Institute for Strategy and Policy – Myanmar

မြန်မာ့နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနည်းကျကိုယ်စားပြုခြင်းဆိုင်ရာ ဆင်ခြင်ယူဆချက်တချို့

ဒီမိုကရေစီမှာ နိုင်ငံရေးအရကိုယ်စားပြုမှုအကြောင်းပြောကြရင် နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲကို ချိတ်ဆက်ပြောဆိုကြရမြဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲ၊ နှစ် ၇၀ ကျော် ပြည်တွင်းစစ်နဲ့တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းနေရဆဲနိုင်ငံမှာတော့ နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ ဒီအခြေနေတွေကို ထင်ဟပ်သလား၊ ရွေးကောက်ပွဲတွေကရော ဒီမိုကရေစီ ခိုင်မြဲ တည်တံရေးနဲ့ အမျိုးသားရင်းကြားစေ့ ညီညွတ်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမလား ဆိုတာ စောကြောစရာကောင်းပါတယ်။

ဒီဆောင်းပါးမှာ ဆင်ခြင်အနုမာနပြုချင်တာကတော့ (၁) မြန်မာနိုင်ငံရေး ပါတီစနစ်နဲ့ ပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ လူ့အဖွဲ့စည်းရဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့နေနေသာ၊ လူ့အဖွဲ့စည်းရဲ့ အခြေခံပဋိပက္ခ တွေကို ပင်လျှင် ထင်ဟပ် ကိုယ်စားပြုနိုင်ခြင်း မရှိဘူး။ (၂) ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီမိုကရေစီ ကို ခိုင်မြဲ တည်တံစေဖွယ်ရှိ မရှိ၊ အမျိုးသားရင်ကြားစေ့ငြိမ်းချမ်းရေးကိုလည်း ဦးတည်နိုင်ချေရှိ မရှိက တော့ အာဏာရသူတွေရဲ့ နိုင်ငံရေးအရသဘောထားအမြင်ကျယ်မှုပေါ်သာ အဓိကမူတည်လိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲလွန် အတွေ့အကြုံအရတော့ ဒီလိုအလားအလာနည်းပါးတယ်လို့ သုံးသပ် နိုင်ပါတယ်။

မြန်မာ့နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့စည်းဆိုင်ရာပဋိပက္ခ

နိုင်ငံရေးအရကိုယ်စားပြုတယ်ဆိုတာ အာဏာရနေသူက (ဝါ) အာဏာရရေး ယှဉ်ပြိုင်သူက ကိုယ့်ကို ထောက်ခံသူ (ဝါ) လူမှုအင်အားစုတခုခုရဲ့အကျိုးစီးပွားကို ကိုယ်စားဆောင်ရွက်ပေး၊ အရေးဆိုပေးတာ။ သူတို့အရေးပြဿနာ၊ အကျိုးစီးပွားလိုလားချက်တွေကို လိုလိုလားလား အရေးတယူတုံ့ပြန်ဖြေရှင်း ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲကတဆင့်အာဏာယူမယ့် ကိုယ်စားလှယ်လောင်းနဲ့ သူတို့အာဏာရရင် အကောင်အထည်ဖော်ချင်တဲ့ ပေါ်လစီမူဝါဒတွေကို အဆိုပြုတဲ့ အဖွဲ့စည်းပါပဲ။ ရွေးကောက်ပွဲကတော့ အာဏာလိုချင်တဲ့ ကိုယ်စားလှယ်တွေက နယ်ပယ်ကဏ္ဍ အသီးသီးပေါ် သူတို့ထားရှိတဲ့ မတူညီတဲ့မူဝါဒတွေနဲ့ မဲပေးချင်သူတွေ ကြိုက်ရာရွေး နိုင်အောင် လမ်းဖွင့်ပေးတဲ့ပြိုင်ဆိုင်မှုစနစ်ပါပဲ။

မြန်မာ့နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲနဲ့ကိုယ်စားပြုမှုတွေဟာ ဒီအခြေခံဝိဂြိုဟ်ပြုချက်တွေနဲ့ နီးစပ်မှု မရှိသေးတာကိုကြည့်ရင်ပဲ မြန်မာ့ဒီမိုကရေစီခရီးဟာ လှမ်းနေသေးတယ်လို့ဆိုနိုင်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးအဆိုအုံကြွမှုအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီတွေဟာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနဲ့ တိုင်းရင်းသားအရေးပေါ်မှာ အဓိကအားဖြင့် တည်ဆောက်ထားတာဖြစ်ပါတယ်။ စစ်အာဏာရှင်အုပ်စိုးသူတွေကို ဆက်ခံတဲ့ပါတီ၊ ဒီမိုကရေစီလှုပ်ရှားမှုကပေါ်ထွက်လာတဲ့ပါတီတွေနဲ့ တိုင်းရင်းသားအရေးကို ကိုယ်စားပြုမယ်ခံယူထားတဲ့ပါတီတွေပဲဖြစ်ပါတယ်။ ဒီထဲမှာမှ စစ်အစိုးရကို ဘုံရန်သူသဖွယ်ဆန့်ကျင်ရေးဆိုတဲ့ အရပ်ဘက်-စစ်ဘက်ပဋိပက္ခမျက်နှာစာက ပိုအားကြီးခါးသီးသလို ဖြစ်ခဲ့တော့ ၁၉၉၀ ရွေးကောက်ပွဲဟာ အာဏာသိမ်းစစ်အစိုးရ၊ ဖိနှိပ်တဲ့စစ်အစိုးရကို ထောက်ခံ၊ မထောက်ခံ လူထုဆန္ဒခံယူပွဲတခုလို ပိုအသွင်ဆောင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ၄၉၂ မဲဆန္ဒနယ်အနက် ၃၉၂ နေရာအထိ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အာဏာမလွှဲအပ်တဲ့အပြင် စစ်အစိုးရကဖိနှိပ်မှုတွေကို ဆက်တိုက်လုပ်လာတဲ့အတွက် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးပဋိပက္ခဟာ လူ့အဖွဲ့စည်းမှာ ကြီးစိုးလွှမ်းမိုးထားတဲ့ အဓိကအကွဲ ဖြစ်နေခဲ့ပါတယ်။ Lipset and Rokkan (1964) တို့ရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသိပ္ပံယူဆချက်ကို မှီးယူပြီး သုံးသပ်ရရင် ခေတ်သစ်အမျိုးသားနိုင်ငံတော်ဖော်ဆောင်ရေး (nation-state formation) အားထုတ်ရင်း နဲ့ ဖြစ်ပေါ်လာတတ်တဲ့ (တနည်းအားဖြင့် အုပ်ချုပ်ရေးစနစ်နဲ့ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှုတွေမှာ ဗဟိုချုပ်ကိုင်မှုနဲ့ တသွေးတရောင်ထဲပုံစံကျအောင် အားထုတ်ရင်းနဲ့ ဖြစ်ပေါ်လာ တတ်တဲ့) ဗဟိုချက်ဗွေ နဲ့အစွန်ဝေးခေါင်အကြား အကွဲအဟမျိုးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး (အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပဋိပက္ခ) အကွဲအဟရဲ့လက်အောက်ခံပြဿနာ၊ စစ်အစိုးရမရှိတော့ မှ အားလုံး စုံညီရှင်းရမယ့် အရေးအရာအဖြစ် သတ်မှတ်ခံခဲ့ကြရတာပါ။ တိုင်းရင်းသားနိုင်ငံရေးပါတီ အများစုကတောင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ တပ်ပေါင်းစုအမြင်နဲ့ ပိုစုရုံးခဲ့ကြပါတယ်။ ဗမာအများစုကြီးစိုးတဲ့ပါတီတွေရဲ့ တေးသွားအတိုင်းအလိုက်ထိုက် မျှော်လင့် အားကိုး လိုက်ပါကြတာများပါတယ်။

အလားတူပဲ စီးပွားရေးအရမောင်းနှင်မှုကြောင့်ဖြစ်လာတဲ့ ကျေးလက်-မြို့ပြကွာဟမှုနဲ့ အလုပ်သမား-အလုပ်ရှင်၊ တောင်သူ-မြေရှင်စတဲ့ပဋိပက္ခတွေဟာလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းပေါ်ထွန်းလာတဲ့ အဓိက နိုင်ငံရေးပါတီတွေရဲ့အမှတ်သရုပ်နဲ့ မူဝါဒတွေမှာ ထင်ဟပ်ခြင်းမရှိပါဘူး။ ဒါ့အပြင်စစ်အေး ခေတ်လွန် ၁၉၉၀ ခုနှစ်တွေကစလို့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ ပိုအလေးထားခံလာရတဲ့ ကျား-မ လိင်စိတ်ခံယူမှုဆိုင်ရာ အမှတ်သရုပ်လက္ခဏာအရေးတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဥတုဘေးဆိုင်ရာ အရေးရာတွေဟာလည်း မြန်မာ့နိုင်ငံရေးပါတီတွေအတွက် တရေးတယူကိစ္စတွေ ဖြစ်လာပုံမရပါဘူး။ ဒါတွေဟာ (ယခင်ပြည်ပရောက် တက်ကြွလှုပ်ရှားသူများအပါအဝင်) နိုင်ငံတကာနဲ့အတွေ့အကြုံ အယူအဆရေးရာ၊ ရံပုံငွေအကူအညီဆိုင်ရာတွေမှာ ကူးလူးမှုရှိတဲ့ (မီဒီယာတချို့ အပါအဝင်) အရပ်ဘက်အဖွဲ့စည်းတွေကသာ ခေါင်းတည်တဲ့ကိစ္စတွေဖြစ်ပြီး၊ ဒီအရပ်ဘက်အဖွဲ့စည်းတွေနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ နိုင်ငံရေးပါတီတချို့ကတော့ ၂၀၁၀ နောက်ပိုင်း တစုံတရာလက်ခံလာကြ တာတွေ့ရပါတယ်။

အတိုက်အခံလှုပ်ရှားမှုနဲ့လှုပ်ရှားမှုက ပေါက်ဖွားလာတဲ့ နိုင်ငံရေးပါတီအများစုဟာ အရင်က အာဏာဖီဆန်ရေး လူထုအုံကြွမှု၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်၊ နိုင်ငံတကာဖိအားတွေနဲ့ စနစ်ပြောင်း ဖို့ပါပဲ (ဒါကလည်း စစ်အစိုးရ ဖြုတ်ချရေးပဲဖြစ်ပြီး ကျန်ဦးတည်ချက်တွေမှာတော့ ယေဘုယျဆန်ဆန် တွေဖြစ်တဲ့ ဒီမိုကရေစီနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာလောက်ကလွဲလို့ သဘောထားအသေးစိတ် ညှိနှိုင်းတာ၊ တူညီတာ မရှိလှပါဘူး)။ ဖိနှိပ်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး စစ်အာဏာရှင်စနစ်ကို မပြောင်းလဲနိုင်တာ (အားထုတ်သလောက် မထိရောက်တာ) မြင်တဲ့အခါ စစ်အစိုးရဦးဆောင်တဲ့ ၂၀၀၈ အခြေခံဥပဒေအရ ဆောင်ရွက်တဲ့ အပြောင်းအလဲကို (၂၀၁၀ ရွေးကောက်ပွဲကို) ဘယ်လိုရင်ဆိုင်ရမယ် ဆိုတာ အတိုက်အခံနိုင်ငံရေးပါတီကြီးတွေကြားမှာ ကနဦးသဘောထားမရှင်းတာမျိုး ဖြစ်ခဲ့ပုံရပါ တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လူထုလှုပ်ရှားမှုကနေပေါက်ဖွားလာတဲ့ အကြီးဆုံးပါတီ NLD ကစလို့ စစ်အစိုးရဦးစီးဦးဆောင်တဲ့စနစ်ဘောင်အတွင်း ဝင်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့လည်း ရွေးကောက်ပွဲနည်းနဲ့ (မဲအပြတ်အသတ်အနိုင်ရအောင်လုပ်တဲ့ နည်းနဲ့) စနစ်ပြောင်းရေး (စစ်အစိုးရ ပြုတ်ကျရေး) ဆိုတာပဲ အဓိကဖြစ်ပြီး တိုင်းပြည်ဘယ်လို တည်ဆောက်မလဲဆိုတာ အင်စတီကျူးရှင်း တည်ဆောက်ရေးကစလို့ မူဝါဒစဉ်းစားထားချက် တိကျ ရှင်းလင်းမရှိဘဲ ဖြစ်ချင်တဲ့ဆန္ဒပြုစာရင်းချရေး ထားတာမျိုးပဲ တွေ့ရပါတယ်။ လူထုလှုပ်ရှားမှုပါတီကနေ အာဏာရပါတီဖြစ်သွားတဲ့ NLD ပါတီကိုပဲ လေ့လာမယ်ဆိုရင် ပါတီတွင်း ဒီမိုကရေစီမရှိဘူးလို့ ဝေဖန်ခံရတာတွေ များပြားလာရုံသာမက ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် လုံးလုံး လျားလျား မှီခိုလာရမှုကလည်း ထင်ရှားသထက် ထင်ရှားလာပါတယ်။

စစ်အစိုးရကို ဆက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီအစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အရေးပါတဲ့ ပြုပြင် ပြောင်းလဲမှုတွေ (ဥပမာ၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ ဆင်ဆာဖြတ်တောက်မှုကို ပယ်ဖျက်ပေးခဲ့တာ၊ အတိုက်အခံပါတီတွေကို ပြန်လှုပ်ရှားခွင့်ပေးခဲ့တာ၊ ဖုန်း အင်တာနက်စတဲ့ ဆက်သွယ်ရေးစနစ်ကို ဖွင့်ပေးခဲ့တာ၊ အဓိကတိုင်းရင်းသားလက်နက်ကိုင် အင်အားစုတော်တော် များများပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ခဲ့တာ၊ ပြည်ပရောက်တက်ကြွလှုပ်ရှားသူနဲ့ ပညာရှင် အများအပြားကို ပြန်ခေါ်ယူခဲ့တာတွေ) လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ အစိုးရနဲ့ ပါတီအကြားချိတ်ဆက်မှုဟာ အားနည်းခဲ့ပါတယ် (ဒါဟာ အခြေခံဥပဒေပုဒ်မ ၆၄ တားမြစ်ချက်ကလည်း အကြောင်းတရပ်ပါ)။ ပြုပြင်ပြောင်းလဲရေးကြောင့်ရရှိခဲ့တဲ့ အသိမှတ်ပြုခံရမှုတွေကို ပါတီကရရှိတာထက် အစိုးရနဲ့ အစိုးရ အကြံပေးပညာရှင်အဖွဲ့တွေကပဲ ပိုရရှိခဲ့ကြတာတွေ့ရပါတယ်။ အထူးသဖြင့် စစ်အာဏာရှင် အမွေခံ ပါတီဖြစ်ပေမယ့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက နောက်ပေါက်ခေါင်းဆောင်ကြီး (a new hegemon) တယောက်ယောက်ကို ရွေးချယ်အာဏာလွှဲပေးခဲ့တာမဟုတ်ဘဲ အင်စတီကျူးရှင်းတွေနဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို တခုစီခွဲထုတ်ပစ်ခဲ့တာပါပဲ။ ဥပမာ အစိုးရအကြီးအကဲသမ္မတနေရာကို (အများက မျှော်လင့်ထားခဲ့ကြသလို ဦးရွှေမန်းကိုမလွှဲဘဲ) ဦးသိန်းစိန်ကို လွှဲခဲ့တာ၊ လွှတ်တော်တာဝန် တွေကို ဦးရွှေမန်းကိုလွှဲခဲ့တာ၊ တပ်မတော်ကိုလည်း (အများမျှော်မှန်းထားခဲ့ကြသလို သူရမြင့်အောင်ကို မလွှဲဘဲ) ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို တပ်ချုပ်အဖြစ်လွှဲခဲ့တာ၊ ပါတီကို စုပေါင်းတိုင်ပင်စနစ်နဲ့ သွားခိုင်း ပေမယ့် ပုဂ္ဂိုလ်ရေးနဲ့ အင်စတီကျူးရှင်းအာဏာအသုံးချအားပြိုင်မှုတွေက ပါတီကိုပါ အစည်းပြေချည့်နဲ့ စေခဲ့ပုံရပါတယ်။ အထူးသဖြင့် နောက်ပေါက်ခေါင်းဆောင်ကြီးကိုလည်း အရိုက်အရာ အကုန်မလွှဲခဲ့နိုင်၊ တာဝန်အသီးသီးယူရတဲ့ ခေါင်းဆောင်သစ်တွေကလည်း မတိမ်းမယိမ်းတွေမို့ ပုဂ္ဂိုလ်ရေးအာဏာကို အချိန်တိုတွင်းမထူထောင်နိုင် (ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနဲ့ အဓိက ကွာခြားချက်တခုပါ)၊ ဒါ့အပြင် ပါတီတွင်း လူပေါ်လူဇော်တွေအကြား အာဏာခွဲဝေမှု စနစ် (elite power-sharing) ကို မတည်ဆောက်နိုင်ခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီဟာ မဟာဗျူဟာ ပျောက်ရုံ မက၊ ပါတီခေါင်းဆောင်တချို့ ဟာ NLD ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် အထောက် အကူသဖွယ်ဖြစ်ခဲ့ပြီး နောက်ဆုံးပါတီကွဲခဲ့ရပါတယ်။ ပြည်ခိုင်ဖြိုးဟာ နိုင်ငံရေး ဥပဓိ၊ အကျိုးစီးပွားနဲ့ မူဝါဒတွေအရ (အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ) တပ်မတော်ကို ထင်ဟပ်ဖို့ ကြိုးစားပေမယ့် တပ်မတော်ကတော့ ပြည်ခိုင်ဖြိုးကို မိခင်ပါတီအဖြစ်သဘောထားသလား၊ လက်ဝေခံ ပါတီတခု အဖြစ် ပဲသဘောထားလားဆိုတာတော့ မသဲကွဲသေးပါဘူး။ သေချာတာကတော့ ပြည်ခိုင်ဖြိုး ပါတီဟာ အမျိုး ဘာသာ သာသနာအရေးလှုပ်ရှားမှုနဲ့ ရိုဟင်ဂျာအရေးကို ပြင်းပြင်းထန်ထန်ပြန်လည် တုံ့ပြန်ရေး (အမျိုးသားလုံခြုံရေးနဲ့ အချုပ်အချာအာဏာ ဗဟိုပြုရေး) အခြေခံပေါ်မှာ ရပ်တည်နေတာ တွေ့ရပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ မွန်ပြည်နယ်တွေအတွင်းက တိုင်းရင်းသားပါတီများ ပေါင်းစည်းရေး ကတစုံတရာ အရှိန်ရလာတာ တွေ့ရပါတယ်။ အဆိုပါပြည်နယ် ၅ ခုက ပေါင်းစည်းထားတဲ့ပါတီ ၅ ပါတီ ချိတ်ဆက်ထားတဲ့ အလွတ်သဘောပါတီကွန်ယက် (+Five) ဟာလည်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးဆိုတဲ့ယေဘုယျ သဘောတူညီတွေလောက်သာရှိပြီး အဓိက အားဖြင့် ရွေးကောက်ပွဲပေါ်အခြေခံပြီး ချိတ်ဆက်ထားရုံမျိုးပဲဖြစ်ပါတယ်။ မူဘောင်၊ ပေါ်လစီနဲ့ မဟာဗျူအဆင့်ကို တက်လှမ်းနိုင်တာမျိုး မရှိပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကိုကြည့်ရင် ရှိရင်း အမတ်နေရာ ၆၆၄ ဖြစ်ပြီး ၃၃၃ နေရာရရင် သမ္မတရွေးပြီး အစိုးရဖွဲ့နိုင်ပါတယ်။ NLD ပါတီက ပြည်သူ့လွှတ်တော် ၂၅၅ နေရာနဲ့ အမျိုးသားလွှတ်တော် ၁၃၅ အနိုင်ရပြီး စုစုပေါင်း ၃၉၀ ရှိတဲ့အတွက် အစိုးရဖွဲ့နိုင်တဲ့အရေအတွက်ထက်ကို ၅၇ ဦး ပိုမိုသာလွန်အနိုင်ရရှိခဲ့တာပါ။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်နှစ်ရပ်ပေါင်း ၄၁ ယောက်၊ လူနည်းစုတိုင်းရင်းသားပါတီတွေက ၅၇ယောက်၊ တပ်မတော်က ရွေးကောက်ခံစရာမလိုဘဲ ၁၆၆ နေရာရရှိပါတယ်။ အခုလို ကိုဗစ်-၁၉ ကပ်ဘေးအခြေနေနဲ့ အာဏာရ NLD ပါတီကလွဲလို့ (ကပ်ဘေးအကူအညီ ဖြန့်ဝေရေးစတဲ့လုပ်ငန်းတွေ လူမြင်သူမြင် လုပ်ခွင့်ရှိတဲ့ ပါတီအမတ်တွေနဲ့ ဝန်ကြီးချုပ် ဝန်ကြီးတွေကလွဲလို့) ကျန်ပါတီတွေအတွက် လှုပ်ရှားစည်းရုံးနိုင်ခွင့်နဲ့ အရင်းအမြစ်အသုံးချနိုင်စွမ်းကလည်း အတော်အကန့်အသတ်ရှိပါတယ်။ တိုင်းရင်းသားပါတီအများစု အတွက် ခက်ခဲမှာအထင်အရှားပါပဲ။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက နေရာ ၅၈ ဦး လောက် လျော့နည်းနိုင်ဖို့၊ တိုင်းရင်းသားပါတီတွေ နေရာ ၆၀ ကျော်နိုင်ဖို့ဆိုတာ ကြီးမားတဲ့စိန်ခေါ်မှုပါ ပဲ။ ဒါကြောင်တိုင်းရင်းသားပါတီတွေအနေနဲ့ ဗမာကြီးစိုးတဲ့ပါတီကြီးနှစ်ခုရဲ့ အားပြိုင်မှုမှာ တဖက်ဖက် ကို အလေးသာအောင် အဆုံးအဖြတ်ပေးနိုင်တဲ့အခန်းကဏ္ဍမျိုး ရှိလာနိုင်ဖို့ အတော်ကြိုးစားရပါမယ်။ ပြည်နယ်လွှတ်တော်တွေကို ထိန်းချုပ်နိုင်ရေးကတော့ တချို့ပြည်နယ်တွေမှာ ဖြစ်တန်ကောင်းပါတယ်။ မူဝါဒ ပေါ်လစီတွေပေါ် အခြေပြုယှဉ်ပြိုင်တာထက် လူမျိုးအမှတ်သရုပ်လက္ခဏာပေါ်တည်ပြီး ရွေးကောက်ခံရဖို့ ကြိုးစားတာတွေကို ပိုတွေ့ရဖွယ်ရှိပါတယ်။

မြန်မာနိုင်ငံရေး ပါတီစနစ်ဟာ ဗမာလွှမ်းမိုးတဲ့ ပါတီကြီး ၂ ပါတီကြီးစိုးတဲ့စနစ်နဲ့ တိုင်းရင်းသားပါတီ တွေက အရန်အဖြစ်အားပြိုင်တဲ့စနစ်လိုပဲဖြစ်နေပါသေးတယ်။ ပါတီအများစုကလည်း ပါတီ အင်စတီ ကျူးရှင်းတည်ဆောက်ရေးထက် ပုဂ္ဂိုလ်အခြေပြု အဆောင်အယောင်အထွတ်တင်မှုနဲ့ အာဏာယန္တရား ကြီးထွားစေမှုတွေက အဓိကဖြစ်သွားလေ့ရှိပါတယ်။ ပါတီမူဝါဒတွေဟာ တခုနဲ့တခု၊ တချိန်နဲ့ တချိန် ချိတ်ဆက်မှုအားနည်းတဲ့၊ ရှေ့ပြောနောက်မေ့ တသမတ်တည်းဖြစ်မှုအားနည်းတဲ့ ခေါင်းဆောင်တွေရဲ့ ပုဂ္ဂလိက နှုတ်ကပါတ်တော်တွေ ဖြစ်နေတတ်ပါတယ်။ မူဝါဒအရ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အဟနဲ့ ပဋိပက္ခ (တနည်းအားဖြင့် စစ်တပ်မကောင်းဘူး၊ စစ်တပ်ပြန်လာမယ့်အရေး အဓိကဟန့်တားရ မယ်ဆိုတဲ့ ဇာတ်ကွက်) ကို ပုံသေအထိုင်ချထားပြီး ကျန်လူမှုအဆောက်အုံဆိုင်ရာ အဟနဲ့ ပဋိပက္ခတွေ ဖြစ်တဲ့ ဆင်းရဲ-ချမ်းသာ ကွာခြားမှု၊ အလုပ်သမား-အလုပ်ရှင်၊ တောင်သူ-မြေရှင်စတဲ့ လူတန်းစား အရေး၊ လူများစု-လူနည်းစု (တခါ လူနည်းစုများ အချင်းချင်းအကြား) တိုင်းရင်းသားအရေး၊ ဗဟိုချက် ဗွေနဲ့ အစွန်ဝေးခေါင်အကြား အကွဲအဟ၊ ကျေးလက်-မြို့ပြကွာဟမှု၊ ဘာသာရေးအသိုက်အမြုံများ အကြား သဟဇာတပျက်ပြားမှု၊ ကျား-မ လိင်စိတ်ခံယူမှုဆိုင်ရာစတဲ့ အမှတ်သရုပ်လက္ခဏာအရေး တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဥတုဘေးဆိုင်ရာအရေးရာတွေနဲ့ နိုင်ငံခြားဆက်ဆံရေး (ပထဝီ နိုင်ငံရေး) စတာတွေဟာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး (အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပဋိပက္ခ) အကွဲအဟရဲ့ လက်အောက်ခံပြဿနာအဖြစ် ပုံဖော်ရှုမြင်ကြပြီး မူဝါဒဦးစားပေးရွေးချယ်ကြတာ တွေ့ရ ပါတယ်။ ဒါပေမယ့် ပကတိလက်တွေ့အခြေနေမှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဟာ ဆုံချက်ကျ ပဋိပက္ခ (crosscutting cleavage) အဖြစ် ဆက်ရှိနေသေးသလား၊ ကျန်အကွဲအဟတွေကို ပေါင်းစပ် စဉ်းစားစရာမလိုလောက်အောင် လူအဖွဲ့စည်းကို ပေါင်းစည်းစုရုံးနိုင်စွမ်းရှိသေးလားဆိုတာကလည်း ရွေးကောက်ပွဲအဆုံးအဖြတ်တခုတည်းနဲ့ တိုင်းထွာဖို့ ခက်လှပါတယ်။ အထူးသဖြင့် နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ် FPTP အောက်မှာ ပိုလို့ခက်ခဲလှပါတယ်။

ဒါ့အပြင် တခုနဲ့တခု အပြန်အလှန် အားဖြည့်တဲ့ ပဋိပက္ခတွေ mutually reinforcing cleavages (ဥပမာ – အာဏာရပါတီနဲ့ တပ်မတော်အကြား ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေအပေါ်၊ ရခိုင် တပ်မတော် AA အပေါ် သဘောထားရှုမြင်ပုံ နီးစပ်လာတဲ့အခါ “လူမျိုးကြီးဝါဒက မပြောင်းဘူး စစ်တပ်လူမျိုးကြီးနဲ့ ဒီမိုကရေစီလူမျိုးကြီးဝါဒဟာ အခေါ်အဝေါ်ပဲကွာတယ်” ဆိုတဲ့ လူနည်းစုတွေရဲ့ ရှုမြင်ပုံမျိုးပါ။ ဒီရှုမြင်ပုံမျိုးက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အကွဲအဟနဲ့ လူများစု-လူနည်းစု တိုင်းရင်းသားရေး အကွဲအဟကြားမှာ အပြန်အလှန် ကျေးဇူးပြုအားဖြည့်ပေးပါတယ်။) ကလည်း မြန်မာ့လူ့အဖွဲ့စည်းအတွင်း ပဋိပက္ခတွေရဲ့ သဘောသဘာ၀ ရှုပ်ထွေးအကဲဆတ်ပုံကို သိသာစေပါ တယ်။ ဒီအခြေနေတွေကို နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးဝိသေသလက္ခဏာနဲ့ မူဝါဒတွေ၊ အဲ့ဒီပါတီတွေ ရှင်သန်အားပြိုင်နေရတဲ့ မြန်မာ့ နိုင်ငံရေးပါတီစနစ်က ကိုယ်စားပြုထင်ဟပ်တာမျိုး မတွေ့ရပါဘူး။ ဒါကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မူလအစီစဉ်အတိုင်း ကျင်းပဖြစ်မယ်ဆိုရင် လက်ရှိ ပါတီတွေနဲ့ ပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ လူ့အဖွဲ့စည်းရဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ နေနေသာ၊ လူ့အဖွဲ့စည်းရဲ့ အခြေခံ ပဋိပက္ခတွေကိုပင်လျှင် ထင်ဟပ်ကိုယ်စား ပြုနိုင်ခြင်း မရှိတာတွေ့နိုင်ပါတယ်။ ချုပ်ပြောရရင် ပါတီအင်စတီကျူးရှင်း အားမကောင်းတော့ဘဲ ပါတီနဲ့ပြည်သူ၊ ပါတီနဲ့နိုင်ငံတော်၊ ပါတီတွင်း အချင်းချင်း ချိတ်စပ်ဆက်ဆံမှုတွေလည်း ပတ္တာပျက်သလိုဖြစ်နေတာပါပဲ။

မြန်မာ့နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် အမျိုးသားရင်ကြားစေ့ရေး

ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲတွေ ပုံမှန်ကျင်းပတာထက်ပိုတယ်၊ သို့ပေသိ ရွေးကောက်ပွဲမရှိရင် လည်း ဒီမိုကရေစီမရှိနိုင်ဘူးဆိုတဲ့စကားများဟာ သုံးလွန်းလို့ ဆီသည်မလက်သုတ်ဖက်လိုဖြစ်နေပါပြီ။ ခေတ်ပြိုင် နိုင်ငံရေးသိပ္ပံသုတေသီတွေအတွက်ကတော့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ အချိတ်အဆက် ဟာ ထင်သလောက်မရိုးရှင်းပါဘူး။ ရွေးကောက်ပွဲကိုလေ့လာတဲ့အခါ ရွေးကောက်ပွဲကျင်းပပေးရင် နိုင်ငံရေးစနစ်တရပ်ဟာ သက်တမ်းရှည် regime-sustaining စေသလား (ဝါ) စနစ်ပြောင်းရေးကို တွန်းအားပေး regime-subverting စေသလားဆိုတာကို နှိုင်းယှဉ်သုတေသီတွေက အထူးပြုလေ့လာ ကြပါတယ် (Schedler 2019)။

နိုင်ငံရေးသိပ္ပံပညာရှင် Przeworski (2018) ကတော့ အင်အားသုံးအာဏာယူထားတဲ့ (လူ၊ ပါတီ၊ စစ်တပ်၊ အုပ်စု) အုပ်စိုးသူဟာ ရွေးကောက်ပွဲကို မကျင်းပပေးဘူးဆိုရင် ပျမ်းမျှအားဖြင့် သက်တမ်း အနှစ် ၂၀ သာခံတယ်၊ ရွေးကောက်ပွဲတော့ကျင်းပပေးပေမယ့် အတိုက်အခံကိုခွင့်မပြုဘဲ ကျင်းပပေး တယ်ဆိုရင် ပျမ်းမျှ သက်တမ်း ၂၅ နှစ်ခံတယ်၊ ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲမျိုးကို ခွင့်ပြုတယ်ဆိုရင် ပျမ်းမျှ ၄၆ နှစ်ခံမယ်၊ ပြိုင်ဆိုင်မှုကို ခွင့်ပြုရုံမက အနိုင်ရသူ အတိုက်အခံကို အနည်းဆုံးတကြိမ် ငြိမ်းချမ်းစွာအာဏာလွှဲပေးတယ်ဆိုရင် ပျမ်းမျှ ၈၇ နှစ် သက်တမ်း ရှည်တယ်။ ဒီနေရာမှာ သက်တမ်း ရှည်တယ်ဆိုတာ အာဏာသိမ်းခံရတာ (ဝါ) အခြားသော အကြမ်းဖက်နည်းများနဲ့ အစိုးရနေရာကနေ ဖယ်ရှားမခံရဘူးလို့ ဆိုလိုတာပါ။ ချုပ်ရင်တော့ ရွေးကောက်ပွဲတွေဟာ လူတွေရဲ့ မကျေနပ်ချက်တွေကို လျော့ပါးစေဖို့၊ လူအဖွဲ့စည်းအတွင်း သွေးထွက်သံယို အကြမ်းဖက်ပဋိပက္ခတွေနဲ့ အာဏာသိမ်းမှုတွေကို လျော့ပါးစေဖို့သာ အဓိက အသုံးတည့်တယ်။

ရွေးကောက်ပွဲတွေရှိရုံသက်သက်နဲ့တော့ အစိုးရတွေက ဒီမိုကရေစီ၊ လွတ်လပ်ခွင့်တွေနဲ့ စီးပွားရေး တိုးတက်မှုတွေကို ဆောင်ကြဉ်းပေးတယ်၊ ကောင်းမွန်အရည်အသွေးရှိတဲ့ဆုံးဖြတ်ချက်တွေချလာလိမ့် မယ်ဆိုတဲ့ အလိုလျောက်ဆက်နွယ်မှုမျိုးမရှိဘူးလို့ ဆိုလိုပါတယ်။ ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲရဲ့ အားသာချက်တခုက ကစားကွင်းတစုံတရာညီမျှရင် အာဏာဟာ တစုတဖွဲ့ လက်ထဲမှာပဲ အမြဲရှိမနေဘဲ အာဏာလက်ပြောင်းလက်လွှဲရှိဖြစ်ပေါ်စေနိုင်တယ်။ ရှုံးတဲ့သူဟာ အမြဲရှုံးတာ၊ ရာသက်ပန်ရှုံးတာ မဟုတ်ဘဲ အခွင့်ပေးရင် လူထုမျက်နှာသာပြန်ရပြီး အာဏာပြန်ရနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ရှိတဲ့ အတွက် တကြိမ်ရှုံးတာနဲ့ အကြမ်းဖက်နည်းနဲ့ (အာဏာသိမ်းတဲ့နည်းဖြစ်ဖြစ်၊ တော်လှန်ရေးနည်းနဲ့ ဖြစ်ဖြစ်) အာဏာပြန်ယူစရာ မလိုသေးဘူးဆိုတဲ့ စဉ်းစားတွက်ချက်မှုမျိုးကို အလေးပိုသာစေပါတယ်။ ဒါကြောင့်ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲတွေဟာ အနိမ့်ဆုံးတော့ အကြမ်းဖက်ပဋိပက္ခကို ဟန့်တားစေ နိုင်မယ်လို့ ဆိုကြပါတယ် (Przeworski 1991)။

ဒါပေမယ့် နဂိုကတည်းက အကြမ်းဖက်ပဋိပက္ခတွေ၊ တိုင်းရင်းသားရေးရာ အကွဲအပြဲတွေများတဲ့ တိုင်းပြည်မှာတော့ ရွေးကောက်ပွဲတွေဟာ ပဋိပက္ခပြေလည်စေမယ့်အစား ဆေးကြောင့်လေး အန္တရာယ်ပိုများစေနိုင်တယ်လို့ သုတေသီတွေက ထောက်ပြကြပါတယ် (Mansfield and Snyder 2007; Collier and Vicente 2012)။ ရွေးကောက်ပွဲရဲ့ အနိုင်ရလိုဇော ပြိုင်ဆိုင်မှု၊ အထူးသဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အင်စတီကျူးရှင်းတွေ စွမ်းဆောင်ရည်မပြည့်မှုနဲ့ အကွဲအပြဲများတဲ့လူအဖွဲ့အစည်းမှာ ဒီမို (the demos) ပြည်သူဆိုတဲ့သတ်မှတ်ချက်မှာ ဘယ်အုပ်စု ပါတယ်၊ ဘယ်အုပ်စုက ပါခွင့်မရဘူးစတဲ့ အားပြိုင်မှုရေခံမြေခံတွေကြောင့်လည်း ရွေးကောက်ပွဲက ပျားအုံထုတ်ထိုးဆိုတာမျိုး ဖြစ်စေတတ်တာပါ။

ဒါ့အပြင် ဝင်ငွေနည်းတဲ့နိုင်ငံမှာ ယှဉ်ပြိုင်ရွေးကောက်ပွဲဟာ မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေကို ဖြစ်စေတတ်တယ်။ Paul Collier (2009) ကတော့ လူတဦးချင်းတနှစ်ကို ဝင်ငွေ ဒေါ်လာ ၂၇၀၀ (လူတဦးချင်းဝင်ငွေ တရက် ကို ၇ ဒေါ်လာ) အဆင့်ရှိပါမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြောင့် အကြမ်းဖက်မှုတွေဖြစ်မယ့် အရေးကို ရှောင်ကွင်းနိုင်မယ်လို့ အထောက်အထားနဲ့ အဆိုပြုပါတယ်။ အကြမ်းဖျင်းငွေလဲဈေးနှုန်း တဒေါ်လာကို မြန်မာငွေ ၁၄၀၀ ကျပ်နဲ့တွက်ရင် လူတဦးတနေ့ရသင့်တဲ့ ဝင်ငွေဟာ ၉၈၀၀ ကျပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပျှမ်းမျှလူတဦးချင်းတနှစ်ဝင်ငွေဟာ ၁၁၄၀ ဒေါ်လာ ဖြစ်ပြီး တနေ့ကို ၃ ဒေါ်လာဝန်းကျင် (၄၀၀၀ ကျပ်ဝန်းကျင်) လောက်ဖြစ်ပါတယ်။ လူဦးရေ ၅၁ သန်းရှိ တဲ့အနက် လေးပုံတပုံဟာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်မှာပါ။ မြန်မာအစိုးရ ထုတ်ပြန်တဲ့ ၂၀၀၇ ခုနှစ် စစ်တမ်းအရ လူလေးယောက်မှာတယောက်ဟာ တနေ့ဝင်ငွေ ၁၅၀၀ကျပ်အောက်ပဲရှိပါ တယ်။ ချင်းပြည်နယ်လိုဒေသမှာဆိုရင် လူတရာမှာ ၅၈ ယောက်၊ ရခိုင်ပြည်နယ်မှာ ၄၂ ယောက်ဟာ ဒီဆင်းရဲမှု သတ်မှတ်ချက်အောက်ကိုရောက်နေတာပါ။ ဒီတော့ ဝင်ငွေနည်းတဲ့နိုင်ငံမှာကျင်းပတဲ့ ရွေးကောက်ပွဲဟာ အဲ့ဒီနိုင်ငံကို မတည်ငြိမ်မှု၊ အကြမ်းဖက်မှုနဲ့ လာဘ်ပေးမွဲဆွယ်တဲ့နိုင်ငံရေးမျိုးကိုသာ ဖြစ်စေတတ်ပါတယ်။

ဒါ့အပြင် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရနိုင်ချေများတဲ့၊ လွန်ဆန်နိုင်စွမ်းနည်းတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေကျင်းပရင် အားနည်းတဲ့နိုင်ငံမှာ ဒီမိုကရေစီနဲ့ အမျိုးသားရင်ကြားစေ့ရေးအမြစ် တွယ်နိုင်ချေနည်းပါတယ်။ အထူးသဖြင့် ဒေသတွင်းကြီးစိုးတဲ့ အင်အားကြီးနိုင်ငံဟာ အာဏာရှင်နိုင်ငံ ဖြစ်တယ်ဆိုရင် ရွေးကောက်ပွဲတွေကို မလျော်ဩဇာလွှမ်းမိုးပြီး ရွေးကောက်ပွဲမှာ လူမွေးတာ၊ သူ့ဘက်သားဖြစ်နိုင်မယ့်လူ (ဝါ) အုပ်စုကို အာဏာရအောင် ဖန်တီးပေးတာ၊ အာဏာမဆုံးရှုံးရအောင် ကျားကန်ပေးတာတွေ လုပ်လေ့ရှိပါတယ် (Jones and Taussig 2019)။ ပထဝီနိုင်ငံရေးသုတေသီတွေ က ရုရှ၊ တရုတ်နဲ့ အီရန်စတဲ့ နိုင်ငံတွေကို ဥပမာပေးလေ့ရှိပါတယ်။ အာဏာရှင်နိုင်ငံကြီးတွေက ရွေးကောက်ပွဲကတဆင့် အရပ်ဘက် အဖွဲ့စည်းတွေအားကောင်းလာမှာ၊ တာဝန်ခံမှုရှိတဲ့အစိုးရပေါ်ထွန်း လာမှာ၊ လစ်ဘရယ်တန်ဖိုးတွေ အားကောင်းလာမှာကို ဟန့်တားပြီး ရွေးကောက်ပွဲအခြေခံအာဏာရှင် နိုင်ငံငယ်တွေကို အခြံအရံအဖြစ် ဖော်ထုတ်တည်ဆောက်ကြတာပါ။ တကယ်တော့ အာဏာရှင်နိုင်ငံ ကြီးတွေမှမဟုတ်ပါဘူး၊ အမေရိကန်ပြည်ထောင်စုတောင်မှ ၂၀၁၃ ခုနှစ် အီဂျစ်စစ်တပ်က ဒီမိုကရေစီ နည်းကျရွေးချယ်ခံထားရတဲ့ မိုဟာမက်မော်စီအစိုးရကို စစ်တပ်ကအာဏာသိမ်းတာကို အာဏာသိမ်း တယ်လို့ တောင် မပြောဘဲနှာစေးနေခဲ့တာ၊ ဥရောပသမဂ္ဂက ပါလက်စတိုင်းမှာ ဟာမက်စ် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲနိုင်တာကို အသိမှတ်မပြုခဲ့တာတွေက ဒီမိုကရေစီရွေးကောက်ပွဲရဲ့ အခြေခံတန်ဖိုးတွေကို ကာကွယ်ဖို့ထက် ပထဝီနိုင်ငံရေးအရ ကိုယ်မကြိုက်တဲ့ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူးဆိုတဲ့ နမူနာ တချို့ပဲ ဖြစ်ပါတယ် (Kausch 2015)။ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ခံနေရရုံသာမက အချိန်ကြာ လာတာနဲ့အမျှ မြန်မာ့ပြည်တွင်းစစ်ဟာ ပထဝီနိုင်ငံရေး အရှုပ်အထွေးထဲကြားညပ်ပါလာနေပါတယ်။ အထူးသဖြင့် ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်တို့ဟာ ပထဝီ နိုင်ငံရေးငလျင်ကြောတွေနဲ့ အကဲဆတ်နေ တာဖြစ်ပါတယ်။ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအသွင် ကူးပြောင်းမှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်လာတဲ့အခါ၊ နိုင်ငံတကာစီးပွားရေးဒဏ်ခတ်မှုတွေ ဖြေလျော့ပြီး မြန်မာ့အလားအလာ ရောင်ခြည် သန်းလာတဲ့အခါ မြန်မာနိုင်ငံပေါ်အကြောင်းပြုတဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကို ပိုတွေ့လာရပါ တယ်။ ဒီတော့ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ကိစ္စ၊ နိုင်ငံတဲ့သူကို ကိုယ့်ဘက်ပါလာအောင် ဆွယ်ရေးကိစ္စဟာ ပထဝီနိုင်ငံရေးအားပြိုင်မှုမှာ ပါဝင်နေတဲ့နိုင်ငံကြီးတွေအတွက် အရေးပါလာပါတော့ တယ်။

ချုပ်ပြောရရင်တော့ အကွဲပြဲများတဲ့နိုင်ငံ၊ တဦးချင်းဝင်ငွေနိမ့်ပါးပြီး ဆင်းရဲတဲ့နိုင်ငံ၊ ပထဝီနိုင်ငံရေးအရ လွန်ဆန်နိုင်စွမ်းနည်းလာတဲ့နိုင်ငံမှာ ရွေးကောက်ပွဲတွေဟာ ရင်ကြားစေ့သင့်မြတ်ပြေလည်ရေးထက် အကွဲအပြဲကိုပိုဖြစ်စေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ ဒီအခြေနေတွေအောက်မှာ ကျင်းပမှာပါ။ ဒီကြားထဲ ကိုဗစ်-၁၉ ကပ်ဘေးရဲ့ အန္တရာယ်ဓားမိုးအောက်မှာ ကျင်းပရတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲဟာ ယှဉ်ပြိုင်သူပါတီတွေကြားမှာ မျှတတဲ့ကစားကွင်းကို ဖြစ်စေပါ့မလားဆိုတာလည်း ရွေးကောက်ပွဲကျင်းပပုံ၊ ရလဒ်ကို လက်ခံပုံတွေပေါ် သက်ရောက်စေပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ခိုင်မြဲ တည်တံစေဖွယ်ရှိ မရှိ၊ အမျိုးသားရင်ကြားစေ့ငြိမ်းချမ်းရေးကို လည်း ဦးတည်နိုင်ချေရှိ မရှိကတော့ သူ့ဖြစ်စဉ်ယုတ္တိသဘောအရတော့ ဖြစ်တန်ချေနည်းလှပါတယ်။ တကယ်လို့ ဖြစ်မယ်ဆိုရင်လည်း အာဏာရသူတွေရဲ့နိုင်ငံရေးအရသဘောထားအမြင်ကျယ်မှုပေါ်သာ အဓိကမူတည်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲလွန် ရခိုင်၊ ကယား၊ မွန်နဲ့ ကျန်ပြည်နယ်တွေမှာ တွေ့ရတဲ့ အာဏာရပါတီနဲ့ တိုင်းရင်းသားပါတီတွေ၊ အရပ်ဘက်အဖွဲတွေရဲ့ ဆက်ဆံရေးအတွေ့အကြုံ ကိုလေ့လာကြည့်မယ်ဆိုရင်တော့ ဒီလိုအလားအလာကလည်း နည်းပါးတယ်လို့ သုံးသပ်နိုင်ပါတယ်။

နိဂုံး

ဒီဆောင်းပါးမှာ ဆင်ခြင်အနုမာနပြုခဲ့တာကတော့ (၁) မြန်မာနိုင်ငံရေး ပါတီစနစ်နဲ့ ပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ လူ့အဖွဲ့စည်းရဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့နေနေသာ၊ လူ့အဖွဲ့စည်းရဲ့ အခြေခံပဋိပက္ခ တွေကိုပင်လျှင် ထင်ဟပ် ကိုယ်စားပြုနိုင်ခြင်း မရှိဘူး။ (၂) ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီမိုကရေစီ ကို ခိုင်မြဲတည်တံစေဖွယ်ရှိ မရှိ၊ အမျိုးသားရင်ကြားစေ့ငြိမ်းချမ်းရေးကိုလည်း ဦးတည်နိုင်ချေရှိ မရှိက
တော့ အာဏာရသူတွေရဲ့နိုင်ငံရေးအရသဘောထားအမြင်ကျယ်မှုပေါ်သာ အဓိကမူတည်လိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲလွန် အတွေ့အကြုံအရတော့ ဒီလိုအလားအလာကလည်း နည်းပါးတယ် ဆိုတဲ့ အချက်ပါပဲ။

ဆောင်းပါးဟာ တင်ကူးဆင်ခြင်ချက်များမျှသာဖြစ်ပြီး စနစ်ကျတဲ့သုတေသနထုံးနဲ့ အချက်လက်တွေ စုဆောင်းပြီး ဒီအနုမာနတွေကို ဆန်းစစ်မှုများ ပိုမိုလုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ဆောင်းပါးမှာ ဆက်စပ်ဆွေးနွေးသင့်တာတွေကို စာရှည်မှာစိုးလို့ ချန်လှပ်ခဲ့ရတာလည်းရှိပါတယ်။ ဥပမာ လူမှုအကွဲ အဟတွေနဲ့ ပါတီတွေရဲ့ ကိုယ်စားပြုမှု၊ မူဝါဒတွေကို ဆွေးနွေးခဲ့ပေမယ့် ဒီချိတ်ဆက်မှု ရှိခြင်း မရှိခြင်းနဲ့ ပတ်သက်လို့ ပါတီတွေရဲ့ မဟာဗျူဟာစဉ်းစားချက်တွေကို မဆွေးနွေးဖြစ်ခဲ့ပါဘူး။ အလားတူပဲ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ၊ ရင်ကြားစေ့ရေးတွေကို ဆွေးနွေးခဲ့ပေမယ့် ရွေးကောက်ပွဲနဲ့ အုပ်ချုပ်မှုစနစ် ကောင်းမွန်ရေး၊ ဆင်းရဲမွဲတေမှုလျော့ပါးရေးစတာတွေကို မဆွေးနွေးဖြစ်ခဲ့ပါဘူး။

ဒီဆောင်းပါးက ထပ်မံဆင်ခြင်နိုင်တာကတခုကတော့ ပါတီစနစ်နဲ ရွေးကောက်ပွဲစတဲ့ အင်စတီကျူးရှင်း တွေဟာ စက်ရုံတွေက ယန္တရားတွေလို ဘယ်သူပဲ စက်ကိုတက်မောင်းမောင်း၊ စက်ခလုပ်ကို နှိပ်နှိပ် (ဥပမာ အသားချောင်းလုပ်စက်လိုမျိုး ဒီဖက်က အသားထည့် ခလုပ်နှိပ်၊ စက်ကကြိတ်၊ အခြားတဖက် မှာ အသားချောင်းတွေ ထွက်လာဆိုသလို) ဒီရလဒ်ပဲ ထွက်တယ်ဆိုတာမျိုး မဖြစ်ပါဘူး။ နိုင်ငံရေးမှာ အင်စတီကျူးရှင်းဆိုတာ ပဋိပက္ခတွေနဲ့ အားပြိုင်ရတဲ့ကစားကွင်းထဲက သက်ရှိသတ္တဝါတကောင်လိုပါ ပဲ။ ဘယ်သူက တက်စီးမှာလဲ၊ တက်မောင်းသူက ဘယ်လို ရွေးချယ်မှုတွေလုပ်ပြီး ဘယ်လိုမောင်းနှင် ချင်တာလဲ (actors and choices) က ရလဒ်ကို အဆုံးအဖြတ်ပေးတယ်ဆိုတာပါပဲ။ တင်ကြိုပြဌာန်း ချက်အတိုင်း ဖြစ်ရမယ်လို့ အရဲမကိုးနိုင်တာပါပဲ။

မင်းဇင်
ဇွန် ၁၂၊ ၂၀၂၀

ဖတ်ညွှန်းများ

Collier, Paul/Vincente, Pedro 2012: Violence, Bribery, and Fraud: the Political Economy of Elections in Sub-Saharan Africa, in: Public Choice 153, 117-147.

Collier, Paul. 2009. Wars, Guns, and Votes: Democracy in Dangerous Places, New York, NY: Harper Collins.

Jones, Bruce and Taussig, Torrey. 2019. Democracy & Disorder: The struggle for influence in the new geopolitics. Brookings Institution, Washington. D.C.

Kausch, K. 2015. Geopolitics and Democracy in the Middle East. Madrid. FRIDE. Madrid, Spain

Lipset, Seymour M., and Rokkan, Stein. 1964. “Cleavage Structures, Party Systems, and Voter Alignments: An Introduction.” In Party Systems and Voter Alignments. New York: Free Press.

Mansfield, Edward D., and Snyder, Jack L. 2007. Electing to Fight. Why Emerging Democracies Go to War, Cambridge, MA, MIT Press.

Przeworski, Adam. 1991. Democracy and the Limits of Self-Government. New York: Cambridge University Press.

Przeworski, Adam. 2018. Why bother with elections? Cambridge, Polity Press.

Schedler, Andreas. 2019. “Elections and Transformations.” In The Handbook of Political, Social, and Economic Transformation” edited by Wolfgang Merkel, Raj Kollmorgen, and Hans-Jurgen Wagener. Oxford, Oxford University Press

About the author

Min Zin

Min Zin is a founding member and the executive director of the Institute for Strategy and Policy - Myanmar, which is an independent, non-partisan, and non-governmental think tank, which promotes democratic leadership and strengthen civic participation in Myanmar. He is a PhD candidate in Travers Department of Political Science at University of California, Berkeley. Min Zin is a comparative political scientist who studies civil-military relations, democratization, contentious politics, ethnic conflicts and civil war with a focus on Myanmar and Southeast Asian countries. Min Zin’s writings appear in Journal of Democracy, Journal of Current Southeast Asian Affairs, Social Research: An International Quarterly, Contemporary Southeast Asia, Georgetown Journal of International Affair and many edited books. He serves as country analyst of Myanmar for several research foundations including Freedom House, and he is also a fellow of Legatum Institute. Min Zin took part in Burma’s democracy movement in 1988 as a high school student activist, and went into hiding in 1989 to avoid arrest by the junta. His underground activist-cum-writer life lasted for nine years until he fled to the Thai-Myanmar border in August 1997. Min Zin writes for The Foreign Policy Magazine, The New York Times, and other media outlets.

Add comment

Institute for Strategy and Policy – Myanmar