Institute for Strategy and Policy – Myanmar

အကြမ်းမဖက် တော်လှန်ရေးများ၊ အာဏာရှင်နိုင်ငံများရှိ ပြည်သူ့အာဏာ လှုပ်ရှားမှုများအကြောင်း

အကြမ်းမဖက် တော်လှန်ရေးများ

(အာဏာရှင်နိုင်ငံများရှိ ပြည်သူ့အာဏာ လှုပ်ရှားမှုများအကြောင်း)

Unarmed Insurrections: People Power Movements in Nondemocracies. Kurt Schock. Minneapolis, MN:  The University of Minnesota Press, 2005. 228 Pages.

အာကာဟိန်း ၁

၁၉၈၀ ပြည့်နှစ်များ မတိုင်မီ အချိန်အထိ အကြမ်းမဖက် လှုပ်ရှားမှုဟု ဆိုလိုက်ရင် အများအားဖြင့် နိုင်ငံရေးအရ ရင့်ကျက်ပြီးနိုင်ငံများ တစ်နည်းအားဖြင့် ဒီမိုကရေစီနိုင်ငံများ (ဥပမာ- ၁၉၆၀ တစ်ဝိုက်တွင် အမေရိကန်နိုင်ငံ၌ ပေါ်ပေါက်ခဲ့သော လူမည်းအခွင့်အရေး လှုပ်ရှားမှု) တွင်သာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဆိုပြီး ပညာရှင်အများစုက အမှတ်သညာ ပြုကြသည်။ အခု လက်ရှိအချိန်အထိ သေနတ်ပြောင်းဝမှာရှိတဲ့ အာဏာကို လူထုစွမ်းအား (People Power) နဲ့ တကယ်တမ်း ရယူနိုင်ပါ့မလား ဆိုသည်ကို ကျောင်းဝင်းထဲက ပညာရှင်တွေသာမက လမ်းပေါ်က လှုပ်ရှား တက်ကြွသူတွေပါ မေးခွန်းထုတ်ခဲ့ကြ၊ ထုတ်နေဆဲ ဖြစ်သည်။ သို့သော် အမေရိကန်နိုင်ငံ ရပ်ဂျာတက္ကသိုလ် (Rutger University) မှ လူမှုရေး သိပ္ပံပါမောက္ခ ကာတ်ရှော့ခ်ကမူ အကြမ်းမဖက် လှုပ်ရှားမှုများသည် ဒီမိုကရေစီ မဟုတ်သည့် အာဏာရှင် နိုင်ငံများ၌လည်း မတရားမှု ဖိနှိပ်ချုပ်ချယ်မှုတို့ကို တွန်းလှန် ဖယ်ရှားရာတွင် အောင်မြင်မှုများ ရှိကြောင်း ၎င်း၏စာအုပ်တွင် အကျယ်တဝင့် ထောက်ပြထားသည်။ တစ်နည်းအားဖြင့် အကြမ်းမဖက် လူထုအားသည် သေနတ်အား၊ တုတ်အား၊ စွမ်းအားရှင်အား တို့ထက် စွမ်းကြောင်းကို ကာတ်ရှောခ့်က အခိုင်အမာ ပြောထားသည်။ သို့သော် အကြမ်းမဖက် တော်လှန်ရေးတိုင်း အောင်မြင်သည်တော့ မဟုတ်။ မည်ကဲ့သို့သော အကြမ်းမဖက် လှုပ်ရှားမှုများက အောင်မြင်နိုင်ပြီး မည်သို့သော အကြမ်းမဖက် လှုပ်ရှားမှုများက ကျဆုံးနိုင်သည်ကို စာရေးသူ ကာတ်ရှော့ခ်က  မြန်မာအပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် အကြမ်းမဖက် လှုပ်ရှားမှု ခြောက်ခုအား သုတေသနပြုကာ ယင်းစာအုပ်တွင် လေ့လာ သုံးသပ်ပြထားသည်။ စာအုပ်တွင် ဖော်ပြထားသော အောင်မြင်ခဲ့သည့် လှုပ်ရှားမှုများမှာ တောင်အာဖရိကနိုင်ငံ အသားအရောင် ခွဲခြားဖိနှိပ်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု၊ ဖိလစ်ပိုင်နိုင်ငံ မားကို့စ်အစိုးရကို ဖြုတ်ချခဲ့သော လူထုအာဏာ (People Power) လှုပ်ရှားမှု၊ ၁၉၉၀ ပြည့်နှစ်များတွင် နီပေါနိုင်ငံ ဘုရင်စနစ်ကို တွန်းလှန်ခဲ့သည့် လှုပ်ရှားမှု၊ ၁၉၉၁ ခုနှစ်တွင် ထိုင်း အာဏာသိမ်း စစ်အစိုးရအား ဆန့်ကျင် တွန်းလှန်ခဲ့သော ဒီမိုကရေစီရေး လှုပ်ရှားမှု စသည်တို့ ဖြစ်သည်။ မအောင်မြင်ခဲ့သော လှုပ်ရှားမှုများမှာတော့ မြန်မာ့ ၈ လေးလုံး အရေးတော်ပုံနှင့် ၁၉၈၉  တရုတ်ပြည် တီအန်နန်မင်ရင်ပြင်၌ ကျောင်းသားလူငယ်တွေ ဦးဆောင် လှုပ်ရှားခဲ့သော ဒီမိုကရေစီအရေး လှုပ်ရှားမှုတို့ ဖြစ်သည်။

အကြမ်းမဖက် လှုပ်ရှားမှုတစ်ခု၏ အောင်မြင်မှုသည် အကျပ်အတည်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်လာရင် ဘယ်လောက်ထိ ခံနိုင်ရည်ရှိသလဲ (resilience) နှင့် ဘယ်အတိုင်းအတာထိ အစိုးရကို တွန်းအားပေးနိုင်လဲ (leverage) တွေပေါ် မူတည်ပြီး ရလဒ်တွေ အမျိုးမျိုး ထွက်နိုင်သည်ဟု ပါမောက္ခ ကာရှောခ့်က ဆိုထားသည်။ တစ်နည်းအားဖြင့် အကြမ်းမဖက် လှုပ်ရှားမှုအားလုံး မထိရောက်ဘူး၊ မအောင်မြင်ဘူးဆိုပြီး ဝါးလုံးရှည်ရမ်းပြီး ပြောနေသည်ထက် ဘယ်လိုမျိုး အကြမ်းမဖက် လှုပ်ရှားမှုတွေဟာ ထိရောက်မှုရှိသလဲ ဆိုတာကို ကာရှောခ့်က ယင်း၏ စာအုပ်တွင် လေ့လာသုံးသပ် တင်ပြထားသည်။   ကာရှောခ့် အလိုအရ မြန်မာနှင့် တရုတ်နိုင်ငံတွေမှာ အကြမ်းမဖက် တော်လှန်ရေးတွေ မအောင်မြင်ဘဲ ကျဆုံးသွားရသည့် အကြောင်းရင်းတွေကတော့ ရေရှည်မှာ ကိုယ်ခံအားနည်းပြီး အုပ်ချုပ်သူ အစိုးရတစ်ရပ်ရဲ့ အာဏာတည်မြဲမှုကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်လို့ ဖြစ်သည်။ သို့ရာတွင် ဤ စာအုပ်သည် သမိုင်းဆိုင်ရာ အချက်အလက်တွေကို အခြေခံထားတဲ့ သုတေသနတစ်ခု ဖြစ်သည်။ အထူးသဖြင့် အခြား သမိုင်းသုတေတီများ ရေးထားသော စာအုပ်စာတမ်းများ (secondary source) အပေါ်တွင် အခြေခံပြီး နှိုင်းယှဉ် သုံးသပ်ထားသည့်အတွက် ယခုစာအုပ်သည် သီအိုရီပိုင်းဆိုင်ရာ တွေးစရာသာမက သမိုင်းဆိုင်ရာ အငြင်းပွားစရာများလည်း ပါပေသည်။ အထူးသဖြင့် မြန်မာ့ ရှစ်လေးလုံး အရေးတော်ပုံနှင့် ပတ်သက်သည့် အချက်အလက်များ ဖြစ်သည်။ (ဤစာအုပ် သုံးသပ်သူသည် မြန်မာ့ခေတ်သစ်သမိုင်းကို တခြားနိုင်ငံ သမိုင်းများနှင့်စာရင် ပိုမို တီးမိခေါက်မိ ရှိသည့်အတွက် ယခုစာအုပ် သုံးသပ်ချက် ဆောင်းပါးတွင် မြန်မာပြည်အကြောင်းကိုသာ ထည့်သွင်း ရေးသားပါသည်။) စာအုပ်တွင် ဖိလစ်ပိုင် People Power လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပြီး ကာတ်ရှော့ခ်မှ ထောက်ပြထားသည့် တစ်ချက်မှာ မြန်မာ့ ရှစ်လေးလုံး လှုပ်ရှားမှုသည် ရှိပြီးသား အင်စတီကျူးရှင်းအတွင်းမှသာ (၈ လေးလုံးအပြီး ၁၉၉၀ ရွေးကောက်ပွဲကို ရည်ညွှန်းလျက်) တစ်နည်းအားဖြင့် တရားမဲ့ အစိုးရတစ်ရပ်မှ ပေးထားသော ဘောင်အတွင်းတွင်သာ ပြောင်းလဲမှုရအောင် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။ ဖိလစ်ပိုင် ပြည်သူ့အာဏာ လှုပ်ရှားမှုမှာမူ ရှိပြီးသား အင်စတီကျူးရှင်း အတွင်းတွင်သာမက အပြင်ကပါ (ရွေးကောက်ပွဲတွင် ဝင်ရောက်သည်သာမက လမ်းမပေါ်ကနေ လှုပ်ရှားမှု အမျိုးမျိုးဖြင့် မားကို့စ်အစိုးရကို တွန်းအားပေးခဲ့သည်ကို ရည်ညွှန်းလျက်) နည်းလမ်းပေါင်းစုံနှင့် ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံခဲ့သည်ဟု ကာရှော့ခ်ကဆိုသည်။ ဤစာရေးသူသည် မိမိကိုယ်တိုင် ယင်းအရေးတော်ပုံတွင် ပါဝင်ခဲ့ခြင်း မရှိပါ။ သို့သော် အရေးတော်ပုံတွင် ပါဝင်ခဲ့သူ တချို့နှင့် အခြား အရေးတော်ပုံအကြောင်း ထဲထဲဝင်ဝင် သိရှိသူများမှ ထိုအချက်ကို အငြင်းပွားကောင်း ပွားပေလိမ့်မည်။ ဆိုလိုသည်မှာ အထက်တွင် ဆိုခဲ့သည့်အတိုင်း သမိုင်းတွေကို အခြေခံပြီး လေ့လာ သုံးသပ်ထားတဲ့ (historical analysis) သုတေသန စာပေတွေမှာ ဖြစ်လေ့ဖြစ်ထရှိသည့် သဘောပေ။ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်ပြီး ထောက်ပြစရာများ  ရှိနိုင်သော်လည်း အခုစာအုပ်တွင် တင်ပြထားသည့် အကြမ်းမဖက် လှုပ်ရှားမှုကို နှိုင်းယှဉ် သုံးသပ်ထားသည့် theoretical framework သည် ရှိပြီးသား လူမှုလှုပ်ရှားမှု သီအိုရီများကို ပိုမိုပြီး ပြည့်စုံစေရန် ပါမောက္ခ ကာတ်ရှောခ့်က ကွက်လပ်ဖြည့် ပေးထားသည့် သဘောရှိသည်။

ဤစာအုပ်ကို ဖတ်ပြီး ဒီမိုကရေစီ မထွန်းကားသည့် အရပ်တို့တွင် အကြမ်းမဖက် လှုပ်ရှားမှုကို ထိရောက်စွာ အသုံးချနိုင်ကြောင်းကို ခွဲထွက်ပြီး တွေးနိုင်ရန်သာ ရည်ရွယ်ကြောင်း ပါမောက္ခ ကာတ်ရှောခ့် ကိုယ်တိုင်က နိဂုံးတွင် ဆိုထားသည်။ ထို့ကြောင့် ဒီစာအုပ်သည် လမ်းမပေါ်က လှုပ်ရှားတက်ကြွသူများအတွက် တက်ကျမ်း (manual) တစ်ခု မဟုတ်သာတော့ သေချာသည်။ သို့သော် အရေးအသားနှင့် တင်ပြပုံ ရှင်းလင်းပြေပြစ်လှသည့် နိုင်ငံရေးသိပ္ပံ စာအုပ်ကောင်း တစ်ခုဖြစ်သည့်အပြင် လူမှုှုလှုပ်ရှားမှုများ (social  movements) တွေအကြောင်း စိတ်ဝင်စားသည့် သူတွေအတွက် တွေးစရာ၊ ငြင်းစရာများ ပေးနိုင်မည့် ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်ကောင်း တစ်အုပ်လည်း ဖြစ်ပေသည်။

အာကာဟိန်း

Book Review

In this book, Kurt Schock seeks to explain why some unarmed movements against non-democratic governments are successful while others are suppressed by the state.  He focuses on six cases, of which four are successful cases of movements in undemocratic countries, namely resistance to apartheid in South Africa, resistance to Marcos in the Philippines, challenges to the monarchy in Nepal in 1990, and challenges to military rule in Thailand in 1991. In contrast, the pro-democracy movement in Burma in 1988 and the Tiananmen Square democracy movement in China in 1989 were brutally cracked down. The success of these non-violent movements was the result of the resilience of the protesters in the face of repression in order to leverage the state into withdrawal. While Schock’s argument may expand theoretical discussions on non-violent moments, their application remains ambiguous due to the abundant use of secondary sources in explaining the case studies.

■ စာညွှန်း

၁  အာကာဟိန်းသည် အမေရိကန်ပြည်ထောင်စု North Western တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာဖြင့် ဘွဲ့ရရှိခဲ့သော သုတေသီ တစ်ဦးဖြစ်သည်။

About the author

Arkar Hein

အာကာဟိန်းသည် အမေရိကန်ပြည်ထောင်စု North Western တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာဖြင့် ဘွဲ့ရရှိခဲ့သော သုတေသီတဦး ဖြစ်သည်။

Add comment

Institute for Strategy and Policy – Myanmar