Institute for Strategy and Policy – Myanmar

ဒေါ်အောင်ဆန်းစုကြည်၏ မျှော်ရင်းဝေး ငြိမ်းချမ်းရေး

ဇွန်လ အစောပိုင်းက နေပြည်တော်တွင် အရေးပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတကျော့လုပ်ခဲ့ပြီး ရက်အနည်းငယ် အကြာ၌ မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတခု မဆင်နွဲမီတွင် မြန်မာ့တပ်မတော်က သတိပေးစာစောင် များ လေယာဉ်ပေါ်မှ ကျဲချ၍ တနိုင်းမြို့နယ်တွင် နေထိုင်သူများကို ထွက်ခွာခိုင်းခဲ့သည်။ ဆက်လက်နေထိုင်သူ မည်သူ မဆို KIA နှင် ပူးပေါင်းဆောင်ရွက်သူဟု ယူဆမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။ နေအိမ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်းများစွာ ပဋိပက္ခဒေသတွင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်လက္ခဏာ ဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်မှုက မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး ယူဆောင် မလာနိုင်ခဲ့ပါ။ တနှစ်ပင်မပြည့်သည့် ကာလအတွင်းတွင် အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် သူက ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော တိုင်းပြည်၏ တိုင်းရင်းသား ပဋိပက္ခများအတွက် အဖြေရှာဖွေရာတွင် ယခင်အစိုးရထက် ပို၍ တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့သေးပါ။ ခန့်မှန်းချက်တချို့အရ တိုင်းရင်းသား လက်နက်ကိုင်များ၏ ၈၀ ရာခိုင်နှုန်း (လူအင်အား ၁၀၀၀၀ ကျော်ရှိသည့် KIA အပါအဝင်) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြည့်အ၀ ပါဝင်ခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများသာ ပိုမိုပြင်းထန်နေသည်။

နောက်ဆုံး ကျင်းပခဲ့သည့် ညီလာခံမတိုင်မီက ဆွေးနွေးပွဲတခုတွင် အစိုးရက မြန်မာနိုင်ငံ၏ ဖက်ဒရယ် စနစ်တွင် ဆက်လက်ရှိနေမည့် ပြည်နယ်များကို သူတို့၏ ကိုယ်ပိုင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေများ ရေးဆွဲခွင့် ပြုမည့် အယူအဆတရပ်ကို ထုတ်ဖော်လာခဲ့သည်။ သမိုင်းမှာ မကြုံဘူးသေးသော ညှိနှိုင်းလိုက်လျောမှုတခုအဖြစ် ဘန်းတင်ခဲ့ကြသည်။ သို့သော်လည်း အဆိုပြုချက်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးညီလာခံအတွင်း ညှိနှိုင်းဆွေးနွေးမှုများက ရှေ့မတက်နိုင်ခဲ့ပါ။ ၂၁ ပင်လုံ ညီလာခံ၊ ဒုတိယ အစည်းဝေးက သဘောတူခဲ့သည့် နောက်ဆုံး အဆင့် အခြေခံမူများ တွင်လည်း ပြည်နယ်အခြေခံဥပဒေဆိုင်ရာ အခြေခံမူ မပါဝင်ခဲ့ပါ။

ထိုသို့မှန်းတိုင်းမပေါက်ခဲ့ခြင်းက ယခင်အစိုးရ၏ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) တွင်လက်မှတ်ရေးထိုးခဲ့သည့် အဓိက တိုင်းရင်းသားအဖွဲ့များကို စိတ်ပျက်စေ ခဲ့သည်သာမက NCA လက်မှတ် မ ထိုးရေသေးသည့် အဖွဲ့တချို့ အတွက်လည်း လက်မှတ်ထိုးရေးကို အားလျော့စေခဲ့သည်။ NCA လက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေးညီလာခံတွေ တင်းပြည့်ကျပ်ပြည့် ပါဝင်ဆွေးနွေးခွင့် ရရေးအတွက် တင်ကြိုလိုအပ်ချက်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေရခြင်း၏ အကြောင်းရင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်( ငြိမ်းချမ်းရေးသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်သော ခြေလှမ်းတရပ်ဖြစ်သည်ဆိုသော အမြင်)က မြန်မာ့တပ်မတော်၏ အမြင်နှင့် အခြေ ခံအရ ကွာခြားနေသာ ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင် ခဲ့ပြီး နောက်ပိုင်းမှာလျှင်ပင် မြန်မာ့တပ်မတော်က မြန်မာ့နိုင်ငံရေး ၏ မရှိမဖြစ် ပလေယာအဖြစ် ဆက်လက်ရှိနေခဲ့သည်။ ပြည်တွင်းတိုင်းရင်းသား ပဋိပက္ခနှင့် ပတ်သက်သည့်အရေးကိစ္စလောက် တပ်မတော်၏ အခန်းကဏ္ဍ ပေါ်လွင်သည့် နယ်ပယ် မရှိပါ။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူ၏ ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရ၍ ပြီးခဲ့သည့် နှစ်အတွင်းက ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာပြီး များမကြာမီမှာပင် သူက ယခင်အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို ဆက်လက်တာဝန်ယူလိုက်ပြီး “၂၁ ရာစု ပင်လုံ” ဟု အမည်သစ်ပေးလိုက်သည်။ ၁၉၄၇ ခုနှစ်က သူ၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ပင်လုံစာချုပ်ကို အစွဲပြု သည့် အမည် ဖြစ်သည်။ ဗြိတိသျှတို့ထံမှ တနိုင်ငံလုံး လွတ်လပ်ရေး ရရှိအောင်ဆောင်ရွက်ရာတွင် တိုင်းရင်းသား ခေါင်းဆောင်တို့၏ ထောက်ခံမှုအတွက် အပြန် အလှန် အနေဖြင့် သူတို့ကို နောက်ဆုံးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် (ကာလတခုအတွင်း ခွဲထွက်လိုက ခွဲထွက်ခွင့်ပင်) ပေးရန် ဗိုလ်ချုပ်အောင်ဆန်းက ကတိပြုခဲ့သည်။

ယနေ့ခေတ်တွင် ပင်လုံဆိုသည့် စကားလုံးကို အသုံးပြုခြင်းက ခွဲထွက်ရေးဝါဒကို ထပ်မံအားပေးသလို ဖြစ်နိုင်သည်ဟု အကြောင်းပြချက်ဖြင့် တပ်မတော်က ပင်လုံဟူသော အသုံးအနှုန်းကို မသုံးစွဲဖို့ ကန့်ကွက် ခဲ့ပါသေးသည်။ မေလအတွင်းက နောက်ဆုံး ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲ အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပထမပင်လုံသည် ခေတ်သစ်မြန်မာနိုင်ငံ မွေးဖွားရန် အထောက်အကူ ဖြစ်စေ ခဲ့ပြီး ယခု ၂၁ ရာစုပင်လုံက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို နောက်ဆုံးတွင် ဆောင်ကျဉ်းပေးလိမ့်မည်ဟု ပြော ကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တပ်မတော် အတွက်လည်း အရေးကြီးပါသည်။ သို့သော်လည်း အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ထိုးရန် နည်းလမ်းတခု အနေဖြင့်သာ ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နိုင်ငံတော်သစ် တည်ထောင်ရေး (ဝါ) ပြည်ထောင်စု ဝိသေသ လက္ခဏာ ဖော်ဆောင်ရေး state- or nation-building နှင့် မသက်ဆိုင်ကြောင်း မကြာသေးမီက ရန်ကုန်နှင့် နေပြည်တော် တို့တွင် ကျနော် တွေ့ဆုံခဲ့သော တပ်မတော် အရာရှိကြီးများက ပြောကြသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတော်နှင့် ပြည်ထောင်စုကို တည်ထောင်ပြီးသား ဖြစ်သောကြာင့် ဖြစ်သည်။

တပ်မတော်က တိုင်းပြည်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမည့် ကျိုးကြောင်း ဆီလျှော်သော တောင်းဆိုမှုများကို ထည့်သွင်းစဉ်းစားပေးရန် အသင့် ဖြစ်သည်ဟုလည်း အဆိုပါ အရာရှိကြီးများက ပြောကြသည်။ ဥပမာပြရလျှင် အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲများက လာမည့် နှစ်ကာလများအတွင်း လက်နက်များ ဖြုတ်သိမ်းခြင်း၊ တပ်ဖွဲ့များ ဖျက်သိမ်းခြင်း နှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များ ဆောင်ရွက်ရန် သဘောတူခဲ့လျှင် NCA လက်မှတ် ထိုးထားသော တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေးပါတီများ ထူထောင်၍ ရွေးကောက်ပွဲများတွင် ဝင်ယှဉ်ပြိုင်ခွင့် ပြုရန် သူတို့က သဘောတူမည် ဖြစ်သည်။

သို့သော်လည်း တပ်မတော်အတွက် အခြေခံကျသော အချက်တခုမှာ လိုက်လျော သဘောတူခွင့်ပြုမှုမှန်သမျှကို ယခင်စစ်အစိုးရက ရေးဆွဲခဲ့ သော ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဘောင်အတွင်းကသာ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်သည်။ ထို့အတူ နိုင်ငံတော်၏ အုပ်ချုပ်ရေးရာများကို ခိုင်မာ အားကောင်းမှုရှိဖို့ ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည့်အတွက် လုံခြုံရေးကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများကိုလည်း တပ်မတော်က ငြင်းပယ်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တောင်းဆိုနေကြသလို ဖက်ဒရယ်တပ်မတော်သစ်တခု တည်ထောင်ရေးမှာလည်း မလိုအပ်ကြောင်း၊ တပ်မတော်သည် တိုင်းပြည်၏ ကွဲပြားသော တိုင်းရင်းလူမျိုးများကို ကိုယ်စားပြုပြီး ဖြစ်ကြောင်း တပ်မတော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ သဘောတူသည့် အချက်တခုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားက ဆန့်ကျင်ခဲ့ကြသည်။ ယခင်က ဘဝင်မကျကြောင်း ပြောလေ့ရှိခဲ့သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် ကျယ်ပြန့်သော နိုင်ငံရေး ဆွေးနွေးပွဲများသို့ မဝင်ရောက်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့် NCA လက်မှတ်ထိုးရမည်ဟု ပြောလာသည်။ အရှေ့မြောက်ပိုင်းမှ လူအင်အား ၃၀၀၀၀ ခန့်ရှိသော ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် အဓိက တိုင်းရင်းသားအဖွဲ့အများ အပြားက NCA လက်မှတ်ထိုးရေးကို ငြင်း ပယ်ခဲ့ကြသည်။

အမှန်တကယ်တွင် ဒေါ်အောင်ဆန်းစုကြည် ကရော တပ်မတော် ခေါင်းဆောင်များကပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အကြောင်းပြု၍ တဖက်နှင့်တဖက် ထိပ်တိုက်ဆန့်ကျင်ရန် စိတ်အားထက်သန်နေကြပုံ မရပါ။ ဒေါ်အောင်ဆန်းစုကြည်က သူ့တွင် အားသာချက်မရှိသည့် အခြေ အနေတွင် ရှိနေသည်ကို သတိထားမိသည့် အသွင်ရှိပါသည်။ တပ်မတော်က လုံခြုံရေးနှင့် ဆိုင်သော ဝန်ကြီးဌာန ၃ ခုကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက် ခဲ့သည့် အ တွက် လက်တွေ့မြေပြင်များ သတင်းများလည်း သူတို့ထံတွင် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အဆက်အသွယ်ကောင်းများ ရှိမနေပါ။ တပ်မတော် ခေါင်းဆောင်များဘက်ကမူ မည်သို့ ပင်ဖြစ်စေ အမှန်တကယ် ထိပ်တိုက်တွေ့ရမည့် တိုက်ပွဲမှာ ၂၀၂၀ ခုနှစ်တွင် ကျင်းပရန်ရှိသော နောက်လာမည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု မြင်လာခဲ့ပုံရသည်။

မေလက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ပကတိလိုအပ်ချက်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ရာသက်ပန်စောင့်ထိန်းလိုစိတ်၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲနဲ့ ရာသက်ပန်စောင့်ထိန်းလိုစိတ်များကို အခြေခံလုပ်ဆောင်သွားဖို့လိုအပ်ကြောင်း” ပြောကြားသွားခဲ့သည်။ ထူးခြားမှတ်သားထားစရာ ကြေညာချက်တခုလည်း ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲ ဒီမိုကရေစီကို တပ်မတော်၏ အသုံးအနှုံးဖြစ်သော “ပြည်ထောင်စု မပြိုကွဲရေး”၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး” နှင့် “အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး” စသည့် “တို့တာဝန် အရေးသုံးပါး” နှင့် အခြေခံတူထား၍ ရာသက်ပန်စောင့်ထိန်းရမည်ဟု ပထမဆုံး ပြောကြားခဲ့ခြင်းဟု ကျနော် ထင်ပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တပ်မတော်က ကျောထောက်နောက်ခံပေးထားသည့် အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ပြီးနောက် ရွေးကောက်ပွဲနိုင်ငံရေး စနစ်တည်းဟူသော ကစားကွင်းတွင် ပါဝင်နိုင်ရန် လေ့လာရမည်ဖြစ်ကြောင်း တပ်မတော်က သိသိသာသာ ယုံကြည်လာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ နှင့် ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက တပ်မတော်၏ အကျိုးစီးပွားကို ဆက်လက် ထောက်ခံမည်ဟု ယူဆနိုင်ပါသည်။ သို့သော် အဆိုပါ အဖွဲ့များ၏ မဲများက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မလုံလောက်ခဲ့ပါ။ ထို့ကြောင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပါတီများ၏ အင်အားကို သိမ်းသွင်းစည်းရုံးရမည်ဖြစ်သည်။ သို့မှသာ အားလုံးပေါင်း ဖွဲ့စည်းနိုင်မည့် ညွှန့်ပေါင်း အစိုးရပုံစံမျိုးကို မျှော်မှန်းနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော နိုင်ငံရေး ကစားကွင်း ကစားကွက်အခြေအနေနှင့် ယခုအချိန်အထိ စွမ်းဆောင်ရည်အရ (အထူးသဖြင့် စီးပွားရေး မူဝါဒများတွင်) အပြစ်အနာအဆာများစွာ ရှိနေသော ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ လုပ်ရည်ကိုင်ရည် မှတ်တမ်းများကို နောက်ခံထား၍ သုံးသပ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ပင်လုံ၊ ကျယ်ပြန့်သော ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး စသည့် ပြောဆိုချက်များသည် မီးနှင့် ကစားသလို (လွဲမှားသော နိုင်ငံရေး စွန့်စားချက်များ) ဖြစ်ကောင်းဖြစ်သွားနိုင်ပါသည်။ တိုင်းရင်းသား ခေါင်းဆောင်များအတွက် သူဖန်တီးခဲ့သော မျှော်လင့်ချက်များ အားလျော့သွားပြီး စိတ်ပျက်မှုမှ မယုံကြည်မှုသို့ ပြောင်းလဲမသွားမီ အချိန်မည်မျှ ကျန်သေးသနည်းဟူသော မေးခွန်းကလည်း အရေးပါသည် မဟုတ်ပါလော။

(မင်းဇင်သည် ရန်ကုန် အခြေစိုက် သုတေသီအဖွဲ့တခု ဖြစ်သည့် Institute for Strategy and Policy – Myanmar ၏ အမှု ဆောင် ဒါရိုက်တာ ဖြစ်ပါသည်။ ၎င်း၏ New York Times သတင်းစာပါ Aung San Suu Kyi’s wishful peace ကို ဘာသာပြန်သည်။)

ဧရာဝတီသတင်းဌာန မြန်မာပိုင်းဝက်ဘ်ဆိုက် စာမျက်နှာတွင် ဘာသာပြန် ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။ 

About the author

Min Zin

Min Zin is a founding member and the executive director of the Institute for Strategy and Policy - Myanmar, which is an independent, non-partisan, and non-governmental think tank, which promotes democratic leadership and strengthen civic participation in Myanmar. He is a PhD candidate in Travers Department of Political Science at University of California, Berkeley. Min Zin is a comparative political scientist who studies civil-military relations, democratization, contentious politics, ethnic conflicts and civil war with a focus on Myanmar and Southeast Asian countries. Min Zin’s writings appear in Journal of Democracy, Journal of Current Southeast Asian Affairs, Social Research: An International Quarterly, Contemporary Southeast Asia, Georgetown Journal of International Affair and many edited books. He serves as country analyst of Myanmar for several research foundations including Freedom House, and he is also a fellow of Legatum Institute. Min Zin took part in Burma’s democracy movement in 1988 as a high school student activist, and went into hiding in 1989 to avoid arrest by the junta. His underground activist-cum-writer life lasted for nine years until he fled to the Thai-Myanmar border in August 1997. Min Zin writes for The Foreign Policy Magazine, The New York Times, and other media outlets.

1 comment

  • It is regrettable that those who are going against NCA are in fact the stooges of a foreign power.
    And so long as they being so of that power our peace process will not achieve its goal whoever leads it.

Institute for Strategy and Policy – Myanmar