အရေးနိမ့်ဒီမိုကရေစီ အပြောင်းအလဲ – Failed Democratization

■ နိဒါန်း

၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဒီမိုကရက်များအတွက် မျှော်လင့်ချက်များ မြင့်မား ရှင်သန်နေသော “ရွှေခေတ်” ဟု ဆိုနိုင်ပါလိမ့်မည်။ ၁၉၇၄ ခုနှစ် ပေါ်တူဂီနိုင်ငံမှ စတင်ခဲ့သော ဒီမိုကရေစီ လှိုင်းကြီးမှာ အာရပ်ကမ္ဘာမှလွဲ၍ တစ်ကမ္ဘာလုံးအနှံ့ ပြန့်နှံ့သွားခဲ့ရာ ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်(လ)ဖီ ဟန်တင်တန် (Samuel P. Huntington) က “ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း” ဟု သတ်မှတ် ပေးခဲ့သည်။ ဆိုခဲ့ပါ ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဆိုခဲ့ပြီးသော တတိယလှိုင်း ကာလ၏ အထွတ်အထိပ်ပင် ဖြစ်ပါသည်။ သို့နှင့်တိုင် နောင်ဆယ်နှစ် သာသာခန့်အကြာ၊ ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်သို့ ရောက်သောအခါတွင်မူ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်မှာပင် ကပြောင်းကပြန် ဖြစ်ရပ်များစွာနှင့် ရင်ဆိုင် လိုက်ရပြန်သည်။

ဤတွင် ပြောလိုသည်မှာ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်သည် အများထင်နေကြသလို “မုချအောင်ရမည်”ဟု ရဲရဲတင်းတင်း ကြွေးကြော်သံ ထုတ်နိုင်သော “ဧကန်ခရီး” မဟုတ်။ အချိန်မရွေး နောက်ကြောင်းပြန်နိုင်သော “အနေကန်ခရီး” ဖြစ်သည်ဟု ဆိုလိုရင်း ဖြစ်သည်။ ယခုစာစု၏ ရည်ရွယ်ချက်မှာ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်၏ ဖြစ်ပေါ်တိုးတက်မှုများ (အထူးသဖြင့် အရေးနိမ့်သွားသော ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်များ)ကို လေ့လာဆန်းစစ်ဖို့ ဖြစ်လာသည်။ ဤသို့ လေ့လာဆန်းစစ်ရာတွင် “ဖရီးဒမ်းဟောက်စ် ညွှန်ကိန်းများ” (Freedom House Index) ကို အသုံးပြုသွားပါမည် (နောင်တွင် FHI ဆိုသော အတိုကောက်ကိုသာ သုံးသွားပါမည်။)

အဆိုပါ FHI ကို နံပါတ်-၁ မှ နံပါတ်-၇ အထိ သတ်မှတ်ထားပါသည်။ နံပါတ်-၁ မှာ “အမြင့်ဆုံး တံခါးဖွင့်ထားသည့် ပေါ်လတီ”ကို ရည်ညွှန်းပြီး နံပါတ်-၇ မှာ “အနိမ့်ဆုံး တံခါး ဖွင့်ထားသည့်  ပေါ်လတီ”ကို  ညွှန်ပါသည်။ “ပေါ်လတီ” (Polity) ဆိုသည်မှာ “နိုင်ငံအဖြစ် စနစ်တကျ ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်း” ကို ဆိုလိုသည်။ ကာလသတ်မှတ်ချက်မှာ ၁၉၇၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဖြစ်ပါသည်။

■ ၁။ အမျိုးအစားခွဲခြင်း

နိုင်ငံများကို အမျိုးအစား ငါးမျိုး ခွဲကြည့်ပါမည်။ ပထမ နှစ်မျိုးတွင် “အခြေခိုင်ပြီး ဒီမိုကရေစီနိုင်ငံများ” (Established Democracies) နှင့် “အခြေခိုင်ပြီး အော်တိုကရေစီနိုင်ငံများ” (Established Autocracies) ပါဝင်သည်။ “အခြေခိုင်ပြီး ဒီမိုကရေစီနိုင်ငံများ” မှာ ၁၉၇၅ ခုနှစ် နောက်ပိုင်း နှစ်စဉ် FHI သတ်မှတ်ချက် ၂ ဒသမ ၅၊ သို့မဟုတ် ထို့ထက် ပိုကောင်းသော အဆင့်တွင်ရှိသည်။ အမြဲတမ်း တံခါးဖွင့် နိုင်ငံရေးစနစ် ကျင့်သုံးသည့် နိုင်ငံများဖြစ်သည်။ “အခြေခိုင်ပြီး အော်တိုကရေစီနိုင်ငံများ” မှာ နှစ်စဉ် FHI သတ်မှတ်ချက် ၄ ထက်မပိုသော နိုင်ငံများဖြစ်သည်။ FHI သတ်မှတ်ချက်၏ “အလယ်မှတ်” ဝန်းကျင်တစ်ဝိုက်တွင်သာ ရှိသည်။ တံခါးဖွင့် နိုင်ငံရေးစနစ်နှင့် ဘယ်တုန်းကမှ မနီးစပ်လှသော နိုင်ငံများဖြစ်ကြသည်။ နိုင်ငံပေါင်း ၁၅၈ နိုင်ငံအနက် “အခြေခိုင်ပြီး ဒီမိုကရေစီနိုင်ငံ” ပေါင်းမှာ ၂၃ ခုရှိပြီး “အခြေခိုင်ပြီး အော်တိုကရေစီနိုင်ငံ” ပေါင်းမှာ ၄၅ နိုင်ငံ ရှိသည်။ ဤနှစ်မျိုးလုံးမှာ ၁၉၇၅ ခုနှစ် နောက်ပိုင်း “အစိုးရအပြောင်းအလဲ” လုံးဝမရှိသော နိုင်ငံများ ဖြစ်ကြပါသည်။

အခြားအမျိုးအစား သုံးခုတွင် “ဒီမိုကရက်တိုင်ဇာ” (Democratizer) သုံးမျိုး ပါဝင်သည်။ “ဒီမိုကရက်တိုင်ဇာ” ဆိုသည်မှာ ၁၉၇၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း FHI သတ်မှတ်ချက် ၂ ဒသမ ၅ သို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးဘဲ FHI သတ်မှတ်ချက် ၃ ဒသမ ၅၊ သို့မဟုတ် ထို့ထက် ပိုကောင်းသောအဆင့်သို့ အနည်းဆုံး တစ်နှစ်ရောက်ဖူးသည့် နိုင်ငံများကို ဆိုလိုသည်။ အဆိုပါ “ဒီမိုကရက်တိုင်ဇာ” များကို အောက်ပါအတိုင်း သုံးမျိုးသုံးစား ခွဲနိုင်သည်။

■ အောင်မြင် သန်စွမ်းသော ဒီမိုကရက်တိုင်ဇာများ (Robust Democratizer)

ဤအုပ်စုတွင် နိုင်ငံပေါင်း ၃၉ နိုင်ငံ ပါဝင်သည်။ အောင်မြင်သော ဒီမိုကရေစီနိုင်ငံများဟု ဆိုနိုင်သည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တစ်နှစ်၊ သို့မဟုတ် တစ်နှစ်ထက်ပို၍ FHI သတ်မှတ်ချက် ၂ ဒသမ ၅ မရတတ်သေးသော နိုင်ငံများဖြစ်သည်။ သို့တစေ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ သုံးနှစ် ဆက်တိုက် ပိုမိုကောင်းမွန်သော FHI သတ်မှတ်ချက် ရလာသည့် နိုင်ငံများ ဖြစ်ပါသည်။ ဆိုက်ပရပ်၊ အိန္ဒိယ၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘရာဇီး၊ အယ်ဆာဗေဒို၊ ဘူဂေးရီးယား၊ ချီလီ၊ ချက်၊ ဆလိုဗားကီးယား စသည်တို့ ပါဝင်သည်။

■ မခိုင်မာသော ဒီမိုကရက်တိုင်ဇာများ (Tenuous Democratizer)

နိုင်ငံပေါင်း ၃၀ ပါဝင်သည်။ အောင်မြင်မှု အတိုင်းအတာအရ အလယ်အလတ် အဆင့်ရှိသည့် နိုင်ငံများ ဖြစ်ကြသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း FHI သတ်မှတ်ချက် ၂ ဒသမ ၅ မရတတ်သော်လည်း ၃ ဒသမ ၅ နှင့် ထို့ထက်ပိုကောင်းသော အဆင့်ထိ အနည်းဆုံးတစ်နှစ် ရောက်ရှိသည့် နိုင်ငံအမျိုးအစား ဖြစ်သည်။ ဘိုလစ်ဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဟွန်ဒူရပ်၊ အယ်ဘေးနီးယား၊ ကင်ညာ၊ လိုင်ဘေးရီးယား၊ မက်ဆီဒိုးနီးယား၊ မိုဇမ်ဘစ်၊ နီကာရာဂွါ စသည့် နိုင်ငံများ ပါဝင်သည်။

■ အရေးနိမ့် ဒီမိုကရက်တိုင်ဇာများ (Failed Democratizer)

ဤနိုင်ငံများမှာ နိုင်ငံရေး တံခါးဖွင့်ဝါဒကို ကြုံခဲ့ဖူးသည်။ နောက်ပိုင်းရောက်မှ အရေးကြီးသော နောက်ပြန်ဆုတ်မှုများနှင့် ကြုံခဲ့ရပြီး အရေးနိမ့် နိုင်ငံများအဖြစ် လျှောကျသွားခဲ့ရခြင်း ဖြစ်သည်။ ယခင် အတိတ်က FHI သတ်မှတ်ချက် ၃ ဒသမ ၅၊ သို့မဟုတ် ထို့ထက် ပိုကောင်းသည့်အဆင့်ထိ ရခဲ့ဖူးသော်လည်း လွန်ခဲ့သော သုံးနှစ်အတွင်းတွင်မူ FHI သတ်မှတ်ချက် ၄၊ သို့မဟုတ် ထို့ထက်ဆိုးသည်နှင့် ကြုံခဲ့ရသည်။ ဤနိုင်ငံများမှာ တခါက ဒီမိုကရေစီ အလားအလာ အထူးအားကောင်းခဲ့သော်လည်း၊ သို့မဟုတ် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို လက်တွေ့ ကျင့်သုံးခဲ့ဖူးသော်လည်း နောက်ပိုင်းတွင်မူ အာဏာပိုင်စနစ်သို့ ဦးတည် ရွေ့သွားခဲ့သည်။ ယခု စာစုရေးချိန် (မူလစာအုပ်ထွက်ချိန် ၂၀၀၉ ခုနှစ်) အထိတော့ ဒီမိုကရေစီဘက် ပြန်မလှည့်နိုင်သေးပါချေ။

ဤအစုတွင် နိုင်ငံပေါင်း ၂၀ တိတိ ပါဝင်သည်။ ယခုစာစုမှာ “အရေးနိမ့် ဒီမိုကရက် တိုင်ဇေးရှင်း” အကြောင်း အဓိက ဖော်ပြလိုသည်ဖြစ်၍ အဆိုပါ နိုင်ငံ ၂၀ စာရင်းကို အတိအကျ ဖော်ပြလိုက်ပါသည်။ အာမေးနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရပ်စ်၊ ဘာကီနာဖာဆို၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ကွန်ဂို-ဘရာဇာဗီး၊ ဂျီဘူတီ၊ ဖီဂျီ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာဂျက်စတန်၊ နီပေါ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်စတန်၊ ဗင်နီဇွဲလား၊ ဇင်ဘာဘွေ တို့ ဖြစ်ပါသည်။

■ ဒီမိုကရေစီကို အခြေမှ လှိုက်စားသည့် အရာများ

“ဘာတွေလဲ” (What)

အရေးနိမ့် ဒီမိုကရက်တိုင်ဇေးရှင်းသို့ တွန်းပို့လိုက်သည့် အဓိက အကြောင်းအရင်းများကို စိစစ်ကြည့်လိုက်ရာ အောက်ဖော်ပြပါ ခြောက်ချက်ကို ရရှိပါသည်။ (လိုအပ်သော ကိန်းဂဏန်း အချက်အလက်များကို တွက်ထုတ်နိုင်ရန် ဖော်ပြခဲ့ပြီးသော အမျိုးအစား ငါးမျိုးကို အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။ “အခြေခိုင်ပြီး ဒီမိုကရေစီ”ကို ၄၊ “အောင်မြင် သန်စွမ်းသော ဒီမိုကရက်တိုင်ဇာ”ကို ၃၊ “မခိုင်မာသော ဒီမိုကရက်တိုင်ဇာ”ကို ၂၊ “အရေးနိမ့် ဒီမိုကရက်တိုင်ဇာ”ကို ၁ နှင့် “အခြေခိုင်ပြီး အော်တိုကရေစီ”ကို ၀ အဖြစ် သတ်မှတ်ပါသည်။)

■ ၁။ စီးပွားရေးဖွံ့ဖြိုးမှု (Economic Development)

မြင့်မားသော စီးပွားရေး ဖွံ့ဖြိုးမှုမှာ ဒီမိုကရေစီအတွက် အသန်မြန်ဆုံး မိတ်ဆွေဖြစ်ပြီး ဆင်းရဲမွဲတေမှုမှာ အကြီးမားဆုံး ရန်သူဟု ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်ထားကြသည်။ ယေဘုယျအားဖြင့် အဆင့်မြင့် စီးပွားရေး ဖွံ့ဖြိုးမှုမှာ ခေတ်မီ ဆန်းကျယ်သော လူဦးရေ၊ ပိုမိုကျယ်ပြန့် အားကောင်းသော လူလတ်တန်းစားနှင့် ဆက်စပ်နေလေ့ ရှိသည်။ ထိုထက် စီးပွားရေး ဖွံ့ဖြိုးမှု မြင့်မားလာလေ၊ ပညာရေး အဆင့်မြင့်လာလေ၊ ထင်ရာစိုင်းတတ်သည့် ပညာမဲ့ အောက်ခြေ လူတန်းစားများ အားနည်းလာလေဟု ယူဆကြသည်များလည်း ရှိသည်။ ဤအချက်များကပင် အောင်မြင်သော ဒီမိုကရေစီ အပြောင်းအလဲအတွက် တွန်းအားများ ဖြစ်စေပါသည်။

စီးပွားရေး ဖွံ့ဖြိုးမှုကို အကဲဖြတ် ချင့်တွက်ရာတွင် “ဝယ်အားယှဉ်မျဉ်း” (PPP) နှင့် တွက်ထုတ်သော “စုစုပေါင်း အမျိုးသားဝင်ငွေ” (GNI) နှင့် တိုင်းတာပါသည်။ ကိန်းဂဏန်း အချက်အလက်များမှာ ၂၀၀၀ ပြည့်နှစ်မှ ဖြစ်သည်။

■ ၂။ လောင်စာအပေါ် မှီခိုနေရမှု (Fuel Dependence)

တိုင်းပြည် စီးပွားရေးမှာ ဟိုက်ဒရို ကာဗွန်များအပေါ် တဖက်သတ် မှီခိုနေရမှုမှာ တံခါးဖွင့်စနစ် ကျင့်သုံးသော အစိုးရအတွက် ပြဿနာဖြစ်နိုင်သည်ဟု ယူဆကြသည်များ ရှိသည်။ ဤနေရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ် တင်ပို့ရောင်းချရာမှ ရရှိသော ဝင်ငွေ အချိုးအဆပေါ် မူတည်တွက်ချက်ပါသည်။ အထူးသဖြင့် ရေနံမှရသော ဝင်ငွေမှာ ခေတ်မီရေးကို ပုံပျက်စေသလို ဖိနှိပ်မှု မျိုးစုံအတွက်လည်း ကျောထောက်နောက်ခံ အရင်းအနှီး ဖြစ်စေသည်။ လောင်စာနှင့် ပတ်သက်သော အဂတိလိုက်စားမှုများ ဖန်တီးပေးသလို “စီးပွားရေးတွင် နိုင်ငံတော် လမ်းညွှန်ထိန်းချုပ်မှု အယူအဆ” (Statism) ကိုလည်း အားပေးမြှင့်တင်ရာ ရောက်သည်။ ထို့ထက် စီးပွားရေး တည်ငြိမ်မှုကိုလည်း ထိပါးရာ ရောက်စေသည်။ ရေနံမှ ရသောဓန၏ ဆိုခဲ့ပါ သက်ရောက်မှုများက ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်အတွက် အဟန့်အတား ဖြစ်စေပါသည်။

■ ၃။ လူမျိုးစုထွေပြားမှု သရုပ်သကန် (Ethnic Fractionalization)

အချို့သော လေ့လာ စောင့်ကြည့်သူများက လူမျိုးစုများစွာ သောင်းပြောင်းထွေလာ ရောယှက်နေခြင်းမှာ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်ကို အဟန့်အတားပြုရာ ရောက်စေသည်ဟု ယူဆကြသည်။ သူတို့၏ အလိုအရ အကွဲအပြဲများ သာမန်ထက် ပိုများသော လူ့အဖွဲ့အစည်းများမှာ ပဋိပက္ခမျိုးစုံ ဖြစ်လေ့ရှိပြီး ဒီမိုကရက်တစ် အလေ့အထများနှင့် တစ်သားတည်းကျသော “ကြားအဖြေ” (Compromise) ရရှိစေရေးအတွက် ခက်ခဲတတ်သည်ဟု ဆိုပါသည် (Rebushka & Shepsle, 1972)။

(ဤခေါင်းစဉ်ငယ်အတွက် အချက်အလက်များကို Alberto Alesina နှင့် လုပ်ဖော်ကိုင်ဖက်များ၏ ၂၀၀၂ ခုနှစ် လေ့လာချက်၊ ရမှတ်များမှ ရယူထားပါသည်။)

■ ၄။ အစွန်းရောက် ဘာသာရေးများ၏ ရာခိုင်နှုန်း (Percentage Fundamentalist Religion)

ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ် အခြေအနေ၏ အရေးပါပုံကို လက်ခံကြသော ပညာရှင်များက အချို့သော ဘာသာတရားများ၏ အဟန့်အတားကို ထောက်ပြကြသည်များ ရှိသည်။ အစွန်းရောက် ဘာသာရေးများမှာ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်အတွက် အဓိက စိန်ခေါ်ချက်ဟု သူတို့က ဆိုကြသည်။ (Fish, 2002) ဤခေါင်းစဉ်ငယ်အတွက်မူ အစွန်းရောက် ဘာသာရေးများကို ယုံကြည်ကိုးကွယ်သူများ၏ ရာခိုင်နှုန်းနှင့် တိုင်းတာပါသည်။

(စာရေးသူ – မူလ ကိုးကားသော စာစုတွင် ဤခေါင်းစဉ်ငယ်ကို “မွတ်ဆလင်ရာနှုန်း” (Percentage Muslim) ဟု သုံးထားပါသည်။ မူလကျမ်းရှင် နှစ်ဦးမှာ “ဆမ်မျူရယ် ဟန်တင်တန်” ၏ အယူအဆကို လက်ခံသောကြောင့် ဖြစ်နိုင်ပါသည်။ ဟန်တင်တန်က “မည်သည့် ဘာသာတရားမှာ ဒီမိုကရေစီ ဆန်သည်၊ မည်သည့် ဘာသာတရားကမူ ဒီမိုကရေစီနှင့်မနီး” စသည်ဖြင့် ခွဲခြားကြည့်ဖူးသည်။ စာရေးသူ အနေနှင့်မူ ဘာသာတရားချင်း အမုန်းပွားစရာ ဖြစ်နိုင်သည့် အဆိုပါ အယူအဆကို သိပ်မနှစ်သက်လှပါ။ “ဘာသာတရားတိုင်းတွင် “သည်းခံ စာနာမှုနှင့် သည်းမခံ မစာနာမှု အမြွှာ” (Twin Toleration and Intoleration) ရှိတတ်သည်”ဆိုသော “အဲဖရက် စတီဖဲန်” (Alfred Stepan) ၏အမြင်ကို ပိုနှစ်သက်ပါသည်။ ဤအမြင်ဖြင့်ပင် ခေါင်းစဉ်ငယ်ကို ယခုလို ပြင်ဆင်လိုက်ခြင်း ဖြစ်ပါသည်)

■ ၅။ နောက်ကျသော အမျိုးသားလွတ်လပ်ရေး (Late National Independence)

ခေတ်သစ် နိုင်ငံတော်တစ်ရပ်အဖြစ် သက်တမ်း မည်မျှကြာကြာ ရှိ မရှိဆိုသော အချက်ကလည်း အဆိုပါနိုင်ငံ၏ “အမျိုးသား အမှတ်အသားသရုပ်”နှင့် “နိုင်ငံရေး စိတ်အခြေအနေ”အပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု ယူဆကြသည်များလည်း ရှိသည်။ ဤခေါင်းစဉ်ငယ်နှင့် ပတ်သက်လျှင်မူ ရိုးရှင်းသော်လည်း လက်တွေ့ အသုံးဝင်သည့်နည်းကို အသုံးပြုပါသည်။ တိုင်းပြည် တစ်ပြည်သည် ၁၉၀၀ ပြည့်မတိုင်မီက လွတ်လပ်ရေး ရခဲ့လျှင် သတ်မှတ်ချက် (ဝ) အဖြစ်ယူသည်။ ၁၉၀၀ ပြည့်နောက်ပိုင်းမှ လွတ်လပ်ရေး ရခဲ့လျှင်မူ သတ်မှတ်ချက် (၁) အဖြစ် ယူပါသည်။

■ ၆။ ကျား-မ တန်းတူရည်တူ မရှိမှု (Sex Inequality)

ကျား-မ တန်းတူရည်တူ ရှိမှု၊ မရှိမှုကိုလည်း ဒီမိုကရေစီ အောင်မြင်မှု အလားအလာနှင့် ချိတ်ဆက် စဉ်းစားကြသည်များ ရှိသည်။ ဤကိစ္စအတွက် တိုင်းတာနည်းမှာ ယောက်ကျားနှင့် မိန်းမကြား စာတတ်မြောက်မှု ကွာခြားချက်ပင် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် စာရင်းအရ ယောက်ကျ်ား စာတတ်မြောက်မှုထဲမှ မိန်းမ စာတတ်မြောက်မှုကိုနှုတ် ရရှိသောအဖြေမှာ မြင့်မားနေလျှင်  ကျားမ တန်းတူရည်တူ မရှိဟု သတ်မှတ်ပါသည်။ ဤသို့ဆိုလျှင် ဒီမိုကရေစီ အပြောင်းအလဲ အောင်မြင်ဖို့အတွက် အလားအလာ နည်းသည်ဟု ယူဆလေ့ ရှိကြသည်။

■ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ

ဆိုခဲ့ပြီးသော “ဒီမိုကရေစီကို အခြေမှ လှိုက်စားသည့်အရာ” ခြောက်မျိုးစလုံးကို မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲတွင် တွေ့နေရသည်။ စီးပွားရေး ဖွံ့ဖြိုးမှုမှာ ဒီမိုကရေစီအတွက် အပေါင်းလက္ခဏာ သဘော ဆောင်သော်လည်း ယခု လောလောဆယ် မြန်မာ့စီးပွားရေးမှာ အားတက်စရာ မကောင်းလှပါချေ။ စီးပွားရေး ဖွံ့ဖြိုးမှုမှလွဲ၍ ကျန်ငါးချက်စလုံးမှာ ဒီမိုကရေစီအတွက် အနှုတ်လက္ခဏာသဘော ဆောင်ပါသည်။ ဤငါးချက်စလုံးကိုမူ မြန်မာ့ဒီမိုကရေစီရေးတွင် တွေ့နေရသည်။ အထူးသဖြင့် လူမျိုးစု ပြဿနာ (တစ်နည်း ဖက်ဒရယ်ပြဿနာ)ပေါ် အခြေခံသော ပြည်တွင်းစစ် ရပ်စဲရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရသည်မှာ မြန်မာ့ဒီမိုကရေစီ ရှေ့ခရီးအတွက် အဓိက အတားအဆီး အဟန့်အတားလို ဖြစ်နေရသည်ဟု ယူဆရပါသည်။

■ ဒီမိုကရေစီကို လမ်းချော်စေသည့် အင်အားစုများ

“ဘယ်သူတွေလဲ” (Who)

ယခုအခါ အခိုင်အမာ နိုင်ငံတစ်ခုချင်းစီ၏ “အလားအလား” နှင့် ဖြစ်နိုင်ခြေ အကန့်အသတ်များကို ဆက်လက် ဆန်းစစ်ကြည့်ပါမည်။ ဤနေရာတွင်မူ အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ခြေမရှိသော “အခြေခိုင်ပြီး ဒီမိုကရေစီ”နှင့် “အခြေခိုင်ပြီး အော်တိုကရေစီ” ဆိုသော အမျိုးအစားခွဲနည်း နှစ်ခုကို ချန်လှပ်ထားခဲ့ပါမည်။ အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ခြေရှိသော ဒီမိုကရက်တိုင်ဇာ သုံးမျိုးကိုသာ အဓိကထား လေ့လာသွားမည် ဖြစ်သည်။ “အောင်မြင် သန်စွမ်းသော ဒီမိုကရက်တိုင်ဇာများ”၊ “မခိုင်မာသော ဒီမိုကရက်တိုင်ဇာများ”နှင့် “အရေးနိမ့် ဒီမိုကရက်တိုင်ဇာများ” ဖြစ်သည်။ အထူးသဖြင့် အရေးနိမ့် ဒီမိုကရက်တိုင်ဇာတွင် အကျုံးဝင်သည့် နိုင်ငံပေါင်း ၂၀ ကို အထူးပြု လေ့လာသွားမည် ဖြစ်ပါသည်။

■ အကန့်အသတ်နှင့် အလားအလာ

ပူးတွဲ ဖော်ပြထားသော ဇယားမှာ အရေးနိမ့် ဒီမိုကရက်တိုင်ဇာ နိုင်ငံ ၂၀ ထဲမှ အရေးနိမ့် နိုင်ခြေ ၄၀ ရာခိုင်နှုန်း အထက်တွင်ရှိသော နှစ်နိုင်ငံ (နိုက်ဂျီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်)နှင့် အရေးနိမ့်နိုင်ခြေ ၄၀ ရာခိုင်နှုန်းအောက်တွင် ရှိသော နှစ်နိုင်ငံ (ရုရှားနှင့် ဘီလာရပ်စ်) တို့၏ အလားအလာနှင့် အကန့်အသတ်တို့ကို နှိုင်းယှဉ် ဖော်ပြထားခြင်း ဖြစ်သည်။

နိုက်ဂျီးရီးယား ဒီမိုကရက်တိုင်ဇေးရှင်း၏ အရေးနိမ့်နိုင်ခြေမှာ ၉၈ ရာခိုင်နှုန်း ရှိသည်။ နိုက်ဂျီးရီးယားမှာ ဆင်းရဲသော နိုင်ငံတစ်ခုလည်း ဖြစ်သည် (တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၇၉၀)။ ပို့ကုန်မှ ရသော ဝင်ငွေအားလုံးနီးပါးမှာ ရေနံမှ ဖြစ်သည်။ လူဦးရေ ထက်ဝက်ကျော်မှာ မွတ်ဆလင်များ ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်ရောက်မှ လွတ်လပ်ရေး ရခဲ့သည်။ ကျား-မ မညီမျှမှုမှာ အထိုက်အသင့်သာ ရှိသည် (စာတတ်မြောက်မှု ကွာဟချက် ၁၇ ရာခိုင်နှုန်း)။

ဘင်္ဂလားဒေ့ရှ် ဒီမိုကရက်တိုင်ဇေးရှင်း၏ အရေးနိမ့်နိုင်ခြေမှာ ၅၇ ရာခိုင်နှုန်းအထိ ရှိသည်။ သို့တစေ ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်တွင် ရေနံနှင့်ဓာတ်ငွေ့ မပါချေ။ ဆင်းရဲသော နိုင်ငံတစ်ခုကား ဖြစ်သည် (တစ်ဦးချင်း နှစ်စဉ် ပျှမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၅၀)။ အစ္စလာမ်မစ် လူဦးရေ ၈၈ ရာခိုင်နှုန်းအထိ ရှိသည်။ ၁၉၇၁ ခုနှစ်မှ လွတ်လပ်သောနိုင်ငံ ဖြစ်လာသည်။ ကျား-မ မညီမျှမှု အလွန်ကြီးသည် (စာတတ်မြောက်မှု ကွာဟချက် ၂၂ ရာခိုင်နှုန်း)။

ရုရှား ဒီမိုကရေစီ၏ အရေးနိမ့်နိုင်ခြေမှာ ၃၉ ရာခိုင်နှုန်း ရှိသည်။ မခိုင်မာသော ဒီမိုကရေစီ ဖြစ်နိုင်ခြေမှာ ၄၂ ရာခိုင်နှုန်းအထိ ရှိသည်။ အောင်မြင် သန်စွမ်းသည့် ဒီမိုကရေစီ ဖြစ်နိုင်ခြေမှာ ၁၉ ရာခိုင်နှုန်းသာ ရှိသည်။ ဘီလာရပ်စ်‑ ဒီမိုကရေစီ၏ အရေးနိမ့်နိုင်ခြေမှာ ၇ ရာခိုင်နှုန်းမျှသာ ရှိသည်။ အောင်မြင် သန်စွမ်းသည့် ဒီမိုကရေစီ ဖြစ်နိုင်ခြေမှာ ၆၀ ရာခိုင်နှုန်းအထိ ရှိသည်။

■ နောက်ကြောင်းပြန် အင်အားစုများ

ဆက်လက်ပြီး ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်ကို နောက်ကြောင်း ပြန်တတ်သော အင်အားစုများကိုလည်း ယခုလို စာရင်းချပြ ပါသည်။

၁။ လူထု – လူထုအားလုံးကို ဆိုလိုသည် မဟုတ်ပါ။ ရယ်ဒီကယ် အစွဲသန်သော လူထု၏ အစိတ်အပိုင်း တစ်ရပ်ကိုသာ ဆိုလိုပါသည်။ သူတို့အနေနှင့် ထိပ်တိုက် သဘောဆောင်သော ဆူပူ အုံကြွမှုများ၊ တော်လှန်ရေးများကို အားသန်လေ့ ရှိကြသည်။ မျက်မှောက်ခေတ် ဒီမိုကရက်တိုင်ဇေးရှင်း (တစ်နည်း) တတိယလှိုင်းမှာ တိုက်ပွဲရလဒ် မဟုတ်၊ စေ့စပ်ညှိနှိုင်းမှု၏ အဖြေသာ ဖြစ်သည် (Fukuyama, 2015)။

၂။ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ – အဆိုပါ နံပါတ်-၁ နှင့် ၂ တို့မှာ သူ့ချည်း သက်သက်တော့ နောက်ကြောင်းပြန် အင်အားစု မဖြစ်နိုင်ပါ။ လူထု (နံပါတ်-၁) နှင့် လက်နက်ကိုင် အင်အားစု (နံပါတ်-၂) တို့ကို အကြောင်းခံ ဖြစ်ပေါ်လာသော မတည်ငြိမ်မှုများကို အကြောင်းပြပြီး တတိယ အင်အားစုတစ်ခုခု (အထူးသဖြင့် – တပ်မတော်) က ဝင်ရောက် စွက်ဖက်လာမှသာ နောက်ကြောင်းပြန် အင်အားစု ပီပီပြင်ပြင် ဖြစ်သွားတတ်ပါသည်။

၃။ နိုင်ငံခြား အင်အားကြီးနိုင်ငံ – အထူးသဖြင့် ဒီမိုကရေစီ မဟုတ်သော အိမ်နီးချင်း ဂရိတ်ပါဝါကို ဆိုလိုသည် (Carothers, 2002)။

၄။ တပ်မတော် – ပြည်တွင်း မတည်ငြိမ်မှုနှင့် ပြည်တွင်းစစ်များကို အကြောင်းခံပြီး “နိုင်ငံရေးကွန်ချာ” (Political Matrix) ထဲ ရောက်နေရာမှ ဒီမိုကရေစီ အပြောင်းအလဲအတွက် အဟန့်အတား ဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် ရွေးကောက် တင်မြှောက်ခံ အရပ်ဘက် ခေါင်းဆောင်များကိုပင် နိုင်ငံတော်အာဏာမှ ဖယ်ရှားသည်များလည်း ရှိနိုင်သည်။ တစ်ခါတစ်ရံတွင်မူ ရွေးကောက်ခံ အရပ်ဘက် ခေါင်းဆောင်များနှင့် တပ်ခေါင်းဆောင်များ လက်တွဲပြီး ရွေးကောက်ခံ အာဏာရှင်စနစ် ပုံစံမျိုးလည်း ဖြစ်သွားနိုင်သည်။

၅။ အစိုးရအဖွဲ့ အကြီးအကဲ  – အစိုးရအဖွဲ့ အကြီးအကဲ ဆိုရာတွင် သမ္မတလည်း ဖြစ်နိုင်သည်။ ဝန်ကြီးချုပ်လည်း ဖြစ်နိုင်သည်။ ဘုရင်၊ သို့မဟုတ် စော်ဘွားလည်း ဖြစ်နိုင်ပါသည်။

ဆိုခဲ့ပါ အချက် ငါးချက်အနက် တစ်ချက်ချင်းသော် လည်းကောင်း၊ အခြားအချက်များနှင့် စုပေါင်း၍သော် လည်းကောင်း ဒီမိုကရေစီ အပြောင်းအလဲကို နောက်ကြောင်း ပြန်စေနိုင်ပါသည်။

ဤသဘောမျိုးကို အရေးနိမ့် ဒီမိုကရက်တိုင်ဇာ ၂၀ ထဲမှ ၁၀ နိုင်ငံတွင် အထင်အရှား တွေ့နိုင်ပါသည်။ အာမေးနီးယားတွင် သမ္မတနှင့် လက်နက်ကိုင်တပ်။ ဘီလာရပ်စ်တွင် သမ္မတ။ ဘာကီနာဖာဆိုတွင် လက်နက်ကိုင်တပ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် လက်နက်ကိုင်တပ်နှင့် တော်လှန်ရေးအဖွဲ့များ။ ဖီဂျီတွင် လက်နက်ကိုင်တပ်။ ဂျော်ဒန်တွင် ဘုရင်။ ကူဝိတ်တွင် စော်ဘွား။ နီပေါတွင် ဘုရင်။ ရုရှားတွင် သမ္မတ။ ဇင်ဘာဘွေတွင် သမ္မတ စသည်တို့ ဖြစ်ကြသည်။

ထူးခြားချက်မှာ အစိုးရအကြီးအကဲ (သမ္မတ၊ ဘုရင် စသည်) မှာ ထိပ်ဆုံးတွင် ရှိပြီး လက်နက်ကိုင်တပ် (တပ်မတော်) မှာ ဒုတိယနေရာတွင် ရှိနေခြင်းပင်။ မြန်မာ့ဒီမိုကရေစီရေးတွင် လက်နက်ကိုင် တပ်ကိုသာ နောက်ကြောင်းပြန် အင်အားစုအဖြစ် အဓိက ကြည့်မြင်လေ့ ရှိသော်လည်း အစိုးရအဖွဲ့ အကြီးအကဲ၏ မကျွမ်းကျင်မှု၊ အတွေ့အကြုံကင်းမဲ့မှု၊ ဒီမိုကရေစီ မဆန်မှုများကြောင့်လည်း နောက်ကြောင်းပြန်နိုင်သည်ကို သတိချပ်ဖို့ လိုမည် ထင်ပါသည်။

■ မြန်မာ့ဒီမိုကရေစီ နောက်ကြောင်းပြန်

မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲတွင် ကြုံခဲ့ရသည်မှာ စစ်ဘက် အာဏာသိမ်းမှုများပင် ဖြစ်သည်။ ယခုအချိန်အထိ စုစုပေါင်း သုံးကြိမ် ရှိသည်။ ပထမအကြိမ်မှာ ၁၉၅၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး ဝိဝါဒ ကွဲနေသည်။ တပ်မတော်က “အာဏာလွှဲပြောင်းမှု”ဟုဆိုသည်။ ထိုစဉ်က ဝန်ကြီးချုပ် တာဝန်ယူထားသူ ဦးနုကမူ “အာဏာသိမ်းမှု”ဟု ဆိုပါသည်။ (ဦးနု၊ တာတေ စနေသား၊ ၁၉၉၈) ဒုတိယအကြိမ်မှာ ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် ဖြစ်သည်။ ဤအကြိမ်တွင် ၂၆ နှစ်တိတိ ကြာသွားသည်။ ၁၉၈၈ ခုနှစ် အရေးအခင်း အပြီးတွင်လည်း တပ်မတော်မှပင် ဆက်လက် အုပ်ချုပ်ခဲ့ရာ ၂၀၁၀ ပြည့်နှစ်ရောက်မှ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်တော့သည်။ ဤအတွင်း ကြားကာလ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် တတိယအကြိမ် အာဏာသိမ်းမှု ဖြစ်ပါသည်။ ဤအကြိမ်တွင်မူ အစိုးရအဖွဲ့အကြီးအကဲ (သမ္မတ ဒေါက်တာမောင်မောင်) နှင့် တပ်မတော်တို့ ပူးတွဲ အာဏာသိမ်းသည်ဟု ဆိုနိုင်ပါလိမ့်မည်။

■ နိဂုံး

“ဘာလုပ်ကြမလဲ” (What Can Be Done?)

ယခုဆိုလျှင် ဒီမိုကရေစီကို အခြေမှ လှိုက်စားသည့် အရာများ (ဘာတွေလဲ) ကိုလည်း သိရပြီ။ ဒီမိုကရေစီကို လမ်းချော်စေသည့် အင်အားစုများ (ဘယ်သူတွေလဲ) ဆိုသည်ကိုလည်း သိရပြီ။ ဤအရာများကိုသာ တစ်စုံတစ်ရာ ထိန်းကျောင်းနိုင်မည် ဆိုလျှင် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ မဖြစ်စေရန် အထိုက်အသင့် ထိန်းသိမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ယခု စာစု၏ နိဂုံးချုပ် အနေနှင့် ဤအရာများကို လက်လှမ်းမီသမျှ တင်ပြသွားမည် ဖြစ်ပါသည်။

■ “ဘာတွေလဲ”နှင့် ပတ်သက်၍

ဒီမိုကရေစီကို အခြေမှ လှိုက်စားသောအရာ ခြောက်ချက် ရှိပါသည်။ ပထမဆုံးအချက် “စီးပွားရေးဖွံ့ဖြိုးမှု” မှာ ရနိုင်ကောင်းသည့်အရာ ဖြစ်သော်လည်း အနည်းဆုံး ဆယ်စုနှစ်တစ်စု အချိန်ယူကြရသည်။ စီးပွားရေးဖွံ့ဖြိုးမှု၏ အကျိုးဆက်များ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်အပေါ် လက်တွေ့ သက်ရောက်မှု ရှိဖို့ဆိုလျှင် မျိုးဆက် တစ်ဆက်ပင် အချိန်ယူကြရသည်များ ရှိသည်။ ထိုထက် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီကြား အဆက်အစပ်မှာ “ဖြစ်နိုင်ခြေ” (Probabilistic) မျှသာဖြစ်ရာ “အကြွင်းမဲ့” (Absolute) မဟုတ်သည်ကို သတိချပ်ဖို့ လိုပါလိမ့်မည်။

ဒုတိယအချက်မှာ “လောင်စာအပေါ် မှီခိုနေရမှု”မှာ ပုံမှန်အားဖြင့် “နှေးကွေးစွာ”သာ ပြောင်းလဲနိုင်ပြီး ပီပီပြင်ပြင် ပြောင်းလဲနိုင်ဖို့လည်း ခက်ခဲတတ်ပါသည်။ သို့တိုင် “အောင်မြင်သန်စွမ်းသော ဒီမိုကရက် တိုင်ဇာ” များတွင်မူ မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်သော သာဓကအချို့ ရှိသည်။ ဥပမာ- ၁၉၉၀ ပြည့်နှစ်က အင်ဒိုနီးရှားတွင် ပို့ကုန်မှ ရသောဝင်ငွေ၏ ၄၄ ရာခိုင်နှုန်းမှာ ရေနံမှဖြစ်သည်။ မက္ကစီကို၏ ပို့ကုန်မှ ရသော ဝင်ငွေမှာ ၃၈ ရာခိုင်နှုန်း ရှိသည်။ ၂၀၀၄ ခုနှစ် ရောက်သောအခါတွင်မူ ၁၈ ရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်းသို့ ထိုးကျ သွားခဲ့ဖူးသည်။

ကျန် အချက်လေးချက် (“လူမျိုးစု ထွေပြားမှု သရုပ်သကန်”၊ “အစွန်းရောက် ဘာသာရေးများ၏ ရာနှုန်း”၊ နောက်ကျသော အမျိုးသားလွတ်လပ်ရေး”၊ “ကျားမ တန်းတူရည်တူ မရှိမှု”) တို့မှာ သက်ဆိုင်ရာ တိုင်းပြည်များ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုတို့နှင့် ဆက်စပ်နေရာ ပို၍ပင် အချိန်ယူကြရမည့်သဘော ရှိပါသည်။

■ “ဘယ်သူတွေလဲ”နှင့် ပတ်သက်၍

ဒီမိုကရေစီကို လမ်းချော်စေသည့် အင်အားစု ငါးခုရှိရာ နှစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆက်စပ်နေသည်။ “အစိုးရအဖွဲ့ အကြီးအကဲ”နှင့် “တပ်မတော်”တို့ ဖြစ်ပါသည်။ အစိုးရအဖွဲ့ အကြီးအကဲကို အကောင်းဆုံး ထိန်းကျောင်းနိုင်စွမ်းမှာ အင်အားတောင့်တင်းသော ဥပဒေပြုအာဏာ ပင်ဖြစ်သည်။ ဤအတွက် အသုံးတည့်နိုင်စရာရှိသော “ဒေတာ”အချို့ရှိသည်။ (Fish & Caroline 2008) ဤသုတေသနက ဥပဒေပြုအာဏာ၏ လုပ်နိုင်စွမ်းကို (ဝ) မှ (၁) အထိ သတ်မှတ်ထားသည်။ (ဝ) မှာ လုပ်ပိုင်ခွင့်အာဏာ ဘာမှမရှိသော ဥပဒေပြုအာဏာကို ညွှန်သည်။ (၁) မှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိသော ဥပဒေပြုအာဏာကို ညွှန်ပါသည်။ နိုင်ငံအများစု၏ ဥပဒေပြု အာဏာမှာ (ဝ)နှင့် (၁) ကြားတွင် ရှိကြသည်။

အထောက်အထားများအရ ဥပဒေပြုအာဏာ၏ စွမ်းဆောင်ရည်နှင့် ဒီမိုကရက်တိုင်ဇေးရှင်း၏ ကံကြမ္မာမှာ အခိုင်အမာ ဆက်စပ်မှု ရှိသည်။ ဥပဒေပြုအာဏာ အားနည်းလေလေ ဒီမိုကရက်တိုင်ဇေးရှင်း အရေးနိမ့်နိုင်ခြေ များလေဟု ဆိုနိုင်သည်။ ဤအချက်ကို “ဆဝါး”နိုင်ရန် ဒီမိုကရက်တိုင်ဇာ သုံးမျိုး၏ အဆင့် သတ်မှတ်ချက်များကို ဖော်ပြလိုက်ပါသည်။ “အောင်မြင် သန်စွမ်းသော ဒီမိုကရက်တိုင်ဇာ”များ၏ ပျှမ်းမျှ စွမ်းဆောင်ရည်မှာ ၀ ဒသမ ၆၂ ဖြစ်သည်။ “မခိုင်မာသော ဒီမိုကရက်တိုင်ဇာ” များ၏ ပျှမ်းမျှမှာ ၀ ဒသမ ၅၀ ဖြစ်ပြီး “အရေးနိမ့် ဒီမိုကရက်တိုင်ဇာ” များ၏ ပျှမ်းမျှ စွမ်းဆောင်ရည်မှာ ၀ ဒသမ ၄၂ ဖြစ်ပါသည်။

နောက်ပိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် တပ်မတော်၏ အခန်းကိုလည်း တရားဝင် ဖော်ပြထားရာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဆက်စပ်နေတတ်ပါသည်။ မြန်မာနိုင်ငံလို တပ်မတော် အင်အားကြီးသော နိုင်ငံမျိုးအတွက် ဤပြဿနာမှာ နောက်ကြောင်းပြန်နိုင်ခြေ အများဆုံးဖြစ်လေရာ သတိကြီးကြီးထား ကိုင်တွယ်ဖို့ လိုပါလိမ့်မည်။ ကျန်အင်အားစု သုံးခု (လူထု၊ လက်နက်ကိုင် တော်လှန်ရေးနှင့် နိုင်ငံခြားအင်အားကြီးနိုင်ငံ) တို့မှာ သက်ဆိုင်ရာ တိုင်းပြည်၏ “နိုင်ငံရေးဓလေ့”နှင့် “ပထဝီနိုင်ငံရေး”တို့နှင့် ဆက်စပ်နေရာ ဂရုဓမ္မထား ကိုင်တွယ်ရမည့် ပြဿနာများဟု ယူဆရပါသည်။

■ ကျမ်းကိုးစာရင်း

မြန်မာဘာသာ

ဦးနု။ တာတေစနေသား၊ ရန်ကုန်၊ ငါတို့စာပေ၊ ၂၀၁၃။

အင်္ဂလိပ်ဘာသာ

Carothers, Thomas. (2002). The End of the Transition Paradigm, Journal of Democracy, Vol. 13, No. 1, pp. 6-9.

Fish, M. Steven & Jason Wittenberg. (2009). Failed democratization. in Democratization, New York: Oxford University Press.

Fukuyama, Francis. (2015). Political Order and Political Decay: From the industrial revolution to the globalization of democracy. UK: Profile Books

Rabushka, Alvin & Kenneth Shepsle. (1972). Politics in plural societies: A theory in democratic instability. Columbus, OH: Charles E. Meerrill.

Failed Democrization

By Kyaw Win

The paper discusses the literature on failed democratization and attempts to explain the Myanmar democratic transition based on such theoretical background. Firstly, the question of “what” undermines democracy? could be explained in 6 indicators as Fish (2009) explained in “Democratization”. These are (1) economic development, (2) Fule Dependence, (3) Ethnic Fractionalization, (4) Percentage of Fundamentalist religion, (5) Late National Indepence, and (6) Sex inequality. Except for economic development, which is slowing down at this moment, Myanmar upossess the rest of five factors. One of the major obsticles for Myanmar’s democratization process is the lack of an agreemnt to en civil wars which emerged from ethnic conflicts. Secondly, the paper discusses agents of democratization derailment or “who undermines democracy?” The candiates for this include (1) the (radical) masses, (2) Insurgents, (3)  Foreign power, (4) the armed forces, and (5) the chief executive. It is important to take note that the chief executive’s actions, due to the unskillfulness and inexpereince could cause a reversal to recent political openings. Lastly, the article concludes with a discussion on “what can be done with Myanmar democratization process?” Useful iniatives include supporting economic development and addressing the country’s fuel dependence. But these policy initiatives may take a decade. Addressing the issured related to the remaining four indicators will also take time. Two out of five agents of democratic derailement, the armed forces and the chief executive, are related to practices of the 2008 Consitution. Therefore it is important to establish strong legislative power in order to support a mechanims of checks and balances of authority.

About the author

Kyaw Win

ကျော်ဝင်းသည် The Wave မဂ္ဂဇင်း၏ အတိုင်ပင်ခံ အယ်ဒီတာဖြစ်ပြီး ထင်ရှားသော စာရေးဆရာတဦး ဖြစ်သည်။

Add comment