Institute for Strategy and Policy – Myanmar

မြန်မာ ယခု ဘယ်ဆီသို့

အာရှလေ့လာရေး နော်ဒစ်အင်စတီကျူ့ စာအုပ်တိုက်၊
Burma/Myanmar: Where Now?
Mikael Gravers and Flemming Ytzen (eds)
Nordic Institute of Asia Studies Press, 2014.

လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်လောက်က ဆိုရင်တော့ လေ့လာသူ အားလုံးရဲ့အမြင်မှာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာစရာ မရှိဘူးလို့ ယူဆခဲ့ကြတာပါ။ ၂၀၁၁ ခုနှစ်မှာတော့ အားလုံး အံအားသင့်စရာ ကောင်းအောင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။  Mikael Gravers  နဲ့ Flemming Ytzen တို့ တည်းဖြတ်ပြီး ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Burma/Myanmar: Where Now?  ဆိုတဲ့ စာအုပ်ဟာ ရုတ်ချည်း အလျင်အမြန် ဖြစ်သွားခဲ့တဲ့ မြန်မာ့အသွင်ကူးပြောင်းရေးကို စာဖတ်သူတွေ နားလည်အောင်ရှင်းပြဖို့ အားထုတ်ထားတဲ့ စာအုပ် တစ်အုပ်ပါ။

စာအုပ် အယ်ဒီတာတွေကတော့ သူတို့စာအုပ်ကို ဖတ်ရှုသင့်ကြောင်း အကြောင်းကောင်း ခြောက်ချက်ကို အခုလို ပြောပါတယ်။ ဒီစာအုပ်ဖတ်ရင်

■ (၁)   တိုင်းပြည်နဲ့ ပတ်သက်လို့ အခြေခံအချက်တွေ သိရမယ်၊

■ (၂)   ဒီတိုင်းပြည်ရဲ့ အဓိက ဦးဆောင်သူတစ်ချို့နဲ့ သူတို့ရဲ့ ရည်ရွယ်ရင်းတွေအကြောင်း လေ့လာနိုင်မယ်၊

■ (၃)   မြန်မာ့သမိုင်းနဲ့ လူမျိုးရေး၊ ဘာသာရေး မတူကွဲပြားမှု နားလည်မယ်၊

■ (၄)   လက်ရှိဖြစ်နေတဲ့ အသွင်ကူးပြောင်းရေးနဲ့ အခြေအနေရဲ့ ရှုပ်ထွေးမှုတွေကို သဘောပေါက်မယ်၊

■ (၅)   အကောင်းမြင် မျှော်လင့်ချက်တွေနဲ့ မြေပြင်ပေါ်က ခလုတ်ကန်သင်းတွေအကြား ခြားနားချက်ကို  သိသွားမယ်၊

■ (၆)   မြန်မာနိုင်ငံအကြောင်း ရှေ့ဆက်လေ့လာချင်သပဆိုရင် ဘယ်မှာ ဘယ်လို လေ့လာရမယ်ဆိုတာ မိတ်ဆက်ပေးမယ်လို့ဆိုပါတယ်။

ဒီစာအုပ်ကို ချည်နှောင်ထားတဲ့ ရှုမြင်ချက် အာဘော်ဟာ ဘာလဲဆိုတာကိုတော့ အယ်ဒီတာတွေက မပြောပါဘူး။ ဒါပေမဲ့ စာအုပ်ပါ အခန်းအတော်များများမှာတော့ မြန်မာ့နိုင်ငံရေးနဲ့ လက်ရှိ အသွင်ကူးပြောင်းရေးတွေကို ဆုံးဖြတ်တဲ့ အဓိကအကြောင်းအချက် တစ်ခုအဖြစ် “အကြောက်တရား” ရဲ့ အခန်းကဏ္ဍကို ဇောင်းပေးထားတာ တွေ့ရပါတယ်။ စစ်အစိုးရက အသွင်ကူးပြောင်းရေးလုပ်ဖို့ ဘာကြောင့် ဆုံးဖြတ်ရသလဲဆိုတဲ့ အကြောင်းရင်းကို ဆန်းစစ်ရာမှာ အယ်ဒီတာတွေနဲ့ ဆောင်းပါးရှင်တစ်ချို့က ဒီမိုကရေစီ အင်အားစုတွေဘက်က လက်စားပြန်ချေမှာကို ကြောက်ရွံ့စိတ် (စာ- ၃၃-၃၇၊ ၁၅၀) နဲ့ တိုင်းပြည်တွင်း တရုတ်သြဇာ လွှမ်းမိုးလာတာကို စိုးရိမ်စိတ် (စာ- ၁၀၀-၃) တွေကို ထောက်ပြကြပါတယ်။ စစ်ခေါင်းဆောင်တွေ အနေနဲ့ အသွင်ကူးပြောင်းရေးကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်မှာကို စိုးရိမ်ကြောက်ရွံ့နေတာကို ထောက်ချင့်ရင် “စစ်တပ်အနေနဲ့ အခြေခံဥပဒေက အပ်နှင်းထားတဲ့ အခွင့်ထူးတွေကို စွန့်လွှတ်ဖို့ အဆင်သင့် မဖြစ်သေးဘူး” (စာ- ၄၁၈) ဆိုတာ ထင်ရှားတယ်လို့ စာအုပ် အယ်ဒီတာတွေက သုံးသပ်ပါတယ်။ အခြေခံဥပဒေမှာပါတဲ့ လွှတ်တော်တွေမှာ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ခန့်အပ်ခွင့်၊ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန သုံးခုကို တပ်မတော်က ထိန်းချုပ်ခွင့်နဲ့ အခြေခံဥပဒေအရ အာဏာလွှဲပြောင်း ရယူခွင့်တွေဟာ စစ်တပ်အနေနဲ့ အသွင်ကူးပြောင်းရေးရဲ့ အရှိန်အနှေး၊ အမြန်ကို ဆုံးဖြတ်နိုင်ဖို့ ရည်ရွယ် ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ နိုင်ငံတော်ပြိုကွဲမှာ စိုးရိမ်ကြောက်ရွံ့စိတ်၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ ဆိုင်ရာယဉ်ကျေးမှုတွေ ပျက်သုဉ်းမှာ စိုးရိမ်ကြောက်ရွံ့စိတ်တွေဟာ အတောမသတ်နိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့ နိုင်ငံတော်ရဲ့ ဖိနှိပ်မှုတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း တစ်ရပ်ပဲဖြစ်တယ်လို့ ဒီစာအုပ်က ထောက်ပြပါတယ် (စာ- ၁၅၀)။ ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့  Ardeth Maung Thawnghmung  ကလည်း  “မြန်မာဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ၊ မူဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ အစွန်းရောက် အစ္စလာမ်လှုပ်ရှားမှုကို ကြောက်ရွံ့မှုတွေမှာ ဒေသတွင်း အခြားနိုင်ငံတွေလိုပဲ စိုးရိမ်ပူပန်နေတာ တွေ့ရတယ်” (စာ- ၃၃၇) လို့ သုံးသပ်ပါတယ်။ အငြင်းပွားစရာ အများဆုံး တစ်ခုဖြစ်နေတဲ့ ရိုဟင်ဂျာ(ဘင်္ဂါလီ) မူဆလင်တွေရဲ့ (နိုင်ငံရေး၊ လူမျိုးရေး) အဆင့်အတန်း သတ်မှတ်ချက်ကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ဒေသကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အလုံးအရင်းနဲ့ ဖြစ်နေတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မယ်လို့ ရေးပါတယ် (စာ- ၃၂၉၊ ၃၃၇)။ ဆောင်းပါးရှင် Marie Ditlevsen ကတော့ လက်ရှိအစိုးရ (ဦးသိန်းစိန်အစိုးရ) နဲ့ အမေရိကန်ပြည်ထောင်စုလို နိုင်ငံခြားပလေယာ တချို့ကလည်း တိုင်းပြည်ရဲ့ စီးပွားရေးကို စစ်တပ်နဲ့ သူ့ရဲ့ ခရိုနီတစ်ချို့ကပဲ အဆုံးမတော့ လက်ဝါးကြီးအုပ်သွားမယ့်အရေး စိတ်ပူကြောင်း ထုတ်ဖော်ပြောဆိုတယ်လို့ ဆိုပါတယ် (စာ- ၁၂၆၊ ၃၆၃)။

စာအုပ်ကို အပိုင်းလေးပိုင်း ခွဲထားပါတယ်။ (၁) နိုင်ငံရေး အသွင်ကူးပြောင်းရေး၊ (၂) လူမျိုးရေးနဲ့ ဘာသာရေးစတဲ့ ဝိသေသအခြေပြု ပဋိပက္ခများနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ (၃) စီးပွားရေးနဲ့ (၄) အနာဂတ် အပြောင်းအလဲအတွက် အလားအလာတို့ ဖြစ်ပါတယ်။ သတင်းစာဆရာတွေ၊ နိုင်ငံတကာ အကြံပေးတွေ၊ လှူအခွင့်အရေး လှုပ်ရှားသူတွေနဲ့ ပညာရှင်တွေ စတဲ့ ဆောင်းပါးရှင် ၂၁ ဦးက ဆောင်းပါးပေါင်း နှစ်ဒါဇင်ကျော်လောက်ကို ရေးသားထားကြတာပါ။ ခပ်တိုတို မိတ်ဆက်ဆောင်းပါး ပြီးတာနဲ့ ဓာတ်ပုံဆောင်းပါးကဏ္ဍနဲ့ ဖွင့်ပါတယ်။ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုဓလေ့၊ ဘာသာရေး၊ စစ်ပွဲရဲ့ ကြေကွဲဖွယ်၊ ဆင်းရဲမွဲတေမှု၊ ရောဂ္တရ၊ လူတွေ ပရိယေသနအတွက် နေ့စဉ် ရုန်းကန်နေရပုံနဲ့ လက်ရှိ ငြိမ်းချမ်းဆောင်ရွက်ချက် စတာတွေကို အံသြစရာ လက်ရာမြောက်တဲ့ ဓာတ်ပုံတွေနဲ့ တင်ဆက်ထားတာ တွေ့ရပါတယ်။

စာအုပ်ပါ ဆောင်းပါးတချို့ဟာ အရေးပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အကျိုးရှိတဲ့ ခြုံငုံတင်ပြချက်တွေ ပေးပါတယ်။ ဥပမာ- နိုင်ငံအာဏာ ဖွဲ့စည်းတည်ဆောက်ထားပုံကို ဆန်းစစ်တဲ့ ဆောင်းပါး (စာ- ၇၂-၈၅) နဲ့ မြန်မာ့စီးပွားရေး အခြေခံများနဲ့ စိန်ခေါ်မှုများဆောင်းပါး (စာ- ၃၄၁-၆၁) တွေဟာ အယ်ဒီတာတွေ ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံနဲ့ သူ့ရဲ့ ရှုပ်ထွေးလှတဲ့ ပကတိအခြေအနေတွေကို နားလည်စေဖို့ အထောက်အကူ ပြုပါတယ်။ အယ်ဒီတာတစ်ဦး ဖြစ်တဲ့ Mikael Gravers ရဲ့ “တိုင်းရင်းသား ကွဲပြားမှုများနဲ့ များမြောင်သော ပဋိပက္ခများ”ဆိုတဲ့ ဆောင်းပါးမှာဆိုရင် အစိုးရအဆက်ဆက် ပြောနေတဲ့ တိုင်းရင်းသားအဖြစ် အသိမှတ်ပြုထားတဲ့ လူမျိုး ၁၃၅ မျိုး အယူအဆကို ဆန်းစစ်ပြထားပါတယ်။ လူမျိုးစုတွေကို တူရာစု အမျိုးအစားခွဲ သတ်မှတ်ခြင်းဆိုတာ လူမှု-နိုင်ငံရေးအရ တည်ဆောက်ထားတာ၊ ဖန်တီးထားတာပဲ ဖြစ်တယ်၊ တခါတလေဆိုရင် လူမျိုးစု အမည်တစ်ခုအောက်မှာ တမျိုးထဲမဟုတ် မျိုးနွယ်စုအများကြီး စုပေါင်းပါဝင်နေတာတောင် တွေ့နိုင်ပါတယ်။ ဥပမာ- “ချင်း” ဆိုတဲ့ နာမ အခေါ်အဝေါ်အောက်မှာ မျိုးနွယ်စုပေါင်း ၆၀ လောက် ပါဝင်နေတာပါ။ မျိုးနွယ်စုတစ်ချို့ကဆိုရင် “ချင်း”ဆိုတဲ့ အမျိုးအစားခွဲ သတ်မှတ်ချက်ဟာ ဗမာအခေါ်အဝေါ်က ဆင်းသက်တာမို့ လက်မခံဘဲ “ဇို”ဆိုတဲ့ နာမ သတ်မှတ်ချက်ကို ပိုမိုနှစ်သက်ကြတယ်လို့ Gravers က ရေးပါတယ် (စာ- ၁၄၉)။  ကျန်တဲ့ လူမျိုးစုတွေ (ဥပမာ- ရိုဟင်ဂျာ (ဘင်္ဂါလီ) လိုလူမျိုး)ရဲ့ သမိုင်းကြောင်းအရ တည်ရှိနေမှုက မြန်မာအစိုးရ အဆက်ဆက်ရဲ့ လူမျိုးဝိသေသ သတ်မှတ်ပုံစံနှုန်းရဲ့ တိကျမှန်ကန်မှုကို အခက်တွေ့စေပါတယ်လို့ ဆိုပါတယ်။

Ashley South ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် သုံးသပ်ချက်ကလည်း အရေးပါတဲ့ ဆောင်းပါးတပုဒ် ဖြစ်ပါတယ်။ မဟာဗျူဟာ ဦးတည်ချက် ကင်းမဲ့နေတာနဲ့ နိုင်ငံတကာ ငွေကြေးပံ့ပိုးတဲ့ အဖွဲ့တွေရဲ့ လမ်းကြောင်းထွင်တဲ့ အာဂျင်ဒါတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အစိုးရ (ဦးသိန်းစိန်အစိုးရ) အတွက်သာ အကျိုးများသွားစေလိမ့်မယ်လို့ သုံးသပ်ပါတယ် (စာ- ၂၅၀-၅၅)။ ဝါရင့်သတင်းစာဆရာ  Bertil Lintner ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ဆောင်းပါး (စာ၊ ၉၅-၁၀၆) မှာတော့ မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရေးနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးဆိုတဲ့ တပ်မတော်ရဲ့ လျှို့ဝှက် “မဟာစီမံကိန်း”ရဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်လို့ ရေးသားပါတယ်။

ဒါပေမဲ့ ခုလို အမယ်စုံ စုထုတ်တဲ့ စာအုပ်တွေရဲ့ သဘော သဘာဝအတိုင်း အဓိက အားနည်းချက်တစ်ချို့ကိုတော့ တွေ့ရပါတယ်။ ပထမဆုံးနဲ့ သတိပြုစရာ အဖြစ်ဆုံးကတော့ စာအုပ်မှာ ထည့်သွင်းမယ့် အကြောင်းအရာ ရွေးချယ်မှုမှာ မျှတပြီး မပါမဖြစ် ပါသင့်တာမျိုး ကျန်ခဲ့တာပါ။ ဥပမာ- တပ်မတော်နဲ့ ပတ်သက်တဲ့ သီးသန့်အခန်းတစ်ခု၊ ဆောင်းပါး တစ်ပုဒ်တလေမျှ မပါဝင်တာမျိုး ဖြစ်ပါတယ်။ အယ်ဒီတာတွေက တပ်မတော်ဟာ တိုင်းပြည်မှာ အာဏာအကြီးဆုံး အင်စတီကျူးရှင်း ဖြစ်တယ်လို့ အသိအမှတ်ပြုကြပါတယ် (စာ- ၃၅)၊ တပ်မတော်ရဲ့  လိုလားချက်ကို နားလည်တာဟာ “မြန်မာ့အနာဂတ်မှာ အချေအတင်ဖြစ်စရာ ကိစ္စရပ်တိုင်းနဲ့ ပတ်သက်နေတဲ့ တခုတည်းသော အရေးအရာပဲ ဖြစ်တယ်” (စာ- ၄၁၇) လို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်မတော်အကြောင်း ဆန်းစစ်လေ့လာတဲ့ ဆောင်းပါး တစ်ပုဒ်မျှ မပါတာဟာ ကျန်အကြောင်းအရာ (ဥပမာ- လူမျိုးရေး၊ ဘာသာရေး ဝိသသေ အကြောင်းအရာ) မျိုးတွေ အများအပြား ထည့်သွင်းဖော်ပြထားတာနဲ့ ယှဉ်ရင် အကြောင်းအရာရွေးချယ်မှု ဟန်ချက်မမျှတာ တွေ့နိုင်ပါတယ်။

နောက်ထပ် အားနည်းချက် တစ်ခုကတော့ ဆောင်းပါးတွေမှာ သီအိုရီ အယူအဆပိုင်း ဆွေးနွေးနှီးနှောမှု ချို့ငဲ့တာပါပဲ။ အယ်ဒီတာတွေ အပါအဝင် ဆောင်းပါးရှင်တွေဟာ နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံမှာ အသုံးပြုတဲ့ အဓိက ယူဆချက် (key concepts) ကို အလျဉ်းသင့်သလို သုံးစွဲနေပေမယ့် ဒီယူဆချက်တွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ရေးသားထားချက်တွေ မရှိသေးသလို၊ ကိုယ်ပိုင် စတင်သုံးတဲ့ ယူဆချက်များလို ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။ ဥပမာ- အယ်ဒီတာတစ်ဦးက မြန်မာ့အသွင်ကူးပြောင်းမှု မိုဒယ်ပုံစံကို ရေးသားတဲ့ ဆောင်းပါးမှာ ထိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားပုံစံက တဖက်၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ စင်ကာပူလို ပုံစံက တစ်ဖက် အဲဒီကြားထဲက ပုံစံမျိုးဖြစ်နေတယ်လို့ သုံးသပ်ပြီး “ရွေးကောက်ပွဲ အခြေပြု အာဏာရှင်စနစ်” (electoral authoritarianism) အယူအဆကို သုံးပါတယ် (စာ- ၃၆)။ ဒီအယူအဆဟာ နိုင်ငံရေးသိပ္ပံပညာရှင် Andreas Schedler ရဲ့ ရေးသားချက်တွေမှာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဆောင်းပါးရှင်က အကိုးအကားကလေးတောင် မပေးခဲ့ပါဘူး။ မြန်မာ့အနာဂတ်ကို မှန်းဆတဲ့ ဆောင်းပါးမှာလည်း အယ်ဒီတာတွေက မြန်မာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပိုမိုတူလာလိမ့်မယ်။ ပိုကြွယ်ဝချမ်းသာလာသလောက် ပိုပြီး မညီမျှမှုတွေ တိုးလာလိမ့်မယ် (စာ- ၄၂၁) လို့ ရေးပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေရဲ့ ရေးသားချက်တွေ တိုက်ဆိုင် နှိုင်းယှဉ်နှီးနှောတာမျိုး လုပ်ဖို့တော့ ပျက်ကွက်ခဲ့တာ တွေ့ရပါတယ်။ ဥပမာ- ထိုင်းနိုင်ငံရဲ့ အခြားလက္ခဏာတွေဖြစ်တဲ့ “အာဏာသိမ်း ထောင်ချောက်” (ဝါ) “ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုကရေစီ” ဆိုတာမျိုးတွေကိုရော မြန်မာမှာ ကြုံရမှာလားဆိုတဲ့ အခြေခံမေးခွန်းမျိုးကိုတောင် မမေးခဲ့ကြပါဘူး။

စာအုပ်ရဲ့ တတိယ အားနည်းချက်ကတော့ အထောက်အထား ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံ မပေးဘဲ သိမ်းကြုံး မှတ်ချက်ပြုတာ၊ ကောက်ချက်ဆွဲတာတွေကို စာအုပ်တစ်အုပ်လုံးမှာ ဖောဖောသီသီ တွေ့ရတာပါပဲ။ Charles Petrie နဲ့ Ashley South တို့ ပူးတွဲရေးသားတဲ့ “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း” ဆောင်းပါးမှာဆိုရင် “မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ အဓိက အရေးပါတာကတော့ တိုင်းပြည်ရဲ့ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ပါဝင်တဲ့ ဇာတ်ကောင်အသီးသီးရဲ့ အခန်းကဏ္ဍပဲ ဖြစ်တယ်”လို့ ဆိုပါတယ် (စာ- ၂၂၃၊ ၈၇၊ ၉၃) ။ ဒါပေမဲ့ ဒီရေးသားချက်ကို ဘာအချက်အလက်နဲ့မှ ကျောထောက်နောက်ခံပြု တင်ပြထားတာ မဟုတ်လေတော့ ဒါဟာ ဖြစ်သင့်တယ်ဆိုတဲ့ အကြံပြုချက်၊ ဒါမှမဟုတ် ဆောင်းပါးရှင်တွေနဲ့ အယ်ဒီတာတွေ လက်ခံ ယုံကြည်တဲ့ စံချိန်စံညွှန်း ယူဆချက်လိုလို ဖြစ်သွားရပါတယ်။ ဒီလို ရေးသားချက်မျိုးတွေကို နေရာအနှံ့ တွေ့ရပါတယ်။ ဥပမာတစ်ခုအနေနဲ့ ထပ်ပေးရရင် ဆောင်းပါးရှင် တစ်ယောက်က ဦးသိန်းစိန်အစိုးရဟာ စီးပွားရေး ခရိုနီတွေနဲ့ ခွာနေဖို့ ကြိုးစားနိုင်တယ်လို့ ရေးပါတယ် (စာ- ၃၆၃၊ ၁၂၆)။ ဒါပေမဲ့ ဘာလက်တွေ့ အထောက်အထားနဲ့မှ ဒီလိုရေးသားချက်ကို မှန်ကန်ကြောင်း သက်သေပြထားတာ မတွေ့ရပြန်ပါဘူး။

ချုပ်ပြောရရင်တော့ ဒီစာအုပ်ဟာ ခေတ်သစ်မြန်မာ့သမိုင်း (အထူးသဖြင့် ၂၀၁၁ အသွင်ကူးပြောင်းရေး နောက်ပိုင်းကာလတွေ) မှာ ရင်ဆိုင်နေရတဲ့ အဓိက ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်စုံတဲ့ ခြုံငုံသုံးသပ်ချက်တွေ ပေးပါတယ်။ ဒါပေမဲ့ အကြောင်းမလှစွာဘဲ ပိုင်းခြားစိတ်ဖြာမှု အရည်အသွေးပိုင်းမှာတော့ ချို့ငဲ့ရှာပါတယ်။

■ စာရေးသူမှတ်ချက်     ။         ဒီစာအုပ် သုံးသပ်ချက်ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လထုတ် Contemporary Southeast Asia ဂျာနယ် Volume 37/2 ပါဝင်တဲ့ မင်းဇင်ရဲ့ဆောင်းပါးကို စာရေးသူကိုယ်တိုင် ပြန်ဆိုထားတာ ဖြစ်ပါတယ်။

■ အယ်ဒီတာမှတ်ချက်   ။         ယခုဆောင်းပါးတွင် စာရေးသူက ရိုဟင်ဂျာဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက ဘင်္ဂါလီဟု သုံးစွဲပါသည်။

Burma/Myanmar: Where Now?

Edited by Mikael Gravers and Flemming Ytzen. Thailand: Nordic Institute of Asia Studies Press, 2014. 447p.

By Min Zin

In this volume, the editors attempt to “guide” readers to understand a dramatic democratic transition in Myanmar since 2011. Though the editors do not posit any unifying theme for their volume, many chapters emphasize the role of fear (such as concern for China’s influence in the country, the military’s of the country’s disintegration and fear by ethnic minorities’ that their cultures are under threat) as one of the most influential factors in shaping modern Myanmar politics and the ongoing transition in particular. The volume is divided into four parts, which cover the political transition, identity conflicts and peace-building, the economy, and prospects for future change.

The most notable issue among weakness of the volume is a topical imbalance. There is no separate chapter on the military despite the editors’ acknowledgement that the military remains the most powerful institution in the country. Another major weakness is that the articles are theoretically uninformed. Contributors conveniently employ key concepts from political and social sciences as if there were no prior scholarly works. This volume serves its purposes when it comes to facts, but lacks analytical rigor.

About the author

Min Zin

Min Zin is a founding member and the executive director of the Institute for Strategy and Policy - Myanmar, which is an independent, non-partisan, and non-governmental think tank, which promotes democratic leadership and strengthen civic participation in Myanmar. He is a PhD candidate in Travers Department of Political Science at University of California, Berkeley. Min Zin is a comparative political scientist who studies civil-military relations, democratization, contentious politics, ethnic conflicts and civil war with a focus on Myanmar and Southeast Asian countries. Min Zin’s writings appear in Journal of Democracy, Journal of Current Southeast Asian Affairs, Social Research: An International Quarterly, Contemporary Southeast Asia, Georgetown Journal of International Affair and many edited books. He serves as country analyst of Myanmar for several research foundations including Freedom House, and he is also a fellow of Legatum Institute. Min Zin took part in Burma’s democracy movement in 1988 as a high school student activist, and went into hiding in 1989 to avoid arrest by the junta. His underground activist-cum-writer life lasted for nine years until he fled to the Thai-Myanmar border in August 1997. Min Zin writes for The Foreign Policy Magazine, The New York Times, and other media outlets.

Add comment

Institute for Strategy and Policy – Myanmar