Institute for Strategy and Policy – Myanmar

စပ်ကြားအုပ်စိုးမှုစနစ် နိုင်ငံများ၏ ဆန္ဒပြမှု၊ နိုင်ငံရေးနှင့် ကွန်မြူနစ်အလွန် ရုရှားနိုင်ငံ၏ လူထုသဘောထား ကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းပုံ

စပ်ကြားအုပ်စိုးမှုစနစ် နိုင်ငံများ၏ ဆန္ဒပြမှု၊ နိုင်ငံရေးနှင့် ကွန်မြူနစ်အလွန် ရုရှားနိုင်ငံ၏ လူထုသဘောထား ကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းပုံ

“The politics of protest in hybrid regimes: managing dissent in post-communist Russia, Graeme Robertson. New York, Cambridge University Press, 2011.”

ဆုမွန်သဇင်အောင် ၁

ဒီဆောင်းပါးဟာ ပါမောက္ခ ဂရေမီရိုဘင်ဆန် (Graeme Robertson) ရဲ့ “The politics of protest in hybrid regimes : managing dissent in post-communist Russia, New York, Cambridge University Press, 2011.” စာအုပ်ကို ပြန်လည် သုံးသပ်ထားတာ ဖြစ်ပါတယ်။ ရိုဘင်ဆန်ရဲ့ ဒီစာအုပ်ဟာ သုတေသန နယ်ပယ်ခြင်း တူညီတဲ့ အခြား သုတေသနကျမ်းတွေနဲ့ ယှဉ်ကြည့်ရင် ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် နဂိုရှိရင်းစွဲ စာအုပ်အတော်များများမှက သီအိုရီကို အသားပေးတာ၊ ဆွေးနွေးချက်တွေကို အားပြုထားတာ၊ အမြင်ဖော်ထုတ်ချက်တွေကို အလေးပေးတာတွေအပေါ် အခြေခံကြတာ များပါတယ်။ ရိုဘင်ဆန်ရဲ့ ဒီသုတေသန စာစောင်မှာတော့ အာဏာရှင် နိုင်ငံတွေအနေနဲ့ အာဏာကို ဆက်လက် တည်မြဲနေအောင် ဘယ်လို ထိန်းသိမ်းထားတယ်ဆိုတာကို လေ့လာတဲ့ ရှိရင်းစွဲ Regime Sustainability သီအိုရီတွေနဲ့ အချက်အဆက်မိမိ တင်ပြထားပြီး၊ အချက်အလက် အများအပြားကို ဆီလျော် အားကောင်းတဲ့ အထောက်အထားတွေအဖြစ်နဲ့ စနစ်တကျ တင်ပြထားပါတယ်။ ဒါ့အပြင် ရိုဘင်ဆန်ရဲ့ လေ့လာချက်ဟာ လူထုဆန္ဒပြမှုတွေကို ဖားတစ်ပိုင်းငါးတစ်ပိုင်း စပ်ကြား အာဏာရှင်နိုင်ငံတွေက (Hybrid Regimes) ဘယ်လိုမြင်တယ်ဆိုတဲ့ ရှုထောင့်ကနေ တင်ပြထားတာလည်း ဖြစ်ပါတယ်။

ရိုဘင်ဆန်က စပ်ကြားအာဏာရှင်စနစ် (Hybrid Regimes) ဟာ တင်းပြည့် အာဏာရှင်စနစ် (Closed Autocracies) နှင့် လွတ်လပ်တဲ့ လစ်ဘရယ် ဒီမိုကရေစီစနစ် (Liberal Democracies) နှစ်မျိုးကြားမှာ ရှိတယ်လို့ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ပြပါတယ်။ သူ့ရဲ့ အဓိက ဆွေးနွေးချက်ကတော့ ရွေးကောက်ပွဲ နိုင်ငံရေး သဘောတရား (Election Politics) နှင့် လမ်းပေါ်ထွက် နိုင်ငံရေး (Street Politics) အထူးတလည် ချိတ်ဆက်မှု ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီဆက်နွယ်မှုဟာ အာဏာပိုင်တွေအနေနဲ့ လမ်းပေါ်ထွက်နိုင်ငံရေးကို ထိန်းချုပ်ဖို့အတွက် အကြောင်းတစ်ခု ဖြစ်ကောင်း ဖြစ်နေစေပါတယ်။ အာဏာရှင် ခေါင်းဆောင်တွေဟာ သူတို့ရဲ့အာဏာ တည်မြဲဖို့အတွက် မိမိတို့ ခေါင်းဆောင်ပိုင်းအတွင်းမှာ အချင်းချင်း ထိန်းချုပ်မှုရှိစေရန် သာမက လူထုဆန္ဒပြမှုတွေကို နှိမ်နင်းဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့၊ သူတို့လိုချင်တဲ့ ပုံစံကို သွတ်သွင်းနိုင်ဖို့ ကြိုးပမ်းလေ့ ရှိကြပါတယ်။ ရိုဘန်ဆန်ရဲ့အဆိုအရ စပ်ကြားအာဏာရှင်စနစ်ဟာ လူထုဆန္ဒပြမှုတွေကို နှိမ်နင်းရာမှာ တင်းပြည့်ကျပ်ပြည့် အာဏာရှင်စနစ်နဲ့ နှိုင်းယှဉ်ရာမှာရော၊ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်နဲ့ နှိုင်းယှဉ်ရာမှာပါ အခက်အခဲတွေကို ပိုမိုရင်ဆိုင်ရလေ့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့မှာ လုံး၀ အာဏာရှင်စနစ်မှာလို အကြမ်းဖက်နှိမ်နင်းနိုင်စွမ်း (Repressive Power) မရှိပါဘူး။ ထို့အတူပဲ ဒီမိုကရေစီ နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ခေါင်းဆောင်ပိုင်းအတွင်း ယှဉ်ပြိုင်မှုများ၊ လူထုဆန္ဒ ထုတ်ဖော်မှုများကိုလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ ရိုဘင်ဆန်က ”ကန့်ကွက်ဆန္ဒပြမှု (Protest) ”ဆိုတာကို အဓိပ္ပာယ် ဖွင့်ရာမှာ ”သပိတ်မှောက်တာ၊ အစာငတ်ခံ ဆန္ဒပြတာ၊ အဆောက်အဦတွေကို စုဝေး သိမ်းပိုက်ပြီး ဆန္ဒပြတာ၊ ပိတ်ဆို့ ဆန္ဒပြတာ၊ ချီတက် ဆန္ဒပြတာနဲ့ အခြားဆက်စပ် အပြုအမူတွေ ပါဝင်တယ်”လို့ ဆိုထားပါတယ်။ (စာမျက်နှာ ၁၈)

ရိုဘင်ဆန်ရဲ့ စာအုပ်ကို အခန်း(၈) ခန်းနဲ့ ဖွဲ့စည်းထားပြီး၊ အခန်းတိုင်းမှာ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ အထက်မှာ ဆိုခဲ့တဲ့ သူ့ရဲ့ ဆွေးနွေးချက်ကို အဖန်တလဲလဲ အထောက်အကူပြု ဆွေးနွေးထားချက်တွေပါပဲ။ ကနဦး မိတ်ဆက်အခန်းမှာ ရှိရင်းစွဲ သုတေသနကျမ်းတွေက ”စပ်ကြား အာဏာရှင်စနစ် (Hybrid regime) ”နဲ့ ရုရှားနိုင်ငံရဲ့ ဆန္ဒပြမှု အတွေ့အကြုံတွေနဲ့ ပတ်သက်လာရင် ဘယ်လိုမျိုး ဖော်ပြကြတယ်၊ အကောက်အယူ ပြုကြတယ်ဆိုတာကို ဦးဆုံး တင်ပြထားပါတယ်။ အခန်း(၁) မှာတော့ စာအုပ်ရဲ့ အကောက်အယူ အယူအဆ တည်ဆောက်ပုံ (Conceptual Framework) ကို ရှင်းပြထားပြီး၊ လုံး၀ အာဏာရှင်စနစ်၊ လွတ်လပ်တဲ့ ဒီမိုကရေစီနဲ့ စပ်ကြားအာဏာရှင် စနစ်တွေမှာရှိတဲ့ အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင် ဂေဟဗေဒ ဆက်စပ်ပုံ (Organizational Ecology) ၊ အစိုးရရဲ့ ဆော်သြစည်းရုံးမှု မဟာဗျူဟာ (State Mobilization Strategy) ၊ အုပ်စိုးသူ အဖွဲ့အစည်းအတွင်း ယှဉ်ပြိုင်မှု (Elite Completion) တို့ကို သီးခြားစီ ဆွေးနွေးထားပါတယ်။ ဒီ ဆွေးနွေးချက်တွေမှာဆိုရင် ဆန္ဒထုတ်ဖော်မှု အမျိုးအစားအပေါ် အကျိုးသက်ရောက်မှုတွေ၊ အဲဒီကတစ်ဆင့် အစိုးရစနစ်အပေါ် အကျိုးသက်ရောက်ပုံတွေကို ချိတ်ဆက် ဆွေးနွေးပေးထားပါတယ်။ အခန်း(၂) မှာတော့ ရုရှားနိုင်ငံအတွင်းမှာ ၁၉၉၀ ပြည့်နှစ်များမှာ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေကို တင်ပြထားပါတယ်။ အခန်း(၃) မှာတော့ ကနဦးဆွေးနွေးချက်တွေ ဖြစ်တဲ့ အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင် ဂေဟဗေဒ ဆက်စပ်ပုံ၊ အစိုးရရဲ့ ဆော်သြစည်းရုံးနိုင်မှု မဟာဗျူဟာ၊ အုပ်စိုးသူ အဖွဲ့အစည်းအတွင်း ယှဉ်ပြိုင်မှုတို့ကို ရုရှားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အချက်အလက်တွေနဲ့ ပုံဖော်ထားပါတယ်။ ရိုဘင်ဆန်က အထောက်အထားအတွက် အချက်အလက် စုဆောင်းရာမှာ ပိုမိုကျစ်လျစ်ပြီး တိကျမှုရှိစေဖို့ ရုရှားရဲ့ အကြီးမားဆုံးသော ဆန္ဒဖော်ထုတ်မှု ပုံစံဖြစ်တဲ့ အလုပ်သမားသပိတ် (Strikes) တွေကို အခြေခံပေးထားပါတယ်။ ယခင် အာဏာရှင်ခေတ်မှာ ရှိခဲ့တဲ့ အလုပ်သမား အုံကြွမှုကို ထိန်းချုပ်တဲ့ ပြဋ္ဌာန်းချက် ကျင့်ထုံးတွေဟာ ကွန်မြူနစ်အလွန် နှစ်တွေအထိပါ သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိနေသေးတာကို တွေ့ရတယ်လို့ ရိုဘင်ဆန်က ဆိုပါတယ်။ ဒီပြဋ္ဌာန်းချက်၊ ကျင့်ထုံးတွေဟာ အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်ဆက်စပ်မှု သဘောတရားကို ဖြစ်စေပြီး၊ သပိတ်ရဲ့ ပုံပန်းသဏ္ဌာန်တွေဟာ ဒေသအာဏာပိုင်တွေ အနေနဲ့ သပိတ်ကို ဘယ်အချိန်မှာ မြင်ချင်သလဲ ဆိုတာအပေါ် မူတည်တာကို တွေ့ရပါတယ်။ နိုင်ငံရေးအရ ဘေးဖယ် ခံထားရတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ သူတို့လက်ထဲမှာ အရင်းအမြစ်တွေ အသင့်အတင့် ရှိနေတယ်ဆိုရင် သပိတ်ကို ပို တွန်းအားပေးတတ် ခဲ့ကြပါတယ်။ နိုင်ငံရေးအရ အဆက်အသွယ် အားကောင်းတဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေကတော့ သပိတ်ဖြစ်လာမှာကို မလိုလားတဲ့အတွက် ကာကွယ် တားဆီးလေ့ ရှိတာကို တွေ့ခဲ့ရပါတယ်။

ဒီဆွေးနွေးချက်တွေကို အခန်း(၄) မှာ ကိန်းဂဏန်းတွေနဲ့ ပြန်လည် တင်ပြ ဆွေးနွေးထားပြန်ပါတယ်။ ၁၉၉၇ မှ ၁၉၉၉ အထိ ကာလတွေဟာ ရုရှားနိုင်ငံတွင်း ဆန္ဒထုတ်ဖော်မှုများ၊ သပိတ်များ၊ အစာငတ်ခံ ဆန္ဒပြမှုများဖြင့် အတော့်ကို မငြိမ်မသက်တဲ့ နှစ်များဖြစ်ပါတယ်။ နိုင်ငံရေးကစားကွက်ရဲ့ အဓိက အရင်းခံကတော့ ရုရှား ဗဟိုအစိုးရအတွင်း (ဒါမှမဟုတ်) ဗဟိုအစိုးရနဲ့ ပြည်နယ်အာဏာပိုင် အစိုးရခေါင်းဆောင်တွေ အကြားမှာရှိတဲ့ ပြဿနာများက ဆန္ဒထုတ်ဖော်မှုများကို ပိုမို ပြင်းထန်စေခဲ့တယ်လို့ ရိုဘန်ဆန်က ကောက်ချက်ချပါတယ်။

အခန်း (၅) မှာတော့ ၂၀၀၀ ပြည့်နှစ်တွေ ရောက်လာချိန်မှာ ဘာကြောင့် ဆန္ဒပြမှုတွေ ရုတ်တရက် လျော့ကျသွားရတယ် ဆိုတာကို ရှင်းလင်းထားပါတယ်။ သမ္မတသစ် ပူတင်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် (ဒါမှမဟုတ်) ပူတင်ရဲ့အာဏာစက် မြင့်တက်လာမှုကြောင့် ခေါင်းဆောင်ပိုင်းတွင်းမှာ သက်ရောက်လာတဲ့ ဂယက်လို့ ပြောလို့မရဘဲ၊ ၁၉၉၉ ပါလီမန် ရွေးကောက်ပွဲရဲ့ ပြဋ္ဌာန်းချက် လက္ခဏာတွေကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗဟိုနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို မတူညီတဲ့ ရွေးကောက်ပွဲ အသီးသီးမှာ ပါဝင်ယှဉ်ပြိုင်စေတာကြောင့် ၁၉၉၉ ပါလီမန် ရွေးကောက်ပွဲစနစ်ဟာ ရွေးကောက်ပွဲတွေကို အဟန့်အတား ဖြစ်စေနိုင်မယ့် မလိုလားအပ်တဲ့ လူထုအုံကြွမှုတွေကို ထိန်းချုပ်ပေးသွားတာပဲ ဖြစ်ပါတယ်။

စာအုပ်ရဲ့ နောက်ပိုင်း အခန်းတွေမှာတော့ ရှိရင်းစွဲ အမြင်တစ်ရပ်ဖြစ်တဲ့ ”အစိုးရက လူထုဆန္ဒပြပွဲတွေကို ဘယ်လို အကျိုးသက်ရောက်စေသလဲ” ဆိုတဲ့ အမြင်ကနေ ခွဲထွက်ပြီး၊ ”လူထု ဆန္ဒပြမှုတွေက သမ္မတ ပူတင်လက်ထက် အစိုးရအခင်းအကျင်း ပုံစံကို ဘယ်လို သက်ရောက်မှုတွေ ရှိလာစေသလဲ”လို့ ပြန်ပြောင်း စဉ်းစားထားပါတယ်။ အခန်း(၆) မူဘောင် အပြောင်းအလဲ (Institutional Change) မှာတော့ ကွန်ရက် ကြီးမားတဲ့ ပါတီကြီးမျိုး မရှိတဲ့ နိုင်ငံတွေမှာ အစိုးရက အာဏာပိုင်တွေနဲ့ မဲဆန္ဒရှင်တွေကို ဘယ်လို နည်းလမ်းနဲ့ အများအကြိုက် လိုက်ပြီး ထောက်ခံမှုကို ရယူသလဲဆိုတာကို လေ့လာ ဆွေးနွေးထားပါတယ်။

အခန်း (၇) မှာတော့ ရိုဘန်ဆန်က သူ့ရဲ့ အဓိက အာဘော်ကိုပဲ ပြန်သုံးသပ် ပေးထားပါတယ်။ စပ်ကြား အာဏာရှင်နိုင်ငံတွေမှာက အစိုးရဟာ ဆန္ဒဖော်ထုတ်မှုတွေကို ရင်ဆိုင်ရာမှာ တခြား နိုင်ငံရေးစနစ်တွေရဲ့ အာဏာပိုင် အဖွဲ့အစည်းတွေထက် ပိုပြီး အားနည်းချက်တွေ ရှိနေပါတယ်။ ပူတင်အစိုးရဟာ ဘရက်ရှ်နက်ခေတ် (Brezhenev era) တုန်းက အသုံးပြုလေ့ရှိတဲ့ လူထုအုံကြွမှု နှိမ်နင်းရေး နည်းနာတွေကိုပဲ ပြန်လည် ကျင့်သုံးခဲ့ရသလို၊ တစ်ဖက်မှာလည်း အစိုးရကို ထောက်ခံမယ့် အဖွဲ့အစည်းနေရာ ဖြည့်တင်းခြင်း အစရှိတဲ့ အသစ်အသစ်သော ဖန်တီးမှုတွေကိုလည်း လုပ်ခဲ့ရပါတယ်။ ဒီအချက်တွေဟာ ပူတင်အစိုးရရဲ့ ထူးခြားတဲ့ ခေတ်သစ်အာဏာရှင် စနစ်ပုံစံ အခင်းအကျင်းပါပဲ။

နောက်ဆုံး အခန်းမှာတော့ ရုရှားနဲ့ ရုရှားကဲ့သို့သော စပ်ကြား အာဏာရှင်နိုင်ငံတွေမှာ တွေ့ကြုံရတဲ့ ပဋိပက္ခတွေကို နှိုင်းယှဉ် ဆွေးနွေးချက်မှာကို ဆွေးနွေးပေးထားပါတယ်။ ရိုဘင်ဆန်က သူ့ရဲ့ အနှစ်ချုပ် အာဘော်ကို တင်ပြရာမှာ အရောင်စုံ တော်လှန်ရေးတွေ (Color revolutions) ဟာ အုပ်စိုးသူအတွင်း အကွဲအပြဲကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ အုပ်စိုးသူအတွင်း သဘောထား ကွဲလွဲမှုတွေ ရှိတယ်ဆိုတာက ရေတိုမှာ ယုံကြည်နိုင်လောက်စရာ မဟုတ်ပေမယ့် ရေရှည်မှာတော့ လူထုကို လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလုပ်ဖို့ တွန်းပို့ပေးသလို ဖြစ်နေမယ်လို့ ရိုဘင်ဆန်က ကောက်ချက်ချပါတယ်။ ကြားခံ အဖွဲ့အစည်းတွေနဲ့ လူထုအကြား ဆက်စပ်မှုဟာလည်း အတော်လေး အရေးပါပါတယ်။ ခေါင်းဆောင်ပိုင်းမှာ မညီညွတ်တဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာစေသော်လည်း အာဏာပိုင်တွေကို တာဝန်ခံမှု ရှိလာအောင် လုပ်နိုင်မယ့် အားကောင်းတဲ့ လူထုအခြေပြု အဖွဲ့အစည်းများ မရှိလျှင် ဒီမိုကရေစီစနစ်ကို သွားနိုင်မယ်လို့ မသေချာပါဘူး။ ပူတင်အစိုးရ လက်ထက်မှာ ဖြစ်ပေါ်လာခဲ့တဲ့ ပြောင်းလဲမှုများဟာ ရေရှည်မှာ သန်မာအားကောင်းတဲ့ လူထုအခြေပြု အဖွဲ့အစည်းများရဲ့ ဖြစ်တည်လာမှုကို အားပေးစေပါတယ်။ ဒါကြောင့် မရည်ရွယ်သော်လည်း  ပူတင်ဟာ ရုရှားနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းအတွက် အထောက်အပံ့ ကောင်းတွေကို ချန်ရစ်စေခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒီစာအုပ်ရဲ့ အဓိက အားသာချက်က အယူအဆပိုင်း ကျစ်ကျစ်လျစ်လျစ် ရှိပြီးတော့ ခိုင်မာတဲ့ အချက်အလက်တွေနဲ့ စုစုစည်းစည်း တင်ပြထားတယ်။ သီအိုရီနဲ့ အချက်အလက်ကို အချိတ်အဆက်မိမိ ဆွေးနွေးသွားနိုင်တာတွေပဲ ဖြစ်ပါတယ်။ သုတေသနရဲ့ ဆွေးနွေးချက်ဟာ ”ရုရှားအစိုးရအနေနဲ့ ဒေသတွင်းမှာ ဖြစ်နေတဲ့ လူထုဆန္ဒ ထုတ်ဖော်ပွဲတွေကို ဘယ်လို ကိုင်တွယ်သလဲ” ဆိုတဲ့ မေးခွန်းပေါ်မှာ အခြေခံထားတာပါ။ ယခင် ဆိုဗီယက်ပြည်ထောင်စုမှာ မြစ်ဖျားခံခဲ့တဲ့ မြောက်မြားစွာသော အရောင်စုံ တော်လှန်ရေး (Color revolutions) အခင်းအကျင်းဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် တက်လာရတဲ့ ရုရှားအစိုးရအတွက် မဖြစ်မနေ ဖြေရှင်းပေးရမယ့် ပြဿနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ရုရှားမှာလိုပဲ ဆားဗီးယား၊ ဂျော်ဂျီယာ၊ ယူကရိန်းနိုင်ငံတွေမှာလည်း ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေဟာ ရွေးကောက်ပွဲ ရလဒ်ကို လိုသလို ပုံသွင်းနိုင်ဖို့ ကြိုးစားကြတာတွေကနေ အခြေခံ ဖြစ်တည်လာတာကို တွေ့ရပါတယ်။ ဒီနိုင်ငံတွေမှာ ခေါင်းဆောင်ပိုင်းတွေအတွင်း ပဋိပက္ခတွေ ဖြစ်ပြီး အကွဲအပြဲတွေ ဖြစ်ကြသလို၊ နောက်ဆုံးမှာ အုပ်ချုပ်သူ အာဏာပိုင်တွေကို ဖြုတ်ချပစ်မယ့် လူထုလှုပ်ရှားမှုကြီးတွေအထိ ဖြစ်ပေါ်လာခဲ့ပါတယ်။

အထက်မှာ ဆိုခဲ့သလိုပဲ ခေါင်းဆောင်ပိုင်းအတွင်းက ပဋိပက္ခတွေနဲ့ လူထုဆန္ဒပြမှုတွေဟာ နက်ရှိုင်းတဲ့ ချိတ်ဆက်မှု ရှိပါတယ်။ လူမှုအဖွဲ့အစည်းတွေ အားနည်းပြီး ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအတွင်း ပဋိပက္ခတွေ၊ ယှဉ်ပြိုင်မှုတွေ ကြီးမားလာတဲ့ အခါမှာ ဒီယှဉ်ပြိုင်မှုတွေအတွက် အသီးသီးက လူထုကို ဆော်သြ စည်းရုံးလေ့ ရှိကြပါတယ်။ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအကြား ဆက်ဆံရေး မပြေလည်တဲ့ ဒေသတွေမှာ အလုပ်သမားသပိတ်တွေ ဖြစ်ပွားမှု ပိုများပြီး၊ ဗဟိုနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ အချင်းချင်း ပြေလည်ကြတဲ့ ဒေသတွေမှာတော့ သပိတ်တွေက ဖြစ်ပွားမှု နည်းပါးတာကို တွေ့ရတတ်ပါတယ်။ (စာမျက်နှာ ၆၈)

ဒါကြောင့် ဒီစာအုပ်မှာ ရိုဘန်ဆန်က သမ္မတ ပူတင်ရဲ့ ဆန္ဒပြမှုတွေ ကိုင်တွယ်ရေး မဟာဗျူဟာမှာ အချက်နှစ်ချက် ရှိတယ်ဆိုတဲ့ အချက်ကို အဓိက ဆွေးနွေးသွားခဲ့တာပါ။ ပထမအချက်က ခေါင်းဆောင်ပိုင်းအတွင်း ဖြစ်ပွားလေ့ရှိတဲ့ အကွဲအပြဲတွေကို လျှော့ချနိုင်ရေး ဖြစ်ပါတယ်။ ဒုတိယကတော့ လူထုဆန္ဒပြမှုတွေကို ထိန်းချုပ်ပြီး လိုသလို ပုံသွင်းနိုင်ဖို့ ကြိုးပမ်းချက်ပါ။ လူထုဆန္ဒပြမှုတွေကို လေ့လာရာမှာ စပ်ကြား အာဏာရှင်နိုင်ငံတွေအနေနဲ့ မီးစ တစ်ဖက်၊ ရေမှုတ် တစ်ဖက် ပုံစံမျိုးတွေကို သုံးပြီးတော့ ဘယ်လိုဘယ်ကဲ့သို့ ဆောင်ရွက်ကြတယ် ဆိုတာကို အဓိက ဦးတည် ဆွေးနွေးထားတာကိုယ်၌ကိုက ဒီသုတေသန စာအုပ်ရဲ့ အယူအဆပိုင်း ဆိုင်ရာအရ အားသာချက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သူ့ရဲ့ အရေးအသား တင်ပြပုံဟာ အယူအဆ တစ်ခုချင်းစီကို အပိုင်းလိုက် ရှင်းလင်းစွာ စုစည်း တင်ပြနိုင်ရုံတင် မကပဲ၊ အရေးအသားကိုယ်၌က ကျစ်လျစ်မှုရှိပြီး ကိန်းဂဏန်းတွေနဲ့ အချက်အလက်တွေအပေါ် လေ့လာချက်များကို အချိတ်အဆက်မိမိ တင်ပြထားနိုင်တာကို တွေ့ခဲ့ရပါတယ်။ အချက်အလက် အထောက်အထား ရှင်းချက်တွေဟာ ကျိုးကြောင်း ဆီလျော်မှုရှိတဲ့အပြင် ရိုဘင်ဆန်ရဲ့ ယူဆချက်၊ လေ့လာတွေ့ရှိချက်တွေကို ထိထိမိမိ ပုံဖော်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီလို အနှစ်သာရရှိရှိ ပြည့်ပြည့်၀၀ ကျစ်လျစ်တဲ့ သုတေသနမှာတောင်မှ အားနည်းချက်ဆိုလို့ လုံးဝမရှိပဲနဲ့တော့ မရှိပါဘူး။ စာအုပ်ရဲ့ အဓိက အားနည်းချက်က အလုပ်သမားသပိတ်ကို ဖော်ပြတဲ့ အချိန်ကာလ အပိုင်းအခြားပဲ ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ပေါ်ပေါက်လာတဲ့ ရုရှားနိုင်ငံရဲ့ စပ်ကြား အာဏာရှင်စနစ် အောက်မှာ ဆန္ဒထုတ်ဖော်ပွဲတွေ ဘယ်လို ပေါ်ပေါက်လာတယ်၊ ဒီ ဆန္ဒဖော်ထုတ်ပွဲတွေဟာ ပဋိပက္ခတွေနဲ့ ဘယ်လိုဆက်စပ်မှု ရှိတယ်ဆိုတာကို ခြုံငုံဖော်ပြဖို့အတွက် ၁၉၉၇ ကနေ ၂၀၀၀ ပြည့်နှစ်တွေအတွင်း ပေါ်ပေါက်ခဲ့တဲ့ သပိတ်မှောက် ဆန္ဒပြမှုတွေကိုပဲ အခြေခံတယ်ဆိုတာက နမူနာ ကန့်သတ်ချက်အန္တရာယ် (Sampling risk) ရှိကောင်း ရှိနေနိုင်ပါတယ်။ ဒီအချက်ကိုလည်း ရိုဘန်ဆန် ကိုယ်တိုင်က သိရှိနားလည်ပြီး ဖြစ်ပုံပေါ်ပါတယ်။ ရိုဘင်ဆန်အနေနဲ့ အလုပ်သမားသပိတ်နဲ့ ဆိုင်တဲ့ အချက်အလက် တင်ပြပုံဟာ အားနည်းတယ် ဆိုပေမယ့် သူရွေးချယ်ထားတဲ့ ကာလ အပိုင်းအခြားဟာ ဒီသုတေသနအတွက် အလွန်အရေးပါပြီး ဆက်နွယ်မှုရှိတဲ့ အချိန်ကာလဖြစ်တာမို့ သူ့သုတေသနရဲ့ အဓိက ဆွေးနွေး ယူဆချက်အပေါ် အထူးတလည် ဆန့်ကျင်ဘက် သက်ရောက်မှုမျိုး ဖြစ်စေမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

၁၉၉၈ ကနေ ၂၀၀၀ ပြည့်နှစ် ကာလတွေဟာ ရုရှားနိုင်ငံအတွက် ခေါင်းဆောင်ပိုင်းအတွင်း ပဋိပက္ခတွေ ဖြစ်ပွားမှု အများဆုံးကာလတွေ ဖြစ်ပါတယ်။ သမ္မတယဲ့လ်ဆင်ရဲ့ အာဏာ ဆက်လက် ကိုင်စွဲနိုင်ရေး၊ ၁၉၉၉ ပါလီမန်ရွေးကောက်ပွဲ၊ ၂၀၀၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲ အစရှိတဲ့ နိုင်ငံရေးဖြစ်စဉ်ကြီးတွေ ဖြစ်ပွားခဲ့တဲ့ နှစ်ကာလတွေလည်း ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေအတွက်လည်း ရွေးကောက်ပွဲကို ပြန်လည် ရင်ဆိုင်ရသလို၊ ဗဟိုအစိုးရသစ်နဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ရတဲ့ အချိန်လည်း ဖြစ်တာမို့ မသေချာမှုတွေ အင်မတန် များပြားခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ရိုဘင်ဆန် ရွေးချယ်ထားခဲ့တဲ့ ကာလဟာ သာမန်ထက် ထူးခြားပြီး ဒီသုတေသနအတွက် အရေးအပါဆုံး အချိန်ကာလဆိုလည်း မမှားပါဘူး။ ဒါကြောင့် အလုပ်သမားသပိတ်နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ရယူတဲ့ ကာလအပိုင်းအခြားဟာ တိုတောင်းပေမယ့် ဒီသုတေသနအတွက် အရေးကြီးတဲ့ အယူအဆကို တင်ပြရာမှာ အချက်အလက် ခိုင်လုံမှု မရှိဘူး၊ မပြည့်စုံဘူးလို့တော့ ပြောလို့မရပါဘူး။

အချုပ်အားဖြင့် ပြောရရင် ရိုဘင်ဆန်ရဲ့ ဒီစာအုပ်ဟာ ရုရှားနိုင်ငံရဲ့ စပ်ကြား အာဏာရှင်စနစ်ကို အထူးပြုထားပေမယ့် အခြား အလားသဏ္ဌာန်တူတဲ့ စပ်ကြား အာဏာရှင်နိုင်ငံတွေက လူထုဆန္ဒပြပွဲတွေကို ကိုင်တွယ်ဖြေရှင်းပုံ၊ ခေါင်းဆောင်ပိုင်းအတွင်း ပဋိပက္ခတွေကို ဖြေရှင်းပုံတွေကို လေ့လာရာမှာ အသုံးဝင်လှတဲ့ စာအုပ်တစ်အုပ် ဖြစ်လာပါတယ်။ ဒါကြောင့် ဒီသုတေသန စာအုပ်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထူးပြုလေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်သာမကပဲ၊ အစိုးရ အဖွဲ့အစည်းနဲ့ သုတေသန အဖွဲ့အစည်းတွေအတွက်ပါ အထောက်အကူပြုမယ့် သုတေသနကျမ်း တစ်စောင်ဖြစ်တယ်လို့ အကြံပြုလိုက်ပါတယ်။

Book Review

The book argues that election politics and street politics are closely linked, and that this forces authoritarian leaders to attempt to control street protests. Authoritarian leaders at the center face the challenges of seeking to control elites from the regions while exercising power to restrain, manage and channel public protests in their desired direction. In studying the Russian hybrid regime, Robertson finds that it is possible to see high strike levels in regions where the governors have bad relations with the center while regions where governors are well-connected with the center, have low strike levels. The author was able to use data relating to strikes from 1997 to 2000 in order to explain the effects of having elections on protests. Strong data, although from a limited time period, and a perspective that combines politics in hybrid regimes with a focus on protests is the strength of this book.

■ စာညွှန်း

၁  ဆုမွန်သဇင်အောင်သည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ အကြီးတန်း သုတေသီ တစ်ဦးဖြစ်သည်။

About the author

Dr. Su Mon Thazin Aung

Dr. Su Mon Thazin Aung is Director of Training and Capacity-Building at the
Institute for Strategy and Policy- Myanmar. She also works as a Consultant at the Asian Foundation in Myanmar on governance and policy-making project. Dr. Aung holds a PhD in Politics and Governance Studies from the University of Hong Kong. She also earned a M.Sc in International Political Economy from the Nanyang Technological University, Singapore, a MBA from the University of Newcastle, Australia, and a BA in Southeast Asia and Pacific Studies from the University of Yangon. Her current research interests encompass elite politics and policy studies during democratic transition, particularly in relation to ethnic conflicts, resources extraction, media reform and labour policies primarily in Myanmar and Southeast Asia. Dr. Aung has published several scholarly articles and book chapters in academic publications including Routledge, Journal of Contemporary Asia, ISEAS, and World Scientific. Her commentaries on Contemporary Myanmar’s Politics also appear on the Foreign Policy, and East Asia Forum. She is also a regular contributor of Myanmar Quarterly Journal.

Add comment

Institute for Strategy and Policy – Myanmar