Institute for Strategy and Policy – Myanmar

စပ်ကြား အုပ်ချုပ်ရေးများနှင့် လူမှု လူ့အဖွဲ့အစည်း အရှေ့တောင်အာရှဒေသတွင်း နှိုင်းယှဉ်လေ့လာ ဆန်းစစ်ချက်

■ ဂျွန် ဗျူခန်နန် ၁

တပ်မတော်ဟာ အသွင်ယူ ဒီမိုကရေစီစနစ် တစ်ရပ်ကို ကူးပြောင်းမှုမှာ အောင်အောင်မြင်မြင်နဲ့ကို ဦးဆောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မကြာသေးမီက NLD က ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ အစိုးရကတော့ စပ်ကြား အုပ်ချုပ်ရေးစနစ် တစ်ခုကို ကိုယ်စားပြုပြန်ပါတယ်။ စပ်ကြား အုပ်ချုပ်ရေးဟာ ဒီ The Myanmar Quarterly မဂ္ဂဇင်းရဲ့ ပထမဦးဆုံး issue မှာ ပင်မ အယူအဆ အဖြစ်နဲ့ တင်ပြသွားမယ့် အယူအဆ တစ်ရပ်ပါ။ စပ်ကြား အုပ်ချုပ်ရေးဆိုတဲ့ ဝေါဟာရဟာဆိုရင် ဒီမိုကရေစီစနစ်ရဲ့ အခြေခံအချက်တွေ ဖြစ်တဲ့ ရွေးကောက်ပွဲလို အချက်တွေ ပါဝင် ဖွဲ့စည်းထားသလို၊ နိုင်ငံရေးမှာ အရင်ကရှိခဲ့တဲ့ အာဏာရှင်စနစ်ဆီက ပါဝင် ပတ်သက်ဖူးသူတွေ အနေနဲ့ သူတို့ရဲ့ သြဇာအာဏာကို ဆက်လက် ကိုင်စွဲထားနိုင်စွမ်းတွေကိုပါ ယှဉ်တွဲ ရပ်တည်နေတဲ့ အုပ်ချုပ်မှုပုံစံ တစ်ရပ်ကို ရည်ညွှန်းခြင်းလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရရင် ဒီမိုကရက်တစ် နိုင်ငံရေးစနစ်တွေကို လေ့လာရာမှာ ရှိရင်းစွဲ လုပ်ထုံးလုပ်နည်းတွေရဲ့ တည်ရှိမှု၊ မရှိမှုကို လိုက်ပြီး ဆုံးဖြတ်ကြတဲ့ သူတွေရဲ့ အကောက်အယူမျိုးကနေ ကြည့်မယ်ဆိုရင် စပ်ကြား အုပ်ချုပ်ရေးတွေဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးလို့ ပြောနိုင်တဲ့ လက္ခဏာနဲ့ လုပ်ထုံး လုပ်နည်းတွေ ရှိနေပါတယ်။ ဒီအထဲမှာ ဒေသဆိုင်ရာနဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေအတွက် ရွေးကောက်ပွဲတွေ ကျင်းပပေးတာမျိုးတွေ ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ၊ စပ်ကြား အုပ်ချုပ်ရေးတွေမှာ လွန်ခဲ့တဲ့ အာဏာရှင် စနစ်ကနေ အမွေခံ ဆင်းသက်လာတဲ့ လက္ခဏာရပ်တွေလည်း ရှိနေပြန်ပါတယ်။ ၇၅%သော လွှတ်တော် အမတ်တွေဟာ ပြည်သူက ရွေးချယ်တာ ဆိုပေမယ့်၊ တပ်မတော်ကတော့ ကျန်တဲ့ ၂၅%ကို တိုက်ရိုက် တင်မြှောက်ခွင့် ရှိနေတာမျိုးပါ။ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့ ပြဋ္ဌာန်းချက် တချို့ကနေတစ်ဆင့် သူတို့ရဲ့ အာဏာကို ထိန်းသိမ်းထားနိုင်စွမ်း ရှိနေသေးပြီး၊ အရပ်ဘက် စောင့်ကြည့်မှုကနေ ကင်းလွတ်ပြီး သူတို့စိတ်ကြိုက် လှုပ်ရှားနိုင်နေတုန်းပါပဲ။ ဒီလို ဒီမိုကရေစီ ပြည်ဖုံးကား အဖွင့်ကာလမှာ အပြန့်ကျယ်လွန်းလှတဲ့ ကိစ္စရပ်များမြောင်အတွက် အရပ်ဘက် လူမှုလူအဖွဲ့အစည်းတွေအဖို့ အစိုးရသစ်နဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်ရေး အားထုတ်မှုတွေမှာ အောင်မြင်မှုက အရောရော အထွေးထွေး ဖြစ်နေဆဲပါပဲ။

အာဏာရှင် လက်အောက်မှာ ကာလရှည် နေထိုင်လာခဲ့ကြတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဒီမိုကရေစီ ပြည်ဖုံးကားအဖွင့်ကို ရောက်တဲ့အချိန်ကျရင် စပ်ကြားနိုင်ငံရေးစနစ်နဲ့ ကြုံရတတ်တာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ထိုင်းနိုင်ငံမှာဆိုရင် ၁၉၇၃ ကနေ ၁၉၇၆ အကြား ဒီလိုကာလကို ဖြတ်သန်းခဲ့ရသလို၊ လူထုအာဏာ လှုပ်ရှားမှုက သမ္မတ မားကို့စ်ကို ဖယ်ရှားခဲ့တဲ့ ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်၊ ဆူဟာတို ပြုတ်ကျပြီး ၁၉၉၈ မှာ ကြုံခဲ့ရတဲ့ အင်ဒိုနီးရှားရဲ့ အခြေအနေတွေက ဒီကိစ္စနဲ့ ပတ်သက်လို့ သက်သေ ထူပေးနေပါတယ်။

အခု ဆောင်းပါးဟာဆိုရင် စပ်ကြား အုပ်ချုပ်ရေးစနစ်တွေ မကြာခဏ ပေါ်ထွန်းတတ်တဲ့ အရှေ့တောင်အာရှဒေသရဲ့ အထက်မှာ ဆိုခဲ့ပြီးတဲ့ ဖြစ်စဉ်သုံးရပ်ကို လေ့လာ ဆန်းစစ်ပြီး၊ စပ်ကြား အုပ်ချုပ်ရေးအစိုးရတွေနဲ့ CSO တွေအကြား ဘယ်လို ဆက်ဆံရေး ရှိကြတယ် ဆိုတာကို လေ့လာသွားမှာ ဖြစ်ပါတယ်။ အာဏာရှင် အုပ်ချုပ်ရေးရဲ့ အစောပိုင်း ကာလတွေမှာ အစိုးရရဲ့ ဖိနှိပ်မှုတွေသည် CSO တွေရဲ့ လှုပ်ရှားမှုတွေကို အတားအဆီးတွေ ဖြစ်စေခဲ့တယ်ဆိုတာ ဒီဖြစ်စဉ် ၃ ရပ်မှာ မြင်ခဲ့ရပါတယ်။ အာဏာရှင် အုပ်ချုပ်ရေးတွေကနေ စပ်ကြား အုပ်ချုပ်ရေးတွေကို ပြောင်းလဲလာချိန်မှာတော့ CSO  တွေအဖို့ လှုပ်ရှားနိုင်စွမ်းတွေ ပွင့်လင်းလာပြီး၊ အပြောင်းအလဲကို ထောက်ပံ့ တွန်းအား ပေးနိုင်လာကြပါတယ်။ နိုင်ငံရေး ပွင့်လင်းလာမှုတွေဟာ CSO တွေ အကြားမှာ မျှော်လင့်ချက်တွေကို တိုးမြင့်လာစေပြီး၊ အစိုးရနဲ့ ချိတ်ဆက်ပြီးတော့ သူတို့လိုလားတဲ့ ကိစ္စတွေကို တိုးမြှင့် လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေလည်း ပိုရလာပြီး၊ အရေးပါတဲ့ ကိစ္စတွေကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ စပ်ကြား အစိုးရတွေနဲ့ CSO တွေအကြား ဆက်ဆံရေးမှာ စပ်ကြား အစိုးရတွေအနေနဲ့ CSO  တွေ ကို အချို့သော ကိစ္စတွေမှာပဲ ပတ်သက် ပေါင်းစည်း လုပ်ဆောင်ကြပြီး၊ အချို့ကိစ္စတွေမှာ ပါဝင် ပေါင်းစည်းတာမျိုး မရှိတာလည်း ဖြစ်တတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ နိုင်ငံရေး ဆောင်ရွက်ချက်တွေကို တိုက်ရိုက် ပါဝင် ပတ်သက်နိုင်ဖို့ အစိုးရနဲ့ ချိတ်ဆက်ရာမှာ အစိုးရရဲ့ထောက်ပံ့မှုကို ထိထိရောက်ရောက် နှိုးဆော်နိုင်တာမျိုး မရှိတာမျိုးကိုလည်း CSO တချို့မှာက အဆင်မပြေတာမျိုး ကြုံရပြန်ပါတယ်။ ဒီဆောင်းပါးဟာ နိုင်ငံတော် နဲ့ လူမှုအဖွဲ့အစည်းတွေအကြား ဆက်ဆံရေး ပုံစံတွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တဲ့ စပ်ကြားအစိုးရ ပုံစံကို ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ ပြဿနာတွေ၊ အရေးကိစ္စတွေကို စူးဆန်း လေ့လာသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ အချိန်ကာလအလိုက် အစီအစဉ်နဲ့ အစဉ်လိုက် လေ့လာကြည့်ပါမယ်။ ၁၉၇၃ ခုနှစ်မှာ ဘန်ကောက်မှာရှိတဲ့ လူ သန်းတစ်ဝက်လောက်ဟာ အင်မတန် ကြီးမားတဲ့ လူထုလှုပ်ရှားမှုကြီးကို ပါဝင်ခဲ့ကြပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ နောက်ပိုင်းမှာ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီ ကန့်လန့်ကာအဖွင့်ကို ကြုံခဲ့ရပါတယ်။ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ လူသုံးဦးဟာ သုံးနှစ်အတွင်းမှာ ဝန်ကြီးချုပ်ရာထူးကို ယူခဲ့ကြပါတယ်။ ဒီ နိုင်ငံရေး ပွင့်လင်းမှုဟာ လက်ယာယိမ်းအဖွဲ့တွေက သမ်မားဆက် တက္ကသိုလ်မှာ ကျောင်းသားတွေ အကြမ်းဖက်ခံရတဲ့ လှုပ်ရှားမှုကြီး ပေါ်ပေါက်စေခဲ့ပြီး၊ နိုင်ငံရေးပြင်ပ ရောက်နေတဲ့ စစ်တပ်က အာဏာကို ပြန်ရယူခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ဆိုရင်လည်း သမ္မတ ဖာဒီနန်မားကို့စ်ရဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးသွားဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု၊ ရွေးကောက်ပွဲ မသမာမှုအတွက် ကြိုးပမ်းမှု၊ ဖိလစ်ပိုင် တပ်မတော်အတွင်းက သိသိသာသာကို တင်းမာလာမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ ဆန္ဒပြလှုပ်ရှားမှုကြီးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ”ဒီဖြစ်စဉ်တွေက ဒီမိုကရေစီ ပွင့်လင်းမှုတွေကို ဦးတည်သွားပြီး ကော်ရာဇွန်အကွီနိုကို သမ္မတအဖြစ် တင်မြှောက်နိုင်လိုက်ပါတယ်။ သမ္မတ အကွီနိုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ကြေညာခဲ့ပြီး၊ မီဒီယာထိန်းချုပ်မှု ဥပဒေတွေကို ဖယ်ရှားပေးခဲ့ သလို၊ အရပ်သား လွတ်လပ်ခွင့်တွေကိုလည်း ပြန်လည် ဖော်ဆောင်ပေးခဲ့တာလို့ ပြုပြင်ပြောင်းလဲရေးတွေကို ဦးတည်တဲ့ ခြေလှမ်းတွေကို လှမ်းနိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားမှာတော့ ဆူဟာတိုရဲ့ အာဏာသစ် အစီအစဉ် အုပ်ချုပ်ရေးကာလဟာ ၁၉၆၅ ကနေစပြီး၊ ၁၉၉၈ ခုနှစ်မှာ ဇာတ်သိမ်းသွားပါတယ်။ ဆူဟာတိုရဲ့ အာဏာရှင် စနစ်ဟာ သူ့ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်ရလာချိန်မှာ ကာလရှည် စီးပွားရေး အကျပ်အတည်းကြောင့်  သူ့ကို ထောက်ခံကြတဲ့ အမာခံတွေထဲမှာ အဖွဲ့တွေ ကွဲထွက်ကုန်တာကြောင့်လည်း ဖြစ်ပါတယ်။ ဆူဟာတိုအလွန် အစောပိုင်း ကာလတွေမှာတော့ ဆူဟာတိုရဲ့ မိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဘီဂျေဟာဘီဘီ (၁၉၉၈-၁၉၉၉) အစိုးရ၊ နောက်တစ်ခါ အဖွဲ့ဝင် သန်းလေးဆယ် ရှိပြီး အင်မတန် အားကောင်းတဲ့ အစ္စလာမ်မစ် လူမှုရေးလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ နာဒယ်တူလ်ယူလာမာအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ အာဘ်ဒူရာမင် ဝါဟစ် (၁၉၉၉-၂၀၀၁) တို့က အစိုးရအဖွဲ့ကို အသီးသီး ဦးဆောင်ခဲ့ကြပါတယ်။ ဆူဟာတိုအလွန် အုပ်ချုပ်ရေးဟာ အစ ကနဦးပိုင်းမှာ စပ်ကြားအုပ်ချုပ်ရေးရဲ့ လက္ခဏာတွေ အများအပြား ရှိခဲ့ပါတယ်။ အစောပိုင်းမှာ လွှတ်တော်ရဲ့ ၂၀% ကို စစ်တပ် ကိုယ်စားလှယ်တွေက နေရာယူထားပါတယ်။

ဒီမိုကရက်တစ် ပွင့်လင်း လွတ်လပ်မှုတွေဟာ CSO တွေကို သူတို့ မျိုသိပ်ထားရတဲ့ မကျေနပ်ချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်ဖို့ အနည်းငယ် အနေချောင်တဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပေးပါတယ်။ ဒီဖြစ်စဉ်တွေမှာဆိုရင် CSO တွေဟာ ကိစ္စရပ် တော်တော်များများနဲ့ ပတ်သက်ပြီး စေ့ဆော်မှုတွေ လုပ်လာနိုင်ခဲ့ကြပါတယ်။ ဒီလို စေ့ဆော်မှုတွေထဲမှာဆိုရင် စီးပွားရေးဆိုင်ရာ မညီမျှမှုကို ဦးတည်တဲ့ တိုက်ဖျက်တဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး ပေါ်လစီတွေလည်း ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေးစနစ်ရဲ့ သုံးနှစ်တာ ကာလအတွင်းမှာ CSO တွေ ပေါ်ပေါက်လာခဲ့ပြီး၊ ကိစ္စရပ် တော်တော်များများအတွက် အပြန့်ကျယ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်လာဖို့ အစဉ်တစိုက် စေ့ဆော်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာဆိုရင် CSO တွေရဲ့ လှုပ်ရှားမှုတွေ ထင်ထင်ရှားရှား ပေါ်ပေါက်လာတဲ့ ဥပမာကောင်းပါ။ CSO အချို့ဟာ သူတို့ ထောက်ခံ အားပေးနေတဲ့ ကိစ္စတွေမှာ အာရုံစိုက်မှုတွေ ရလာအောင် ဆန္ဒပြပွဲတွေလိုမျိုး အငြင်းပွားစရာ နိုင်ငံရေး လှုပ်ရှားမှုတွေကိုတောင် လုပ်လာခဲ့ပါတယ်။ ဒီကာလအတွင်းက ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ယုံကြည်လောက်တဲ့ လေ့လာမှုတစ်ခုရဲ့ အဆိုအရ အသစ်ပေါ်ထွန်းလာတဲ့ ဖိအားပေးရေး အဖွဲ့ပေါင်း ၂၆၄ ဖွဲ့ဟာ ၁၉၇၃ ကနေ ၁၉၇၆ ခုနှစ်တွေအကြား ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂ အလုပ်သမား သမဂ္ဂတွေက အနိမ့်ဆုံးလစာ တိုးမြှင့်ရေးအတွက် တောင်းဆိုခဲ့ကြသလို၊ လယ်သမားသမဂ္ဂတွေကလည်း လယ်ပိုင်ရှင်တွေ၊ ငွေတိုးချေးသူတွေက သူတို့ဆီကနေ သိမ်းယူထားတဲ့ လယ်မြေ တွေကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့ပြီး၊ စိုက်ပျိုးစားရိတ် ချေးငွေတွေ ပြန်ဆပ်ရဖို့ကို ဆိုင်းငံ့ပေးတာလိုမျိုး စိုက်ပျိုးရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသား အဖွဲ့အစည်းတွေကလည်း အပြောင်းအလဲတွေအတွက် စေ့ဆော် စည်းရုံးရာမှာ ပါဝင်ခဲ့ပြီး၊ ကဏ္ဍ အတော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရေး လုပ်နိုင်ဖို့ ဖိအားတွေ ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလိုပဲ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတွေမှာလည်း CSO အဖွဲ့တွေ ပိုမို ကျယ်ပြန့်လာခဲ့တဲ့ အတွေ့အကြုံတွေ ရှိလာပြီး၊ အစိုးရနဲ့ ထိစပ်မှုလည်း ပိုမို များပြားလာပါတယ်။

စပ်ကြား အုပ်ချုပ်ရေးတွေရဲ့ နိုင်ငံရေးဟာ မတူညီတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေအကြား အင်အား ချိန်ခွင်ညှိခြင်းလည်း ပါဝင်ပါတယ်။ ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ အာဏာရှင်စနစ်တုန်းက ပါဝင်ခဲ့သူတွေရဲ့ ထောက်ခံမှုကို ထိန်းထားနိုင်ဖို့ လိုသလို၊ လူထု ထောက်ခံမှုရအောင် ဆောင်ရွက်ဖို့လည်း တစ်ချိန်တည်းမှာ လိုအပ်လာနေပါတယ်။ ဒီမဂ္ဂဇင်းရဲ့ စကားဦး မိတ်ဆက်မှာ လာရီဒိုင်းမွန်းက ထောက်ပြခဲ့သလိုပဲ၊ အာဏာရှင်စနစ်ကို ကာလရှည် ဆန့်ကျင်ခဲ့သူတွေဟာ သူတို့ကိုယ်တိုင် အာဏာရလာချိန်မှာ အာဏာရှင်ဝါဒအပေါ် တိမ်းညွတ်မှုအချို့ကို နိမိတ်ပြလာတာမျိုးလည်း ရှိတတ်ပါတယ်။ အရှေ့တောင်အာရှဒေသရဲ့ စပ်ကြား အုပ်ချုပ်ရေးတွေမှာ ရွေးကောက်ခံ ခေါင်းဆောင်တွေဟာ လစ်ဘရယ်ဝါဒကို ဆန့်ကျင်တဲ့ တိမ်းညွတ်မှုတွေကို ကျင့်သုံး လာတတ်ပြီး၊ CSO တွေက လက်ခံထားတဲ့ လမ်းကြောင်းအတိုင်း အမြဲတစေ ကျင့်သုံးရင်း ချိတ်ဆက် ပေါင်းစည်းနိုင်ခဲ့တယ်တော့ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီ အစိုးရတွေမှာရော၊ ဒီမိုကရေစီ မဟုတ်တဲ့ အစိုးရတွေမှာပါ ရှိနေတဲ့ ပြဿနာပါ။ ဖိလစ်ပိုင်မှာဆိုရင် သမ္မတ မားကို့စ်အနေနဲ့ အမေရိကန်ကို ထွက်ပြေးသွားတုန်းမှာ ငွေကြေးတွေ အမြောက်အမြား ခိုးယူသွားတယ်ဆိုတာကို ဖွင့်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဝင်ငွေ ပွင့်လင်းမြင်သာမှုရှိရေး ကိစ္စဟာ အင်မတန် အရေးပါတဲ့ နိုင်ငံရေးကိစ္စတစ်ခု ဖြစ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စပ်ကြားအုပ်ချုပ်ရေး ကာလအတွင်း မားကို့စ်ကို ဆန့်ကျင်ခဲ့ကြသူတွေ အာဏာရလာချိန်မှာလည်း အကျင့်ပျက်ခြစားမှု ရေချိန်ဟာ ဆက်လက် မြင့်မားနေခဲ့တာပါပဲ။

ဒီဖြစ်စဉ်တိုင်းကို ကြည့်မယ်ဆိုရင် လူမှုလူ့အဖွဲ့အစည်းတွေရဲ့ စည်းရုံးလှုံ့ဆော်မှုဟာ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အစပျိုး ပျိုးထောင်ပေးမှုတွေမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့တယ် ဆိုတာကို မြင်ရပါလိမ့်မယ်။ အထူးသဖြင့်တော့ ကျောင်းသား အဖွဲ့အစည်းတွေဟာ အရှေ့တောင်အာရှရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ တပ်ဦးကနေ ပါဝင်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားတို့မှာ ဆိုရင် ဒီမိုကရေစီ ပွင့်လင်းလာမှုတွေဟာ လူထု ပူးပေါင်းပါဝင်မှုရှိတဲ့ နိုင်ငံရေးကို ပိုမို ခွင့်ပြုပေးခဲ့ပြီး၊ ပေါ်လစီ ဖန်တီးမှုမှာ နိုင်ငံရေး ပါဝင်လှုပ်ရှားသူ သစ်တွေကို ပိုမိုထိတွေ့နိုင်ခွင့် ပေးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီနိုင်ငံတွေက တပ်မတော်တွေဟာလည်း နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ ကဏ္ဍတွေကနေ ဆက်လက် ပါဝင်နိုင်ခဲ့ပြီး၊ လွှမ်းမိုးမှုသြဇာရှိတဲ့ နိုင်ငံရေး ပါဝင်ဆောင်ရွက်သူတွေ အနေနဲ့ ဆက်လက် တည်ရှိနေခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အရေးမှာဆိုရင် ဒီမိုကရေစီ ပွင့်လင်းလာမှုရဲ့ အပြောင်းအလဲဟာ လူအများ ပါဝင်ပူးပေါင်းခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့တာကနေ တွန်းတင် ပေးလိုက်တာကြောင့် ဖြစ်ပါတယ်။ ပထမတပ်မတော်ရဲ့ ပထမတပ်မကြီးက ဘန်ကောက်အခြေစိုက် တပ်မှူးကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကရစ်သီဝရက ကျောင်းသားတွေ ဦးဆောင်တဲ့ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖြိုခွဲရာမှာ ဆန္ဒပြသူတွေကို အကာအကွယ်ပေးခဲ့ရာကနေ ထိုင်း တော်ဝင်တပ်မတော်အတွင်း အကွဲအပြဲတွေ ဖြစ်လာပြီး၊ ဒီဆန္ဒပြပွဲတွေကို ဖြိုခွဲဖို့ အမိန့်ပေးရာမှာ အဓိက ဦးဆောင်သူတွေဖြစ်တဲ့ သန်နွမ်ခေတ္တီကခရွန်၊ ဖရာဖက်ချာရူစသီရန်နဲ့ နာယောင်ခေတ္တီကခရွန် အာဏာရ စစ်တပ်ဂိုဏ်းက ခေါင်းဆောင်သူတွေကို အာဏာကနေ လက်လွှတ်စေဖို့ ဖြစ်လာစေခဲ့ပါတယ်။ စစ်တပ်ရဲ့ အစောပိုင်း နိုင်ငံရေးက နောက်ဆုတ်ပေးမှုဟာ သူတို့အနေနဲ့ တပ်ကို ဆက်လက် လွှမ်းမိုးပြီး၊ အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်လုပ်နိုင်ဖို့နဲ့ တပ်တွင်း အာဏာပြိုင်ပွဲတွေမှာ အသာစီး ရနိုင်ဖို့ လိုအပ်ချက်ကြောင့် နောက်ဆုတ်ပေးသင့်တယ်ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ အတွက်အချက်ကြောင့် ဖြစ်လာရတာပါ။

ဘယ်လိုပဲပြောပြော၊ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပွင့်လင်းလာမှုက ၁၉၇၆ ခုနှစ်မှာ ချေနင်း ခံလိုက်ရပါတယ်။ ၁၉၇၆ ခုနှစ် အောက်တိုဘာ ၁၄ မှာဖြစ်ခဲ့တဲ့ သမ်မားဆက် တက္ကသိုလ်မှာ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ကွန်မြူနစ်တွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ခြင်း ဖြစ်တယ်ဆိုတဲ့ ပုံဖျက်အကြောင်းပြမှုကို လက်ယာယိမ်း အဖွဲ့တွေက အသုံးချခဲ့ရင်း စစ်တပ်က အာဏာကို ပြန်သိမ်းလိုက်ပါတယ်။ ၁၉၇၆ နှစ်လယ်ပိုင်းမှာ ဗိုလ်ချုပ်ကြီးကရစ် သေဆုံးသွားတာကလည်း အရေးပါတဲ့ ဗီတိုရ ပုဂ္ဂိုလ်တစ်ဦးကို ဖယ်ထုတ် လိုက်နိုင်ခဲ့သလိုပါပဲ။ သူသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် စစ်တပ်အနေနဲ့ အာဏာပြန်ယူမှုမှာ အတားအဆီး ဖြစ်ခဲ့ကောင်း ဖြစ်နေခဲ့မှာပါ။

ဖိလစ်ပိုင်မှာ တုန်းကတော့ ဖိလစ်ပိုင် တပ်မတော်ရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုက မအောင်မြင်ခဲ့ပေမယ့် နောက်ဆက်တွဲ ဆန္ဒပြပွဲတွေကိုတော့ အရှိန်မြှင့်ပေးလိုက်သလို ဖြစ်သွားစေပါတယ်။ မနီလာမြို့တော်မှာ ဗိုလ်ချုပ်ကြီး ဖီဒယ်ရာမို့စ်က ဆန္ဒပြသူတွေနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာက ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုမှာ အင်အားမျှခြေကို ပြောင်းလဲသွားဖို့ အဓိက ကျခဲ့တာပါပဲ။ ဒါပေမဲ့ မားကို့စ် အဆုံးသတ်သွားမှုဟာ မကြာခဏဆိုသလိုပဲ လူထုအာဏာ လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းရဲ့ အချိတ်အဆက်လို့ ပြောကြတာ ရှိပါတယ်။ အရပ်သား အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုကြောင့် ဖြစ်လာရတဲ့ အာဏာချိန်ခွင်လျှာ အပြောင်းအလဲဟာ ဖိလစ်ပိုင် တပ်မတော်အတွင်း အကွဲအပြဲကို ဖြစ်လာစေတယ် ဆိုတာကို အသိအမှတ်ပြုထားမိဖို့ အင်မတန် အရေးကြီးပါတယ်။

အကွီနိုအစိုးရဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး ဖိလစ်ပိုင် တပ်မတော်အပေါ်မှာ အရပ်သား လွှမ်းမိုးနိုင်မှုကို အတော်များများ ပေးအပ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်က ဖိလစ်ပိုင် နိုင်ငံရေးမှာ အရေးပါတဲ့ ပါဝင်လှုပ်ရှားသူ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါသေးတယ်။ အကွီနို အစိုးရအနေနဲ့ စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ၇ ကြိမ် တိုင်တိုင် ရင်ဆိုင်ခဲ့ရပါတယ်။ CSO တွေဆီကနေ အဓိက မကျေနပ်ချက်က ဖိလစ်ပိုင် တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ မားကိုစ့် လူဟောင်းတွေ ဖြစ်တဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို အကွီနိုက ဖယ်ရှားပစ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ပါ။ အင်ဒိုနီးရှားမှာတော့ တပ်မတော်ဟာ ဆူဟာတိုနဲ့ ဝေးဝေးနေပြီး၊ မူဆလင်နိုင်ငံရေး အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်တာဟာ ဆူဟာတို အလွန်၊ စပ်ကြား အုပ်ချုပ်ရေးတစ်ရပ် ပေါ်ပေါက်လာဖို့ အရေးကြီးတဲ့ အကြောင်းအရင်း ဖြစ်လာပါတယ်။

CSO တွေဟာ ပင်ကိုသဘာ၀ အားဖြင့် သဘောထား ပျော့ပျောင်းသူတွေ ဖြစ်ကြတယ်လို့ ယေဘုယျ အကောက်အယူတစ်ခု ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ရှာရီဘာမန် ၃ က ဒီအခြေအနေဟာ အမြဲတမ်းတော့ မမှန်ဘူးလို့ ငြင်းချက် ထုတ်ထားတာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလ ဥရောပရဲ့ အတက်ကြွဆုံးသော လူမှုလူ့အဖွဲ့အစည်းတွေထဲက တစ်ခုကို လေ့လာ ဆန်းစစ်ရင်းကနေ တွေ့ရှိလာရတဲ့ အချက်ကို ကိုင်စွဲပြီး သူက အဲဒီလိုပြောတာ ဖြစ်ပါတယ်။ သူ့အဆိုအရ ဝိုင်မာ နိုင်ငံတော်လက်အောက်က ဂျာမနီဟာ အားကောင်းတဲ့ လူမှုလူ့အဖွဲ့အစည်းဆိုပေမယ့် နာဇီလှုပ်ရှားမှုကို ပျိုးထောင်ခဲ့တဲ့ အကြောင်းအရင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှမှာရှိတဲ့ လက်ယာယိမ်းအဖွဲ့တွေ အတော်များများကို CSO တွေလို့ ပြောလို့ရနိုင်ပါတယ်။ ဒီအဖွဲ့တွေဟာ လူမှုရေး ပြုပြင်ပြောင်းလဲလိုသူတွေ၊ အိုင်ဒီယာသစ်တွေ၊ လစ်ဘရယ် အိုင်ဒီယာတွေကို ဖော်ဆောင်လိုသူ အဖွဲ့တွေနဲ့အတူ စပ်ကြား အုပ်ချုပ်ရေးတွေအောက်က လူမှုအဖွဲ့အစည်းတွေမှာ လွှမ်းမိုးနိုင်တဲ့သူတွေ ဖြစ်လာကြပါတယ်။ ဥပမာအားဖြင့် ကျေးရွာ ကင်းထောက်အဖွဲ့၊ ကျွဲနီအဖွဲ့နဲ့ နဝပွန် (အားသစ်) အဖွဲ့တွေဟာ လက်ယာယိမ်းအဖွဲ့တွေ ဖြစ်ကြပြီး၊ ၁၉၇၃ ကနေ ၇၆ အကြား စပ်ကြား အုပ်ချုပ်ရေးကာလမှာ ပေါ်ပေါက်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားရေး အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။ ပျောက်ကျား ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊  ကေတိဝီသူဘိက္ခု ဟာဆိုရင် သူဟာ နဝပွန်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ အတိအလင်း ကြေညာခဲ့ပြီး၊ ထိုင်းနိုင်ငံတော်၊ ဗုဒ္ဓဘာသာနဲ့ ထီးနန်းကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် လက်ဝဲယိမ်းတွေနဲ့ ကွန်မြူနစ်တွေကို သတ်ဖြတ်တာကို အားပေးရမယ်လို့ ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ပညာရှင်လေ့လာသူ အတော်များများကတော့ ဒါကို ငြင်းချက်ထုတ်ပါတယ်။ အဲဒီကာလအတွင်းက ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ နိုင်ငံရေး အသွင်ဆောင်မှုဟာ ပိုမို တိုးပွားလာခြင်းက ဒီကာလရဲ့ အမွေအနှစ်တွေထဲက တစ်ခုဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ ၅

ဒီဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် လူမှုလူ့အဖွဲ့အစည်းတွေနဲ့ စပ်ကြား အုပ်ချုပ်ရေးတွေရဲ့အကြား ဆက်ဆံရေးဟာ ကွဲလွဲပြောင်းလဲမှု အမျိုးမျိုးရှိနေပြီး၊ မေးစရာ မေးခွန်းတွေလည်း အများကြီး ရှိနေတယ်ဆိုတာ တွေ့ပါမယ်။ ပထမတစ်ခုက CSO တွေရဲ့ မျှော်လင့်ထားချက်တွေကို ပြည့်မီအောင် လုပ်နိုင်ဖို့ အစိုးရမှာ စိန်ခေါ်မှုတွေ ရှိနေတာပါ။ တစ်ချိန်တည်းမှာပဲ၊ စပ်ကြားအုပ်ချုပ်ရေးတွေက ခေါင်းဆောင်တွေဟာ အရင်ခေတ်က ကျန်ခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အကျိုးစီးပွားတွေကို အားမျှခြေရှိစေဖို့ ထိန်းညှိပေးနေရသေးတာပါပဲ။ ဒီလို အခြေအနေမျိုးမှာ၊ အခြေအနေတွေဟာ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိန်းချုပ်နိုင်ဖို့ ဦးဆောင်ခေါ်သွားတဲ့ အခြေအနေမျိုးတွေ မဟုတ်ကြပါဘူး။ အရင်အာဏာရှင်ခေတ်က ကျန်ခဲ့တဲ့ အစုအဖွဲ့တွေက အာဏာကို ဆက်ထိန်းထားနေတုန်းပါပဲ။ စပ်ကြား အစိုးရတွေ ကြုံရတဲ့ နောက်ထပ်ပြဿနာက ပြီးခဲ့တဲ့ အာဏာရှင်ခေတ်တုန်းက သူတို့ အာဏာတည်မြဲရေးအတွက်နဲ့ CSO တွေကို အသက်ရှူကျပ်အောင် ဖိနှိပ်ထားတဲ့ အင်မတန် ပြင်းထန်တဲ့ ဥပဒေတွေကို ပြန်လည်ပြီး ဥပဒေရေးရာ ပြုပြောင်းလဲရေးတွေ လုပ်နိုင်ရေးပါ။

နောက်ထပ် မေးခွန်းတစ်ခုက လူမှုလူ့အဖွဲ့အစည်းတွေနဲ့ စပ်ကြားအုပ်ချုပ်ရေးတွေကြား ဆက်ဆံရေးဟာ အင်စတီကျူးရှင်းတွေလိုမျိုး အဖွဲ့အစည်းမူဘောင် ပုံစံတွေကို အပြောင်းအလဲ ဖြစ်စေသလား၊ ဒါမှမဟုတ် နိုင်ငံရေးဆိုင်ရာမှာ အပြောင်းအလဲ ဖြစ်စေသလား ဆိုတာပါ။ ပုံမှန်အားဖြင့် ဒီ ဆက်ဆံရေးမျိုးက နှစ်ဖက်စလုံးကို သက်ရောက်မှု ရှိသယောင်ပါပဲ။ ဂျနီဖာဖရန်ကိုကတော့ ဖိလစ်ပိုင်က ဖြစ်စဉ်ကို ထောက်ပြပြီး၊ စပ်ကြား အုပ်ချုပ်ရေးတွေနဲ့ CSO တွေအကြား ဆက်ဆံရေးဟာ ဖွဲ့စည်းပုံ အစီအစဉ်တွေကိုသာလျှင် အပြောင်းအလဲ ဖြစ်စေရုံမကပဲ၊ မူဘောင် အစီအစဉ်တွေကိုပါ ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။ ၄ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲ စက်ဝန်းတွေဟာ အစိုးရနဲ့ ဆက်သွယ်နိုင်ဖို့ CSO တွေကို လမ်းကြောင်းတွေ ဖော်ပေးပါတယ်။ ဂျနီဖာရဲ့လေ့လာမှုအရ အစိုးရနဲ့ CSO တွေရဲ့ ဆက်ဆံရေးတွေဟာ အဖွဲ့အစည်းမူဘောင်အရ သပ်သပ်ပဲ မဟုတ်ပဲ ရွေးကောက်ပွဲ စက်ဝန်းသစ် ပြောင်းလဲရင် နိုင်ငံရေးအရလည်း လိုက်ပါ ပြောင်းလဲတယ် ဆိုတာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေကို လေ့လာရင်းကနေ နောက်ထပ် မေးခွန်းတွေ ထွက်လာစေတာက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနဲ့ ပတ်သက်လို့ပါ။ အထူးသဖြင့် စပ်ကြား အုပ်ချုပ်ရေးတွေနဲ့ သဘောသဘာ၀ အတွင်းမှာ ပေါ်ပေါက်လာတဲ့ ဆက်ဆံရေး အခြေအနေတွေနဲ့ စပ်ကြားအစိုးရတွေနဲ့ လူမှုလူ့အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးရေချိန်တွေကို လိုက်ပြီးတော့ ပေါ်ထွက်လာတဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဆိုင်ရာ မေးခွန်းတွေပါ။ ဒီဖြစ်စဉ်တွေဟာ စပ်ကြားအုပ်ချုပ်ရေး အစိုးရတွေမှာ ဖြစ်တတ်တယ် ဆိုတာကို သတိထားမိနေဖို့ အရေးကြီးပါတယ်။ သူတို့ ပေါ်ပေါက်လာတဲ့ အခြေအနေတွေဟာ အမြဲတစေတော့ တူညီမှု ရှိမနေနိုင်ပါဘူး။ ထိုင်းမှာ၊ အင်ဒိုနီးရှားမှာ၊ ဖိလစ်ပိုင်မှာ၊ စပ်ကြားအုပ်ချုပ်ရေးတွေ ပေါ်ပေါက်လာခြင်းဟာ မမျှော်လင့်တဲ့ ရိုက်ခတ်မှုတွေ၊ အကွဲအပြဲတွေက အရေးပါတဲ့ နေရာက ပါခဲ့သလို၊ နိုင်ငံရေး အင်အားစုတွေအတွင်း သဘောတူညီမှု အသစ်တွေကို ဖော်ဆောင်ပေးမယ့် တွန်းအားသစ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာရဲ့ နိုင်ငံရေးအဖွင့်ဟာ အခုလတ်တလော လှမ်းလာခဲ့တဲ့ ခြေလှမ်းတွေသည် တပ်မတော်က ဦးဆောင်ခဲ့တာပါ။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးရဲ့ မတူညီတဲ့ ပုံစံတွေဟာ စပ်ကြားအစိုးရတွေနဲ့ CSO တွေအကြား ဆက်ဆံရေး ပုံစံတွေကို နားလည်နိုင်ဖို့အတွက် ဆက်လက် လေ့လာရမယ့် အစိတ်အပိုင်းအဖြစ် ကျန်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

(ဤဆောင်းပါးအား Giacomo က  မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)

Hybrid Regimes and Civil Society:

Comparative Analysis from within Southeast Asia

By John Buchanan

This article examines the relationship between hybrid regimes and civil society organizations (CSOs) through a survey of hybrid regimes, which have emerged in Southeast Asia after long periods of authoritarian rule. The cases considered are Thailand from 1973 to 1976, the period after the “People’s Power” movement vanquished President Marcos from the Philippines in 1986 and Indonesia following the downfall of Suharto in 1998.

The article examines several patterns of interaction between hybrid regimes and CSOs. One dynamic is that the expectations by many CSOs that they would succeed in engaging with the government in a time of more open politics were often not met. Hybrid regimes engaged with CSOs on some issues, but not others. The influence of members of the previous ruling coalitions often continued to wield influence and blocked demands by CSOs. The article also shows that not all CSOs operating under hybrid regimes were “inherently benign.” The Thai case involved the emergence of Nawaphon, a right-wing movement led by members of the Buddhist clergy. Nawaphon is an example of an organization that can also be considered part of civil society. The article also shows that the engagement between CSOs and hybrid regimes are not only reflective of institutional arrangements and politics, but also can change in accordance with electoral cycles. The article concludes by raising questions about the factors that account for the emergence of a hybrid regime and the influence of these circumstances on the relationship between hybrid regimes and CSOs.

■ စာညွှန်း

၁ John Buchanan သည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ၏ ဆက်သွယ်ရေး ဒါရိုက်တာ ဖြစ်သည်။

၂  Morell & Chaianan Samudavanija, 1981, p 151

၃  Sheri Berman, 1997

၄  Morell & Chai’anan Samudavanija, 1981, p. 247-249.

၅  Franco, J., 2004, p.97

■ ကျမ်းကိုးစာရင်း

Berman, S. (1997). Civil Society and the Collapse of the Weimar Republic. World Politics, 49(3), 401-429.

Morell, D. & Chaianan Samudavanija. (1981). Political Conflict in Thailand: Reform, Reaction, Revolution. Cambridge, Mass: Oelgeschlager, Gunn & Hain.

Franco, J. (2004). The Philippines Fractious Civil Society and Competing Visions of Democracy. In Alagappa, M., ed. Civil Society and Political Change in Asia: Expanding and Contracting Democratic Space. Stanford, Calif: Stanford University Press.

About the author

John Buchanan

John Buchanan is the Director of Research at the Institute for Strategy and Policy - Myanmar. He is also a PhD Candidate in the Department of Political Science at the University of Washington in Seattle, Washington. John’s fields of study include international relations, comparative politics and Southeast Asia. His research interests include Southeast Asian politics, civil-military relations, state formation, conflict and its relationship to natural resources. John has written reports and articles in several publications. He is the co-author of Developing Disparity - Regional Investment in Burma’s Borderlands, which was published by the Transnational Institute. He recently authored Militias in Myanmar, which provides background on Myanmar’s complex systems of militias and their roles in conflict and society. John is from the United States and has lived in Southeast Asia for over a decade.

Add comment

Institute for Strategy and Policy – Myanmar