လုပ်ငန်းရှင်လား၊ သားကောင်လား စီးပွားရေးဖွံ့ဖြိုးမှုနှင့် အခြေခံအလွှာမှ အမျိုးသမီးတို့ဘဝ

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံရေး အသွင်ကူးပြောင်းခြင်းဖြစ်စဉ်နှင့်အတူ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း မူဝါဒများ ပြောင်းလဲလာကြသည်။ ကုန်သွယ်ရေးမူဝါဒများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေခြင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်ရာတွင် အမျိုးသမီးတို့၏ ဝင်ငွေနှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ပေးရန် (women’s economic empowerment) ကိုပါ ထည့်သွင်းစဉ်းစား လာကြသည်။ အမျိုးသမီးတို့၏အခွင့်အရေးအတွက် မူဘောင်အချို့ကိုလည်း ချမှတ်ခဲ့ကြပါသည်။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်နှင့် နှစ် ၂၀ စီမံကိန်းဖြစ်သည့် အမျိုးသား ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းတို့အရ အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖွံ့ဖြိုးမှု၊ စီးပွားရေးတွင် ပါဝင်ဆောင်ရွက်နိုင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်တို့ကို မြှင့်တင်ပေးရန် လိုအပ်ပါသည်။ ကိန်းဂဏန်းများအရလည်း အမျိုးသမီးတို့၏ စီးပွားရေး စွမ်းဆောင်ရည် ကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာ့ဂျီဒီပီ သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ထရီလီယံမှ ၂၈ ထရီလီယံအကြား ပိုမို တိုးတက်လာမည်ဟု ခန့်မှန်းကြသည်။ သို့ရာ တွင် ကုန်ထုတ်လုပ်မှုစွမ်းအား လျော့နည်းပြီး ပဋိပက္ခစစ်ပွဲများဖြစ်ပွားရာ ဆင်းရဲနွမ်းပါး သည့်နိုင်ငံတွင်မူ အမျိုးသမီးတို့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဟူသည် လက်တွေ့တွင် ချန်ရစ် ခံရတတ်ပါသည်။ ချမှတ်ထားသောမူဘောင်များကို လိုက်နာကျင့်သုံးမှု၊ အကောင်အထည်ဖော်မှု တို့တွင် အားနည်းတတ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် အမေ့ လျော့ခံ အမျိုးသမီးများ၏ ဘဝအပြောင်းအလဲကို ဆန်းစစ်ရန်လိုအပ်ပါသည်။
အမျိုးသမီးများ၏ စီးပွားရေးကို မြှင့်တင်ပေးခြင်း (women’s economic empowerment) ဟု ဆိုရာတွင် စီးပွားရေးလုပ်ကိုင်ခွင့်၊ ဆုံးဖြတ်ချက် ချမှတ်နိုင်ခွင့်၊ (ငွေအား၊ မြေယာ စသည့်) အရင်းအမြစ်များကို လက်လှမ်းမီရယူနိုင်ခွင့်နှင့် ၎င်းတို့၏လုပ်အားကို အသိအမှတ် ပြုခြင်း၊ ရပ်ရွာအတွင်း လူမှုကွန်ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု စသည်တို့ပါဝင်ပါသည်။ လူလတ်တန်းစား၊ သို့မဟုတ် အထက်တန်းလွှာမှ အမျိုးသမီးတို့၏ ဘဝတိုးတက်ရေးထက် အဖယ်ကြဉ်ခံရသော၊ တနည်း နိမ့်ပါးသောအလွှာက အမျိုးသမီးတို့၏ ဝင်ငွေနှင့် စီးပွားရေး အခွင့် အလမ်း တိုးမြှင့်ခြင်းကို အဓိကစဉ်းစားပါသည်။ သို့ရာတွင် ထိုသို့သော အမျိုးသမီး စီးပွားရေး စွမ်းဆောင်မှု မြှင့်တင်သည့် လုပ်ဆောင်ချက်များကြောင့် လက်တွေ့တွင် အမျိုးသမီးတို့ဘဝကို ပိုမိုနိမ့်ကျဆိုးရွားပြီး၊ အရင်းရှင်စီးပွားရေးစနစ်ကို အားပေးသကဲ့သို့ဖြစ်နေကြောင်း ၁၉၈၀ ပြည့် နှစ်အလွန် ကုလသမဂ္ဂ၏စစ်တမ်းတချို့တွင် သတိပေးထားပါသည်။ ယင်းသည် အမျိုးသမီးများ အပေါ် စနစ်တကျဖိနှိပ်ထားသည့် အစဉ်အလာများကို မပယ်ဖျက်ဘဲ၊ အမှန်တကယ် ဖြစ်ပေါ်နေ သည့် လိုအပ်ချက်များကိုလည်းပံ့ပိုးမပေးဘဲ ၎င်းတို့ကို လုပ်ငန်းခွင်သို့ အတင်းတွန်းပို့လိုက်သည့် ဖြစ်ရပ်များကြောင့်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကူးအပြောင်းတွင် အခြေခံအလွှာမှ အမျိုးသမီးများဘဝအပေါ် ဖွံ့ဖြိုးရေးစီမံကိန်းများ၏ သက်ရောက်မှုကို ကျေး လက်၊ မြို့ပြနှင့် နိုင်ငံတော်စီမံကိန်းများမှ သာဓကဖြစ်ရပ်များကို လေ့လာပါမည်။

ဖြစ်ရပ်လေ့လာမှု(၁)
ကျေးလက်အဆင့် အမျိုးသမီးများဖွံ့ဖြိုးရေး – အသေးစားငွေချေးစီမံကိန်းများ

အသေးစား ငွေချေးစီမံကိန်းကို ဝင်ငွေနည်းပါး၍ ဆင်းရဲတွင်းနက်နေသော အိမ်ထောင်စု များအတွက် ထွက်ရပ်လမ်းအဖြစ် ရည်ညွှန်းကြပါသည်။ ထို့အပြင် ၎င်းသည် အသေးစား စီးပွား ရေးဖွံ့ဖြိုးမှုနှင့် ရပ်ရွာအတွင်း လူထုစုစည်းချိတ်ဆက် ဆောင်ရွက်နိုင်စွမ်း မြင့်မားရေးအတွက် အထောက်အကူပြုသည့် နည်းလမ်းအဖြစ် ဖွံ့ဖြိုးရေးစီမံကိန်းများက ယုံကြည်ထားကြပါသည်။ မြန်မာနိုင်ငံတွင် ချေးငွေရရှိနိုင်သော အဖွဲ့အစည်းများနှင့် လက်လှမ်းမီသည့် လူဦးရေမှာ ၃၀ ရာခိုင်နှုန်းသာရှိပြီး၊ ၎င်းတို့အနက် အဖွဲ့အစည်းတခုထက်ပို၍ ချိတ်ဆက်နိုင်သူမှာ ၆ ရာခိုင်နှုန်းသာ ရှိပါသည်။ အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် ချေးငွေရရှိရန်ခက်ခဲသဖြင့် အများစုမှာ ပြင်ပမှ ငွေတိုးချေးသူများထံမှသာ အတိုးနှုန်းကြီးကြီးဖြင့် ချေးယူကြရပါသည်။ ထို့ကြောင့် အတိုး နှုန်းသက်သာစွာဖြင့် ချေးငွေကို လွယ်လင့်တကူ ရယူစေနိုင်မည့် အသေးစားငွေချေးစီမံကိန်း ဥပဒေကို ၂၀၁၁ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ အဆိုပါဥပဒေအရ အခြေခံလူတန်းစားများ၏ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်သည့် ချေးငွေ စီမံကိန်းကို တရားဝင်မှတ်ပုံတင်ကာ လုပ်ကိုင်ကြမည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းအဖွဲ့များ၊ ဘဏ်နှင့် ဘဏ်မဟုတ်သည့် အခြားသော ငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများအားလုံးကို အသေးစားငွေချေးအဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုထားသည်။
ထိုစီမံကိန်းသည် နွမ်းပါးအိမ်ထောင်စုများ၊ အထူးသဖြင့် အမျိုးသမီးနှင့် မြေယာမဲ့များ၏ ဘဝတိုးတက်ရေးကို ဦးတည်ထားသော်လည်း ရေရှည်တွင် ထင်သလောက် ခရီးမပေါက်ဟု ဆိုရ ပါမည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း၏ ၂၀၁၄ ခုနှစ်အကုန် စစ်တမ်းအရ အစိုးရ ဘဏ်၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိက အသေးစား ငွေချေး လုပ်ငန်းများမှ ချေးငွေရရှိသူ ၂ ဒသမ ၈ သန်းရှိကြောင်း ဖော်ပြပါသည်။ လူဦးရေ ၉ သန်း ကျော် မှာမူ အခြားသော ပြင်ပငွေချေးလုပ်ငန်းများတွင် အတိုးနှုန်းကြီးစွာနှင့် ချေးယူထားသည့် ပမာဏ ကျပ်ငွေ ၅ ဒသမ ၄ ထရီလီယံ အကြွေးနွံထဲတွင် နစ်နေဆဲဖြစ်သည်။ သို့သော် အသေးစား ချေးငွေရရှိသည့် အိမ်ထောင်စုများမှာလည်း ရံဖန်ရံခါ အတိုးနှုန်းကြီးစွာ ချေးရသော အပေါင်ဆိုင် များ၊ ငွေချေးသူများနှင့် ဆက်လက်ဆက်ဆံနေရကြောင်း သိရသည်။
အသေးစားချေးငွေပံ့ပိုးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အတိုးနှုန်းသက်သာစွာ ငွေချေး ယူနိုင်ရေးနှင့် နေ့စဉ်ဝင်ငွေကို ဖန်တီးပေးနိုင်မည့် တပိုင်တနိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေး အတွက် ဖြစ်သည်။ ထို့အပြင် ပြင်ပက ငွေတိုးချေးသူများ၏ အတိုးနှုန်းနှင့်စာလျှင် အသေးစား ငွေချေးအဖွဲ့အစည်းများ၏ အတိုးနှုန်းက အလွန်သက်သာသည်ဟု ဆိုရပါမည်။ ပြင်ပတွင် ငွေ ကျပ် ၁၀၀ လျှင် ၁၀ တိုး၊ တခါတရံ ၂၀ တိုးနှုန်းဖြင့် အပေါင်ပစ္စည်းတင်နိုင်၊ မတင်နိုင်အပေါ် မူတည်ပြီး ချေးယူကြရသည်။ အသေးစားငွေချေးအဖွဲ့များကမူ ၂ ရာခိုင်နှုန်း – ၃ ရာခိုင်နှုန်းဝန်းကျင် အတိုးနှုန်းသာ ကောက်ယူသဖြင့် နွမ်းပါးအိမ်ထောင်စုအတွက် အခွင့်အရေးတခုဖြစ်ပါသည်။
သို့သော် လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှုအစီရင်ခံစာများ၏ ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်တွေ့ရှိချက်များအရ ငွေကြေးအဖွဲ့အစည်းပေါင်းစုံ အသေးစား ငွေချေးစီမံကိန်း အောက်တွင် ပုံသဏ္ဌာန် မျိုးစုံဖြင့် ပါဝင်လာပြီးနောက် ၎င်းတို့၏ ချေးငွေပေးမှု၊ ငွေ ပြန်လည်ပေး ဆပ်စေခြင်း၊ ငွေကြေးစုဆောင်းသူများ၏ လူမှုဖူလုံရေးစရိတ် ထားရှိခြင်းတို့မှာလည်း ပုံစံမျိုးစုံ ကွဲပြားနေကြောင်း တွေ့ရပါသည်။ ရပ်ရွာအတွင်း ဩဇာတိက္ကမကြီးမားသူ တဦးဦး၊ သို့မဟုတ် အခြားသော အာမခံပေးနိုင်သူတဦးဦး၏ ထောက်ခံချက်ပါမှ၊ သို့မဟုတ် ရပ်ရွာအတွင်းက ငွေစု အဖွဲ့တွင် ပုံမှန် ငွေစုဆောင်းနိုင်သူဖြစ်နေမှ အစရှိသော ကန့်သတ်ချက်များဖြင့် ချေးငွေ အလွယ် တကူ ရရှိနိုင်မှုကို ဟန့်တားထားပြီး၊ ငွေဆပ်ရာတွင်လည်း အရစ်ကျ ပုံမှန် မဆပ်မနေရဆပ်ခိုင်းပြီး၊ အရစ်ကျဆပ်နေသည့်တိုင် အတိုးကို မူလချေးငွေပေါ်တွင် သတ်မှတ်ထားသည့်အတိုင်း ကောက် ယူခြင်း၊ ထို့အပြင် ချေးငွေထဲမှ လူမှုဖူလုံရေးစရိတ်ကို မဖြစ်မနေနုတ်ယူခြင်း၊ သို့သော် အရေးပေါ် အခြေအနေ၌ ထိုစရိတ်ကိုတောင်းခံသည့်အခါ ကြန့်ကြာခြင်း စသော အတားအဆီးများ ရှိပါ သည်။ အထူးသဖြင့် အသေးစားငွေချေးလုပ်ငန်းများ လည်ပတ်နေသည့် ပုံစံအမျိုးမျိုး ကွဲပြား နေခြင်း၊ ပုဂ္ဂလိက အသေးစားငွေချေးလုပ်ငန်းများတွင် ဖွံ့ဖြိုးရေးသဘောတရားကို နားလည်မှု အားနည်းခြင်းနှင့် နိုင်ငံတော်က ပြန်လည်စိစစ်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
အကျိုးဆက်အားဖြင့် နွမ်းပါးသော အမျိုးသမီးများနှင့် မြေယာမဲ့များကို ဦးတည်သည့် ထိုစီမံကိန်းသည် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ အကြောင်းမှာ အိမ်ထောင်စု တော်တော်များများသည် အကြွေးနွံထဲတွင် နစ်နေကြသည်ဖြစ်၍ ရရှိသည့် အနည်းငယ်သော ချေးငွေပမာဏကို ကြွေးဟောင်းဆပ်လိုက်ရခြင်း၊ ထို့ကြောင့် လုပ်ငန်းအသစ် မထူထောင်နိုင်ခြင်း၊ ချေးငွေ ပြန်လည်ပေးဆပ်ရန် ပေးထားသည့် အချိန်ကာလ နည်းပါးခြင်း၊ အချိန်ကျလာသောအခါ ထိုအဖွဲ့ကို ငွေဆပ်နိုင်ရန်အတွက် ပြင်ပ ငွေတိုးချေးသူများထံမှ အတိုး နှုန်းကြီးစွာဖြင့် ပြန်လည်ချေးယူကာ ဆပ်ရခြင်းဖြင့် အကြွေးသံသရာလည်ရပြန်ခြင်း၊ အချို့သော အဖွဲ့အစည်းများမှာအမျိုးသမီးတို့၏ ငွေကြေး စီမံခန့်ခွဲနိုင်မှု အရည်အချင်းနှင့် အသက်မွေး ဝမ်းကျောင်းပညာ မြှင့်တင်ခြင်းဟူသော အစီအစဉ်များမပါဘဲ ချေးငွေကိုသာ ပံ့ပိုးနေ ခြင်း၊ အမျိုးသမီးကိုသာလျှင် အကျိုးခံစားခွင့် ရှိသူဟု သတ်မှတ်ထားသဖြင့် ၎င်းတို့၏ ခင်ပွန်းသည်များသည် ဇနီးသည်ကိုအသုံးချ ၍ ချေးငွေရယူခြင်း စသည်ဖြင့် အမျိုးသမီး တို့သည် အဆိုပါ အသေးစားငွေချေးစီမံကိန်း တချို့တွင် တန်ဆာခံ၊ သို့မဟုတ် ဟန်ပြသက် သက်သာ ဖြစ်နေရပါသည်။
ထိုမျှမက စီမံကိန်းများမှ ငွေချေးသူ အများစုမှာ အတိုးနှုန်း မည်သို့တွက်ချက် သည်ကို ကောင်းစွာ ရှင်းရှင်းလင်းလင်းမသိ ကြောင်း လူမှုရေးနှင့် စီးပွားရေး လေ့လာ စောင့်ကြည့်မှု သုတေသနများ၌ ကွင်းဆင်း အတွေ့အကြုံအရ သိရပါသည်။ ထို့အပြင် ချေးငွေ အလွယ်တကူရရှိသူများက ထိုချေးငွေကိုယူ၍ ရပ်ရွာထဲတွင် ငွေတိုးချေးသူများအဖြစ် ပြန်လည်ရပ်တည်နေကြသည့် ဖြစ်ရပ်အချို့လည်း ရှိပါသည်။ ရပ်ရွာထဲတွင် ပြင်ပအတိုးနှုန်းထက် အနည်းငယ်နည်းပြီး၊ စီမံကိန်းအတိုးနှုန်းထက် အနည်းငယ်များသော ပမာဏဖြင့် ငွေပြန်လည် ချေးကြခြင်းဖြစ်သည်။ ထို့ကြောင့် ငွေကြေးအနည်းငယ်တတ်နိုင်သူ၊ အထူးသဖြင့် လူလတ်တန်း အလွှာမှ အိမ်ထောင်စုတချို့သာလျှင် အဆိုပါချေးငွေဖြင့် လုပ်ငန်းငယ်တခု တိုးချဲ့နိုင်ပြီး အတန် အသင့် ပြေလည်သွားသည့်သဘော သက်ရောက်ပါသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒအရ ယခု အစိုးရလက်ထက်တွင်လည်း ထို အသေးစား ငွေချေးလုပ်ငန်းများသည် ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ လှုပ်ရှားလာသည်ကို တွေ့ရပါသည်။ သို့သော် အမျိုးသမီးနှင့် မြေယာမဲ့ နွမ်းပါးအိမ်ထောင်စုများကို ဦးတည်သည့် အဆိုပါစီမံကိန်းတွင် အမှန်တကယ် အကျိုးခံစားခွင့်ရှိသူတို့အပေါ် သက်ရောက်မှု အားနည်းနေပါသေးသည်။ ချေးငွေ ဆပ်ရမည့် ကာလရောက်လျှင် အခက်အခဲနှင့် အဓိက ရင်ဆိုင်ရသူမှာ အမည်ခံ၍ ငွေယူထားသူ အမျိုးသမီးများ ဖြစ်နေပါသည်။ ထို့ကြောင့် အသေးစားငွေချေးလုပ်ငန်း အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်က ပြန်လည်စိစစ်ကြပ်မတ်ရန် လိုအပ်နေပါသည်။

ဖြစ်ရပ်လေ့လာမှု (၂)
အမျိုးသမီးများ၏ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး –
မြို့ပြ အထည်ချုပ်လုပ်ငန်းများ

မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးထက်ဝက်ခန့်မှာ ကုန်ထုတ်လုပ်မှု ကဏ္ဍအမျိုးမျိုးတွင် လုပ်အားပါဝင်နေကြသူများ ဖြစ်ပါသည်။ အများစုမှာ စိုက်ပျိုးရေးကဏ္ဍတွင် ဖြစ်သည်။ ဝန်ဆောင်မှုပေးသော လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများတွင် ပါဝင်လုပ်ကိုင်နေသော အမျိုးသမီးလုပ်သားအင်အားမှာမူ မြို့ပြတွင် ပိုမိုများပြားပါသည်။ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုး လာသည်နှင့်အမျှ ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရှိခဲ့သည်။ အထည်ချုပ်လုပ်ငန်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် လည်း ၂၀၁၄ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်ကြီးများအသင်း (MGMA) ၏ ခန့်မှန်းချက်အရ လက်ရှိ အထည်ချုပ်လုပ်ငန်းများတွင် လုပ်သားဦးရေ ၃၀၀၀၀၀ ခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ပြီး၊ ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် လုပ်သား ဦးရေ တသန်းအထိ အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် မျှော်မှန်းထားပါ သည်။ တပ်မတော်အုပ်ချုပ်မှုလက်ထက်တွင် စီးပွားရေးပိတ်ဆို့အရေးယူမှုကြောင့် အထည်ချုပ် ကဏ္ဍ ဖွံ့ဖြိုးမှု နှေးကွေးသွားခဲ့ဖူးသည်။ အသွင်ကူးပြောင်းရေးကာလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည့်အခါ အထည်ချုပ်လုပ်ငန်းများလည်း တကျော့ပြန် ရှင်သန်လာပါသည်။ ထိုသို့ ရှင်သန်လာခြင်းကြောင့် အမျိုးသမီးများကို အလုပ်အကိုင် ဖန်တီးပေးနိုင်၊ ဝင်ငွေဖန်တီးပေးနိုင် သည်ဟု ဆိုသော်လည်း လုပ်အားခေါင်းပုံဖြတ်မှုများ၊ လုပ်ငန်းခွင် မလုံခြုံမှုများ ခံစားနေရဆဲဖြစ် သည်။
ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်းနှင့် C&A ဖောင်ဒေးရှင်းတို့၏ အထည်ချုပ်လုပ်ငန်းရှိ လုပ်သားများနှင့်ပတ်သက်သော အခြေခံအချက်အလက် စစ်တမ်း ကောက်ယူလေ့လာမှု (ဒီဇင်ဘာ၊ ၂၀၁၇ ခုနှစ်) အစီရင်ခံစာအရ လုပ်သားများ၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ ရန်ကုန်ပြင်ပ မြန်မာနိုင်ငံအရပ်ရပ်မှ လာသူများဖြစ်ပြီး၊ ၇၅ ရာခိုင်နှုန်းခန့်မှာ ဗမာ တိုင်းရင်းသားများဖြစ်သည်။ မွန်၊ ကရင်၊ ရခိုင်၊ မြိုလူမျိုး အနည်းငယ်သာပါဝင်သည်။ အထည်ချုပ် ကဏ္ဍတွင် အလုပ်အကိုင် ဖန်တီးပေးနိုင်ခြင်းသည် တဖက်တွင် ပြည်တွင်း ရွှေ့ပြောင်းလုပ်သား ကြီးထွားမှုကို အားပေးရာရောက်ပါသည်။ သို့သော် နယ်စပ်ရှိ တိုင်းရင်းသားဒေသများမှ ရွှေ့ ပြောင်းသူများမှာမူ အိမ်နီးချင်းနိုင်ငံများတွင်သာ သွားရောက် အလုပ်လုပ်ကိုင်နေကြဆဲဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းကို ဗမာတိုင်းရင်းသူအများစုကသာ စိတ်ဝင်စားကြ သည်ဟု ကောက်ချက်ချနိုင်ပါသည်။ အခြားသော တိုင်းရင်းသူအမျိုးသမီးများ၏ ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုအပေါ် မသက်ရောက်သကဲ့သို့ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှု နည်းပါးနေဆဲဆိုသည့် အခြေအနေကိုလည်း òန်ပြပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လုပ်ငန်း၏ လုပ်သားကန့်သတ်မှု အခြေအနေ၊ သို့မဟုတ် လစာနှင့်အလုပ်မှာ အခြားနိုင်ငံနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေခြင်း၊ သို့မဟုတ် ၎င်းတို့တွင် အဆက်အသွယ်မရှိခြင်း၊ သို့မဟုတ် ကျွမ်း ကျင်မှုနည်းပါးခြင်း စသော အကြောင်းအရာတို့နှင့်လည်း ဆက်စပ်နိုင်ပါသည်။
အလုပ်လုပ်သူအများစုမှာ အသက် ၂၂-၂၅ ဝန်းကျင် အများဆုံးဖြစ်ပြီး၊ ၁၆ နှစ် မပြည့် သေးသူတချို့လည်း ပါဝင်နေပါသည်။ ပညာအရည်အချင်းအားဖြင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်ကို အမြင့်ဆုံး အောင်မြင်သူများပါသည်။ မူလက အတွေ့အကြုံ မရှိသော် လည်း စက်ရုံတွင် အလုပ်လုပ်နေသည့် လူခံတဦးဦးနှင့် သိကျွမ်းထားလျှင် အလွယ်တကူ အလုပ် လျှောက်နိုင်ခြင်း၊ အလုပ်ရနိုင်ခြင်း စသည့်အချက်တို့ကြောင့် အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင် ရန် ရွေးချယ်ကြခြင်းဖြစ်သည်။ အလုပ်ဝင်ရန် လွယ်ကူသကဲ့သို့ အလုပ်ပြုတ်ရန်လည်း လွယ်ကူ ပါသည်။ ဥပမာ- အချို့သောစက်ရုံများတွင် ခွင့်မဲ့သုံးရက်ပျက်ကွက်လျှင် အလိုအလျောက် အလုပ် ထုတ်ပယ်ပြီးဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အစိုးရက လုပ်သားတဦး၏ အနည်းဆုံး တနေ့လုပ်အားခ ကို ၃၆၀၀ ကျပ် သတ်မှတ်ပေးထားခဲ့သော်လည်း အထည်ချုပ် အလုပ်သမအများစုမှာ အလုပ် စဝင်ဝင်ချင်းတွင် ကျွမ်းကျင်လုပ်သားမဖြစ်သေးဟူသော အကြောင်းပြချက်ဖြင့် တနေ့လျှင် ၂၆၀၀-၂၇၀၀ ကျပ်သာ ရရှိပါသည်။
အခြေခံလစာနှင့် အချိန်ပိုကြေး တနာရီ ၉၀၀ ကျပ်၊ သို့မဟုတ် လစာနှင့် အပိုချုပ်နိုင်သော အထည်အရေအတွက်အလိုက် အဖိုးအခ ထပ်ဆောင်းရရှိခြင်း စသဖြင့် ဝင်ငွေရပုံမှာ စက်ရုံ အလိုက် ကွာခြားမှုရှိပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် လစာဖြတ်တောက်ခံရမှုများ ရှိနေပါသည်။ ထိုအထဲတွင် အထည်ပျက်ခြင်း၊ အလုပ်နောက်ကျခြင်း၊ ခွင့်မဲ့ပျက်ကွက်ခြင်း စသော အကြောင်းများကြောင့် အများဆုံးဖြစ်ပါသည်။ ထမင်းစားနားနေချိန် နာရီဝက်သာ ပေးခြင်း၊ အပေါ့အပါးထသွားသည့် အကြိမ်ရေကို ကန့်သတ်ထားခြင်း၊ အထည်များ မပေကျံစေရန် အမျိုးသမီးများ သနပ်ခါး၊ မိတ်ကပ်လိမ်းခြင်းကို တားမြစ်ထားခြင်း၊ လုပ်ငန်းခွင်တွင် လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှုများရှိခြင်း အစရှိသဖြင့် တင်းကျပ်သော၊ မလုံခြုံသော အနေအထားများတွင် လုပ်ကိုင်နေကြရပါသည်။
လုပ်ခလစာသည်လည်း မြို့ပြ၏ ကြီးမြင့်သော နေထိုင်စားသောက်မှုစရိတ်များကြောင့် မလောက်ငှသည်က များသဖြင့် အလုပ်သမားအများစုမှာ အချိန်ပိုဆင်းကြရပါသည်။ နားရက် နည်းပါးခြင်းနှင့် နေ့စဉ် အလုပ်ချိန်ကြာမြင့်ခြင်းကြောင့် ရေရှည်တွင် ကိုယ်ကျန်းမာရေး၊ စိတ် ကျန်းမာရေးအပေါ် များစွာသက်ရောက်မှုရှိသည်။ သို့သော် အလုပ်သမားတို့၏ အဆိုအရ ကျန်မာရေးနှင့် လူမှုရေးစရိတ်အဖြစ် လစာ ထဲမှ လစဉ် ငွေဖြတ်သော်လည်း အချို့သော စက်ရုံများတွင် လုံလောက်သော ကျန်းမာ ရေး ကုသစောင့်ရှောက်မှု မဖြည့်ဆည်းပေး ဟု သိရပါသည်။ ထို့အတူ ညအချိန်လွန် သည်အထိ လုပ်ရသော်လည်း ကြိုပို့ယာဉ် စီစဉ်ပေးမှုကဲ့သို့သော အလုပ်သမားများ၏ လုံခြုံရေးအတွက် စီမံပေးမှုများ နည်းပါး သည်ဟု ဆိုကြသည်။
လုပ်ငန်းခွင် အခြေအနေတွင်သာ မက လုပ်ငန်းခွင်ပြင်ပ အဖွဲ့အစည်းများ၊ အထူးသဖြင့် အလုပ်သမားသမဂ္ဂများနှင့် ချိတ်ဆက်လှုပ်ရှားမှုကိုလည်း စက်ရုံများက သွယ်ဝိုက်ကန့်သတ်ပါသည်။ အမျိုးသမီး အလုပ်သမား ၅၆ ရာခိုင်နှုန်းမှာ အလုပ်သမား သမဂ္ဂကို ကြားပင်မကြားဖူးဘဲ၊ ကြားဖူးကြ သည် ဆိုသူများကလည်း သမဂ္ဂအကြောင်း ဂဃနဏ မသိသူများပါသည်။ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းသော အမျိုးသမီးများမှာ သမဂ္ဂအဖွဲ့ဝင် များ မဟုတ်ကြပါ။ ၎င်းတို့အနက် ၅၂ ရာခိုင်နှုန်းသည် သမဂ္ဂအဖွဲ့သို့ဝင်ရန်လည်း စိတ်မဝင်စားဟု ဖြေဆိုကြပါသည်။ အကြောင်းမှာ သမဂ္ဂနှင့်ချိတ်ဆက်ခြင်းကြောင့် အလုပ်ပြုတ်မည်ကို ကြောက် ခြင်း၊ အလုပ်ပျက်မည်ကို စိုးရိမ်ခြင်း၊ ပြင်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု အတွေ့အကြုံ နည်း သဖြင့် စိတ်မဝင်စားတော့ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ယင်းအခြေအနေသည် အမျိုးသမီး များ၏ စီးပွားရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် အရေးပါသော ‘ကွန်ရက်များနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်စွမ်း’အပေါ် သက်ရောက်မှုရှိစေပါသည်။
ခြုံငုံသုံးသပ်ရပါလျှင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအတွက် ဒေသအတွင်းရှိ အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင် ဈေးသက်သာသော လုပ်အားခ ဖန်တီးပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ခဲ့ပါ သည်။ ၂၀၁၅ ခုနှစ် ဒေသအတွင်း အထည်ချုပ်လုပ်ငန်းများရှိ အခြေခံအကျဆုံးသော လုပ်သား၏ လုပ်ခလစာစစ်တမ်းတွင် မြန်မာနိုင်ငံရှိ လုပ်သားတဦး၏လစာမှာ တလလျှင် အမရိကန်ဒေါ်လာ ၆၅ ဒေါ်လာမျှသာရှိပြီး၊ ကမ္ဘောဒီးယား အလုပ်သမားသည် အမရိကန်ဒေါ်လာ ၁၂၅ ဒေါ်လာနှင့် ဗီယက်နမ် အလုပ်သမားသည် အမရိကန်ဒေါ်လာ ၁၄၅ ဒေါ်လာ အနည်းဆုံး ရရှိနိုင်သည်ဖြစ်၍ နှစ်ဆနီးပါးမျှ ကွာနေသည်ကို တွေ့ရသည်။ နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုလာနိုင်သော်လည်း ကျွမ်း ကျင်မှုနှင့် ပညာအရည်အချင်း နည်းပါးသော အမျိုးသမီးများအပေါ် အမြတ်ထုတ်သကဲ့သို့ ဖြစ်နေ ပါသည်။ ထို့အတူ မည်သို့သော လူမှုရေး၊ ကျန်းမာရေး တာဝန်ခံမှုမျိုးမှမရှိခြင်း၊ လုံခြုံဘေး ကင်းသော လုပ်ငန်းခွင် ဖန်တီးမပေးခြင်းတို့ကြောင့် အထည်ချုပ်လုပ်ငန်းတိုးတက်ခြင်းနှင့် အခြေခံအလွှာက အမျိုးသမီးတို့ဘ၀ တိုးတက်ရေးသည် ဆက်စပ်မှု အလွန်နည်းပါးပါသည်။ စား ဝတ်နေရေး ဖူလုံရုံမျှသာ အကျိုးပြုပါသည်။

ဖြစ်ရပ်လေ့လာမှု (၃)
နိုင်ငံတော် စီမံကိန်းများ၏ အမျိုးသမီးတို့အပေါ် သက်ရောက်မှု

စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရာတွင် အထူးစီးပွားရေးဇုန်များ တည်ထောင်ပေးခြင်းလည်း ပါဝင်ပါသည်။ နိုင်ငံ၏ ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးနှင့် နိုင်ငံခြား ကုန်သွယ်မှု တိုးတက်ရေးအတွက် ဦးတည်သော အဆိုပါစီမံကိန်းများတွင် ‘နိုင်ငံတော်’ဟူသော ဝေါဟာရအားဖြင့် လုံးပေါင်းသဘော သက်ရောက်သည့် အများနှင့်သက်ဆိုင်သော အစုအဖွဲ့၏ အကျိုးကျေးဇူးကိုသာ ရည်ညွှန်းလေ့ရှိပါသည်။ နွမ်းပါးသည့် အမျိုးသမီးများ စသော သီးခြား အုပ်စု၏ အကျိုးအမြတ်ကို အထူးသီးသန့်ထား၍ စဉ်းစားခြင်းမရှိပါ။ ထိုနည်းတူ ‘နိုင်ငံတော်’ဟူသော စကားလုံးကိုပင် ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ လက်တွေ့အကျိုးစီးပွား ဖော် ဆောင်ရာ၌ မည်သူတို့ အမှန်တကယ် ခံစားခွင့်ရှိသွားသည်။ ထိုခံစားခွင့်ရှိသူတို့က ‘နိုင်ငံတော်’ဆိုသည့် တမျိုးသားလုံးကို ခြုံငုံကိုယ်စားပြုမပြု ဆန်းစစ်သင့်ပါသည်။
သုတေသနလေ့လာတွေ့ရှိချက်များအရ အထူးစီးပွားရေးဇုန်များ ဖော်ဆောင်ရာတွင် အစိုးရ၏ ပွင့်လင်းမြင်သာမှုအားနည်းခြင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဂဃနဏ ပြန်လည် စိစစ်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ဒေသခံတို့၏ ရေရှည် လူမှုရေးနှင့်စီးပွားရေးကို ထိခိုက်စေ သော သာဓက အများအပြားရှိပါသည်။ ၂၀၁၄ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် မြန်မာ အထူး စီးပွားရေးဇုန် ဥပဒေသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များနှင့် သွေဖီ လျက်ရှိပြီး၊ နိုင်ငံတော်သည် လူ့အခွင့်အရေးကို အကာအကွယ်ပေးရန် ပျက်ကွက်နေကြောင်း ဝေဖန်ချက်များ ရှိနေပါသည်။ အထူးသဖြင့် ထိုဥပဒေအပါအဝင် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်သော နည်းဥပဒေတို့တွင် သဘာဝပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားချက်တချို့ ရှိသော် လည်း အမျိုးသမီးနှင့် ကလေးငယ်များအတွက် သီးခြား ထည့်သွင်းစဉ်းစားမှုမျိုး မပါရှိပါ။ ဥပဒေ၊ နည်းဥပဒေတို့တွင် မပြည့်စုံမှုများကြောင့် လက်ရှိ အကောင်အထည်ဖော်နေသော စီမံကိန်းများ တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
သာမန်အားဖြင့်ကြည့်လျှင် အမျိုးသမီးအများစုသည် လုပ်ငန်းဦးဆောင်သူများ မဟုတ် ကြ၍ စီးပွားဇုန်များတည်ထောင်ခြင်းကြောင့် ၎င်းတို့အပေါ် သက်ရောက်မှုမရှိဟု ထင်စရာရှိပါ သည်။ သို့သော် သွယ်ဝိုက်ထိခိုက်မှု များစွာရှိနေပြီး၊ အဆိုပါထိခိုက်မှုသည် ရေရှည် ဆိုးကျိုးကို ဖြစ်ပေါ်စေကြောင်း လေ့လာတွေ့ရှိရပါသည်။ အထူးသဖြင့် မြေယာ၊ အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်၊ လူမှုရေးကိစ္စရပ်များတွင် အမျိုးသမီးတို့ နစ်နာမှုများကို တွေ့ရှိနိုင်သည်။ စီမံကိန်း အကောင်အထည်ဖော်သည့်အချိန်မှစ၍ စီမံကိန်းအကြောင်း ရပ်ရွာသို့ အသိပေးဆွေးနွေးခြင်းမှ သည် နစ်နာမှုများအတွက် လျော်ကြေးပေးခြင်းအဆင့်အထိ အမျိုးသမီးတို့ကို ထည့်သွင်းစဉ်းစား ခဲ့ခြင်း မရှိပါ။ ထိုအချင်းအရာသည် နိုင်ငံတော်က မူဘောင်ချမှတ်ဆောင်ရွက်နေသော အမျိုး သမီးတို့၏ဘဝနှင့် စီးပွားရေးအခွင့်အလမ်း တိုးတက်စေအောင် ဖော်ဆောင်ခြင်းနှင့် ဆန့်ကျင် လျက်ရှိသည်။ မူဘောင်သည် တကယ့်လက်တွေ့တွင် အသက်ဝင်ခြင်းမရှိသည်ကိုလည်း ညွှန်ပြ ရာရောက်ပါသည်။
လက်ရှိတွင် သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်တို့တွင် တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံ လုပ်ငန်းရှင်များနှင့် သဘောတူညီ၍ ရှေ့ပြေး စတင် အကောင်အထည်ဖော်နေသော စီးပွားရေး ဇုန်များကြောင့် ဒေသခံတို့၏ လူမှုဘဝအပေါ် ဆိုးကျိုးသက်ရောက်နေကြောင်း နိုင်ငံတကာ အစီရင်ခံစာများက ဖော်ပြကြသည်။
ဥပမာ- မဲခေါင်ဒေသ စီးပွားရေးစင်္ကြံအဖြစ် ရှုမြင်ထားသည့်အပြင် အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော အထူးစီးပွားရေးဇုန်များထဲက တခုဖြစ်လာမည့် ထားဝယ်အထူးစီးပွားရေးဇုန် ကြောင့် ရွာပေါင်း ၂၀ မှ ၃၆ ရွာ၊ လူဦးရေပေါင်း ၄၅၀၀၀ ခန့်အပေါ် သက်ရောက်မှုများရှိခဲ့သည်။ ယင်းတို့အထဲတွင် အမျိုးသမီးဦးရေ ထက်ဝက်မျှခန့်ပါဝင်သည်။ ၂၀၀၈ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ ထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်ရန် စတင် ခြေလှမ်းလှမ်းခဲ့သည့် အချိန်မှစ၍ ဒေသခံတို့၏မြေယာများကို စတင်သိမ်းဆည်းခဲ့သည်။ ဒေသခံများ၏ အသက်မွေး ဝမ်းကျောင်းပြုသည့် မြေနေရာ၊ ရေဧရိယာများကိုလည်း မသွားရ၊ မလာရ တားမြစ်မှုများရှိခဲ့သည်။ ယင်းအပြုအမူများသည် ဒေသခံတို့ ဝင်ငွေရမည့် အသက်သွေးကြောများကို အမြစ်ကနေ ဖြတ် တောက်ပစ်လိုက်သည့်သဘော သက်ရောက်ပါသည်။
အထူးသဖြင့် အမျိုးသမီးများသည် စီမံကိန်းအကြောင်း ကြိုတင်မသိရှိခဲ့ကြပါ။ ထိုနည်း တူ စီမံကိန်းနှင့်ပတ်သက်သော ဆွေးနွေးပွဲများတွင်လည်း ဖိတ်ကြားခြင်းမခံခဲ့ရပါ။ မြေယာနှင့် ပတ်သက်လျှင် အမျိုးသမီးတို့အမည်နှင့် ပိုင်ဆိုင်ကြသည်မျိုး နည်းပါးသဖြင့် ခင်ပွန်းသည် ကွယ် လွန်သွားသော အိမ်ထောင်စုများတွင် လျော်ကြေးရရန်ခက်ခဲခြင်းနှင့် ရင်ဆိုင်ရပါသည်။ ထို့ အပြင် အမျိုးသမီးအများစုမှာ နိုင်ငံသားမှတ်ပုံတင်မရှိခြင်းကြောင့် လျော်ကြေးထုတ်ယူ၍ မရ သည်များလည်း ရှိခဲ့သည်။ အမျိုးသမီးဦးဆောင်ရသော အိမ်ထောင်စုများကို အနွမ်းပါးဆုံး အုပ်စုအဖြစ် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် သတ်မှတ်ထားသော်လည်း အထူးစီးပွားရေးဇုန် စီမံကိန်း များတွင် လျော်ကြေးပေးရာ၌ အဆိုပါအုပ်စုအတွက် သီးခြားခံစားခွင့်များ ထည့်သွင်းစဉ်းစား ပေးခြင်းမျိုး မရှိပေ။
ထို့အတူ မိသားစုတွင် အပိုဝင်ငွေရှာဖွေပေးနေသော အမျိုးသမီးတို့၏ ဝင်ငွေလမ်း ကြောင်းကို ပိတ်ဆို့လိုက်ကြောင်းလည်း တွေ့ရသည်။ အများအားဖြင့် လယ်လုပ်ငန်းတွင် ခင်ပွန်း သည်နှင့် ဒိုးတူဘောင်ဘက်လုပ်၍ ဝင်ငွေရရန် တဖက်တလမ်းမှ ကူညီနေသူများသည် ထို လယ်မြေ ဆုံးရှုံးသွားသောအခါ လယ်ယာတွင် ၎င်းတို့၏ လုပ်အားထည့်ဝင်နိုင်မှု အခွင့်အလမ်း လည်း ဆုံးရှုံးသွားပါသည်။ ကမ်းရိုးတန်းဒေသတွင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ မိသားစုများ၊ ဒီရေတောထွက်ပစ္စည်းများ ရောင်းချခြင်းဖြင့် တပိုင်တနိုင်ဝင်ငွေရှာသော အမျိုး သမီးများသည်လည်း အထူးစီးပွားရေးဇုန်၏ နယ်နိမိတ်ကန့်သတ်ချက်များကြောင့် လုပ်ကိုင်နိုင် ခွင့်များ ဆုံးရှုံးရပါသည်။
အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်လျှင် အထူးစီးပွားရေးဇုန်များကြောင့် ပျမ်းမျှ အားဖြင့် အမျိုးသမီး ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သည်ဟု ခန့်မှန်းကြသော်လည်း အများစုမှာ အောက်ခြေအလုပ်များ၊ လုပ်ခလစာနည်းပါးသော အလုပ် များ၊ ကျန်းမာရေးနှင့် လုံခြုံမှုအာမခံချက်မရှိသောနေရာများတွင် လုပ်ကိုင်ကြရခြင်းက ပိုများပါသည်။ စီမံကိန်း အကောင်အထည်ဖော်ဆဲကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ကြောင့် အမျိုးသမီးများ အလုပ်အကိုင်ရရှိသည်ဟုဆိုသော်လည်း မြန်မာနိုင်ငံတွင် တူညီသော အလုပ်တွင်ပင်လျှင် အမျိုးသမီးနှင့်အမျိုးသား လုပ်ခလစာရရှိမှုမှာ အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့် ကွာဟတတ်၍ ထိုသို့သောနစ်နာမှုများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။
စီမံကိန်းများသည် အမျိုးသားများအတွက် အခြားသော အသက်မွေးဝမ်းကျောင်း နည်းပညာသင်ကြားပေးခြင်း၊ အလုပ်အကိုင်ဖန်တီးပေးခြင်းအားဖြင့် ဒေသခံတို့၏ နစ်နာမှုများကို အစားထိုးဖြည့်ဆည်းပေးလေ့ရှိသည်။ အမျိုးသမီးတို့အတွက်မူ ထို့သို့သော နည်းပညာ သင်ကြား ပေးမှုများ မရှိသလောက် နည်းပါးပါသည်။ သို့သော် စီမံကိန်း အကောင်အထည်ဖော်ပြီ ဆိုသည် နှင့် တပြိုင်နက် အဆိုပါဒေသနှင့် စီမံကိန်းအနီးဝန်းကျင်ဧရိယာတို့တွင် အခြေခံ စား၊ ဝတ်၊ နေ ရေးစရိတ်များ ဈေးနှုန်း မြင့်တက်ကုန်ကြပါသည်။ ထို့အတွက် မိသားစု၏ နေ့စဉ်အသုံးစရိတ် အတွက် ဝင်ငွေ တဖက်တလမ်းကို ဖြည့်ဆည်းပေးနေရသည့် အမျိုးသမီးတို့အတွက် ‘အခြား ဒေသများသို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ရခြင်း’မှာ ရွေးချယ်စရာနည်းလမ်းတခု ဖြစ်ခဲ့သည်။ အထူးသဖြင့် စီမံကိန်းဧရိယာအတွင်းမှ ငယ်ရွယ်သောမိန်းကလေးများ တနယ်တကျေးတွင် သွား ရောက် အလုပ်လုပ်ကိုင်ရမှုနှုန်း မြင့်မားလာခဲ့သည်။ ထိုအနေအထားသည် လူကုန်ကူးမှု အလား အလာ မြင့်မားစေကြောင်း သုတေသနရလဒ်များက အစီရင်ခံတင်ပြထားပါသည်။
နောက်ဆုံးတခုမှာ ပြင်ပမှဝင်ရောက်လာသည့် ရွှေ့ပြောင်းသူများကြောင့် သက်ရောက် မှုဖြစ်သည်။ ထိုသို့ ပြင်ပမှ ရွှေ့ပြောင်းသူများသည် ဒေသခံ အမျိုးသမီးတို့အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေကြောင်း ကျောက်ဖြူစီမံကိန်းနှင့် ထားဝယ်ဒေသ အထူးစီးပွားဇုန်စီမံကိန်း လူမှုဘဝသက်ရောက်မှုစစ်တမ်းများက တညီတညွတ်တည်း ညွှန်ပြကြပါသည်။ ယင်းသည် အိမ် ပြင်ပ၌ အမျိုးသမီးများ လုံခြုံစွာသွားလာနိုင်ရေး၊ ဝင်ငွေရှာဖွေရေးကိုပင် ထိခိုက်စေပါသည်။

မူဝါဒ အကြံပြုချက်
အချုပ်အားဖြင့် အခြေခံအလွှာက အမျိုးသမီးတို့ဘ၀ တိုးတက်လာစေရန် ချမှတ်ထား သော မူဝါဒများသည် အောက်ခြေတွင် သက်ရောက်မှု မရှိသေးသည်ကို တွေ့ရပါသည်။ အမျိုး သမီးတို့အပေါ် ဖိနှိပ်သော ရှိရင်းစွဲ ဓလေ့ထုံးတမ်းစဉ်လာများကြောင့်အပြင်၊ ယခု ဆိုးရွားသော အနေအထားတို့မှာ နိုင်ငံတော်၏ မပြည့်စုံသော မူဝါဒများအပေါ်တွင် အများအားဖြင့် အခြေခံ နေပါသည်။ ထိုအခြေအနေများကို ကုစားရန်အတွက် မူဝါဒအကြံပြုချက် အနှစ်ချုပ် တင်ပြလိုပါ သည်။
ပထမအချက်မှာ အမျိုးသမီးတို့ဘ၀ ပိုမိုဆိုးရွားသွားစေသော နိုင်ငံတော်က ကမကထ ပြုပြီး ဆောင်ရွက်သည့်အသွင် သက်ရောက်နေသည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ် ရန်နှင့် နိမ့်ကျနွမ်းပါးသော အုပ်စုများ၏ အကျိုးစီးပွားကို စီမံကိန်းများတွင် လက်တွေ့ထည့်သွင်း ဆောင်ရွက်ပေးရန်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် အသေးစားငွေချေးလုပ်ငန်းများကိုလည်း ပြန်လည်စိစစ်ရန်လိုအပ်သကဲ့သို့ အထူးစီးပွားရေးဇုန် တည်ထောင်ခြင်းကဲ့သို့သော ဒေသ ၏ အခြေအနေကို လုံးဝပြောင်းလဲသွားနိုင်သည့် အကြီးစားစီမံကိန်းများတွင် အမျိုးသမီးများ၏အသံကို စီမံကိန်းစတင်သည့်အဆင့်မှာကတည်းက ဖိတ်ခေါ်ကြားနာသင့်ပါသည်။ ထို့အတွက်
(၁) ဒေသခံများအပါအဝင် နွမ်းပါးအုပ်စုများ၏ လက်ရှိ အသက်မွေးဝမ်း ကျောင်းနှင့် ဒေသ၏ အရင်းအမြစ်များအပေါ် တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက် မှီခိုနေရသည့် အခြေအနေကို ဖြန့်ကျက် ဆက်စပ် လေ့လာမှုများ၊
(၂) စီမံကိန်းများ၏ တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက် သက်ရောက်မှုများကို ဆန်း စစ်မှုများ၊
(၃) စီမံကိန်း အကောင်အထည်ဖော်သည့် အဆင့်တိုင်းတွင် အစိုးရက စောင့် ကြည့်လေ့လာ စစ်ဆေးနိုင်မည့် အစီအမံများ ထားရှိသင့်ပါသည်။ ဥပမာ- မူဝါဒချမှတ်ထားသူများအနေဖြင့် မြေပြင်အနေအထားကို ကွင်းဆင်းလေ့ လာ၍ အခြေအနေများကို သုံးသပ်ရန်၊ ကျေးရွာများတွင် ပြန့်နှံ့နေသော ငွေစုငွေချေး အဖွဲ့အစည်းအမျိုးမျိုး၏ လုပ်ထုံးများကို ပြန်လည် ကြပ်မတ်ရန်၊ စက်ရုံအလုပ်ရုံများတွင် အမျိုး သမီးတို့၏ ကျန်းမာရေး၊ လူမှု ဖူလုံရေး၊ လိင်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် လုပ်ခလစာ ညီမျှမှု ရှိမရှိ ပြန်လည်စိစစ်ရန်၊ အမှီ အခိုကင်းသော သုတေသန များ၏ ရလဒ်ကို လက်ခံရန်တို့ ဖြစ်ပါသည်။
ဒုတိယအချက်မှာ အမျိုးသမီးတို့ အတွက် လိုအပ်သော နည်းပညာနှင့် အရင်း အနှီးများ ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ ဥပမာ- အသေးစားငွေချေးလုပ်ငန်းများတွင် နွမ်းပါး အုပ်စုများအတွက် ချေးငွေပမာဏ တိုးပေး ခြင်း၊ အလွယ်တကူချေးငွေရစေရန် စီမံပေး ခြင်း၊ ငွေချေးယူနိုင်သည့်သက်တမ်း တိုးပေး ခြင်း၊ အထည်ချုပ်စက်ရုံ၊ သို့မဟုတ် အထူး စီးပွားရေးဇုန်များတွင် အမျိုးသမီးများကို အောက်ခြေအလုပ်သာမက ၎င်းတို့၏ဘ၀ တဆင့်မြင့်စေနိုင်သော အခြားသော နည်းပညာများ ကိုပါ သင်ကြားတတ်မြောက်စေခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြှင့်တင်ရန်ကို ဆိုလိုပါသည်။
တတိယအချက်မှာ အမျိုးသမီးများ ပြင်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု ကို အားပေးရန်ဖြစ်သည်။ ကျေးလက်အဖွဲ့အစည်းများတွင် ဖြစ်စေ၊ မြို့ပြနှင့် စီမံကိန်းဧရိယာရှိ အလုပ်သမားအဖွဲ့အစည်းများတွင်ဖြစ်စေ အမျိုးသမီးများ ပါဝင်နိုင်မှုကို အားပေးသင့်ပါသည်။ ထို အဖွဲ့အစည်းများ ရှင်သန်ရေးအတွက် နိုင်ငံတော်ကပင် ကမကထ ဦးဆောင်ဦးရွက် ပြုသင့်ပါ သည်။ အရပ်ဘက်အဖွဲ့အစည်းများသည် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို စောင့်ကြည့်ထောက်ပြသည့်နည်းတူ လိုအပ်သော နယ်ပယ်များအတွက်လည်း တာဝန်မျှယူ ပခုံး ထမ်းနေကြသည်ကို နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုသင့်ပါသည်။
အရပ်သားအစိုးရ ဦးဆောင်သည့် နိုင်ငံရေးနှင့် စီးပွားရေး ပြောင်းလဲမှု ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တွင် လူတန်းစားအားလုံး၊ အထူးသဖြင့် ဖယ်ကြဉ်ခံထားရသော အုပ်စုများ၊ နိမ့်ပါးသော အုပ်စုများ ပါဝင်လာစေရန် အလေးပေးဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော အမျိုးသမီးများထဲတွင်မှ ကျန်လူမျိုးစုငယ် တိုင်းရင်းသား အမျိုးသမီးများမှာ ပိုမိုဖယ်ကြဉ်ခံရ၊ အခွင့်အလမ်း ပိုမိုနည်းပါးနေရပါသည်။ သို့မဟုတ်လျှင် နိုင်ငံတော်က ချမှတ်ထားသော အမျိုး သမီးများ၏ စီးပွားရေးနှင့် ဝင်ငွေတိုးတက်စေရေး အစီအမံများကို အကာအကွယ်ယူပြီး စီးပွား ရေးဖွံ့ဖြိုးမှု ကန့်လန့်ကာနောက်ကွယ် မြေပြင်အနေအထားတွင် အမျိုးသမီးများမှာ အသုံးချခံ၊ အမြတ်ထုတ်ခံ ဘဝသို့ ကျရောက်ရမည်ဖြစ်ပါသည်။

ကျမ်းကိုးစာရင်း
Business Innovation Facility. (2016). BIF Myanmar Garments: Market Analysis and Strategy.

Department of Social Welfare, UN Women, et.al. (2016). Gender Equality and Women’s Rights in Myanmar: A Situation Analysis.

EMReF. (2017). The Young Women from Rural Villages Powering An Urban Industry: A Baseline Survey of Yangon’s Garment Sector Workforce.

Financial Inclusion Roadmap (2014-2020). (2014). Livelihoods and Food Security Trust Fund.

Hunt, A., & Sarwar, M. B. (2017, March). Women’s Economic Empowerment at the International Level. European Parliament Think Tank.

International Commission of Jurists (ICJ). (2017). Special Economic Zones in Myanmar and the State Duty to Protect Human Rights.

Land Grabbing in Dawei. (2012). Paung Ku, Transnational Institute.

Nash, R. (2017). Responsible Investment in Myanmar: Lessons from Experiences of SEZ Developments. Yangon, Oxfam.

Tavoyan District Women’s Union. (2014). Our Lives Not For Sale.

Willems, H., & Luchtenburg, P. (2014). Microfinance for Poverty Alleviation in Myanmar. Yangon: UNDP.

World Bank, LIFT, EMR. (2017). Livelihoods and Social Change in Rural Myanmar.

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment