လူထုအခြေပြု အာဏာရှင်စရိုက်၊ အမုန်းတရားနှင့် Psychoanalysis (စိတ်သရုပ်ခွဲခြင်း)နိဒါန်း

ဤဆောင်းပါး၏ အဓိကအကြောင်းအရာမှာ မြန်မာနိုင်ငံအကူးပြောင်းကာလ၏ အလယ် ဗဟိုတွင် လည်ပတ်နေသော လူ့အဖွဲ့အစည်း၏ အာဏာရှင်စရိုက်နှင့် လူမျိုးရေးအမုန်းတရားကို Psychoanalysis (စိတ်သရုပ်ခွဲခြင်း) ရှုထောင့်မှ လေ့လာသုံးသပ်ခြင်း ဖြစ်သည်။ အယူအဆ အားဖြင့် နိဒါန်း တင်ဆက်ထားခြင်း ဖြစ်ပါသည်။
လူမှုတရားမျှတရေးဟုဆိုလျှင် အမုန်းတရားကိစ္စကို မေ့ထား၍မရ။ လူမှုတရားမျှတရေးဆောင်ရွက်သူများအနေဖြင့် အမုန်းတရားကိစ္စကို ထိရောက်စွာ ကိုင်တွယ်ရမည်ဖြစ်သည်။ လူမှု ကွန်ရက်ပေါ်တွင် ရေးသားနေသည့် အမုန်းစကားကိုသာမက မုန်းခြင်း၊ ကြောက်ခြင်း စသည့် စိတ်အခြေအနေကိုသော်လည်းကောင်း၊ အမုန်းတရားနှင့် အာဏာရှင်စရိုက် ဆက်စပ်မှုကိုသော် လည်းကောင်း စိတ်ပိုင်းဆိုင်ရာရှုထောင့်မှ အခြေခံကျကျ နားလည်သဘောပေါက်ရန်လိုသည်။
ဤဆောင်းပါးသည် အာဏာရှင်စရိုက်၊ လူမျိုးရေးအမုန်းတရားတို့နှင့် ပတ်သက်ပြီး နောက်ဆုံး အဖြေထုတ်ပေးထားခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ထိုပြဿနာ များကို လေ့လာရာတွင် အထောက်အကူပြုသည့် ရှုထောင့်သစ်တခုကို မြန်မာသုတေသနလောက ၌ လမ်းသစ်ဖွင့်ခြင်းဖြစ်ပါသည်။

ဆောင်းပါးတွင် အဓိကထောက်ပြထားသည့်အချက်များမှာ
(၁) အမုန်းတရားပြောဆိုသူများ၏ စွပ်စွဲချက်များသည် သူများအကြောင်းထက် ကိုယ့် အကြောင်း၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ပြဿနာများကို ပြောနေခြင်းဖြစ်သည်။ ကိုယ့်ဆန္ဒများကို သူများအပြစ်အဖြစ် လွှဲချမြင်ယောင်ခြင်းဖြစ်သည်။ ကိုယ့်မသိစိတ်အတွင်း ဖိနှိပ်ထား သည့် (ကာမဆန္ဒအပါအဝင်) ခံစားချက်များအား ကိုယ့်ထက် အားနည်းသူထံတွင် ပေါက်ကွဲခြင်း၊ ရမယ်ရှာခြင်းနှင့် အာရုံပြောင်းခြင်းတို့ဖြစ်ရာ မုန်းတီးခြင်းပြဿနာသည် မုန်းတီးသူများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေဖြစ်သည်။
(၂) မုန်းတီးရခြင်းမှာလည်း ၎င်းတို့ ပိုင်ဆိုင်သည့်အရာများကို လုယူခံသွားရခြင်းကြောင့် မဟုတ်။ အမှန်မှာ ထိုအရာများအား အစကတည်းက မပိုင်ဆိုင်ဖူးသည်ကို လူတစုက အမှတ်ရစေသောကြောင့် ထိုလူများအား မုန်းခြင်းဖြစ်သည်။
(၃) အမုန်းတရားနှင့် လူ့အဖွဲ့အစည်း အာဏာရှင်စရိုက်အား သံသယလွန်၊ အကြောက်လွန်၊ အမြင်မှားလွန်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသောလူများက နိုင်ငံရေးလှည့်စားပါက လူ့အဖွဲ့အစည်းသည် လူထုအခြေပြု အာဏာရှင်စနစ်သို့ ဦးတည်သွားနိုင်သဖြင့် ဤ ပြဿနာအား လူမှုတရားမျှတရေးလှုပ်ရှားသူများအနေဖြင့် အထူးဂရုပြု ပဲ့ထိန်းရမည် ဖြစ်သည်။

စိတ်သရုပ်ခွဲခြင်း
Psychoanalysis ကို မြန်မာအဘိဓာန်တွင် စိတ်မမှန်ခြင်း၊ စိတ်ရောဂါရခြင်းတို့၌ ဝေဒနာရှင်၏ နောက်ကြောင်းဖြစ်စဉ်များကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့်ကုစားနည်းဟု ဆိုထား ပါသည်။ ဤဆောင်းပါးတွင် Psychoanalysis ကို စိတ်ဝေဒနာဟု ဆိုလိုခြင်းမဟုတ်ပါ။ စိတ်ပိုင်း ဆိုင်ရာ သရုပ်ခွဲလေ့လာခြင်းဟုသာ ယေဘုယျ အဓိပ္ပာယ်ဖွင့်လိုသည်။
Psychoanalysis သည် လွန်ခဲ့သည့် နှစ် ၁၂၀ ခန့်က စတင်ပေါ်ပေါက်လာသော ပညာရပ် ဖြစ်ပြီး ၁၉၄၀-၅၀ ပြည့်နှစ်များနောက်ပိုင်း တွင် ပိုမိုကျယ်ပြန့်လာသည်။ စိတ်ဝေဒနာ သည်များကို ကုစားခြင်းလောက်သာမဟုတ် ဘဲ လူ့စိတ်သဘာဝကိုသော်လည်းကောင်း၊ လူတဦးချင်းစီ၏ စိတ်နှင့် လူ့အဖွဲ့အစည်း၏ ဖွဲ့စည်းလည်ပတ်ပုံအကြား ဆက်စပ်မှုကို သော်လည်းကောင်း စနစ်တကျလေ့လာ သည့် ပညာရပ်ဖြစ်သည်။ ဦးနှောက်၊ အာရုံ စသည်တို့နှင့်ဆိုင်သော သဘာဝသိပ္ပံ ဟုတ် သလို လူ့အဖွဲ့အစည်းကို လေ့လာသည့် လူမှု ရေးသိပ္ပံလည်း ဟုတ်သည်။
မြန်မာနိုင်ငံ၏ အာဏာရှင်စနစ် အကြောင်းကို ပညာရှင်နှင့် သုံးသပ်သူများက အများအပြားရေးသားပြီးဖြစ်သည်။ အများစု သည် အာဏာရှင်အစိုးရ၊ အစိုးရယန္တရားနှင့် ပါဝင်ပတ်သက်သူများအကြောင်း ဦးစားပေး ကြသည်။ ထိုနည်းတူစွာပင် လူမျိုးရေးမုန်း တီးခြင်းကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခ၊ အမျိုးသားရေးလှုပ်ရှားမှု၊ အမုန်းစကားဖြန့်ဝေခြင်း ကိစ္စ များကို အဓိကသုံးသပ်ကြသည်။ သို့ရှိရာ ဤစာတမ်း၏ မတူထူးခြားသည့်အချက်မှာ အာဏာရှင် အစိုးရ (သို့) စနစ်ထက် လူ့အဖွဲ့အစည်း၏ ‘အာဏာရှင်စရိုက်လက္ခဏာ’ကို လေ့လာခြင်းဖြစ် သည်။ အမျိုးသားရေးလှုပ်ရှားမှု ပဋိပက္ခထက် အမုန်းတရား၏ ဇစ်မြစ်ဖြစ်သည့် ‘စိတ်’ (တနည်း- ချစ်၊ မုန်း၊ ကြောက် စသည့် ခံစားမှုဖြစ်စေသည့်စိတ်နှင့် နိုင်ငံရေးဆက်စပ်မှု)ကို လေ့လာခြင်း ဖြစ်သည်။ ပိုမိုတိတိကျကျဆိုရလျှင် ၂၀ ရာစုနှစ်အတွင်းထင်ရှားခဲ့သော ပညာရှင်များ၏ လေ့လာ တွေ့ရှိချက်အချို့ကို လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ဆက်စပ်လေ့လာနိုင်ရန် တင်ပြထားခြင်း ဖြစ်သည်။
ထိုပညာရှင်များသည် နာဇီဂျာမနီနှင့် ဒုတိယကမ္ဘာစစ်လွန်ကာလက အာဏာရှင်လူ့အဖွဲ့ အစည်းများအကြောင်းများကို ရေးသားခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့၏ ရေးသားချက်များသည် အမေရိကနှင့် ဥရောပနိုင်ငံများအပါအဝင် ယခုတဖန် ခေါင်းပြန်ထောင်လာသည့် ကမ္ဘာတလွား အာဏာရှင်များ၊ မုန်းတီးရေးလှုပ်ရှားမှုများကို မီးမောင်းထိုးပြနေသည်ဟု လက်ရှိ နိုင်ငံတကာ ပညာရှင်များက အသိအမှတ်ပြု ထောက်ပြကြသည်။ သို့ရှိရာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော တွေ့ရှိချက်များ၊ သုံးသပ်ချက်များသည် ယခုတဖန် ပြန်လည်လေ့လာရမည့် အိုင်ဒီယာများဖြစ် သည်။

ဒီမိုကရေစီအစိုးရ၊ အာဏာရှင်စရိုက်
NLD အစိုးရ အာဏာရလာပြီးသည့်နောက် မြန်မာပြည်သူအများစုသည် အာဏာရှင် စနစ် ကျော်လွန်ပြီဟု မှတ်ယူကြသည်။ NLD အစိုးရသစ်အနေဖြင့် ဒီမိုကရေစီလမ်းစဉ်အတိုင်း တိုင်းပြည်တိုးတက်အောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် အုပ်ချုပ်ရေးရော စီးပွားရေးတွင်ပါ ထင်ထားသည့်အတိုင်း ဖြစ်မလာသည့်အခါ ယခင် အစိုးရနှင့်မထူးခြားဟု အံ့ဩကြသည်။ အမှန်မှာ NLD ၏ ၂၀၁၅ ခုနှစ်အောင်ပွဲသည် အစိုးရတခုကို အခြားတခုဖြင့် အစားထိုးခဲ့ခြင်းသာဖြစ်သည်။ ပြည်သူများ၏ အာဏာရှင်စရိုက်ကို ဒီမိုကရေစီ စရိုက်ဖြင့် အစားထိုးခဲ့ခြင်းမဟုတ်။ တတိုင်းပြည်လုံးမဆိုထားနှင့်၊ ထိုလှုပ်ရှားမှုတွင် ပါဝင်ပတ် သက်နေသော လူတန်းစားအလွှာအသီးသီး၏ အာဏာရှင်စရိုက်ကိုတောင် အပြောင်းအလဲ မလုပ်နိုင်ခဲ့ပေ။ ဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့အစည်းအသီးသီးမှ အထက်လွှာခေါင်းဆောင်များသည် စစ်အစိုးရအား အစားထိုးရန် ‘လူထုအခြေပြု’ ခေါင်းစဉ်ဖြင့် နိုင်ငံရေးစည်းရုံးခဲ့ပြီး ထိုလူထုပေါ်တွင် ဩဇာအာဏာ တည်ဆောက်ခဲ့သည်။ သို့သော် လူ့အဖွဲ့အစည်းတခုလုံးကို ပြန်လည်ဖွဲ့စည်းနိုင် သည့်အနေအထား မရှိခဲ့။ ဒီမိုကရေစီလှုပ်ရှားမှု နိုင်ငံရေးအထက်လွှာ၏ လူထုအခြေပြု ခေါင်းစဉ် အောက် တဝက်တပျက် တော်လှန်ရေးသာဖြစ်ခဲ့သည်။
စနစ်ကိုပြောင်းလဲခြင်းလည်း မဟုတ်ပြန်။ စနစ်ဟုဆိုရာတွင် အစိုးရနှင့် အုပ်ချုပ်ရေး ယန္တရားများကိုသာ ဆိုလိုသည်မဟုတ်။ တိုင်းပြည်တည်ဆောက်ပုံ၊ လူမှု-နိုင်ငံရေး အတွေးအခေါ် များ၊ အစိုးရ-လူထုဆက်ဆံရေး၊ လူနည်းစု-လူများစုဆက်ဆံရေး၊ လူတန်းစားဆက်ဆံရေး၊ နိုင်ငံ ရေးယဉ်ကျေးမှု စသည့် လူ့အဖွဲ့အစည်း၏အုတ်မြစ်များကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့အားလုံး၏ အခြေခံသည် ‘မိသားစု’စနစ် ဖြစ်သည်။
Psychoanalysis ပညာရှင်များက မိသားစု ဖွဲ့စည်းတည်ဆောက်ပုံ (နှင့် ကလေးငယ် ပြုစုပျိုးထောင်သည့်ဓလေ့)သည် လူ့အဖွဲ့အစည်းစရိုက်၏ အခြေခံဖြစ်သည်ဟု ထောက်ပြကြ သည်။ လူ့အဖွဲ့အစည်းများစွာတွင် မိသားစုစနစ်သည် ဖိုဝါဒီ (patriarchy) ပေါ် အခြေခံသည့် အတွက် ‘အဖေ’ကိုဗဟိုပြု၍ လည်ပတ်သည်။ အဖေပြီးလျှင် ဒုတိယအရေးအပါဆုံးမှာ သားဖြစ် သည်။ အဖေသည် လုပ်ငန်းခွင်တွင် သူ့အထက်အရာရှိကို နာခံရသကဲ့သို့ (မတရားသည့်တိုင် သည်းခံဆက်ဆံရသကဲ့သို့) အိမ်ပြန်ရောက်လျှင်လည်း မိသားစု၏နာခံမှုကိုလိုချင်သည်။ သို့ရှိရာ လုပ်ငန်းခွင် (မိသားစုပြင်ပ လူ့အဖွဲ့အစည်း) တွင် အာဏာပါဝါသည် အထက်မှအောက် စီးဆင်း သကဲ့သို့ မိသားစုတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တနည်းဆိုရလျှင် အာဏာရှင် စရိုက် ကိုယ်စားလှယ်သည် ဖခင်ပုံရိပ်မှတဆင့် မိသားစုထဲတွင်ရှိနေသည်။ ဖခင်က ပါဝါရှိသူကို နာခံရသကဲ့သို့၊ မိသားစုထဲတွင်လည်း ပါဝါရှိသူကို နာခံရသည်။ မည်သည့်နေရာတွင်မဆို မိမိ ထက် အာဏာရှိသူအား နာခံရမည်ဟူသည့် ဓလေ့ကို patriarchal family က သင်ပေးလေသည်။
မိသားစုနှင့် ဆက်စပ်နေသည်က ကလေးငယ်များအား ပြုစုပျိုးထောင်သည့် ဓလေ့ဖြစ် သည်။ ပညာရှင်များအဆိုအရ ကလေးတဦးသည် ခြောက်လအရွယ်မှစပြီး နားလည်တတ်ပြီဖြစ် သည်။ မိသားစုတွင်း စည်းကမ်းတင်းကျပ်ပြီး အဖိခံထားရသည့် ကလေးတဦးအနေဖြင့် သူ ဖိခံရ တာနှင့် သူ့ဆန္ဒ မကိုက်ညီတာကို ခံစားတတ်ပြီဖြစ်သည်။ သို့သော် သူသဘောမတူတာကို ပြော ခွင့်၊ ပြင်ခွင့်လည်းမရှိ၊ တဘက်တွင် မိဘ(မောင်နှမအကြီး)ကို နာခံရမည်ဆိုတာလည်း ရှိသည့် အတွက် သူ့မကျေနပ်ချက်ကို မြိုသိပ်ထားရသည်။ သူ့ဒေါသကို တခြားနေရာ (သို့) သူ့ထက် အားအင်နည်းသည့် လူ၊ အရာအပေါ် လွှဲချပွင့်အံထုတ်သည်။ မိမိစိတ်ဆန္ဒကို အားနည်းသူထံ လွှဲချပေါက်ကွဲသည့်စရိုက်က ကလေးငယ်ဘဝကတည်းက ရင်းနှီးပြီးသားဖြစ်နေသည် (ဤကိစ္စ နှင့် ပတ်သက်ပြီး projection ခေါ် လွှဲချမှုအပိုင်းတွင် ဆက်လက်ဆွေးနွေးထားသည်)။
သို့သော် ပြဿနာမှာ လွှမ်းမိုးထိန်းချုပ်သည့် ဖခင်၏အခန်းကဏ္ဍချည်း မဟုတ်။ မြန်မာ အပါအဝင် ကမ္ဘာ့နေရာအများအပြားတွင် မိခင်သည် (ဖခင်ကွယ်ရာတွင် သားသမီးအလိုကျ လိုက်လျောသော်လည်း) ဖခင်အား လွန်ဆန်ခြင်းမပြုဘဲ ဖခင်အလိုကျ လိုက်လျောကြသည်။ ထို့ကြောင့် အာဏာရှင်စရိုက်ဟုဆိုလျှင် လွှမ်းမိုးထိန်းချုပ်ခြင်း (domination) နှင့် နောက်လိုက် ခြင်း (submission) က ရှိနေသည်။ နှစ်ဘက်တီးမှမြည်သည့် လက်ခုပ်ဖြစ်သည်။

လွတ်လပ်သူတို့ ဖျက်ဆီးခြင်း
လူမျိုးရေးမုန်းတီးမှု အရှိန်မြင့်လာသည့် နိုင်ငံများတွင် ဆင်းရဲချို့တဲ့ပြီး နိုင်ငံရေး အကျပ် အတည်းကြုံနေရသည့် နိုင်ငံချည်းမဟုတ်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများကဲ့သို့ လွတ်လပ်ပါသည်၊ ဖွံ့ဖြိုးပါသည်၊ ဒီမိုကရေစီရှိပါသည်ဆိုသော လူ့အဖွဲ့အစည်းတွင်လည်း ဖြစ်နေ သည်။ အများပြည်သူအမြင်တွင် ဒီမိုကရေစီရှိပါက၊ လွတ်လပ်ပါက၊ ဖွံ့ဖြိုးပါက ဖိနှိပ်မှုများ ပပျောက်သွားမည်ဟု ယူဆကြသည်။ သို့သော် Psychoanalysis ပညာရပ်ကို တည်ထောင်ခဲ့ သည့် ပညာရှင် ဆစ်မွန်-ဖရော့ (Sigmund Freud, 1856-1939) က ယဉ်ကျေးမှုထွန်းကားရန် လူတို့သည် သတ္တဝါသဘာဝ ဇီဝဗေဒအကျင့်ဆန္ဒ လိုလားချက်များကို ဖုံးဖိကြရသည်ဟုဆိုသည်။ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းဖြစ်အောင် လူမှုစည်းမျဉ်းများ၊ ထုံးတမ်းစဉ်လာများဖြင့် ထိန်းချုပ် လာသောအခါ ကာမဆန္ဒအပါအဝင် လူတို့၏ သတ္တဝါသဘာဝ လိုလားတပ်မက်ချက်များကို ဖိနှိပ် (repression) ကြရသည်။ သို့တည်းမဟုတ် ထိုဆန္ဒများကို အခြားကိစ္စများသို့ အာရုံပြောင်း (Sublimation) ကြသည်။ ဤနှစ်ခုကြား ဘက်မမျှသောအခါ လိုအင်မပြည့်ဝမှုများ၊ မပျော်ရွှင် မှုများ၊ စိတ်ဖိစီးမှုများ ဖြစ်လာသည်။ မသိစိတ်တွင်းဖိနှိပ်ထားသည့် ဆန္ဒများသည်၁ ပြေပျောက် မသွားဘဲ သိစိတ်အပေါ် လွှမ်းမိုးခြယ်လှယ်လာပြီး (ဖျက်ဆီးတတ်သည့်) အပြုအမူဆိုးများ ဖြစ် လာစေသည်ဟု ဆိုသည်။
အချို့ပညာရှင်များကတော့ လူ့အပြုအမူသည် ဇီဝဗေဒကြောင့်ချည်းမဟုတ်။ လူ့အဖွဲ့ အစည်းတခုသည် ပြောင်းလဲလာသည်နှင့်အမျှ သူ့သမိုင်း၊ သူ့အခြေအနေများအပေါ် အခြေခံပြီး လူ့စရိုက်များ ပြောင်းလဲဖြစ်ပေါ်လာသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ထိန်းချုပ်လိုခြင်း၊ ထိန်းချုပ်သူ နောက် လိုက်လိုခြင်းတို့သည် လူမှုရေးဖြစ်စဉ်များဖြစ်သည်။ လူ့စရိုက် (personality character) သည် ကလေးသူငယ်ဘဝတွင် လေ့လာပေါ်ထွန်းလာသော ကိစ္စဖြစ်သည်။ တနည်းဆိုရသော် လူတို့သည် ပြောင်းလဲလာသောအခြေအနေနှင့် လိုက်လျောညီထွေစွာ လိုက်နေရာမှ လူမှုစရိုက် (social character) ဖြစ်လာပြီး ထိုစရိုက်သည် စိတ်သဘောထားများ၊ ကောင်း၏၊ ဆိုး၏ ဓလေ့ များအား သတ်မှတ်ခြင်းဖြစ်သည်ဟုဆိုသည်။ မည်သို့ဆိုစေ မသိစိတ်အတွင်း ဖိအောင်းထားသည့် စိတ်ဆန္ဒများသည် အမုန်းတရားနှင့် အပြုအမူဆိုးများဖြစ်စေသည်ကို ပညာရှင်များက လက်ခံ ကြသည်။
ဤနေရာတွင် မေးစရာတခုရှိလာသည်။ ဒီမိုကရေစီအစိုးရအောက် လူ့အဖွဲ့အစည်းများ တွင် လွတ်လပ်ပါသည်ဟုဆိုသည့်တိုင် ခေါင်းဆောင်တဦးနောက် ဘာကြောင့် အားကိုးတကြီး မျက်လုံးမှိတ် လိုက်ကြသလဲ။ ကိုယ့်ကို အကျိုးမပြုမှန်းသိသည့်တိုင် ဘာကြောင့် ကိုယ့်စိတ် လှည့် စားခံပြီး ခေါင်းဆောင်တဦး သို့မဟုတ် ထိုခေါင်းဆောင်အား ထောက်ခံသည့်အုပ်စုနောက် လိုက် ကြသလဲ။
အဲရစ်-ဖရော်မ် (Erich Fromm, 1900-1980) ၏ ‘လွတ်မြောက်မှုအား ကြောက်လန့်ခြင်း (The Fear of Freedom)’ သည် စိတ်ဝင်စားစရာကောင်းသည်။ အဓိကအိုင်ဒီယာမှာ လူတို့သည် မွေးဖွားကြီးပြင်းလာသည်နှင့်အမျှ ဦးနှောက်ဖွံ့ဖြိုးလာပြီး အတွေ့အကြုံများ ရရှိလာသောအခါ မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်လာသည်။ မိဘ၏ဖေးမမှုမှ လွတ်မြောက်လာသည်။ တချိန်တည်း မှာပင် မွေးလည်းတဦးတည်း၊ သေလည်းတဦးတည်းဆိုသည့် လူ့သဘာဝ ‘အထီးကျန်’မှုကို နားလည်လာသည်။ မိဘ၏ဖေးမမှုအောက်မှလွတ်ပြီး မိမိခြေထောက်ပေါ်မိမိ ရပ်တည်လာနိုင် သည့် လွတ်မြောက်မှုကို ရရှိသော်လည်း ငါတဦးတည်းဖြစ်ခဲ့ရင်ဆိုသည့် အထီးကျန်မှုကို ကြောက်ရွံ့လာသည်။
လူ့အဖွဲ့အစည်း၏ မော်ဒန်သမိုင်းနှင့် ဆက်စပ်ပြောပါက ယခင် ပဒေသရာဇ်ခေတ် က မိသားစု၊ အသိုင်းအဝိုင်း၊ ဘာသာရေး၊ ဓလေ့စသည်တို့နှင့် ပဲ့ထိန်းထားသည့်စနစ်မှ မော်ဒန်ခေတ် ရောက်လာသောအခါ ဘာ သာရေး၊ မိသားစု၊ ဓလေ့တို့၏ ထိန်းချုပ်ဖေးမ ပဲ့ထိန်းထားမှု ပြေလျော့လာပြီး တသီးပုဂ္ဂလ၃ အနေအထားရောက်လာသောအခါ မလုံခြုံမှု ကို စိုးရိမ်လာသည်။ တနည်းဆိုရလျှင် ပိုမို လွတ်လပ်သည့် အပြောင်းအလဲဖြစ်လာသော အခါ ယခင်က ရရှိထားသည့် (မလွတ်လပ် သော်လည်း ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ် သည့်) အနေအထား ပျောက်သွားမှာကို စိုးရိမ်ကြောက်ရွံ့ကြသည်။ ကြောက်ရွံ့မှု၊ အထီးကျန်မှု၊ ဆုံးရှုံးမှု၊ မလုံခြုံမှုတို့မှ ကာ ကွယ်ရန် အားကိုးရှာရင်း ‘အုပ်စုဝင်ဖြစ်ရေး’ သည် ထွက်ပေါက်တခု ဖြစ်လာသည်။

အဲရစ်-ဖရော်မ်က လွတ်မြောက်ရေး နည်းလမ်းသုံးခု ထောက်ပြသည်။
(၁) အာဏာရှင်ဆက်ဆံရေး။ လူတွေသည် မိမိတို့၏ပင်ကိုယ်မူ (self) ကို လက်လွှတ်ခံပြီး အာဏာရှင်ဆက်ဆံရေး ဖန်တီးသည်။ အချို့က သူတပါးကို ထိန်းချုပ်လွှမ်းမိုးခြင်းဖြင့် မိမိအုပ်စုကို မိမိအလိုကျ ထိန်းထားသည်။ ထိုသူများသည် ခေါင်းဆောင်ဖြစ်လိုသူများ ဖြစ်သည်။ အချို့က အုပ်စုတွင်းအနေမြဲရန် နောက်လိုက်ကောင်းဖြစ်အောင် နေသည်။ သို့ရှိရာ ခေါင်းဆောင်သည်လည်း ပင်ကိုယ်မူစွန့်လွှတ်ပြီး သူ့နောက်လိုက်များ နှစ်ခြိုက် သည့်လမ်းကို ရွေးချယ်သည်။ နောက်လိုက်ကလည်း ခေါင်းဆောင်အကြိုက်၊ အဖွဲ့ အကြိုက်နေသည်။ ခေါင်းဆောင်ရော နောက်လိုက်ပါ ပင်ကိုယ်မူပျောက်ပြီး တဦးပေါ် တဦး မှီခိုနေရသည့် အုပ်စုဆက်ဆံရေး ဖြစ်သွားသည်။
(၂) ဖျက်ဆီးတတ်မှု။ ဖျက်ဆီးတတ်မှုသည် အာဏာရှင်စနစ်ဆက်ဆံရေးနှင့် ဆက်စပ်နေ သည်။ မနာလိုဝန်တိုမှုကြောင့်လည်း ဖြစ်သည် (ဥပမာ- မစားရသည့်အမဲ သဲနဲ့ပက်ခြင်း)။ မိမိ၏ ပါဝါကင်းမဲ့မှုခံစားချက်ကို ဖြေဖျောက်ရန် တခုခုအားဖျက်ဆီးခြင်းနှင့် ဖိသိပ်ထား သည့် ဆန္ဒများ၊ မကျေနပ်ချက်များအား အခြားအားနည်းသူထံ ပေါက်ကွဲခြင်းတို့လည်း ဖြစ်သည်။ အခြားအားနည်းသူဆိုသည်မှာ လူ့အဖွဲ့အစည်းတွင်းက လူနည်းစုများ၊ ဘေး ဖယ်ခံထားရသူများလည်း ဖြစ်သည်။
(၃) အထိုက်အလျောက်လိုက်နေခြင်း။ အဲရစ်အမြင်တွင် တတိယအချက်သည် အရေးအပါ ဆုံး ဖြစ်သည်။ မော်ဒန်လူ့အဖွဲ့အစည်းတွင် လူအများစုသည် ပင်ကိုယ်မူပျောက်ကွယ်ပြီး လူ့အဖွဲ့အစည်းကပေးအပ်သော စရိုက်အတိုင်း ပြုမူနေထိုင်သည်။ သို့ရှိရာ သူသည် အခြားလူများနှင့် တပုံစံတည်းဖြစ်ပြီး လူ့အဖွဲ့အစည်း မျှော်လင့်သည့်အတိုင်းသာ ပြုမူ သည်။ လွတ်လပ်သည့်ငါဟု ထင်မှတ်သော်လည်း တချိန်တည်းတွင် ပင်ကိုယ်မူပျောက် ပြီး ငါဟာငါမဟုတ်ဆိုသည့် ခံစားမှုကွဲထွက်ရာမှ တဝက်တပျက် ပင်ကိုယ်မူ (pseudo-self) ဖြစ်လာပြီး ကိုယ်ပိုင်ဆိုသည်ထက် အုပ်စုဝင်ဟုသာ ပြောင်းလဲမြင်လာသည်။ ထိုသို့ကွဲထွက်ခြင်းက စိုးရိမ်သောကစိတ် (anxiety နှင့် panic) ဖြစ်စေသည်။ ဤစိတ်ခံစား ချက်ဆိုးများကို ကျော်လွှားရန်မှာ အုပ်စုနှင့် အလိုက်အထိုက် ပြုမူနေထိုင်ခြင်းဖြစ်သည်။ အာဏာရှင်ဆက်ဆံရေးစနစ်နှင့် သက်သောင့်သက်သာ အလိုက်အထိုက်နေခြင်း ပေါင်း စပ်မိသောအခါ နာဇီနှင့် ပေါ်ပြူလာခေါင်းဆောင်များ၏ ဆွဲဆောင်မှုနောက် မဆင်မခြင် လိုက်ပါသွားပြီး ကိုယ်နှင့်မတူသည့် အခြားအုပ်စုအား မုန်းတီးဖိနှိပ်ခြင်းဖြစ်သည်။

အခြားအုပ်စု၊ ယုံမှားသံသယလွန်ခေါင်းဆောင်နှင့် ဖိနှိပ်ခြင်း
ဤနေရာတွင် လူအချို့ကို ဘာကြောင့် ‘အခြားအုပ်စု’ (other) ဟုမြင်ပြီး ဘာကြောင့် နှိပ် ကွပ်ချင်ရသလဲဆိုသည့် မေးခွန်းပေါ်လာသည်။ အခြားအုပ်စုဟုသတ်မှတ်ခံရသူများအား စစ်မှန် သော အဖွဲ့ဝင်များမဟုတ်၊ မိမိတို့အုပ်စု၏ စစ်မှန်မှု၊ သန့်စင်မှုတို့ကို ဖျက်ဆီးနိုင်သောအုပ်စုဟု ထင်သည့် လူမျိုးရေးအမြင်သည် လူ့အဖွဲ့အစည်းများစွာတွင် အမြစ်တွယ်နေသည်။ ထို အခြား အုပ်စုအား ဖယ်ရှားမှသာလျှင် မိမိတို့၏ဖြစ်တည်မှုနှင့် ပါဝါကို ထိန်းသိမ်းနိုင်မည်ဟူသော အမြင် သည်လည်း ထိုနည်းတူစွာပင်။ အထူးသဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ယုံမှားသံသယ လွန် ကဲသော (paranoia) ခေါင်းဆောင်များ ပေါ်လာပါက လူအများစုသည် သက်သောင့်သက်သာ အလိုက်အထိုက်ဖြင့် ထိုခေါင်းဆောင်နောက် လိုက်ကြသည်။ ထိုခေါင်းဆောင်သည် မိမိတို့အား ကြောက်ရွံ့ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်မည်ဟု မျက်စိမှိတ်ထင်မှတ်ခြင်းကြောင့်ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်ပြီး Frankfurt School မှ လူသိအများဆုံး ပညာရှင်နှစ်ဦးဖြစ်သည့် မက်စ်-ဟော်ခိုင်မာ (Max Horkheimer, 1895-1973) နှင့် သီယိုဒေါ-အဒေါနို (Theodor Adorno, 1903-1969) တို့၏ အိုင်ဒီယာအား စဉ်းစားရန်လိုသည်။ အထက်တွင်မေးခဲ့သကဲ့သို့ အမှောင် ခေတ်လွန် မော်ဒန်လူ့အဖွဲ့အစည်းတွင် လွတ်လပ်ခြင်း (freedom) အစား ဘာကြောင့် ဖျက်ဆီးမှု ကို အားပေးသလဲဆိုသည့် မေးခွန်းကိုဖြေရာ၌ မော်ဒန်လူ့အဖွဲ့အစည်းနှင့် အာဏာရှင်စနစ်တို့သည် အများထင်သကဲ့သို့ ဆန့်ကျင်ဘက်မဟုတ်ကြောင်း ၎င်းတို့ကဆိုသည်။ တဘက်တွင် လွတ်လပ် သည်ဟူသည့် အမြင်ရှိစေသော်လည်း တချိန်တည်းတွင် အုပ်ချုပ်ရေးယန္တရားသည် စနစ်တကျ ဖြစ်ရေးနှင့် တည်ငြိမ်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင် လူ့အဖွဲ့အစည်းအား ဆက်လက်ထိန်းချုပ် နိုင်အောင် ကြိုးစားသောကြောင့် ဖြစ်သည်။
(မော်ဒန်ခေတ်မတိုင်မီတွင်) လူတို့သည် အသက်ရှင်လှုပ်ရှားနိုင်ရန် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် မိမိကိုယ်မိမိ ပြောင်းလဲနေထိုင်သော်လည်း တဖြည်းဖြည်း ရွေ့လျား လာသည်နှင့်အမျှ ကိုယ်ကပြောင်းလဲရမည့်အစား ကိုယ်နှင့်မတူသည့် အရာအားလုံးကို ကိုယ်နှင့် တူအောင် ပြောင်းလဲရန်ကြိုးစားလာကြသည်။ ကိုယ်ကပြောင်းရမည့်အရေး (မိမိအတွင်းကမ္ဘာ) နှင့် ကိုယ်နှင့်တူအောင်ပြောင်းရမည့်အရေး (ပြင်ပကမ္ဘာ) အကြား နားလည်မှုရှုပ်ထွေးသွားပြီး ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်မှုမရှိသည့် (သို့) ကိုယ်နှင့် မတူတာမှန်သမျှ (သို့) တူအောင်ပြောင်းလဲရန် ငြင်းဆန်သည့် အရာမှန်သမျှအား ကိုယ့်ရပ်တည်မှုကို ခြောက်လှန့်နေသည့် အန္တရာယ်များအဖြစ် လွန်ကဲသံသယ (paranoia) ဖြင့်မြင်လာပြီး အဓမ္မ ပြောင်းလဲအောင်ကြိုးစားခြင်း၊ နောက်ဆုံး မရပါက အပြီးသတ်ချုပ်ငြိမ်းအောင် ဖျက်ဆီးပစ်လိုခြင်းဖြစ်လာကြောင်း ဆိုသည်။
လူမျိုးရေးအမုန်းတရားသည်လည်း ထိုနည်းလည်းကောင်းပင်။ အခြားအုပ်စုဟု သတ် မှတ်ခံရသည့် လူနည်းစုများသည် လူများစုအသွင်ပြောင်းလဲရန် (သို့) လူများစုအလိုကျ နေရန် ငြင်းဆန်ပါက လူများစုအား ခြောက်လှန့်သူများဟု အထင်ခံ၊ အပယ်ခံ၊ အမုန်းခံရပြီး နောက်ဆုံး လူမျိုးတုံးသတ်ဖြတ်မှုအထိ ဖြစ်စေသည်။ မုန်းတီးရေးသမားများသည် လူတစု၊ တမျိုးတည်းကို ချည်း မုန်းတီးခြင်းမဟုတ်ဘဲ မိမိနှင့်မတူတာမှန်သမျှ သို့မဟုတ် မိမိ၏ စံသတ်မှတ်ချက်များနှင့် မတူသူမှန်သမျှကို မလိုလားခြင်း၊ သည်းမခံနိုင်ခြင်း၊ ကြောက်ခြင်း၊ မုန်းတီးခြင်းဖြစ်သည်။ ထို့ကြောင့်လည်း လူမျိုးရေးမုန်းတီးသူများသည် LGBTQ မုန်းတီးသူများ၊ နိုင်ငံခြားသားမုန်းတီး သူများ၊ ဘာသာခြားမုန်းတီးသူများ ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးမှ စတင်ပေါ် ပေါက်လာသော အမုန်းတရားကိစ္စသည် အဆုံးစွန်ဘက်သို့ရောက်သော ကိစ္စဖြစ်သည်။ အဆုံး စွန်မရောက်သော ငါနှင့်မတူငါ့ရန်သူ စိတ်အနေအထားများသည် မြန်မာ့လူ့အဖွဲ့အစည်းရှိ လူ များစုတွင်သာမက၊ လူနည်းစု ဘာသာဝင်များနှင့် တိုင်းရင်းသားများတွင်လည်းရှိသည်။ ဥပမာ- လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကကျင်းပသည့် တိုင်းရင်းသား လူငယ်ညီလာခံတခုသို့ ထို တိုင်း ရင်းသားဝတ်စုံမဝတ်သည့် သတင်းထောက်များအား ဝင်ခွင့်ပိတ်ပင်ခဲ့သည်။ အားလုံး မိမိတို့နှင့် တူရမည်ဟူသော စိတ်သည် ၎င်းတို့၏မသိစိတ် (unconscious) တွင် ကိန်းအောင်းနေခြင်းကြောင့် ဖြစ်သည်။
ဤနေရာတွင် မသိစိတ်ဆိုသည်ကို သတိပြုရန်လိုအပ်သည်။ မုန်းတီးခြင်းဆိုသည်မှာ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူများကဲ့သို့ လူမြင်သူမြင် ကြုံးဝါးပြောဆိုခြင်း၊ ပြုမူခြင်း ချည်းသာမဟုတ်။ မိမိကိုယ်တိုင်တောင် သတိမပြုမိသည့် မသိစိတ်အတွင်းတွင် ခိုအောင်းနေသည့် မလိုမုန်းထားခြင်းမျိုးလည်း ပါဝင်သည်။ သို့ရှိရာ မတူခြားနားမှုတန်းတူရေးကို အားသွန်ခွန်စိုက်လုပ်နေသူများပင်လျှင် ၎င်းတို့၏မသိစိတ်တွင် သူတပါးအား မလိုလားစိတ် ကိန်းအောင်းနေ တတ်သည်။ ထို့ကြောင့် အမုန်းတရားဟုဆိုလျှင် အစွန်းရောက် အမျိုးသားရေးဝါဒီများ၊ အမုန်း စကားဖြန့်သူများ၏ လူမြင်သူထင်လုပ်ရပ်များသာမက လူအများစု၏ မသိစိတ်တွင်းက မလိုမုန်း ထားမှုကိုပါ သတိပြုရန် အရေးကြီးသည်။

အမုန်းတရားနှင့် လွှဲချခြင်း (paranoia projection)
လူမျိုးမုန်းတီးရေးကိစ္စနှင့်ပတ်သက်ပြီး သံသယလွန်စိတ်ကူးလွှဲချခြင်း (paranoia projection) ဆိုသည့် အယူအဆကို ဆက်လက်တင်ပြပါမည်။ ပရိုဂျက်ရှင်းဆိုသည်မှာ ဥပမာ- ရုပ်ရှင် ရုံများ၏ ပိတ်ကားများတွင်မြင်ရသော ရုပ်ရှင်ပုံရိပ်များသည် ပိတ်ကားပေါ်တွင်ရှိခြင်းမဟုတ်။ အနောက်စက်ခန်းရှိ ပရိုဂျက်တာစက်မှတဆင့် ပိတ်ကားပေါ်သို့ ထိုးပြခြင်းဖြစ်ရာ ပိတ်ကားပေါ်ရှိ အရုပ်များသည် ပရိုဂျက်စက်(မှတဆင့်)၏ ပုံရိပ်များဖြစ်သည်။ တနည်းဆိုရသော် ပိတ်ကား၏ ရုပ်ပုံမဟုတ်၊ ပရိုဂျက်တာမှထိုးပြသည့် ရုပ်ပုံများဖြစ်သည်။ အမုန်းတရားကို ပရိုဂျက်ရှင်းအနေဖြင့် ကြည့်လျှင်-
ပညာရှင်များထောက်ပြသည်မှာ လူမျိုးရေးမုန်းတီးသူများ၏ စွပ်စွဲချက်များသည် သူတို့ မုန်းတီးသူများ၏ ပြဿနာထက် ၎င်းတို့ကိုယ်တိုင်၏ ပြဿနာများဖြစ်သည်။ သူတို့၏ ပြဿနာ များကို သူတို့မုန်းတီးသူများအပေါ် ပရိုဂျက်ရှင်းလုပ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်မလိုလား သည့် အတွေးများ၊ အတွေ့အကြုံများ၊ ဆန္ဒများ၊ အမှတ်ရစရာများကို ဖျောက်ဖျက်ပစ်လို့လည်းမရ၊ ကိုယ်တိုင်လက်ခံနိုင်ခြင်းလည်းမရှိသဖြင့် တခြားလူအပေါ် ရမယ်ရှာခြင်း၊ ကိုယ့်အပြစ်အား သူ့ အပြစ်လုပ်ခြင်း (ဥပမာ- သူခိုးလူယိုးခြင်း)၊ ကိုယ့်စိတ်(ကိုယ့်ခံစားချက်)ကို ဖုံးကွယ်ရန် ကိုယ့်စိတ် ၏ ဆန့်ကျင်ဘက်ကို တမင်လုပ်ပြခြင်းဖြစ်ကြောင်းဆိုသည်။ မုန်းတီးသူတဦးသည် သူ့အကြောင်း သူ နည်းမှန်လမ်းမှန် ထိန်းကျောင်းမှုမပြုနိုင်ဘဲ သူတပါးအားတိုက်ခိုက်ပြီး ထိုတိုက်ခိုက်မှုအား သူတပါးအပြစ်အဖြစ် ယိုးချသည်။ ကိုယ့်ရန်မူတိုက်ခိုက်မှုကို သူတပါး၏ ရန်မူမှုအဖြစ် ယိုးချသည်။ ထို့ကြောင့် ပရိုဂျက်ရှင်းလုပ်ရပ်အား မှား ယွင်းသည့် သံယယဖြင့်လွှဲချမှု (false projection) ဟုလည်း ဆိုသည်။
ပရိုဂျက်ရှင်းနှင့် ဆက်စပ်ပြီး အကြောင်းနှစ်ခုကို စဉ်းစားသင့်သည်။ ပထမ တခုမှာ’အခြားအုပ်စု’အား မိမိတို့ မရနိုင် သော ပျော်ရွှင်မှုရရှိထားသူဟု နားလည်မှား ပြီး မနာလိုမှုကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်။ မစားရသည့်အမဲ သဲနှင့်ပက်ခြင်းဖြစ်သည်။
စလဘ်-ဂျီဂျက် (Slavoj ŽiŽek, 1949-) က “Theft of Enjoyment” (အခိုးခံ ပျော်ရွှင်မှု)ဟု စဉ်းစားသည်။ မုန်းတီးသူများ က မိမိတို့၏ပျော်ရွှင်မှုကို အခြားအုပ်စု ခိုး သွားသည်ဟုစွပ်စွဲသည်။ အမှန်မှာ အခိုးခံရ သည်ဟုမှတ်ယူသည့် ပျော်ရွှင်မှုကို သူတို့ တခါမှမပိုင်ဆိုင်ဖူးပါ။ ထို မပိုင်ဆိုင်ဖူးသော အရာကို အခိုးခံရသည်ဟု စိတ်ကူးပုံဖော်ပြီး အခြားအုပ်စုအား ရမယ်ရှာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အမှန်တကယ် အခိုးခံရခဲ့ခြင်း ကြောင့် သူတပါးအား မုန်းတီးခြင်းမဟုတ်ဘဲ ကိုယ့်မှာ အစကတည်းက ရှိမနေသည်ကို အမှတ် ရစေခြင်းကြောင့်သာဖြစ်သည်။ ဤအချက်ကို မြန်မာနိုင်ငံကိစ္စနှင့် ဆက်စပ်စဉ်းစားမည်ဆိုပါက အမျိုးသားရေးလှုပ်ရှားသူများသည် ၂၀၁၂ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးမှ စတင်ပေါ်ပေါက်လာသော အမုန်းတရားများကြောင့် အနောက်တံခါးကျိုးပြီး နိုင်ငံတကာဝင်စွက်မှု ဖြစ်လာကာ အချုပ်အခြာအာဏာထိပါးသည်ဟု စွပ်စွဲကြသည်။ သို့ရာတွင် ပြည်သူများလက်ဝယ် တွင်ရှိရေးဆိုသော အချုပ်အခြာအာဏာကို ထို အမျိုးသားရေးဝါဒီများရော ပြည်သူများပါ ယခု အချိန်အထိ ရရှိကျင့်သုံးနိုင်ခြင်း မရှိဖူးပါ။
ဒုတိယတခုမှာ လူမှုဓလေ့အရ ဖိနှိပ်ချုပ်ထိန်းထားသည့် ဇီဝဗေဒသဘာဝစရိုက်ကို အမှန်တကယ် အားဖြင့်သော်လည်းကောင်း၊ စိတ်ကူးစိတ်သန်း (fantasy) အရသော်လည်းကောင်း မိမိတို့ ပြန်လိုချင်သော်လည်း မရနိုင်သည်ကို အခြားအုပ်စုများက အမှတ်ရစေခြင်းကြောင့် ဖြစ် သည်။ အကျယ်ရှင်းရလျှင် –
မုန်းတီးခြင်းပြသနာကို Psychoanalysis ရှုထောင့်မှလေ့လာပါက ကာမကိစ္စကို အလေး ထား လေ့လာရမည်ဟု ဖရဇ်-ဖနွန် (Frantz Fanon, 1925-1961) ကဆိုသည်။ လွန်ခဲ့သည့်ရာစုနှစ် အတွင်း လူမည်းများအပေါ် ခွဲခြားဖိနှိပ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး လေ့လာရာ၌ ဂျူးများအား ဖိနှိပ် သည့်အချက်နှင့် ဆင်တူသည်မှာ ဂျူးများကို ဥရောပတခွင် ဓနသိမ်းပိုက်သည့် ကြောက်စရာ ကောင်းသူများဟု ပုံရိပ်ဖော်သကဲ့သို့ လူမည်းများအား ကာမပါဝါကြီးသည့် ကြောက်စရာ ကောင်းသူများ (phobogenic object) အဖြစ် ပုံဖော်သည်။ သို့ရှိရာ လူမည်းများအား စိုးရိမ် ကြောက်လန့်စရာဖြစ်အောင် လှုံ့ဆော်သော ခန္ဓာကိုယ်များအဖြစ် မြင်လာသည်။ လူဖြူများ၏အမြင်တွင် လူမည်းများသည် လိင်အားပြင်းသူများ၊ အချိန်တိုင်းနေရာတိုင်း ကာမပြုသူများ၊ မရေ မတွက်နိုင်အောင် ကလေးမွေးကြသူများ၊ သူတို့လူဦးရေ ထိန်းမနိုင်အောင်ပွားများပြီး လူဖြူများ အား ဝါးမြိုသွားမည့်လူများဖြစ်ကြောင်း မြင်ကြသည်။
ထိုမှန်းဆဖန်တီးခြင်းအား ပရိုဂျက်ရှင်းအနေဖြင့်ကြည့်လျှင် လူမည်းများအား ကာမဆန္ဒ ပြင်းထန်သူဟုမြင်ခြင်းမှာ လူမည်းများအကြောင်းထက် မုန်းတီးသူများ၏ဆန္ဒကို လူမည်းများ အပေါ် ပရိုဂျက်ရှင်းလုပ်ခြင်းဖြစ်သည်။ သတိပြုရန် အချက်နှစ်ချက်ရှိသည်။ ပထမတချက်မှာ မုန်းတီးရေးသမားများသည် လူမည်းတို့၏ခန္ဓာနှင့်ပတ်သက်ပြီး ကြောက်စရာ၊ မုန်းစရာ ပုံရိပ် ဖန်တီးသော်လည်း တချိန်တည်းတွင် တိတ်တခိုး ကာမဆန္ဒ ဆွဲဆောင်မှုရှိနေခြင်းဖြစ်သည်။ ထို ဆွဲဆောင်မှုသည် မကောင်းမှုကျူးလွန်ရန် စူးစမ်းလိုမှုနှင့် ညှင်းပန်းခြင်းဖြင့် ကာမဆန္ဒသာယာ လိုမှု (sadism) တို့ကြောင့် ဖြစ်ကြောင်း ဂျွန်-ပေါလ်-ဆာထရီက ရှင်းရှင်းလင်းလင်းထောက်ပြသည်။
ဒုတိယတချက်မှာ အထက်တွင်ဖော်ပြသည့် Theft of Enjoyment ကဲ့သို့ လူမည်းများ အား ကာမအခြေပြုမုန်းတီးခြင်းမှာ မိမိတို့မရနိုင်သည့် ကာမဆန္ဒကို လူမည်းများ (မိမိတို့ ဖန်တီး ထားသော လူမည်းပုံရိပ်)က အမှတ်ရနေစေခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ မုန်းတီးသူ များက မော်ဒန်ခေတ်မတိုင်မီ (လူမှုဓလေ့စည်းကမ်းများဖြင့် မကန့်သတ်မီ) တိရစ္ဆာန်သဘာဝ အကန့်အသတ်မဲ့ ကာမဓလေ့ (အဓမ္မပြုကျင့်သည့်ဓလေ့ အပါအဝင်)ကို ပြန်သွားချင်သည်များကို လူမည်းများပေါ်သို့ ပရိုဂျက်ရှင်းလုပ်ခြင်းဖြစ်သည်။ လူမည်းများအား ယိုးစွပ်သောကိစ္စများမှာ မုန်းတီးသူများ၏ လိုအင်ဆန္ဒသာဖြစ်သည်။ ကိုယ်ပြောသည့် သူတပါးအကြောင်းသည် အမှန်မှာ ကိုယ့်အကြောင်းချည်းသာဖြစ်သည်။ ကိုယ်နှင့်မတူ မဆက်စပ်သဖြင့် ကြောက်စရာ၊ မုန်းစရာ ကောင်းပါသည်ဟူသော ကိစ္စများသည် ကိုယ့်ကိစ္စ၊ ကိုယ့်ဆန္ဒသာဖြစ်သည်။
ဆဒ်မွန်-ဖရော့၏ အယူအဆတခုဖြစ်သည့် Reaction Formation အရဆိုလျှင် လူတို့ သည် မိမိတို့၏ဆန္ဒကို ဖုံးကွယ်လိုသဖြင့် ထိုခံစားချက်နှင့် ဆန့်ကျင်ဘက်ကို လုပ်ပြတတ်သည်။ ဤကဲ့သို့သော အနေအထားမျိုးကြောင့် ဂျာမန်များသည် ဂျူးကိုမုန်းသော်လည်း ဂျူးကဲ့သို့ လိုက်လံပြုမူခြင်းဖြစ်ကြောင်း ဟော်ခိုင်မာနှင့် အဒေါနိုတို့ကဆိုခြင်းဖြစ်သည်။ မြန်မာပြည်တွင် မူစလင်အိဒ်ပွဲကိုမုန်းတီးသဖြင့် ဝက်သားစားပွဲကျင်းပခြင်းသည် အလားတူ ဥပမာတခုဖြစ်သည်။
အမုန်းတရားလှုပ်ရှားသူများ၏ အာရုံစိုက်ရာသည် ကာမဆိုင်ရာကိစ္စများဖြစ်သည်။ လူမှု ကွန်ရက်စာမျက်နှာတွင် အမုန်းစကားရေးသားချက်များသည် မမြင်သာ၊ မကြားသာသော ကာမ ဆိုင်ရာ ဆဲဆိုရေးသားချက်များဖြစ်သည်။ ရုန့်ရင်းကြမ်းတမ်းသည့် ဆဲဆိုခြင်းမဟုတ်တောင် အိမ် ထောင်သားမွေးကိစ္စ အမြဲထည့်ပြောသည်။ အမျိုးသားရေးလှုပ်ရှားသူတဦးဆိုလျှင် သူ့သမီးနှင့် ‘ဘင်္ဂါလီ’မပေးစားနိုင်ကြောင်းပါ ထည့်ပြောသည်အထိရှိသည်။ သို့ရှိရာ သူပြောနေသည့်စကား များသည် သူနှင့်မဆိုင်သော ဝေးလံခေါင်ဖျားကိစ္စများမဟုတ်ဘဲ သူနှင့်ရင်းနှီးပြီးသား သူ့အတွေး ဖြစ်သည်။ သူ့ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သည်။ ထို့ကြောင့် မိမိလူမျိုးအားကာကွယ်ရန် မိမိတို့၏ အမျိုး သမီးများအား ကာကွယ်ခြင်းဆိုသည့် ခေါင်းစဉ်အောက်တွင် ကာမဆိုင်ရာကိစ္စ အသားပေးမှု သည် စွပ်စွဲခံရသူအကြောင်းထက် သံသယလွန်မုန်းတီးသူများ ပရိုဂျက်လုပ်သည့် သူတို့ မသိစိတ် အတွင်း ဖုံးဖိထားသည့် ကစဉ့်ကလျားစိတ်များဖြစ်နေတတ်ကြောင်း ပညာရှင်များက ဆိုခြင်းဖြစ် သည်။
ကာမရေးရာကိစ္စသည် သတ္တဝါတို့၏ ဇီဝဗေဒသဘာဝ ဖြစ်သည်။ ထိုသဘာဝကို လုံးဝ တင်းကျပ်စွာတားမြစ်ထားသည့် အသိုင်းအဝိုင်းတွင် မိမိဆန္ဒကို ဥဿုံဖုံးဖိထားရသည်။ ဆဒ်မွန်-ဖရော့၏ စကားလုံးဖြင့်ဆိုရလျှင် “repress” လုပ်ထားရသည်။ ဖုံးဖိထားလေ မသိစိတ်တွင်း အား ကောင်းလာလေဖြစ်ပြီး အခြားတနည်းဖြင့် အာရုံပြောင်းအသွင်ပြောင်း (sublimation) ရသည့် အခါ ရတာမလို လိုတာမရသည့်အနေအထားမှ ဖြစ်ပေါ်လာသည့် မသိစိတ်အတွင်းက အမည်မသိ ခံစားချက်၊ မရောင့်ရဲနိုင်မှု သို့မဟုတ် ဦးတည်ရာမဲ့ဒေါသတို့သည် ဖျက်ဆီးလိုခြင်းဘက် ရောက် ခြင်းဖြစ်သည်။ sadism ခေါ် သူတပါးအား နာကျင်စေခြင်းဖြင့် မိမိစိတ်ဆန္ဒပျော်ရွှင်မှု ရှာခြင်း ဖြစ်သည်။ သာမန်မဟုတ်သည့် (သည်းထိတ်ရင်ဖိုဖြစ်စေမည့်) ကိစ္စများဖန်တီးခြင်း (သို့မဟုတ်) ပါဝင်ပြီး နှစ်ခြိုက်ကျေနပ်မှုရရန် ရမယ်ရှာခြင်းဖြစ်သည်။
ကိုယ်မုန်းတီးသူအား ရမယ်ရှာခြင်းဆိုသည်မှာ သူတို့၏ ပုံရိပ်တည်ဆောက်ခြင်းလည်း ဖြစ်သည်။ နာဇီတို့ ဂျူးပုံရိပ်တည်ဆောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး Jean Paul Satre က ဂျူး စရိုက်ကြောင့် ဂျူးမုန်းတီးရေးသမားများ ပေါ်လာသည်မဟုတ်။ ဂျူးမုန်းတီးရေးသမားများက ‘ဂျူးစရိုက်’ဆိုတာကို လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ အကယ်၍ ဂျူးဆိုတာမရှိခဲ့ပါက ရမယ် ရှာစရာဂျူးကို ဖန်တီးမှာဖြစ်ကြောင်းဆိုသည်။
ဘာကြောင့် အခြားအုပ်စု၏ပုံရိပ် ဖန်တီးဖို့လိုသလဲ။ လူဆိုသည်မှာ အသိအမှတ်ပြုခံချင် သော၊ အင်အားရှိချင်သော သတ္တဝါများဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် နိမ့်ကျ ခြင်း၊ အားအင်ချိနဲ့ခြင်း၊ ဆုံးရှုံးနေခြင်း စသည့် စိတ်ခံစားချက်များရှိချိန်တွင် အာဏာကင်းမဲ့မှု ခံစားချက်ကို ဖြေဖျော်ပြီး စိတ်သက်သာရာရရန် အခြားအုပ်စုအား မိမိထက်နိမ့်ကျသည့်ပုံရိပ် ဖန်တီးပြီး၊ သူတို့အပေါ် နှိပ်ကွပ်နိုင်ခြင်းဖြစ်သည်။ ထိုသို့ဖန်တီးလိုက်ခြင်းဖြင့် ကိုယ့်လူ့အဖွဲ့အစည်း ၏ ကံကြမ္မာဆိုးအတွက်၊ ကိုယ့်ကျရှုံးမှုအတွက် ရမယ်ရှာစရာ ထွက်ပေါက်ရရှိပြီး ကိုယ်သည်လည်း သူများထက်သာသောအုပ်စုဟု ခံစားရနိုင်လိမ့်မည်ဖြစ်သည်။
ဤစိတ်ခံစားချက် ပြင်းထန်ပါက ထိုလူ့အဖွဲ့အစည်းသည် စိတ်ကစဉ့်ကလျား (emotional disorder) ဖြစ်သော အဖွဲ့အစည်းဖြစ်သည်။
လူမျိုးရေးမုန်းတီးသူများပုံဖော်သည့် အခြားအုပ်စုပုံရိပ်သည် စိတ်ကူးစိတ်သန်း (fantasy) ဖြင့် မှန်းဆဖန်တီးထားခြင်းသာဖြစ်သည်။ မှန်သည်မမှန်ဆိုသည်မှာ အဓိကမကျ။ သူတို့ လိုချင်သည့်ပုံရိပ် ဖန်တီးပြီး ထိုပုံရိပ်နှင့် သူတို့မုန်းတီးသူများကို တွဲထားနိုင်ရေးသာ သူတို့လိုအပ် သည်။ မြန်မာနိုင်ငံကိစ္စအား ဤအချက်နှင့်စဉ်းစားနိုင်သည်။ ဥပမာ- မူဆလင်များ ဇနီးများစွာ ယူသည်ဆိုသည့်ကိစ္စမှာ မူဆလင်များ၏ အမှန်တကယ်စရိုက်လား၊ သို့တည်းမဟုတ် မုန်းတီးရေး သမားများဖန်တီးသည့် ‘မူဆလင်ပုံရိပ်’လားဆိုသည်ကို အမျိုးဘာသာစောင့်ရှောက်ရေး ဥပဒေ အပြီး ယုန်ထောင်ကြောင်မိဟု လူသိများလာသည့် တရားစွဲဆိုမှုရလဒ်များက သက်သေပြနေ သည်။
ဤကိစ္စသည် စိုးရိမ်စရာကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ပုံဖော်သူများနှင့် နောက်လိုက်များ (မုန်းတီးသူများ) သည် ၎င်းတို့၏ အမှန်တရားကို ရင်မဆိုင်ရဲသူများ (သို့မဟုတ် ဖုံးကွယ်နေသူများ) ဖြစ်ပြီး၊ အမှန်တရားပြလျှင်တောင် အပြောင်းအလဲလုပ်ရန် ဆန္ဒမရှိသူများ၊ ကျိုးကြောင်းဆီလျော်မှုမရှိသည့်ကိစ္စကို မျက်လုံးမှိတ်လက်ခံသူများ၊ သူတပါးအား ကြောက်စိတ် တွယ်စေတတ်သူများဖြစ်သည်။ ကျိုးကြောင်းဆီလျော်မှုရှိမရှိကို မိမိကိုယ်တိုင် စဉ်းစားတွေးတော နိုင်စွမ်းမရှိဘဲ သံယယစိတ်ကူး (fantasy) ဖြင့် ဖန်တီးထားသော အမှားနောက်ကို မျက်စိမှိတ်လိုက် ခြင်းသည် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်သည်။

အမုန်းတရားနှင့် လူထုအခြေပြု အာဏာရှင်စရိုက်
အမုန်းတရားသည် သူ့တခုတည်း သီးသန့်ရှိနေသည်မဟုတ်။ လူ့အဖွဲ့အစည်း၏ စရိုက် လည်းဖြစ်သည်။ အထူးသဖြင့် အထက်တွင် ဆွေးနွေးခဲ့ပြီးဖြစ်သော အချက်များသည် အဲရစ် ဖရော်မ်နှင့် အဒေါနိုတို့ ထောက်ပြသည့် အာဏာရှင်လက္ခဏာ (authoritarian symptoms) နှင့် ဒီမိုကရေစီဆန့်ကျင်ရေး လက္ခဏာများဖြစ်သည်။ ထိုအချက်များမှာ
• အပြောင်းအလဲလုပ်ရန် ဆန္ဒမရှိခြင်း (ဓလေ့များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခြင်း)၊
• စဉ်းစားဆင်ခြင်မှုမရှိဘဲ အာဏာရှင်ထံ အခစားဝင်ခြင်း၊
• အာဏာရှင်ကဲ့သို့ပြုမူခြင်း၊
• ဖျက်ဆီးတတ်ခြင်း၊
• လူမျိုးရေးမုန်းတီး၊ ခွဲခြားအမြင်ရှိခြင်း၊
• မိမိနှင့်မတူသူများ (သို့မဟုတ်) မိမိဓလေ့စံနှုန်းများနှင့် မကိုက်ညီသူများအားလုံးအား မုန်းတီးခြင်း၊
• စိတ်ကူးလွှဲချခြင်း (ပရိုဂျက်ရှင်း)၊
• ကာမကိစ္စအား သာမန်ထက်ပို၍ သောကဖြစ်ခြင်း၊
• ကိုယ်ပိုင်မှုအားနည်းပြီး လူအုပ်စု နောက်သာ အြွကင်းမဲ့လိုက်ခြင်း၊
• လွတ်လပ်ခြင်းအား ကြောက်ရွံ့ခြင်း။
ဤသို့ စရိုက်လက္ခဏာရှိသည့် လူ့ အဖွဲ့အစည်းတွင် လူတဦးဦးက ‘လူထု’ခေါင်း စဉ်ဖြင့် နိုင်ငံရေးအရ လှည့်စားအသုံးချပါက ထိုလူ့အဖွဲ့အစည်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေပေးပါလျှင် လူထုအခြေပြုအာဏာရှင်စနစ် (populist authoritarianism) ဖြစ်သွားနိုင်သည်။ ထိုလူသည်လည်း လူထုအခြေပြု အာဏာရှင်ဖြစ်ပေလိမ့်မည်။ ကမ္ဘာ့နေရာ အချို့တွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပေါ်လာသည့် လူထုအခြေပြု အာဏာရှင် လှုပ်ရှား မှုများမှာ-
• ဖခင် (သို့မဟုတ် အစ်ကိုကြီး) ပုံရိပ်ဖြင့် တိုင်းပြည်၏ ကယ်တင်ရှင်ဟုလည်းကောင်း၊ တချိန်တည်းတွင် သူ့အား မလိုက်နာပါ ပြစ်ဒဏ်ပေးမည့် အားအင်ကြီးပုဂ္ဂိုလ်ဟုလည်း ကောင်း ပုံဖော်ခြင်း၊
• ထိုခေါင်းဆောင်နှင့် နောက်လိုက်သည် အကျိုးစီးပွားအရ တသားတည်းဟု မှတ်ယူ သဖြင့် ဖခင်-အစ်ကို-မိမိသည် တခုတည်းဖြစ်သွားပြီး နောက်လိုက်များက ခေါင်းဆောင် စကား နားထောင်ခြင်းသည် မိမိကိုယ်မိမိနားထောင်ခြင်းဟု မှတ်ယူပြီး ခေါင်းဆောင် လုပ်သမျှ လက်ခံခြင်း၊
• ခေါင်းဆောင်များ၏ ဝါဒဖြန့်ချိရေးတွင် အချက်အလက်မှန်များ၊ မျှတသောမူဝါဒများနှင့် နောက်လိုက်များ၏ နိစ္စဓူဝလိုအပ်သည့် စားဝတ်နေရေးကိစ္စများ ဖြည့်ဆည်းခြင်းအစား စိတ်ကူးစိတ်သန်းဆန္ဒများအား လူပြိန်းကြိုက်ပြောခြင်း၊
• ကျိုးကြောင်းဆီလျော်သောကိစ္စများထက် နောက်လိုက်များ၏ စိတ်ဓာတ်စစ်ဆင်ရေး တွက်ချက်ခြင်း၊
• အစိုးရကို အကျင့်ပျက်ပြီး ပြည်သူကိုမေ့ထားသည့် လူကုံထံအစိုးရဟုစွပ်စွဲပြီး ဒီမိုကရေစီ အဆောက်အအုံများကို တိုက်ခိုက်ကာ စစ်တပ်နှင့် အကြမ်းကိုင်နည်းများကို အသားပေး ထောက်ခံခြင်း၊
• ကျိုးကြောင်းမဆီလျော်သော စိတ်ပိုင်းဆိုင်ရာကြမ်းတမ်းမှုကို ဖြစ်စေသည့် လူစုလူဝေး လှုပ်ကြွရေးတရားဟောခြင်း။

ထိုခေါင်းဆောင်များ၏ စရိုက်အချို့မှာ
• မိမိပြိုင်ဘက်အား ထိန်းချုပ်ခြင်း၊ အရှက်ရစေခြင်း၊ နာကျင်အောင်လုပ်၍ သာယာခြင်း၊
• စိတ်ပိုင်းချို့ယွင်းမှုဖြစ်သော ငါသည်သာအမှန်ဟူသည့် အတ္တပေမ ကြီးမားခြင်း၊
• ဝေဖန်သူမှန်သမျှအား ရုပ်ချည်းတုံ့ပြန်အနိုင်ယူခြင်း၊
• အနိုင်ယူယုံမျှဖြင့် မတင်းတိမ်ဘဲ ဖျက်ဆီးပစ်လိုခြင်း။
ဤသို့သော ခေါင်းဆောင်များ၏ ဘဝအတွင်းကျကျသည် ဗလာနတ္ထိဖြစ်နေတတ်သည်။ သို့တည်းမဟုတ် အပေါ်ယံတွင်အောင်မြင်သော်လည်း မိသားစုတွင်းဘဝတွင် အရှုံးများကိုပွေ့ဖက် ထားရသူများဖြစ်နေတတ်သည်။ အပြင်ပန်းတွင် အခြွေအရံများပြည့်နှက်နေသော်လည်း သူ့ အတွင်းစည်း အသိုင်းအဝိုင်းတွင် အထီးကျန်နေတတ်သည်။
ထို ကွက်လပ်များကို အောင်မြင်မှု၊ သူတပါးအားအနိုင်ယူမှုတို့ဖြင့် အစားထိုးဖြည့်ဆည်း ရန် ကြိုးစားတတ်သည့်အတွက် အသိအမှတ်ပြုခံရမှု၊ သူ့အားနာခံမှုတို့သည် သူ့အတွက် အရေး ကြီးသဖြင့် ရပ်သွားသည်ဆိုသည်မရှိဘဲ ရှေ့ဆက် တိုး၍တိုး၍ လုပ်လေ့ရှိကြောင်း ပညာရှင်များက ထောက်ပြကြသည်။

နိဂုံး
လက်ရှိ မြန်မာနိုင်ငံအနေအထားမှာ တံခါးပွင့်ပြောင်းလဲလာနေသည်ဆိုသည့် လူ့အဖွဲ့ အစည်းတွင် အမုန်းတရားများ၊ စိတ်ကူးပုံဖော်ယုံမှားသံယယကြီးခြင်းများ (paranoia)၊ ပုဂ္ဂိုလ် ရေးကိုးကွယ်မှုများ၊ မိမိပင်ကိုယ်ဖြစ်မှုထက် မတွေးတောဘဲ အုပ်စုနောက်လိုက်ခြင်းများ၊ ဖျက်လို ဖျက်ဆီးလုပ်လိုခြင်းများနှင့် ပြည့်နှက်လျက်ရှိသည်။ ဘာသာ မတူသူများအကြားသာမက တိုင်း ရင်းသားလူမျိုး မတူသူများအကြားပါ မလိုမုန်းထား သံသယများ ကြီးထွားလာနေသည်။ ဒီမို ကရေစီအစိုးရသည်လည်း ပေးထားသည့် ကတိများကို အကောင်အထည်မဖော်နိုင်သည့် အနေ အထားတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လူအများစု၏ စားဝတ်နေရေးကလည်း တိုးတက်သင့် သလောက် မတိုးတက်လာပါ။ လက်နက်ကိုင်ပဋိပက္ခနှင့် ရခိုင်အရေးတို့ကြောင့် အစိုးရအား သံသယဝင်လာသည့်အချိန်ဖြစ်သည်။ သို့ရှိရာ လူအချို့က လူထုအခြေပြု ခေါင်းစဉ်အောက်တွင် အာဏာရှင်စရိုက် အရှိန်ပြင်းထန်သော လူ့အဖွဲ့အစည်းအား နိုင်ငံရေးလှည့်စားပါက လူထုအခြေ ပြု အာဏာရှင်စနစ်သည် နိုင်ငံရေး ယဉ်ကျေးမှုသစ်အနေဖြင့် ခြေကုတ်ရယူရန် အခွင့်အလမ်း ဖြစ်သွားနိုင်သည်။
ထို့ကြောင့် လူမှုတရားမျှတရေး လှုပ်ရှားသူများသည် လူ့အဖွဲ့အစည်း၏ အာဏာရှင် စရိုက်နှင့် အမုန်းတရားပြဿနာများကို အထူးအလေးထားပဲ့ပြင်ရမည်ဖြစ်သည်။ မြန်မာ သုတေ သန အသိုင်းအဝိုင်းအနေဖြင့်လည်း အမုန်းတရားနှင့် အာဏာရှင်စရိုက်ပြသနာများကို တသီး ပုဂ္ဂလ စိတ်အဆင့်တွင်လည်းကောင်း၊ တသီးပုဂ္ဂလစိတ်နှင့် လူ့အဖွဲ့အစည်း ဆက်စပ်မှုကိုလည်း ကောင်း၊ ပဋိပက္ခကိစ္စများကိုလည်းကောင်း စိတ်ပိုင်းဆိုင်ရာ ရှုထောင့်မှ စနစ်တကျ ပိုမိုကျယ်ပြန့် စွာ လေ့လာရမည်ဖြစ်သည်။

ကျမ်းကိုးစာရင်း

Adorno, T. (1950). The Authoritarian Personality.

Clarke, S. (2003). Social Theory, Psychoanalysis and Racism.

From, E. (1994). Escape from Freedom.

Horkheimer, M. and Adorno, T. (1944/2007). Dialectics of Enlightenment.

Morelock, J. (2019). Critical Theory and Authoritarian Populism.

About the author

Dr. Sai Latt

ကနေဒါနိုင်ငံ York Center for Asian Research ဌာနတွင် မြန်မာနိုင်ငံဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်နေသူ ဖြစ်သည်။

2 comments