အကူးအပြောင်းများ၊ အသွင်ကူးပြောင်းခြင်းများနှင့် အဆုံးအဖြတ်ကာလကို ရောက်ရှိနေသည့် မြန်မာနှင့် ရှေ့ရေး

■ ၁။ နိဒါန်း

ကမ္ဘာ့ဘဏ်နှင့် အခြားသော အလှူရှင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်းက အကူးအပြောင်း သုံးခု စတင်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ ယင်းတို့မှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း၊ စစ်ပွဲများမှ ငြိမ်းချမ်းရေးသို့ အကူးအပြောင်းနှင့် ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ အကူးအပြောင်းတို့ပင် ဖြစ်ကြပါသည် (World Bank, 2012)။

အကူးအပြောင်းကာလဆိုင်ရာ ယူဆချက်မှာ အခြေအနေတစ်ခုမှ တစ်ခုဆီသို့ လုပ်ငန်းစဉ် သို့မဟုတ် အချိန်ကာလ အပိုင်းအခြား အပြောင်းအလဲတစ်ရပ်ဟု ညွှန်းဆိုပါသည်။ အထက်တွင် ရေးသား ဖော်ပြခဲ့သည့်အနက် ယူဆချက်တစ်ခုမှာ မြန်မာနိုင်ငံ အနေဖြင့် အပြောင်းအလဲ ပြုလုပ်နေသည်သာမက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး အောင်မြင်ဖြစ်ထွန်းမှုဆီသို့ ဦးတည် ပြောင်းလဲနေသည့် လမ်းကြောင်းပေါ်တွင်လည်း ရောက်ရှိနေသည် ဟူသောအချက်ပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ယင်းအချက်မှာလည်း အာမခံချက်ရှိသည်ဟု မပြောနိုင်သေးပါ။

နိုင်ငံရေးအပေါ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်သည့် အယူအဆအရ အကူးအပြောင်း ဆိုသည်ကို နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ ပြဋ္ဌာန်းခံရမှုနှင့် ကိုလိုနီ လက်အောက်ခံနိုင်ငံ ဖြစ်ခဲ့သော အရေးပါသည့် အခိုက်အခါများကို အဓိကထား ချဉ်းကပ်ရပါမည်။ ဆိုလိုသည်မှာ တိုင်းပြည်၏ သမိုင်းတစ်လျှောက် အလှည့်အပြောင်း၊ အကွေ့အကောက်များခဲ့သည့် အချိန်ကာလများက ပုံဖော် ထုဆစ်လိုက်သည့် နောက်ဆက်တွဲ ဖြစ်ရပ်များကို ဆိုလိုရင်း ဖြစ်ပါသည်။ ထိုအသုံးအနှုန်းမှာလည်း ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်လွန်နှစ်များ၊ အထူးသဖြင့် ဒီမိုကရေစီ တတိယလှိုင်းအတွင်းက ဒီမိုကရက်တစ် အပြောင်းအလဲများကို အထူးပြု လေ့လာနေသည့် သုတေသီများအကြား ရေပန်းစားခဲ့သော စကားလုံးပင် ဖြစ်ပါသည်။ ယင်းကို “အကူးအပြောင်းကာလဆိုင်ရာစာပေ” ဟု လူသိများလာပြီး အမိန့်ပေး အာဏာပြ အုပ်ချုပ်မှုမှနေ၍ စတင်ပြောင်းလဲသွားသည့် အချိန်ကာလ အပိုင်းအခြားကို ဖော်ပြရန် အသုံးပြုပါသည်။

သို့ရာတွင် အကူးအပြောင်းကာလဆိုင်ရာ အတွေးအခေါ်မှာ အားကောင်းမောင်းသန် ဒီမိုကရေစီစနစ်သို့ ဦးတည်နေသည့် ယင်းအကူးအပြောင်း၏ လားရာပေါ်တွင် မူတည်နေသည် ဟူသော ယူဆချက်နှင့်လည်း ဆက်နွယ်နေပါသည်။ ၁၉၈၀ ပြည့်လွန်နှစ်များ၌ ဖူကူယားမား၏ ဒီမိုကရေစီနှင့်အတူ သမိုင်းနိဂုံး အဆုံးသတ်ပြီဟူသော ပျက်ရယ်ပြု စကားကိုလည်း ထိုစဉ်က အဓိကကျသည့် အယူအဆ တစ်ခုအဖြစ် စံနမူနာ ထားကြသည်။ အီလိ နိုင်ငံရေးအပေါ် ပိုမို အားပြုလာကြပါသည်။ ထို့ကြောင့် သုတေသီများကလည်း အကူးအပြောင်းများအပေါ် စတင် အာရုံစိုက်လာကြပြီး အီလိအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများအပေါ် မဏ္ဍိုင်ပြုသော ဒီမိုကရက်တစ် အပြောင်းအလဲ ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်သည့် ပိုမိုပြီး ပြည့်စုံသော အဆိုအား လုံးလုံး လျားလျား ရှာဖွေလာခဲ့ကြပါသည်။

သို့ရာတွင် အဆိုပါ ပြီးပြည့်စုံသော အဆိုမှာလည်း ယိုင်နဲ့စွာသာ အခြေစိုက်မိသည့်သဘောမျိုး လျင်မြန်စွာ ဖြစ်သွားခဲ့ဟန် ရှိပါသည်။ ထို့အပြင် ဒီမိုကရက်တစ် အပြောင်းအလဲကို အကဲဖြတ်ရမည့် ပါရာဒိုင်းမှာလည်း အကူးအပြောင်းကို အကန့်အသတ်ဖြင့်သာ အသုံးပြုကြောင်း သက်သေပြရန် ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုက ဒီမိုကရေစီနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများသည် ကာလရှည်ကြာသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ ဖွဲ့စည်းတည်ဆောက်ပုံအရ အဆုံးအဖြတ်ပေးသောအချက်ကို အဓိက မထားခဲ့ကြပါ။ ထိုအစား ဒီမိုကရေစီစနစ်သည် အဆင်ပြေချောမွေ့သည့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အနေအထားများ၊ အီလိတို့၏ ဆွေးနွေးညှိနှိုင်းမှုများနှင့် အောက်ခြေရှိ အရပ်ဘက် အဖွဲ့အစည်းများထံမှ ဖိအားများ ပေါင်းစပ်ထားသည့် ရလဒ်သာ ဖြစ်သည်ဟု အသိအမှတ်ပြု လက်ခံထားခဲ့ကြပါသည်။

ဤဆောင်းပါးမှာ ယခုလထုတ် The Myanmar Quarterly ၏ အဓိက အကြောင်းအရာဖြစ်သည့် အကူးအပြောင်းကာလဆိုင်ရာ ယူဆချက်များကို လေ့လာ သုံးသပ်ပြရန် ဖြစ်ပါသည်။ ယခုဆောင်းပါး၏ ပထမအပိုင်းမှာ ဒီမိုကရေစီနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများမှ အကူးအပြောင်းကာလ ယူဆချက်များ အသုံးပြုမှုကို သုံးသပ်ထားခြင်း ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို ပုံဖော်ခြင်းမှာလည်း ပင်ကိုယ်အားဖြင့် နိုင်ငံရေး လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ လက်ရှိ အနေအထားအရလည်း အကူးအပြောင်းအဆင့်များ၏ သက်ဆိုင် ဆီလျော်မှုကို တိုး၍တိုး၍ အသိအမှတ်ပြုရန် ဖြစ်ကြောင်း တွေ့မြင်နေရပါလိမ့်မည်။ သို့ရာတွင် ပိုမိုကျယ်ပြန့်သော အဆုံးအဖြတ်ပေးသည့် အစီအစဉ် အချက်အလက်များကိုလည်း ပညာရှင်ဆန်စွာ ဂရုပြုလေ့လာရန် လိုအပ်ပါသည်။ အကူးအပြောင်း ဆုံချက်ကို လှည့်ပြောင်းချဉ်းကပ်ခြင်းမှာလည်း မသေချာမရေရာမှုနှင့် အဆက်အစပ်ရှိသည့် ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် စူးစမ်းစစ်ဆေးနိုင်ရန် ဖြစ်ပါသည်။ ယခုဆောင်းပါး၏ ဒုတိယပိုင်းမှာမူ အကူးအပြောင်းဆိုင်ရာ စာပေများအပေါ် ဝေဖန်မှုတချို့ကို ချဉ်းကပ် သုံးသပ်ထားခြင်းဖြစ်ပြီး အဆုံးအဖြတ်ကာလဆိုင်ရာ ယူဆချက်နှင့် ယင်းကဲ့သို့သော အရေးပါသည့် အခိုက်အခါများအား လေ့လာရန်အတွက် အမြင်သဘောထား၊ အယူအဆအပေါ် အခြေခံသည့် အသစ်တိုးတက် ဖြစ်ပေါ်မှုတို့ကို အကဲဖြတ်ရန်ပင် ဖြစ်ပါသည်။

■ ၂။ ဒီမိုကရေစီနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများမှ အကူးအပြောင်းဆိုင်ရာ ယူဆချက်

အသွင်ကူးပြောင်းခြင်းဆိုင်ရာ လေ့လာမှုများကို သုတေသနပြုသည့် နယ်ပယ်အကြောင်း ရေးသားထားသည့် စာအုပ်စာတမ်း အများအပြား ရှိသော်လည်း မူလအစမှာမူ ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်လွန်နှစ်များ အတွင်းက ဂူလီယာမို အိုဒွန်နယ်၊ ဖိလစ်ပီ ရှမစ်တာ၊ ဟွမ်လင့်ဇ်၊ အဲဖရက် စတီဖင်နှင့် အဒမ် ဇီဝေါစကီးတို့ ပါဝင်သည့် အုပ်စုငယ်ကလေးက စတင်ထုတ်ဖော် ရေးသားခဲ့ကြခြင်း ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အသွင်ကူးပြောင်းမှုဆိုင်ရာ စာတမ်းအရ အုပ်ချုပ်မှုစနစ် အပြောင်းအလဲ အချိန်ကာလ အပိုင်းအခြားများ၊ ကိုယ်စားပြုပုံသွင်းမှု သို့မဟုတ် လူ့အဖွဲ့အစည်းများကို နောက်ဆက်တွဲ အသစ်တိုးတက် ဖြစ်ပေါ်မှု လမ်းကြောင်းပေါ် ပို့ဆောင်ရာတွင် တွေ့ကြုံရသည့် အခိုက်အတန့်များ အကြောင်းကိုလည်း သုတေသီ အမြောက်အမြားက ရှင်းလင်းစွာ ထုတ်ဖော်ရေးသားခဲ့ပြီးဖြစ်ရာ ဆွဲဆောင်မှု ရှိမြဲရှိနေသည့် သုတေသန စာတမ်းတစ်စောင်အဖြစ် ကျန်ရစ်နေဆဲပင် ဖြစ်ပါသည် (Munck, 2011)။

အသွင်ကူးပြောင်းမှု ပါရာဒိုင်း ပေါ်ပေါက်လာမှု၌ ရွှမ်ပီတာနှင့် ရပ်စတိုးတို့၏ သုတေသနပြု လေ့လာမှုပေါ်တွင် အခြေခံထားမှုများရှိပြီး ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းနှင့် ၁၉၈၀ ပြည့်လွန်နှစ်များက အလုပ်ရုံ ဆွေးနွေးပွဲများနှင့်အတူ စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့နောက် ဝုဒ်ရိုး ဝီလ်ဆင် စင်တာ၌ သုတေသီများအတွက် ပြုလုပ်သည့် ပရောဂျက်တစ်ခုတွင် ဂူလီယာမို အို ဒွန်နယ်လ်နှင့် ဖိလစ် ရှမစ်တာတို့က အမိန့်ပေး အာဏာပြအုပ်ချုပ်မှုမှ အသွင်ကူးပြောင်းမှုများကို ချဲ့ထွင်လေ့လာ တင်ပြခဲ့ကြပါသည်။ သူတို့၏ လေ့လာတင်ပြမှုကို စာအုပ်အတွဲ လေးတွဲအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ လက်တင် အမေရိကနှင့် ဥရောပတိုက် တောင်ပိုင်းနိုင်ငံများမှ နိုင်ငံရေး အပြောင်းအလဲများနှင့် ပတ်သက်သည့် အချက်အလက်များကို နှစ်ဦး ပူးတွဲရေးသားထားခြင်း ဖြစ်ပါသည်။ ၁၉၈၆ ခုနှစ်၌ ပုံနှိပ်ထုတ်ဝေခဲ့သည့် အို ဒွန်နယ်လ်နှင့် ရှမစ်တာတို့၏ “အမိန့်ပေးအာဏာပြ အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းမှုများဆိုင်ရာ ပရောဂျက်အပေါ် နှိုင်းယှဉ်လေ့လာမှု”မှာလည်း အရေးပါသည့် စာအုပ်တစ်အုပ်ပင် ဖြစ်ပါသည်။

ကိုလိုနီ လက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ဖူးသည့် ယူဆချက်မျိုးဖြင့် ချဉ်းကပ်သည့် အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၌ အဆင့်သုံးဆင့် ပါဝင်သည်ဟု ဖော်ပြခဲ့ကြပါသည်။ ပထမအဆင့်ဖြစ်သည့် လစ်ဘရယ်ပို၍ ဖြစ်လာမှုမှာ လက်ရှိ အာဏာပိုင်စိုးသူများအကြား အကွဲအပြဲဖြစ်မှုနှင့် စတင်ပြီး အသွင်ကူးပြောင်းမှုဆီသို့ ဦးဆောင်သွားသည့် မဟာဗျူဟာဆိုင်ရာ အပေးအယူလုပ် ကစားပွဲများအတွက် အစပြုမှုတစ်ခုကို အီလိများက ဖန်တီးပေးပါသည်။ ထို့နောက် လင့်ဇ်နှင့် စတီဖင်တို့က အသွင်ကူးပြောင်းမှုတစ်ရပ် အဆုံးသတ် ပြီးမြောက်မှုကို အကဲဖြတ်ရန် သီဝရီထက် လက်တွေ့ကို အခြေခံသည့် ဥပဒေသကို ရေးသား ထုတ်ဖော်ခဲ့ကြပါသည်။ ယင်းဥပဒေသမှာ အတိုက်အခံဟောင်းများ အာဏာရလာနိုင်ခြေ ရှိသည့် အနေအထားမျိုး၌ ရွေးကောက်ပွဲများ ပေါ်ပေါက်လာခြင်းနှင့် ယခင်က အာဏာပိုင်စိုးခဲ့သူများက အာဏာလွှဲပြောင်းပေးခြင်းပင် ဖြစ်ပါသည်။ ထို့နောက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာလည်း အောင်မြင်သွားပြီး ဒီမိုကရေစီစနစ်သည်လည်း တောင့်တင်း ခိုင်မာလာမည်ဖြစ်ရာ သူတို့၏ စကားလုံး အသုံးအနှုန်းအရ “မှတပါး အခြားမရှိသည့်” အခြေအနေမျိုးဟု ဆိုပါသည် (Linz & Stepan, 1996)။

Collier (1999) ၏ အဆိုအရ အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများကို ဖော်ပြရာ၌ သုံးမျိုးသုံးစား ရှိပါသည်။

■ အစုအဖွဲ့များ၏ အင်အားထက် တစ်သီးပုဂ္ဂလများ၏ အရေးပါ အရာရောက်မှုကို အလေးအနက် သုံးသပ်ဖော်ပြသည့် အသွင်ကူးပြောင်းမှုဆိုင်ရာ သီဝရီဖြစ်ပြီး ဒီမိုကရေစီစနစ်ကို နိုင်ငံရေးအရ ပုံဖော်ထုဆစ်မှုနှင့် မဟာဗျူဟာဆိုင်ရာ ရွေးချယ်မှုများ၏ ရလဒ်အဖြစ် ရှုမြင်ပါသည်။

■ နိုင်ငံရေးအရ အရေးပါ အရာရောက်သည့် ဇာတ်ဆောင်များကို “အသွင်ကူးပြောင်းမှု ကစားပွဲ” အတွင်းရှိ သူတို့၏ မဟာဗျူဟာ အနေအထားအရ ခွဲခြားသတ်မှတ်ပြီး အာဏာပိုင်စိုးသူများအနက် သဘောထား တင်းမာသူ သို့မဟုတ် ပျော့ပြောင်းသူ၊ အီလိများထဲတွင်လည်း အလယ်အလတ်ဝါဒီ သို့မဟုတ် အစွန်းရောက်သူ စသဖြင့် ခွဲခြားသတ်မှတ်ခြင်းပင် ဖြစ်ပါသည်။ ယင်းသို့ ခွဲခြားသတ်မှတ်မှုကို မော်ဒန်နိုက်ဇေးရှင်းဖြစ်မှု သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ သီဝရီနှင့် နှိုင်းယှဉ်ကြည့်ပါက လူ့အဖွဲ့အစည်း၊ အဆင့်အတန်း အသီးသီး၏ အရေးပါမှု သို့မဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် လူ့အဖွဲ့အစည်း၊ အဆင့်အတန်း အသီးသီးတို့၏ ဆက်နွယ်မှုတို့ကို အသားပေးထားခြင်း ဖြစ်သည်။

■ နိုင်ငံတော်ဗဟိုပြု၍ အီလိများကို အဓိကထားသည့် အသွင်ကူးပြောင်းမှုဆိုင်ရာ သီဝရီဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများနှင့် သူတို့၏ လှုပ်ရှားမှုများ အပါအဝင် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို သူတို့၏ လက်အောက်ခံများသဖွယ် သတ်မှတ်ထားခြင်းပင် ဖြစ်ပါသည်။

ယင်းမူဘောင်မှာ အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများအပေါ် လွှမ်းမိုး ဂယက်ရိုက်ခတ်လာပြီး သုတေသီများကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၌ အီလိများအချင်းချင်း အပြန်အလှန် ပတ်သက် ဆက်နွယ်မှုက အဓိကကျသည်ဟု အခိုင်အမာ ယူဆလာကြသည်။ ထို့အပြင် ဒီမိုကရေစီ ဆိုသည်မှာလည်း အီလိများအကြား ဆွေးနွေးညှိနှိုင်းခြင်းနှင့် မဟာဗျူဟာကျသည့် အပြန်အလှန် ပတ်သက် ဆက်နွယ်မှုတို့၏ ရလဒ်ဖြစ်သည်ဟု တွေးဆလာခဲ့ကြပါသည်။

မည်သို့ပင်ဖြစ်စေ အထက်ပါ ဆန်းစစ် သုံးသပ်ချက်များမှာ လူသိများ ထင်ရှားပြီး ယင်းစာပေသည်လည်း ဒီမိုကရေစီစနစ်ကို နားလည် သဘောပေါက်မှုအပေါ် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးမှု ရှိခဲ့သည်။ ထို့အတူ အယူအဆ သဘောထားအပေါ် အခြေခံသည့် ရှင်းလင်းပြတ်သားမှု မရှိခြင်းနှင့် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် တွေ့ရှိချက်များ ရှားပါးခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရပါသည် (Capoccia & Kelemen, 2007; Geddes, 1999; Munck & Leff,1997)။

အမှန်စင်စစ် အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေသည် ယခင်က ပေါ်ပေါက်ခဲ့ဖူးသည့် မော်ဒန်နိုက်ဇေးရှင်း ဖြစ်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ သီဝရီများ၏ တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် မွေးဖွားလာခြင်းဖြစ်ပြီး နောက်ဆက်တွဲ အနေဖြင့် မော်ဒန်နိုက်ဇေးရှင်းဖြစ်မှုက ဒီမိုကရေစီစနစ်ကို သေချာပေါက် ဦးဆောင် မသွားနိုင်ဟုလည်း ရှုမြင်သုံးသပ်ကြပါသည်။ ထို့ကြောင့် သုတေသီများ အနေဖြင့် ရှိရင်းစွဲ မော်ဒန်နိုက်ဇေးရှင်းဖြစ်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ သီဝရီများ၏ ပြဋ္ဌာန်းခံ ဘဝသဖွယ်ဖြစ်နေခြင်းမှ လွတ်မြောက်ရန် လိုအပ်ပြီး ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည်များကိုလည်း ဂရုပြုရပါမည် (Guilhot, 2005; Munck & Snyder, 2007)။

ထို့အပြင် အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေသည် သီဝရီပိုင်းဆိုင်ရာ ချဉ်းကပ်မှုများအတွက် ကျွမ်းကျင်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်ပါသည်။ ထို သီဝရီပိုင်းဆိုင်ရာ ချဉ်းကပ်မှုများမှာလည်း လက်တွေ့ကျသည့် ကိစ္စရပ်များတွင် အသုံးချရန်ဖြစ်ပြီး သို့မှသာလျှင် ခေါင်းဆောင်များ အနေဖြင့်လည်း ဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ မဟာဗျူဟာကျကျ အသုံးချနိုင်ပါလိမ့်မည်။ အသွင်ကူးပြောင်းမှုအပေါ် အဓိကထား ရွေးချယ် ဆုံးဖြတ်ရာတွင်လည်း ပညာရှင်ဆန်လာမှုကြောင့် ပိုမိုကျယ်ပြန့်သည့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အခြေအနေများမှ ဒီမိုကရက်တစ် အသွင်ကူးပြောင်းခြင်းကို ကမောက်ကမ ဖြစ်စေနိုင်ပြီး တသီးပုဂ္ဂလ အဖွဲ့အစည်း၏ အခန်းကဏ္ဍကို ပြန်လည်ထားရှိရန် ကြိုးပမ်းလာနိုင်ပါသည် (Guilhot, 2005; Munck & Snyder, 2007)။

မည်သို့ပင်ဖြစ်စေ ၂၀၀၂ ခုနှစ် အစောပိုင်း၌ ဒီမိုကရက်တစ် အသစ်ဖြစ်ပေါ် တိုးတက်မှုအတွက် အယူအဆ သဘောထားကို မဖော်ပြနိုင်ခဲ့သည့် အသွင်ကူးပြောင်းမှု ပါရာဒိုင်း၏ ချို့ယွင်းချက်ကို ကယ်ရိုသာက ထောက်ပြခဲ့ပြီး အဆိုပါ ပါရာဒိုင်း အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ထို့အပြင် သူက ခွဲခြမ်းစိတ်ဖြာ လေ့လာမှုတစ်ခုတွင် အချက်အလက်များ ပိုမိုပါဝင်ရန်၊ အထူးသဖြင့် လူမှုစီးပွားရေးဆိုင်ရာ အခြေအနေများအပေါ် ပိုမို အလေးထားရန်နှင့် နိုင်ငံရေးအရ အသစ်ဖြစ်ပေါ် တိုးတက်မှုကို ပို၍ ထဲထဲဝင်ဝင် နားလည်သဘောပေါက်ရန် လိုအပ်ကြောင်းလည်း အလေးအနက် ပြောဆိုခဲ့ပါသည် (Carothers, 2002)။

ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများအရ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံရာတွင် တွန့်ဆုတ်နေသော အီလိတစ်ဦးထံမှ အာဏာများကို ရယူရန် အားထုတ် ကြိုးပမ်းနေရသည့် ယခင်က ဖယ်ထုတ် ချန်လှပ်ခံအုပ်စုများ၏ အောင်ပွဲရလဒ်အဖြစ် ဒီမိုကရေစီ ပေါ်ပေါက်လာသည်ဟူသော အကဲဖြတ်ခြင်းမျိုးမှာလည်း မည်သည့်အခါမှ ရပ်တန့်သွားမည် မဟုတ်ပါ။ မြင်တွေ့နေရသည့် ဒီမိုကရေစီစနစ် ကိုလည်း အာဏာရလာခြင်း သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် နိုင်ငံရေးလုပ်ငန်းစဉ်များအတိုင်း လိုက်ပါဆောင်ရွက်ပြီး အာဏာရရှိလာခြင်း၊ ၎င်းတို့၏ နိုင်ငံရေး အခြေအနေများကို အားကောင်းလာစေရန် ကြိုးပမ်းမှု သို့မဟုတ် လက်ရှိ အာဏာရ အဖွဲ့အစည်းများကို ခြိမ်းခြောက်နေသည့် အုပ်စုများ ပါဝင်နေမှုတို့၏ ရလဒ်အဖြစ် ရှုမြင်သုံးသပ် အကဲဖြတ်ကြပါသည် (Colliers, 1999)။

ထို့ကြောင့် ၁၉၉၉ ခုနှစ်၌ ကော်လီရာ ဖော်ပြခဲ့သည့်အတိုင်း အသွင်ကူးပြောင်းမှုဆိုင်ရာ သီဝရီအရ ထင်ရှားသည့် ဆန့်ကျင် ကန့်ကွက်မှုများ တည်ရှိနေမှုမှာ လေ့လာ သုံးသပ်နေဆဲ ကိစ္စရပ်များသာ ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပါသည်။ သို့ရာတွင် အဆိုပါ ဆန့်ကျင်ကန့်ကွက်မှုများမှာ ၎င်း၏ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက် မူဘောင်ပြင်ပမှ ဖြစ်ပြီး နိုင်ငံရေး အပြောင်းအလဲ လုပ်ငန်းစဉ်နှင့် အကြောင်းရင်းအရ ဆက်သွယ်နေသည်ဟု မရှုမြင်နိုင်ခဲ့ပါ (Colliers, 1999)။

Gill (2000) ကဲ့သို့သော သုတေသီများကလည်း လူ့အဖွဲ့အစည်းအတွင်း အသစ်တိုးတက် ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာစေရေးအတွက် အီလိများ၏ အလွန်ကို ရှုမျှော်ကြည့်ရန်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လေ့လာရန် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးပါကြောင်း ရေးသားဖော်ပြခဲ့ကြပါသည်။ ထို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် သုတေသီဆန်စွာ ချဉ်းကပ်မှုမှာလည်း သာမာန်ပြည်သူများ၏ အခန်းကဏ္ဍ၊ ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုအတွက် လူ့အဖွဲ့အစည်းအတွင်းရှိ နှုန်းစံတန်ဖိုးများနှင့် စိတ်နေ သဘောထားများ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲလာသည့် အရေးပါမှုတို့အပေါ် ပိုမိုအဓိကထား ချဉ်းကပ်လာခဲ့ပါသည် (Inglehart & Weltzel, 2008)။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှ အသွင်ကူးပြောင်းမှုဆိုင်ရာ အခန်းကဏ္ဍကို ပြောင်းလဲ၍ နားလည် သဘောပေါက်လာခြင်းနှင့်အတူ ဒီမိုကရေစီ၏ မူလ အတွေးအခေါ် အယူဆိုင်ရာ မူဘောင်အပေါ် လေ့လာမှုများမှာလည်း မျိုးဆက်သစ် သုတေသီများကြောင့် ဖြည်းဖြည်းချင်း အသွင်ပြောင်းလဲလာခဲ့ပါသည်။ ထို့နောက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အဆင့်များအကြားရှိ ကွဲပြားခြားနား ထူးခြားသော အယူအဆ သဘောထားမှာလည်း တိုး၍တိုး၍ လျစ်လျူရှုခံလာရပြန်ပါသည်။ ထို့ကြောင့် တီရိုရယ်လ်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင် ရှိရင်းစွဲ အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများမှ အသွင်ကူးပြောင်းမှုနှင့် ဒီမိုကရေစီစနစ် တောင့်တင်း ခိုင်မာလာမှုအကြား နှစ်မျိုးနှစ်စား ကွဲပြားနေသည့် အကြောင်းချင်းရာကို အတွေးအခေါ် အယူအဆပိုင်းအရ ချဉ်းကပ်လေ့လာရန်၊ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အနေအထားများကို အဓိကထားပြီး မဟာဗျူဟာအရ အပြန်အလှန် ပတ်သက် ဆက်နွယ်မှုနှင့် အောက်ခြေမှ အများကြိုက် စည်းရုံးလှုံ့ဆော်မှုများကို ပေါင်းစပ်၍ ခွဲခြမ်းစိတ်ဖြာ လေ့လာမှု ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့ပါသည် (Teorell, 2010)။

ထို့ပြင် သုတေသီများက နိုင်ငံရေးစနစ်များအပေါ် ပိုမိုခွဲခြား သတ်မှတ်လာခဲ့ကြရာ သူတို့၏ ကိုယ်ပိုင်အခွင့်အရေး ရှိပြီး အသွင်ကူးပြောင်းနေသည်ဟု ယခင်က ရှုမြင်ခံခဲ့ရသည့် အုပ်ချုပ်မှုစနစ် ပုံစံများလည်း ပါဝင်လာပါသည်။ အမှန်စင်စစ် အသွင်ကူးပြောင်းမှုဆိုင်ရာ ယူဆချက်အရလည်း ခေတ္တယာယီ ဖြစ်နေသည့် အနေအထားတစ်ရပ်ကိုသာ အကြံပြု တင်ပြခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အသွင်ကူးပြောင်းနေသည့် နိုင်ငံရေးစနစ် တစ်ခုသည် ဒီမိုကရေစီစနစ် အမှန်စင်စစ် ဖြစ်လာလိမ့်မည်ဟူသော မျှော်လင့်ချက်များရှိပြီး အသွင်ကူးပြောင်းနေသည့် နိုင်ငံမှ အာဏာရှင်လည်း မဟုတ်၊ ဒီမိုကရေစီလည်း မဟုတ်သည့် အနေအထားမျိုးမှာလည်း ခေတ္တယာယီ သဘောမျိုးမျှသာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းအချက်မှာလည်း သက်သေ အထောက်အထား ပြစရာမရှိသည့်အတွက် သီးခြား အုပ်ချုပ်ရေးစနစ်ပုံစံ ဖြစ်သည့် စပ်ကြားအုပ်စိုးမှု (hybrid regime) ဟူသော အသုံးအနှုန်းကို ပညာရှင်များက တီထွင်ဖန်တီး အသုံးပြုလာခဲ့ပါသည် (Lewitsky & Way, 2012)။

■ ၃။ အကူးအပြောင်းများနှင့် အဆုံးအဖြတ်ကာလ

အကူးအပြောင်းဆိုင်ရာ စာပေအများစုမှာ နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် အုပ်ချုပ်မှုစနစ်အတွက် အသွင်ကူးပြောင်းမှု ပုံစံအမျိုးမျိုး၏ ရိုက်ခတ်မှုနှင့် အကူးအပြောင်း နောက်ပိုင်းကာလမှ နိုင်ငံရေးတို့ကို အဓိက ထားကြပါသည်။ အီလိများ၏ ဆွေးနွေးညှိနှိုင်းမှုများကို နားလည် သဘောပေါက်ရန် ဂိမ်းသီဝရီကို ချဲ့ထွင်အသုံးပြုရာ၌ ဇီဝေါစကီးမှာ အဓိကကျသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သမားရိုးကျပုံစံကို အသုံးပြုပြီး အကူးအပြောင်းများကို လေ့လာခဲ့ပါသည် (Munck, 2011)။ နောက်ဆက်တွဲ အနေဖြင့် သုတေသီများက အကူးအပြောင်းတွင် ပါဝင်ပတ်သက်သူများ၏ အရေးပါ အရာရောက်မှု၊ ယင်း အသွင်ကူးပြောင်းမှု ကိုယ်၌၏ သမားရိုးကျ မဟုတ်သော လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများနှင့် အကူးအပြောင်းမှ ထွက်ပေါ်လာသည့် ရလဒ်တို့ကို စူးစမ်းစစ်ဆေးခဲ့ကြပါသည်။ သုတေသီများက လက်ရှိ အာဏာပိုင်စိုးသည့် အီလိများ ဦးဆောင်သော အကူးအပြောင်းများနှင့် အတိုက်အခံတစ်ဖြစ်လဲ အီလိများက ဦးဆောင်သော အကူးအပြောင်းများကြားမှ ကွဲပြားခြားနားချက်များ၏ ဂယက် ရိုက်ခတ်မှုများကိုလည်း တစ်သီး တစ်သန့် စူးစမ်း စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် သဘောထားကွဲလွဲမှု၊ ဆက်ဆံရေး ပျက်ပြားမှု သို့မဟုတ် လုပ်ငန်းတာဝန် ပြီးမြောက်မှု စသည့် ခက်ခဲသော အခြေအနေမှ အီလိဟောင်းများ ရုန်းထွက်လာစေနိုင်ခဲ့သည့် ရလဒ်ဖြစ်ပေါ်ခဲ့သော အကူးအပြောင်း၊ အတိုင်းအတာ ပမာဏကိုလည်း စူးစမ်းလေ့လာခဲ့ပါသည် (Munck & Leff, 1997)။

အကူးအပြောင်းများကို မဟာဗျူဟာမြောက် ကစားပွဲအဖြစ် အဓိကထားခြင်းအားဖြင့် အိုဒွန်နယ်နှင့် ရှမစ်တာတို့ကလည်း အပြောင်းအလဲကာလမှ ရှိရင်းစွဲ မသေချာ မရေရာမှုများကို ခြုံငုံမိသော အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။ ထို့ကြောင့် Cappocia and Kelemen (2007) တို့က အကူးအပြောင်းများသည် ပြောင်းလဲမှု အမြောက်အမြား၏ ကြုံတောင့်ကြုံခဲ လုပ်ငန်းစဉ်များဖြစ်ပြီး ပြောင်းလဲမှု ဆိုသည်မှာလည်း အဆုံးအဖြတ်ကာလမှ အခရာကျသည့် လိုအပ်ချက်တစ်ခုဟု သေချာပေါက် မပြောနိုင်ပါ။ ထိုအစား အဆုံးအဖြတ်ကာလများသည် မသေချာ မရေရာသည့် အခြေအနေများကြားမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ရသည့် အနေအထားများနှင့် အဖွဲ့အစည်းဆိုင်ရာ မျှခြေရရှိနိုင်ရန် အဓိကကျသည့် ပုဂ္ဂိုလ်များအကြား ဆွေးနွေးညှိနှိုင်းမှုများ ပေါ်ပေါက်လာခြင်းတို့ကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် အကူးအပြောင်းများသည်လည်း အဖွဲ့အစည်းဆိုင်ရာ ဟန်ချက်ညီမှုမှသည် မျှခြေသစ်ဆီသို့ အချိန်နှင့်အမျှ ပြောင်းလဲနေသည့် သေးငယ်သော အဖြစ်အပျက်များ၊ ကြီးမားသော အဖြစ်အပျက်များကို စုပေါင်းထားသည့် ရလဒ်များ ပါဝင်ပါသည် (Cappocia & Kemelen, 2007)။

အမျိုးအစား ထွေပြားလှသော အကူးအပြောင်းဆိုင်ရာ လေ့လာမှုများ ရှိသော်လည်း ဘုံ သဘောတူညီထားသည့် ရှုမြင် သုံးသပ်ချက်တစ်ခုမှာ အဆိုပါ ကိုယ်စားပြု အချိန်ကာလ အပိုင်းအခြားများအပေါ် နားလည် သဘောပေါက်မှုပင် ဖြစ်ပါသည်။ ထို့အပြင် အကူးအပြောင်း၏ ရလဒ်အဖြစ် အုတ်မြစ်ချထားသည့် ထင်ရှား ပေါ်လွင်သော လမ်းကြောင်းများသည်လည်း တိုင်းပြည်၏ နောက်ဆက်တွဲ အသစ်ဖြစ်ပေါ် တိုးတက်မှုများကို အဆုံးအဖြတ် ပေးပါလိမ့်မည်။ အကယ်၍သာ အသွင်ကူးပြောင်းမှု တစ်ခုသည် ပိုမိုရှည်ကြာသော လုပ်ငန်းစဉ်မှ အဆုံးအဖြတ်ကာလ အမျိုးမျိုး၏ ရလဒ်ဖြစ်လာပြီး အသစ်ဖြစ်ပေါ် တိုးတက်မှုသည်လည်း စီစဉ်ထားသည့်အတိုင်း မဟုတ်သည့်အပြင် အဆုံးအဖြတ် ကာလများမှာလည်း သိသာမြင်သာသည့် အပြောင်းအလဲဆီသို့ ဦးတည်မသွားသော ကိစ္စရပ်များ ပါဝင်လာသည် ဆိုပါစို့။ အကူးအပြောင်းကို ထောက်ကူပေးသည့် အဆုံးအဖြတ်ကာလများကို မည်ကဲ့သို့ ခွဲခြားသတ်မှတ် ပါမည်နည်း။ မည်သည့် အချိန်တွင် အကူးအပြောင်း စတင်၍ မည်သည့်အချိန်၌ အကူးအပြောင်းကာလ အဆုံးသတ်ပြီး ယင်း၏ အကျိုးဆက်နှင့် ရိုက်ခတ်မှုများကြောင့် မည်သို့ ဖြစ်လာနိုင်ပါသနည်း။

ဆီမော မာတင် လစ်ပ်ဆတ်နှင့် စတိန်း ရော့ကန်၊ ဒေးဗစ် ကော်လီရာနှင့် ရုဒ်သ် ဘာရင်စ် ကော်လီရာတို့သည် ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက လက်တင် အမေရိကနိုင်ငံများရှိ အသွင်ကူးပြောင်းမှုများကို နှိုင်းယှဉ်လေ့လာခဲ့၍ အဆုံးအဖြတ်ကာလဆိုင်ရာ ယူဆချက်ကို ပထမဆုံး စတင် မိတ်ဆက်ပေးခဲ့ကြရာ အသွင်ကူးပြောင်းမှုများကို ခွဲခြမ်းစိတ်ဖြာ လေ့လာရန် ပိုမို အသေးစိတ် တိကျသည့် မူဘောင်တစ်ရပ် ပေါ်ပေါက်လာစေရန် ဖြစ်ပါသည် (Collier & Collier, 2002)။

ကော်လီရာ၊ အိုဒွန်နယ်နှင့် ရှမစ်တာတို့ အားလုံးက မသေချာ မရေရာမှုနှင့် ပျော့ပြောင်းမှုရှိသည့် အဆင့်များကို ဖြတ်ကျော်နေရသည့် တိုင်းပြည်များတွင် ပြောင်းလဲမှုဖြစ်နိုင်ပြီး နိုင်ငံရေး လုပ်ငန်းစဉ် အဆင့်များကိုလည်း ပို၍ အချက်ကျကျ အဆုံးအဖြတ် ပေးနိုင်မည်ဟု အခိုင်အမာ ဆိုခဲ့ကြပါသည်။ မည်သို့ပင်ဖြစ်စေ အိုဒွန်နယ်နှင့် ရှမစ်တာတို့က အဆိုပါ အဆင့်များအကြား ကွဲပြားခြားနားမှုများ ရှိသည်ဟု ယုံကြည် ယူဆခဲ့သော်လည်း Collier and Collier (2002) တို့၏ ယူဆချက်များက အဆိုပါ အဆင့်များကြားမှ ထူးခြားထင်ရှားမှုကို လေ့လာရာ၌ ပိုမို ပြီးပြည့်စုံအောင် ပံ့ပိုး ကူညီပေးခဲ့ပါသည်။

Collier and Collier (2002) တို့က အကူးအပြောင်းများကို ခွဲခြမ်းစိတ်ဖြာ လေ့လာရန် အခြေခံအကျဆုံး၊ အရေးပါသော အချက်အလက်များ ပါဝင်သည့် မူဘောင်တစ်ခုကို လျာထား တင်ပြခဲ့သည်။ ယင်းမူဘောင်မှာ အဆုံးအဖြတ်ကာလကို အဓိပ္ပာယ် ဖွင့်ဆိုရန်ဖြစ်ပြီး အသေးစိတ် လေ့လာ သုတေသနပြုရန် လိုအပ်နေပါသေးသည်။ ထိုမူဘောင်တွင် အနေအထား အမျိုးမျိုးမှ ရှေးဦးသာဓက တစ်ခုပါဝင်ပြီး အဆုံးအဖြတ်ကာလ သို့မဟုတ် ပေါ်ပေါက်လာမည့် အကျိုးဆက်ကို အကဲဖြတ်ရာ၌ ရပ်ခံနေသည့် စမှတ်၊ အဆုံးအဖြတ်ကာလ အစပြုစေမည့် ပဋိပက္ခ သို့မဟုတ် ရင်ကြားစေ့ရာ နေရာ၊ အဆုံးအဖြတ် ကာလကိုယ်၌နှင့် ပေါ်ပေါက်လာမည့် အကျိုးဆက် စသည်တို့ကို ကိုယ်စားပြုပါသည်။ အဆိုပါ ပေါ်ပေါက်လာသည့် အကျိုးဆက်မှာလည်း တစ်ပြန်တစ်လှည့်အားဖြင့် လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများမှ ပေါ်ပေါက်လာသည့် ရလဒ်တစ်ခုဖြစ်၍ ယင်းနည်းလမ်းများကပင် တစ်ဖန်ပြန်လည် ဖန်တီးလိုက်ခြင်းဖြစ်ပြီး အဆုံးအဖြတ်ကာလကိုယ်၌၏ အကျိုးရလဒ် ဖြစ်သည့် အဓိက သွင်ပြင်လက္ခဏာများလည်း ဖြစ်ပါသည် (Collier & Collier, 2002)။

တစ်ချိန်တည်းမှာပင် ယင်းအကူးအပြောင်း ကာလဆိုင်ရာ စာပေများအရ အဆုံးအဖြတ်ကာလ၏ အခင်းအကျင်း သို့မဟုတ် ၎င်း၏ တစ်သီးတစ်သန့် ပုံစံအတွက် အများယုံကြည် လက်ခံနိုင်သော သုတေသန တွေ့ရှိချက်များအပေါ် အခြေခံသည့် တိကျခိုင်မာသော အဓိက ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများကိုလည်း တွေ့ရပါသည်။ ထို့အပြင် အဆုံးအဖြတ်ကာလ၏ အကျိုးဆက် အဆုံးသတ်မည့်အချိန်နှင့် ၎င်းကိုယ်တိုင် အဆုံးသတ် နိဂုံးချုပ်မည့် အချိန်တို့ကိုလည်း အတိအကျ ပိုင်းဖြတ်ထားပါသည် (Collier & Collier, 2002)။

ထို့အပြင် Collier & Collier, 2002 တို့က အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ကန့်သတ်ထားသည့် ဆုံချက် တစ်ခုကိုလည်း ထုတ်ဖော်ပြသ ခဲ့ကြပါသည်။ သူတို့က အဆုံးအဖြတ် ကာလများသည် အရေးပါသည့် ပုဂ္ဂိုလ်များက ရွေးချယ်လိုက်သော နိုင်ငံရေးအရ အဓိကကျသည့် ရွေးချယ်မှုများ၏ ရလဒ်ဖြစ်ပြီး အဆိုပါ ရွေးချယ်မှုများ၏ သဘော သဘာဝမှာလည်း ဆက်စပ် ဖြစ်ပေါ်မှုများအပေါ် မူတည်နေကာ နိုင်ငံရေး အဖွဲ့အစည်းများ၏ အနာဂတ်နှင့် လုပ်ကိုင် ဆောင်ရွက်ပုံများကို ပုံဖော်ထုဆစ် နေသည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြပါသည် (Munck, 1993)။ နောက်ပိုင်းတွင် ထွက်ရှိသည့် မဟော်နီ၏ စာအုပ်များတွင်လည်း အဆုံးအဖြတ် ကာလများအတွင်းက အဖွဲ့အစည်းများ၏ အင်အားကို အတိအလင်း ပိုမို အဓိကထားလာခဲ့ပါသည် (Capoccia & Kemelen, 2007)။

ထို့အပြင် ဂိမ်းသီဝရီကိုလည်း ဆက်စပ် အသုံးပြုခဲ့ကြပါသည် (Geddes, 1999)။ မည်သို့ပင်ဖြစ်စေ ဂိမ်းသီဝရီ အနေဖြင့် အရေးပါသည့် ပုဂ္ဂိုလ်များနှင့် မဟာဗျူဟာဆိုင်ရာ ရွေးချယ်မှုများကို အဓိကထားသည့် ပြုမူဆောင်ရွက်မှု သီဝရီတစ်ခု ပါဝင်နိုင်မည့် အလားအလာကို ပေးအပ်နိုင်ခဲ့ပါသည်။ သို့သော်လည်း ပြုမူဆောင်ရွက်ချက်များကို အပြည့်အစုံ ရှင်းလင်းမှုနှင့် ဂိမ်းသီဝရီကို လက်တွေ့အသုံးချမှုတို့ မပြုလုပ်နိုင်ခဲ့ဘဲ အစောပိုင်းကာလများရှိ ခေတ်ပြိုင်နိုင်ငံရေးမှ အဖွဲ့အစည်းများကို လေ့လာရာတွင်လည်း ကျိုးကြောင်း ဆက်စပ်ရွေးချယ်မှု သီဝရီကို အသုံးပြုခဲ့ပါသည် (Munck, 2011)။ အမှန်စင်စစ် Tsebelis မှတ်ချက်ပြု ပြောဆိုခဲ့သည့်အတိုင်း ကျိုးကြောင်းဆက်စပ် ရွေးချယ်မှုသည် လူသားတို့၏ ပြုမူဆောင်ရွက်ချက် အားလုံးကို ရှင်းလင်း မပြနိုင်ခြင်းကြောင့် ဂိမ်းသီဝရီ၏ အလားအလာရှိသည့် အများနှင့် သက်ဆိုင်သည့် အမြင်ကို ကန့်သတ်ထားသကဲ့သို့ ဖြစ်စေခဲ့ပါသည် (Munck, 2011)။ ထို့အပြင် ဂိမ်းသီဝရီ၏ ပြီးပြည့်စုံမှု မရှိသည့် သဘောသဘာဝအရ ကျိုးကြောင်းဆက်စပ် ရွေးချယ်မှုဖြင့် ချဉ်းကပ်၍ အဖွဲ့အစည်းများကို လေ့လာရာတွင်လည်း အကျိုးသက်ရောက်မှု ရှိသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ ယဉ်ကျေးမှုစိတ်ပညာ စသည့် အခြားသော အချက်အလက်များ၏ ရိုက်ခတ်မှုကိုလည်း ထည့်သွင်းလေ့လာရန် လိုအပ်ပါလိမ့်မည် (Munck, 2011)။ ထို့ကြောင့် O’Kane (2004) က ဒီမိုကရေစီစနစ်သို့ မည်သည့် လမ်းကြောင်းများဖြင့် မည်ကဲ့သို့ ပို့ဆောင်ပေးနိုင်ကြောင်း နားလည် သဘောပေါက်နိုင်စေရန်မှာ ဒီမိုကရေစီစနစ်မှ ငုပ်လျှိုးနေသည့် အနေအထားများနှင့် ဆက်နွယ်သော လူမှုရေးဆိုင်ရာ သိပ္ပံနည်းကျ အဆိုကြမ်းများကို သာမက ဒီမိုကရေစီစနစ်ကို ဖန်တီးမည့် ပုဂ္ဂိုလ်များ၏ တွေးဆ ဆင်ခြင်မှုများကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု ဆိုခဲ့ပါသည်။ ထို့အပြင် ယင်းပုဂ္ဂိုလ်များ၏ အယူအဆများနှင့် ဆုံးဖြတ်ချက်များသည် နိုင်ငံရေး အဖွဲ့အစည်းများ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ရွေးချယ်မှုများအပေါ် မည်သို့ ရိုက်ခတ်မှု ရှိကြောင်းကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။

■ ၄။ နိဂုံး – ပြဿနာကို မီးခွက်ထွန်း ရှာနေခြင်းလော

အကူးအပြောင်းများကို လေ့လာခြင်းမှာ မသေချာ မရေရာသည့် အခြေအနေများကြားမှ ဆုံးဖြတ်ချက် ချမှတ်မှုကို လေ့လာခြင်းပင် ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ စာပေများတွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း ဒီမိုကရက်တစ် အသစ်ဖြစ်ပေါ် တိုးတက်မှုအတွက် အသွင်ကူးပြောင်းမှုဆိုင်ရာ ကိစ္စရပ်နှင့် အကူးအပြောင်းများ၏ ရလဒ်များမှာ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အနေအထားများနှင့် အရပ်ဖက် အဖွဲ့အစည်းများရှိ ဖိအားတို့အပေါ်တွင် မူတည်နေပါသည်။

ယခုဆောင်းပါးတွင် နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မှုစနစ်များနှင့် ပတ်သက်သည့် အသွင်ကူးပြောင်းမှုဆိုင်ရာ ယူဆချက်ကို အဓိက ထားပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ အရေးကိစ္စတွင် အသွင်ကူးပြောင်းမှုသည် မတူကွဲပြားသည့် နယ်ပယ်ကဏ္ဍများ တစ်လျှောက် မည်ကဲ့သို့ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိကြောင်းနှင့် အဆုံးအဖြတ်ပေးသည့် အချက်အမျိုးမျိုးနှင့် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အခြေအနေများ၏ အကျိုးသက်ရောက်မှု ခံရပုံတို့ကို နား၊ မျက်စိ ဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ပဋိပက္ခနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအကြား မည်သည့် ဆက်နွယ်မှုများရှိပြီး ကွဲပြားခြားနားနေသည့် လူ့အဖွဲ့အစည်းများရှိ မခိုင်မာသော အသွင်ကူးပြောင်းမှုတွင် မည်သည့် ဂယက်ရိုက်ခတ်မှုများ ရှိပါသနည်း။ ထို့အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်ခွဲဝေမှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတို့အကြား မည်သည့် ဆက်နွယ်မှုများရှိပြီး ခရိုနီဝါဒ သို့မဟုတ် မြန်မာနိုင်ငံမှ ဒီမိုကရက်တစ် အုပ်ချုပ်မှု အလားအလားများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည့် အဆင့်အတန်း ခွဲခြားသတ်မှတ်မှုနှင့် ဆက်နွယ်မှုများ စသည့် နိုင်ငံရေးဆိုင်ရာ ဘောဂဗေဒ၏ သွင်ပြင်လက္ခဏာများမှာလည်း မည်သို့ မည်ပုံ ဖြစ်လာမည်နည်း။

ထို့ကြောင့် အသွင်ကူးပြောင်းမှုဟူသည် အဆုံးအဖြတ် ကာလနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် နိုင်ငံများအတွက် သိသာထင်ရှားစွာ ပြောင်းလဲသည့် အချိန်ကာလ အပိုင်းအခြားတစ်ခု ဆိုသည်မှာလည်း အနည်းငယ် သံသယဖြစ်ဖွယ်ပင် ဖြစ်ပါသည်။ အကောင်းဆုံးမှာ အသွင်ကူးပြောင်းမှု တစ်ခုသည် အသစ်ဖြစ်ပေါ် တိုးတက်မှုများနှင့် ပြဋ္ဌာန်းခံရခြင်း ဟူသည့် အဓိပ္ပာယ်မျိုးဖြင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် လမ်းဖွင့်ပေးနိုင်ရပါမည်။ တိုင်းပြည်တစ်ခုကို ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်မှာလည်း အဆုံးအဖြတ် ကာလတစ်ခုအနေဖြင့် ယင်းတိုင်းပြည်ကို လာမည့် အင်စတီကျူးရှင်းဆိုင်ရာနှင့် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှု လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးရန် ဖြစ်ပြီး သို့မှသာလျှင် နောင်လာမည့် ဒီမိုကရက်တစ် အပြောင်းအလဲအတွက် လမ်းကြောင်း ဖော်ဆောင်ပေးနိုင်ပါလိမ့်မည်။ ထို့ကြောင့် အသွင်ကူးပြောင်းမှုများကို လေ့လာလိုပါက အဆုံးအဖြတ်ကာလဆိုင်ရာ စာပေများ၊ ဂိမ်းသီဝရီနှင့် မသေချာ မရေရာသည့် အနေအထားများကြားမှ ဆုံးဖြတ်ချက် ချမှတ်မှုကို သမားရိုးကျပုံစံဖြင့် အဓိကထား လေ့လာခြင်းတို့အားဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအတွက် အသုံးဝင်သည့် မူဘောင်များ ရရှိလာပါလိမ့်မည်။ သို့သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင်မူ အကူးအပြောင်းကာလ လေ့လာချက်များကို ကျော်လွန်သွားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

ကမ်မီလာ ဘူဇီ ၏ဆောင်းပါးကို စည်သူကျော် ဘာသာပြန်ဆိုသည်။

■ ကျမ်းကိုးစာရင်း

Capoccia, Giovanni & Kelemen, David. (2007). The Study of Critical Junctures: Theory, Narratives and Counterfactuals in Historical Institutionalism. World Politics 59(3), 341-369.

Carothers, Thomas. (2002). The End of the Transition Paradigm. Journal of Democracy, 13(1), 5-21.

Collier, David & Collier, Ruth Berins. (2002). Shaping the Political Arena: Critical Junctures, the Labor Movement, and Regime Dynamics in Latin America. Notre Dame: University of Notre Dame Press.

Collier, David & Levitsky, Steven. (1997). Democracy with Adjectives – Conceptual Innovation in Comparative Research. World Politics 49, 430-451.

Collier, Ruth Berins. (1999). Paths towards Democracy: The Working Class and Elites in Western Europe and South America. Cambridge: Cambridge University Press.

Geddes, Barbara. (2009). What do we know about Democratization after Twenty years? Annual Review of Political Science, 2, 115–44.

Gill, Graeme. (2000). The Dynamics of Democratization: Elites, Civil Society, and the Transition Process. New York: St. Martin’s Press.

Guilhot, Nicolas. (2005). The Democracy Makers – Human Rights and the Politics of Global Order. New York: Columbia University Press.

Inglehart, Ronald and Weltzel, Christian. (2008). The Role of Ordinary People in Democratization. Journal of Democracy, 19(1), 126-140.

Lewitsky, Steven, and Way, Lucan A. (2010). Competitive Authoritarianism – Hybrid Regimes After the Cold War. Cambridge: Cambridge University Press.

Linz, Juan J. & Stepan, Alfred. (1996). Problems of Democratic Transition and Consolidation – Southern Europe, South America, and Post-Communist Europe. Baltimore/London: Johns Hopkins University Press.

Munck, Gerardo (2011). Democratic Theory after Transitions from Authoritarian Rule. Perspectives on Politics, 9(2), 333-343.

Munck, Gerardo. (2009). Measuring Democracy – A Bridge between Scholarship and Politics. Baltimore: Johns Hopkins University Press.

Munck, Gerardo & Snyder, Richard. (2007). Passion, Craft and Methods in Comparative Politics. Baltimore: Johns Hopkins University Press.

Munck, Gerardo. (2001). Game Theory and Comparative Politics – New Perspectives and Old Concerns. World Politics. 53(2), 173-204.

Munck, Gerardo & Leff, Carol Skalnik. (1997). Modes of Transition and Democratization: South America and Eastern Europe in Comparative Perspective. Comparative Politics, 29(3), 343-362.

Munck, Gerardo (1993). Between theory and history and beyond traditional area studies — Shaping the Political Arena by Ruth Berins Collier and David Collier / Palavra e Sangue: Politica e Sociedade na America Latina by Alain Touraine. Comparative Politics, 25(4), 475-498.

O’Donnell, Guillermo & Schmitter, Philippe. (1986). Transitions from Authoritarian Rule – Tentative Conclusions about Uncertain Democracies. Baltimore/London: Johns Hopkins University Press.

O’Kane, Rosemary. (2004) Paths to Democracy: Revolution and Totalitarianism. London/New York: Routledge.

Teorell, Jan. (2010). Determinants of Democracy. Cambridge: Cambridge University Press.

World Bank. (2012). Myanmar – Interim strategy note for the period FY13-14. Washington D.C.: World Bank. Retrieved from http://documents.worldbank.org/curated/en/ 525641468 323339122/Myanmar-Interim-strategy-note-for-the-period-FY13-14

Transitions, Transformations and Critical Junctures in Myanmar and Beyond

By Camilla Buzzi

This article is a critical review of the concept of transition, first made popular in literature focusing on the role of elite negotiations in democratic change during the 1990s, and of relevant literature from the field of democracy studies. The first section of the article examines the concept of transition in democracy and democratization literature. We find that the concept has limited analytical value in a context where this literature is increasingly focusing on democracy as the result of a combination of favorable structural conditions, elite negotiations and pressure from civil society.

The second part of the article draws on some of this critique to examine the concept of critical juncture and the study of critical junctures and transitions as decision-making under conditions of uncertainty drawing on game theory and formal modeling. Furthermore, the case of Myanmar shows how transitions across different fields – politics, economics, peace and conflict – affect each other. A transition can open for the development and institutionalization of means for a peaceful resolution of conflicts, but in order to set countries on a path to democratic transition, a critical juncture needs to set a country on a path of future institutional and structural change that will pave the way for further democratic change. Hence, a study of democratization needs to go beyond a study of transition.

About the author

Camilla Buzzi

Camilla Buzzi is completing a PhD in human rights and peace studies at the Institute for human rights and peace studies, Mahidol University, Thailand. She is a political scientist from the University of Oslo, where she also obtained her first cycle degree (Candidata Magistrii) in French, political science and philosophy as well as her teacher education diploma. Her research interests are in the field of comparative politics, with a particular focus on civil society, human rights and peace advocacy, discourse and discourse analysis. She is a former coordinator for PD Burma and a former country program manager for Norwegian Church Aid.

Add comment