Institute for Strategy and Policy – Myanmar

ဥတုဘေးအတွက် လှုပ်ရှားမှု အရေးပေါ်လို့ ထိုးရမယ့်ခေါင်းလောင်း စကားဝိုင်း၏ နောက်ဆက်တွဲ ဆွေးနွေးချက်


ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်က ခုနစ်ကြိမ်မြောက် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ အဖြစ် “ဥတုဘေးအတွက် လှုပ်ရှားမှု- အရေးပေါ်လို့ ထိုးရမယ့် ခေါင်းလောင်း” ခေါင်းစဉ်နဲ့ ထင်ရှားတဲ့ မိုးလေဝသ ပညာရှင်၊ သစ်တော၊ စိုက်ပျိုးရေး ပညာရှင်၊ သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှား ဆောင်ရွက်နေကြသူများနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပရိသတ်ရဲ့ စိတ်ဝင်တစား တုံ့ပြန်မှုတွေလည်း အားတက်စရာ ရရှိခဲ့ပါတယ်။

စကားဝိုင်းကို လူကိုယ်တိုင် တက်ရောက်သူ ၅၄၀ ကျော် ရှိခဲ့ပြီး၊ အွန်လိုင်းထုတ်လွှင့်မှုကနေ ကြည့်ရှု သူတွေကလည်း ၅၉၉,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါကိုပဲ အပိုင်းလိုက် ပြန်လည် ထုတ်လွှင့်ရာမှာ ကြည့်ရှုသူ အရေအတွက်ဟာ ဇွန် ၂၈ ရက်အထိ ၁ ဒသမ ၆ သန်း ရှိခဲ့ပါတယ်။ အားလုံးပေါင်းရင် ကြည့်ရှုသူ ၂ ဒသမ ၂ သန်းအထိ ရောက်ရှိခဲ့တယ်လို့ ဆိုရမှာပါ။ ဆွေးနွေးချက်တွေကို ထပ်ပြီး မျှဝေသူ၊ အွန်လိုင်းမှာ ဝင်ရောက်ဆွေးနွေးသူလည်း အများအပြာ ရှိခဲ့ပါတယ်။ ဒီအခြေအနေမှာ ယခု လတ်တလောကာလ ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်တွေကို နောက်ဆက်တွဲ ဆွေးနွေးချက် အနေနဲ့ မျှဝေချင်တာ ရှိလာပါတယ်။

မကြာသေးမီ ရက်ပိုင်း (၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်) မှာ ကုလသမဂ္ဂရဲ့ အထူး ဆင်းရဲမွဲတေမှု နှင့် လူ့အခွင့်အရေး ဆိုင်ရာ အထူးပြု သတင်းစုံစမ်းတင်ပြသူ (UN Special Rapporteur on extreme poverty and human rights) ဖိလစ် အယ်လ်စတွန် (Philip Alston) ရဲ့ ထုတ်ပြန်ကြေညာချက်ကို ဖတ်ရပါတယ်။ ကုလ လူ့အခွင့်အရေးကော်မရှင် မဟာမင်းကြီးရုံး (OHCHR) က ထုတ်ပြန်ခဲ့တာပါ။

သူ့ဖော်ပြချက်ကတော့ “ဥတုဘေးကြောင့် ဆင်းရဲမွဲတေမှု အပေါ် အကြီးအကျယ် သက်ရောက်မှု ဖြစ်စေလိမ့်မယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ်မှာလည်း ခြိမ်းခြောက်မှုတခု ဖြစ် လာစေမယ်” လို့ ဆိုပါတယ်။ “ယခု ပစ်မှတ်ထားတဲ့ လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့တယ် ဆိုရင်တောင် လူသန်းထောင်နဲ့ ချီပြီး ဆင်းရဲမွဲတေမှု ကြုံရဖွယ်ရှိတယ်။ လူတွေ အစုအပြုံလိုက် ရွှေ့ပြောင်းအခြေချရမှု၊ ငတ်မွတ်ခေါင်းပါးမှု ကြုံရဖွယ် ရှိတယ်”လို့ သူက ဆိုပါတယ်။ “ဥတုဘေးကြောင့် ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ မှာ ရရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ကမ္ဘာ့ကျန်းမာ ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းတွေကိုလည်း ပြန်၍ ခြိမ်းခြောက်နေပြီ။ ဒီလို ဖြစ်လာရင် သက္ကရာဇ် ၂၀၃၀ မှာ လူသန်းပေါင်း ၁၂၀ လောက်ကို ဆင်းရဲတွင်းနက်စေမယ်။ ဆင်းရဲတဲ့ နိုင်ငံများ၊ ဒေသများ၊ ဆင်းရဲတဲ့ လူထုများ နေထိုင်ရာ အလုပ်လုပ်ကိုင်ရာနေရာတွေကို ပြင်းထန် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေမယ်” လို့ သူက ဆိုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) ကလည်း ဥတုဘေးနဲ့ ဆင်းရဲမွဲတေမှု (Climate change and poverty) အမည်နဲ့ စာတန်းတစောင်ကို ၂၀၁၉ ခုနှစ်၊ ဇွန် ၂၄ – ဇူလိုင် ၁၂ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ယောမင်းကြီးဇရပ် ဥတုဘေး စကားဝိုင်း ဆွေးနွေးပွဲ မစတင်ခင် ရက်ပိုင်း အလိုကလည်း ထူးခြားတဲ့ ဥတုဘေး အသိပေးချက် သတင်းတွေ တက်လာခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန် ၁၅ ရက် CNN သတင်းမှာ ဂရင်းလန်ကျွန်းမှ ာရှိတဲ့ ရေခဲထုရဲ့ ၄၀ ရာခိုင်နှုန်းဟာ မကြုံစဖူး၊ ပျော်ကျပြိုကျသွားတဲ့ သဘောပါပဲ။ ဒီလိုပြိုကျမှုဟာ ရုတ်ချည်းနဲ့ မကြုံစဖူး ဖြစ်ပါတယ်။ ပြိုကျ သွားတဲ့ ရေခဲထုဟာ ၂ ဘီလီယံတန်လောက် ရှိနိုင်ပါတယ်။ Business Insider မဂ္ဂဇင်းရဲ့ ဇွန်လ ၂၆၊ ၂၀၁၉ သတင်းမှာ လည်း၊ ဥရောပ ယခုနှစ်နွေရာသီမှာ အထူး ပူပြင်းမယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ နိုင်ငံတွေမှာ သိသိသာသာ အပူလွန်ကဲမယ်၊ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် မြင့်ဖွယ်ရှိပါတယ်၊ ၂၀၀၃ ခုနှစ်က ကြုံခဲ့တဲ့ ရာသီ ပူပြင်းမှုမျိုး၊ လူပေါင်း တစ်သောင်းခွဲလောက် ပြင်သစ်နိုင်ငံမှာ သေကြေခဲ့ရတဲ့ ကပ်ဘေးမျိုး ကြုံရဖွယ် ရှိတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဇွန် ၂၅ ရက်မှာ ဖော်ပြခဲ့တဲ့ အစီရင်ခံစာ အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

ဥတုဘေးအတွက် သတိပေးထိုးတဲ့ ခေါင်းလောင်းသံတွေဟာ မနည်းတော့ပါဘူး။ ဒါပေမဲ့ လူအများက မကြားနိုင် ကြသေးဘူးလို့ ဖော်ပြပါတယ်။ ၂၀၁၈ ခုနှစ်၊ စီပွားရေးဆိုင်ရာ နိုဘယ်ဆုရှင် ဝီလီယံ နော့ဟော့စ် (William Nordhaus) ရဲ့ ပြောကြားချက်ကို ကိုးကားပြီးတော့ “ခုလို ဧရာမပြောင်းလဲမကြီးဟာ ကျနော်တို့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေခဲ့ပြီ၊ နောက်ဆုံး စီးပွားရေးအပေါ် စိန်ခေါ်မှုတွေ ဖြစ်နေစေပြီ” လို့ ဆိုပါတယ်။ ၂၀၀၁ ခုနှစ် စီးပွားရေးနိုဘယ်ဆုရှင် ဂျိုးဆက်ဖ် စတစ်ဂလစ် (Joseph Stiglitz) က “တတိယကမ္ဘာစစ်” လို့ သတိပေးပါတယ်။ ပုတ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ “ဥတုဘေး အရေးပေါ်အခြေအနေ” (Climate emergency) လို့ သုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရများ၊ လူ့အခွင့်အရေး လှုပ်ရှား သူများက ယခုနှိုးဆော်ချက်ကို ဆယ်စုနှစ်များစွာကြာ ရရှိနေခဲ့သော်လည်း၊ အပရိက စိုးရိမ်ပူပန်မှု ကိစ္စအဖြစ်သာ ထားခဲ့ကြပါတယ်။ လမ်းမှားကို ရေတိုအမြင်တွေနဲ့ ချဉ်းကပ်နေကြဆဲ၊ ရုပ်ကြွင်းလောင်စာ ထုတ်လွှတ်မှု (fossil fuel emission) အသုံးချမှုအပေါ်လည်း ငွေကြေးပံ့ ပိုးထောက်ပံ့နေကြဆဲ ဖြစ်ပါတယ်။ ပို၍ ထက်သန်အင်အားကောင်းတဲ့၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ ချည်းကပ်ဖို့ လိုအပ်နေပြီဆိုတာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ “ဥတုဘေးကြောင့် ဆင်းရဲမွဲတေမှုအပေါ် အကြီးအကျယ် သက်ရောက်မှု ဖြစ်စေလိမ့်မယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် မှာလည်း ခြိမ်းခြောက်မှုတခု ဖြစ်လာစေမယ်”လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ဥတုဘေးကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်နိုင်ခြေကစလို့ဆိုးကျိုး တွေအများကြီး ရှိနေပြီ၊ ရှိလာလိမ့်ဦးမယ်လို့ထောက်ပြ ဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့ ယောမင်းကြီးဇရပ် စကားဝိုင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။ မိုးလေဝသ ပညာရှင် ဆရာ ဦးထွန်းလွင်က မြန်မာနိုင်ငံမှာ မုတ်သုံ မိုးကာလဟာ ရက်ပေါင်း ၄၀ လျော့သွားကြောင်း ပြောခဲ့ပါတယ်။ ဒါဟာ မိရိုးဖလာနည်းနဲ့ လုပ်ကိုင်နေတဲ့ တောင်သူ လယ်သမားတွေ အတွက် အခက်ကြုံစရာ ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲ ကို သတိမပြုမိရင် ဆုံးရှုံးမှုတွေ ဆက်တိုက်ရင်ဆိုင်လာရမှာပါ။

ဥတု ပြောင်းလဲလာမှုအပေါ် မူဝါဒချမှတ်သူတွေအဆင့်မှာ ထည့်သွင်း ဆွေးနွေးမှုတွေ ရှိလာနေတာကိုလည်း အားတက်စရာ တွေ့ရပါတယ်။ ဒီနေ့ (ဇွန် ၂၈ ရက်) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဓနုဖြူမှာ တောင်သူ လယ်သမားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာလည်း အလားတူပဲ မုတ်သုံရာသီဟာ အရင်နဲ့စာရင် ပျှမ်းမျှ ရက် ၄၀ နည်းလာခဲ့ပြီ။ ရာသီဥတု အရင်လို ပြန်ဖြစ်သွားလိမ့်မယ်လို့ မမျှော်မှန်းပါနဲ့၊ စိုက်ပျိုးမှုပုံစံတွေ ပြောင်းလဲရတော့မယ် ဆိုပြီးလည်း သူက ထောက်ပြခဲ့ပါတယ်။

▉ စိန်ခေါ်မှု ဘယ်လောက် အတိုင်းအတာအထိ ကြီးပါသလဲ။

လူ မနေထိုင်နိုင်တော့တဲ့ မြေကမ္ဘာ (The Unhabitable Earth) စာအုပ် ရေးသားသူ ဒေးဗစ် ဝေါလေ့စ်-ဝဲလ် (David Wallace-Well) လေ့လာချက်အရ ခင်ဗျားတို့ ထင်ထားတာထက်၊ ပိုဆိုး၊ များစွာ ပိုဆိုး တယ်လို့ ဆိုပါတယ်။ လေထု အာကာသထဲကို ကာဘွန် ထုတ်လွှတ်မှုက သမိုင်းတလျှောက် စက်မှုဖွံ့ဖြိုးမှုမတိုင်ခင်ကာလ တလျှောက်လုံး ကာဘွန် ထုတ်လွှင့်မှုထက် အဆ ၁၀၀ များပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဥတုဘေးဆိုင်ရာ အစိုးရများအကြား ဆွေးနွေးမှု အစည်းအဝေး (IPCC) မှာ ဒီပြဿနာကို စတင်တင်ပြခဲ့တဲ့ကာလနောက်ပိုင်း၊ ၁၀-စုနှစ် သုံးခုထက်အကြာမှာ ပျက်စီးမှု ပိုများနေပါပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅-နှစ်တာကာလဟာ ခေတ်သစ် သမိုင်းမှာ အပူစံချိန် ချိုးခဲ့ပါတယ်။ ၃-နှစ်ကြာ အပူချိန် တန့်နေခဲ့ပြီး၊ ၂၀၁၇ ခုနှစ်က စပြီး ပြန်လို့ အပူချိန် တက်နေခဲ့ပါတယ်။ ကမ္ဘာ့ လောင်စာသုံးစွဲမှုဟာ ၂၀၁၅ ကနေ၊ ၂၀၄၀ ခုနှစ်များ အကြား နောက်ထပ် ၂၈ ရာခိုင်နှုန်း တိုးတက် သုံးစွဲမယ် လို့လည်း မှန်းဆထားကြပါတယ်။ အကျိုးဆက်တွေကတော့ စံချိန်တင် အပူချိန်များ၊ ရေခဲထုများ ရုတ်တရက် ပျော်ဆင်းခြင်း၊ တောမီးများ၊ နှစ်ထောင်ချီ မကြုံခဲ့ဖူးတဲ့ ရေလွှမ်းမိုးမှုမျိုး၊ မုန်တိုင်းကြီး တွေ မကြုံစဖူး ဖြစ်ပေါ်လာဖွယ် ရှိပါတယ်။ လူအစုအပြုံလိုက် ငတ်မွတ် ခေါင်းပါးမှုနှင့် ပြောင်းရွှေ့ရခြင်း တွေလည်း လိုက်လာမှာပါ။ အဓိကကျတဲ့ ဂေဟစနစ် (ecosystem) ကို ထိခိုက်ပျက်စီးစေတဲ့အခါ လူသန်း ထောင်ပေါင်းများစွာ ငတ်မွတ်ရဖွယ် ရှိနေပါတယ်။

၂၁ ရာစု အကုန် သက္ကရာဇ် ၂၁၀၀ မှာ၊ ကမ္ဘာကြီးအပူချိန်က ၂ ဒီဂရီ ဆဲလ်စီးယပ်စ် တက်လာဖွယ် ရှိပါတယ်။ ယခင် စက်မှု မထွန်းကားခင်ကာလက ၁ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့ပြီးသား ဖြစ်ပါတယ်။ ပဲရစ် သဘောတူညီချက်က ကျနော်တို့ ကမ္ဘာ သူ ကမ္ဘာသားတွေအနေနဲ့ အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်လောက်မှာ ဟန့်တား ထားနိုင်အောင် ကြိုးပမ်းနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ ဒီဂရီနောက်ပိုင်းမှာ နောက်ကြောင်းပြန်လို့ မဖြစ်နိုင်တော့သလို၊ ပျက်စီး ဆုံးရှုံးရမှုတွေ ကပ်ဘေး အကြီးအကျယ် ကြုံရမှာကြောင့် ဖြစ်ပါတယ်။ ဒါက လူ့အခွင့်အရေးကော်မရှင် စာတန်းဖော်ပြချက်တွေပါ။

၂ ဒီဂရီ ကျော်လွန်တဲ့အခါ လူသန်းပေါင်း ၁၀၀ ကနေ ၄၀၀ အထိ ငတ်မွတ်ရဖွယ် ရှိပါတယ်။ လူသန်း ၁၀၀၀ -၂၀၀၀ လောက် သောက်သုံးရေ မဖူလုံနိုင်တော့ပါဘူး။ ဒီအခါ သေကြေ ပျက်စီးရမှုနဲ့အတူ ဒီမိုကရေစီ စနစ်၊ လူ့အခွင့်အရေးတွေ အပေါ်မှာလည်း အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်လာစေပါလိမ့်မယ်။ ဆင်းရဲမွဲတေမှုလည်း ပိုမို ကြီးထွားလာပါမယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ မှာ ရရှိခဲ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ၊ ကမ္ဘာ့ကျန်းမာရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး အောင်မြင်မှုတွေ ဟာလည်း အဟောသိကံဖြစ် ပြန်ဆုံးရှုံးကြရမှာပါ။ လူတန်းစား မညီမျှမှု အကြီးအကျယ် ဖြစ်လာမှာက ပြောစရာ မလို လောက် အောင်ပါပဲ။

ဒီအတွက် အားလုံးမှာ တာဝန်ရှိနေပြီး အထူး အရေးကြီးနေကြောင်း နှိုးဆော်ခဲ့ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ၊ နိုင်ငံတကာ စာချုပ်စာတန်း အဖွဲ့ဝင်တွေ၊ ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ အစိုးရတွေ အားလုံး တာဝန်ရှိကြပါတယ်။ ဝမ်းနည်းဖွယ်ရာ အချက်ကတော့ နိုင်ငံ အသီးသီးက အစိုးရတွေက ဥတုကပ်ဘေး ကနေ ရှောင်လွှဲနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ်များ အတွင်း ဦးဆောင်မှုပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ယခုထိတိုင် ရေတိုအမြင်နဲ့ လမ်းမှားကို ဆက်လျှောက်နေကြဆဲလို့ ဆိုပါတယ်။ အလားတူ ကော်ပိုရေးရှင်း စီးပွားရေးလုပ်ငန်းကဏ္ဍ တွေကလည်း ပျက်ကွက်ချိုးဖောက်ခဲ့ကြပါတယ်။ ကော်ပိုရေးရှင်းကြီးတွေ ကာဘွန် ထုတ်လွှတ်မှုကို စည်းကြပ်လိုက်နာ စေဖို့ အစိုးရတွေက ပျက်ကွက်နေကြပါတယ်။

နိဂုံးအနေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ချည်းကပ်မှုများ လိုအပ်နေပြီ။ စီးပွားရေးစနစ်အရ အသွင်ကူးပြောင်းဆောင်ရွက်မှုများ (economic transformation)၊ လူမှုအဖွဲ့အစည်းအရ အသွင် ကူးပြောင်း ဆောင်ရွက်မှုများ (societal transformation) လိုအပ်နေပြီလို့ ထောက်ပြထားပါတယ်။ ဥတုကပ်ဘေး အတွက် ရန်ပုံငွေ တရပ် ထူထောင်ဖို့နဲ့ လူ့အခွင့်အရေး လုပ်ငန်းစဉ်၊ လှုပ်ရှားသူတွေကလည်း တာဝန်သိစွာ ဦးဆောင် လှုပ်ရှားကြဖို့ နှိုးဆော်ထားကြောင်းပါ ခင်ဗျား။

အကိုးအကား

1. OHCHR. “UN expert condemns failure to address impact of climate change on poverty”. Geneva. 25 June 2019. Retrieved online at https://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx…

2. Human Rights Council. “Climate change and poverty”. Geneva. 25 June 2019
Retrieved online at https://www.ohchr.org/…/Session41/Documents/A_HRC_41_39.docx

3. Brandon Miller. “Greenland lost 2 billion tons of ice this week, which is very unusal. CNN. June 15, 2019. Retrieved online at https://edition.cnn.com/…/greenland-sudden-ice-m…/index.html

4. Business Insider. ‘Hell is coming’: Western Europe faces its hottest weather since a 2003 heat wave killed 15,000 people in France. June 26, 2019. Retrieved online at https://www.businessinsider.com/europe-heatwave-france-germ…

About the author

Aung Thu Nyein
Aung Thu Nyein

Aung Thu Nyein is the Director of Communications at ISP Myanmar. He is a former student activist in 1988 Democracy Movement and took leadership several positions in exile democracy movement. He read Masters in Public Administration (M. P.A) at Harvard University in 2002. He co-founded Vahu Development Institute (VDI) along with other expatriates in 2006, which is focusing on policy advocacy on democratization and strengthening civil society in Burma/Myanmar. He returned to Myanmar after 2011country's political reforms and joined in the Center for Economic and Social Development (CESD) of Myanmar Development Institute (MDRI). (from 2012- until 2014 Dec). He is pursuing a Ph.D. study on development administration at National Institute of Development Administration (NIDA) in Bangkok.

Add comment

Institute for Strategy and Policy – Myanmar