုတာတွေကို ဖော်ပြပါတယ်။ လက်နက်ကိုင်ဆန့်ကျင်သူများအနေနဲ့ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နိုင်ငံရေးမဟာဗျူဟာတခု ရှိရမယ်။ စစ်ပွဲကိုတိုက်ရမယ်၊ ဘဏ္ဍာရေး တည်ဆောက်ထားမှု လုပ်ရမယ်၊ ထောက်လှမ်းရေးသတင်းတွေကို စုဆောင်းရမယ်၊ သုံးသပ်နိုင် ရမယ်၊ သူတို့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသတွေကို အုပ်ချုပ်နိုင်ရမယ်… စသည်ဖြင့် လိုအပ် ကြောင်း ဂျုံးက အခိုင်အမာဆိုပါတယ်။ ဒါဟာ လက်နက်ကိုင်စစ်ပွဲဆင်နွှဲခြင်းရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဂျုံးက ဗဟိုချုပ်ကိုင်မှုကဲသော အဖွဲ့အစည်းနဲ့ ဗဟိုချုပ်ကိုင်မှု လျော့ ရဲသော အဖွဲ့အစည်းနှစ်ခုကို နှိုင်းယှဉ်လေ့လာပြီး၊ ယင်းတို့ရဲ့ အောင်မြင်နိုင်ခြေကို ဆက်လက် သုံးသပ်ထားပါတယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံအတွက် တိုက်ရိုက်သက်ဆိုင်တဲ့မေးခွန်းတခုလို့ ယူဆရတဲ့ ‘များပြားသော လက်နက်ကိုင်ဆန့်ကျင်သူအုပ်စုများ ရှိနေတဲ့အခါမှာ ဘာတွေကို ရွေးပြီးဆောင်ရွက်နိုင်မလဲ’လို့ မေးခွန်းထုတ်ပါတယ်။ စာရေးသူက ယေဘုယျအားဖြင့် အမျိုး အစားသုံးခုရှိနိုင်ကြောင်း ဖော်ပြပါတယ်။ ပထမအနေနဲ့ ဒီလက်နက်ကိုင်အုပ်စုများကြားမှာ ပူးပေါင်းပြီး မဟာမိတ်ပြုဖွဲ့နိုင်ပါတယ်။ ဒါမှမဟုတ် နားလည်မှု ရယူနိုင်ကြပါတယ်။ ရှမ်းပြည် မြောက်ပိုင်းမှာ တွေ့ရှိရသလို လက်နက်ကိုင်အုပ်စုတွေအကြားမှာ အရင်းအမြစ်၊ ဒါမှမဟုတ် တရားဝင်မှုအတွက် အချင်းချင်း တိုက်ခိုက်ယှဉ်ပြိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ‘လက်နက်ကိုင်အုပ်စုတွေကြားမှာ ပူးပေါင်းကြတာလည်းမရှိ၊ ယှဉ်ပြိုင် တိုက်ခိုက်တာလည်း မလုပ်ဘဲ သီးခြားစီ ရပ်တည်သွားကြတဲ့ပုံစံမျိုးလည်း ရွေးချယ်နိုင်ပါတယ်။’ ဒါကတော့ လက်နက် ကိုင်အုပ်စု ခေါင်းဆောင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု (collective action) ပြဿနာကို ကျေလည်အောင် မဖြေရှင်းနိုင်ကြတဲ့အခါ ဖြစ်လာရတာပါ။ ဒီအခါ အခြားခေါင်းဆောင်များနဲ့ ပုဂ္ဂိုလ်ရေးပဋိပက္ခတွေ ကြီးထွားလာတာနဲ့ ပထဝီသဘောအရ မတူညီတဲ့ဒေသတွေမှာ စစ်ဆင်လှုပ်ရှားမှုတွေပြုလုပ်ရတာတွေ ဖြစ်လာပါတယ်။ ကြိုးပမ်းဆောင်ရွက်မှုတွေက အချင်းချင်း ပြန်ထပ်နေတာ၊ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်သလို ရလဒ်ကိုသာ ဦးတည်စေပါတယ်။ (စာ- ၁၁၀) သူပုန်များရဲ့ နေရာပိုင်နက်၊ သို့မဟုတ် ‘တော်လှန်ရေးအစိုးရ’ (အုပ်ချုပ်မှုစနစ်)နဲ့ ပတ် သက်တဲ့ ပညာရပ်ဆိုင်ရာစာပေတွေမှာတော့၊ အခြေစိုက်ဧရိယာ၊ သို့မဟုတ် လွတ်မြောက်ဒေသ များနဲ့ပတ်သက်တဲ့ ကိစ္စတွေအပေါ် လေ့လာမှုစာတမ်းတွေက များမကြာခင်နှစ်များက အထူး တိုးပွားလာခဲ့ပါတယ်။ အင်နာအာဂျိုနား (Ana Arjona)၊ နယ်လ်ဆင် ကက်စ်ဖာ (Nelson Kasfir) နဲ့ ဇာခါရီယာ မမ်ပီလေး (Zachariah Mampilly) အစရှိတဲ့ ပညာရှင်တွေ ပါဝင်ပါတယ်။ ဒီလို လျင်မြန်စွာတိုးတက်လာနေတဲ့ သုတေသနဆိုင်ရာလေ့လာမှုပညာရပ်နယ်ပယ်မှာ မြန်မာနိုင်ငံ ဟာလည်း စိတ်ဝင်စားစရာအကောင်းဆုံး ခေါင်းစဉ်တခုအဖြစ် တည်ရှိနေပါတယ်။
အခန်း ၆ မှာတော့ လူ ၅၉ ဦးကို သေစေခဲ့ပြီး နောက်ထပ် လူ ၂၀ဝ ကို ထိခိုက်ဒဏ်ရာ ရစေခဲ့တဲ့ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီရှိ ဈေးဝယ်ကုန်တိုက် မောလ်တခုမှာ ဖြစ်ပွားခဲ့တဲ့၊ အကြမ်းဖက် အုပ်စု အယ်လ်ရှာဘတ်ဘ် (Al Shabbab) ဦးဆောင်တဲ့ တိုက်ခိုက်မှုနဲ့ ဖွင့်ထားပြီး၊ သတင်း ပြန်ကြားရေးနဲ ဝါဒဖြန့်ချိရေးကိစ္စတွေကို ဖော်ပြထားတာမို့ အင်မတန် စိတ်ဝင်စားဖွယ် ကောင်း ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ပတ်သက်ပြီး စိတ်ခံစားမှုကဲတဲ့ လှုံ့ဆော် ချဲ့ကားရေးသားထားတဲ့ အတိတ်ကြောင်းတွေကို ယုံကြည်ဆဲ ဖြစ်နေတာရယ်၊ ရိုးသားမှုမရှိတဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တွေ စုနေတာရယ်ကြောင့် အရပ်သားပြည်သူ၊ စစ်ဘက်နဲ့ အရပ်ဘက် အဖွဲ့အစည်းအတွေအကြား စုပေါင်းလုပ်ဆောင်ဖို့ အဟန့်အတား ဖြစ်နေစေပါတယ်။
ဒါပေမဲ့ ကမ္ဘာတဝန်းက လက်နက်ကိုင်အုပ်စုတွေကို လေ့လာကြည့်ရာမှာတော့၊ အပျော် တမ်း လက်သင်အခြေအနေက ကျော်လွန်လို့၊ လူမှုဆိုရှယ်မီဒီယာနဲ့ အခြားနည်းလမ်းတွေကို အသုံးပြုပြီး၊ နိုင်ငံတကာရဲ့ထောက်ခံမှုကို ရယူနိုင်ကြတာ တွေ့ရပါတယ်။ ဒီအခန်းမှာတော့ ပါးစပ် ပြောစကား၊ ပုံနှိပ်စာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြား စတဲ့ အစဉ်အလာ မီဒီယာတွေကို လေ့လာပြီး နောက်၊ အင်တာနက်နဲ့ လူမှုဆိုရှယ်မီဒီယာ၊ မိုဘိုင်းဆက်သွယ်ရေး နည်းပညာနဲ့ ခေတ်သစ် နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ တန်ပြန်ထောက်လှမ်းရေးကိစ္စတွေကိုပါ သုံးသပ်ပြထား ပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွင်း လူမှု ကွန်ရက် Facebook နဲ့ Whats App ဆက်သွယ်ရေးနည်းနာတွေကို အသုံးပြုမှုတွေဟာ တွေ့ရပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ သတင်းအချက်အလက်တွေကို နည်းပညာအသစ်ကိုသုံးပြီး ဖြန့်ဝေနေကြပါတယ်။ မြန်မာအရပ်သားအစိုးရနဲ့ မြန်မာ့တပ်မတော် ကလည်း FB စာမျက်နှာများနဲ့ အုပ်စု (Group) အတော်များများကို အသုံးပြုပြီး တိုက်ပွဲနဲ့ ပတ်သက်တဲ့သတင်းတွေ၊ နိုင်ငံရေး ထုတ် ပြန်ကြေညာချက်တွေနဲ့ အလားတူ တုံ့ပြန် ပြုလုပ်ခဲ့ပါတယ်။ လက်နက်ကိုင် အုပ်စုများ အနေနဲ့ သတင်းပေးပို့ ဆက်သွယ်ရန်၊ တပ်သားသစ် စုဆောင်းသိမ်းသွင်းရန်၊ ရန်ပုံငွေရှာရန်နဲ့ ဝါဒ ဖြန့်ရန် အစရှိတဲ့ ကိစ္စတွေအတွက် တရားဝင် ဝက်ဘ်ဆိုဒ်တွေ၊ Facebook နဲ့ Twitter အစ ရှိတဲ့ လူမှုမီဒီယာ အသုံးပြုမှုဟာ ၂၀ဝ၇ ခုနှစ် နောက်ပိုင်း တမဟုတ်ချင်း တိုးမြင့်လာ ကြောင်း ဂျုံးက ကိန်းဂဏန်းအချက်အလက် များ အခြေခံတင်ပြထားပါတယ်။
လက်နက်ကိုင် ဆန့်ကျင်မှုများ အတွက် ပြင်ပ ကူညီထောက်ပံ့မှုများနှင့် သက်ဆိုင်တဲ့အခန်းမှာ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းများမှာ အသုံးပြုလျက်ရှိတဲ့ အင်အားကြီးနိုင်ငံများရဲ့ ကူညီ ထောက်ပံ့မှု၊ ပြည်ပရောက်အုပ်စုများရဲ့ ပေးကမ်းထောက်ပံ့မှုအကြောင်း ဖော်ပြထား ပါတယ်။ အကြမ်းဖက်အုပ်စုများနဲ့ ရာဇဝတ် မကင်းတဲ့ အုပ်စုများရဲ့ ကူညီထောက်ပံ့နိုင်ခြေ တွေလည်း အပါအဝင် ဖော်ပြထားပါတယ်။ ကူညီထောက်ပံ့မှုလို့ဆိုရာမှာ စစ်ပွဲအတွက် ကူညီထောက်ပံ့မှု၊ သင်တန်းပို့ချမှုနဲ့ ပိုလို့အရေးကြီး တာကတော့ နယ်စပ်ဖြတ်ကျော်ပြီး လုံခြုံရာ ခိုလှုံစခန်းများ ပေးထားတာမျိုး ဖြစ်ပါတယ်။ အဲဒီမှာ ဆန့်ကျင်သူအုပ်စုများက ခိုလှုံပြီး အနားယူ၊ လူစုဖွဲ့၊ တိုက်ပွဲအတွက် ပြန်လည်ပြင်ဆင်နိုင်ကြပါတယ်။
စာအုပ်ရဲ့ နောက်ဆုံးမတိုင်မီအခန်းမှာ ဖော်ပြထားတဲ့ လက်နက်ကိုင်ဆန့်ကျင်မှု နိဂုံး ချုပ်ခြင်း အခန်းမှာတော့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ တည်ဆောက်ဆဲငြိမ်းချမ်းရေးနဲ့ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင် အခြေအနေကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ပေးတဲ့ဗျူဟာကိုသုံးရင် လက်နက်ကိုင်ဆန့်ကျင်သူ အဖွဲ့တွေအနေနဲ့ အောင်မြင်နိုင်ခြေနည်းပါးပြီး၊ ခွဲထွက်ရေးအတွက် လှုပ်ရှားကြတဲ့ လက်နက်ကိုင်အဖွဲ့များရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ အောင်မြင်နိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။ ဒီလိုစစ်ပွဲတွေက စတင်ချိန်ကစလို့ ပိုလို့ရှည်ကြာဖို့ ရှိပါတယ်။ စာအုပ်ရဲ့ နောက်ဆုံးအခန်းမှာတော့ သောင်းကျန်းသူ ချေမှုန်းရေးစစ်ပွဲများနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အကျိုးဆက်များနဲ့ စာအုပ်တအုပ်လုံးမှာဖော်ပြခဲ့တဲ့ အမေးပု္ဆာများကို ဖြေဆိုထားပါတယ်။ အရှေ့အလယ်ပိုင်းဒေသ၊ သီရိလင်္ကာရှိ တမီလ်ကျားသူပုန်များကို ချေမှုန်းတဲ့နေရာမှာ အသုံးပြု လျက်ရှိတဲ့ အစိုးရမဟာဗျူဟာများကို ဖော်ပြထားပြီး၊ အခုအချိန်အထိ အရပ်သားလူထုပေါင်း ၄၀ဝဝဝ ခန့် သေဆုံးပြီးဟု ခန့်မှန်းရပါတယ်။ ‘လက်နက်ကိုင်ဆန့်ကျင်မှုနဲ့ ယင်းတို့ကို ချေမှုန်းရေး ဆိုင်ရာလုပ်ငန်းများက မှန်းဆနိုင်သည့် အနာဂတ်ကာလတိုင်လည်း ဆက်လက်တည်ရှိနေ ဦးမည်’ဆိုတဲ့ စာရေးသူရဲ့ နိဂုံးသုံးသပ်ချက်ကတော့ စိတ်အားပျက်ဖွယ်ပါပဲ။ ‘အဓိက စိန်ခေါ်မှု ကတော့ ဒီလိုစစ်ပွဲတွေရဲ့သဘောသဘာဝကို ပိုမိုကောင်းစွာ နားလည်နိုင်ဖို့ပဲ ဖြစ်ပါတယ်’လို့ အကြံပေးခဲ့ပါတယ်။ (စာ- ၂၀၃)
နောက်ဆက်တွဲနှစ်ခုမှာပါရှိတဲ့ ဖြစ်ရပ်လေ့လာမှုစာရင်းနဲ့ လက်နက်ကိုင်သူပုန်ထမှုများ အဆုံးသတ်ရေး ကိန်းဂဏန်းအခြေပြုစာရင်း၊ တန်ဖိုးရှိလှတဲ့ အရေအတွက်ဆိုင်ရာ သုတေသန လေ့လာချက်တွေ ပါဝင်ပါတယ်။ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ ဒေတာစုဆောင်းမှု ဖော်ပြချက် တွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မကြာခဏဆိုသလို ချွင်းချန်ထား ခဲ့ခြင်း၊ ဒါမှမဟုတ် အချက်အလက် မတိကျမှုတွေ ရှိနေတတ်ပါတယ်။ ဂျုံးရဲ့စာရင်းအရ မြန်မာ နိုင်ငံမှာရှိတဲ့ လက်နက်ကိုင်ဆန့်ကျင်မှုတွေကို လက်နက်ကိုင်စစ်ပွဲ ၁၈၁ (ဖြစ်ရပ် ၁၁၁ မှ ၁၁၆ အထိတွင် ဖော်ပြထား) ခုထဲမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံမဟုတ်ပေမယ့် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်နဲ့ မွန် လက်နက်ကိုင်အုပ်စုတွေနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို ထည့်သွင်းဖော်ပြထားပြီး၊ မကြာသေးမီနှစ်များက ဖြစ်ပွားခဲ့တဲ့ တအောင်း(ပလောင်)၊ ကိုးကန့်နဲ့ AA လက်နက်ကိုင်များနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအရေအတွက်ကို ထည့်သွင်းဖော်ပြမထားပါဘူး။ ထည့်သွင်းထားတဲ့ စစ်ပွဲတွေ မှာလည်း ဆက်လက်ဖြစ်ပွားနေဆဲ၊ သို့မဟုတ် ဆိုင်းငံ့ထားဆဲ (၁၉၉၀ ပြည့်နှစ်များနှင့် ၂၀ဝ၀ ပြည့်နှစ်များအကြား မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေးကာလ ဖြစ်ပါတယ်) လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
ဂျုံးရဲ့စာအုပ်ဟာ လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်မှုများရဲ့ သမိုင်းကြောင်းနဲ့ အဖွဲ့ အစည်းစနစ်များ၊ စစ်ပွဲများနဲ့ ပတ်သက်လို့ အဖိုးတန် သင်ပုန်းကြီးတခုလို့ ယူဆနိုင်ပါတယ်။ ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်နဲ့ လုံးပန်းနေခဲ့ကြရတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ပိုမို နားလည် နိုင်ရန်အတွက် မူဝါဒရေး၊ စစ်ရေး၊ သတင်းမီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်း အသိုက်အဝန်း တွေက ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာသင့်ပါတယ်။

ကျမ်းကိုးစာရင်း

Yawnghwe, C.T. (2010). The Shan of Burma: Memoirs of a Shan Exile. Singapore: Institute of Southeast Asian Studies.

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

By ISP Admin
Institute for Strategy and Policy – Myanmar