Institute for Strategy and Policy – Myanmar

သဉ္ဇာရွှန်းလဲ့ရည်အား မေးမြန်းခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲ မွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ။
ဖြေ ကျမတို့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ မညီမျှမှုတွေ၊ ကံဆိုးမိုးမှောင်ကျမှုတွေဟာ ကံ၊ ကံရဲ့ အကျိုးနဲ့အကြောင်းကြောင့်လို့ အများစုကိုးကွယ်တဲ့ ဘာသာရေးအရ ကြားသိရပါ တယ်။ ဒီလိုပဲ အများစုက ခံယူကြပါတယ်။ ဒါပေမဲ့ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံလိုက်ရတဲ့ အမျိုးသမီးငယ်လေးအဖြစ်မှာ သူ့ရဲ့ ရှေးဘဝကပြုခဲ့တဲ့ ကံကြောင့်၊ ဝဋ်ခံရတယ်ဆိုတဲ့ အပြောမျိုးက သူ့မိဘတွေအစား ရင်နာရပါတယ်။ ကျမတို့အများစုဟာ မကောင်းမှု၊ မတရားမှု ကြုံတဲ့အခါ စိတ်သက်သာရာရဖို့ ဖြေတွေးတတ်ကြပါတယ်။ မသိလိုက်၊ မမြင် လိုက်ရတဲ့ အတိတ်ကလုပ်ရပ်ကြောင့် လက်ရှိကြုံတွေ့ရတာကို ငြိမ်ခံနေရမလား။ ပြုသူ အသစ်၊ ဖြစ်သူအဟောင်းဆိုပြီး ပျော်လိုက်ရမှာလား။ အဓမ္မပြုကျင့်ခံရချိန်တန်လို့ အကျင့်ခံလိုက်ရပြီ၊ ဒီမိန်းကလေး ဝဋ်ကျွတ်ရှာပြီဆိုပြီး နေမြဲ၊ စားမြဲ၊ သောက်မြဲ သဘော ထားလိုက်ရမလား။
လူ့အသိုက်အဝန်းမှာ တရားဥပဒေကို မထေမဲ့မြင် ဂရုမစိုက်တဲ့ ကျူးလွန်မှုတွေနဲ့ အသိပညာချို့တဲ့မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ မတရားမှုတွေ အားလုံးဟာလဲ အတိတ် ကံကြောင့်လား။ ရှိနေတဲ့ စနစ်တွေနဲ့၊ လက်လှမ်းမမှီမှု တွေကြောင့်လား။ ကျမတို့ စဉ်းစားချိန်တန်ပါပြီ။
ကျမကိုယ်တိုင် ကံ၊ ကံရဲ့အကျိုးကို ယုံကြည်ပါတယ်။ ကံတွေထဲမှာမှ ပစ္စုပ္ပန်ကံက အကြီးမားဆုံးဖြစ်တာကို မေ့ထားလို့မရပါဘူး။ ကျမတို့ဟာ လက်ရှိပစ္စုပ္ပန်မှာ နေထိုင် အလုပ်လုပ်ခြင်း၊ ကြိုးစားအားစိုက်ထုတ်ခြင်းရဲ့ ကံအကျိုးပေးမှုကို ယုံကြည်မှုမှာ အား နည်းနေသေးတယ်လို့ ယူဆပါတယ်။ ကံဆိုတာအလုပ်မို့ ကံကောင်းဖို့ ကိုယ်တိုင်ကြိုးစား ရမယ်။ ပြုပြင်ရမယ်။ ပြင်ဆင်ရပါမယ်။ ဒါကို အရင်ရှေးဘဝက ကံအကြောင်းကြောင့် အကျိုးဖြစ်ရပ်ဆိုပြီး သည်းခံလိုက်ရတာမျိုး၊ နောက်ဘဝအတွက် စိုးရိမ်ပူပန်ပြီး အလွန် အကျွံ ပြင်ဆင်ကာကွယ်နေကြတာမျိုးဖြစ်တဲ့အခါ လက်ရှိ ကိုယ်ကိုယ်တိုင် ပြောင်းလဲ ပြင်ဆင်နိုင်တဲ့ ကံကိုတော့ မျက်ကွယ်ပြုမိသွားကြတယ်။ လက်တွေ့မှာ ကိုယ့်ပတ်ဝန်း ကျင်၊ ကိုယ့်နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ မညီမျှမှုတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ တရားမမျှတမှု တွေကို ပြုပြင်ဖို့ကြိုးစားရမယ်။ ကိုယ်ကိုယ်တိုင်လည်း ပြုပြင် ပြင်ဆင်ကြိုးစားနေသင့် သလို နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမူရေးအရ ဝင်ရောက်လွှမ်းမိုး ပြုပြင်ပြင်ဆင် နိုင်ဖို့လည်း ပါဝင် အားစိုက်ထုတ်ကြရမယ်။
သင်ယူခဲ့ရတဲ့ ‘အတ္တဟိအတ္တနော နာထော’ မိမိကိုယ်သာကိုးကွယ်ရာ ဆိုတာကို လက်ခံတယ်။ ဘယ်လိုအခြေအနေပဲ ပေးလာပါစေ ကိုယ်တိုင် ရုန်းကန်ရှင်သန်ရပါမယ်။ အကောင်းဘက်ကို အပြောင်းအလဲ (positive change) ဖြစ်ဖို့ အစဉ်တစိုက် ကြိုးစား အားထုတ်နေခြင်းကသာလျှင် အကောင်းဘက်ကို တိုးတက်သွားစေတဲ့ (positive development) ဖြစ်လာမယ်။ ကျမအနေနဲ့ကတော့ လက်ရှိအခြေအနေမှာ ရုန်းကန် ရှင်သန်ပြီး လူသားတွေကြုံတွေ့ရတဲ့ မတရားမှုကို လက်တွေ့အင်အားနဲ့ စုပေါင်းဖယ်ရှား တဲ့၊ တိုက်ထုတ်တဲ့ လုပ်ငန်းတွေကို အယုံအကြည်ရှိတယ်။ ကိုယ်တိုင် မသိခဲ့၊ မမြင်ခဲ့လိုက် ရတဲ့ အတိတ်ကလုပ်ရပ်ကြောင့် ခုဘဝမှာ ဆင်းရဲကြသည်၊ ကံဆိုးမိုးမှောင်ကျသည် ထားဦး။ လက်ရှိ ပစ္စုပ္ပန်ကလုပ်ရပ်က အဲဒီကံတွေအပေါ် အများကြီး လွှမ်းမိုးပြောင်းလဲ နိုင်တယ်ဆိုတာ မမေ့ကြစေလိုပါ။ မကောင်းတာလုပ်နေရင်တောင် သူ တနေ့ ဝဋ်ခံရမှာပဲ ဆိုတာနဲ့ မကောင်းမှုကို လျစ်လျူရှုကြသူတွေကို အံ့ဩပါတယ်။ အဲဒီ မကောင်းတာ လုပ်တဲ့သူ (သို့) လုပ်ရပ်ကိုတွေ့တာနဲ့ ရပ်တန်းကရပ်ဖို့ ပြောရမယ်။ တိုက်တွန်းရမယ်။ ဒါသည် လူသားချင်း စာနာစိတ်၊ မေတ္တာတရားနဲ့ အကြမ်းမဖက် တရားမျှတမှု ဆောင်ကြဉ်းခြင်း ဖြစ် ပါတယ်။ ကိုယ့်အပေါ် ထိခိုက်လာ ရင်လည်း တွန်းလှန်ရမယ်။ ကိုယ့်ကံ ကို သူတပါးက မကောင်းတဲ့ လုပ် ရပ်နဲ့ လာရောက်မလွှမ်းမိုးစေသင့် ဘူး။
နိုင်ငံရေးမှာဆိုလည်း ဆင်းရဲ မွဲတေခြင်း၊ မညီမျှခြင်းတွေရဲ့ အရင်း ခံကိုကြည့်ရင် မူဝါဒ၊ စီမံခန့်ခွဲမှု အလွဲ အမှားတွေနဲ့ နှစ်ပေါင်းများစွာ ခြစား၊ လာဘ်စားမှုတွေကို မြင်ရမယ်။ ပြုပြင်ပြောင်းလဲနိုင်တဲ့ factors တွေ ကို မြင်အောင်ကြည့်ပြီး လက်တွေ့ ကျကျ အမြစ်ဖြတ်ဖို့ လိုအပ်ပါတယ်။ universal ဖြစ်တဲ့ လူ့အခွင့်အရေး အမြင်အရဆို မွေးဖွားလာတကည်းက လူတဦးချင်းစီမှာရှိတဲ့ သာတူညီမျှရပိုင်ခွင့်တွေကို တန်းတူရယူနိုင်ခြင်းမှာ လူ့ဂုဏ်သိက္ခာတရား မြင့်မားလာတယ်။ စိတ်ဓာတ်ဖွံ့ဖြိုးလာတာနဲ့အမျှ ငြိမ်းချမ်းတဲ့လူ့ဘောင် ရလာမယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း ဟာ ဆင်းရဲမွဲတေခြင်း၊ တန်းတူညီမျှမှု မရှိခြင်းတွေအတွက် အဖြေတခုပါ။

မေး ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြုကာကွယ်ပေးခြင်းက အခု အချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။
ဖြေ ဆင်းရဲမွဲတေသူ၊ တနည်းအားဖြင့် အခြေခံလူထုအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြု ကာကွယ်ပေးခြင်းဟာ အခုချိန်မှာ မလုံလောက်ပါဘူး။ ပြည့်စုံလုံလောက်တဲ့ နိုင်ငံရေး စနစ်ဆိုတာလဲ မရှိဘူးလို့မြင်တယ်။ ဆင်းရဲမွဲတေမှုတွေလျော့ကျအောင်၊ အောက်ခြေက အစ အပြောင်းအလဲလုပ်ဖို့ဆို လက်တွေ့ကျတာကတော့ အခြေခံလူထု ကိုယ်စားပြု နိုင်ငံရေးသမားတွေ အပြိုင်းအရိုင်းတိုးထွက်လာဖို့ လိုနေသေးတယ်။ ပါတီဝင်၊ လွှတ် တော်တက်၊ အစိုးရလုပ်တဲ့ အစုအဖွဲ့တွေကလည်း အခြေခံလူထုအင်အားကို နားလည် သဘောပေါက်ဖို့နဲ့ အရေးစိုက်ဖို့လိုတယ်။ အခြေခံလူထုရဲ့ နိုင်ငံရေးရေချိန် မြင့်လာ ဖို့လည်း လုပ်ဆောင်ရပါဦးမယ်။ ဒါသည်ပင် ရေရှည် နိုင်ငံတည်ဆောက်ရေး ဖြစ်ပါမယ်။ လက်ရှိအခြေအနေအရ တဝမ်းတခါးထက်ပိုလို့ စိတ်မဝင်စားနိုင်တဲ့ အခြေအနေ။ ကိုယ် ချစ်တဲ့သူက ဖြစ်ချင်တာဖြစ်သွားဖို့သာ ယုံကြည်ပေးလိုက်ကြတဲ့ အသိမျိုးထက် ပိုအား ကောင်းလာအောင် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အခြေခံ လူထု ကိုယ်စားပြုတွေ ပိုများလာသင့်တယ်။ အခြေခံလူထုကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း တွေ၊ ကိုယ်ထူကိုယ်ထ စုဖွဲ့မှုတွေ၊ သမဂ္ဂတွေ ပိုများလာဖို့ လိုပါတယ်။

မေး ကမ္ဘာမှာတော့ မြန်မာဟာ ပေးကမ်းရက်ရောလှူဒါန်းမှု ပြုလုပ်မှုအများဆုံး နိုင်ငံတွေ ထဲမှာ ထိပ်တန်းဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့ ဆင်းရဲမွဲတေမှုဟာ ကြီးထွားနေဆဲဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေမှုရှိပြီး ဆင်းရဲမွဲ တေမှုကို ကုစားပေးနိုင်ဖို့အတွက် ဘယ်လို ကူညီလှူဒါန်းမှုမျိုးက ထိရောက်နိုင်မလဲ။
ဖြေ ရင်းနှီးတဲ့ ကာတွန်းဆရာရဲ့ ကာတွန်းကလေး တွေ့လိုက်ရတာကို ပြောပြချင်ပါတယ်။ တဲစုတ်ကလေးရှေ့မှာ ကားအကောင်းစားကြီးဆိုက်လာပြီး ပြောလိုက်တာက ‘ဒကာမ ရေ ဆွမ်းချိုင့်ဗျို့’တဲ့။ ဒီကာတွန်းကလေးကို မျှဝေသူ၊ မှတ်ချက်ပြုသူတွေကိုကြည့်တော့ အားပေးထောက်ခံကြတာ အများအပြားပါပဲ။ အလှူအတန်းတွေကို အပြိုင်အဆိုင်ပေးကြ သူတွေထဲ တကယ့်စိတ်ရင်းနဲ့ ပေးဆပ်ကြသူတွေ၊ ပေးဝေမျှကြသူတွေလည်း ရှိနေတာ ငြင်းမရပါဘူး။ ဒါပေမဲ့ မြန်မာပြည်မှာကတော့ အပြိုင်အဆိုင်သဘော ပိုများတယ်။ ကောင်းတဲ့အလေ့အထဆိုတော့ သာဓုခေါ်စရာတွေးရပေမယ့် အခုအခြေအနေက ရွာ တွေထဲသွားကြည့်ရင် အိမ်တွေသာစုတ်နေမယ်။ မူလတန်းကျောင်းသာ မရှိကြတာ ရွာဦးကျောင်းက သစ်လွင်တောက်ပလို့။ ဒီလိုမြင်ကွင်းမျိုးက မညီမျှမှုကို ပိုပေါ်လွင်စေ တယ်။ community တခုမှာ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး အဖက်ဖက်က ညီမျှနေမှသာလျှင် တိုးတက်ဖွံ့ဖြိုးမှာဖြစ်ပါတယ်။ မျှခြေမှာမရှိဘဲ ဘာသာရေးတခုသာ လျှင် အရောင်တက်နေတဲ့ အသိုင်းအဝိုင်းဟာ အလွယ်တကူ ထိုးဖျက်ခံရနိုင်ခြေရှိပါတယ်။ မှိုင်းတိုက်လွယ်နိုင်ခြေ ရှိပါတယ်။ အခြေမညီတဲ့ အိမ်လိုပဲ။
လှူဒါန်းကြတဲ့အခါ ကိုယ့်စိတ်ရဲ့မလုံခြုံမှု (မလှူနိုင်ရင် ဘာသာရေး မလိုက် စားဘူး၊ သဒ္ဒါမရှိဘူး အပြောခံရမှာ)ကို ဖြေဖျောက်ရုံတော့ မလှူဒါန်းသင့်ဘူး မြင်ပါ တယ်။ လူကောင်းဖြစ်ဖို့ ပရဟိတလုပ်ရမယ်။ ပရဟိတလုပ်တဲ့သူသည် လူကောင်း၊ လူတော်၊ လူရည်မွန် မြင်ကြတာမို့ ဒီလို အမြင်ခံချင်တာမျိုးနဲ့တင် လုပ်တယ်ဆိုရင်လည်း ကိုယ့်အတ္တကို အရောင်တင်တာပဲမို့ ရေရှည် အဆင်မပြေပါဘူး။ ပရဟိတလုပ်လုပ်၊ လှူဒါန်းမှုပဲလုပ်လုပ် တကယ်လိုအပ်တဲ့အပေါ် စနစ်တကျ သုံးသပ်စိစစ်ပြီးမှ စေတနာ သုံးတန်ပြတ် (မလှူခင်၊ လှူနေစဉ်နဲ့ လှူပြီး) တကယ်ကြည်လင်စေတဲ့ စိတ်အလျင်နဲ့ သာလျှင် လှူဒါန်းသင့်တယ်။ လှူတန်းကြတဲ့အခါ သဒ္ဒါတရားစစ်မှန်ဖို့လိုသလို အကောင် အထည်ပြနိုင်မှ အလှူမဟုတ်ပါဘူး။ ကမ္ဗည်းထိုးပြနိုင်မှ လှူတာမဟုတ်ဘူး။ လူသိရှင် ကြား နာမည်အော်ခံရတာကမှ အလှူမဟုတ်ဘူးဆိုတာ ငယ်ငယ်ကတည်းက ကလေး တွေကို ဘာသာရေးသင်တဲ့အခါ သင်ပေးရတော့မယ်။
ဒါ့အပြင် ဘာသာရေးဘက်မှာ ပုံနေတဲ့ လှူဒါန်းငွေတွေနဲ့ ပိုင်ဆိုင်မှု၊ ကြွယ်ဝချမ်း သာမှုတွေဟာ လူ့အသိုင်းအဝိုင်းကို ပြန်အကျိုးပြုတဲ့ ပုံသဏ္ဌာန်အဖြစ် ပြန်ရောက်လာ သင့်တယ်။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် အရေးပါတဲ့ လူနေမှုဘဝကို ဖြည့်ဆည်းပြီး တဖက်တလမ်းကနေ ဆင်းရဲမွဲတေမှုကို ကုစားပေးတဲ့ ပုံသဏ္ဌာန်အသွင်ဖြစ်လာဖို့လိုပါတယ်။ သေချာတာကတော့ တရားပွဲတွေ မြိုင်နေအောင်လုပ်ပြီး လူတွေရဲ့ အတ္တ၊ မောဟ၊ ဒေါသတွေကို ကုစားတာက တခဏတာပဲ ရပါတော့မယ်။ တကယ့်ရေရှည်အတွက် ထိရောက်တဲ့လမ်းစဉ်ကတော့ မြန်မာပြည်ရဲ့ သဒ္ဒါတရား တရားလွန်ယိုဖိတ်မှုကို အသုံးပြုပြီး လူသားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုးရေး ကို ပြန်ရင်းနှီးမြှုပ်နှံပေးသင့်ပါတယ်။

မေး ဆင်းရဲမွဲတေမှုက ထူပြောနေတယ်။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အတွက်ကိုယ်သာ ရှင်သန်နေ ရတယ်။ တခါ လူဦးရေ အရွှေ့အပြောင်းဖြစ်မှုတွေက လူအချင်းချင်းအကြား အပြန်အလှန် နားလည်ထိစပ်မှု နည်းပါလာတယ်။ တဦးနဲ့တဦး နေရာတခုတည်းမှာ တဦးအကြောင်း တဦးမသိသူတွေအဖြစ် နေထိုင်လာရင်း အမုန်းပွားများနဲ့အတူ မလုံခြုံမှုတွေ ဖြစ်လာကြ တယ်။ ဒီလိုဖြစ်လာခြင်းတွေကို ဗုဒ္ဓနည်းကျ ဘယ်လိုကုစားပေးနိုင်မလဲ။
ဖြေ မေတ္တာတရားနဲ့တည်ဆောက်တဲ့၊ လုံခြုံတဲ့ လူ့အသိုက်အဝန်းကသာလျှင် မတူညီမှုတွေ ကြားထဲက နားလည်မှု၊ ယုံကြည်လက်ခံမှုတွေကို တိုးပွားစေမှာ။ အသားအရောင်၊ လာရာဒေသ၊ ဘာသာစကားကအစ ကွဲပြားကြလည်း တမြို့ထဲမှာပဲ စုဝေးနေထိုင်ကြတဲ့ အခါ မျှခြေ ဘယ်လိုဆောက်တည်ကြသလဲ အခြားနိုင်ငံတွေရဲ့ဥပမာကို စိတ်ဝင်စားခဲ့ပါ တယ်။ မတူကွဲပြားမှုတွေ စုဖွဲ့လာတော့ ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုတွေကို ဘယ်နည်းနဲ့ ထိန်းညှိမလဲ ကြည့်တဲ့အခါ တရားမျှတမှုရှိတဲ့ ဥပဒေတွေကိုပြဌာန်းတဲ့အခါ မျှတတဲ့ ကိုယ်စားပြုမှု၊ ပူးပေါင်းပါဝင်မှုတွေနဲ့ ပြဌာန်းတာမျိုး၊ မြို့ပြအိုးအိမ် တည်ဆောက်တာ တောင်မှ အားလုံးအကျုံးဝင် တပြေးညီ သက်ရောက်မှုရှိအောင် ကိုယ်ချင်းစာစိတ်၊ စာနာနားလည်စိတ်တွေနဲ့ တည်ဆောက်ထားကြတယ်။ ဒီလို လုပ်ထုံးလုပ်နည်း မှန် ကန်တဲ့အတွက် အုပ်ချုပ်သူ၊ ဦးဆောင်သူအပေါ် ယုံကြည်မှုရှိလာတယ်။ နိုင်ငံရေးစနစ်ကို ပိုအားကိုးလာတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေးစနစ်မှာ အမှားအယွင်းတွေ ရှိနိုင်ပြန်ေ တာ့ check and balance ပြန်ဖြစ်စေတာက နိုင်ငံသားတယောက်ချင်းစီရဲ့၊ လူသား တယောက်ချင်းစီရဲ့ အသိဉာဏ်ရေချိန်၊ အခြေခံလူ့ကျင့်ဝတ် နားလည်မှုတွေရှိအောင် ပညာရေးနဲ့ ပြန်ထိန်းကွပ်ထားနိုင်ပြန်ပါတယ်။ မြန်မာပြည်လို မတူကွဲပြားတဲ့၊ စုံလင်တဲ့ ဖြစ်တည်မှုတွေရှိနေတဲ့ နိုင်ငံအနေနဲ့ အားလုံးအကျုံးဝင် စဉ်းစားတွေးခေါ်တတ်မှု၊ တပြေး ညီ စီမံအုပ်ချုပ်ခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ အယူအစွဲနည်းခြင်းတို့က ကုစားပေးနိုင် မယ့် ဗုဒ္ဓနည်းကျ အဖြေဖြစ်မယ်လို့ ယူဆပါတယ်။

မေး မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်တဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တွေက ဘာလဲ။ နိုင်ငံတော်အနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို ဘယ်လိုပံ့ပိုးပေးနိုင်မလဲ။
ဖြေ ပြည်သူ့ဝန်ဆောင်မှုအတွက် အဓိက စိန်ခေါ်နေတာကတော့ ဗြူရိုကရက်တွေရဲ့ သမား ရိုးကျ စဉ်းစားမှု၊ ဆောင်ရွက်မှုတွေဟာ ပြည်သူအခြေပြု ဖြစ်မနေသေးတာက ပြဿနာ တရပ်အဖြစ်ရှိနေပါတယ်။ ပြည်သူတွေအတွက် အစေခံကောင်း၊ ဝန်ဆောင်မှုပေးသူ အဖြစ် ကိုယ်တိုင်မမြင်နိုင်ကြဘဲ အစိုးရဝန်ထမ်းအဖြစ်သာ ခံယူကြတယ်။ နိုင်ငံ့ဝန်ထမ်း မဖြစ်နိုင်ကြသေးပါဘူး။ ဥပဒေတွေမှာတောင် အရေးအသား၊ အသုံးအနှုန်းတွေဟာ အာဏာရှင်အနံ့ မကင်းသေးပါဘူး။ ပြည်သူ့အင်အားနဲ့ ပြည်သူကို ဦးစားပေးရတဲ့ ဒီမို ကရေစီစနစ် အသားမကျသေးတဲ့အချိန်မှာ အဓိက လုပ်ဆောင်သင့်တာကတော့ မျိုးဆက်သစ်တွေကို နည်းမှန်လမ်းမှန် သင်ပြညွှန်ကြား မြေတောင်မြှောက်ပေးခြင်းက သာလျှင် နိုင်ငံတည်ဆောက်ရေး လမ်းစဉ်တခုဖြစ်ပါမယ်။ လက်ရှိရှိနေတဲ့ မျိုးဆက်များရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ လုပ်ထုံးလုပ်နည်းများကိုလည်း တတ်နိုင်သရွေ့ ဥပဒေ၊ နည်းဥပဒေ၊ အုပ်ချုပ်ပုံတွေနဲ့ ပြုပြင်ပြောင်းလဲပေးသင့်ပေမယ့် တကယ်ပြောင်းလဲလာဖို့ မျှော်လင့်နိုင်တာကတော့ နောက်တက်လာမယ့် မျိုးဆက်သစ်တွေကိုပါ။ ထိရောက် သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မျိုးဆက်သစ်တွေကို သွေးသစ်လောင်းပေးကြဖို့ လိုပါ တယ်။
ကျမတို့ လူ့အဖွဲ့အစည်းအတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူ တွေဘက်က မရင်းနှီးသေးတာနဲ့ ယဉ်ကျေးမှုအရဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပွင့်လင်း မြင်သာတဲ့ ထိစပ်မှုတွေ မလုပ်ကြသေးတာရှိပါတယ်။ ပြည်သူ့ဘက်က အခွင့်ထူးခံလိုသူ များရဲ့ စည်းကမ်းမလိုက်နာမှုတွေကလည်း ဝန်ထမ်းတွေနဲ့ ဝန်ဆောင်ပေးသူတွေအတွက် အခက်အခဲဖြစ်စေတာမျိုးဖြစ်တယ်။ ဝန်ဆောင်မှုပေးသူတွေကို ကိုယ်ပေးထားတဲ့ အခွန် ငွေနဲ့ ပြည်သူကခန့်ထားတဲ့ ဝန်ထမ်း တွေ အလုပ်လုပ်ကြသူတွေလို့ မမြင် နိုင်ကြသေးဘဲ တခုခု ဝန်ဆောင်မှု ရဖို့ တခုခုပြန်ပေးရမယ်ဆိုတဲ့ အမြင် နဲ့ under table ပိုက်ဆံတွေနဲ့ လာဘ် ထိုးကြ၊ အကျင့်ဖျက်တာကိုလည်း ပြင်ရပါမယ်။ အခွန်ငွေကိုလည်း ပြည်သူက ပုံမှန်ဆောင်လာတဲ့အခါ ဆောင်လာတဲ့ အခွန်ငွေအလိုက် ဝန် ဆောင်မှုကောင်းတွေ မျှော်လင့်ကြ ပါလိမ့်မယ်။ အခွန်ငွေ တရားမျှတစွာ စီမံခန့်ခွဲမှု၊ ပွင့်လင်းမြင်သာမှု၊ ပြည် သူလက်လှမ်းမီမယ့် အခွန်ငွေရှင်း တမ်းတွေကို ပုံမှန်ထုတ်ပြန်ရမယ်။ ဒီလို အလေ့အထကောင်းတွေကို မွေးမြူကြဖို့ အခြေခံကျောင်းတွေမှာ ကတည်းက အသိပညာ ပေးထားရ ပါမယ်။ ပညာရေးကဏ္ဍက ဝန်ဆောင်မှုတွေမှာ လိုအပ်ချက်တွေအပေါ် ဦးစားပေး ပြင်ဆင်စေလိုပါတယ်။ ကျမလည်း အထက်တန်းပြဆရာမဖြစ်ဖို့ တက္ကသိုလ်တက်ခဲ့တယ်။ ဆရာ မလုပ်ဖြစ်တော့ပေမဲ့ သူငယ်ချင်း အထက်တန်းပြဆရာ၊ ဆရာမတွေရဲ့ စိတ်ပျက် အားလျှော့တဲ့အသံတွေ အမြဲကြားရပါတယ်။ ထက်မြက်ကြတဲ့ လူငယ် ဆရာ၊ ဆရာမ တွေဟာ သူတို့ရဲ့အရည်အချင်းကို စိတ်ကြိုက်ပုံဖော်ခွင့် မရှိကြဘူး။ အင်အားကြီးလှတဲ့ ခေါက်ရိုးကျိုးအတွေးအခေါ်၊ လုပ်ထုံးလုပ်နည်းတွေကြားမှာ အသစ်အသစ်တွေ၊ ဖန်တီး တီထွင်မှုတွေနဲ့ အပြောင်းအလဲပြုဖို့ တွန့်ဆုတ်ကုန်ကြပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ အတွေးအမြင်တွေနဲ့ သင်ကြားပြသပုံတွေဟာ မြန်မာပြည်ကြီးအတွက် ပိုအခရာကျ နေတယ် မြင်ပါတယ်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

1 comment

  • သဉ္ဇာရွှန်းလဲ့ရည် ဖြေကြားတာ သဘာဝကြပြီး လေးနက်တဲ့
    အဓိပ္ပါယ်တွေနဲ့ ပြည့်ဝတယ် ။
    သူ့အမြင်တွေကို သဘောတူထောက်ခံပါတယ်။

By ISP Admin
Institute for Strategy and Policy – Myanmar