အထောက်အကူ ပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ရှာဖွေခြင်း – ကင်ညာမှ အရပ်ဘက်အဖွဲ့အစည်းများ ရုန်းကန်ခဲ့ရသည့် ကာလများ

0

The Myanmar Quarterly  အတွဲ ၁ တွင် ဖော်ပြခဲ့သော (ဦး) အောင်သူငြိမ်း၏ Outlook of Rulers: Tactics for Controlling Civil Society Organizations and Protests အုပ်ချုပ်သူများ ဘက်မှအမြင် – အရပ်ဘက် လူ့အဖွဲ့အစည်းများ (CSOs) နှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်နည်းနိသျှည်း ဆောင်းပါးကို ကင်ညာနိုင်ငံမှ အခြေအနေများနှင့် နှိုင်းဆဆင်ခြင် စဉ်းစားကြည့်ခြင်း။

■ နောက်ခံသမိုင်းကြောင်း အချက်အလက်များ

ကင်ညာနိုင်ငံသည် အာဖရိကတိုက် အရှေ့ဖက် ကမ်းရိုးတန်း၊ အီကွေတာအနီးတွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်၌ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့ကာ ခါးသီးလှသည့် အမျိုးသားရေးဝါဒီ လွတ်မြောက်ရေး ရုန်းကန် လှုပ်ရှားမှုများ နောက်ပိုင်း ၁၉၆၄ ခုနှစ်၌ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး အပြည့်အ၀ ရရှိခဲ့ပါသည်။ ကင်ညာနိုင်ငံ၏ လွတ်လပ်ရေးကို Mau Mau အုံကြွလှုပ်ရှားမှုဟု မှတ်ယူလေ့ရှိသည်။ ၁၉၅၀ ပြည့်လွန်နှစ်များမှ စတင်ခဲ့၍ မြေယာပိုင်ဆိုင်မှုနှင့် ကင်ညာနိုင်ငံသားများ၏ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါသည်။ ကင်ညာနိုင်ငံ၏ ဧရိယာ အကျယ်အဝန်း မှာ ၅၈၂,၆၄၄ စတုရန်းကီလိုမီတာရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေသည့် ပင်လယ်ကမ်းရိုးတန်း ပမာဏမှာ ၁၄၂၀ ကီလိုမီတာ ရှိပါသည်။ တိုင်းပြည်လူဦးရေမှာ ၂၀၁၆ ခုနှစ် စာရင်းများအရ ၄၈ သန်းခန့်ရှိပြီး ၇၅ ရာခိုင်နှုန်းမှာ လူငယ်များ ဖြစ်ကြပါသည်။

■ နိုင်ငံရေးနှင့် အရေးပါ အရာရောက်သည့် ပုဂ္ဂိုလ်များ

ကင်ညာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် အဓိကပြိုင်ဘက် နိုင်ငံရေးပါတီ နှစ်ပါတီသည် ကိုလိုနီခေတ်လွန် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အစီအစဉ်များ၏ သဘောသဘာဝနှင့် စပ်လျဉ်း၍ အချင်းများခဲ့ကြလေသည်။

ပါတီတစ်ခုက အချုပ်အခြာအာဏာကို ခွဲဝေမပေးဘဲ အဖွဲ့အစည်း တစ်ခုတည်းထံတွင်သာ ထားရှိသည့် တစ်ခုတည်းသော အစိုးရအဖွဲ့ ဖွဲ့စည်းရန် အခိုင်အမာ ထောက်ခံသော်လည်း အခြားပါတီ တစ်ခုကမူ ဖက်ဒရယ်ဝါဒကိုသာ ပိုမိုလိုလား နှစ်သက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ရရှိရေး ရွေးကောက်ပွဲ၌ ဂျိုမိုကန်ယက်တာ ဦးဆောင်သည့် ကင်ညာအမျိုးသား အာဖရိကသမဂ္ဂ (KANU) က အနိုင်ရရှိခဲ့သည်။ ၁၉၆၄ ခုနှစ်၌ လွတ်လပ်ရေး အပြည့်အ၀ ရရှိခဲ့သည့်နောက် ဂျိုမိုကန်ယက်တာမှာ ကင်ညာနိုင်ငံ၏ သမ္မတ ဖြစ်လာခဲ့ပါသည်။ များမကြာမီ အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်သည့် ကင်ညာ အာဖရိကန် ဒီမိုကရက်တစ်သမဂ္ဂ (KADU) ကို ဖျက်သိမ်းစေခဲ့ပြီး တိုင်းပြည်ကိုလည်း တစ်ပါတီ အာဏာရှင်စနစ်ဆန်ဆန် ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကန်ယက်တာသည်လည်း ၁၄ နှစ်ခန့် တိုင်းပြည်ကို ဦးဆောင်ခဲ့သည်။ ဗြိတိသျှစနစ်ဟောင်းအရ သမ္မတသက်တမ်း ထားရှိသည့်ပုံစံမျိုး ပုံဖော် ထုဆစ်ခဲ့၍ တိုင်းပြည်ရေးရာ ကိစ္စရပ်များတွင်လည်း (KANU) က သြဇာလွှမ်းမိုး လာနိုင်ခဲ့ပါသည်။ ကန်ယက်တာကို ဆက်ခံသည့် ဒန်နီယယ် အာရပ်ပ်မွိုင်းကလည်း ယင်းသြဇာလွှမ်းမိုးမှုကို ပို၍ တောင့်တင်း ခိုင်မာစေခဲ့ပြီး ၁၉၈၂ ခုနှစ်၌ လွှတ်တော်က တိုင်းပြည်ကို တစ်ပါတီစနစ် ကျင့်သုံးသည့်နိုင်ငံအဖြစ် ကြေညာခဲ့သည့် သေနင်္ဂဗျူဟာ အပြောင်းအလဲ တစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ ယင်းကဲ့သို့ ပြုလုပ်မှုကြောင့် အတိုက်အခံ အင်အားစု အမြောက်အမြားမှာ နောက်ဆယ်စုနှစ် တစ်ခုအတွင်း ပါတီစုံ စနစ်သို့ ပြန်လည်ရောက်ရှိစေရန် ရုန်းကန် လှုပ်ရှားခဲ့ကြရပါသည်။ ၁၉၉၂ ခုနှစ် အရောက်တွင် မွိုင်း၏ အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနှင့်ပြည်ပ (များသောအားဖြင့် အလှူရှင်နိုင်ငံ အဖွဲ့အစည်းမှ ဖြစ်ကြပြီး ကင်ညာနိုင်ငံသည်လည်း ဗြိတိသျှ ဓနသဟာယအဖွဲ့မှ ထင်ရှားသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်) မှ များပြားလှသော အင်အားစုများ၏ ပြင်းထန်သော ဖိအားများကို လက်လျှော့ အရှုံးပေးလိုက်ရပြီး နောက်ဆုံးတွင် ကင်ညာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ ပြန်ဖြစ်လာခဲ့ပါသည်။ ထိုကဲ့သို့ ကင်ညာနိုင်ငံကို တစ်ပါတီ အာဏာရှင်စနစ် ကျင့်သုံးသည့်နိုင်ငံအဖြစ်မှ ရုတ်သိမ်းလိုက်ခြင်းနှင့်အတူ သမ္မတရုံး၏ သက်တမ်းကို ကန့်သတ်လိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ နောက်ဆက်တွဲ ပြင်ဆင်ဖြည့်စွက်ချက်လည်း ပေါ်ပေါက်လာခဲ့သည်။ သမ္မတမွိုင်း၏ တိုင်းပြည်ကို ၂၄ နှစ်တာ အုပ်ချုပ်မှုလည်း အဆုံးသတ်သွားခဲ့ရပါသည်။ ထို့အပြင် သမ္မတ မွိုင်း၏ ဒုတိယသက်တမ်း ပြီးဆုံးလျှင်ပြီးဆုံးချင်း ကျင်းပပြုလုပ်သည့် ၂၀၀၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ သူ၏ပါတီ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရခြင်းက မှတ်သားဖွယ်ရာ ဖြစ်ရပ်တစ်ခုပင် ဖြစ်ပါသည်။

■ ရွေးကောက်ပွဲ နောက်ပိုင်း ကင်ညာနိုင်ငံမှ အကြမ်းဖက်မှု

၂၀၀၇ ခုနှစ်တွင် ကျင်းပ ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ၏ အကျိုးဆက်မှာ လွန်စွာ အငြင်းပွားဖွယ်ဖြစ်ပြီး မဲရလဒ်များကို ကြေညာပြီးသည့်နောက် အကြမ်းဖက်မှုများလည်း ပျံ့နှံ့ဖြစ်ပွားလာခဲ့သည်။

ထိုအကြမ်းဖက်မှုများ အဆုံးသတ် သွားစေရန် ပြိုင်ဘက် ပါတီများအကြား အချိန်ကာလကြာမြင့်စွာ ဆွေးနွေးညှိနှိုင်း ခဲ့ရပါသည်။ ထို့နောက် အဓိက အတိုက်အခံပါတီများ စုပေါင်းပြီး ညွန့်ပေါင်းအစိုးရ တစ်ရပ်ဖွဲ့စည်း၍ ၂၀၁၃ ခုနှစ်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ရသည့် နောက် နောက်ထပ် ရွေးကောက်ပွဲတစ်ခု ထပ်မံကျင်းပပြုလုပ်ကာ ဂျိုမို ကန်ယက်တာ၏ သားဖြစ်သူ အာဏာရလာသည့် လက်ရှိညွန့်ပေါင်း အစိုးရ အုပ်ချုပ်မှုတစ်ရပ် ပေါ်ပေါက်လာခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာ တစ်ချို့မှာ ဤနေရာ၌ ညွှန်းဆို ဖော်ပြရန် ထိုက်တန်ပါသည်။ ယင်းတို့မှာ

(၁) ရွေးကောက်ပွဲများမှာ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ၌ ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မှာလည်း ကင်ညာနိုင်ငံသားများ၏ ပြင်းပြသော ဆန္ဒ၊ ရည်မှန်းချက်များမှ ပေါ်ပေါက်လာသည့် ကျယ်ပြန့် သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတိုင်း ရေးဆွဲထားခြင်း ဖြစ်ပါသည်။

(၂) ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲများအပြီး ပေါ်ပေါက်လာသည့် အကြမ်းဖက်မှုများကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံး (ICC) က လူသားမျိုးနွယ်ကို ဆန့်ကျင် တိုက်ခိုက်သည့် ရာဇဝတ်မှုများဖြင့် ကင်ညာနိုင်ငံရေး ခေါင်းဆောင်တစ်ချို့ကို တရားစွဲဆို ခဲ့ပါသည်။ (ICC) ၏ တရားစွဲဆိုခြင်း ခံရသူများအနက် ရွေးကောက်တင်မြှောက်ခံ သမ္မတနှင့် ဒုတိယသမ္မတများလည်း ပါဝင်ခဲ့ပါသည်။

(၃) အတိုက်အခံများသည် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲ ရလဒ်များကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသော်လည်း အကြမ်းဖက်မှုများကို ဖြေရှင်းရေးထက် အတိုက်အခံများကို ဆန့်ကျင် ဖိနှိပ်အုပ်ချုပ်နေသည့် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များကို စိန်ခေါ်နေခဲ့ကြခြင်းသာ ဖြစ်ပါသည်။ ယင်းမှာလည်း တိုင်းပြည်ကို သိသိသာသာ အယူဝါဒ နှစ်ခြမ်းကွဲပြား သွားစေခဲ့ပါသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိသော်လည်း ကင်ညာနိုင်ငံအနေဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များက ဝရုန်းသုန်းကားနိုင်သော အခြေအနေ အများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်။ စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးစနစ် ဖြစ်နေသည့်အပြင် မိမိနိုင်ငံမှ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရေးအတွက် သင့်တော်သည့် အခြေခံအဆောက်အအုံ တစ်ခု ဖန်တီးရန် လိုအပ်ခဲ့ပါသည်။ ထို့ပြင် ကင်ညာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသော်လည်း မိမိနိုင်ငံတော်၊ နိုင်ငံသားများနှင့် ပတ်သက်သည့် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ ချေးယူထားသော ချေးငွေ အများအပြားလည်း ရှိနေခဲ့ပါသည်။ ထို့ကြောင့် ကင်ညာနိုင်ငံ အနေဖြင့် အငြင်းပွားဖွယ်ဖြစ်သော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြင်ဆင်ညှိနှိုင်းမှု အစီအစဉ်ကို ပြီးမြောက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖိအားပေး ခံခဲ့ရပါသည်။

ထိုကာလ အတောအတွင်း ဖွံ့ဖြိုးတိုးတက်လာသော တိုင်းပြည်စီးပွားရေးကို စီမံခန့်ခွဲရာတွင် ဆုံးဖြတ်ချက် အများစုကို ပဲရစ်ကလပ် အလှူရှင်နိုင်ငံများ၏ အစည်းအဝေးများ၌ ဆုံးဖြတ် သတ်မှတ် ဖြေရှင်းပေးခဲ့ပါသည်။

■ စေတနာ့ဝန်ထမ်းဝါဒ ဖြစ်ပေါ်လာခြင်းနှင့် အရပ်ဘက် အဖွဲ့အစည်း / NGO များ၏ အခန်းကဏ္ဍ

တိုင်းပြည် ထူထောင်သူ သမ္မတ ဂျိုမိုကန်ယက်တာသည် ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်နှင့် စေတနာ့ဝန်ထမ်းဝါဒတို့ကို ပျိုးထောင်ပေးရန် ကြိုးပမ်းခဲ့ပါသည်။ ကန်ယက်တာက မိမိ၏ အစိုးရအဖွဲ့သည် ဆင်းရဲ မွဲတေမှု၊ ရောဂါဘယနှင့် မသိနားမလည်မှုတို့ကို အမြစ်ပြတ် ဖယ်ရှား ရှင်းလင်းလိုသည့် ဆန္ဒရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုကြိုးပမ်း အားထုတ်မှုများ၌  ကင်ညာနိုင်ငံသား အားလုံး ပူးပေါင်း ပါဝင်ကြရန်လည်း အလေးအနက် တိုက်တွန်းနှိုးဆော် ခဲ့ပါသည်။ ကန်ယက်တာ၏ အစိုးရအဖွဲ့သည် ဘာသာရေး အဖွဲ့အစည်းများနှင့် အခြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အားထုတ် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ လှိုက်လှိုက်လှဲလှဲ စိတ်အားထက်သန်ခဲ့သည်။ ကင်ညာနိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး နှင့် အခြားသော လူမှုအဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်လည်း အားထုတ် ကြိုးပမ်းခဲ့ပါသည်။ သိသာ ထင်ရှားသောအချက်မှာ ထိုအဖွဲ့အစည်း အများစုသည် သာသနာပြု အဖွဲ့အစည်းများက ဖွင့်လှစ်သည့် ဆေးရုံများ၊ ကျောင်းများကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းများကိုသာ အဓိကထား ဆောင်ရွက်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။ ထို့နောက် လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းသစ်များလည်း ရှိလာခဲ့ရာ ငတ်မွတ် ခေါင်းပါးသည့်  ဒုမ္ဘိက္ခန္တရကပ် ဆိုက်ရောက်နေသည့် ဒေသများသို့ အစာရေစာ ကူညီထောက်ပံ့ပေးသည့် အဖွဲ့အစည်းများလည်း ပေါ်ပေါက်လာခဲ့ပါသည်။ ထို့အပြင် စေတနာ့ဝန်ထမ်းဝါဒလည်း ပွင့်လန်း လာခဲ့သည့်အတွက် လိုအပ်ချက်အများစုမှာ ယင်းနည်းလမ်းအားဖြင့် ပြေလည်သွားခဲ့ရပါသည်။ ထို့အပြင် ကင်ညာနိုင်ငံသားများသည်လည်း စေတနာ့ဝန်ထမ်း ပညာသင်ကြားပေးရန်နှင့် အဆောက်အဦးများ ဆောက်လုပ်ပေးရန်အတွက် သူတို့၏ အချိန်များ၊ ကျွမ်းကျင်မှုများနှင့် လူအင်အားများကို ထည့်ဝင် ပေးအပ်သည့် အလေ့အကျင့် ရရှိလာကြပြီး အန္တိမရည်မှန်းချက် ဖြစ်သည့် ဆင်းရဲမွဲတေမှု၊ ရောဂါဘယနှင့် မသိနားမလည်မှုတို့ကို အမြစ်ပြတ် ဖယ်ရှားစေနိုင်မည့် အခြားသော နည်းလမ်းများအားဖြင့်လည်း ပံ့ပိုးကူညီ ပေးခဲ့ကြပါသည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဟာရမ်ဘီ စိတ်ဓာတ် အလျင်အမြန် ပေါ်ပေါက်လာပြီးနောက် ကင်ညာနိုင်ငံအနေဖြင့် “ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ပြင်ဆင် ညှိနှိုင်းမှု”အရ ခြိုးခြံချွေတာရေး စီမံဆောင်ရွက်မှုများ လုပ်ဆောင်ရန် သတ်မှတ်ခဲ့ပါသည်။ သို့သော်လည်း NGO အဖွဲ့အစည်းများက ယင်းပြင်ဆင် ညှိနှိုင်းမှုဆိုင်ရာ ပုံသေနည်းကို တက်တက်ကြွကြွ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပြီး ခြိုးခြံချွေတာရေးဆိုင်ရာ စီမံဆောင်ရွက်မှုများက မလွဲဧကန် ဖန်တီးသည့် အကြောင်းချင်းရာများကိုသာ နိုင်ငံသားများ ခံစားကြရလိမ့်မည်ဟု ထောက်ပြ ပြောဆိုခဲ့ကြပါသည်။

■ အရပ်ဘက် အဖွဲ့အစည်းများနှင့် NGO များ၏ အခန်းကဏ္ဍကို “ပြုပြင်” ရန် တရားဝင် ကြိုးပမ်းမှုများ

၁၉၉၀ ပြည့် နှစ်ကုန်ပိုင်း၌ အလျင်အမြန် ပေါ်ပေါက်လာသော ကင်ညာ NGO အဖွဲ့အစည်းများမှ ခေါင်းဆောင်တစ်ချို့သည် တိုင်းပြည်အနှံ့အပြားရှိ NGO များ၏ လုပ်ငန်းဆောင်တာများကို ညှိနှိုင်း ဆောင်ရွက်ရန် ရည်ရွယ်သည့် စီစဉ်ရေးဆွဲခဲ့ပြီးသော ဥပဒေကို နားလည် သဘောပေါက် လာခဲ့ကြပါသည်။ ထိုဖြစ်ရပ်မှာ ယခင်က ပေါ်ပေါက်ခဲ့ဖူးသည့် ဖြစ်ရပ်များ၏ အကျိုးဆက်ကို အလိုလျောက် အဆက်မပြတ် တုံ့ပြန်မှုပင်ဖြစ်ပြီး NGO များ၏ အခန်းကဏ္ဍကို အငိုက်မိ သွားစေခဲ့ပါသည်။

လွန်ခဲ့သောနှစ်များက ကင်ညာနိုင်ငံအကြောင်း ဆွေးနွေးခဲ့ကြသည့် ပဲရစ်ကလပ် အစည်းအဝေးများ၌ အလှူရှင်နိုင်ငံများ အသိုင်းအဝိုင်းအနေဖြင့် ကင်ညာနိုင်ငံ၏ စီးပွားရေး စီမံခန့်ခွဲပုံများအား သဘောမကျကြကြောင်း အစည်းအဝေး လာတက်ခဲ့သည့် ကင်ညာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ကို အသိပေး ပြောကြားခဲ့ကြပါသည်။ ထို့ကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များအတွက် လိုအပ်သည့် အကူအညီ အထောက်အပံ့များကို NGO ကဏ္ဍမှတစ်ဆင့် လမ်းကြောင်း ဖော်ဆောင်သွားမည့် ဆုံးဖြတ်ချက် ချမှတ်စေရေးသို့ ဦးတည်သွားစေခဲ့ပါသည်။ ယင်းအချက်ကြောင့်ပင် ကင်ညာနိုင်ငံ ခေါင်းဆောင်ပိုင်းမှ NGO များ၏ အခန်းကဏ္ဍကို ရုတ်တရက် ဆိုသကဲ့သို့ စိတ်ပါဝင်စား လာစေခဲ့ပြီး မည်သူမည်ဝါတို့က မည်ကဲ့သို့ လုပ်ကိုင် ဆောင်ရွက်နေကြပြီး ငွေကြေးစီးဆင်းမှုများကို မည်သို့ စီမံခန့်ခွဲလေ့ ရှိကြသနည်းဟူသော မေးခွန်းများလည်း ပေါ်ပေါက်လာခဲ့ပါသည်။ ကင်ညာအစိုးရ အရာထမ်းများ အနေဖြင့်လည်း အဆိုပါ မေးခွန်းများကို အဖြေရှာရန် ကြိုးပမ်းခဲ့ကြပြီးနောက် အခြားတိုင်းပြည်များမှ အကြံဉာဏ် ရယူခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည့် NGO များကို “ထိန်းချုပ်ရမည်”ဟူသည့် အချက်ကို သိရှိလာခဲ့ကြပါသည်။ ထို့နောက် NGO များ လက်ခံရရှိသည့် ရန်ပုံငွေ အထောက်အပံ့ နှင့် သူတို့၏ လှုပ်ရှားမှုများကို စေ့စေ့စပ်စပ် စိစစ်စစ်ဆေး ထိန်းချုပ်နိုင်မည့် ဥပဒေဖြစ်သော NGO အဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေကြမ်း (၁၉၉၀) ဖန်တီးမှုဆီသို့ ဦးတည်သွားစေခဲ့ပါသည်။ ထိုဥပဒေကြမ်းကို လွှတ်တော်သို့ အလျင်စလို တင်သွင်းခဲ့ပြီး လွှတ်တော်၏ အတည်ပြုမှုကိုလည်း လျင်မြန်စွာ ရရှိခဲ့သည့်နောက် သမ္မတ မွိုင်း၏ သဘောတူ ခွင့်ပြုမှုကိုလည်း ရရှိခဲ့ပါသည်။ ထိုဖြစ်ရပ်များ တဖြည်းဖြည်း ပြန့်ကား လာသည့်နောက် NGO အဖွဲ့ငယ်များမှ ခေါင်းဆောင်များ စုစည်းကာ ထိုဥပဒေသစ်နှင့် ယင်းဥပဒေ၏ အင်္ဂါမစုံသည့် သဘောသဘာဝကို အလျင်အမြန် ဆန့်ကျင်ကန့်ကွက် လာခဲ့ကြပါသည်။ သူတို့က NGO အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်များကို နှစ်စဉ်ပြုလုပ်ရခြင်း၊ မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်၍ မဖြစ်နိုင်တော့လောက်အောင် ပြုလုပ်ထားသည့် ဗျူရိုကရေစီ စနစ်အရ လိုအပ်ချက် အများအပြား ဖန်တီးထားခြင်း စသည့် စည်းမျဉ်းစည်းကမ်း များကိုလည်း ကန့်ကွက်ခဲ့ကြပါသည်။ ထို့ကြောင့် NGO အဖွဲ့အစည်းများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အက်ဥပဒေ (၁၉၉၀) ပေါ်ပေါက်လာပြီးနောက် ဆန့်ကျင်ကန့်ကွက် တုံ့ပြန်ခဲ့ကြသည့် NGO အဖွဲ့အစည်းများ၏အကြောင်းမှာ မှတ်သားဖွယ်ရာ ဖြစ်သည်။ ထိုစဉ်က INGO အဖွဲ့အစည်းများ အပါအဝင် ကွဲပြားခြားနားသော အရပ်ဘက် အဖွဲ့အစည်းများအကြား မဟာဗျူဟာနှင့် နည်းဗျူဟာများကို အတိုင်းအတာ တစ်ခုအထိ ချမှတ် ကျင့်သုံးနိုင်ခဲ့ပြီး စုစည်းညီညွတ်မှုနှင့် အပြန်အလှန် အမှီသဟဲပြုသည့် စိတ်ခံစားမှုမျိုးကိုလည်း ရရှိစေခဲ့ပါသည်။

တိုင်းပြည်ကို ၃၉ နှစ်တာ အုပ်ချုပ်ခဲ့သည့် ကင်ညာအမျိုးသား အာဖရိကန်သမဂ္ဂ (KANU) အစိုးရ အာဏာလက်လွတ် ဆုံးရှုံးခဲ့ရသည့်နောက် ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်း၌ အမျိုးသားအဆင့် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် သမ္မတ မာဝီကီဘာကီ ဦးဆောင်သည့် အစိုးရအဖွဲ့သစ်ထံသို့ ချောမွေ့သည့် အာဏာလွှဲပြောင်းမှု တစ်ရပ်လည်း ပေါ်ပေါက်လာခဲ့ရာ ရွေးကောက်ပွဲ မကျင်းပမီ အချိန်ကာလများတွင်လည်း တိုင်းပြည်တစ်ခုလုံးမှာ စစ်မှန်သော အပြောင်းအလဲအတွက် ပွက်လောညံအောင် တောင်းဆိုခဲ့ကြပါသည်။ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများသည်လည်း တိုင်းပြည်ကို အုပ်ချုပ်နေသည့် ပါတီကို အနိုင်ရရှိရေးအတွက် စည်းလုံးညီညွတ်ကြရန် တိုက်တွန်းခဲ့ကြပြီး တစစီပြိုကွဲနေသော အတိုက်အခံ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည်လည်း ဤတစ်ကြိမ်အတွက် သဘောတူညီမှု ရခဲ့ကြပါသည်။ အပြောင်းအလဲအတွက် တွန်းအားပေးရာ၌ အရပ်ဘက် အဖွဲ့အစည်းများသည်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသဖြင့် နောက်ဆုံးတွင် ယခုကဲ့သို့သော ရွေးကောက်ပွဲ ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်ပါသည်။ ထိုစဉ်က ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းကောက်ယူမှုအရ ကင်ညာနိုင်ငံသားများမှာ ကမ္ဘာပေါ်၌ အကောင်းအမြင်ဆုံးသူများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

■ ကင်ညာ အမျိုးသား အာဖရိကန်သမဂ္ဂ (KANU) နောက်ပိုင်း အခြေအနေများ

အစိုးရသစ် ဖွဲ့စည်းပြီးနောက် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့်အတူ ကာလရှည်ကြာ ရပ်တည်လာသော ခေါင်းဆောင်များမှာ အုပ်ချုပ်စီမံခန့်ခွဲရေး စနစ်သစ်၌ အရေးပါ အရာရောက်သော ရာထူးနေရာများတွင် ခန့်အပ် ခံကြရသည်ကို တွေ့မြင်လာခဲ့ရသည်။ အရပ်ဘက် အဖွဲ့အစည်းများအပေါ် တိုက်ရိုက် ရိုက်ခတ်မှုလည်း ဖြစ်ခဲ့ပါသည်။ ထို့အပြင် အစိုးရအဖွဲ့သစ်အတွင်းသို့ ရောက်ရှိသွားသော NGO  အဖွဲ့ခေါင်းဆောင်များ၏ ပြီးခဲ့သော အပြောင်းအလဲနောက်ပိုင်း အရပ်ဘက် အဖွဲ့အစည်းများ၏ ခေါင်းဆောင်သစ် အဖွဲ့များမှာလည်း ရုတ်တရက်ဆိုသလို ထင်ရှားကျော်ကြား ရေပန်းစားလာ ခဲ့ပါသည်။

အဆိုပါ အရပ်ဘက် အဖွဲ့အစည်းများ၏ ခေါင်းဆောင်သစ်များမှာ အများမျှော်လင့်ထားသည့်အတိုင်း “အခြားသူများ၏ ကိုယ်စား စီမံခန့်ခွဲပေးသူ”များအဖြစ် စတင် ဆောင်ရွက်ခဲ့ကြပြီး အစိုးရထံမှ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို တောင်းဆိုလာခဲ့ကြပါသည်။ သို့သော်လည်း အစိုးရသစ်မှ အရာထမ်းများသည် အရပ်ဘက် အဖွဲ့အစည်းများကို မဟာမိတ်အဖြစ် ထိတွေ့ ဆက်ဆံခြင်းထက် ယခင်က သူတို့ပင် ဦးဆောင်ခဲ့သော အရပ်ဘက် အဖွဲ့အစည်းများအပေါ် ပဋိပက္ခဆန်သော ချဉ်းကပ်မှုမျိုးကို ချမှတ် ကျင့်သုံးခဲ့ကြပါသည်။  ထို့နောက် “သွေးခွဲအုပ်ချုပ်သည့်  နည်းဗျူဟာ”ကိုလည်း  ကျင့်သုံးခဲ့ပြီး  “ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သည့် NGO”  အဖွဲ့အစည်းများနှင့် “အခြေခံ လူ့အခွင့်အရေးများကို အကာအကွယ်ပေးနေသည့် NGO” အဖွဲ့အစည်းများ အတိုက်အခံပြု ဆန့်ကျင်စေရန် ဖန်တီးခဲ့ပါသည်။ ထို့ကြောင့် အဆုံးသတ်တွင်မူ သူတို့တစ်လျှောက်လုံး ရည်ရွယ်ခဲ့ခြင်းဖြစ်ဟန်ရှိသည့် NGO  များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှာ အားနည်းချိနဲ့လာပြီး အမှန်တကယ် တစစီ ပြိုကွဲသွားခဲ့ရပါသည်။

၂၀၀၉ ခုနှစ်၌ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အဆုံးစွန်သော ရည်မှန်းချက်များကို ပိုင်းခြား သတ်မှတ်ရန်နှင့် အထောက်အကူပြုနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေးအတွက် ဥပဒေအဖြစ် မည်ကဲ့သို့ ရှင်းလင်းဖော်ထုတ် ပြောဆိုသင့်ကြောင်း ရှေ့အလားအလာများကို ဆွေးနွေးမှုတစ်ခု အစပြုခဲ့ပါသည်။ ထိုစဉ်က ဆွေးနွေးမှုများမှာ ပါဝင် ဆွေးနွေးလိုသူတိုင်းအတွက် တံခါးဖွင့်ပေးထားပြီး အရပ်ဘက် အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို လမ်းညွှန်ပေးမည့် အခြေခံနိယာမ သဘောတရားများနှင့် နှုန်းစံတန်ဖိုးများကို စတင် ဖော်ထုတ် နိုင်ခဲ့ပါသည်။

အရပ်ဘက် အဖွဲ့အစည်းများအနက် တိုးတက်သော အဖွဲ့အစည်းအများစုမှာ တိုင်းပြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၌ တက်တက်ကြွကြွ တညီတညွတ်တည်း ပါဝင်ခဲ့ကြရာ နောက်ဆုံး၌ ၂၀၁၀ ပြည့်နှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်သည့် အောင်ပွဲဆီသို့ ဦးတည်သွားစေခဲ့ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံကျသော အကြောင်းချင်းရာများတွင် ဗြိတိသျှ ကိုလိုနီစနစ်ဟောင်းအတိုင်း ကျင့်သုံးနေသေးသည့် သမ္မတရုံး၏ အုပ်ချုပ်မှုအာဏာကို လျော့နည်းအောင် ပြုလုပ်ထားခြင်း၊ အမြင့်ဆုံးသော အုပ်ချုပ်မှုအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဟူသော သဘောတရားကို လက်ကိုင်ထားစဉ်မှာပင် သင့်လျော်သည့် အပြန်အလှန် ထိန်းကျောင်းမှုများကို ထည့်သွင်းထားခြင်း စသည့် အချက်များ ပါဝင်သည့်အပြင် ဗဟိုမှအာဏာကို လက်အောက် အဖွဲ့အစည်းများသို့ ခွဲဝေပေးသည့် အာဏာခွဲေ၀ ကျင့်သုံးခြင်းကိုလည်း အဆိုပါ အခြေခံဥပဒေသစ်အရ ချမှတ် ကျင့်သုံးနိုင်ခဲ့ပါသည်။ များမကြာမီ ယင်းအချက်များသည် ကင်ညာနိုင်ငံသားများ၏ ဥပဒေဖြစ်လာပြီး NGO အဖွဲ့အစည်းများက ကမကထပြု ဦးဆောင် ပြုလုပ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိလာစေခဲ့ပါသည်။ ထို့အပြင် လွှတ်တော်တွင်လည်း NGO များနှင့် အရပ်ဘက် အဖွဲ့အစည်းများအတွက် အထောက်အကူ ပြုနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်မည့် ဥပဒေတစ်ခု ဖြစ်လာစေပါသည်။ ထို့နောက် ယင်းအယူအဆအတိုင်း စနစ်တကျ အရှိန်မပျက် ဆက်သွားနေခဲ့ပြီး ဆန့်ကျင်ကန့်ကွက်မှုများ ရှိခဲ့သော်လည်း အများပြည်သူ အကျိုးအမြတ်ရှိစေမည့် အဖွဲ့အစည်းများဆိုင်ရာ ဥပဒေကြမ်း/ PBO (2012)  ပေါ်ပေါက်လာစေသည့် စစ်မှန်သော လမ်းကြောင်းဆီသို့ ဦးတည် သွားစေခဲ့ပါသည်။

■ ဖိအားသစ်များအောက်၌ ရုန်းကန် ရှင်သန်ရခြင်း

အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း အသစ်ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၃ ခုနှစ်၊ မတ်လ၌ ကင်ညာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွှေရတုကာလ ညွန့်ပေါင်းအဖွဲ့ အာဏာရလာခဲ့ပါသည်။ ရွှေရတုကာလ ညွန့်ပေါင်းအဖွဲ့၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပေးကမ်းစွန့်ကြဲခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းမည်ဟူသော အချက်လည်း ပါဝင်ခဲ့သည်။ ထိုကဲ့သို့သော ဥပဒေမျိုးမှာ ယနေ့အချိန်အထိ ဗြိတိန်၌ ကျင့်သုံးလျက် ရှိနေသေးပြီး အစိုးရအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အပြန်အလှန် ဆက်ဆံရေးကို ထိန်းကျောင်းရန်အတွက် ဖြစ်ပါသည်။ ထို့ပြင် ရွှေရတုကာလ ညွန့်ပေါင်းအစိုးရ အနေဖြင့် PBO အက်ဥပဒေကို လက်ခံ ခွင့်ပြုလိမ့်မည် မဟုတ်ဟု ရှင်းလင်းစွာ ယူဆနိုင်ပြီး မည်သို့ပင်ဖြစ်စေ အရေးပါသည့် ယူဆချက်နှစ်ခု အသက်ဝင်လာခဲ့ပါသည်။

ယင်းအချက် နှစ်ချက်မှာ-

(၁) သမ္မတနှင့် ဒုတိယသမ္မတများကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးမှ တရားစွဲဆိုထားခြင်းကို ရင်ဆိုင်ဖြေရှင်းနေရဆဲ အရှိတရားနှင့်

(၂) ၂၀၀၇ ရွေးကောက်ပွဲနောက်ပိုင်း အကြမ်းဖက်မှုများကို ခံစားခဲ့ရသူများအတွက် ရသင့်ရထိုက်သော တရားမျှတမှု ရရှိစေရန် တက်ကြွစွာ ထောက်ခံနေသည့် အရပ်ဘက် အဖွဲ့အစည်းအချို့၏ လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ စသည်တို့ပင် ဖြစ်ပါသည်။

ထိုအရှိတရားများမှာ အရပ်ဘက် အဖွဲ့အစည်းများက ရွှေရတုကာလ အစိုးရအဖွဲ့ကို အတိုက်အခံပြု ဆန့်ကျင်မှုပင် ဖြစ်ပါသည်။ နောက်ဆက်တွဲ အကျိုးဆက်မှာ ရွှေရတုကာလ အစိုးရအဖွဲ့အနေဖြင့် PBO အက်ဥပဒေ စတင်ရန်ထက် ယင်းဥပဒေ၏ ပုဒ်မများကို ပြောင်းလဲရန် တက်တက်ကြွကြွ ကြိုးပမ်းခဲ့ခြင်းပင် ဖြစ်ပါသည်။ ထိုအပြောင်းအလဲများအနက် အရပ်ဘက် အဖွဲ့အစည်းများသည် ပြည်ပနိုင်ငံများထံမှ ငွေကြေး အထောက်အပံ့ကို သူတို့ ဘတ်ဂျက် စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းထက် မပိုစေရဟူသော ဥပဒေ အကြံပြုချက်လည်း ပါဝင်ခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်းများကို ဘဏ္ဍာရေးအရ အင်အားချိနဲ့ သွားစေရန် ရည်ရွယ်သည့် လုပ်ဆောင်မှုတစ်ခုပင် ဖြစ်ပါသည်။ သို့သော်လည်း အရပ်ဘက် အဖွဲ့အစည်းများမှာ ကံကောင်းထောက်မစွာဖြင့် ယင်းအချက်ကို ငြင်းဆန်ပယ်ချ နိုင်ခဲ့ကြပါသည်။ ထို့ပြင် လွှတ်တော် အမတ်များ၏ ကျယ်ကျယ်ပြန့်ပြန့် လော်ဘီလုပ်ဆွယ် တရားဟောမှုများနှင့် ယင်းဥပဒေ အောင်အောင်မြင်မြင် ပြဋ္ဌာန်းနိုင်ရေးအတွက် မျှော်မှန်းထားသော အပြောင်းအလဲများ၏ ဖြစ်နိုင်သော အကျိုးသက်ရောက်မှုများကို ရှင်းလင်းပြောဆိုရန် အချိန်ယူခဲ့ရပါသည်။ မည်သို့ပင်ဖြစ်စေ ယင်းဆောင်ရွက်ချက်များမှာ ဥပဒေပြဋ္ဌာန်းမည့် ကိစ္စရပ်၏ အဆုံးသတ်တော့ မဟုတ်ပါပေ။ အရပ်ဘက် အဖွဲ့အစည်းများမှ ထိုအက်ဥပဒေကို မူလပုံစံအတိုင်းသာ အစပြုရန် တသမတ်တည်း ဖိအားပေးမှုများ ရှိလင့်ကစား အရပ်ဘက် အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသည့် အစိုးရအဖွဲ့၏ အတွင်းရေးမှူးက အခြားနည်းလမ်းများဖြင့် ဥပဒေကို ပြုပြင်ပြောင်းလဲရန် ရှေ့ဆက် ဆောင်ရွက်ခဲ့ပါသည်။

အရပ်ဘက် အဖွဲ့အစည်းများအတွက် နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုမှာ NGO အဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အက်ဥပဒေ (၁၉၉၀) အရ အစိုးရက ခန့်အပ် ဖွဲ့စည်းပေးထားသည့် NGO ဘုတ်အဖွဲ့ပင် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ၌ ဘုတ်အဖွဲ့က NGO အဖွဲ့အစည်း ၉၅၇ ဖွဲ့ကို ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ ပေးပို့ရန် ပျက်ကွက်သည့်အတွက် အသင်းအဖွဲ့ မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ပစ်မည်ဟု ခြိမ်းခြောက်လာခဲ့ပါသည်။ ထိုအမည်စာရင်းထဲတွင် ပါဝင်သည့် အဖွဲ့အစည်းအများစုက ယင်းစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ကြသော်လည်း ပို၍ အသုံးဝင်သော ရည်မှန်းချက်၊ ရလဒ်များ ပေါ်ထွက်လာစေရန် အချိန်နှင့် လူအင်အား လိုအပ်ကြောင်း တုံ့ပြန်တောင်းဆို ခဲ့ကြပါသည်။

ထိုနှစ်အတွင်းမှာပင် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများထံသို့ ငွေကြေး အထောက်အပံ့ ပေးနေသည်ဟု သံသယရှိသော တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ စာရင်းကို ကင်ညာ ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန် ကြေညာခဲ့ပါသည်။ ထိုစာရင်းထဲတွင် ထင်ရှားသည့် NGO အဖွဲ့အစည်းကြီး နှစ်စ်ခုလည်း ပါဝင်နေခဲ့သည်။ ထိုအဖွဲ့အစည်း နှစ်ခုမှာ သီးခြား လွတ်လပ်စွာ ထိန်းသိမ်း ကြပ်မတ်သည့် အာဏာပိုင်များနှင့် ပူးပေါင်း၍ တရားရုံးပြင်ပ သေဒဏ် စီရင်ခြင်းများနှင့် လူပျောက်မှုများကို စုံစမ်း ဖော်ထုတ်နေသော အဖွဲ့အစည်းများ ဖြစ်ကြပါသည်။ သို့သော်လည်း သူတို့၏ ဆောင်ရွက်မှုများကို ဖိနှိပ် ပိတ်ပင်သည့်ကိစ္စရပ်များမှာ တရားရုံး၏ သင့်လျော်သည့် စီရင်ဆုံးဖြတ်ချက်ဖြင့်ပင် ပြီးဆုံးသွားခဲ့ရသည်။ NGO အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့၏ ပင်မ မဏ္ဍိုင်လုပ်ငန်း တာဝန်များကို တရားဥပဒေဆိုင်ရာနှင့် ဗျူရိုကရက် တို့၏ ထိုးနှက် တိုက်ခိုက်မှုများမှ နောက်ထပ်တစ်ကြိမ် ကျော်လွှားနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

PBO အက်ဥပဒေ အစပြုမှုမှာ ကင်ညာမှ NGO အသိုင်းအဝိုင်း၏ အန္တိမ ရည်မှန်းချက်ဖြစ်ပြီး မပြီးဆုံးနိုင်သေးသည့် ဇာတ်လမ်း တစ်ပုဒ်အဖြစ် ရှိနေဆဲပင် ဖြစ်ပါသည်။ ထို့ပြင် NGO အဖွဲ့များ၏ ခေါင်းဆောင်ပိုင်း အနေဖြင့် စီစဉ်ထားသော လုပ်ငန်းစဉ်များကို အစိုးရက လိုက်နာ စောင့်ထိန်းစေရန် ဖိအားပေးသည့် တရားရုံးဆိုင်ရာ ဆောင်ရွက်ချက်များကို ဖြေရှင်းရမှုများလည်း မရေမတွက်နိုင်အောင် ရှိခဲ့ပါသည်။ PBO အက်ဥပဒေကို ပြောင်းလဲရန် အစိုးရဝန်ကြီးဌာနများမှ တစ်ဆင့် လျှို့ဝှက်ကြံစည်သည့် အစီအစဉ်များကိုလည်း မျက်မြင်တွေ့ရှိခဲ့ရပြီး အက်ဥပဒေ အစပြုရေး ကြိုးပမ်းမှုကို ချေမှုန်းရန်ပင် ဖြစ်ပါသည်။ ယခုဆောင်းပါး ရေးသားနေသည့် အချိန်၌ပင် အစိုးရ အရာထမ်းများ အနေဖြင့် တရားရုံး၏ ညွှန်ကြားချက်များအတိုင်း ဥပဒေကို စတင်ကျင့်သုံးရန် ပျက်ကွက်နေဆဲ ဖြစ်သည်။ တရားရုံး၏ ရှေ့မှောက်၌ပင် ရုံးတော်ကို မထီမဲ့မြင်ပြုမှုများ ရှိနေပါသေးသည်။

လက်ရှိ တည်ရှိနေဆဲ နေရာလပ်များကို ကာကွယ်ရန် ဆက်လက် ကြိုးပမ်း အားထုတ်မှုများကို ယင်းရည်ရွယ်ချက်ဖြင့်ပင် ဖန်တီးထားသည့် ညွန့်ပေါင်းဖွဲ့စည်းမှုမှ တစ်ဆင့် အရပ်ဘက် အဖွဲ့အစည်းများက ဦးဆောင်နေသည်မှာ သိသာထင်ရှားပါသည်။ ထို့ပြင် ရှေ့ဆက် ရုန်းကန် လှုှုပ်ရှားနိုင်စေရန်အတွက် “စုစည်းညီညွတ်မှုနှင့် အပြန်အလှန် အမှီသဟဲပြုမှု”ကို ထပ်လောင်း အားဖြည့်ပေးရန်လည်း လိုအပ်ပါသည်။ ကင်ညာ အရပ်ဘက် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက ဦးဆောင်သည့် ယင်းကြိုးပမ်း အားထုတ်မှုများမှာ လူသိနည်းနေသေးသော်လည်း နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်းများက တက်တက်ကြွကြွ ထောက်ခံနေကြပါသည်။ ထို့အတူ မဟာမိတ်ညွန့်ပေါင်း ဖွဲ့စည်းခြင်းအားဖြင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ပြင်းပြသောဆန္ဒ၊ ရည်မှန်းချက်များကို ပိုမိုကောင်းမွန်စွာ အဓိပ္ပာယ် ဖွင့်ဆိုရန်အတွက်လည်း အထောက်အကူ ပေးနိုင်လိမ့်မည် ဖြစ်ပါတော့သည်။

■ စာညွှန်း

၁ – CSO ဟူသော ဝေါဟာရမှာ အရပ်ဘက် အဖွဲ့အစည်းများကို ရည်ညွှန်းခြင်းဖြစ်ပြီး အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) လူထုလူတန်းစား အခြေပြုအဖွဲ့အစည်းများ၊ အကြံပေးအဖွဲ့များ ပါဝင်၍ ယခု ဆောင်းပါးပါ NGO နှင့် အခြားအဖွဲ့အစည်းများကို ရည်ညွှန်းရာ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားခြင်း ဖြစ်ပါသည်။

၂  – “ဟာရမ်ဘီ” ဆိုသည်မှာ “အတူတကွ ရုန်းကန်ကြစို့” ဟု အဓိပ္ပာယ်ရပြီး စေတနာ့ဝန်ထမ်းဝါဒနှင့် ပေးသင့်ပေးထိုက်သည့် အလှူဒါနပြု၊ ကုသိုလ်ဖြစ်လှူဒါန်းမှုများကို အားပေးရန် ကန်ယက်တာ တီထွင်ထားသည့် စကားလုံး ဖြစ်ပါသည်။

၃ – The Standard, “Kenyans Most Optimistic People on Earth, Survey Says,” Jan. 21, 2003.

အက်ဇရာ အမ်ဘိုဂေါ်ရီ၏ ရှုထောင့်အမြင်ကို စည်သူကျော် ဘာသာပြန်ဆိုသည်။

In search of an enabling environment – the Kenyan CSO struggle to date

By Ezra Mbogori

This article is a brief reflection on the Kenyan scene in response to “Outlook of Rulers: Tactics for Controlling Civil Society Organizations and Protests” by Aung Thu Nyein in Myanmar Quarterly (Issue 2, 2017). The article examines civil society organizations (CSOs), including NGOs and think tanks, in Kenya from a historical perspective. One element of their success is the emergence a civic ethos, known as harambee, involving self-help and voluntarism. Kenyan CSOs have encountered various challenges, including the domination of party in politics, post-election violence in 2007, political polarization, and a significant role by foreign donors in domestic economic policies. In particular, CSOs have encountered efforts by the state to “tame” them. This involves the use of laws to exercise influence over CSO and efforts to divide them. One effective response by Kenyan CSOs was their to resist legal maneuvers to reign in their authority. An element of their success in addressing these challenges is their development of linkages and formation of coalitions among CSOs.

Share.

About Author

Ezra Mbogori

အကီဘာအူဟာကီ ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။

Leave A Reply