မြန်မာ့အသွင်ကူးပြောင်းရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ယခုဆောင်းပါးတွင် ၂၀၁၆ ခုနှစ် မတ်လကို အစပြု၍ အသွင်ကူးပြောင်းရေးကာလ တစ်နှစ်ကျော် အချိန်အတွင်း အစိုးရနှင့် တပ်မတော်အကြား ဖြစ်ပေါ်နေသည့် အခြေအနေများကို အကျဉ်းချုံ့ တင်ပြမည် ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်ကို ဥပဒေအရ အာဏာ တစ်စိတ်တစ်ပိုင်း အပ်နှင်းထားပြီး ဖြစ်သည်ဟု ဆိုကြသည်။ ထိုအချက်ကြောင့်ပင် လက်ရှိ အနေအထား၌ နောက်ကြောင်း ပြန်လှည့်ခြင်းဟု သတ်မှတ်နိုင်သော အာဏာသိမ်းခြင်းကို တပ်မတော်က လုပ်မည်မဟုတ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာကို ချုပ်ကိုင်ထားပြီး ဖြစ်သည်ဟု သုံးသပ်ကြခြင်း ဖြစ်သည်။

သို့သော် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်က တပ်မတော်အပေါ် ရိုက်ခတ်မှု ရှိခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ပါတီ သောင်ပြိုကမ်းပြို နိုင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီ နေရာအများစု ရှုံးနိမ့်ခဲ့သည်။ ထိုအချိန်တွင် တပ်မတော်သည် လွှတ်တော်အတွင်း၌ လူနည်းစု (minority) ဖြစ်သွားသည်။

သတိပြုရမည့် အချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ခံ မဟုတ်သော လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရရှိထားဆဲပင် ဖြစ်သည်။ ယင်း ၂၅ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၌ အသုံးပြုနိုင်သော တပ်မတော်၏ ဗီတိုအာဏာပင် ဖြစ်သည်။ ထို့အပြင် တပ်မတော်အနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ နေရာအနက် ခြောက်နေရာကို ရရှိထားသော အခွင့်အရေးတစ်ရပ် ရထားသည်။ ထို့အပြင် အစိုးရအဖွဲ့ ဝန်ကြီးဌာနများအနက် အရေးကြီးသော ဝန်ကြီးဌာန သုံးခုဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန သုံးခုအတွက် ဝန်ကြီးများကို တပ်မတော်ကပင် အဆိုပြုရွေးချယ်ပိုင်ခွင့် ရှိထားသည်။ ထို့ကြောင့် တပ်မတော်သည် လွှတ်တော်အတွင်း လူနည်းစု ဖြစ်သွားသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုတွင် အသုံးပြုနိုင်သော ဗီတိုအာဏာအပြင် အရေးပါသည့် လုပ်ပိုင်ခွင့်များ ဆက်ရထားသည်။

လူနည်းစု ဖြစ်သွားသည်ဟူသော တပ်မတော်၏ ယူဆချက်ကို ပေါ်လွင်စေသည့် အချက်များစွာ ရှိခဲ့သည်။ ပထမဆုံးအချက်မှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိစ္စ ဖြစ်သည်။ ဦးဟင်နရီဗန်ထီးယူသည် နိုင်ငံရပ်ခြားတွင် နေထိုင်ခဲ့ဖူးခြင်း ရှိသည်ကို သိရသည့်အတွက် ပြန်လည် စိစစ်ပေးရန် သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက တင်ပြခဲ့ပါသည်။ သို့သော် အဖွဲ့တွင်ပါဝင်သည့် ခုနစ်ဦးအနက် ခြောက်ဦးက ဦးဟင်နရီဗန်ထီးယူကို လက်ခံခဲ့သဖြင့် တပ်မတော်၏ တင်ပြချက် အရာမဝင်ခဲ့ပေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သတ်မှတ်ချက်များအရ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းတွင် “သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့်အချိန်နှင့် တဆက်တည်း အနည်းဆုံး အနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်”ဆိုသော အချက်တစ်ချက် ပါဝင်ခဲ့သည်။ NLD ပါတီက ဦးဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်သွင်းချိန်က ဖော်ပြခဲ့သော ကိုယ်ရေးရာဇဝင်တွင် “ပြည်ပခရီးစဉ်မှတ်တမ်း – မရှိပါ”ဟူ၍ ဖော်ပြထားသည်။ သို့သော် နောက်ပိုင်းတွင်မူ နယူးဇီလန်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွားရောက်ခဲ့ဖူးကြောင်း အချက်အလက် ခိုင်မာသော ပြောဆိုချက်များ ထွက်ပေါ်ခဲ့ပြီး ဦးဟင်နရီဗန်ထီးယူကလည်း သူ့အနေနှင့် ပြည်ပခရီး သွားဖူးကြောင်း VOA သတင်းဌာနနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

နောက်ထပ် အကြောင်းအရာတစ်ခုမှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် ရွေးချယ်မှုဖြစ်သည်။ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ကိုးဦးစာရင်းကို သမ္မတက လွှတ်တော်ကို တင်သွင်းခဲ့ပြီးနောက် စာရင်းတွင် ပါဝင်သူနှစ်ဦးနှင့် ပတ်သက်ပြီး တပ်မတော်က ကန့်ကွက်ခဲ့သည်။ ကန့်ကွက်ခံရသူ နှစ်ဦးမှာ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့ ဖြစ်ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၃ အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအဖွဲ့ဝင်များ၏ အရည်အချင်းကို တိုက်ဆိုင် စစ်ဆေးရာတွင် တရားလွှတ်တော်ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အချိန်ကာလကို တိကျစွာ ဖော်ပြထားခြင်း မရှိသဖြင့် ပြဋ္ဌာန်းချက်နှင့် ကိုက်ညီခြင်းမရှိဟုဆိုကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ ကန့်ကွက်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က ပြန်လည် ရှင်းလင်းခဲ့သည်။ ထို့နောက် မဲခွဲ ဆုံးဖြတ်ပြီးနောက် ကန့်ကွက်အဆိုကို ဆက်လက်ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ကာ ခုံရုံးအဖွဲ့ဝင်များကိုလည်း မူလအဆိုပြုချက်အတိုင်း အတည်ပြုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍လည်း လွှတ်တော်အတွင်း ထိပ်တိုက်တိုးမှုများ ရှိခဲ့သည်။ အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ စတင် တင်သွင်းခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဘက်က ကန့်ကွက်မှုများ ရှိခဲ့သည့်တိုင် ထောက်ခံမဲ ၁၃၇ မဲ၊ ကန့်ကွက်မဲ ၇၀ မဲ၊ မဲမပေးသူ နှစ်ဦးတို့ဖြင့် အတည်ပြုခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်၌ အတည်ပြုရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးကြီး အောင်သီဟ၊ ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေနှင့် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းတို့က ပြင်ဆင်ချက်အဆို ၁၃ ချက်ကို ဆွေးနွေးကြသည်။

ဗိုလ်မှူးချုပ် မောင်မောင်၏ ဆွေးနွေးချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင် ကျော်လွန်မှုများ ရှိနေသည်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အတွက် ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှုရှိအောင် လိုအပ်သော ပြင်ဆင်သုံးသပ်မှုများ ပြုလုပ်ရန်လိုကြောင်း၊ ပြင်ဆင်မှုများကို ဆောင်ရွက်ခြင်း မပြုဘဲ မဲခွဲဆုံးဖြတ်ခြင်းများ ပြုလုပ်ပြီး အတည်ပြုမှုများ ဆက်လက် ဆောင်ရွက်မည်ဆိုပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆက်လက်ပါဝင်ရန် အခက်အခဲ ရှိမည်ဖြစ်ကာ မဲပေးခြင်း ဆောင်ရွက်မည် မဟုတ်ဟု လွှတ်တော်သို့ ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီး အောင်သီဟ၏ ဆွေးနွေးချက်တွင်မူ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော်၏ အတည်ပြုချက်ပါ စကားရပ်များကို စိစစ်လေ့လာသည့်အခါ  ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရသည့်အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည့် စကားရပ်ကို ပြင်ဆင်ပေးရန် အဆိုပြု ဆွေးနွေးခဲ့ကြောင်း၊ ထိုအဆိုပြုချက်များကို လက်ခံခြင်းမပြုဘဲ မဲခွဲ ဆုံးဖြတ်မည်ဆိုလျှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး မဲပေးခြင်း ပြုလုပ်မည်မဟုတ်ဟု ပါရှိခဲ့သည်။

သို့သော် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း ဆက်လက် ထားရှိသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက သဘောထားမှတ်ချက် ပေးခဲ့ပြီး စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မဲပေးခြင်း မပြုခဲ့သည့်အပြင် ဥပဒေကြမ်း တစ်ရပ်လုံးအား အတည်ပြုရန် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူချိန်၌ မတ်တပ်ရပ် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ကမူ မဲပေးပိုင်ခွင့်ရှိသူ ၄၀၆ ဦး ရှိသည့်အနက် ထောက်ခံမဲ ၂၆၀ ကျော်ဖြင့် ဥပဒေကြမ်းကို အတည်ပြုခဲ့ပါသည်။

ပြည်သူ့လွှတ်တော်က ထိုသို့ ဆုံးဖြတ်ခဲ့သည့်နေ့မှာပင် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရာ၌ မဲမပေးခဲ့ခြင်းမှာ ဒီမိုကရေစီအနိုင်ကျင့်မှုကြောင့် ဖြစ်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်များကို ပြောကြားသည်။

ထိုကဲ့သို့ “ဒီမိုကရေစီ အနိုင်ကျင့်ခံရသည်”ဆိုသော သုံးနှုန်းမှုမျိုးကို တပ်မတော်ဘက်က ထုတ်ဖော် ပြောဆိုခြင်းများ ရှိခဲ့သည့်နည်းတူ (ယခင်အစိုးရ၏ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) သူရ ဦးရွှေမန်း ဦးဆောင်သည် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်နှင့် ပတ်သက်၍လည်း တပ်မတော်ဘက်က လက်မခံနိုင်သည်များ ရှိခဲ့သည်။ အဆိုပါကော်မရှင်ကို သက်တမ်းတိုးသည့်အချိန်တွင် ပြည်ထောင်စု လွှတ်တော်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။ အဆိုပါ ကန့်ကွက်မှုကြောင့် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၅၄၃ ဦးတွင် ထောက်ခံမဲပေးသူ ၃၃၃ ဦး၊ ကန့်ကွက်မဲပေးသူ ၁၈၉ ဦးနှင့် ကြားနေသူ ခြောက်ဦး ရှိခဲ့သဖြင့် တပ်မတော်၏ ကန့်ကွက်ချက် အောင်မြင်မှု မရခဲ့ပေ။

ဖော်ပြပါ အကြောင်းအချက်များကို ကြည့်ခြင်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဗီတိုအာဏာကို တပ်မတော်က ရရှိထားပြီး ဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သက်ဆိုင်ခြင်း မရှိသော အခြားကိစ္စ ဆွေးနွေးမှုများတွင် လွှတ်တော်၏ ဆုံးဖြတ်ချက်များကို လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရမည် ဖြစ်သည်။  တစ်နည်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှအပ ကျန်သည့် အကြောင်းအရာများတွင် အစိုးရ၏ လွှတ်တော်က လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ရရှိထားပြီးဖြစ်သည်ဟု ယူဆနိုင်စရာ ရှိသည်။

အသွင်ကူးပြောင်းရေးကာလ အစိုးရ၏ အစောပိုင်း ဆောင်ရွက်ချက်များကို ကြည့်ပါက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် တင်းမာမှုများ ရှိခဲ့သည်ကို မြင်တွေ့နိုင်သည်။ ရွေးကောက်ပွဲ ရလဒ်များကြောင့် (လွှတ်တော်အတွင်း) လူနည်းစု ဖြစ်သွားပြီဟူသော တပ်မတော်၏ စိုးရိမ်ချက်သည် နောက်ပိုင်းတွင် “ဒီမိုကရေစီ အနိုင်ကျင့်ခံရသည်”ဟူသော အယူအဆဘက် ရောက်သွားခဲ့သည်။

ထိုအချိန်တွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၌ အရေးကြီးသော ယန္တရား၊ လုပ်ထုံးလုပ်နည်းများကိုလည်း အစိုးရက အသုံးပြုခြင်း မရှိခဲ့ပေ။ ဥပမာအားဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)ကို ခေါ်ယူခြင်းမရှိဘဲ (၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်အထိ တစ်ကြိမ် တစ်ခါမျှခေါ်ယူခြင်း မရှိခဲ့) အဆိုပါ ကာ/လုံနှင့် အလားတူသော အစည်းအဝေးများကိုသာ ပြုလုပ်ခဲ့သည်။ ကာ/လုံကို ခေါ်ယူမည်ဆိုပါ က ရွေးကောက်ခံ အစိုးရဘက်မှ ငါးဦး၊ တပ်မတော်ဘက်မှ ခြောက်ဦး ရှိမည်ဖြစ်၍ တပ်မတော်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်နိုင်သည် ဆိုသော စိုးရိမ်မှုများ ရှိခဲ့သည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြုလုပ်ခဲ့သော ကာ/လုံနှင့် ပတ်သက်ပြီး နည်းဥပဒေ မရှိသောကြောင့် ဆုံးဖြတ်မှုများကို မည်သို့မည်ပုံ လုပ်ရမည်ဆိုသည့် လုပ်ထုံးလုပ်နည်း မရှိပေ။ ကာ/လုံ အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း မရှိခဲ့ဘဲ သမ္မတဦးသိန်းစိန်၏ အဆိုပြုချက်များအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်က လိုက်လျောမှုများ ရှိခဲ့သည်ဟု သိရသည်။ သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ဘက်မှ ကူးပြောင်းလာသူ ဖြစ်သောကြောင့် ထိုသို့ဖြစ်ရသည်ဟု ဆိုနိုင်သော်လည်း ယခုအစိုးရက တပ်မတော်နှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းစွာ ထူထောင်နိုင်လျှင် ကာ/လုံတွင် ညှိနှိုင်း အဆင်ပြေနိုင်မည့်သဘော တွေ့ရသည်။

တစ်နှစ်ကျော် ကာလအတွင်း အခြေအနေများကို ကြည့်ပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အစိုးရဘက်ကလည်း ကြိုးစားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တပ်မတော်၏ ဗီတိုအာဏာ သုံးစွဲပိုင်ခွင့်ကို  တားဆီးထားနိုင်သည်ဟု ယေဘုယျ ယူဆနိုင်စရာ ရှိသည်။ လွှတ်တော်တွင်း ဆွေးနွေးမှုများတွင်လည်း တပ်မတော်ဘက်က လိုလားခြင်းမရှိသည့် ကန့်ကွက်မှုများကို ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမဲအများစုဖြင့် တားဆီးထားနိုင်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ တပ်မတော်၏ သဘောထားကို ကျော်လွန်နိုင်ခြင်း မရှိသည့် အခြေအနေများ ရှိနေသည်။ ထိုကိစ္စရပ်များအတွက် ဥပမာနှစ်ခု ကြည့်နိုင်သည်။ ငြိမ်းချမ်းရေးကိစ္စနှင့် ရခိုင်ပြည်နယ်အရေးတို့တွင် ဖြစ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဓိကကျသည့် နေရာတွင် ရှိနေသည်။ လက်ရှိ ဖြစ်နေသော အခြေအနေများအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများအပြင် ငြိမ်းချမ်းရေးအတွက် အဓိကကျသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စည်းရုံးနိုင်မှု အားနည်းနေသည်။ အထူးသဖြင့် လက်နက်မဲ့ဖြစ်သော အစိုးရတစ်ရပ်က လက်နက် ကိုင်ဆောင်ထားသည့် တပ်များနှင့် ဆွေးနွေးညှိနှိုင်းရာတွင် အာမခံချက်ပေးနိုင်မှု ကင်းမဲ့နေသည်။

ငြိမ်းချမ်းရေးကိစ္စ၌ တပ်မတော်၏ သဘောထားကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လွန်ဆန်နိုင်သည့် အခြေအနေတွင် ရှိမနေပေ။ ထို့ကြောင့်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) နှင့်ပတ်သက်ပြီး တပ်မတော်၏ မူခြောက်ချက်ကို ဆန့်ကျင်မှုပြုသည့် အရိပ်လက္ခဏာများ မြင်တွေ့ရခြင်း မရှိသည့်နည်းတူ၊ NCA မှလွဲ၍ အခြားလမ်းမရှိ ဟူသော တပ်မတော်၏ သဘောထားအတိုင်း လိုက်ပါဆောင်ရွက် နေရသည်။ လက်တွေ့တွင်လည်း ငြိမ်းချမ်းရေးကိစ္စရပ်၌ တပ်မတော် သဘောမတူပါက အစိုးရက ဘာမျှလုပ်မရသည့် အခြေအနေတွင် ရှိနေသည်။

ဇယား(၁)

Source : တကောင်း နိုင်ငံရေးလေ့လာရေးအဖွဲ့

ဇယား(၂)

Source :  တကောင်း နိုင်ငံရေးလေ့လာရေးအဖွဲ့

ထို့အတူ အငြင်းပွားစရာ တစ်ခုဖြစ်နေသော တပ်မတော်၏ ကာကွယ်ရေးအသုံးစရိတ် တောင်းခံမှုများတွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များဘက်က လွှတ်တော်တွင်း၌ လျှော့ချနိုင်စွမ်း မရှိပေ။ (ဇယား-၁ ကို ကြည့်ပါ) ပြည်ထောင်စုအစိုးရအဖွဲ့ စုစုပေါင်း အသုံးစရိတ်များအနက် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်တောင်းခံမှု ရာခိုင်နှုန်းကို ကြည့်ပါကလည်း ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အနည်းငယ် လျော့ကျသွားသည့်တိုင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြင့်တက်လာသည်ကို တွေ့နိုင်သည်။ (ဇယား-၂ ကို ကြည့်ပါ)

ရခိုင်ပြည်နယ် အရေးကိစ္စမှာလည်း ငြိမ်းချမ်းရေးကိစ္စနည်းတူ ဖြစ်သည်။ ရခိုင်ပြည်နယ်အရေးအတွက် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအဖွဲ့များ ဖွဲ့စည်းခြင်း၊ ညှိနှိုင်း အစည်းအဝေးများ ပြုလုပ်ခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါဝင်ခြင်း မရှိသော်လည်း ကာ/လုံနှင့် အလားတူသော အစည်းအဝေးများ ပြုလုပ်ပြီး ဖြေရှင်းနေသော်လည်း ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်မှု မရရှိသေးအပြင် အကြမ်းဖက်မှုများလည်း ဆက်လက် ပေါ်ပေါက်နေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အကြမ်းဖက် သတ်ဖြတ်ခံရမှုများမှာ စိုးရိမ်စရာကောင်းနေသည်။ ၂၀၁၇ ခုနှစ် ဇွန်လအထိ ရရှိသော စာရင်းများအရ မောင်တောဒေသအတွင်း အကြမ်းဖက် သတ်ဖြတ်ခံရသူ ၄၁ ဦးရှိပြီး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသူ ၂၃ ဦးရှိသည်။ (ဇယား – ၃ ကို ကြည့်ပါ)

ဇယား(၃)

တပ်မတော်၏ ရခိုင်ပြည်နယ်အတွင်း ကိုင်တွယ် ဆောင်ရွက်မှုများအပေါ် အစိုးရအနေဖြင့် စောဒဂ တက်နိုင်သည့် အခြေအနေတွင် ရှိမနေသည့်နည်းတူ အချို့ကိစ္စရပ်များတွင် ကာကွယ်မှုများပင် ပြုလုပ်လာရသည် ဟူသော ယူဆချက်များ ရှိနေသည်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖွဲ့စည်းထားသည့် အချက်အလက် ရှာဖွေရေးအဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်မည့် အစီအစဉ်ကို လာရောက်ခြင်းမပြုရန် အစိုးရက တားမြစ်ထားသည်။ ထိုအချက်ကို ကြည့်ပါကလည်း ရခိုင်ပြည်နယ်အရေးတွင် နိုင်ငံတကာ၏ ဖိအားပေးများသည် တပ်မတော်အပေါ် တိုက်ရိုက် ကျရောက်ခြင်းမရှိဘဲ အစိုးရအတွက်သာ ခေါင်းခဲစရာများ ဖြစ်စေခဲ့သည်။

အခြားသော မျက်နှာစာများကို ကြည့်မည် ဆိုပါကလည်း NLD ပါတီ၏ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၊ ရန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့၏ တပ်မတော်အပေါ် ပြောဆိုချက်များ၊ ထိုပြောဆိုချက်များအပေါ် ပြန်လည်ဖြေရှင်းချက်၊ တောင်းပန်မှုများက တပ်မတော်အတွက် နိုင်ငံရေးအရ အသာစီးရစရာများသာ ဖြစ်ခဲ့ပါသည်။

အစိုးရအတွက် အကျပ်ရိုက်စရာများ ပြည့်နှက်နေချိန်၌ တပ်မတော်က တပ်တွင်း တည်ဆောက်ရေးအပြင် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့် လုပ်ဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းများကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်း (ဥပမာ- မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး မြန်မာ့စီးပွားရေး ဦးပိုင်က ရှယ်ယာ ပါဝင်ထားသည့် ကုမ္ပဏီ ၂၉ ခုအား အထူးကုမ္ပဏီအဖြစ်မှ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခွင့် ပြုခြင်း)များ ပြုလုပ်ခဲ့သည်။ ထို့အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်လာသည် ဆိုသော ဝေဖန်မှုများနှင့်အချိန်ကိုက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တပ်နယ်များနှင့် နီးစပ်ရာများတွင် အခြေခံ စားသောက်ကုန်များကို တန်ဖိုးသင့် နှုန်းထားများဖြင့် ရောင်းချပြီး ပြည်သူများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်းများ ပြုလုပ်လာသည်။ သို့သော် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အောက်ခြေတပ်ဖွဲ့ဝင် အချို့၏ ဆောင်ရွက်ချက်များမှာ ဝေဖန်စရာများအဖြစ် ဆက်ရှိနေပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များကလည်း တပ်မတော်၏ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်ချဲ့ထွင်မှုများကို ပြဆိုနေပါသည်။

အချုပ်အားဖြင့် ဆိုသော် အသွင်ကူးပြောင်းရေးကာလ တပ်မတော်၏ အခန်းကဏ္ဍမှာ ရပ်တည်ချက်ပိုင်းအတွက် ကြီးမားသော စိန်ခေါ်မှုများ ရှိမနေဘဲ ရွေးကောက်ခံ အစိုးရနှင့် အလိုက်အထိုက် ပူးပေါင်း ဆောင်ရွက်နေသည့် ပုံစံတွင် ရှိနေသည်။ ရွေးကောက်ခံ အစိုးရဘက်တွင်မူ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တည်ဆောက်မှုအပိုင်း၌ အားနည်းချက်များ ရှိနေဆဲ ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်၏ ဗီတိုအာဏာ သုံးပိုင်ခွင့်ကို ကန့်သတ်ထားနိုင်သော်လည်း ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်အရေးတို့တွင် တပ်မတော်၏ ဗီတိုအာဏာအတိုင်း ဆောင်ရွက်နေရသည်။

မည်သို့ပင် ဆိုစေကာမူ တစ်နှစ်ကျော် ကာလအတွင်း ဖြစ်ပေါ်ခဲ့သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေကို ကြည့်ပါက တပ်မတော်အနေဖြင့် ရွေးကောက်ခံ အစိုးရနှင့် ထိပ်တိုက် ဆန့်ကျင်မည့် အနေအထားတွင် မရှိဘဲ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကိုသာ အာရုံစိုက်မည့် အခြေအနေသို့ ဦးတည်နေကြောင်း သုံးသပ်ရပါသည်။

Role of Tatmadaw in Myanmar Transition

By Nay Htun Naing

This article examines the Myanmar Defense Services, or Tatmdaw, since the 2015 general elections. After the landslide electoral victory by the National League for Democracy (NLD) in 2015 elections, the constitutional provision that reserved twenty-five percent of Parliamentary seats for Tatmadaw representatives has provided the basis for blocking constitutional reform. In general, Tatmadaw representatives are in the minority on other issues. For example, the Tatmadaw appointed parliamentary representatives voted against a bill establishing the position of State Counsellor, which was filled by Daw Aung San Suu Kyi. Tatmadaw-appointed parliamentarians described the successful NLD-led legislative initiative as “democracy bullying.”

Nevertheless, the Tatmadaw appears to possess a de facto veto on issues related to the peace process and issue related to Rakhine State. The government has not attempted to challenge the Tatmadaw on these issues. The Tatmadaw and the new government hold similar positions on many issues. This includes the refusal to grant a United Nations Fact Finding Mission access to conflict zones in Rakhine State and support for the Nationwide Ceasefire Agreement (NCA) as the only path to peace.

While the Tatmadaw has relinquished its veto on most matters except constitutional change, it continues to wield influence over the peace process and security policies in Rakhine State. At the same time, the Tatmadaw has pursued internal reforms at it own comfortable pace.  This includes human rights issue, organizational reforms, and transforming its businesses interests. It has also engaged in diplomatic activities parallel to the government. It seems the military has its focus on the 2020 elections.

About the author

Nay Htun Naing

Nay Htun Naing is Deputy Director of Communications at the Institute for Strategy and Policy – Myanmar. He is also an Editor at The Myanmar Quarterly. He studied Bachelor of Economic at the Dagon University, Myanmar. He joined the media industry in 2005 and worked as Executive Editor for Weekly Eleven News Journal and The Daily Eleven Newspaper, and as Editor-in-Charge for Eleven Broadcasting. He has published a book and has produced more than five hundred articles in Myanmar language. In 2016 he received 'The Best Article Award for 140th Birthday of Thakin-Kodaw-Hmaing' at a remembrance ceremony of a prominent nationalist leader Thakin Kodaw Hmaing.

Add comment