လူမှုတရားမျှတရေး၊ ကွဲပြားခြားနားမှုများသော မြန်မာ့လှူအဖွဲ့အစည်းအတွင်း သာနာညီမျှမှုကို ရှာဖွေခြင်း

0

The Myanmar Quarterly အမှတ် – ၄ ကို အောက်တွင် download ရယူ ဖတ်ရှုနိုင်ပါသည်။

အယ်ဒီတာမှတ်စု

(၁)
အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု တည်ဆောက်ရေး ဖော်ဆောင်မှုတွေ လုပ်တဲ့အခါ တိုင်းရင်းသားအရေး (လူမျိုးစုအရေး)၊ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာရေး အစရှိတဲ့ ဝိသေသ လက္ခဏာတွေအပြင် လူ့အဖွဲ့အစည်းအတွင်း အလွန်အကျူး ဖြစ်နေတဲ့ လူတန်းစားမညီမျှမှု၊ ကျား-မ လိင်စိတ် ခံယူမှုဆိုင်ရာ တန်းတူရေး တဖက်စောင်းနင်း ဖြစ်ပေါ်နေမှုနဲ့ဥတုဖောက်ပြန်မှု ဆိုးပြစ်အကျိုးဆက် စတာတွေကိုလည်း လျစ်လျူရှုထားဖို့ မဖြစ်နိုင်ပါဘူး။

အထက်ဖော်ပြပါ ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမှု အစရှိတဲ့ ကိစ္စရပ်တွေက တရားမျှတမှု မရှိတဲ့ လူမှု အခြေအနေတွေမှာ မြစ်ဖျားခံနေပါတယ်။ နိုင်ငံတော်ရဲ့ ဓနဥစ္စာ ပြန်လည် ဖြန့်ခွဲဝေမှု မူဝါဒတွေ၊ လူမှုဖူလုံရေး ပိုက်ကွန်တွေ၊ နိုင်ငံသား အဓိပ္ပါယ် ဖွင့်ဆိုမှု၊ နိုင်ငံသားများရဲ့ လွတ်လပ်ခွင့်နှင့် တာဝန်ယူမှု စတဲ့ တရားမျှတမှု ထွန်းကားရေး လုပ်ငန်းစဉ်တွေ မလုပ်နိုင်ဘူးဆိုရင် လူ့အဖွဲ့အစည်းကို အစည်းပြေ ပျက်ပြား စေနိုင်တဲ့ ပဋိပက္ခ လောင်စာတွေ ဆက်ရှိနေမှာပါပဲ။

အထူးသဖြင့် အရောင်စုံပြီး မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းအတွက် သဟဇာတဖြစ်မှု၊ ညီညွတ်မှုတရပ် (social cohesion) တည်ဆောက်ရာမှာ လူမှုတရားမျှတမှု (social justice) ကို ဖော်ဆောင်နိုင်ရေးက အရေးပါတဲ့ အချက်တခု ဖြစ်နေပါတယ်။

(၂)
ဒီတကြိမ်ထုတ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) မှာ လူမှုတရားမျှမှု (social justice) ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှုထောင့်ပေါင်းစုံကနေ တင်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စက အစပြုလို့၊ တိုင်းရင်းသား တန်းတူရေး၊ အလုပ်သမား၊ လယ်သမား၊ စီးပွားရေးဆိုင်ရာမျှတမှု ကိစ္စတွေအလယ်၊ သယံဇာတ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်အဆုံး၊ အကြောင်းအရာတိုင်းမှာ လူမှုတရားမျှတမှု (social justice) ရှိရေးက သတိပြု သုံးသပ်စရာ ဆုံချက်တခု ဖြစ်နေပါတယ်။

ဒါပေမဲ့ မျက်မှောက်ခေတ်ကာလ မြန်မာ့ လူ့အဖွဲ့အစည်းမှာ တရားမျှတမှု (justice) ထက် ပိုပြီး အနုစိတ်ကျတဲ့ လူမှုတရားမျှတမှု (social justice) အကြောင်း ပြောဆို ဆွေးနွေးချက်တွေ (ဘာသာပြန်ဆို ဖော်ပြခြင်း အချို့မှလွဲ၍) နည်းပါးနေတာ သတိပြုမိပါတယ်။ ဒါကလည်း လူမှုတရားမျှတမှု (social justice) ဖွင့်ဆိုချက်အပေါ် အယူအဆ၊ အနက်ကောက်ပုံ ကောက်နည်း အနည်မထိုင်သေး တာကြောင့် ဖြစ်ပါလိမ့်မယ်။

အခြားတဖက်မှာလည်း အယူအကောက် အနည်မထိုင်သေးတဲ့ အတွက် လူမှုတရားမျှတမှု (social justice) မရှိခြင်းအပေါ်စနစ်တကျ ချိတ်ဆက် ဖော်ထုတ်နိုင်မှု မရှိသေးတာက မြင်သာတဲ့ ကိစ္စတခု ဖြစ်နေပါတယ်။ တခါ လူမှုတရားမျှတမှု (social justice) ကင်းမဲ့နေခြင်းကို ပြုပြင်ပြောင်းလဲနိုင်မယ့် ပြည်သူ့ရေးရာမူဝါဒ အဖြစ် ချိတ်ဆက် ဖော်ဆောင်နိုင်မှု မရှိခြင်းကလည်း လူ့အဖွဲ့အစည်းအတွင်း အရေးတကြီး အာရုံစိုက်ရမယ့် ကိစ္စရပ်တခု ဖြစ်ပါတယ်။

(၃)
လူမှုတရားမျှတမှု (social justice) နဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေကို ရှုထောင့်မျိုးစုံက တင်ပြကြတဲ့အခါ ပုံစံသုံးခုကို The Myanmar Quarterly ဂျာနယ် အမှတ် ၄ မှာ ထင်သာမြင်သာ တွေ့ရပါလိမ့်မယ်။

ပထမတခုက လူမှုတရားမျှတမှု (social justice) အယူအကောက် ဖွင့်ဆိုချက်တွေနဲ့ institution ပိုင်း ဆိုင်ရာ ရှု့ထောင်က ပြောဆိုရေးသားမှုတွေ ဖြစ်ပါတယ်။ ဥပဒေ အစရှိတဲ့ institution ကိစ္စရပ်တွေအပြင် တဖက်စောင်းနင်း ဖြစ်နေတဲ့ အာဏာနဲ့ ဓနဥစ္စာခွဲဝေမှုအရ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ပကတိဘာ၀ အခြေအနေ (societal structure) ကို ဆန်းစစ် ထောက်ပြထားတဲ့ ရှုထောင့်အမြင်များကိုလည်း ဒုတိယ ချဉ်းကပ်ပုံအဖြစ် ဖတ်ရပါမယ်။ တတိယတခုကတော့ ယဉ်ကျေးမှုဓလေ့နဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြုပြင် ပြောင်လဲရေး၊ စိတ်ပညာအယူအဆ ရှုထောင့်ကနေ တင်ပြထားတဲ့ culture ပိုင်းဆိုင်ရာ ချဉ်းကပ်မှုတွေ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူမှုတရားမျှတမှု (social justice) နဲ့ ပတ်သက်ပြီး လိုအပ်ချက် ရှိနေချိန်မှာ The Myanmar Quarterly က တစုံတရာ ဖြည့်ဆည်းပေးဖို့ ကြိုးစားခြင်းသာ ဖြစ်ပါတယ်။ လူမှုတရားမျှတမှု (social justice) အပေါ် အယူအကောက် အားဖြင့် သော်လည်းကောင်း၊ ၊ ပြည်သူ့ရေးရာ မူဝါဒအားဖြင့် သော်လည်းကောင်း ဘယ်လို ဖြည့်စွမ်းပေးနိုင်မလဲဆိုတဲ့ လစ်ဟာချက်တွေအတွက် အခြေအတင် ဆွေးနွေးအဖြေရှာမှုတွေ ဖြစ်လာစေရန် အထောက်အကူ ပြုမယ်လို့ ယူဆပါတယ်။

(၄)
လူမှုတရားမျှတမှု (social justice) ကိစ္စအပြင် နောက်ထပ် အထူးပြုထားတဲ့ အကြောင်းအရာတွေကိုလည်း ဒီစာအုပ်မှာ ဖတ်ရပါဦးမယ်။ သုတေသနတွေ့ရှိချက် ကဏ္ဍမှာဆိုရင် လယ်ယာမြေ သိမ်းဆည်းခံရမှုတွေ အကြောင်းကို အကျယ်တဝင့် ဖော်ပြထားပါတယ်။ ဒီထဲမှာ “မဖြည့်ဆည်းပေးနိုင်သေးသည့် ကတိကဝတ်” သုတေသန အစီရင်ခံစာဟာ ဒီနှစ်ပိုင်းအတွင်း ထွက်ရှိခဲ့ကြတဲ့ သုတေသန အစီရင်ခံစာတွေထဲမှာ အရေးပါတဲ့ အစီရင်ခံစာ တစောင် ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာကို မြေယာအရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ စုစည်းလုပ်ဆောင်ခဲ့ကြတာပါ။ သူတို့ လုပ်ဆောင်ခဲ့ကြတဲ့ အဲဒီ အစီရင်ခံစာကို The Myanmar Quarterly မှာ ထည့်သွင်းဖော်ပြခွင့် ပေးခဲ့တဲ့အတွက် သက်ဆိုင်သူတွေကို ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုအပ်ပါတယ်။

နောက်တခုကတော့ “မွန်ပြည်နယ်ရှိ မြေသိမ်းဆည်းခံရမှု အခြေအနေ” သုတေသန တွေ့ရှိချက်
ဖြစ်ပါတယ်။ ဒါကိုတော့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြုလုပ်ခဲ့တဲ့ မူဝါဒရေးရာ သုတေသန သင်တန်းကို တက်ရောက်ခဲ့ကြတဲ့ မွန်အမျိုးသား ပါတီဝင်တွေ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အဖွဲ့ဝင်တွေ၊ မွန်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းဝင် သင်တန်းသားတွေက အချက်အလက် ကောက်ယူ လုပ်ဆောင်ခဲ့ကြတာပါ။

သုတေသနတွေ့ရှိချက် ကဏ္ဍမှာပဲ ဒေါက်တာ ကင်မီလာဘူဇီ ရေးသားခဲ့တဲ့ “မြန်မာနိုင်ငံမှ ဒီမိုကရက်တစ် အပြောင်းအလဲအတွက် နိုင်ငံရေးလှုပ်ရှား ပြောင်းလဲမှုများတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆများ အသုံးပြုခြင်း၊ ၁၉၈၈ မှ ၂၀၁၁ အထိ အတွေ့အကြုံများ” ဆောင်းပါးကလည်း စိတ်ဝင်စားစရာဖြစ်ပြီး အရေးပါတဲ့ သမိုင်းကွင်းစက်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်အထူးပြုထားတဲ့ အကြောင်းအရာ တခုကို “စကားပြောသော ကိန်းဂဏန်းများ” ကဏ္ဍမှာ ဖတ်ရပါလိမ့်မယ်။ အဲဒါက “၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေး မျှော်မှန်းချက်” ဆိုင်ရာ လူထုစစ်တမ်းရလဒ် ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ ဒီစစ်တမ်းကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) က လူတွေ့ မေးမြန်းမှု ၃၃၇၂ ခုအပေါ်အခြေခံပြီး ပြုလုပ်ခဲ့တာပါ။ စာဖတ်သူတွေအပါအဝင် အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေအတွက်ပါ ဆင်ခြင် အကျိုးများစေနိုင်တဲ့ အဲဒီစစ်တမ်းရလဒ် အကျဉ်းကို The Myanmar Quarterly မှာ ဖော်ပြခွင့်ပေးတဲ့အတွက် PACE အဖွဲ့ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါတယ်။

(၅)
The Myanmar Quarterly ဂျာနယ်ဟာ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ လုပ်ငန်းစီမံချက်တခု ဖြစ်ပါတယ်။ ဂျာနယ်ခေါင်းစီး တင်ပြချက်တွေအပြင် မြန်မာ့အရေး သုတေသန ရှာဖွေတွေ့ရှိချက်တွေ၊ မြန်မာ့အရေး လေ့လာသူတွေရဲ့ ရှုထောင့်အမြင်တွေ၊ ခေတ်ကာလနဲ့ လျော်ညီစွာ အာရုံပြုအပ်တဲ့ ဆောင်းပါးတွေကို ဖော်ပြလျက်ရှိပါတယ်။ ဒီလို ဖော်ပြရာမှာ နိုင်ငံ့အရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒရေးရာ ကိစ္စတွေကို ဘက်စုံ ထောင့်စုံကနေ အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့် နိုင်ငံအရေးမှာ ပြည်သူလူထုရဲ့ ပါဝင်မှု ပိုမိုအားကောင်းပြီး ဒီမိုကရေစီကျတဲ့ ခေါင်းဆောင်မှုကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

Share.

About Author

Avatar

Leave A Reply