Institute for Strategy and Policy – Myanmar

နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ

ဒေးဗစ်ဇေးဘလက်၊ ၂၀၀၆၊ နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ ၊ ပရင်စတန်။ အောက်စ်ဖို့ဒ်၊ ပရင်စတန်တက္ကသိုလ်ပုံနှိပ်တိုက်။

ကမ်မီလာဘူဇီ ၁

ဇေးဘလက်ရဲ့ ၂၀၀၆ ခုနှစ်ထုတ် စာတမ်းဟာ ၁၉ ရာစုအတွင်းမှာ ဂျာမနီနဲ့ အီတလီတို့ရဲ့ နိုင်ငံထူထောင်မှုတွေကို အပြိုင်လေ့လာမှု ပြုထားခြင်းဖြစ်ပြီး ဂျာမနီအနေနဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်လာချိန်မှာ အီတလီအနေနဲ့ ဘာကြောင့် ဖြစ်မလာရလဲဆိုတာကို စာတမ်းရှင်အနေနဲ့ လေ့လာထားချက် ဖြစ်ပါတယ်။

၁၉ ရာစုဟာ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်ကြီးတွေမှာ နိုင်ငံရေးမြေပုံတွေ အပြောင်းအလဲဖြစ်ခဲ့လို့ ကမ္ဘာ့သမိုင်းမှာ အရေးပါတဲ့ ဆုံမှတ်အဖြစ် မကြာခဏ ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ အဖွဲ့အစည်းမူဘောင်စုံလင်မှုတွေ အားကောင်းပြီး အမျိုးသားနိုင်ငံတွေ ပေါ်ထွက်လာတဲ့အချိန်လည်း ဖြစ်တယ်လို့ ဇေးဘလက်က ထောက်ပြပါတယ်။ ဒီနေရာမှာ မေးခွန်း နှစ်ခု ထွက်လာပါတယ်။ ဘာလို့ အမျိုးသားနိုင်ငံတွေ ပေါ်ထွက်လာတာလဲ။ ဒီလို ပေါ်ထွက်လာတဲ့ နိုင်ငံတွေထဲမှာ ဂျာမနီလိုမျိုး နိုင်ငံတွေက ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေ ဖြစ်လာပြီး တချို့ကတော့ အီတလီလိုမျိုး တစ်ပြည်ထောင်စနစ်သုံး နိုင်ငံတွေ ဖြစ်လာရတာပါလဲ။ နောက်ထပ်တစ်ခါ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားနိုင်ငံ တည်ဆောက်ရေးတွေနဲ့ ပတ်သက်လို့ ပိုမိုကျယ်ပြန့်တဲ့ မေးခွန်းတွေနဲ့ ထိတွေ့နေရတဲ့ ဒီနေ့ခေတ် နိုင်ငံရေးသိပ္ပံပညာရှင်တွေ၊ ပေါ်လစီ ရေးဆွဲသူတွေအတွက် ဒီဖြစ်စဉ်တွေကနေ ဘာတွေ သင်ခန်းစာ ယူနိုင်ဖို့ရှိလဲ ဆိုတာတွေကို လေ့လာထားပါတယ်။

ဇေးဘလက်ရဲ့ စာတမ်းမှာဆိုရင် ပရက်ရှားကနေ အမျိုးသား ညီညွှတ်မှုကို ဖြစ်စေခဲ့တဲ့ ဂျာမနီက ဖက်ဒရယ်နိုင်ငံ ဖြစ်လာပြီး ပီဒ်မွန့်-ဆာဒင်နီးယားကနေ ပေါ်ပေါက်လာတဲ့ အီတလီက တစ်ပြည်ထောင်နိုင်ငံ ဖြစ်လာရသလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ သီအိုရီသုံးခုကို ရှာဖွေတင်ပြထားပါတယ်။ ဒီသီအိုရီတွေကို စမ်းသပ်ရာမှာ ဇေးဘလက်အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တည်ထောင်ဆဲ ကာလမှာကိုပဲ အဖွဲ့အစည်း မူဘောင်တွေဟာ ပစ်ပယ်ထားခံရတာမျိုး မရှိဘဲ၊ ပေါ်လစီ ဆုံးဖြတ်ချက်တွေရဲ့ရလဒ်ကို ပုံဖော်ရာမှာ အဖွဲ့အစည်း မူဘောင်တွေဟာ ဆက်လက်ပြီးတော့ အရေးပါတဲ့ကဏ္ဍမှာ ရှိနေဆဲဖြစ်တယ်လို့ အခိုင်အမာ ဆိုပါတယ်။ ဒါကြောင့် ပရက်ရှားရဲ့ သမ္မတဖြစ်တဲ့ ဘွန်ဘစ်ရှ်စမက်ခ်တို့၊ ပီဒ်မွန့်-ဆာဒင်နီးယားရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ကောင့်ကာဗွား တို့လို အမျိုးသားခေါင်းဆောင်တွေဟာ အမျိုးသားစည်းလုံးညီညွှတ်မှု ပရောဂျက်တွေကို ဦးဆောင်ရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းမူဘောင် အခြေအနေတွေရဲ့ အပြင်ဘက်ကနေ နိုင်ငံထူထောင်ရေ းမဟာဗျူဟာတွေကို လွတ်လပ်စွာ ပုံသွင်းယူနိုင်ရေးမှာ လက်တွေ့မှာ အကန့်အသတ်တွေ ရှိခဲ့ပါတယ်။ အရေးပါတဲ့ သီးခြားအချက် တစ်ခုက နိုင်ငံတွေရဲ့ အဖွဲ့အစည်း မူဘောင်ဆိုင်ရာ တည်ဆောက်ပုံတွေနဲ့ စွမ်းဆောင်ရည်တွေဟာ အသစ်ပေါ်ပေါက်လာတဲ့ ဖက်ဒရယ် အုပ်စုဝင်တွေဆီကို စိမ့်ဝင်သွားတယ်လို့ ဇေးဘလက်က ဆိုပါတယ်။ တကယ်လို့ အဖွဲ့အစည်း မူဘောင်ပိုင်း အားနည်းတဲ့ အုပ်စုဝင်လေးတွေကို စုစည်းပြီး ဖက်ဒရယ်နိုင်ငံ တစ်ခုထဲ သွတ်သွင်းဖို့ ကြိုးစားမယ်ဆိုရင် နိုင်ငံတော် စုစည်းထူထောင်ရေးပရောဂျက်ရဲ့ အစိတ်အပိုင်းအဖြစ် ပေါင်းစည်းလိုက်နိုင်ဖို့ ကြိုးစားနေကြတဲ့ အဲဒီနိုင်ငံကိုယ်၌ရဲ့ ဒေသတွင်း အတားအဆီးတွေကြောင့် ဘောင်ကန့်သတ် ခံထားရတာမျိုး ဖြစ်နေမှန်း နိုင်ငံတော်ထူထောင်ဖို့ ကြိုးစားကြသူတွေက သူတို့ကိုယ်သူတို့ နားလည်လာခဲ့ကြပါတယ်။

၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်း ဥရောပဒေသမှာ မအောင်မြင်တဲ့ နိုင်ငံတော်ထူထောင်မှု ဖြစ်စဉ်တွေအတွက် နမူနာကောင်းတွေလို့ မကြာခဏ ရှုမြင်ခံရတဲ့ ဂျာမနီနဲ့ အီတလီနိုင်ငံတွေအကြား သမိုင်းဆိုင်ရာ နှိုင်းယှဉ်ချက်ကို ပြန်ကြည့်ရင် ဒီဖြစ်စဉ်အတွက် အင်မတန်ကောင်းတဲ့ နမူနာတွေ ဖြစ်တယ်ဆိုတာကို မြင်ရမှာပါ။ အမျိုးသားရေးဝါဒီ ခေါင်းဆောင်တွေကပဲ ဂျာမနီနဲ့ အီတလီတို့ကို ဖက်ဒရယ်နိုင်ငံတွေ ဖြစ်လာအောင် ဖန်တီးဖို့ ကြိုးစားခဲ့ကြပေမယ့် ဒီပေါ်လစီက ဂျာမနီမှာ အောင်မြင်ပြီး အီတလီမှာ အောင်မြင်မှု မရှိခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ဒီနိုင်ငံနှစ်ခုဟာ တူညီတဲ့ နိုင်ငံရေး သဘောတရားတွေ၊ ယဉ်ကျေးမှုနဲ့ အာဏာဖွဲ့စည်းပုံ အခြေအနေတွေအောက်မှာ နိုင်ငံတော် စုစည်းထူထောင်ရေးကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ ဇေးဘလက်က မှတ်ချက်ပြုပါတယ်။ ဒါဆိုရင် ဒီ လေ့လာမှု ကာလအတွင်းမှာ ဒီနှစ်နိုင်ငံရဲ့ ရလဒ်တွေဟာ ဘာလို့ ကွဲပြားနေရသလဲဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။ ဒါကိုအဖြေပေးဖို့ ဖြစ်တန်ရာ အဖြေသုံးမျိုး ရှိပါတယ်။ အီလိတွေအကြား သဘောတရားရေးရာ အငြင်းပွားမှုတွေ မတူညီကြတာကြောင့်လား ဆိုတာရယ်၊ ဒီနှစ်နိုင်ငံရဲ့ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ မတူညီကြလို့လား ဆိုတာရယ်၊ ဒီနှစ်နိုင်ငံမှာရှိနေတဲ့ ဗဟိုနဲ့အုပ်စုဝင် နယ်မြေတွေအကြား အာဏာခွဲဝေမှု ပုံစံတွေ မတူတာကြောင့်လား ဆိုတာရယ် အဖြေသုံးမျိုး ထွက်လာပါတယ်။

စနစ်တကျနဲ့ ဂရုတစိုက် ပြင်ဆင်ထားတဲ့ နှိုင်းယှဉ် လေ့လာချက်အရ ဇေးဘလက်အနေနဲ့ ပထမအဖြေနှစ်ခုကို ခပ်မြန်မြန်ပဲ ဖယ်ထုတ်လိုက်နိုင်ပါတယ်။ ၁၉ ရာစု အီတလီမှာ နိုင်ငံရေး အီလိတွေဟာ ဖက်ဒရယ်လစ်ဝါဒကို ထောက်ခံကြသူတွေ ဖြစ်ကြပေမယ့် တကယ်တမ်း ဖက်ဒရယ်ဝါဒကို နိုင်ငံရေးစနစ်အဖြစ် ကျင့်သုံးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် အီတလီနဲ့ဂျာမနီတို့ဟာ သမိုင်းကြောင်းအရ ခွဲခြားခံထားရတဲ့ လူမှုအဖွဲ့အစည်းတွေမှာရှိတဲ့ တူညီတဲ့ စရိုက်လက္ခဏာတွေကို မျှဝေရရှိထားကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်တစ်ရပ် စုစည်းထူထောင်ကြရာမှာတော့ ရလဒ်က နှစ်မျိုးကွဲသွားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် အီလိတွေအကြား သဘောတရားရေးရာ လက်ခံမှုတူညီချက်သည် အရေးပါတဲ့ အချက်ဆိုပေမယ့် သူ့ချည်းသက်သက် လုံလောက်မှု မရှိပါ ဘူး။ တစ်ဖက်မှာလည်း သမိုင်းဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ နောက်ခံတွေဟာ ဖက်ဒရယ်ဝါဒကို သက်ရောက်မှုရှိတယ် ဆိုတာကလည်း လက်ခံနိုင်ဖို့ မရှိပါဘူး။

ဒါကြောင့် ဖက်ဒရယ်ဝါဒ ပေါ်ပေါက်လာဖို့သည် ဖက်ဒရယ် စုစည်းမှုတစ်ခုကို တည်ဆောက်ရာမှာ မတူညီတဲ့ ဒေသတွေအချင်းချင်း အပြန်အလှန် အလျှော့အတင်း လုပ်ကြရာကနေ ထွက်လာတဲ့ ရလဒ်ဖြစ်တယ်ဆိုတဲ့ အာဏာဗဟိုပြု သီအိုရီတွေကိုပဲ စာဖတ်သူတွေက လက်ခံရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဒီသီအိုရီတွေဟာလည်း ဂျာမနီနဲ့ အီတလီတို့မှာ ပြောင်းပြန် ဖြစ်နေပါတယ်။ ဒီသီအိုရီတွေရဲ့ မျှော်လင့်ထားတဲ့ ရလဒ်ဟာဆိုရင် တကယ်လို့ ဗဟိုအားနည်းပြီး အားကောင်းတဲ့ ဒေသတွေ ရှိမယ်ဆိုရင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့များပြီး ဗဟိုက အားကောင်းရင်တော့ တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးဖို့ များတယ်လို့ ဇေးဘလက်က ထောက်ပြပါတယ်။ ဒါပေမဲ့ ဂျာမနီနဲ့ အီတလီတို့မှာက ရလဒ်သည် မျှော်လင့်ထားတာနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ဂျာမနီမှာဆိုရင် အမျိုးသားနိုင်ငံတော် ထူထောင်မှုကို အားကောင်းတဲ့ ပရက်ရှားထီးနန်းက ဦးဆောင်ခဲ့ပြီး ဒေသငယ်လေးတွေက အားနည်းပေမယ့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ အီတလီမှာတော့ ဒီလိုပေါင်းစည်းမှုကို အားနည်းတဲ့ ပီဒ်မွန့်-ဆာဒင်းနီးယားထီးနန်းက ဦးဆောင်ခဲ့ပေမယ့် တစ်ပြည်ထောင်စနစ်သုံးနိုင်ငံ ဖြစ်လာပါတယ်။

ဒီပဟေဠိကို ဘယ်လိုမျိုး ဖြေရှင်းနိုင်မှာပါလဲ။ ဒီနိုင်ငံမှာ ဖက်ဒရယ်ဝါဒ ပေါ်ပေါက်လာဖို့ အဆုံးအဖြစ်ပြုရာမှာ ဗဟိုရဲ့စစ်ရေးအာဏာသည် အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအစား ပရက်ရှားလိုမျိုး စစ်ရေးအားကောင်းတဲ့ ဗဟိုတွေဟာ ပီဒ်မွန့်လို စစ်ရေးအားနည်းတဲ့ ဗဟိုတွေထက် သူ့ရဲ့ ဒေသငယ်တွေကို လိုက်လျော၊ အလျှော့ပေးတာတွေ ပိုလုပ်နိုင်ခဲ့ပြီး ဂျာမနီက ဖက်ဒရယ်စနစ်ကို ဖြစ်လာစေခဲ့ပါတယ်လို့ ဇေးဘလက်က ဆိုပါတယ်။ ဇေးဘလက်ရဲ့ အမြင်အရ ညီညွတ်တဲ့ နိုင်ငံသစ်တွေကို ထူထောင်ပုံသွင်းရာမှာ စစ်ရေးအာဏာထက် ပိုပြီးအရေးပါတဲ့ အချက်က ဒေသတွင်းပြည်နယ်တွေ အနေနဲ့ သူတို့ ကိုယ်ပိုင်လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရာမှာ အဖွဲ့အစည်းမူဘောင်ဆိုင်ရာ စွမ်းဆောင်ရည် ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုပြီး ယေဘုယျကြတဲ့ အမြင်အရကြည့်ရင် ဖက်ဒရယ်နည်းအရ အလျှော့အတင်းတွေ လုပ်ကြရာမှာ အသာစီးရနိုင်ဖို့ဆိုရင် ဒေသတွင်း ပြည်နယ်တွေအနေနဲ့ ဗဟိုရဲ့ ဆွေးနွေးဘက်အဖြစ် ရပ်တည်ရာမှာ လူရိုသေ ရှင်ရိုသေဖြစ်တဲ့ ဆွေးနွေးဘက်အဖြစ် သူတို့ကိုယ်သူတို့ ရပ်တည်နိုင်ဖို့ လိုအပ်သလို သဘောတူညီချက် ရသွားပြီဆိုရင် ဆွေးနွေးချက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ထိရောက်မှုရှိတဲ့ အုပ်ချုပ်ပုံစနစ်တစ်ခု သူတို့မှာ ရှိထားတယ်ဆိုတာကို ပြနိုင်ဖို့လည်း လိုပါတယ်။

ဖက်ဒရယ်ဝါဒ ဘယ်လို ပေါ်ပေါက်လာတယ် ဆိုတာကို နားလည်နိုင်ဖို့ ကျွန်မတို့ဟာ လူမှုအဖွဲ့အစည်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားစုတွေဖြစ်တဲ့ ဗဟိုနဲ့ ဒေသတွင်း ပြည်နယ်တွေအကြား နှိုင်းရစစ်ရေး အင်အားလိုမျိုးတွေချည်းပဲ အာရုံစိုက်ရမှာ မဟုတ်ဘဲ ရေရှည်မှာ ပိုအရေးပါလာမယ့် ဒေသတွင်း ပြည်နယ် တစ်ခုချင်းစီတိုင်းမှာရှိနေတဲ့ ပြည်နယ်နဲ့ လူမှုအဖွဲ့အစည်းအကြား ဆက်ဆံရေးကို ပုံဖော်ပေးနေတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အင်အားတွေကိုလည်း ကြည့်ဖို့လိုပါမယ်။ ဒေသတွင်း ပြည်နယ်တွေထဲမှာ ဘယ်ပြည်နယ်မှာတော့ ဒေသခံတွေအနေနဲ့ သူတို့ကိုယ်ပိုင် နယ်မြေတွေကို အာဏာသက်ရောက်နိုင်ဖို့ ဆုံးဖြတ်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆိုတာတွေအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ၊ လွှတ်တော်၊ ဒါမှမဟုတ် အုပ်ချုပ်မှုစနစ်တွေ ရှိတယ်ဆိုတဲ့ အခြေခံအုပ်ချုပ်မှုတွေကို လုပ်နိုင်ဖို့ သူတို့ကိုယ်ပိုင် အခြေခံအဆောက်အအုံ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားနှင့်သလဲ ဆိုတာကို ကြည့်ဖို့လိုပါမယ်။

ဇေးဘလက်ရဲ့ စာတမ်းဟာ များပြားလှတဲ့ ဆက်စပ် လေ့လာမှုတစ်ခုဖြစ်သလို နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို ဖန်တီးမှုနဲ့ နိုင်ငံသားတွေရဲ့ ဘဝတွေကို ပုံသွင်းပေးမှုတွေမှာ နိုင်ငံရေး အဖွဲ့အစည်း မူဘောင်တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လေ့လာမှုမှာ စိတ်ဝင်စားဖို့ အင်မတန်ကောင်းတဲ့ သီအိုရီပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အာရုံစိုက်မှုဖြစ်တဲ့ ဖက်ဒရယ်ရလဒ်တွေကို ပုံဖော်ရာမှာ နိုင်ငံတော်နဲ့ လူမှုရေးဆိုင်ရာ ပါဝင်ပတ်သက်မှုတွေအကြား လှုပ်ရှားမှုဖြစ်စဉ်တွေနဲ့ ထူးထူးခြားခြား သဟဇာတဖြစ်မှုလည်း ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်အတွင်း ပါဝင်တဲ့ အုပ်စုငယ်ကလေးတွေမှာ အားကောင်းတဲ့ အဖွဲ့အစည်းမူဘောင်ဆိုင်ရာ စွမ်းဆောင်ရည်တွေ ရှိခဲ့မယ်ဆိုရင် ဗဟိုအတွက်ရော၊ သူတို့ကိုယ်ပိုင် လူမှုအသိုက်အဝန်းအတွက်ပါ အကျိုးစီးပွားတွေ ဖန်တီးပေးနိုင်မယ်ဆိုတဲ့ ရလဒ်နဲ့ ပတ်သက်ပြီး အရင့်အရင်က လုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ ဖက်ဒရယ်ဝါဒရဲ့ ဒီအချက်ကို အာရုံစိုက်ဖို့ အားနည်းခဲ့ကြတယ်လို့ ဇေးဘလက်က အခိုင်အမာပြောပါတယ်။ ဒီလိုမျိုး ဒေသတွင်း အုပ်စုကလေးတွေမှာ အဖွဲ့အစည်းမူဘောင်ဆိုင်ရာ စွမ်းဆောင်ရည်တွေ အားကောင်းခဲ့မယ်ဆိုရင် ဗဟိုနဲ့ ဒေသတွင်းအကြား ဆွေးနွေးညှိနှိုင်းမှုတွေဟာ ဖက်ဒရယ်စနစ် တည်ဆောက်မှုကို ဦးတည်သွားဖို့အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းရှိလာစေပါလိမ့်မယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘဲ စွမ်းဆောင်ရည် အားနည်းနေမယ်ဆိုရင် လုံးဝဆွေးနွေး ညှိနှိုင်းနေဖို့မလိုတဲ့ ခလုတ်ကန်သင်းတွေအဖြစ် မြင်ရနိုင်စရာရှိပြီး ဗဟိုအစိုးရက ကျူးကျော်တာမျိုးကို ပိုခံရနိုင်ကာ တစ်ပြည်ထောင်စနစ်နဲ့ နိုင်ငံဖြစ်ဖို့ ပိုအလေးသာ သွားပါမယ်။

ဖက်ဒရယ်နိုင်ငံ ပေါ်ထွန်းလာမှုအတွက် အရေးပါတဲ့ ရှင်းလင်းချက်တွေကို ရှင်းပြရာမှာ စစ်ရေးအင်အားကိုချည်းပဲ တပင်တိုင်ထားပြီး ရှုမြင်ခြင်းမျိုးကို ငြင်းပယ်လိုက်ပါတယ်။ ဇေးဘလက်အနေနဲ့ ၁၉ ရာစုက ဂျာမနီနဲ့ အီတလီတို့ရဲ့ နိုင်ငံထူထောင်ရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရင့်အရင်က လေ့လာမှုတွေမှာ လုပ်ခဲ့သလို ဗဟိုရဲ့ တိုးတက်ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်တွေကိုချည်းပဲ အဓိကအာရုံစိုက်တဲ့ သမိုင်းအစဉ်အလာ ရှင်းပြချက်မျိုးတွေကို ဝေဖန်ခဲ့ပြီး ပါဝင်ပေါင်း စည်းလာတဲ့ ဒေသငယ်ကလေးတွေကို အာရုံစိုက် ခွဲခြမ်းလေ့လာမှုကို အလေးပေးသွားခဲ့ပါတယ်။ ပေါင်းစည်းမှုဟာ အမျိုးသားအဆင့် နိုင်ငံလုံးအဆင့်ဆိုင်ရာ ဖြစ်စဉ်တွေရဲ့ အမြင်ကနေ ကြည့်လို့မရဘဲ ပါဝင်လာတဲ့ ဒေသကလေးတွေတိုင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အခြေခံကစပြီး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုကြည့်တော့မှသာ ဒေသတွင်း ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်း ပျှမ်းမျှထွက်ကုန်တန်ဖိုး၊ ဒါမှမဟုတ် အခြားသော ဒေသတွင်း ပြည်နယ်တွေနဲ့ နှိုင်းရဧရိယာ အကျယ်အဝန်း စတဲ့ အရေးပါတဲ့ အကြောင်းအရာတွေရဲ့ အခန်းကဏ္ဍကို အာရုံစိုက်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပရက်ရှားမှာရော၊ ပီဒ်မွန့်အတွက်ပါ ဥရောပရဲ့ ဒေသတွင်း ကွဲပြားနေကြတဲ့ ပြည်နယ်ကလေးတွေကို စုစည်းဖို့ဆိုတဲ့ လှုပ်ရှားမှုဟာ အီလိတွေရဲ့ တွန်းအားဖြစ်တယ်လို့ မြင်ရပါလိမ့်မယ်။ ဒီလိုစုစည်းမှုရဲ့ နောက်ကွယ်က စီးပွားရေးနဲ့ နိုင်ငံရေးအရွေ့တွေက ဒီနှစ်နိုင်ငံစလုံးအတွက် တူညီမှုရှိပါတယ်။ ဒေသနှစ်ခုစလုံးမှာ ဒေသတွင်း နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဒီလိုကြိုးပမ်းမှုကို မတူညီတဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်ကြပါတယ်။ နိုင်ငံတော် စုစည်းထူထောင်ရေးအတွက် အစပျိုး ကမ်းလှမ်းတာ၊ ထောက်ပံ့ ပါဝင်တာတွေရှိသလို အနုနည်းနဲ့ တော်လှန်တာတွေ၊ စစ်ရေးအရ တုံ့ပြန်တာတွေလည်း လုပ်ခဲ့ကြပါတယ်။

ဒီလို ဒေသတွင်း တုံ့ပြန်မှုတွေ အမျိုးမျိုးဖြစ်ရတာနဲ့ ပတ်သက်လို့ အကြောင်းအရင်း တစ်ခုက အချို့သော ဒေသတွေမှာ အစောပိုင်းကတည်းကိုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရှိထားလို့ပါ။ ဒီဒေသတွေက လူထုအနေနဲ့ တစ်နိုင်ငံလုံးအဆင့် ဈေးကွက်တွေနဲ့ အမျိုးသားအဆင့် နိုင်ငံရေး မူဘောင်တွေ ဖန်တီးရေးကို ထောက်ခံဖို့ လမ်းဖွင့်ပေးထားကြပြီး ဒီဒေသတွေက အီလိတွေ အနေနဲ့လည်း ပေါင်းစည်းရေးကို ဆောင်ရွက်ဖို့ တွန်းအားပေးနိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေကြပါတယ်။ တစ်ဘက်မှာ ပြန်ကြည့်ရင် ဂျာမနီနဲ့ အီတလီအတွက် အရေးကြီးတဲ့ ကွဲပြားချက်က အီတလီတောင်ပိုင်းမှာရှိတဲ့ ပြည်နယ်တွေရဲ့ အဖွဲ့အစည်း မူဘောင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။ အီတလီဖြစ်စဉ်မှာရော ဂျာမနီဖြစ်စဉ်မှာပါ နိုင်ငံတော် ထူထောင်ရေးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ရင် ဗဟိုနဲ့ပြည်နယ်တွေကြား မြင်ကွင်းတစ်ဘက်တည်းရှိတဲ့ ပဋိပက္ခရဲ့ရလဒ်ကိုချည်းပဲ အာရုံစိုက်တဲ့ ရိုးရှင်းတဲ့ ဖြေရှင်းချက်တွေအစား ဒေသတွင်း ပဋိပက္ခတွေရဲ့ မြင်ကွင်းစုံ အချက်အလက်တွေကို အသိအမှတ်ပြု လေ့လာထိုက်တယ်ဆိုတာကို သဘောပေါက်စေပါတယ်။

ဇေးဘလက်ရဲ့ ဒီလေ့လာချက် ထွက်လာပြီးလို့ ဆယ်နှစ်တာကာလ ရောက်လာချိန်မှာ အခု လေ့လာချက်ဟာ သမိုင်းဆိုင်ရာ နှိုင်းယှဉ် လေ့လာချက်တွေထဲမှာ ကြိုဆိုရတဲ့ လေ့လာချက် အသစ်တစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဥရောပသမိုင်းကို ပိုမိုနားလည်နိုင်စေဖို့အတွက်နဲ့ ခေတ်သစ် ဥရောပ ဖြစ်လာစေဖို့ အခြေခံကျကျ ပုံသွင်းပေးလိုက်တဲ့ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုတွေကို နားလည်စေဖို့  လေ့လာသင့်တဲ့ လေ့လာချက်လည်း ဖြစ်ပါတယ်။ ဇေးဘလက်ရဲ့တွေ့ရှိချက်တွေဟာ ပိုမိုအပြန့်ကျယ်တဲ့ သီအိုရီပိုင်း အသုံးဝင်မှုအချို့ကလည်း ရှိနေပါသေးတယ်။

ဂျာမနီနဲ့ အီတလီတို့ရဲ့ ၁၉ ရာစုအတွင်း ပြောင်းလဲမှုတွေကို နှိုင်းယှဉ် လေ့လာချက်တွေဟာ နိုင်ငံရေး သိပ္ပံပညာရှင်တွေအတွက် လေ့လာဖို့ အရေးကြီးတဲ့ မေးခွန်းတွေ အများအပြား ဖြစ်ထွန်းစေတာ အမှန်ပါပဲ။ ဒီနှစ်နိုင်ငံကို နှိုင်းယှဉ်လေ့လာရာကနေ စာတမ်းရှင်ဟာ ဘယ် အမျိုးသားနိုင်ငံတွေဟာ နိုင်ငံရေးအရ ပေါ်ထွန်း ထူထောင်နိုင်ခဲ့သလဲ၊ ဒီနိုင်ငံရေးအရ ထူထောင်လာမှုမှာ ဘယ်လို အဖွဲ့အစည်း မူဘောင်ပုံစံမျိုး ထူထောင်တယ် ဆိုတာကို ဘယ်အချက်က အဆုံးအဖြတ် ပေးတာလဲ၊ အဖွဲ့အစည်း မူဘောင်တွေ ထူထောင်ရေးမှာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သက်ရောက်မှုနဲ့ လူမှုအသိုက်အဝန်းတွေကို ပုံဖော်ရာမှာ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်း မူဘောင်တွေရဲ့ အခန်းကဏ္ဍ ဆိုတာတွေကို လေ့လာခဲ့ပါတယ်။ ဇေးဘလက် အနေနဲ့ သူ့ရဲ့အယူအဆကို ဥရောပတိုက် တစ်ခုလုံးစာအတွက် ဖြန့်ကျက်နိုင်ဖို့ ကြိုးစားရာမှာ သူ့ရဲ့တွေ့ရှိချက်က နိုင်ငံရေးအရ နိုင်ငံထူထောင်ကြသူတွေရဲ့ ဖက်ဒရယ်ဝါဒအပေါ် သဘောတရားရေးရာအရ ထောက်ခံမှုပြုခြင်းဟာ ဒေသခွဲတွေမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အသစ်ပေါ်ထွန်းလာမယ့် နိုင်ငံသည် တစ်ပြည်ထောင် ဖြစ်လာမလား၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာမလား ဆိုတာကို အဆုံးအဖြတ် ချနိုင်ဖို့အတွက် ပေါ်လစီတွေ ဖန်တီးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ခေတ်မှာ ဖက်ဒရယ်ဝါဒဟာ နိုင်ငံရေး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ မကြာခဏ အဆိုပြုရတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာသလို မြန်မာ့နိုင်ငံရေးမှာလည်း ရေပန်းစားတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်။ ၁၉ ရာစုတုန်းက တိုးတက်မှုတွေဟာ ဂျာမနီအတွက် ဖက်ဒရယ်ဝါဒကို ကျင့်သုံးဖို့ ဖြစ်လာပြီး အီတလီအတွက်တော့ ဒီလိုကျင့်သုံးနိုင်ဖို့ မအောင်မြင်ရခြင်းဟာ ဒီနှစ်နိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ဘဝတွေကို သက်ရောက်ဆဲဖြစ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ ကျမတို့အဖို့ မြန်မာနဲ့ အခြားဒေသတွေက ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာနေချိန်မှာ ၁၉ ရာစု ဂျာမနီနဲ့ အီတလီတို့မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေသည် ၂၁ ရာစု မြန်မာမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ အများကြီး ကွဲပြားသလို သိသိသာသာကွဲလွဲမှုလည်း ရှိပါတယ်။ ဒါပေမဲ့ ဇေးဘလက်ရဲ့ သမိုင်းဆိုင်ရာ လေ့လာမှုက ဖက်ဒရယ်ဝါဒ ပေါ်ထွန်းလာမှုနဲ့ အောင်မြင်စွာ ကျင့်သုံးနိုင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ၊ ပေါ်လစီ ရွေးချယ်မှုတွေအပေါ် ရေရှည် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ပိုမို နားလည်လာစေဖို့ အသိပညာတွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်လောင်းပေးနေတယ် ဆိုတာကိုတော့ ပြောလို့ရပါတယ်။

■ စာညွှန်း

၁        ကမ်မီလာဘူဇီသည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ သုတေသန ဒါရိုက်တာတစ်ဦး ဖြစ်သည်။

ကမ်မီလာ ဘူဇီ၏ စာအုပ်အညွှန်းကို စည်သူအောင် ဘာသာပြန်ဆိုပါသည်။

David Ziblatt, 2006. Structuring the State: The Formation of Italy and Germany and the Puzzle of Federalism.

Princeton/Oxford: Princeton University Press.

by Camilla Buzzi

This is a review of a comparative study by David Ziblatt about national unification. The study draws on two cases from the 19th century: the federal state in Germany and a unitary state in Italy. Ziblatt argues that unification needs to be studied from a perspective the emphasizes developments in the peripheral regions of a country just as much as in its center. Contrary to expectations, Ziblatt argues the military power of the center is not decisive in shaping unification. More important to the success of unification is the institutional capacity that shapes state-society relations and governance in each regional state. Ziblatt’s monograph is a valuable contribution to the study of the role of political institutions in shaping political decision-making and the life of citizens. At a time where federalism is often proposed as a solution to a host of political challenges, including  Myanmar, Ziblatt’s historical study contributes to the accumulation of knowledge that gives us a better understanding of the conditions under which federalism emerges and succeeds and to the longer term impact of particular policy choices.

About the author

Camilla Buzzi

Camilla Buzzi is completing a PhD in human rights and peace studies at the Institute for human rights and peace studies, Mahidol University, Thailand. She is a political scientist from the University of Oslo, where she also obtained her first cycle degree (Candidata Magistrii) in French, political science and philosophy as well as her teacher education diploma. Her research interests are in the field of comparative politics, with a particular focus on civil society, human rights and peace advocacy, discourse and discourse analysis. She is a former coordinator for PD Burma and a former country program manager for Norwegian Church Aid.

Add comment

Institute for Strategy and Policy – Myanmar