Institute for Strategy and Policy – Myanmar

ဒီမိုကရေစီတစ်ပိုင်း စပ်ကြားအုပ်စိုးမှု စနစ်အောက်က အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေး

မင်းဇင်

မြန်မာ့တပ်မတော် ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီအစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရကို ၂၀၁၆ ဧပြီလမှာ အာဏာလွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေး အသွင်ကူးပြောင်းရေးရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာစကားပုံမှာ ”တစ်ဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူး” လို့ အဆိုရှိပေမယ့် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်နဲ့ အရပ်သားအစိုးရသစ်ကို တစ်ဂူတည်း အတူအောင်းနေဖြစ်အောင် ဖန်တီးထားပါတယ်။ တစ်နည်းပြောရရင်တော့ မြန်မာ့အုပ်စိုးမှုစနစ်ကို ရွေးကောက်ပွဲ ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်းနဲ့ အာဏာရှင် အင်စတီကျုးရှင်းကျင့်ထုံး အားကောင်းမောင်းသန် ပေါင်းစပ်ထားတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စပ်ကြားအုပ်စိုးမှုစနစ် hybrid regime အဖြစ် သတ်မှတ်နိုင်ပါတယ်။

ဒီထက်ပြောရရင် အစိုးရသစ်ဟာ သည်းခြေကြိုက် နိုင်ငံရေးညွှတ်ချက် ရှိတာလည်း တွေ့ရပါတယ်။ သည်းခြေကြိုက် နိုင်ငံရေးဆိုတာကတော့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်အကြား ပေါင်းကူး ဆက်သွယ်ပေးတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ ပညာတတ်တွေ စတဲ့ ကြားခံအဖွဲ့အစည်း (mediating institutions) တွေရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး လူထုကို တိုက်ရိုက် ချဉ်းကပ်တာကို ဆိုပါတယ်။ အခုလို ဖားတစ်ပိုင်း ငါးတစ်ပိုင်းစနစ်နဲ့ ဒီမိုကရေစီ လှုပ်ရှားမှုက ပေါက်ဖွားလာတဲ့ အစိုးရမျိုး လက်ထက်မှာ လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ဆန္ဒဖော်ထုတ်မှုနဲ့ သဘောထားကွဲလွဲမှုတွေကို ဘယ်လိုပြသမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အရပ်သားအစိုးရကရော သဘောကွဲလွဲသူတွေကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုကိုင်တွယ်မလဲ။ စပ်ကြားအုပ်စိုးမှုစနစ်က အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ နည်းနာလုပ်ဟန်ကို ဘယ်လို သြဇာသက်ရောက်မလဲ။ အထူးသဖြင့် ငြိမ်းချမ်းရေး၊ မြေယာကိစ္စနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ဘယ်လို ဆန္ဒဖော်ထုတ်မှု ပုံစံသစ်တွေကို မြင်ကြရမလဲ။ အစိုးရသစ်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့သူတွေကို ဘယ်လိုချဉ်းကပ်ပြီး ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆန္ဒဖော်ထုတ်မှုတွေ၊ နိုင်ငံတကာ အထောက်အပံ့ ရရှိနေတာတွေကို ကန့်သတ်မလား စတဲ့ မေးခွန်းတွေကို သုတေသန ရှုထောင့်က လေ့လာစောကြော သင့်ပါတယ်။ The Myanmar Quarterly မဟာဗျူဟာနဲ့ မူဝါဒဂျာနယ်မှာ ပါဝင်တဲ့ ဆောင်းပါးတွေဟာ နိုင်ငံရေးဝန်းကျင်သစ်ကို ရှင်းလင်းပြီး အထက်ပါ မေးခွန်းတွေကို ဖြေဆိုဖို့ ရည်ရွယ်ပါတယ်။ အခု အဖွင့်ဆောင်းပါးမှာတော့ လက်ရှိအခြေအနေကို ပိုင်းခြားသုံးသပ်ချက်နဲ့ ရွေးချယ်စရာ အနာဂတ်အကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။ ဆောင်းပါးကို အပိုင်း လေးပိုင်း ခွဲခြားတင်ပြပါမယ်။

ဒီ မိတ်ဆက်ကဏ္ဍ ပြီးတာနဲ့ ဆောင်းပါးမှာ သုံးစွဲမယ့် ဝေါဟာရ အယူအဆတွေကို အသုံးအနှုန်း ဖွင့်ဆိုချက် အကျဉ်းလုပ်ပါမယ်။ အရပ်ဘက် အဖွဲ့အစည်းရဲ့ အကျိုးကျေးဇူးနဲ့ ရှင်သန် အားကောင်းစေခြင်း အကြောင်းတရားတွေကို တင်ပြပါမယ်။ ဒီအပိုင်းမှာပဲ ဆောင်းပါးရဲ့ အဓိကအာဘော်ကို အယူအဆ ရှုထောင့်ကနေ ဆွေးနွေးပါမယ်။ တတိယပိုင်းမှာတော့ အစိုးရသစ်လက်ထက် နိုင်ငံရေး ဖြစ်ထွန်းမှုနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ဆက်စပ် ဆွေးနွေးပါမယ်။ နောက်ဆုံးမှာတော့ ရွေးချယ်စရာ အလားအလာတွေကို သုံးသပ်တင်ပြပါ့မယ်။

■ ဖွင့်ဆိုချက်နှင့် အယူအဆ

အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ဖွင့်ဆိုချက်တွေကို ဘုံထုတ်ရင် အပိုင်း သုံးပိုင်းခွဲ နားလည်နိုင်ပါတယ်။

(၁) စနစ်အတွင်း စုဖွဲ့ရပ်တည်ပုံ structure အရ ကြည့်ရင် အရပ်ဘက် အဖွဲ့အစည်းဆိုတာ နိုင်ငံတော်အလိုကျ စွက်ဖက် ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့ အဖွဲ့အစည်းများ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဝင်တွေဟာ စိတ်ဆန္ဒအလျောက် စုဖွဲ့ ရပ်တည်နေကြတာပါ။

(၂) လုပ်ဆောင်ချက် function အရ ကြည့်ရင်တော့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ သူတို့ ကိုယ်စားပြုဖို့ ကြိုးစားတဲ့ လူမှုအစုအဖွဲ့တွေရဲ့ အကျိုးစီးပွားတွေကို သီးသန့်သော် လည်းကောင်း၊ မဟာမိတ်ပြု၍သော် လည်းကောင်း ဖော်ထုတ် တင်ပြတာ၊ နိုင်ငံတော်မူဝါဒအဖြစ် ပေါ်ပေါက်လာအောင် ကြိုးစားတာတွေကို အဓိက ဆောင်ရွက်ပါတယ်။

(၃) နည်းနာလုပ်ဟန် operational mode အရတော့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ နှလုံးရည် အဟိံသ အကြမ်းမဖက်နည်းနာနဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ကြပါတယ်။

ဒီဆောင်းပါးမှာ စပ်ကြားအုပ်စိုးမှုစနစ် hybrid regime ဆိုတာ ရွေးကောက်ပွဲ ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်းနဲ့ အာဏာရှင် အင်စတီကျုးရှင်း ကျင့်ထုံးတွေ ပေါင်းစပ်ထားတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စနစ်ကို ဆိုလိုပါတယ်။ (အရပ်ဘက် အဖွဲ့အစည်း၊ စပ်ကြားအုပ်စိုးမှုစနစ် စသည့် ယူဆချက်များနှင့် ပတ်သက်၍ ဖွင့်ဆိုချက်အကျယ်ကို ကမ်မီလာဘူဇီ၏ ဆောင်းပါး စာ-၄၅ တွင် ကြည့်ပါ။)

အယူအဆပိုင်းဆိုင်ရာအရ မေးခွန်း နှစ်ခု မေးဖို့ ရှိပါတယ်။ ပထမ တစ်ခုကတော့ အရပ်ဘက် အဖွဲ့အစည်းတွေ တည်ရှိ အားကောင်းမှုကြောင့် လူ့အဖွဲ့အစည်း၊ နိုင်ငံတော်နဲ့ ဈေးကွက်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရှိနိုင်သလဲ။ ဒါကတော့ အရပ်ဘက် အဖွဲ့အစည်းတွေကို အကြောင်းတရားအဖြစ် သတ်မှတ်ပြီး အသီးအပွင့်ကို စဉ်းစားတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒုတိယ မေးခွန်းကတော့ အရပ်ဘက်အဖွဲ့အစည်း ပေါ်ထွန်း ရှင်သန် အားကောင်းအောင် ဘယ်လိုလုပ်နိုင်သလဲဆိုတဲ့ မေးခွန်းပါ။ ဒါကတော့ အရပ်ဘက် အဖွဲ့အစည်းတွေကို အကျိုးဆက်အဖြစ် သတ်မှတ်ပြီး ဘယ်လိုအခြေအနေတွေက အကြောင်းအထောက်အပံ့ ပြုစေသလဲဆိုတာ စူးစမ်းတာပါ။ ဒီဆောင်းပါးဟာ ဒုတိယမေးခွန်းကို အဓိကဖြေဆိုမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စပ်ကြားအုပ်စိုးမှု စနစ်အောက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းအောင် ဘယ်လို အခြေခံမူတွေ၊ မဟာဗျူဟာတွေနဲ့ လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒုတိယမေးခွန်းကို မဆွေးနွေးခင် အရပ်ဘက် အဖွဲ့အစည်းတွေ အင်နဲ့အားနဲ့ တည်ရှိမှုကြောင့် လူ့အဖွဲ့အစည်း၊ နိုင်ငံတော်နဲ့ ဈေးကွက်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရှိနိုင်သလဲဆိုတာ အကျဉ်းမိတ်ဆက် တင်ပြချင်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုရော၊ ဒီမိုကရေစီ အမြစ်တွယ် ခိုင်မြဲရေးကိုသာမက ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကိုပါ အထောက်အကူ ပြုတယ်လို့ သုတေသီ အတော်များများက ဖော်ထုတ်ပြသ ခဲ့ကြပါတယ်။ ဒီဂျာနယ်မှာပါတဲ့ ဆောင်းပါးတချို့ (ဥပမာ လယ်ရီဒိုင်းမွန်း ဆောင်းပါး စာ-၁၁ ရှု၊ မင်းခင်မောင်ရင် ဆောင်းပါး စာ-၅၉ ရှု) မှာလည်း ဒီသုံးသပ်ချက်မျိုးကို တွေ့နိုင်ပါတယ်။ Berman တို့လို ပညာရှင်တွေကတော့ အရပ်ဘက် အဖွဲ့အစည်း အားကောင်းတိုင်း ဒီမိုကရေစီအတွက် ကောင်းကျိုးပြုတာ မဟုတ်ဘူးလို့ နာဇီဂျာမနီကို ဥပမာပြု စောဒနာကြပါတယ်။ ဒီဂျာနယ်မှာပါတဲ့ ဒေါက်တာစိုင်းလတ်ရဲ့ဆောင်းပါး (စာ-၁၃၉ ရှု)မှာ စုဖွဲ့မှုတိုင်းဟာ မတူကွဲလွဲတာကို သည်းခံမှုစတဲ့ လစ်ဘရယ်တန်ဖိုးတွေကို အားပေးတာ မဟုတ်ဘူး၊ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် အစွန်းရောက် အန္တရာယ်ကို ဖြစ်စေတယ်ဆိုတာ မြန်မာ့ အသွင်ကူးပြောင်းရေးကာလ ဥပမာနဲ့ ထောက်ပြထားတာ တွေ့နိုင်ပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေ၊ စုဖွဲ့သင်းပင်းတွေဟာ ယုံကြည်မှု၊ အပြန်အလှန် ရိုင်းပင်းမှုစတဲ့ လူမှုအရင်းတွေကို ဖြစ်ပေါ်စေတယ်။ ဒီ လူမှုအရင်းတွေဟာ စီးပွားရေး အင်စတီးကျုးရှင်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတယ်လို့ Granovetter ၊ Piore and Sabel ၊ Walter Powell ၊ Putnam ၊ Fukuyama  စတဲ့ ပညာရှင်တွေက အခေါ်အဝေါ် အမျိုးမျိုး ကင်ပွန်းတပ်ပြီး ပြောဆိုခဲ့ကြပါတယ်။

ခု ဆက်ပြီး ဆောင်းပါးမှာ အဓိက တင်ပြချင်တဲ့ စပ်ကြားအုပ်စိုးမှု စနစ်အောက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန် အားကောင်းအောင် ဘယ်လိုအခြေခံမူ၊ ဘယ်လို မဟာဗျူဟာတွေနဲ့ လုပ်ဆောင်နိုင်မလဲ ဆိုတာ ဆွေးနွေးလိုပါတယ်။ ပထမဆုံးအနေနဲ့ မေးရမှာကတော့ အရပ်ဘက် အဖွဲ့အစည်းတွေ ပေါ်ပေါက် ရှင်သန်လာအောင် မဟာဗျူဟာမြောက် တည်ဆောက်ယူလို့ ရသလား (ဒါမှမဟုတ်) ရှည်လျားတဲ့ သမိုင်းစဉ်ဆက် တလျောက်၊ သူ့ဆိုင်ရာ လူမှုဖွံ့ဖြိုးမှုအလျောက် ရင့်ကျက် ပေါ်ထွန်းလာတာမျိုးလားဆိုတဲ့ မေးခွန်းပါ။  Putnam နဲ့ သူ့အစဉ်အလာကို ဆက်ခံတဲ့ ပညာရှင်တွေကတော့ လူမှုအရင်းအနှီး၊ ဒါနဲ့နှီးနွယ်တဲ့ အရပ်ဘက် အဖွဲ့အစည်းဆိုတာ ဖန်တီး တည်ဆောက်ယူလို့ မရဘူး။ ရှည်လျားတဲ့ သမိုင်းစဉ်ဆက် လူမှုယဉ်ကျေးမှု အသီးအပွင့်အဖြစ် ဆင့်ကဲပေါ်ပေါက်လာတာလို့ ဆိုပါတယ်။၂ အတင်း တည်ဆောက်ယူထားတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာလည်း တကယ် မခိုင်မြဲဘူးလို့ ထောက်ပြပါတယ်။  Marc Howard က ဆိုရင် ကွန်မြူနစ်စနစ်လွန် ဥရောပနိုင်ငံတွေမှာ ကွန်မြူနစ်စနစ်ရဲ့ အတိတ်အမွေဆိုးနဲ့ အစိုးရသစ်တွေက လူထုလိုအပ်ချက် မဖြည့်ဆည်းပေးနိုင်တဲ့အတွက် လူထုတွေ စိတ်အချဉ်ပေါက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေ အားနည်းကုန်တဲ့အကြောင်းကို အထောက်အထားနဲ့ သုတေသန ပြုခဲ့ပါတယ်။ ၃

အခြားတစ်ဖက်မှာတော့ အရပ်ဘက် အဖွဲ့အစည်းတွေကို တည်ဆောက်ယူလို့ ရတယ်။ တည်ဆောက်ဖို့လည်း လိုအပ်တယ်။ ပုံစံလမ်းကြောင်း မှန်မှန်ကန်ကန်နဲ့ တည်ဆောက်ရင် အောင်မြင်ခဲ့တဲ့ သာဓကတွေလည်း ရှိတယ်လို့ ပညာရှင်တချို့က ဆိုပါတယ်။ ဒီအယူအဆကို ဖော်ထုတ်သူတွေက အရပ်ဘက် အဖွဲ့အစည်းတွေကို နိုင်ငံတော်ကနေ သီးသန့် ခွဲထုတ်စဉ်းစားတာ၊ နိုင်ငံတော်နဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ရန်ဘက်အဖြစ် စဉ်းစားတာ၊ အရပ်ဘက် အဖွဲ့အစည်းနဲ့ နိုင်ငံတော် တခြိမ်းခြိမ်း ချနေကြပြီး တစ်ဖက်နဲ တစ်ဖက် သူနိုင် ကိုယ်ရှုံး စဉ်းစားတာဟာ လက်တွေ့မကျဘူးလို့ ထောက်ပြကြပါတယ်။ ၄

Fox (၁၉၉၆) ၅ က မက္ကဆီကိုနိုင်ငံက အရပ်ဘက် အဖွဲ့အစည်းတွေဟာ နိုင်ငံရေးအရ တည်ဆောက်ထားတဲ့ လူမှုအရင်းပေါ် အခြေခံ ပေါ်ထွန်းလာတယ်လို့ သူ့ရဲ့ ထင်ရှားတဲ့ စာတမ်းမှာ ရေးသားပါတယ်။ ဒီလို တည်ဆောက်ရာမှာ နိုင်ငံတော်ရယ်၊ ဒေသခံ အဖွဲ့အစည်းတွေရယ်၊ ပြင်ပ မဟာမိတ်တွေရဲ့ ပေါင်းစည်းမှုနဲ့ စုဖွဲ့ကွန်ရက်တွေ၊ အပြန်အလှန် ထောက်ပံ့ရိုင်းပင်းမှုတွေ စတဲ့ လူမှုအရင်းအမြစ် social capital တွေ တိုးပွားလာတယ်။ ဒါတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေ ပေါ်ထွန်း အားကောင်းရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို သူက နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း ဆက်စပ်ဖွဲ့နှောင် သံယောဂပြုမှု (state-society synergy) ရဲ့ ရလဒ်ဖြစ်တယ်လို့ ရေးပါတယ်။

သြဇာကြီးတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် Theda Skocpol (၁၉၉၇) ၆ ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ထွန်းကားမှုဟာ Alexis de Tocqueville တို့ (အထူးသဖြင့် သူ့ကို အာပေါက်အောင် ကိုးကားနေတဲ့ ကွန်ဆာဗေးတစ်တွေ)၊ Robert Putnam တို့ ယူဆသလို ထူးခြားတဲ့ နိုင်ငံရေးဓလေ့တွေကြောင့် ပြည်သူတွေဟာ သူတို့ဘာသာ အရပ်ဘက် အဖွဲ့အစည်းတွေ ဖွဲ့ကြ၊ တိုင်းရေး ပြည်ရေး သာရေး နာရေး ဆောင်ရွက်ကြ ဖြစ်လာတာမျိုး မဟုတ်ဘူး။ နိုင်ငံတော်က အရပ်ဘက် အဖွဲ့အစည်းတွေ ထွန်းကား အားကောင်းရေး စနစ်တကျ ကူညီပံပိုးခဲ့တာလို့ ထောက်ပြပါတယ်။ သူက ၁၈ ရာစုနဲ့ ၁၉ ရာစုအစောပိုင်း အမေရိကန်မှာ ဝေးလံခေါင်သီတဲ့ ဒေသတွေအထိ စာတိုက်စနစ် ထွန်းကားအောင် နိုင်ငံတော် (ကွန်ဂရက်လွှတ်တော်) က ပထမဆုံး ၁၇၉၂ ခုနှစ် စာတိုက်ဥပဒေကို ပြဌာန်းပေးခဲ့တယ်။ အဲဒီ ဥပဒေမှာ အစိုးရအနေနဲ့ ဆက်သွယ်ရေး နည်းလမ်းတွေအပေါ် ထိန်းချုပ်နိုင်စွမ်း ရှိတာကို အကြောင်းပြုပြီး စာတိုက်ကို ထောက်လှမ်း စောင့်ကြည့်ရေးအတွက် အသုံးမပြုရလို့ အတိအလင်း တားမြစ်ထားပါတယ်။ ဒီလို အင်စတီကျုးရှင်း ဥပဒေထုံးနည်း အကာအကွယ် ပေးရုံတင်မကဘဲ ဘဏ္ဍာငွေကြေးအရ ထောက်ပံ့ကူညီခဲ့တာ၊ သတင်းစာတွေ၊ လွတ်လပ်တဲ့ အသင်းအဖွဲ့တွေအတွက် စာတိုက်စနစ်က တစ်ဆင့် လူထုနဲ့ ဆက်သွယ် ကူးလူးခွင့် ရခဲ့တာတွေကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာခဲ့ရပုံကို Skocpol က စနစ်တကျ တင်ပြခဲ့ပါတယ်။ ၁၈၂၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ တစ်သိန်းတိုင်းမှာ စာပို့တိုက် ၇၄ ရုံးရှိပြီး၊ ဂရိတ်ဗြိတိန်မှာ လူတစ်သိန်းမှာမှ စာပို့တိုက် ၁၇ ရုံးနဲ့ ပြင်သစ်မှာ ၄ ရုံးပဲ ရှိတာကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကနဦးကတည်းက နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့ ဆက်သွယ်ရေးစနစ် ကောင်းမွန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာ အရပ်ဘက် အဖွဲ့အစည်း ထွန်းကားတာ သဘာဝကျတဲ့ အသီးအပွင့်ပဲလို့ ဆိုနိုင်ပါတယ်။  တစ်ခါ အမေရိကန် ပြည်တွင်းစစ်ကနေ ၁၉၅၀ ပြည့်နှစ်တွေအထိ အမေရိကန်အစိုးရ အဆက်ဆက်ဟာ အရပ်ဘက် အဖွဲ့အစည်းတွေ ထွန်းကားရေးကို အားပေးကူညီခဲ့တယ်၊ ပြုစု ပံ့ပိုးခဲ့တယ်၊ အရေးကြုံရင်လည်း အထူးတလည် အားကိုးခဲ့တာ တွေ့ရပါတယ်။ အမေရိကန် လယ်သမားအစည်းအရုံးတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အငြိမ်းစား လုပ်သားတွေ၊ အမျိုးသမီးအဖွဲ့တွေ စတဲ့ အရပ်ဘက်အဖွဲ့ အားလုံးလိုလိုဟာ နိုင်ငံတော်ကို တွဲချိတ်ပြီး မူဝါဒကောင်းတွေ ချမှတ်ဖို့ ဖိအားပေးတန်ပေး၊ စည်းရုံးတန် စည်းရုံးတာ၊ တစ်ခါ နိုင်ငံတော်က ပံပိုးကူညီမှုတွေပေါ် မူတည်ပြီး မိမိတို့ရဲ့ အင်အားကို ကိုယ်စားပြုမှု၊ တာဝန်ခံမှုတွေ ပိုရှိလာအောင် ချဲ့ထွင်ခဲ့တာ တွေ့ရပါတယ်။

နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်း ဆက်စပ်အကျိုးပြုမှုဟာ အပြန်အလှန်သဘော ဆောင်ပါတယ်။ နိုင်ငံတော်အတွက်လည်း အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းတဲ့အတွက် သတင်းအချက်အလက် ရရှိနိုင်တာ ဖြစ်ပါတယ်။ သတင်းအချက်အလက် မရှိရင် မူဝါဒကောင်း၊ အုပ်ချုပ်ရေးကောင်းတွေ မရှိနိုင်ဘူးဆိုတာ အသေအချာပါပဲ။ အထူးသဖြင့် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ (ဝါ) စပ်ကြား အုပ်ချုပ်မှုစနစ်တွေမှာ အင်စတီကျူးရှင်းတွေ အားနည်းနေတတ်ပြီး နိုင်ငံတော်အတွက် အချက်အလက် စီးဆင်းမှုစနစ် ချို့ငဲ့နေချိန်မှာ အရပ်ဘက် အဖွဲ့အစည်းတွေက လူထုနဲ့ နိုင်ငံတော်အကြား ပေါင်းကူးပေးတဲ့ တာဝန်ကို အဓိက ယူနိုင်ပါတယ်။

Levy (၁၉၉၉) ၇ ကတော့ ပြင်သစ်နိုင်ငံမှာ အရပ်ဘက် အဖွဲ့အစည်းတွေကို နှိပ်ကွပ်ခဲ့ပြီးတဲ့နောက် နိုင်ငံတော်အနေနဲ့ တစ်မိုးလုံး ဖျောက်ဆိတ် လွှမ်းမိုးထားတဲ့ အခန်းကဏ္ဍကနေ ပြန်ဆုတ်ချင်လာတဲ့အခါ၊ ဂျာမန်ပုံစံလို အင်အားစုအသီးသီး ပေါင်းစပ် ညှိနှိုင်းသွားချင်လာတဲ့အခါ အရပ်ဘက် အဖွဲ့အစည်းတွေက အုံဖွနဲ့ ပြန်ပေါ်လာတာ မဟုတ်တော့ အခက်တွေ့ခဲ့ရတယ်လို့ ဥပမာပေးပြီး အရပ်ဘက် အဖွဲ့အစည်းတွေကို ပြုစု ပျိုးထောင်တာဟာ နိုင်ငံတော်အတွက်ပါ အကျိုးများကြောင်း ရေးသားခဲ့ပါတယ်။

ချုပ်ပြောရရင်တော့ အရပ်ဘက် အဖွဲ့အစည်းဆိုတာ တည်ဆောက်ယူလို့ မရဘူး၊ သမိုင်းနဲ့ ယဉ်ကျေးမှုအမွေ ဆက်ခံတာပဲဆိုတဲ့ အမြင်ရယ်၊ တည်ဆောက်ယူလို့ ရတယ်၊ တည်လည်း တည်ဆောက်သင့်တယ်ဆိုတဲ့ အမြင်နှစ်မျိုးပါပဲ။ တချို့က ဒီနှစ်မျိုးစလုံး မှန်ပါတယ်၊ ကောင်းပါတယ်ဆိုတဲ့ သဘောထားမျိုးလည်း ရှိနိုင်ကြပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် ဇွတ်အတင်း ဆွဲစေ့စပ်လို့ရတဲ့ အမြင်တွေတော့ မဟုတ်ပါဘူး။ သမိုင်းနောက်ခံနဲ့ နိုင်ငံရေးဓလေ့ အမွေတွေဟာ အရေးပါ ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးရှင် အနေနဲ့ကတော့ အရပ်ဘက် အဖွဲ့အစည်းဆိုတာ နည်းမှန်လမ်းမှန်ရင် တည်ဆောက်ယူလို့ ရတယ်။ တည်လည်း တည်ဆောက်သင့်တယ် ဆိုတဲ့ အမြင်ကို ခံယူပါတယ်။ တစ်နည်းအားဖြင့် ကျမ်းရိုး လစ်ဘရယ် ယူဆချက်တွေ ဖြစ်တဲ့ နိုင်ငံတော်၊ ဈေးကွက်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို သီးသန့်စီ ခွဲထုတ် စဉ်းစားတာဟာ လက်တွေ့ အထောက်အထားတွေနဲ့ မကိုက်ညီဘူးလို့ စာရေးသူ မြင်ပါတယ်။ ဥပမာ- ဈေးကွက်ဆိုတာ သူ့ဘာသာသူ လည်ပတ်နေတာ၊ နိုင်ငံတော် ဝင်မပါလေ ကောင်းလေဆိုတဲ့ အမြင်ဟာ ခေတ်သစ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ နောက်က အမှီလိုက်ရတဲ့ နိုင်ငံတွေရဲ့ သမိုင်းအထောက်အထားအရ မမှန်ကန်ပါဘူး။ ရှေးမွန်မဆွကတည်းက ဂျာမနီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သုံးသပ်ပြခဲ့တဲ့ Gerschenkron တို့၊ တစ်ခါ အင်္ဂလန်ရဲ့ နိုင်ငံရေး ဘောဂဗေဒ အကြောင်းရေးတဲ့ Polanyi တို့၊ ဂျပန်ရဲ့ စီးပွားဖွံ့ဖြိုးမှုအကြောင်း ခြေရာကောက်တဲ့  Chalmers Johnson တို့၊ တောင်ကိုရီးယားရဲ့ နှောင်း စက်မှုဖွံ့ဖြိုးမှုအကြောင်း သုတေသနပြုတဲ့ Amsden တို့လို ပညာရှင်တွေ အားလုံးက ဈေးကွက်ဆိုတာ သူ့အလိုလို ထိန်းချုပ်လည်ပတ်ပြီး အလုပ်ဖြစ်နေတာ မဟုတ်ဘူး။ နိုင်ငံတော်က ပုံစံအမျိုးမျိုး (တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တစ်ခေတ်နဲ့ တစ်ခေတ် မတူဘဲ) ပါဝင် ပတ်သက်နေတာလို့ ရေးသားခဲ့ကြတာပါ။

အခုလည်း အရပ်ဘက် အဖွဲ့အစည်း ထွန်းကားရေးနဲ့ ပတ်သက်ရင် သူ့အချိန်တန် သမိုင်းနဲ့ နိုင်ငံရေးဓလေ့ ရင့်ကျက်လာမှဆိုပြီး သဘောထားတာထက် မှန်မှန်ကန်ကန် တည်ဆောက်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းကို ပိုစိတ်ဝင်စား တင်ပြလိုပါတယ်။ အထူးသဖြင့် စပ်ကြားအုပ်စိုးမှု စနစ်အောက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေကို သီးသန့် ခွဲထုတ်ပြီး နိုင်ငံတော်နဲ့ ရန်ဘက်အဖြစ် စဉ်းစားတာထက် ဘယ်လိုတွဲချိတ် လုပ်ဆောင်ရင်း၊ ဘယ်လို အားကောင်းအောင် လုပ်နိုင်မလဲ။ ဒီမိုကရေစီနဲ့ တိုင်းရင်းသား တန်းတူရေးကို ဘယ်လို အမြစ်တွယ် ခိုင်မာအောင် လုပ်နိုင်မလဲဆိုတာကို အဓိက တင်ပြလိုပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအခွင့်အလမ်း အခြေအနေပေးမှု political opportunity က အရေးပါ ပါတယ်။ Sidney Tarrow (၁၉၉၆) ၈ က နိုင်ငံရေး အခွင့်အလမ်းဆိုတာ လူတွေကို စုပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ မက်လုံးပေးတဲ့ နိုင်ငံရေးဝန်းကျင် အခြေအနေမျိုးကို ခေါ်တယ်။ ဒီ အားပေးအားမြှောက် အခြေအနေ ရှိ၊ မရှိပေါ် မူတည်ပြီး လူတွေကလည်း သူတို့ စုဖွဲ့လုပ်မယ့်အလုပ် အောင်မြင်၊ မအောင်မြင် တွက်ချက်ကြရတာလို့ ဆိုပါတယ်။ McAdam (၁၉၉၆) ၉ က နိုင်ငံရေး အခွင့်အလမ်းနဲ့ ပတ်သက်လို့ ဒိုင်မန်းရှင်း လေးခုကို ပြောပါတယ်။

(၁) နိုင်ငံရေးစနစ်မှာ နှိုင်းယှဉ်ချက်အရ အပွင့် (ဝါ) အပိတ် ပေါ်လာခြင်း။

(၂) တိုင်းပြည်ကို ကျားကန်ထားတဲ့ အီလစ် ခေါင်းဆောင်တွေအကြား ဆက်ဆံရေး ဟန်ချက် တည်ငြိမ်မှု၊ ညီညွတ်မှု ရှိခြင်း၊ မရှိခြင်း။

(၃) အရပ်ဘက် အဖွဲ့အစည်း (ဝါ) လူထု လှုပ်ရှားမှုတွေကို တစ်စုံတစ်ရာ ထောက်ခံမယ့် မဟာမိတ်တွေ အီလစ် ခေါင်းဆောင်တွေထဲမှာ ရှိခြင်း၊ မရှိခြင်း။

(၄) နိုင်ငံတော်မှာ ဖိနှိပ်လိုစိတ်နဲ့ ဖိနှိပ်နိုင်စွမ်း ရှိခြင်း၊ မရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီ နိုင်ငံရေး အခွင့်အလမ်း အခြေအနေပေးမှု၊ မပေးမှုပေါ် မူတည်ပြီး နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ချိတ်ဆက် လုပ်ဆောင်မှု ဖြစ်နိုင်၊ မဖြစ်နိုင် သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စပ်ကြားအုပ်စိုးမှု စနစ်တွေဟာ လုံးလုံးလျားလျား အာဏာရှင်စနစ်ထက်စာရင် နိုင်ငံရေး အခွင့်အလမ်း ပိုပေးတာမို့ နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ချိတ်ဆက်မှုကို ပိုမို တွေ့နိုင်ပါတယ်။

ဒီစာရေးသူအနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ထွန်းကားဖို့ တည်ဆောက်သင့်တယ်၊ တည်ဆောက်နိုင်တယ် ဆိုတဲ့ အယူအဆကို လက်ခံရတဲ့ နောက်အကြောင်းအချက် တစ်ခုကလည်း ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ပေါ်ပေါက် အားကောင်းလာပုံ ဖြစ်စဉ်နဲ့လည်း နီးစပ် ဆင်တူနေလို့ ဖြစ်ပါတယ်။ ခု ဆက်ပြီး မြန်မာနိုင်ငံမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပုံ လမ်းကြောင်းသုံးသွယ်ကို ဆွေးနွေးပြီး လက်ရှိ စိန်ခေါ်မှုနှစ်ရပ်ကို တင်ပြပါမယ်။

■ ပြောင်းလဲလာတဲ့ စပ်ကြားအုပ်စိုးမှုစနစ်နဲ့ အရပ်ဘက်  အဖွဲ့အစည်းများ

မြန်မာနိုင်ငံမှာ ခေတ်သစ် အရပ်ဘက် အဖွဲ့အစည်း သဘာဝနဲ့ တူညီတဲ့ စုဖွဲ့မှုပုံစံ ရှိ မရှိဆိုတာ မြန်မာ့အရေး လေ့လာသူတွေကြားမှာ ဝိဝါဒကွဲစရာ ဖြစ်နေပါတယ်။ (မင်းခင်မောင်ရင် ဆောင်းပါး၊ စာ-၅၉ ရှု) ဒီဆောင်းပါးရဲ့ ဖွင့်ဆိုချက်အပိုင်းမှာ ဆွေးနွေးခဲ့တဲ့ စုဖွဲ့ရပ်တည်ပုံ၊ လုပ်ဆောင်ချက်နဲ့ နည်းနာ လုပ်ဟန်တွေအရ တိတိပပ ဆန်းစစ်မယ် ဆိုရင်တော့ မြန်မာ့အစဉ်အလာ အရပ်ဘက် အသင်းအပင်းတွေဟာ ခေတ်သစ်ကြန်အင် (အထူးသဖြင့် နိုင်ငံရေး သဘောဆောင်တဲ့ လက္ခဏာ) မျိုးတော့ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတလျောက်မှာတော့ အနောက်တိုင်း ဥပမာတွေကို ယူပြီး စုဖွဲ့မှုတွေ လုပ်တဲ့အတွက် မြန်မာနိုင်ငံမှာ ရှင်သန်အားကောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ထွန်းကားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာတော့ အုပ်စိုးသူ အဆက်ဆက်က လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် တားမြစ် ဖိနှိပ်ခဲ့တာ တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း အရပ်ဘက် အဖွဲ့အစည်းတွေ တည်ဆောက်ပုံ ပေါ်လာပုံကို လမ်းကြောင်းသုံးသွယ်နဲ့ လေ့လာကြည့်နိုင်ပါတယ်။ ၁၀

ပထမလမ်းကြောင်း တစ်ခုကတော့ လွတ်လပ်တဲ့ လူထုလှုပ်ရှားမှုတွေ၊ စုဖွဲ့မှုတွေနဲ့ အောက်ခြေက တည်ဆောက်ယူတဲ့ အရပ်ဘက် အဖွဲ့အစည်းပုံစံ ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်နဲ့ ၈-၈-၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့ ကာလတွေမှာ စာပေဝိုင်း၊ လေ့လာရေး အစုအဖွဲ့ကစလို့ သမဂ္ဂတွေအဆုံး မြေအောက်လှုပ်ရှားမှု အဖွဲ့အစည်းတွေဟာ ဒီအောက်ခြေက တည်ဆောက်ယူတဲ့ အရပ်ဘက် အဖွဲ့အစည်းပုံစံ ဖြစ်ပါတယ်။ နိုင်ငံရေး အခွင့်အလမ်း ပိတ်နေချိန်မို့ ဒီစုဖွဲ့မှုပုံစံဟာ အထူးအကန့်အသတ် ရှိပါတယ်။ လူနည်းစုနဲ့ ကျစ်လျစ်သိုသိပ်စွာ လုပ်ဆောင်ကြရတာမို့ ပွင့်လာတဲ့ နိုင်ငံရေး အခွင့်အလမ်းကို ဆုပ်ကိုင်အောင်မြင်အောင် မလုပ်နိုင်မချင်း ထိရောက်မှုဆိုတာလည်း အကဲဖြတ်ရခက်ပါတယ်။ အထူးသဖြင့် ပြင်ပ မဟာမိတ် အကူအညီဆိုတာလည်း ရှစ်လေးလုံး အရေးတော်ပုံ နီးကပ်လာတဲ့ကာလ ဘီဘီစီ၊ ဗွီအိုအေ စတဲ့ ရေဒီယိုတွေရဲ့ သတင်းဖြန့်ချိပေးနိုင်စွမ်းကလွဲလို့ အခြား ထူးထူးခြားခြား မရှိခဲ့ပါဘူး။

ဒုတိယ လမ်းကြောင်း တစ်သွယ်ကတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြင်ပ မဟာမိတ်တွေ ချိတ်ဆက် ပူးပေါင်းပြီး အားကောင်းအောင် တည်ဆောက်ယူတဲ့ပုံစံ ဖြစ်ပါတယ်။ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်မှာ နိုင်ငံရေး အခွင့်အလမ်းဟာ ပိတ်နေဆဲပါ။ ဒါပေမဲ့ ရှစ်လေးလုံး အရေးတော်ပုံအပြီး တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ ပေါ်လာတဲ့ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ၁၉၉၀ ရွေးကောက်ပွဲအပြီး နယ်စပ်မှာပေါ်လာတဲ့ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ၊ အပစ်အခတ် ရပ်စဲရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေ၊ အမေရိကန်ပြည်ထောင်စု အခြေစိုက် FBC ခေါ် မြန်မာပြည် လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ကစလို့ နိုင်ငံအသီးသီးရှိ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့များ၊ ယခင်ကရှိခဲ့တဲ့ BBC ၊ VOA သတင်းဌာနများအပြင် DVB ၊ RFA ၊ Irrawaddy ၊ Mizzima စတဲ့ သတင်းဌာနများဟာ ပြည်တွင်း အင်အားစုများနဲ့ နည်းပေါင်းစုံ ချိတ်ဆက်၊ ငွေကြေး၊ ကျွမ်းကျင်မှုနဲ့ နည်းပညာ စတဲ့ နိုင်ငံတကာ အကူအညီတွေကို ရယူပြီး လှုပ်ရှားကြတာ တွေ့ရပါတယ်။ ဒီပုံစံရဲ့ အဓိက အားနည်းချက်ကတော့ ပြည်တွင်းမှာ နိုင်ငံရေး အခွင့်အလမ်း အကန့်အသတ် ရှိတဲ့အတွက် လှုပ်ရှားရတဲ့ခွင်ဟာ ပြည်တွင်း မြေအောက် လှုပ်ရှားသူ ယူဂျီများ၊ နယ်စပ်နဲ့ နိုင်ငံတကာ နယ်ပယ်မှာသာ အဓိက အားစိုက်နေကြတာ တွေ့ရပါတယ်။ လူထုကို တိုက်ရိုက် စည်းရုံးနိုင်ရေးမှာ အားနည်းပြီး အထူးအားဖြင့် ပြည်ပကတစ်ဆင့် ဖိအားပြန်ပေး Boomerang Effect သဘောမျိုးနဲ့ အကျိုးသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်း သန်စွမ်းအောင် တည်ဆောက်ရေးထက် လူထုလှုပ်ရှားမှုများ၊ ကမ်ပိန်းများ၊ နိုင်ငံတကာ မီဒီယာဖိအားများနဲ့ ဆိုင်တဲ့ နည်းနာ လုပ်ဟန်ဘက်ကို ကဲနေတာ တွေ့ရပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်း နောက်ပိုင်းမှာတော့ လူမှုကူညီရေးဘက် ကဲတဲ့ (အဲဒီကမှ တစ်ဆင့် တချို့ နိုင်ငံရေးဘက်ကို တဖြည်းဖြည်း ကူးလာတဲ့) အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာတာကို အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ဒီ လူမှုရေးနဲ့ ဝန်ဆောင်မှုဘက် အားသန်တဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံတော်နဲ့ အရပ်ဘက် ချိတ်ဆက် ဆောင်ရွက်မှုမှာ အရေးပါလာတာကိုလည်း တွေ့နိုင်ပါတယ်။

ဒေါက်တာ ကျော်ရင်လှိုင် ၁၁ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကို အလွတ်သဘော နိုင်ငံရေးအုပ်စုတွေရဲ့ ခေတ်လို့ခေါ်ရင် နဝတ-နအဖ ကာလကိုတော့ ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီအဖွဲ့များခေတ်လို့ ခေါ်ရမယ်လို့ ရေးသားခဲ့ပါတယ်။ ဒီစာရေးသူ အနေနဲ့လည်း ဆိုရှယ်လစ်ခေတ်က အရပ်ဘက် အဖွဲ့အစည်းပုံစံဟာ လွတ်လပ်တဲ့ လူထုလှုပ်ရှားမှုတွေ၊ စုဖွဲ့မှုတွေနဲ့ အောက်ခြေက တည်ဆောက်ယူတဲ့ ပုံစံအဖြစ် ခေါ်ဆိုပြီး နဝတ-နအဖ ခေတ်မှာတော့ ပြည်တွင်း (ဝါ) နယ်စပ်အခြေပြု အဖွဲ့တွေနဲ့ ပြင်ပမဟာမိတ် (အထူးသဖြင့် အနောက်နိုင်ငံများ၊ အာဆီယံဒေသတွင်း အတိုက်အခံပါတီများ၊ CSO များ) ချိတ်ဆက်ပြီး တည်ဆောက်ယူတဲ့ အရပ်ဘက် အဖွဲ့အစည်းပုံစံအဖြစ် သတ်မှတ်လိုပါတယ်။

တတိယ လမ်းကြောင်း တစ်ခုကတော့ နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းအောင် တည်ဆောက်တဲ့ပုံစံ ဖြစ်ပါတယ်။ ဒီပုံစံဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ စပ်ကြားအုပ်စိုးမှု စနစ်အောက်မှာ လွှတ်တော်၊ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ချိတ်ဆက် လှုပ်ရှားခဲ့ကြတဲ့ ကာလမှာ ပေါ်လွင်ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် အရေးပါတဲ့ ဖြစ်ထွန်းမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအထဲမှာ liberalization လို့ခေါ်တဲ့ ထိန်းချုပ်ထားတာတွေကို ဖြေလျှော့ပေးခဲ့တာ (နိုင်ငံရေး အကျဉ်းသားတွေ အများစု လွတ်လာတယ်၊ မီဒီယာ လွတ်လပ်ခွင့် ရှိလာတယ်၊ သင်းဖွဲ့စုရုံးခွင့် အတိုင်းအတာ တစ်ခုအထိ ရှိလာတယ်)၊ ဆက်သွယ်ရေးကဏ္ဍမှာ တန်ဖိုးနည်းဖုန်းတွေနဲ့ အင်တာနက်ကို အရပ်ဘက် အဖွဲ့အစည်းမှာ အဓိက လုပ်နေသူတိုင်း အသုံးပြုပြီး အချင်းချင်း ဆက်သွယ် ချိတ်ဆက်နိုင်တယ်။ ဒီနှစ်ချက်ပေါ် အခြေခံပြီး အရပ်ဘက် အဖွဲ့အစည်းတွေ ပိုကျယ်ပြန့်လာတယ်။ ပိုအားကောင်းလာတယ်။ တစ်ဖက်မှာ အစိုးရကလည်း လူထုထောက်ခံမှု နည်းတဲ့ (၂၀၁၀ ရွေးကောက်ပွဲ မဲ မသမာမှုတွေနဲ့ တက်လာတယ်လို့ စွပ်စွဲယူဆခံရတဲ့)အတွက် legitimacy တရားဝင်မှု အားနည်းတာကို ပြန်ဆယ်နိုင်ဖို့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်။ ဒါကြောင့် ချိတ်ဆက်မှု အားကောင်းလာတယ်။ ဇယား (၁) မှာ အရပ်ဘက် အဖွဲ့အစည်း တည်ဆောက်ပုံ လမ်းကြောင်းသုံးသွယ်ကို အကျဉ်းရုံး ပြထားပါတယ်။

ဇယား (၁)

■ မြန်မာနိုင်ငံတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ တည်ဆောက်ပုံ လမ်းသုံးသွယ်

တတိယ လမ်းကြောင်းနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ဥပမာကတော့ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေအတွင်း အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ပေါ်ပေါက်ဖို့အတွက် လွှတ်တော်၊ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ညှိနှိုင်းနှီးနှော အပြန်အလှန် တိုင်ပင်ခဲ့ကြတာပါပဲ။ ၂၀၁၃ ဇူလိုင်မှာ လွှတ်တော်က ဥပဒေကြမ်း တင်လာရာမှာ နဝတ စစ်အစိုးရလက်ထက် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ (ဥပဒေ အမှတ် ၆/၈၈)ကို မွမ်းမံပြီး အသင်းအဖွဲ့များ မှတ်ပုံတင်ရန်၊ ခွင့်ပြုချက်ယူရန် စတာတွေကို ဆက်ထည့်သွင်းထားပြီး၊ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ဆက်ထားရှိဖို့ ရည်ရွယ်ခဲ့တာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ ဆက်သွယ်ပြီး အကြိမ်ကြိမ် ဆွေးနွေးပြီး ဒီဥပဒေကို အသင်းအဖွဲ့ ဖွဲ့စည်းရေး စသဖြင့် (ထိန်းချုပ်ခွင် ကျယ်အောင်) မပြဌာန်းဘဲ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအဖြစ်သာ ကန့်သတ်ထားဖို့နဲ့ မှတ်ပုံတင်ခြင်းကို ဆန္ဒအလျောက်သာ ပြုလုပ်ခွင့်ရဖို့ ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ဥပဒေ ပေါ်ပေါက်လာတဲ့ အခါမှာ သဘောဆန္ဒအလျောက်သာ မှတ်ပုံတင်ခွင့် ရရုံသာမက ဥပဒေမူကြမ်းထဲက ပြစ်ဒဏ်တွေကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေဘက်က အထက်နဲ့ အောက်မြန်မာပြည် ကွန်ရက်တွေ အင်ပြည့်အားပြည့် ပါဝင်ခဲ့ပြီး လွှတ်တော်၊ အစိုးရတို့နဲ့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း၊ စေ့စပ်ဖြန်ဖြေမှုတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ အစောပိုင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို အလေးမပေးဘဲ နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကြား နားလည်မှု၊ ယုံကြည်မှုရပြီးကာမှ နိုင်ငံတကာ အဖွဲ့အစည်းတွေကို နိုင်ငံတကာ အတွေ့အကြုံ၊ နည်းပညာ အထောက်အပံ့နဲ့ ပြဌာန်းမယ့် ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းအညီ ဖြစ်စေရေး အကူအညီတောင်းခံခဲ့တာ တွေ့ရပါတယ်။ တကယ့်ကာလတွင်း ဦးစီးဦးဆောင်မှုကို နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကပဲ တာဝန်ယူ လုပ်ဆောင်ခဲ့တာပါ။ ဒီဥပမာကို ကြည့်ရင် ပွင့်လာတဲ့ နိုင်ငံရေး အခွင့်အလမ်းကို နှစ်ဖက်စလုံးက အားထည့်ပြီး လုပ်ခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။

ဒါပေမဲ့ ဒီဥပမာ တစ်ခုတည်းကိုပဲ ကွက်ကြည့်ပြီး စပ်ကြားအုပ်စိုးမှု စနစ်အောက်က နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအကြား အစစ ပြေလည်ပြီလို့ မဆိုနိုင်ပါဘူး။ ၂၀၁၂ နိုဝင်ဘာလ လက်ပတောင်း ကြေးနီတောင်အရေးမှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ဦးသိန်းစိန်အစိုးရက ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့တာ၊ တစ်ခါ ပညာရေးပြုပြင်ရေး တောင်းဆိုတဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ ဆန္ဒပြပွဲတွေကို ၂၀၁၅ ခုနှစ် မတ်လအတွင်း ကြမ်းကြမ်းတမ်းတမ်း နှိမ်နှင်းခဲ့တာတွေက စပ်ကြားအုပ်စိုးမှုစနစ်ရဲ့ အကန့်အသတ်တွေကို ထင်ဟပ်ပါတယ်။

အခုဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ပြည်ခိုင်ဖြိုးအစိုးရကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ကို အာဏာလွှဲတဲ့ ဒုတိယအဆင့်ကို ရောက်လာပါပြီ။ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေမှုက ရှိနေသေးတဲ့အတွက် ဒီချုပ်အစိုးရဟာလည်း စပ်ကြားစနစ်နဲ့ အုပ်ချုပ်နေရတာပါပဲ။ ဒီလို ဒီမိုကရေစီတစ်ပိုင်းစနစ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ စိန်ခေါ်မှု နှစ်ရပ်ကို ကြုံနေရပါတယ်။ ပထမ တစ်ခုကတော့ ဒီချုပ်အစိုးရဟာ (ပြည်ခိုင်ဖြိုးအစိုးရနဲ့ လုံး၀ မတူဘဲ) လူထုထောက်ခံမှုနဲ့ တရားဝင်မှု ရရှိထားတာမို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ရေးဟာ နိုင်ငံရေး လိုအပ်ချက် မဟုတ်ပါ။ တစ်ခါ အစိုးရသစ်မှာ သည်းခြေကြိုက် နိုင်ငံရေးညွှတ်ချက် ရှိတာလည်း တွေ့ရပါတယ်။ သည်းခြေကြိုက်နိုင်ငံရေး ဆိုတာကတော့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်အကြား ပေါင်းကူး ဆက်သွယ်ပေးတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ ပညာတတ်တွေ စတဲ့ ကြားခံအဖွဲ့အစည်း (mediating institutions) တွေရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး လူထုကို တိုက်ရိုက် ချဉ်းကပ်တာကို ဆိုပါတယ်။ ဒီ သည်းခြေကြိုက် နိုင်ငံရေးမှာ ဖြစ်လေ့ရှိတာက နိုင်ငံတော် အကျိုးစီးပွားနဲ့ ပြည်သူလူထု အကျိုးစီးပွားကို ထပ်တူ စဉ်းစားတာပါပဲ။ နိုင်ငံတော်ဆိုရာမှာ ခေါင်းဆောင်ရဲ့ စေတနာနဲ့ လမ်းညွှန်ချက်ဟာ ဒီ ထပ်တူကျနေတဲ့ အကျိုးစီးပွားတွေကို ဖော်ဆောင်မယ်လို့ ယုံကြည်စေတာကို ဆိုလိုပါတယ်။ နိုင်ငံတော်၊ ပြည်သူလူထုနဲ့ ခေါင်းဆောင်တွေ အကျိုးစီးပွားကြား ကတ္တားခြားတာ မရှိတော့တဲ့အတွက် နိုင်ငံတော်နဲ့ ခေါင်းဆောင်ကို ဝေဖန်တာဟာ ပြည်သူလူထုကို ဝေဖန်တာပဲ ဖြစ်သွားပါတယ်။ ရွေးကောက်ခံ အစိုးရလို့ မသုံးနှုန်းဘဲ ပြည်သူနဲ့ တသားတည်း၊ ပြည်သူ့အစိုးရဆိုတဲ့ စကားနောက် တရားပါတဲ့အခါ အစိုးရကို ဝေဖန်သူဟာ ပြည်သူ့ရန်သူဖြစ်ရော့ဆိုတဲ့ တံဆိပ်ကပ်ခံရတဲ့ဘက်ကို ရှေးရှုသွားတတ်ပါတယ်။

ဒီအခြေအနေဟာ လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် ဘေးကျပ်နံကျပ်အဖြစ်နဲ့ ကြုံရတော့တာပါပဲ။ အထင်ရှားဆုံးကတော့ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် လုပ်ကွင်းလုပ်ကွက် ဘောင်ကျဉ်းလာပါတယ်။ အစိုးရကလည်း အဲဒီဘောင်ကို ကန့်သတ်ပါတယ်။ ဥပမာ- အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တာကို ယခင် ဦးသိန်းစိန်အစိုးရက လက်ခံခဲ့ပြီး NCA စာချုပ်မှာပင် ထည့်သွင်း ဖော်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာတော့ အရပ်ဘက် အဖွဲ့အစည်းတွေကို လေ့လာသူများအဖြစ်သာ တက်ရောက်စေပြီး သီးသန့်ဖိုရမ်မှာသာ ပါဝင်ခွင့်ပြုမယ်လို့ အဆင့်လျှော့ချ သတ်မှတ်ခဲ့တာမျိုး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာရပါတီ ထိပ်တန်းခေါင်းဆောင်များနဲ့ အရပ်ဘက် အဖွဲ့အစည်းများအကြား ထိတွေ့ဆက်ဆံရေးလည်း မရှိသလောက်ပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနဲ့ ဆက်စပ်တဲ့ ဥပမာတစ်ခုကို ဆက်ပေးချင်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ အရပ်ဘက် အဖွဲ့အစည်းအလုပ်အဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို အကောင်အထည်ဖော်ခြင်းနဲ့ ပတ်သက်လို့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ကျင်းပပါတယ်။ ဆွေးနွေးပွဲကို တိုင်းနဲ့ ပြည်နယ်အသီးသီးက ထွေအုပ်တွေ၊ အစိုးရဝန်ကြီးဌာနတွေ တက်ရောက်ပြီး ဥပဒေ အကောင်အထည်ဖော်ခြင်းနဲ့ ဆက်စပ်ပြီး ဆွေးနွေးကြပေမယ့် ဖိတ်ကြားထားတဲ့ ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်မှ တက်ရောက်ခြင်း မရှိကြပါဘူး။ စီစဉ်သူတချို့ရဲ့ အဆိုအရတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတာမို့ လွှတ်တော်က ခွင့်ပြုချက် မပေးတာလို့ ဆိုပါတယ်။ တစ်ခါ ပြည်တွင်းပြည်ပ အရပ်ဘက် အဖွဲ့အစည်းတွေ ပတ်သက်တဲ့ အစည်းအဝေးတွေ၊ သင်တန်းတွေ တက်မယ်ဆိုရင်လည်း မတက်ခင် လွှတ်တော်ဥက္ကဋ္ဌထံမှ ခွင့်ပြုချက် ကြိုတင်ယူရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအချက်တွေက နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းအကြား ချိတ်ဆက် ဆောင်ရွက်ဖို့ ခက်ခဲလာနေတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ (အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အကျယ်ကို အောင်သူငြိမ်း ဆောင်းပါးတွင် ရှု၊ စာ-၉၃)

ဒါနဲ့ တစ်ဆက်တည်း ကြုံရတဲ့ အကျပ်အတည်းကတော့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒီချုပ်အစိုးရကို ဝန်းရံမလား၊ ကိုယ့်အလုပ် ကိုယ်လုပ်မလား ဆိုတဲ့ ဖိအားကို ရင်ဆိုင်နေရတာပါပဲ။ ဝန်းရံမယ် ဆိုလည်း ဘယ်လိုပုံစံမျိုး ဝန်းရံရမလဲဆိုတာ မသဲကွဲတဲ့ ပြဿနာလည်း ရှိပါသေးတယ်။ ဒီချုပ်ဘက်က လိုအပ်မှ ထအသုံးတော်ခံရတဲ့ အနေအထားလား။ ပုံမှန်တာဝန် တစ်ခုရှိနေမှာလား ဆိုတာကလည်း အရေးပါ ပါတယ်။ ဒါဟာ အသင်းအဖွဲ့တွေရဲ့ နိုင်ငံရေး ဥပဓိ identity ပြဿနာလည်း ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ အခြေခံ ဝိသေသလက္ခဏာနဲ့ နိုင်ငံရေး ဥပဓိကို လောင်းရိပ်လွတ်အောင် မထားနိုင်တော့ ရင် နိုင်ငံရေးအရ အလုပ်လက်မဲ့ ဖြစ်သွားတတ်ပါတယ်။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း) အဖွဲ့ဟာ ၂၀၁၂ နောက်ပိုင်းကစလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကို ဝန်းရံရင်းကနေ ဒီ အကျပ်အတည်းကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်မယ် ဆိုရင်လည်း အဖွဲ့တွေရဲ့ တရားဝင်မှု၊ ကိုယ်စားပြုမှုကို ပိုမေးခွန်းထုတ် ခံလာရနိုင်ချေ ရှိပါတယ်။ ဒီချုပ်အစိုးရ အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေ လက်ခံရယူမှုတွေအပေါ် စိစစ်သွားမယ်၊ ဘဏ္ဍာရေးအရ ထိန်းချုပ်မှုတွေ လုပ်လာမယ်ဆိုတဲ့ ကိစ္စကလည်း လွတ်လပ်တဲ့ အဖွဲ့အစည်းတွေအတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ တစ်ဆက်တည်းမှာပဲ အစိုးရနဲ့ ဆက်စပ်တဲ့၊ အစိုးရက မြှောက်စားတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပေါ်လာမလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုကလည်း ရှိပါတယ်။ ဥပမာ- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ပစ်ပယ်ပြီး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တွေ့ဆုံ နေရာပေး မြှောက်စားတာမျိုးဟာ အရပ်ဘက် အဖွဲ့အစည်းတွေအကြား အစိုးရလူ၊ အပြင်လူ စတဲ့ အကွဲအပြဲတွေကို ဖြစ်စေပါတယ်။

ဒါ့အပြင် စပ်ကြားအုပ်စိုးမှုအောက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေကို ဘယ်လို framing လုပ် ပုံဖော်မလဲ ဆိုတာဟာ အခွင့်အရေးရပိုင်ခွင့် တိုက်ပွဲဝင်နေသူတွေအတွက် အကျပ်ရိုက်စရာ ဖြစ်ရပါတယ်။ (အကျယ်ကို ကိုတာဆောင်းပါးရှု၊ စာ-၁၃၃)  ၂၀၁၆ ဇွန်လက ရန်ကုန်မှာ ကျင်းပတဲ့ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ Twilight over Burma: My Life as a Shan Princess ရုပ်ရှင် ပြခွင့်မရတဲ့အတွက် ပြန်ကြားဝန်ကြီးနဲ့ ဒီချုပ်အစိုးရကို အပြစ်တင်မလား၊ တပ်မတော်ကိုပဲ တိုက်ရိုက် ဝေဖန်ရမလား။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးမှာ အဓိကအကျဆုံး UPDJC ဥက္ကဋ္ဌ ဖြစ်နေတော့ ငြိမ်းချမ်းရေးမှာ ထူးမခြားနား ဖြစ်နေရင်၊ တိုက်ပွဲတွေ တခြိမ်းခြိမ်း ဖြစ်နေရင် သူ့ကို တာဝန်ခံခိုင်းမလား၊ တပ်မတော်ကိုပဲ ဆက်ဝေဖန် ပြစ်တင်မလား စသဖြင့် ဆန္ဒဖော်ထုတ်မှုမှာ ပစ်မှတ်ဟာ ဘာကို ရွေးရမှာလဲဆိုတာက လွယ်မယောင်နဲ့ ရှုပ်ထွေးလာတဲ့ကိစ္စ ဖြစ်လာပါတယ်။

တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေမှာလည်း အလားတူ ပြဿနာရှိပေမယ့် နှိုင်းယှဉ်ချက်အရ ပိုလွတ်လပ်တာ တွေ့ရပါတယ်။ အထူးသဖြင့် တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အခွင့်အရေး၊ သံယံဇာတ ဖော်ထုတ်မှု စတာတွေကို ဝေဖန်ထောက်ပြတာမျိုး လုပ်နိုင်သလို၊ ဒုက္ခသည်-ပြည်တွင်း ပုန်းရှောင်တွေအတွက် လူသားချင်း ထောက်ပံကူညီရေးတွေ လုပ်နိုင်ပါသေးတယ်။

ဒီချုပ်ရဲ့ စပ်ကြားအုပ်စိုးမှု အောက်မှာ ပထမစိန်ခေါ်မှုဖြစ်တဲ့ သည်းခြေကြိုက် လမ်းစဉ်လိုက်တဲ့ အစိုးရသစ် အနေနဲ့ လူထုထောက်ခံမှု ရှိထားတဲ့အတွက် အရပ်ဘက် အဖွဲ့အစည်းများနဲ့ ချိတ်ဆက် လုပ်ဆောင်တာကို ဦးစားပေးစရာ မလိုဆိုတဲ့သဘောကို အကျယ်ဆွေးနွေးပြီးတဲ့နောက် ဒုတိယ စိန်ခေါ်မှုဖြစ်တဲ့ အရပ်ဘက် အဖွဲ့တွေကိုယ်တိုင်ရဲ့ ကိုယ်စားပြုမှုပြဿနာ၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ပြဿနာတွေအကြောင်း တင်ပြလိုပါတယ်။

အရပ်ဘက် အဖွဲ့အစည်း အများစုဟာ မြို့ပြတွေမှာ အခြေစိုက်တာ တွေ့ရပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ စံနှုန်းမြင့်မားတဲ့ နိုင်ငံရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်တွေကို အာရုံစိုက်ပြီး လှုံ့ဆော်တာ၊ ဖိအားပေး တောင်းဆိုတာ၊ အစိုးရကို လော်ဘီလုပ် စည်းရုံးတာတွေ လုပ်ကြပါတယ်။ ဒါတွေဟာ သူ့အခြေအနေနဲ့သူ လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ဒေသတွင်း၊ ရပ်ရွာတွင်း လူထုတွေရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းရေးနဲ့ ကင်းကွာလာမယ်၊ လူထုတွေရဲ့ စိုးရိမ်မှုတွေကို မဖြေရှင်းပေးနိုင်ဘူး ဆိုရင်တော့ ဒီ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုမှုနဲ့ တာဝန်ခံမှုတွေဟာ မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။

ဒီနေရာမှာ Lily Tsai (၂၀၀၇) ၁၂ ရဲ့ တရုတ်နိုင်ငံ ခရိုင်တချို့ရဲ့ အုပ်ချုပ်ရေးမှာ အများပြည်သူ ဝန်ဆောင်မှုကို အထူးတလည် အထောက်အကူပြုတဲ့ ရပ်ရွာညီညွတ်ရေးအဖွဲ့တွေမှာ တွေ့ရတဲ့ လက္ခဏာကောင်း နှစ်ရပ်ကို တင်ပြချင်ပါတယ်။ တရုတ်ပြည်ဟာ အာဏာရှင်စနစ်အောက်မှာ ရှိနေဆဲမို့ စပ်ကြား အုပ်စိုးမှုအောက်က မြန်မာနိုင်ငံနဲ့ မတူပေမယ့် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒီလက္ခဏာ နှစ်ရပ်ကို ဆီလျော်သလို ကျင့်ကြံနိုင်မယ်လို့ ယူဆပါတယ်။ ပထမ တစ်ခုကတော့ အဖွဲ့စည်းတွေအနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှု အကျုံးဝင်မှု Encompassing နဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ ဒုတိယ တစ်ခုကတော့ ဒေသခံ အာဏာပိုင်တွေနဲ ချိတ်ဆက် စည်းနှောင်နိုင်စွမ်း Embeddedness ရှိတာပါပဲ။ ချိတ်ဆက် စည်းနှောင်နိုင်မှုဟာ ကိုယ်က အာဏာပိုင်နဲ့ လက်တွဲ လုပ်ဆောင်တာဖြစ်ပြီး၊ အာဏာပိုင်အလိုကျ ဆွဲစား အသုံးတော်ခံတာ co-optation မျိုး မဟုတ်ပါဘူး။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဥပဒေ ပေါ်ပေါက်ရေး လွှတ်တော်၊ အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်း လုပ်ကြတာဟာ Embeddedness  သဘောပါပဲ။ ဒီ့အရင်ကလည်း မြန်မာအီးဂရက်စ် ခေါ်တဲ့ ဒေသခံ ပညာတတ်တွေ ဦးဆောင်တဲ့ အရပ်ဘက် အဖွဲ့ဟာလည်း လူငယ်တွေကို သင်တန်းပေး မွေးမြူပြီး၊ မူဝါဒရေးရာတွေမှာ အဲဒီအချိန်က စစ်အစိုးရ ခေါင်းဆောင်ပိုင်းတချို့ကို (အလွတ်သဘော) ချိတ်ဆက်တာ၊ အကြံပေးတာမျိုး လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ ပြင်းထန်တဲ့ စစ်အာဏာရှင် စနစ်အောက်မှာ လှုပ်ရှားရတာမို့ မြန်မာအီးဂရက်စ်ရဲ့ လုပ်ဆောင်ချက်တွေဟာ အငြင်းပွားစရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်က အရေးပါခဲ့တဲ့ အဖွဲ့အစည်းဟာ co-optation လုပ်ခံရတဲ့ သဘော ပိုဆောင်သလား၊ embeddedness ဘက် ဆွဲခေါ်နိုင်သလား ဆိုတာကတော့ သုတေသန လုပ်ရမယ့်အရေးပဲ ဖြစ်ပါတယ်။ ပထမ လက္ခဏာဖြစ်တဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ရင်တော့ မြန်မာ့ အရပ်ဘက် အဖွဲ့အစည်းတွေမှာ လူထုတွင်း ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုကတော့ အားနည်းနေသေးပုံ ရပါတယ်။

■ ရွေးချယ်စရာများ

ဆောင်းပါးကို အချုပ်ပြန်ပြောရရင်တော့ စပ်ကြားအုပ်ချုပ်မှု စနစ်အောက် အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန် အားကောင်းဖို့ တည်ဆောက်နိုင်တယ်။ တည်ဆောက်သင့်တယ်။ ဒီလို တည်ဆောက်ရာမှာ လမ်းသွယ်အနက် နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းများ ချိတ်ဆက် လုပ်ဆောင်တာဟာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေတဲ့ ပုံစံဖြစ်တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အကြား ဆက်ဆံရေးဟာ ပြဒါးတစ်လမ်း သံတစ်လမ်း သူနိုင် ကိုယ်ရှုံး zero-sum ဖြစ်စရာ မလိုဘူး။ နိုင်ငံတော်ရဲ့ ဖိနှိပ်မှုကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေ ချည့်နဲ့ရသလို နိုင်ငံတော်ရဲ့ နေရာပေးမှုကြောင့်လည်း အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန် အားကောင်းနိုင်ပါတယ်။ နိုင်ငံတော်အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို လွတ်လပ်ပြီး ရှင်သန်အောင် အားပေးသင့်ပါတယ်။ ထိန်းချုပ်တာ၊ လူမွေးတာ၊ သွေးခွဲတာ ရှောင်ရှားသင့်ပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ကလည်း လက်ရှိ အခြေအနေမှာ အစိုးရသစ်ရဲ့အမြင်နဲ့ လုပ်ဟန်တချို့ကြောင့် အကန့်အသတ်တွေ၊ စိန်ခေါ်မှုတွေ ကြုံနေရပေမယ့်လည်း လတ်တလော နှစ်အပိုင်းအခြားကို ကျော်လွန်ပြီး ရေရှည်ကို မျှော်မြင်တဲ့ အခြေခံမူနဲ့ မဟာဗျူဟာတွေ စဉ်းစားသင့်ပါတယ်။ နိုင်ငံတော်နဲ့ ရန်ဘက်အသွင် မဟုတ်ဘဲ၊ တစ်ဖက်က မိမိတို့ အခြေခံကျင့်ဝတ်နဲ့ ကျင့်စဉ်တွေကို ထိန်းသိမ်းရင်း အခြားတစ်ဖက်က နိုင်ငံတော်နဲ့ ချိတ်ဆက် လုပ်ဆောင်ခြင်းအားဖြင့် အရပ်ဘက် အဖွဲ့အစည်း နယ်ပယ်တစ်ခုလုံး အားကောင်းစေရေးနဲ့ ဒီမိုကရေစီ၊ တိုင်းရင်းသား တန်းတူရေးတို့ အမြစ်တွယ် ခိုင်ခံ့အောင် ကြိုးပမ်းသင့်ပါတယ်။ တစ်ဖက်က ကိုယ်လုပ်စရာရှိတဲ့ လုပ်ငန်းတွေကို ဆက်လုပ်ရင်း အမျိုးသားအဆင့် နိုင်ငံရေး ပလက်ဖောင်းမှာ ဝင်ဆန့်အောင် ကြိုးစားသင့်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်သီးသန့် လုပ်ဆောင်ချက်တွေကို အမျိုးသားအဆင့် နိုင်ငံရေးပေါ်လစီ ဘောင်ဝင်အောင် ဆက်စပ်သင့်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ လုပ်ဆောင်ချက်ကို နမူနာ ပြလိုပါတယ်။ အေအေပီပီဟာ အဖွဲ့ရဲ့ လူ့အခွင့်အရေး ”မူ” တွေအတိုင်း ဝေဖန် ထောက်ပြစရာရှိရင် အစိုးသစ်ကိုလည်း ဝေဖန် ထောက်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိပ်ဖွင့်ပေးစာ ရေးပါတယ်။ တစ်ချိန်တည်းမှာ အဖွဲ့အစည်း ကြိုးပမ်းချက်တွေဖြစ်တဲ့ အကျဉ်းထောင်စနစ် ပြုပြင်ရေး၊ တရားစီရင်ရေးစနစ် ပြုပြင်ရေးတို့ကိုလည်း သီးသန့် ခွဲမထားဘဲ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အကျုံးဝင်တဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းအဖြစ် တင်ပြပြောဆိုတာ တွေ့နိုင်ပါတယ်။ တစ်ခါ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်တွေမှာလည်း လွှတ်တော်များ၊ အစိုးရအဖွဲ့ဝင်များ၊ ကျန် အရပ်ဘက် အဖွဲ့အစည်းများနဲ့ လူ့အခွင့်အရေးဆိုင်ရာ နှီးနှောဖလှယ်မှုတွေ၊ မူဝါဒရေးရာ အကြံပြုမှုတွေကို နိုင်ငံရေး အကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ဆင့်ပဲဖြစ်ဖြစ်၊ ကျန် ဆက်သွယ်ရေး လမ်းကြောင်းတွေကပဲ ဖြစ်ဖြစ် လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ ချိတ်ဆက် လုပ်ဆောင်ရာမှာ ပြည်ထောင်စုအဆင့်သာမက ဒေသအဆင့်အလိုက်၊ အကြောင်းအရာ အလိုက်လည်း ထိတွေ့ဆက်ဆံဖို့ အားထုတ်သင့်ပါတယ်။ သဘောကတော့ ကိုယ့်အလုပ်ကို ကိုယ့်မူနဲ့ကိုယ် လုပ်ရင်း အမျိုးသား (ပြည်ထောင်စု) အဆင့်၊ ဒေသအဆင့်၊ တစ်ခါ ဆိုင်ရာ နယ်ပယ်အကြောင်းအလိုက် နိုင်ငံတော်နဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ပါပဲ။ ဒီဗျူဟာကို ငြိမ်းချမ်းရေး၊ မြေယာအရေး၊ ပညာရေးစတဲ့ နယ်ပယ် အသီးသီးမှာလည်း ဆီလျော်အောင် ကျင့်သုံး နိုင်ပါတယ်။ နိုင်ငံရေး အခွင့်အလမ်း ပွင့်နေတာကို နည်းနည်းပွင့် နည်းနည်း၊ များများပွင့် များများ ပွင့်သလောက် ဆုပ်ကိုင်နိုင်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒီလို ဘက်စုံ၊ အဆင့်စုံ၊ နယ်ပယ်ကြောင်းရာစုံ ပြင်ဆင်မှုမျိုးနဲ့ ကျော်ဖြတ်မှသာ လက်ရှိ ဒီမိုကရေစီတစ်ပိုင်း စပ်ကြားအုပ်ချုပ်ရေးစနစ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီလို ပြင်ဆင်ရုံသာမက အရပ်ဘက် အဖွဲ့အစည်းတွေ ကိုယ်တိုင်က အဂတိတရား ကင်းပါမှ၊ ပွင့်လင်းမြင်သာမှု ရှိပါမှ၊ တာဝန်ခံမှု အားကောင်းပါမှ၊ ကိုယ့်အသိုက်အမြုံကို ပိုချိတ်ဆက် ကိုယ်စားပြုနိုင်ပါမှ အဓိပ္ပာယ်ပြည့်ဝစွာ ရှင်သန် အားကောင်းနိုင်မှာလည်းဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

■ မင်းဇင်

Politics of Civil Society in Hybrid Regime

by Min Zin

The article treats civil society as a dependent variable and argues that it could be constructed with proper strategies and coordination. The article analyzes three pathways through which civil society has developed in Myanmar since 1962. The first pathway is independent mobilization from below that defined the survival and activation of CSOs (in forms of underground and informal groups) in the Ne Win period (1962-1988), when political opportunities were closed. The second pathway is co-construction of civil society involving networks of exile/underground activists inside the country and external allies (especially Western campaign and advocacy groups). This pathway was the hallmark of political activism in 1991-2010. The third pathway is a strengthening of civil society, which involves increased engagement between CSOs and the state. This dynamic was a significant feature of the Thein Sein-led government’s hybrid regime (2011-2016). With the National League for Democracy led government taking office in April 2016, CSOs have faced two challenges: the populist tendency of the new government, which have marginalized mediating institutions, and the lack of effective embeddedness on the part of many CSOs within their respective communities. Despite these challenges, the article argues that CSOs should pursue the third pathway of state-civil society synergy, and it also offers strategic recommendations to achieve this goal.

■ စာညွှန်း

၁  မင်းဇင်သည် Institute for Strategy and Policy: Myanmar မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။

၂  Putnam, Leonardi, & Nanetti, 1993

၃  Howard, 2002

၄  Schwartz & Pharr, 2003

၅  Fox, 1996

၆  Skocpol, 1997

၇  Levy, 1999

၈  Tarrow, Sidney, 1998

၉  McAdam, 1996

၁၀  ဒီ သုံးသပ်ချက်ကို Jonathan Fox (1996) ရဲ့ လူမှုအရင်း တည်ဆောက်ပုံကို နမူနာယူ ပြုလုပ်ပါတယ်။

၁၁  Kyaw Yin Hlaing, 2004, p. 408

၁၂  Tsai, 2007

■ ကျမ်းကိုးစာရင်း

Fox, J. (1996). How does civil society thicken? The political construction of  social capital in rural Mexico. World Development, 24(6), 1089–1103.

Howard, Marc Morjé. (2002). The Weakness Of Postcommunist Civil Society.  Journal of Democracy 13.1 pp. 157-169.

Kyaw Yin Hlaing. 2004. “Burma: Civil Society Skirting Regime Rules.” In Alagappa, Muthiah, ed. 2004. Civil Society and Political Change in Asia: Expanding and Contracting Democratic Space. p. 408.

Levy, J. D. (1999). Tocqueville’s revenge: State, society, and economy in contemporary France. Cambridge, MA: Harvard University Press.

McAdam, D. (1996). “Conceptual Origins, Current Problems, Future Directions.” In McAdam and et al, ed. 1996. Comparative Perspectives on Social Movements. Cambridge.

Putnam, R. D., Leonardi, R., & Nanetti, R. (1993). Making democracy work:  Civic traditions in modern Italy. Princeton, NJ: Princeton University  Press.

Tsai, L. L. (2007). Accountability without democracy: Solidary groups and public goods provision in rural China. New York, NY: Cambridge University Press.

Tarrow, S. (1998). Power in Movement. Cambridge: Cambridge University  Press

Schwartz, F. & Pharr, S. J., (2003). The State of Civil Society in Japan. Cambridge: Cambridge University Press.

Skocpol, T. (1997). The Tocqueville problem: Civic engagement in American democracy. Social Science History, 21(04), 455–479.

About the author

Min Zin

Min Zin is a founding member and the executive director of the Institute for Strategy and Policy - Myanmar, which is an independent, non-partisan, and non-governmental think tank, which promotes democratic leadership and strengthen civic participation in Myanmar. He is a PhD candidate in Travers Department of Political Science at University of California, Berkeley. Min Zin is a comparative political scientist who studies civil-military relations, democratization, contentious politics, ethnic conflicts and civil war with a focus on Myanmar and Southeast Asian countries. Min Zin’s writings appear in Journal of Democracy, Journal of Current Southeast Asian Affairs, Social Research: An International Quarterly, Contemporary Southeast Asia, Georgetown Journal of International Affair and many edited books. He serves as country analyst of Myanmar for several research foundations including Freedom House, and he is also a fellow of Legatum Institute. Min Zin took part in Burma’s democracy movement in 1988 as a high school student activist, and went into hiding in 1989 to avoid arrest by the junta. His underground activist-cum-writer life lasted for nine years until he fled to the Thai-Myanmar border in August 1997. Min Zin writes for The Foreign Policy Magazine, The New York Times, and other media outlets.

Add comment

Institute for Strategy and Policy – Myanmar