နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှ လွှမ်းခြုံပေးရန် (Universal Health Coverage) မြန်မာလျှောက်ရမည့်လမ်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ Universal Health Coverage (UHC) ဆိုသည့်စကားလုံးကို ဆီလျော်အောင် မြန်မာမှုပြုထားခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အလိုအရ UHC ဆိုသည်မှာ လူသားအားလုံး လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ငွေကြေးအခက်အခဲ တစုံတရာမရှိဘဲ (ရောဂါကြောင့် ကျန်းမာရေးစရိတ်ထောင်းပြီး မွဲပြာကျရခြင်း၊ ကျန်းမာရေးစရိတ်ကြောင့် ဆင်းရဲတွင်းနက်သွားခြင်းများ မရှိဘဲ) လွယ်ကူလျင်မြန်စွာရရှိအောင် ဖန်တီးထားသည့်စနစ်မျိုးဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။
နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှလွှမ်းခြုံပေး ဆိုသော အယူအဆသည် ကမ္ဘာ့နိုင်ငံအားလုံးကျင့်သုံးရန် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ မူဝါဒတခုဖြစ်ပြီး
(၁) Population Coverage ခေါ် လွှမ်းခြုံနိုင်သည့်လူဦးရေဆိုင်ရာ ရှုထောင့်
(၂) Service Coverage ခေါ် ကျန်းမာရေးဝန်ဆောင်မှု လွှမ်းခြုံခြင်းဆိုင်ရာ ရှုထောင့်နှင့်
(၃) Financial Coverage ခေါ် ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာရေး လွှမ်းခြုံမှုဆိုင်ရာ ရှုထောင့်ဟူ၍ တခုနှင့်တခု ဆက်စပ်နေသည့်ရှုထောင့် (Dimension) သုံးမျိုး ပါဝင်သည်။

အကျိုးရလဒ်အားဖြင့် –
(၁) Improve Health Status of Population (Beneficiaries) အစောင့်ရှောက်ခံ ပြည်သူလူထု၏ ကျန်းမာရေးအခြေအနေ တိုးတက်မြင့်မားမှု
(၂) Enhance customers’ satisfaction ကျန်းမာရေးစောင့်ရှောက်မှုကို ရယူ သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုနှင့်
(၃) Degree of Financial protection ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကုန်ကျစရိတ်အတွက် ငွေကြေးဆိုင်ရာ အကာအကွယ်ပေးနိုင်မှုတို့ကို ရရှိလာစေ မည် ဖြစ်သည်။

အဆိုပါ ရလဒ်ပန်းတိုင်တို့ကို ရှေးရှု ဦးတည်လျှောက်လှမ်းရသည့်အတွက် UHC ကို လမ်း ဟု သမုတ်ကြခြင်းဖြစ်သည်။ ကောင်းမွန်သည့် ကျန်းမာရေးရလဒ်များဆီသို့ ဦးတည်လျှောက်လှမ်းရာလမ်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျန်းမာရေးစနစ်တို့ကို တည်ဆောက်ကာ ပန်းတိုင်ဆီ အသီးသီးအသက လျှောက်လှမ်းနေကြသည်။ ပန်းတိုင်ကို ရောက်ပြီး သော နိုင်ငံများရှိသလို လမ်းခုလတ်မှာ ကြိုးစားဆဲနိုင်ငံများလည်း အများအပြား၊ မတ်တတ် ရပ်လို့လမ်းမှာငိုခဲ့ရသည့် နိုင်ငံတွေလည်း မနည်းမနော။
UHC လမ်းကို မြန်မာနိုင်ငံအနေဖြင့်လည်း မလွဲမသွေလျှောက်လှမ်းမည်၊ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် ရလဒ်ပန်းတိုင်ဆီ လှမ်းကိုင်နိုင်အောင်ကြိုးပမ်းမည်ဟု (ထိုစဉ်က)နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပပြုလုပ်သော UHC Forum 2017 Tokyo အဆင့်မြင့်အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်အသီးသီးကို မိန့်ခွန်းပြောကြားခဲ့ပြီး ဖြစ်ပေသည်။ အချိန် ကာလအားဖြင့် ၁၂ နှစ်သာ လိုတော့သည့် ၂၀၃၀ ပြည့်နှစ်တွင် လိုချင်သော ပန်းတိုင်သို့ အမှန်တကယ်ရောက်နိုင်မည်လား။ ဘယ်လို လှမ်း၍ ဘယ်လိုပန်းဝင်မည်နည်း။ လက်ရှိ အခြေအနေကရော မည်သို့ရှိသနည်း။
အဆိုပါလမ်းကို လျှောက်တော့မည် ဆိုလျှင် ကျန်းမာရေးလွှမ်းခြုံမှုဟု ဆိုထား သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည်အဓိကကျသည်မှာမှန်၏။ သို့သော် အဆိုပါ ဝန်ကြီးဌာနအင်အား တခုတည်းဖြင့် အကောင်အထည်ဖော်နိုင်စွမ်းမရှိ။ အဘယ့် ကြောင့်ဆိုသော် လူဦးရေဆိုင်ရာ လွှမ်းခြုံမှု ဆိုသည်မှာ ကျန်းမာရေးဝန်ဆောင်မှုများကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများအား လုံး ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး၊ တောင်ပေါ် တောင်အောက် မရွေး၊ လူမျိုး ဘာသာမရွေး၊ ဆူကြုံနိမ့်မြင့် မခွဲခြားဘဲ အားလုံး သာတူညီမျှ လွှမ်းခြုံနိုင်စွမ်းကို ဆိုလိုသည်။ ထိုကိစ္စသည် နိုင်ငံရေးဖြစ်စဉ် (Political Process) ဖြစ်ပေသည်။ နိုင်ငံသားများ အတွက် ကျန်းမာရေးလွှမ်းခြုံမှုကို နိုင်ငံတော်အစိုးရ၏ ခိုင်ကျည်သော သံန္နိဌာန်နှင့် နိုင်ငံရေး ကတိကဝတ်များကသာ ဖြည့်စွမ်းပေးနိုင်ပေသည်။
ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ လွှမ်းခြုံမှုဆိုသည်မှာ မည်သည့် ကျန်းမာရေး ဝန် ဆောင်မှုကို ပြည်သူလူထု အားပေးမည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ပေးအပ်သော ကျန်းမာရေးဝန်ဆောင်မှုအမျိုးအမည် အလွန်နည်းပါးလျှင်သော်လည်းကောင်း၊ အရည်အသွေး အလွန်ညံ့ဖျင်းလျှင်သော်လည်းကောင်း UHC လမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန် ခဲယဉ်းသည်။ အဆိုပါကိစ္စသည် ကျန်းမာရေးကဏ္ဍနှင့် လုံးလုံးလျားလျားပတ်သက်ပေသည်။
ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာရေးလွှမ်းခြုံမှုဆိုသည်မှာ ကျေနပ်ဖွယ် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူအားလုံးအတွက် လိုအပ်ချိန်တွင် လိုအပ်သလို ပေးရာ တွင် ရေရှည်တည်တံ့နိုင်သည့် ကျန်းမာရေးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှုစနစ်ကို တည်ထောင် ကျင့်သုံးနိုင်ခြင်း၊ ထိရောက်အကျိုးရှိစွာသုံးစွဲခြင်းနှင့် ပြည်သူပြည်သားများအား ကျန်းမာရေး စရိတ်ထောင်း၍ ဆင်းရဲတွင်းနက်ရခြင်းတို့ကို အကာအကွယ်ပေးနိုင်စွမ်းကိုဆိုလိုသည်။ ထိုကိစ္စ သည် ဘောဂဗေဒအသိပညာ၊ စီမံခန့်ခွဲမှုတို့နှင့် သက်ဆိုင်ပါသည်။
ထို့ကြောင့် UHC ဆိုသည်မှာ နိုင်ငံရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍသုံးမျိုး ညှိနှိုင်း ပေါင်းစပ်၍ အပေးအယူမျှမှသာ အောင်မြင်အောင် ဖန်တီးစီမံနိုင်မည့် မြင်ကွင်းကျယ် ကျန်းမာ ရေး လွှမ်းခြုံမှုမျိုးပင်ဖြစ်၏။

UHC အတွက် မြန်မာလျှောက်ရမည့်လမ်း
လူဦးရေလွှမ်းခြုံမှု (Population Coverage)

ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု၊ ခရိုင် ၇၃ ခု၊ မြို့နယ် ၃၃၀၊ ကျေးရွာစု ၁၃၇၄၂ စုနှင့် ကျေးရွာပေါင်း ၆၅၁၄၈ ရွာခန့်တွင် မှီတင်းနေထိုင်ကြသည့် ၅၂ သန်းမျှပမာဏရှိသော မြန်မာ့ပြည်သူလူထုတွင် လူမျိုးစု ၁၃၇ မျိုးပါဝင်ပြီး ကိုးကွယ်ရာ ဘာသာ တရားမျိုးစုံ ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ မှီတင်းနေထိုင်ရာ နယ်မြေဒေသ (Geographical Location) အရသော်လည်းကောင်း၊ ခက်ခဲနေသေးသည့် လမ်းပန်းဆက်သွယ်ရေးအရသော် လည်းကောင်း၊ လူမျိုးစု ဓလေ့ထုံးစံနှင့် ရိုးရာအစွဲအလမ်းများကြောင့်သော်လည်းကောင်း၊ မတူ ကွဲပြားသော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခြေအနေများအရသော်လည်းကောင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးကို သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု တပြေးညီ ပေးနိုင်စွမ်းရှိရန်ကိစ္စမှာ လွန်စွာခက်ခဲပေသည်။
တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ၎င်းတို့၏ နယ်မြေဒေသအတွင်းရှိ ပြည်သူလူထုကို တနိုင်တပိုင်ပေးနေသည့် ကျန်းမာရေးဝန်ဆောင်မှုများ၊ ပြည်ပငွေကြေးအကူအညီများဖြင့် ဦးတည်ဆောင်ရွက်နေသည့် ရောဂါနှိမ်နင်းရေးလုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကျန်းမာရေးဝန်ဆောင်မှုများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးစနစ်နှင့် စင်ပြိုင် ကျန်းမာရေးစနစ်များကဲ့သို့ တည်ရှိနေရာ အလိုက်သင့် ညှိနှိုင်းပေါင်းစပ်နိုင်စွမ်းမရှိခဲ့လျှင် ကွဲပြားခြားနားသော (Fragmented Health Care) အသွင်ကို ဖြစ်ပေါ်စေပြီး Population coverage တွင် ခေါင်းခဲစရာ ပြဿနာတခုအဖြစ် တည်ရှိနေပါသည်။ ပြည်သူလူထုအားလုံးကို လွှမ်းခြုံနိုင်သည်ဆိုစေကာမူ ညံ့ဖျင်းသည့် ကျန်းမာရေးဝန်ဆောင်မှုများနှင့် မည်ကာမတ္တ ကျန်းမာရေးဝန်ဆောင်မှုများကို ပေးနေသည် ဆိုပြန်လျှင်လည်း ပြည်သူလူထု၏ စိတ်ကျေနပ်နှစ်သက်မှုကို ရနိုင်မည်မဟုတ်သည့် အတွက် အောင်မြင်သည့် လမ်းတခု ဖြစ်လာမည်မဟုတ်ပေ။

ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာလွှမ်းခြုံမှု (Service Coverage)

မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေးစောင့်ရှောက်မှုတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အကျယ်ပြန့်ဆုံး လွှမ်းခြုံ ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်သည်။ အခြားဝန်ကြီးဋ္ဌာနများ (ကာကွယ်ရေး၊ လူမှုဖူလုံရေး၊ ပို့ဆောင်ရေး၊ ပြည်ထဲရေး အစရှိသဖြင့်)တွင် ၎င်းတို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် အာမခံ အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို သီးခြား အစီအစဉ်များဖြင့် ဆောင်ရွက် လျှက် ရှိကြသည်။
ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအနေဖြင့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဖွင့်လှစ်ထားရှိပြီး ကုသမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်လျှက် ရှိသည်။ လက်ရှိမြန်မာနိုင်ငံတွင် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ငါးမျိုး ဖြစ်သည့် Promotive, preventive, curative, rehabilitative and Palliative services များကို ကျန်းမာရေးဝန်ကြီးဌာနအနေနှင့်သာ ပေးစွမ်းနိုင်ပြီး အခြားဝန်ကြီးဌာနများ (ကာကွယ်ရေးမှ အပ)နှင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုတို့မှာ ကုသရေးလုပ်ငန်းကိုသာ ဇောင်းပေး လုပ် ကိုင်ကြခြင်း ဖြစ်သည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် ပြည်သူ့ဆေးရုံပေါင်း ၁၁၃၄ ရုံ၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနများအပြင် ကျေးလက် ကျန်းမာ ရေးဌာန ၁၇၉၆ ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲပေါင်း ၉၀၈၃ ကျော်တို့ဖြင့် ဖွဲ့စည်းဆောင်ရွက် လျှက်ရှိသော်လည်း population coverage အနေဖြင့်ချိန်ထိုးကြည့်မည်ဆိုလျှင် ကျေးလက်နေ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရှိရပါသည်။ ကျေးလက်ကျန်းမာရေးဌာနသည် ရှိနေသည့် ကျေးရွာစုအားလုံး၏ ၁၂ ရာခိုင် နှုန်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲသည် စုစုပေါင်းကျေးရွာအားလုံး၏ ၁၃ ရာခိုင်နှုန်းမျှသာ ရှိသေးသည့်အတွက် ကျန်းမာရေး အခြေခံအဆောက်အဦ လိုအပ်ချက်သည် ကျေးလက်နေ ပြည်သူတို့အတွက် အလွန်ကြီးမားနေသေးသည်။
ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်အနေဖြင့် လက်ရှိ ပြည်သူ့ကျန်းမာရေးစနစ် အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဆရာဝန်အရေအတွက်သည် စုစုပေါင်း ဆရာဝန် အရေအတွက်၏ ၂၃ ရာခိုင်နှုန်းမျှသာရှိသည်ကို တွေ့ရှိရပါသည်။
ကျေးလက်နေပြည်သူတို့အတွက် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကို လုံလောက် စွာပေးမည်ဆိုလျှင် ကျေးလက်ကျန်းမာရေးဌာန ၃၀၀၀ ကျော်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၂၀၀၀ ကျော် အသစ်တည်ဆောက်ပေးရမည်ဖြစ်ပြီး လက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများမှ ပျက်စီးယိုယွင်း၊ နယ်မြေအခြေအနေအရ သွားမရသည့် ကိစ္စများကို ဖြေရှင်းဆောင် ရွက်ပေးရပေမည်။ မြောက်မြားစွာသော လက်ထောက်ကျန်းမာရေးမှူးများ၊ ဘက်စုံ သားဖွား ဆရာမများကို အသစ်မွေးထုတ်ခန့်အပ်ရမည်ဖြစ်သဖြင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ရေတိုနည်းဖြင့် မည်သို့မျှမဖြည့်ဆည်းနိုင်သည်ကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။
အဆိုပါ ဖြည့်ဆည်းရန်လိုအပ်ချက်များ ပြည့်စုံလာသည့်တိုင်
• လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ရန် အတတ်ပညာနှင့် ဝန်ဆောင်မှု အဆင်သင့်ဖြစ်ခြင်း (Supply Side Readiness)၊
• ပြည်သူအားလုံးအတွက် မဖြစ်မနေပေးရမည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း (Minimum Essential Health Package) ကို ဖော်ထုတ်ညှိနှိုင်း သဘော တူညီချက်ရယူခြင်း၊
• အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းအပေါ် ကျန်းမာရေး စောင့်ရှောက်သူနှင့် အစောင့်ရှောက်ခံများ၏ ကျေနပ်လက်ခံနှစ်သက်မှု (Provider and Customer Satisfaction)၊
• ထိုဝန်ဆောင်မှုများရေရှည်တည်တံ့နိုင်ရန် တည်ငြိမ်သည့်ငွေကြေးစီမံခန့်ခွဲမှု (Proper financial management for Universal Health Coverage) အစရှိသည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ရဦးမည် ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အထက်ဖော်ပြပါ ကိစ္စများအတွက် အမျိုး သား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)ကို ရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်နေပေသည်။

ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာလွှမ်းခြုံမှု (Financial or Cost Coverage)

ကျေနပ်ဖွယ် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို (Service coverage) ပြည်သူအားလုံးအတွက် လိုအပ်ချိန်တွင် လိုအပ်သလို (Population coverage) ပေးရာတွင် ရေရှည် တည်တံ့နိုင်သည့် ကျန်းမာရေးဆိုင်ရာငွေကြေး စီမံခန့်ခွဲမှုစနစ်ကို တည်ထောင် ကျင့်သုံး နိုင်ခြင်း ထိရောက်အကျိုးရှိစွာ သုံးစွဲခြင်းနှင့် ပြည်သူပြည်သားများအား ကျန်းမာရေးစရိတ် ထောင်း၍ ဆင်းရဲတွင်းနက်ရခြင်းတို့ကို အကာအကွယ်ပေးနိုင်ခြင်း စသည့် ကိစ္စရပ်များသည် Universal Health Coverage ၏ အဓိကကျသော ရှုထောင့်တရပ် ဖြစ်သည်။
UHC Financial Indicator များအဖြစ် WHO ၏ သတ်မှတ်ဖော်ထုတ်ချက်များကို ကြည့် လျှင် UHC လမ်းကြောင်းပေါ်ရှိ နိုင်ငံတခုသည်
• ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကိုယ့်ငွေကိုယ်ပေးရမှု (Out-of-pocket expenditure) သည် စုစုပေါင်းကျန်းမာ ရေး အသုံးစရိတ် (Total Health Expenditure) ၏ ၃၀-၄၀ ရာခိုင်နှုန်းအတွင်း ရှိခြင်း၊
• စုစုပေါင်း ကျန်းမာရေးအသုံး စရိတ်သည် ဂျီဒီပီ၏ ၃-၄ ရာ ခိုင်နှုန်း ပမာဏရှိခြင်း၊
• လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်း ကျော်ကို ကျန်းမာရေးအတွက် တင်ကြိုထည့်ဝင်ငွေဖြင့် စီမံ ခန့်ခွဲသည့် (Prepayment and risk pooling scheme) အစီ အမံမျိုးဖြင့် စောင့်ရှောက်မှု ပေးခြင်း၊
• ရာနှုန်းပြည့် လူမှုအကာအကွယ်ပေးရေးအစီအစဉ် (Social assistance and social safety net program) များတည်ရှိခြင်း စသည့်အချက်များနှင့် ပြည့်စုံ ရမည်ဟု ဆိုထားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော ကျန်းမာရေးဘဏ္ဍာ ငွေလုံးငွေရင်း သည် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဘတ်ဂျက်ဖြစ်သည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အတွက် ကျန်းမာရေးဘတ်ဂျက်မှာ ၁၀၇၇ ဘီလီယံကျပ်ဖြစ်ပြီး အစိုးရဘတ်ဂျက်၏ ၄ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကာ ဂျီဒီပီ၏ ၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပါသည်။ အဆိုပါ ဘတ်ဂျက်သည်ပင်လျှင် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တိုက်ရိုက်အကုန်အကျခံခြင်းမျိုး မဟုတ်။ Input based budgeting ခေါ် အခြေခံ အဆောက်အဦ၊ လစာ၊ ဝန်ထမ်းနေအိမ်၊ လျှပ်စစ်မီတာ၊ စက်သုံးဆီ အစရှိသည်တို့အတွက် အကုန်အကျခံခြင်းမျိုး ဖြစ်ပေသည်။ ထို့ပြင်တ၀ စုစုပေါင်း ကျန်းမာရေးအသုံးစရိတ်တွင် ပြည်သူလူထု၏ ကိုယ့်ငွေကိုယ်သုံး တိုက်ရိုက်ကျခံမှုမှာ ၇၄ ရာခိုင် နှုန်းအထိ ရှိနေပါသေးသည်။ ထို့အပြင် လူမှုဖူလုံရေးအာမခံမှအပ အခြား ကျန်းမာရေးဆိုင်ရာ တင်ကြိုထည့်ဝင်သည့် အစီအမံများလည်း ယခုအထိ မရှိသေးသည် ကို တွေ့ရှိရပေသည်။
မည်သည့်တိုင်းပြည်မဆို UHC သို့သွားရာလမ်းသည် နှစ်ကာလ ရှည်ကြာပြီး ကြမ်းတမ်း ခက်ခဲလေ့ရှိပါသည်။ မြန်မာနိုင်ငံအဖို့ Population coverage, service coverage နှင့် cost coverage လုပ်ငန်းများကို UHC အတွက် တည်ဆောက်ရာတွင် အရေးအကြီးဆုံးဖြစ်သည့် ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာငွေစုဆောင်းရေး၊ တည်ငြိမ်ရေရှည်ခံသည့် ကျန်းမာရေးစနစ် ဖြစ်စေရန် တင်ကြိုထည့်ဝင်ငွေ အာမခံစနစ်ဖြင့် လွှမ်းခြုံနိုင်ရေးအတွက် လိုအပ်သော ဥပဒေ ပြဌာန်းမှုများကို စတင်ဆောင်ရွက်နိုင်ရန် လိုအပ်ပေသည်။ တည်ငြိမ်သည့် ငွေကြေးအစီအမံများ ရှိခြင်းသည် လူဦးရေလွှမ်းခြုံမှုနှင့် ဝန်ဆောင်မှုလွှမ်းခြုံခြင်းများအတွက် အရေးပါသည့် ရေခံမြေခံ တခုဖြစ်ပြီး ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စတခုဖြစ်သည်။ သွားရမည့်ခရီး၊ လျှောက်ရမည့် လမ်းကား ဝေးသော်လည်း မရောက်ရောက်အောင် လျှောက်လှမ်းရမည့်လမ်းဖြစ်သည့် UHC လမ်းကို အစိုးရ၊ ပြည်သူနှင့် ပညာဉာဏ်ရှေ့ဆောင်အဖွဲ့အစည်းတို့ ပူးပေါင်းလျှောက်လှမ်းမှသာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်ပေသည်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment