Institute for Strategy and Policy – Myanmar

ကွန်မြူနစ်လွန် နိုင်ငံများတွင် အာဏာရှင် ခေါင်းဆောင်များကို အနိုင်ယူ ဖယ်ရှားခြင်း

က

Defeating Authoritarian Leaders in Postcommunist Countries
by Valerie Bunce and Sharon L. Wolchik

Valerie Bunce နှင့် Sharon L. Wolchik တို့၏ ၂၀၁၁ ခုနှစ်ထုတ် Defeating Authoritarian Leaders in Postcommunist Countries စာအုပ်ဟာ ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ကျင်းပခဲ့သော ကွန်မြူနစ်လွန် ရွေးကောက်ပွဲများအကြောင်းကို လေ့လာ သုံးသပ်ထားခြင်းဖြစ်ပြီး ကွန်မြူနစ်လွန် နိုင်ငံပေါင်း ကိုးနိုင်ငံတွင် ဖြစ်စဉ် ခြေရာကောက်ခြင်း၊ နှိုင်းယှဉ် လေ့လာခြင်း၊ ဘုံစံနမူနာပုံစံများ ဆွဲထုတ်ကာ ခြောက်နှစ်ကြာ စမ်းသပ်လေ့လာထားခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်သည် ကွန်မြူနစ်လွန် နိုင်ငံများအတွင်း နိုင်ငံရေး အပြောင်းအလဲ အကြီးမားဆုံး ဖြစ်သည်။ ကွန်မြူနစ်စနစ် ပြိုကွဲပြီး နိုင်ငံရေးအခြေအနေ အမျိုးမျိုးကို စမ်းသပ် လုပ်ကိုင်ကာ ဒီမိုကရေစီစနစ်ကို အလုံးအရင်း စတင် မိတ်ဆက်သော အချိန်လည်းဖြစ်သည်။  color revolution ဟုခေါ်သည့် လူထု၊ အတိုက်အခံနှင့် NGO တို့ ဦးဆောင်သည့် တော်လှန်ရေးများ ဆက်တိုက်ဆိုသလို ကွန်မြူနစ်လွန် နိုင်ငံများအတွင်း ပေါ်ပေါက်သောအချိန်လည်း ဖြစ်သည်။ ဤကဲ့သို့သော နိုင်ငံရေး အပြောင်းအလဲကို ကြည့်ပြီး  Bunce နှင့် Wolchik  က အောက်ပါ မေးခွန်းလေးခု မေးခဲ့ပါသည်။

■ ဘာကြောင့် မဲဆန္ဒရှင်များသည် သူတို့၏ဆန္ဒကို အောင်မြင်စွာ ပြသနိုင်ခဲ့သလဲ။ ဘယ်လို ပြသနိုင်ခဲ့သလဲ။

■ ထိုသို့ အနိုင်ရ လုပ်ဆောင်ချက်ပုံစံကို အချိန်တိုအတွင်းမှာ ဘာကြောင့် တခြား ကွန်မြူနစ်လွန် နိုင်ငံများမှာပါ တွေ့မြင်နေရသလဲ။

■ ရွေးကောက်ပွဲသည် အချို့နိုင်ငံများတွင် ဘာကြောင့် အောင်မြင်ပြီး အချို့နိုင်ငံများတွင် ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲ။

■ ရွေးကောက်ပွဲလွန် အာဏာရ အတိုက်အခံများ၏ ဒီမိုကရေစီ အုပ်ချုပ်မှုပုံစံသည် မည်သို့ ပြောင်းလဲတိုးတက်မှု ရှိသလဲ။

စာအုပ်ထဲတွင် ဆွေးနွေး တင်ပြထားသော နိုင်ငံ ကိုးနိုင်ငံတွင် ထိုအချိန်က mixed regime  ဟုခေါ်သော အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ ယှဉ်တွဲလျက်ရှိသည့် အုပ်ချုပ်ရေးယန္တရားဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။ ထိုအခြေအနေတွင် ဒီမိုကရေစီ အလေ့အကျင့် နိုင်ငံရေးတိုးတက်စေရန် ရွေးကောက်ပွဲသည် အဓိက အခြေခံဖြစ်သည်။ သို့သော် တစ်ခုသတိပြုရန်မှာ ရွေးကောက်ပွဲ သည် သူ့အလိုလို ပေါ်ထွက်လာခြင်း မဟုတ်ဟု Bunce နှင့် Wolchik က ပြောကြားထားသည်။ ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ဖန်တီးလာသည့် အကြောင်းအရာများစွာ ရှိသည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်သည် ဖြစ်ဖြစ်၊ မအောင်နိုင်ဘဲ အာဏာရှင်စနစ် ဆက်လက် ရပ်တည်သည်ဖြစ်ဖြစ် နိုင်ငံတစ်ခုချင်းစီတွင် မတူညီသော အခြေအနေ၊ သဘောသဘာဝများလည်း ထွက်ပေါ်လာလေသည်။ ထိုအကြောင်းအရာများကို ရွေးကောက်ပွဲနှင့်အတူ လေ့လာမှသာလျှင် တချို့နိုင်ငံများသည် ရွေးကောက်ပွဲကို အဘယ်ကြောင့် အောင်မြင်စွာ ကျင်းပ၍ ဒီမိုကရေစီစနစ် ကူးပြောင်းကာ အခြားနိုင်ငံများသည် ရွေးကောက်ပွဲ မအောင်မြင်၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် နောက်ကောက်ကျနေခဲ့သနည်း ဆိုသည့်အချက်ကို သိရှိတင်ပြနိုင်မည် ဖြစ်သည်။

ထို တွက်ဆချက်များဖြင့် Bunce နှင့် Wolchik တို့သည် ဆလိုဗက်ကီးယား၊ ခရိုအေးရှား၊ ယူဂိုဆလားဗီးယား၊ ယူကရိန်း၊ ဂျော်ဂျီယာနှင့် ကာဂျစ်စတန်တို့တွင် အတိုက်အခံများအနေဖြင့် ရွေးကောက်ပွဲကို မည်သို့မည်ပုံ အနိုင်ရရှိပြီး အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဘီလာရပ်စ်တို့တွင် အာဏာရှင် ခေါင်းဆောင်ဟောင်းများကို မည်သို့ ရှုံးနိမ့်ခဲ့သနည်း အစရှိသည့် ဥပမာ၊ သာဓကများဖြင့် အဖြေရှာ လေ့လာ ဆန်းစစ်ထားသည်။

ရွေးကောက်ပွဲ အနိုင်ရ၍ ဒီမိုကရေစီအသွင်သို့ ကူးပြောင်းသွားသော သက်သေသာဓကများတွင် အဓိကအချက်ကြီး လေးချက်ကို တွေ့ရှိရသည်ဟု  Bunce နှင့် Wolchik က အဆိုပြုသည်။ ပထမအချက် အနေဖြင့် ထိုရွေးကောက်ပွဲများတွင် အတိုက်အခံများ အနေဖြင့် အာဏာရှင် ခေါင်းဆောင်ကို တော်လှန်ရာတွင် သဘောထားကွဲလွဲခြင်း မရှိ၊ တစ်စုတစ်စည်းတည်းဖြင့် အချင်းချင်းညှိယူကာ အာဏာရှင် ဖယ်ရှားရေးကိုသာ သူတို့ ရွေးကောက်ပွဲ၏ အဓိက ရည်ရွယ်ချက်အဖြစ် ဦးတည်ထားရှိသည်။ ဒုတိယအချက် အနေဖြင့် ပြည်သူများကလည်း ရွေးကောက်ပွဲသည် အမှန်တကယ်ပင် သူတို့၏ မဲဆန္ဒများကို ထင်ဟပ်ကာ စနစ်သစ်သို့ ကူးပြောင်းနိုင်လိမ့်မည်၊ အတိုက်အခံများသည်လည်း ထိုပြုပြင်ပြောင်းလဲမှုတွင် ယုံကြည်ရသည့် ခေါင်းဆောင်များ ဖြစ်သည်ဟုလည်း ယုံကြည်သည်။ ထို့အပြင် ရွေးကောက်ပွဲတွင် မဲလိမ်မှုများ ဖြစ်ပွားပါကလည်း ရှေ့သို့ထွက် ကန့်ကွက်ရန် ဝန်မလေးပေ။ တတိယအချက်အနေဖြင့် NGO များ၊ လူ့ဘောင် အဖွဲ့အစည်းများသည်လည်း စည်းစည်းလုံးလုံး ဟန်ချက်ညီညီဖြင့် ရွေးကောက်ပွဲသည် စစ်မှန်သော ပြည်သူ့ဆန္ဒ ဖော်ထုတ်နိုင်ရေး၊ ပြည်သူများ ရွေးကောက်ပွဲသတင်းများ စဉ်ဆက်မပြတ် သိရှိရေး၊ ပြည်သူများ ရွေးကောက်ပွဲသို့ သွားရောက်မဲပေးရေး အစရှိသည်တို့ကို အတိုက်အခံများနှင့်အတူ မတူညီသော နည်းလမ်းအမျိုးမျိုးဖြင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဆွဲဆောင်အားပေးကြသည်။ နောက်ဆုံးအချက်အနေဖြင့် ထိုကဲ့သို့ စွမ်းဆောင်ရာတွင် နိုင်ငံတကာမှ အကူအညီများ၊ အိမ်နီးချင်းနိုင်ငံများမှ အောင်မြင်မှု ဘုံပုံစံများကို ပြည်တွင်းရှိ လတ်တလော ဖြစ်နေသော အကြောင်းအရာများနှင့် ဆက်စပ်၍ လှုံ့ဆော် ဆောင်ရွက်ကြရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ပရှိ အကူအညီ၊ အထူးသဖြင့် အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂတို့၏ အာရုံစိုက်မှုများ အပြည့်အ၀ ရရှိရေးသည် ဒီမိုကရေစီ အတိုက်အခံများ ပြည်တွင်း၌ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် မရှိမဖြစ် အရေးကြီးသော အချက်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲ မဲလိမ်ညာမှု ထိန်းချုပ်ရေးနှင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပြည်သူများအကြား လှုံ့ဆော်မှုများသည် ကွန်မြူနစ်လွန် ဒေသတွင်းရှိ နိုင်ငံများအကြား ကောက်ရိုးမီးသဖွယ် ပျံ့နှံ့သွားသည်မှာ Bunce နှင့် Wolchik  ၏ သက်သေသာဓက ရွေးကောက်ပွဲဖြစ်စဉ် သမိုင်းများကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်သည်။ ပြည်သူများ ရွေးကောက်ပွဲနှင့် နိုင်ငံရေးလှုပ်ရှားမှု လုပ်ငန်းများတွင် ပါဝင်ရန် လှုံ့ဆော်သည့် နည်းလမ်းများသည်လည်း များများစားစား ကွဲပြားခြင်းမရှိပေ။ အကြောင်းကား နောက်ဆုံးအချက်ဖြစ်သော နိုင်ငံတကာ၏ အထောက်အပံ့နှင့် တတိယအချက် ဖြစ်သော NGO များနှင့် ပြည်တွင်း လူ့ဘောင် အဖွဲ့အစည်းများအကြား ချိတ်ဆက်ပံ့ပိုး ကူညီမှုများကြောင့် ဖြစ်သည်။ တစ်နိုင်ငံမှ တစ်နိုင်ငံ အောင်မြင်မှု နည်းလမ်းများကို လက်ဆင့်ကမ်း၍ ရွေးကောက်ပွဲ အနိုင်ရရေးကို ကွန်မြူနစ်လွန်နိုင်ငံများရှိ ဒီမိုကရေစီ အင်အားစုများ ကြိုးပမ်းကြသည်။

ရွေးကောက်ပွဲကို အတိုက်အခံများ မအောင်မြင်ရခြင်းမှာ ကွန်မြူနစ်လွန် နိုင်ငံများတွင် ထိုအချက် လေးချက်အနက် တစ်ခု မဟုတ်တစ်ခုသည် အားနည်းခြင်း၊ သို့မဟုတ် ပျောက်ဆုံးနေခြင်းတို့ကြောင့် ဖြစ်သည်။ ထို့အတူပင် ပြည်တွင်း၊ ပြည်ပမှ NGO များ၊ လူ့ဘောင်အဖွဲ့အစည်းများ ချိတ်ဆက်မှု အားနည်းခြင်း၊ အကူအညီ အထောက်အပံ့ အပြည့်အ၀ မရရှိခြင်းတို့ကြောင့် ဖြစ်သည်။ ဤတွင် မေးခွန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုသည်မှာ အာဏာရှင် ခေါင်းဆောင်များ အနေဖြင့် အတိုက်အခံများမှ ကြိုးပမ်းသည့် အခြေအနေများကို မည်သို့မည့်ပုံ တုံ့ပြန်သနည်း ဟူသော မေးခွန်းတည်း။ Bunce နှင့် Wolchik တို့ အဆိုအရ အာဏာရှင်များသည် ထိုအခြေအနေများကို အမှန်တကယ်ပင် နှစ်မြို့ခြင်း မရှိပေ။ အမြဲဆိုသလိုပင် အကြမ်းဖက် နှိမ်နှင်းတတ်ကြသည်။ သို့သော် အောင်မြင်သော သက်သေ သာဓကများတွင် အဓိက အချက်ကြီး ငါးချက်ကြောင့်ပင် အာဏာရှင်များ၏ စနစ်လက်သစ်သည် ကျရှုံးခဲ့ရသည်။ ပြည်သူများအနေဖြင့် အာဏာရပါတီနှင့် ခေါင်းဆောင်များကို ယုံကြည်မှု ကင်းမဲ့လာခြင်း၊ တစ်ဆက်တည်း ဆိုသလိုပင် အတိုက်အခံပါတီကို အယုံအကြည် ရှိလာခြင်း၊ အကြမ်းဖက်မှုကြောင့် တွန့်ဆုတ်သွားမှု မရှိဘဲ အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်လာခြင်း၊ နိုင်ငံတကာ ခေါင်းဆောင်များမှ အာဏာရှင်များအပေါ်သို့ ဖိအားပေးမှုများ ဆက်တိုက် ဆိုသလို ရရှိခြင်း၊ နောက်ဆုံးတွင် အကြမ်းဖက် စစ်တပ်များ၊ ရဲများကိုယ်တိုင်ပင် ပြည်သူများနှင့် တစ်သားတည်း ဖြစ်သွားခြင်းကြောင့် ဖြစ်သည်။

Bunce နှင့် Wolchik သည် ထိုကဲ့သို့ အကွက်စေ့စေ့ အောင်မြင်သော ရွေးကောက်ပွဲ အခြေအနေများ၊ အာဏာရှင်စနစ် ကျရှုံးသည့် အခြေအနေများကို ဘုံပုံစံစနစ်ဖြင့် ချပြနိုင်ခဲ့သော်လည်း အဘယ့်ကြောင့် စစ်တပ်နှင့် ရဲများအနေဖြင့် ပြည်သူများနှင့် တစ်သားတည်း ဖြစ်သွားရခြင်းအကြောင်းကို အကျယ်တစ်ဝင့် ရေးသားထားခြင်း မရှိပေ။ သူတို့ကောက်ချက်များမှ ဖြစ်နိုင်သည်မှာ အာဏာရပါတီနှင့် စစ်တပ်၊ ရဲများအကြား အဝေမတည့်မှု၊ နိုင်ငံ၏ စီးပွားရေး ဆုတ်ယုတ်လာမှုကြောင့် သူတို့အကျိုးအမြတ်များ လျော့ကျလာခြင်း၊ ပြည်ပရှိ နိုင်ငံကြီးများ၏ ဖိအားပေးမှုနှင့် ပြည်သူများအကြား အကြမ်းဖက်မှုနှင့် ထိုအထဲတွင် ပါဝင် ပတ်သက်သူများကို ရွံရှာ မုန်းတီးလာခြင်းကြောင့် စစ်တပ်နှင့် ရဲများသည် ပြည်သူများဘက်မှ ရပ်တည်ခြင်း ဖြစ်ဟန်တူသည်ဟု ယူဆနိုင်သည်။ မည်သို့ပင်ဆိုစေ စစ်တပ်နှင့်ရဲများ၏ ရပ်တည်မှုသည် ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မရှိမဖြစ် အရေးပါသည်ဟု Bunce နှင့် Wolchik က အခိုင်အမာ ပြောကြားသည်။

ထို့နောက် ရွေးကောက်ပွဲအပြီး နိုင်ငံတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုကို ဆန်းစစ်ရာတွင် ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် သူတို့၏ ဖိအားပေးမှုများနှင့် ထောက်ခံမှုများ၊ အတိုက်အခံအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရ၍ အာဏာရခေါင်းဆောင် ဖြစ်လာသလား ဟူသော အခြေအနေနှင့် အများကြီး သက်ဆိုင်သည်ဟု Bunce နှင့် Wolchik က ပြောကြားသည်။ အကျဉ်းချုံးဆိုရလျှင် အတိုက်အခံ အနိုင်ရပါက ဒီမိုကရေစီ တိုးတက်မှုရှိပြီး အတိုက်အခံ ရှုံးနိမ့်ပါက အာဏာရပါတီသည် ပိုမို အာဏာရှင် ဆန်လာသည်ဟု ဆိုသည်။

ဤတွင် သတိပြုသင့်သည့် အချက်မှာ ဒီမိုကရေစီ တိုးတက်မှုသည် နိုင်ငံတွင်း စီးပွားရေးအပေါ် မည်သို့မည်ပုံ သက်ရောက်မည်နည်း ဟူသည့်အချက် ဖြစ်သည်။ ဒီမိုကရေစီ တိုးတက်ခြင်းကြောင့် စီးပွားရေးပါ တစ်ထစ်ချ တိုးတက်မည်ဟု မဆိုနိုင်ပေ။ နိုင်ငံ ကိုးနိုင်ငံအတွင်း ရွေးကောက်ပွဲအလွန် စီးပွားရေး အခြေအနေမှာ မျိုးစုံဖြစ်သည်။ အလွန်ဆုံးပြောနိုင်သည်ကား လူနေမှု အဆင့်အတန်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အခြေအနေ အများအပြား ထားရှိနိုင်ခြင်းဆိုသော တိုးတက်မှုမျိုးကိုသာ ထောက်ပြနိုင်သည်။ ဤသည်မှာ ဒီမိုကရေစီ၏ ပကတိ သဘောသဘာ၀ ဖြစ်သည်။ နိုင်ငံရေး ယှဉ်ပြိုင်တိုးတက်မှု အားကောင်းလာကာ နိုင်ငံတကာမှ အရေးတယူ လက်ခံ ဆက်ဆံမှုကြောင့် စီးပွားရေး၊ လူမှုရေးအခြေအနေ မြင့်မားလာရခြင်းဖြစ်ပြီး ထိုမြင့်မားမှုများသည် နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီစနစ်သို့ ရောက်ခြင်း၊ မရောက်ခြင်းကို တပ်အပ် ပြောမပြနိုင်ပေ။

သို့သော် ရွေးကောက်ပွဲတစ်ခုကို အတိုက်အခံများ အနိုင်ရရှိသွားသဖြင့် အာဏာရှင်စနစ် ကျဆုံးမည် ဟူသော ခံယူချက်များကိုလည်း ဤစာအုပ်က အငြင်းပွားရန် အားနည်းသည်။ စာအုပ်ထဲတွင် လျစ်လျူရှုထားသော အချက်တစ်ချက်မှာ ဒီမိုကရေစီ အတိုက်အခံများကို ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် အာဏာရလာသည့်အချိန်တွင် ဒီမိုကရေစီနည်းကျကျ မည်သည့် အတိုက်အခံကိုမှ မကြောက် အုပ်ချုပ်လိမ့်မည် ဟူသော မျှော်လင့်ချက်ကြောင့် ဖြစ်နိုင်သည်။ Bunce နှင့် Wolchik သည် အာဏာရှင်စနစ် ပြန်လည်လာနိုင်သည်ကို  Yushchenkho ခေတ်အပြီး Yanukovych အာဏာရ အနိုင်ရရှိသွားပုံဖြင့် ထောက်ပြထားသော်လည်း Yushchenko အာဏာရှိချိန်တွင် အမှန်တကယ်ပင် ဒီမိုကရေစီနည်းကျသော အုပ်ချုပ်မှုမျိုးကို ပုံဖော်သွားနိုင်သလား ဟူသော မေးခွန်းကို မဆန်းစစ်ခဲ့ပေ။ Yushchenko အုပ်ချုပ်မှု အားနည်းသည်ကိုသာ ထောက်ပြသွားလေသည်။ သို့သော် ယူကရိန်းသမိုင်း၊  orange revolution အလွန်ကို ပြန်ကြည့်လိုက်လျှင် Yushchenko အုပ်ချုပ်မှု ရော့ရဲခြင်းအကြောင်းမှာ တိုင်းပြည်အုပ်ချုပ်ရာတွင် ခေါင်းဆောင် ပြောင်းသွားသော်လည်း အောက်အဆင့်ဆင့်ရှိ အရာရှိများပြောင်းခြင်း မဟုတ်ပေ။ အထူးသဖြင့် နိုင်ငံရေး အလေ့အကျင့် ပြောင်းလဲသွားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။

ထို့အပြင် အထူး သတိပြုရန်မှာ အာဏာရှင် ခေါင်းဆောင်များ တဖန် ရွေးကောက်ပွဲ အနိုင်ရနိုင်သော အလားအလာ ဖြစ်သည်။ ဤအချက်ကို Bunce နှင့် Wolchik တို့ အသိအမှတ်ပြုသော်လည်း အကြောင်းပြချက် မည်မည်ရရ မပေးထားပေ။ အချက်နှစ်ချက် ဖြစ်နိုင်သည်။ ပထမအချက်မှာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပြည်သူများကို ဝိုင်းဝန်းလှုံ့ဆော်စဉ် ပြည်သူများသည် အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်များကို အယုံအကြည်ရှိပြီး ပြည်သူများသည် ဒီမိုကရေစီ လိုလားသူများဟု တသမတ်ယူဆချက်ကြောင့် ဖြစ်နိုင်သည်။ ဒုတိယတစ်ချက်မှာ ဒီမိုကရေစီ အတိုက်အခံများ၏ အောင်မြင်မှု နည်းလမ်းများသည် သူတို့ အာဏာကျဆုံးရေးအတွက်လည်း ထောင်ချောက် နည်းလမ်းတစ်ခု ဖြစ်နိုင်ကြောင်းကို လျစ်လျူရှုမှုကြောင့် ဖြစ်နိုင်သည်။ အကြောင်းကား စာအုပ်တစ်အုပ်လုံးတွင် ကွန်မြူနစ်လွန် နိုင်ငံများတွင် ဒီမိုကရေစီ တိုးတက်ရေး အထောက်အကူများ ဖြစ်သည့် အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂမှ အကူအညီများကိုသာ အလေးပေး ရေးသားထားပြီး ရုရှားဘက်မှ ဒီမိုကရေစီ ဆုတ်ယုတ်ရေး အထောက်အပံ့ကို နောက်ဆုံး ရွေးကောက်ပွဲ မအောင်မြင်သော သက်သေသာဓကမှပင် အရိပ်အမြွက် ပြောကြားထားသောကြောင့် ဖြစ်သည်။ ဆိုလိုသည်ကား ရုရှားသည် Boris Yeltsin အလွန် Vladimir Putin လက်ထက်အစတွင် ပြည်ပနိုင်ငံရေးကို အားမစိုက်နိုင်ပေ။ သို့သော်လည်း သူတို့ တတ်နိုင်သလို ကွန်မြူနစ်လွန် နိုင်ငံများတွင် ဒီမိုကရေစီ အဆမတန် ပျံ့နှံှ့ခြင်းကို ထိန်းထားနိုင်ခဲ့သည်။ အကယ်၍သာ ရုရှားအနေနှင့် အမေရိကန်နည်းတူ အပြည့်အ၀ အထောက်အပံ့ပေးနိုင်လျှင် ကွန်မြူနစ်လွန် နိုင်ငံများသည် ယနေ့ ယူကရိန်းသဖွယ် အရှေ့၊ အနောက် နှစ်ခြမ်းကွဲကာ စီးပွားရေး ကျရှုံးနေမည် ဖြစ်သည်။ အကယ်၍ ထိုအကြောင်းကြောင်းများကို ထည့်သွင်းပါက စာအုပ်ခေါင်းစဉ်သည် Defeating Incumbent Leaders in Post-communist Countries ဟု ပြောင်းကာ ယနေ့ခေတ် ကွန်မြူနစ်လွန် နိုင်ငံများ၏ နိုင်ငံရေး အခြေအနေကိုပါ ထည့်သွင်း သုံးသပ်နိုင်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ Valerie Bunce နှင့် Sharon L. Wolchik  တို့၏ Defeating Authoritarian Leaders in Post Communist Countries စာအုပ်သည် အာဏာရှင် ခေါင်းဆောင်များ ရွေးကောက်ပွဲ ကျင်းပပါက အမြဲ ရှုံးမည်ဖြစ်ပြီး ဒီမိုကရေစီ အတိုက်အခံများ ရွေးကောက်ပွဲဝင်ပါက အမြဲနိုင်မည်ဖြစ်သော သီအိုရီကို လက်တွေ့ကျကျ နိုင်ငံ ကိုးနိုင်ငံ အခြေအနေ အသေးစိတ်၊ နိုင်းယှဉ်လေ့လာခြင်းအားဖြင့် သိပ္ပံဆန်ဆန် တွက်ချက် ပြထားခြင်းသည် ဤသည်မှာ စာအုပ်၏ နိုင်ငံရေးသိပ္ပံ နယ်ပယ်အပေါ် ဖြည့်ဆည်းပံ့ပိုးသော အရေးကြီးသည့် အချက်ဖြစ်သည်။ ထို့အပြင် ဒေသတွင်း နိုင်ငံတကာ အကူအညီဖြင့် လှုံ့ဆော်မှုများ ကောက်ရိုးမီးသဖွယ် ပျံ့နှံ့သွားပုံနှင့် ထို နိုင်ငံတကာ အကူအညီများကို ပြည်တွင်း အခြေအနေများဖြင့် ပြုပြင်မွမ်းမံ၍ ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်သွားနိုင်ပုံတို့သည် အခြားဒေသတွင်း သဏ္ဍာန်တူနိုင်ငံများ၏ ဘုံပုံစံ လေ့လာရာတွင် များစွာ အထောက်အကူ ပြုနိုင်လေသည်။ အချုပ်ဆိုရသော် ဤစာအုပ်သည် ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ကွန်မြူနစ်လွန် နိုင်ငံရေး၊ ပြည်တွင်း၊ ပြည်ပ အခြေအနေကို အကောင်းဆုံး သုံးသပ်တင်ပြထားသော စာအုပ်ကောင်း တစ်အုပ် ဖြစ်လေသည်။

Defeating Authoritarian Leaders in Postcommunist Countries

By Hnin Wint Naing

This is the review for comparative study of elections in postcommunist countries from 1998-2005 by Valerie Bunce and Sharon L. Wolchik. The book draws on eleven elections in nine postcommunist countries and seeks to answer how elections become surprise democratic breakthroughs in the region. It emphasizes primarily on the process of winning elections for opposition with the support of the outside actors and how such practice can be replicated across countries regionally. The arguments lay out four main reasons for these surprise electoral successes: united opposition, the strategic support of outside actors, united and interconnected NGOs and civil society organizations and trust of citizens upon opposition as keys in winning cases. This book translates the electoral theory into case studies, reflecting the international democratic promotion diffused and carefully orchestrated by great powers, such as the United States and European Union, and the political situation of postcommunist countries at that time.

About the author

Hnin Wint Naing

အောက်စ်ဖို့ဒ် တက္ကသိုလ်နှင့် ကွင်းစ်ကောလိပ်တို့တွင် နိုင်ငံရေးသိပ္ပံ၊ သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များဖြင့် ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။

Add comment

Institute for Strategy and Policy – Myanmar