လိုအပ်နေသည့် ပတ်ဝန်းကျင်တရားမျှတမှု

‘နန့်မိန်းတိုင်း ဖိုင်းမိန်းယန်း လျမ်းမိန်းမန်’

ဤဆောင်းပါးကို အထက်ပါ ရှမ်းစကားစုဖြင့် စချင်ပါသည်။ အဓိပ္ပာယ်မှာ ‘ရှမ်းပြည်က ရေ၊ ကယားပြည်က မီး၊ ဗမာပြည်မှာ လင်းတယ်’ဟု ဆိုလိုခြင်းဖြစ်သည်။ ဤစကားစုကပင် တိုင်းရင်းသားဒေသများမှ သဘာဝအရင်းအမြစ်များကို သုံးစွဲနေသော်လည်း အမှန်တကယ် အကျိုးခံစားနေရသူများမှာ ဗမာလူမျိုးအများစုပင် ဖြစ်နေသည်ဟု တိုင်းရင်းသားတို့၏အမြင်ကို ထင်ဟပ်နေခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်လျက်ရှိသော ပတ်ဝန်းကျင်ရေးရာ တရားမျှတမှုကင်းမဲ့သည့် အခြေအနေနှင့် လူမှုရေးအခြေအနေ ကွာခြား မတည်ငြိမ်မှုများကို မီးမောင်းထိုးပြနေခြင်းဟု နားလည်နိုင်သည်။ စာရေးသူအနေဖြင့် မြန်မာ ပြည်တွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲများ အောင်မြင် လိုလျှင် တိုင်းရင်းသားအများစုက အစဉ်တစိုက် တောင်းဆိုနေသော တရားမျှတမှု၊ တန်းတူ ညီမျှမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်တို့နှင့် တိုက်ရိုက်ဆက်စပ်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုတို့ကိုပါ ထည့်သွင်းစဉ်းစား ဝိုင်းဝန်းအဖြေရှာရန်လိုမည်ဟု ဆိုချင်ပါသည်။
သို့ဖြစ်၍ ဤဆောင်းပါးတွင် ပတ်ဝန်းကျင်တရားမျှတမှုဆိုသည်မှာ ဘယ်ကစလဲ၊ ဘာကို ဆိုလိုသလဲဆိုတာနှင့် စာဖတ်သူများကို ရှေးဦးစွာ မိတ်ဆက်ပေးလိုပါသည်။ ပတ်ဝန်းကျင် တရားမျှတမှုဟူသောဝေါဟာရသည် ပတ်ဝန်းကျင်ရေးရာလှုပ်ရှားမှုများ ရေချိန်မြင့်လာသည့် ၁၉၈၀ ပြည့်နှစ်များတွင် ခေတ်စားလာခြင်းဖြစ်သည်။ ဒီအရင်မတိုင်မီ ၁၉၆၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်နိုင်ငံ Memphis တွင် လူမည်းလူ့အခွင့်အရေးခေါင်းဆောင် ဒေါက်တာမာတင်လူသာကင်း ဂျူနီယာတို့ ဦးဆောင်သည့် လူမည်းသန့်ရှင်းရေးလုပ်သားများ လစာ တန်းတူညီမျှရရှိရေးနှင့် လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ဆန္ဒပြတောင်းဆိုမှုများကို ပတ်ဝန်း ကျင်ရေးရာ တရားမျှတမှု လှုပ်ရှားမှုများအစဟု ဆိုနိုင်သော်လည်း ဒေါက်တာ မာတင်လူသာကင်း လုပ်ကြံခံရပြီး အလုပ်သမားသပိတ်မှာလည်း မှေးမှိန်သွားသောကြောင့် ပီပြင်ခြင်းမရှိဟု ဆိုရ မည်ဖြစ်သည်။ အမေရိကန်မြို့ကြီးများတွင် မြို့ပြအမှိုက်များနှင့် ဘေးအန္တရာယ်ရှိသော ဓာတု ဗေဒအမှိုက်အများစု စွန့်ပစ်ရာ အမှိုက်ပုံအများစုမှာ အာဖရိကန်အမေရိကန် လူမည်း အများစု နေထိုင်ရာ ဆင်ခြေဖုံးအရပ်များတွင်သာ တွေ့ရှိနေရခြင်းကိုအကြောင်းပြု၍ လူမည်းများ ခွဲခြား ဆက်ဆံခံရသည်ဟုမှတ်ယူပြီး ပတ်ဝန်းကျင်ဆိုင်ရာတရားမျှတမှု လူထုလှုပ်ရှားမှုများ ပြန်လည် ခေါင်းထောင်ထလာပေသည်။ ထင်ရှားသည့်အဖြစ်အပျက်တခုမှာ ၁၉၇၉ ခုနှစ်တွင် ဟူစတန်မြို့ လူမည်းအများစုဖွဲ့စည်းထားသည့် North East Action Group နှင့် ရှေ့နေ လင်ဒါ မက်ကီဗာ ဘူးလဒ်တို့က လူမည်းဒေသတွင် အမှိုက်ပုံစွန့်ပစ်မြေမြှုပ်သည့်ကိစ္စအပေါ် မကျေနပ်သည့် အလျောက် တာဝန်ရှိ မြို့နယ်မြူနီစပယ်နှင့် အမှိုက်သိမ်းကုမ္ပဏီတို့အပေါ် တရားစွဲဆိုသည့် Bean vs. South Western Waste Management Corp. အမှုပင်ဖြစ်သည်။ ဤမှအစပြု၍ အမေရိကန် တဝန်း လူမည်းတို့၏ဆန္ဒပြမှုများ တောက်လျှောက်ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၅၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံရသည်အထိ ဖြစ်လာသည်။
လူထုလှုပ်ရှားမှုများ ကျယ်ပြန့်လာသောကြောင့် အမေရိကန်စာရင်းစစ်ချုပ်ရုံးမှ လေ့လာ စူးစမ်းမှုများပြုလုပ်ခဲ့ပြီး Siting of Hazardous Waste Landfills and Their Correlation with Racial and Economic Status of Surrounding Communities အစီရင်ခံစာကို ၁၉၈၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး အမှိုက်ပုံလေးခုလျှင် သုံးခုမှာ လူမည်းအများစုနေထိုင်ရာ ဒေသများတွင် တည်ရှိ နေပြီး ဒေသခံများအနေနှင့် အခြား လူဖြူ များနည်းတူ သန့်ရှင်းသောပတ်ဝန်းကျင်ကို ရရှိခံစားနိုင်ခွင့် ပျောက်ဆုံးနေကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။ ယင်းကိုပင် လူမည်း အများစုက Environmental Racism ပတ် ဝန်းကျင်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုဟု ခေါင်း စဉ်တပ်ခဲ့ကြသည်။ ပိုမိုကျယ်ပြန့်သည့် လူထု လှုပ်ရှားမှုအနေဖြင့် ၁၉၉၁ ခုနှစ် ဝါရှင်တန် ဒီစီ၌ First National People of Color Environmental Leadership Summit ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူမျိုးရောင်စုံ၊ ပတ်ဝန်းကျင်ရေးရာ ခေါင်းဆောင်မှု မျက်နှာ စုံညီစည်းဝေးပွဲကို လေးရက်တာကျင်းပကာ ဒေသခံ တက်ကြွလှုပ်ရှားသူများအဖွဲ့အစည်း ၆၅၀ ကျော်နှင့် ကမ္ဘာတဝန်းမှ ပတ်ဝန်း ကျင်ရေးရာစိတ်ဝင်စားသော ခေါင်းဆောင် များ တက်ရောက်ခဲ့ကြသည်။ ၁၉၉၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အချက် ၁၇ ချက်ပါဝင်သော ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု အခြေခံမူများကို ရေးဆွဲအတည်ပြုခဲ့ကြပြီး ၁၉၉၂ ခုနှစ် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးတွင် ကျင်းပ သော နိုင်ငံတကာခေါင်းဆောင်များတက်ရောက်သည့် ကမ္ဘာမြေညီလာခံသို့ တင်သွင်းခဲ့ပေ သည်။ ဒုတိယအကြိမ် လူမျိုးရောင်စုံ ပတ်ဝန်းကျင်ရေးရာခေါင်းဆောင်များ စုံညီတွေ့ဆုံပွဲကို ၂၀၀၂ ခုနှစ်တွင် ထပ်မံကျင်းပခဲ့ပြီး ပတ်ဝန်းကျင်ရေးရာတရားမျှတမှု လူထုလှုပ်ရှားမှု အား ကောင်းလာသည်နှင့်အမျှ လူပေါင်း ၁၄၀၀၀ ကျော် တက်ရောက်သည်ကို တွေ့ရပါသည်။
ဤကဲ့သို့ လူထု၏စိုးရိမ်မှု ပိုမိုလာသောကြောင့် အမေရိကန်သမ္မတ ဘီလ်ကလင်တန် လက်ထက် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် သမ္မတ၏အမိန့်ကြော်ငြာစာအမှတ် ၁၂၈၉၈ Federal Action to Address Environmental Justice in Minority Populations and Low-Income Populations ကို ထုတ်ပြန်၍ ပြည်ထောင်စုအစိုးရက ပတ်ဝန်းကျင်ရေးရာ တရားမျှတမှု မရှိသည့်ကိစ္စများ မဖြစ်ပွားရန် သတိထား အရေးတယူဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပေသည်။ ယင်းမှအစပြု၍ အမေရိကန်နိုင်ငံတွင် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များ၌ မည်သည့်အတွက်မှ ခွဲခြားဆက်ဆံပြုမူခံရခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမရှိအောင် သက်ဆိုင်ရာ တာဝန်ရှိ ဌာနများက သတိထားဆောင်ရွက်ရန် လမ်းညွှန်ချက်များ၊ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ လုပ်ထုံး လုပ်နည်းများ၊ အကဲဖြတ်ဆန်းစစ်သည့် နည်းစနစ်များ ပြန်လည်မွမ်းမံဖြည့်စွက်ပြဌာန်း လုပ် ဆောင်လာခဲ့ပေသည်။
အမေရိကန်နိုင်ငံ ပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ Environmental Protection Agency (EPA) က အဓိပ္ပာယ်သတ်မှတ်ရာတွင် Environmental Justice ပတ်ဝန်းကျင် တရား မျှတမှုဆိုသည်မှာ အသားရောင်၊ လူမျိုး၊ စီးပွားရေးအဆင့်အတန်း၊ မခွဲခြားဘဲ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သူကိုမဆို ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် ပတ်ဝန်းကျင်ရေးရာ တရား ဥပဒေစိုးမိုးရေး အကျိုးသက်ရောက်မှုတို့ တပြေးညီရှိစေ၍ သက်ဆိုင်သူအားလုံး ပတ်ဝန်းကျင် ဆိုင်ရာ လုံခြုံရေးအကာအကွယ် အပြည့်အဝရရှိကာ ပတ်ဝန်းကျင်စီမံခန့်ခွဲရာတွင် အနှစ်သာရရှိရှိ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိခြင်းကို ဆိုလိုပါသည်။
ထို့ထက်ပို၍ ပညာရပ်ပိုင်းဆိုင်ရာရှုထောင့်မှနေ၍ ရှင်းရသော် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရသည့်အလျောက် စရိတ် (cost) နှင့် အကျိုး စီးပွား (benefit) များ ဖြစ်ပေါ်လာပါသည်။ အဆိုပါစရိတ်နှင့် အကျိုးစီးပွားများပြန်နှံ့မှုမှာ နေရာ ဒေသအလိုက် ကွဲပြားခြားနားမှု ဖြစ်ပေါ်စေသည်။ ထို့အတွက်ကြောင့်ပင် အကျိုးစီးပွား ကွာခြား သည့်အလျောက် လူမှုရေးမညီမျှများကို ဖြစ်ပွားစေပြီး ပတ်ဝန်းကျင်ရေးရာ တရားမျှတမှုကင်းမဲ့ ကာ လူမှုရေးပဋိပက္ခများ ဦးတည်တိုးပွားလာခြင်းပင်ဖြစ်သည်။ ထိုအချက်ကို ရှင်းလင်းစေရန် အောက်ဖော်ပြပါ ဇယား-၁ တွင် ဖော်ပြထားသည့် သစ်တပင်၏ စစ်မှန်တန်ဖိုးကို သက်သေထား ကာ ဥပမာပေး၊ ဥဒါဟရုဏ်ပြုလိုပါသည်။

သုတေသနတွေ့ရှိချက်များအရ သစ်ပင်၏ သစ်သားတန်ဖိုးမှာ ဒေါ်လာ ၆၀၀ ခန့်သာ ရှိသော်လည်း သစ်ပင်၏ ပတ်ဝန်းကျင်ရေးရာဝန်ဆောင်မှု (Environmental Services) များ၏ တန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၉၀၀၀၀ ကျော်ခန့်ရှိသည်။ အကယ်၍ အဆိုပါသစ်ပင်မျိုး ၁၀၀၀ ခန့်ပေါက်နေသော သစ်တောအုပ်ကလေးတခုအား ဒေသစီးပွားဖွံ့ဖြိုးရေးကို အကြောင်း ပြုကာ သစ်ပင်များရှင်း၍ ဟိုတယ်ဆောက်လုပ်ရေးစီမံကိန်းကို လုပ်မည်ဆိုပါက စဉ်းစားစရာ အများအပြားရှိလာပေသည်။ အဆိုပါသစ်ပင်များပေါက်ရောက်သော သစ်တောမှာ အစိုးရပိုင်မြေ ပေါ်တွင်ရှိ၍ စီမံကိန်းမှ မြေလျော်ကြေးပေးစရာမလိုဟု ယူဆသည့်တိုင် ဤသစ်တောကို မှီခို နေထိုင်ကြသည့် အနီးအနားပတ်ဝန်းကျင်မှ လူများအတွက် ဆုံးရှုံးမှုကို မည်သို့ နစ်နာကြေးပေး မည်၊ အလျော်အစားလုပ်မည်ဆိုသည်မှာ မရေရာ၊ မသေချာရှိလှသည်။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (Environmental Impact Assessment-EIA) သဘောအရ ကုမ္ပဏီမှ အကောင်းဆုံးလုပ်နိုင်သည်များမှာ ကျန်သည့်အခြားတနေရာတွင် သစ်ပင်များပြန်စိုက်ပေးခြင်း၊ ဒေသခံများအတွက် ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ တည်ထောင်ပေး ခြင်းတို့သာ ဖြစ်ပေမည်။ အထက်တွင်ဖော်ပြခဲ့သလို သစ်ပင်များ၏ ပတ်ဝန်းကျင်ရေးရာ ဝန် ဆောင်မှု (Payment for Environmental Services-PES) များအတွက် တန်ဖိုးအပြည့်အဝ ပေးချေမှုမျိုး မဖြစ်နိုင်ပေ။ ပေးချေရမည်ဆိုပါကလည်း ကုမ္ပဏီက သစ်ပင် ၁၀၀၀ အတွက် အမေ ရိကန်ဒေါ်လာ ၁၉၆ သန်းခန့် ပေးဆောင်ရမည်ဖြစ်ကာ စီးပွားရေးအရ တွက်ခြေကိုက်မည် မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ရန်အတွက်လည်း မည်သည့်မူဝါဒ၊ ပတ်ဝန်းကျင်ဥပဒေတို့ ပြဌာန်း မည် မဟုတ်ပေ။ မယုတ်မလွန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထည့်သွင်းစဉ်းစားရေးကိုသာ ဆိုကြမည်ဖြစ်သည်။ အခြားနိုင်ငံများ၏ ပြဌာန်းချက်ကိုမှီး၍ ရေးဆွဲထားသော အောက်ဖော်ပြပါ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ (၁၉၉၄) ကို လေ့လာကြည့်ပါ။

‘နိုင်ငံတနိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် ယင်းနိုင်ငံ၏ ပြည်သူများ၊ ယဉ် ကျေးမှု အမွေအနှစ်များ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ ပစ္စည်းများပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာ မူဝါဒရည်မှန်းချက်မှာ ပြည်သူ တရပ်လုံး၏ လူနေမှုဘဝအဆင့်အတန်းကို မြှင့်တင်ရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ် ခြင်းအားဖြင့်လည်း ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုတို့ကို ရရှိ စေရေးပင်ဖြစ်သည်။ နိုင်ငံတိုင်းသည် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်မှုကို မထိပါးစေရန် သို့မဟုတ် အကျိုးစီးပွားကို မထိခိုက်စေရန် အထူး အလေး ထား၍ မိမိနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်အညီ မိမိနိုင်ငံပိုင် သဘာ၀ သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲနိုင်သည့် အချုပ်အခြာ အာဏာပိုင်ခွင့် ရှိသည်။ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးငှာ သဘာ၀ သယံဇာတ ပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုကို ပဓာနကျသော ရည်မှန်းချက်အဖြစ် ထာဝစဉ် ထား ရှိရမည်ဖြစ်သည်’

စကားလုံးများနှင့် တန်ဆာဆင်ထားသော ဤမူဝါဒသည် အမြင်အားဖြင့် နှစ်လိုဖွယ် ကောင်းသည် ဖြစ်သော်လည်း လက်တွေ့အားဖြင့် ပတ်ဝန်းကျင်ရေးရာ တရားမျှတမှုကို အာမခံ ချက် ပေးမထားသည်ကို တွေ့ရမည်ဖြစ်သည်။ စီးပွားရေးရင်းနှီးမြှုပ်နှုံမှုများကို ဖွံ့ဖြိုးရေးလုပ်ငန်း ခေါင်းစဉ်အောက်တွင် ထည့်သွင်းခွင့်ပြုနိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုရှိအောင် စဉ်းစားလုပ်ဆောင်ပါဟု ဆိုသည်မှာ ထင်သလောက်ရိုးရှင်းမနေပါ။ ဤစကားလုံးအသုံးအနှုန်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အယူအဆ (Sustainable Development Concept) အရ ဒေါက်တိုင်ကြီးသုံးခုဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ရေးရာတို့ကို ဟန်ချက်ညီအောင်ဆောင်ရွက်ရမည်ဆိုသည့် အချက်ပေါ်တွင် အခြေခံ၍ မှီငြမ်း ကိုးကားသည်ဟု ယူဆရပြီး သုံးနားညီတြိဂံကဲ့သို့ အညီအမျှ စဉ်းစားရမည်လား၊ လိုတိုးပိုလျှော့ ဟန်ချက်မပျက်အောင်သာ ထိန်းညှိရမည်လားဆိုသည်မှာ ယနေ့တိုင် မရောမရာ၊ မသေမချာ ကွဲကွဲပြားပြားမရှိပါ။ ကျိန်းသေသည်ကတော့ ဖြတ်သန်းခဲ့သော သမိုင်းကြောင်း၊ အတွေ့အကြုံ၊ လုပ်ထုံးလုပ်နည်း အစဉ်အလာ၊ တာဝန်ရှိသူများ၏ စိတ်နေစိတ်ထားအရ သဟဇာတဖြစ်မှုနှင့် ဟန်ချက်ညီမျှမှုတို့မှာ လိုသလိုအဓိပ္ပာယ်ကောက်ယူရန် လမ်းစဖွင့်ပေးသကဲ့သို့ ရှိနေမည်ဖြစ် သည်။
အစိုးရတာဝန်ရှိသူများ၏ အမြင်အရ ဟိုတယ်ဆောက်သောကုမ္ပဏီသည် လုပ်ထုံးလုပ် နည်းအရ ပတ်ဝန်းကျင်ထိခိုက်မှုကို ဆန်းစစ်သည့် EIA ကို ဟိုတယ်မဆောက်မီ လုပ်ဆောင်ခြင်း၊ ဟိုတယ်မှ ညစ်ညမ်းမှုများမဖြစ်အောင် နည်းပညာသုံး သတိထားစီမံခန့်ခွဲခြင်း၊ ခုတ်ယူလိုက်သော သစ်ပင်များအတွက် အခြားတနေရာတွင် အစားထိုးစိုက်ပေးခြင်း၊ ဒေသခံများအတွက် ရေရရှိရေး ဆောင်ရွက်ပေးသလို ဖွံ့ဖြိုးရေးရန်ပုံငွေများ တည်ထောင်ပေးခြင်းတို့ကို မူဝါဒတွင်လမ်းညွှန်သည့် အတိုင်း သဟဇာတကျကျ၊ ဟန်ချက်ညီအောင် လုပ်ဆောင်သည်ဟု ယူဆသတ်မှတ်ကြမည် ဖြစ်သည်။
သို့သော် ဒေသခံများအနေဖြင့် မည်သို့ ရှုမြင်သုံးသပ်ထင်မှတ်ကြမည်နည်း။ သစ်ပင်၊ သစ်တောများ ဆုံးရှုံးသွားသော ဒေသခံများအတွက်မူ ဤတောတောင်သည် အစိုးရမြေဟု ဆိုငြားသော်လည်း ၎င်းတို့၏ အဖိုးအဖွား များလက်ထက်မှ အမှီအခိုပြုရာ ဒေသ၊ ကျေးရွာအတွက် တောတောင်စိမ့်စမ်းများ ထိန်းသိမ်းထားရာ ရေထိန်းတောများ၏မူလဘူတ ဘူမိနက်သန်၊၊ ကျွဲကျောင်း၊ နွား ကျောင်း၊ စိုက်ပျိုးရေးအတွက် အရေးပါသော တိရိစ္ဆာန်များ စားကျက်ချရာနေရာ၊ အမျိုး သမီးများ မှိုချိုး၊ မျှစ်ချိုး၊ တိုင်းရင်း ပရဆေး ပင်များ ကောက်ယူစုဆောင်းရရှိသော သဘာဝကုန်စုံဆိုင်၊ ရွာသုံး သစ်၊ ထင်း လောင်စာ အစရှိသည်တို့ မပူမပင် မကြောင့် မကြရရှိရာ ကုန်လှောင်ရုံ၊ လူငယ်လူရွယ် သဘာဝဆုံစည်းရာ၊ အပန်းဖြေရာ ရိုးရာ ဓလေ့တို့ ပျော်မွေ့ယှဉ်တွဲ ရှင်သန်ရာဌာနေ ဖြစ်ကောင်းဖြစ်နေမည်ဖြစ်သည်။ ကုမ္ပဏီမှ မည်သို့ပင် တာဝန်သိ၊ တာဝန်ယူ လုပ် ဆောင်ပေးသည်ဖြစ်စေ နဂိုမူလဘူတက ဒေသခံများ ရရှိနေသည့် tangible and intangible benefit ဟုဆိုသော မြင်သာသည့်အကျိုး ကျေးဇူးနှင့် မျက်စိနှင့်မမြင်တွေ့နိုင်ဘဲ ရရှိသည့် အကျိုးကျေးဇူးအလုံးစုံ ပြန်ရတော့မည်မဟုတ်ပေ၊ ဒေသခံများစာဖွဲ့ကာ ချက်ကျလက်ကျ မပြောတတ်သည်သာရှိမည်၊ အားလုံးရင်ထဲတွင် တရား မျှတမှုမရှိဟု ခံစားမိမည်ဖြစ်သည်။ အစိုးရက တည်ဆဲဥပဒေများအရ တရားသည်၊ ဥပဒေအရ လုပ်ဆောင်သည်ဟုဆိုမည် ဖြစ်သော်လည်း ဒေသခံများ အထူးသဖြင့် အခြေခံလူတန်းစား၊ နင်းပြားများကမူ သူတို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးသွားသည်ဟု ခံစားရှုမြင်ကြမှာ မလွဲဧကန်ပင်ဖြစ်သည်။
သစ်တောသစ်ပင်များကြောင့် ရရှိသော သန့်ရှင်းသောလေ၊ ညီညွတ်မျှတသော ဥတု ရာသီ ဘယ်တော့မှ ပြန်ရတော့မည်မဟုတ်ပေ။ မည်သူမျှလည်း ပြန်လည်ရရှိအောင် ဆောင်ရွက် ပေးနိုင်မည်မဟုတ်ပေ။ အလုပ်အကိုင်တွေ ရပါသည်၊ အစိုးရက အခွန်အခတွေရပါသည်ဟု ဆိုသော်လည်း ဆုံးရှုံးသွားသော ပတ်ဝန်းကျင်ဝန်ဆောင်မှုနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပေ။ ပေးဆပ်လိုက်ရသော သဘာဝပတ်ဝန်းကျင်အတွက် အဓိက အကျိုးရှိသွားသူမှာ ကုမ္ပဏီပင် ဖြစ်ပြီး အဓိကပေးဆပ်လိုက်ရသူများမှာ ဒေသခံ နင်းပြားများ အများစုပင်ဖြစ်သည်။ ဤသည် ကပင် အကျိုးစီးပွားကွာခြားမှုကို အကြောင်းပြု၍ ပတ်ဝန်းကျင်တရားမျှတမှု အားနည်းချက်များ ဖြစ်ပေါ်ကာ လူမှုရေးပဋိပက္ခများ၊ ပြည်တွင်းစစ်များဖြစ်ပွားစေရာ ပင်မ အခြေခံအကြောင်း တရားများပင် ဖြစ်သည်။ အထူးသဖြင့် အစိုးရတာဝန်ရှိသူများ၏ တရားသည်ဟု သတ်မှတ် ချက်နှင့် ဒေသခံများ၏ မတရားဟုခံယူသော အကွာအဟအပေါ်မူတည်၍ ပဋိပက္ခများမြစ်ဖျားခံ စီးဆင်းရာ ဖြစ်စေသည်။ အစိုးရတာဝန်ရှိသူများအနေဖြင့် မတရားဖြစ်စေလိုသည့်သဘောဖြင့် လုပ်ဆောင်မည်မဟုတ်သော်လည်း အကြောင်းကြောင်းကြောင့် မပြေးသော်လည်း ကံရာရှိခြင်း ပင် ဖြစ်သည်။
ဤသို့ အမြင်ကွာဟချက်များသည် တည်ဆဲဥပေဒေ၊ လုပ်ထုံးလုပ်နည်းများကြောင့်လည်း ပိုမိုနက်ရှိုင်း ကွဲပြားခြားနားစေကာ ဒေသခံများနှင့် အထူးသဖြင့် ဌာနေတိုင်းရင်းသားများနှင့် ယုံကြည်မှုတည်ဆောက်ရန် ပိုမိုခက်ခဲစေခြင်းဖြစ်သည်။ ဤအခြေအနေကို တိုးတက်အောင် ဆောင်ရွက်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းပွဲများ လုပ်ဆောင်နေပါကလည်း မည်မျှ အထိ အောင်မြင်နိုင်မည်ဆိုသည်မှာ ခန့်မှန်းရခက်ခဲလှပေသည်။ “Seeing is believing” ဟု အဆိုရှိသည့်အတိုင်း လက်တွေ့အမြင်နဲ့သာ ဆုံးဖြတ်စမြဲဖြစ်သဖြင့် လက်ရှိ ပတ်ဝန်းကျင်ရေးရာ ပြဿနာများကို ဖြေရှင်းဆောင်ရွက်မှု အားနည်းသည်နှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒေသခံတိုင်းရင်းသားများ ယုံကြည်မှုနည်းပါးနေမည်သာ ဖြစ်ပေသည်။ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်တွင်ပြဌာန်းသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ကြည့်ပါက အားနည်းချက် အမြောက်အမြားကို တွေ့မြင်နိုင်မည်ဖြစ်သည်။
အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူများ ကျူးလွန်သော ပတ်ဝန်းကျင်ရေးရာ ပျက်စီးပြုန်းတီးမှု၊ ညစ်ညမ်းမှုများကို ထိုက်သင့်သော အရေးယူအပြစ်ပေးနိုင်ရန် ပြဌာန်းချက်များမှာ အားနည်း လှသည်။ သေသေချာချာလေ့လာကြည့်လျှင် ပုဒ်မ ၂၈ အရ လုပ်ငန်းရှင်များအနေဖြင့် ပတ်ဝန်း ကျင်ဆိုင်ရာခွင့်ပြုချက် ရယူရန်လိုအပ်ပြီး၊ ပုဒ်မ ၂၉ အရ အစိုးရကချမှတ်ထားသော ပတ်ဝန်းကျင် ဆိုင်ရာ စည်းကမ်းများကိုလိုက်နာရမည်ဖြစ်ကာ၊ ပုဒ်မ ၃၀ တွင် ပြဌာန်းထားသည့်အတိုင်း ခွင့်ပြုချက်မရှိဘဲ ပတ်ဝန်းကျင်ထိခိုက်မည့်ပစ္စည်းများအား ပြည်တွင်းပြည်ပ ကူးသန်းရောင်း ဝယ်ခြင်း၊ ထုတ်လုပ် သိုလှောင် သယ်ယူဖြန့်ချိခြင်း မပြုရပါ၊ အကယ်၍ ယင်းတို့ကို လိုက်နာ ခြင်းမရှိပါကလည်း အရေးယူအပြစ်ပေးရန် ပြဌာန်းထားသည်များမှာလည်း လေးနက်မှုမရှိလှပါ။ ပတ်ဝန်းကျင်ခွင့်ပြုချက်မရယူဘဲ ဆောင်ရွက်သည့်ပြစ်မှုမျိုးကို ပုဒ်မ ၃၁ အရ ထောင်ဒဏ်သုံးနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ်ငွေတသိန်းမှ အများဆုံး ဆယ်သိန်းပေးဆောင်ရန် (သို့မဟုတ်) ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ရပ်လုံးချမှတ်ရန် ပြဌာန်းထားရာ တကယ့်လက်တွေ့တွင် ငွေဒဏ် အနည်းငယ်ဖြင့်သာ စီရင်မည့်ကိန်းဖြစ်ပေသည်။ အလားတူ ပတ်ဝန်းကျင်စည်းကမ်းများ မလိုက် နာသည့်ကိစ္စ၌ ပုဒ်မ ၃၂ တွင် တနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ကျခံရမည်ဟု ပြဌာန်းထားရာ ဥပဒေစိုးမိုးရေးအတွက် လေးနက်မှုမရှိလှပေ။ ပုဒ်မ ၃၃ တွင် ပတ်ဝန်းကျင်ရေးရာ နိုင်ငံတကာလုပ်ရိုးလုပ်စဉ်များ၌ ဖော်ပြလေ့ရှိသည့် ညစ်ညမ်းစေသူမှပေးလျော်ခြင်း (Polluter Pay Principle) ကို ဖော်ပြထားလျက် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများကို ပေးလျော်ရမည်ဟု ပြဌာန်းထားသော်လည်း ဥပဒေ၏နောက်ဆက်တွဲ နည်းဥပဒေတွင် အဆိုပါပုဒ်မကို မည်သို့ လိုက်နာကျင့်သုံးရမည်ဟု ဖော်ပြရာ၌ ပတ်ဝန်းကျင်တရားမျှတမှုကိုရှေးရှုသည့် ဆုံးရှုံးမှု (damage) ၊ နစ်နာမှု (opportunity cost) ၊ ဂုဏ်သိက္ခာနှင့် လူမှုဘဝတည်ငြိမ်စွာတည်ဆောက်ရေး ကုန်ကျစရိတ် (cost of livelihood stability and integrity) များကို မည်သို့ တွက်ချက်ပေး လျော်စေရမည်ဟူသည့် အသေးစိတ်ညွှန်ကြားချက်များ မပါရှိပါ။ သို့ဖြစ်၍ တရားမျှတမှုဆောင် ရွက်ရန်မှာ မူကိုကိုင်သည့်၊ ဥပဒေစိုးမိုးရေးကို လုပ်ကိုင်သည့် လူပုဂ္ဂိုလ်တို့အပေါ်တွင် သွားရောက် တည်မှီနေပေသည်။
တည်ဆဲဥပဒေတွင် အမြင့်မားဆုံးပြစ်ဒဏ်မှာ ပုဒ်မ ၃၄ တွင် ပြဌာန်းထားသော ကန့် သတ်ထားသည့် ပတ်ဝန်းကျင်ထိခိုက်သည့် ပစ္စည်းများအား ပြည်တွင်း၊ ပြည်ပတင်သွင်းခြင်းကို ဖောက်ဖျက်ခြင်း အမှုဖြစ်သည်။ ဤပုဒ်မအရ ဖောက်ဖျက်သူသည် ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ် (သို့မဟုတ်) ဒဏ်ငွေ တသိန်းမှ အများဆုံး သိန်းနှစ်ဆယ်အထိ ကျခံရန် (သို့မဟုတ်) ထောင် ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးကျခံရန်ဖြစ်သည်။ ယင်းသည်လည်း အကျိုးအမြတ်များသည့် တရားမဝင်ပစ္စည်းများအတွက် ပြစ်မှု၊ ပြစ်ဒဏ် မျှတမှုရှိမရှိနှင့် လက်ရှိ တရားစီရင်ရေးဆိုင်ရာ အားနည်းချက်များရှိသည့်အလျောက် မည်မျှ ထိရောက်စွာကျင့်သုံးနိုင်မည်နည်း အစရှိသည့် အချက်များအပေါ်တွင်မူတည်၍ တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာ အပုံအပင် ဖြစ်၍ နေပေသည်။
လက်ရှိဥပဒေတွင် အားအနည်းဆုံးအပိုင်းမှာ လက်တွေ့အကောင်ထည်ဖော်မှုဆိုင်ရာ ပြဌာန်းချက်များပင်ဖြစ်သည်။ ပုဒ်မ ၃၅ အရ ပတ်ဝန်းကျင်ရေးရာ ပြစ်မှုကျူးလွန်သူများကို အရေးယူရန် ဝန်ကြီးဌာန၏ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဟု ပြဌာန်းထားရာ အောက်ခြေ ဒေသအဆင့် ဥပဒေစိုးမိုးရေးလုပ်ကိုင်ရန် တာဝန်ရှိသူများအနေဖြင့် ဝန်ကြီး၏ ခွင့်ပြုချက်မရဘဲ ဥပဒေပါအတိုင်း တရားစွဲဆိုအရေးယူမှု ပြုလုပ်နိုင်ခြင်းမရှိပါ။ ‘လူကြီးကို ပြေးကပ်လိုက်မယ်’၊ ဒါမှမဟုတ် အရေးယူချင်တဲ့လူကြီးကိုနိုင်မည့် မင်းဆရာများ ပြေးကပ်လိုက်ပြီး ‘မင်းလူကြီး လောက်တော့ အိတ်ကပ်ထဲထည့်ထားမယ်’ဟု ကြွေးကြော်လေ့ရှိသည့် ခရိုနီ၊ ခရိုပြာများ ကြီးစိုး သည့် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုများ ရှိသည့်အလျောက် ပတ်ဝန်းကျင်ရေးရာ ဥပဒေချိုးဖောက်မှုများမှာ ‘ပြောတော့ လေတလုံးမိုးတလုံး၊ က တော့ ချိုမိုင်မိုင်’ကဲ့သို့သာ ရှိပေ မည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမှန်တကယ်ဆောင်ရွက်လိုသည့် တာဝန်ရှိ အောက်ခြေ ဝန်ထမ်းများမှာလည်း စိတ်သွားတိုင်းကိုယ်ပါ မဆောင်ရွက်နိုင်ဘဲ အာဏာရှင်အုပ်ချုပ်သူများ၏ ထုံးစံကိုလိုက်ပြီး မထူးဇာတ်ခင်း၍ ကိုယ်ကျင့်တရားနောက်ချန်ထားကာ ဥပဒအတိုင်း အကောင် အထည်မဖော်နိုင်သည့်အလျောက် အဂတိလိုက်စားမှုလမ်းကြောင်းကိုသာ နောက်ဆုံး လိုက်ရ မည့်သဘောရှိပေသည်။ ပုဒ်မ ၆(စ) အရသော်လည်းကောင်း၊ ပုဒ်မ ၃၆ အရသော်လည်းကောင်း ပတ်ဝန်းကျင်ရေးရာကို တာဝန်ယူရသည့် ဝန်ကြီးဌာနအနေဖြင့် ပတ်ဝန်းကျင်ရေးရာ ပြဿနာ များကို ကိုင်တွယ်ရာ၌ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ကို ပြန်လည်ခံယူရမည့်သဘောဖြစ်ရာ မူဝါဒတွင်ဖော်ပြထားသည့် ပတ်ဝန်းကျင်ရေးရာ သဟဇာတဖြစ်မှုနှင့် ဟန်ချက်ညီမျှမှု ဖော်ဆောင်ရေးတို့မှာ အရုပ်ရေး သကဲ့သို့ပင် ဖြစ်ပေမည်။ မည်သည့်အစိုးရမဆို နောက်ဆုံးတွင် စီးပွားရေးကိုသာ ဇောင်းပေး၍ ဦးစားပေးလုပ်ဆောင်လိုသည့်သဘော ရှိသောကြောင့် ပတ်ဝန်းကျင်တရားမျှတမှု ဖော်ဆောင် ရေးမှာ နိုင်ငံရေးခေါင်းဆောင်မှု ပျောက်ဆုံးနေတတ်ပေသည်။ သို့ဖြစ်၍ လက်ရှိချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် တာဝန်ရှိသူများ၏ စိတ်နေစိတ်ထား အတွေ့အကြုံများ အရ ပတ်ဝန်းကျင်တရားမျှတမှု ဖော်ဆောင်နိုင်ရေးမှာ အားလုံးအတွက် တပြေးညီ ကျောသား ရင်သားမခွဲခြားဘဲ ဆောင်ရွက်နိုင်မည့်အခြေအနေမရှိဘဲ မျက်နှာကြီးရာ ဟင်းဖတ်ပါမည့် အခင်း အကျင်းမျိုးပင် ဖြစ်နေပါသည်။
အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည်ဟု မြို့နေလူထုက စောဒကတက် လာမှုများ မြင့်တက်လာချိန်တွင် အစိုးရ တာဝန်ရှိသူများအနေဖြင့် ပတ်ဝန်းကျင်ရေးရာကိစ္စများကို အလိုအလျောက် နောက်တန်းသို့ ရွေ့လျောထားသွားလေ့ရှိသည်။ ၎င်းတို့ မဖြေရှင်း၊ ဆောင်ရွက် မပေးနိုင်သော ပတ်ဝန်းကျင်ပြဿနာများကို တင်ပြနေသူများအား ငြိုငြင်လာကာ ပြဿနာရှာ သူများဟု ထင်မှတ်လာကြသည်။ ပတ်ဝန်းကျင်ရေးရာကိစ္စများကို အကြောင်းပြု၍ အနောက် နိုင်ငံများမှ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက် လွှမ်းမိုးလာ အောင်ဆောင်ရွက်မှု (hegemony) ဟု စွပ်စွဲပြောဆိုလာတတ်ကြသည်။ ဒီမိုကရေစီသည် မြန်မာပြည်သူပြည်သားများနှင့်မတန်ဟု ယူဆကာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချင်လာကြသည်။ ခေတ်စား သော သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက်ခြင်း၊ စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းတို့ကိုသာ ဟန်ပြလုပ် ကိုင်၍ အပေါ်ယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပုံဖော်တတ်၏။ စင်စစ် သီလပျက်သောရဟန်းလို ပတ်ဝန်းကျင်ရေးရာ ကတိကဝတ်စောင့်ထိန်းမှု ပျက်ယွင်းသည်နှင့်တပြိုင်နက် နိုင်ငံရေးဂုဏ် သိက္ခာ၊ တရားဝင်မှုတို့ ကျဆင်းထိခိုက်ခံစားရသည်ကို သတိမမူနိုင်ကြပေ။ ဤလို အခြေအနေ မျိုးတွင် ဤဆောင်းပါးမှ သတိပေးလိုသည်မှာ ပတ်ဝန်းကျင်တရားမျှတမှုကို မဖော်ဆောင်နိုင် သည့်အလျောက် မူလ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာလည်း ဝေးကွာသွားနိုင်ကြောင်း ပညာရှိသတိဖြစ်ခဲဆိုသလို တာဝန်ရှိသူများ သတိမလွတ်စေရန် နှိုးဆော်လိုရင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိ သော ပတ်ဝန်းကျင်တရားမျှတမှု မရှိသည့် ကိစ္စရပ်များကိုကြည့်လျှင် စီးပွားရေးစိုက်ခင်း များ အကြောင်းပြကာ မြေယာသိမ်းဆည်းမှု၊ တရားဝင်နှင့် တရားမဝင် သစ်ထုတ်လုပ်မှု၊ သတ္တုတူးဖော်မှု၊ ရေကာတာ ဆည်တမံကြီး များ တည်ဆောက်မှု၊ စက်မှုဇုန်များ တည် ဆောက်နေမှု အစရှိသဖြင့် တွေ့ရမည်ဖြစ်ပြီး ယင်းတို့မှာလည်း ယခင်အစိုးရ အဆက် ဆက်က အမွေဆိုးများပင်ဖြစ်သည်။ လက်ရှိ ပြည်သူက ရွေးကောက်တင်မြှောက်လိုက် သည့် အစိုးရအနေဖြင့် ယင်းပြဿနာများကို အတတ်နိုင်ဆုံး ဖြေရှင်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသည့် တချိန်တည်းမှာပင် ပတ်ဝန်းကျင်တရားမျှတမှုကို ထိခိုက်စေမည့် လုပ်ရပ်မျိုးများကို စေတနာဆိုးမပါပဲ မသိ လိုက်မသိဘာသာ ကျူးလွန်နိုင်သည့် အန္တရာယ်ပင်ဖြစ်သည်။ ဤဆောင်းပါးအနေဖြင့်လည်း အဆိုပါကိစ္စများကို အောက်တွင် အကျဉ်း ရုံး ဆွေးနွေးဖော်ပြလိုပါသည်။

(က) လယ်ယာမြေ စီမံခန့်ခွဲရေးဆိုင်ရာ ပတ်ဝန်းကျင်တရားမျှတမှုကိစ္စ

လယ်ယာမြေသိမ်းဆည်းမှုများမှာ အပ်ကြောင်းထပ်ဓာတ်ပြား ဖြစ်နေသဖြင့် ဤ ဆောင်းပါးတွင် အထူးအထွေမဖော်ပြလိုပါ။ အရေးကြီးသည်မှာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ၏ နောက်မြီးတန်း ပုံစံ(၇)ကိစ္စပင်ဖြစ်သည်။ အဆိုပါ လယ်ယာမြေဥပဒေအရ မြန်မာပြည် တဝန်းရှိ တောင်သူများသည် မိမိတို့လယ်ယာမြေများ ပိုင်ဆိုင်မှု အခိုင်အမာဖြစ်ရေးအတွက် ပုံစံ(၇) ပြန်လည်လျှောက်ထားရန် လိုအပ်လာပေသည်။ လက်ရှိ လုပ်ထုံးလုပ်နည်းအရကို ပုံစံ(၇)ရရှိအောင် လျှောက်ထားရာ၌ ရက်ပေါင်း ၁၁၄ ရက်ခန့် လိုပေသည်။ ပုံစံ(၇)မရှိသော တောင်သူများအနေနှင့် မြေယာအငြင်းပွားမှုများတွင် ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသလို၊ အတိုးနှုန်းသက်သာသော တောင်သူ အမတော်ကြေးချေးငွေ ချေးငှားပိုင်ခွင့်မရှိပေ။ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် တက်သုတ်ရိုက်၍ ပုံစံ(၇)များ ထုတ်ပေးခဲ့ခြင်းရှိသလို လူအင်အားမရှိ၊ သွားလာကွင်းဆင်းစရိတ်မရှိ အကြောင်းပြ၍ သက်ဆိုင်ရာဌာနမှ အချိန်ဆွဲဖင့်လေးပြီး မထုတ် ပေးသည့်ရွာများလည်း အများအပြားရှိပေသည်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်စူးကာ စိုက်ပျိုးရေးစရိတ်ချေးငွေများ တိုးမြှင့်ပေးရန် အစိုးရက ကြိုးပမ်းဆောင်ရွက်သော အခါ တောင်တန်း၊ ပြည်မ ခွဲခြားမှုက မရည်ရွယ်ဘဲ ပိုမိုအရှိန်မြင့်လာသည့်သဘောရှိသည်။ လက်ရှိတွင် စိုက်ပျိုးစရိတ်ချေးငွေအနေဖြင့် လယ်တဧကကို ကျပ်ငွေတသိန်းခန့် ထုတ်ချေး၍ အခြားသီးနှံများကို ကျပ်ငွေ သောင်းဂဏန်းဝန်းကျင်ခန့် ထုတ်ချေးပေးနေခြင်းဖြစ်သည်။ ယင်း မှာ တပ်မတော်အစိုးရလက်ထက် တဧက ထောင်ဂဏန်းထုတ်ချေးတာထက်စာလျှင် များစွာ တိုးမြှင့်ထုတ်ချေးခြင်းဖြစ်ပြီး အမှန်တကယ် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်ကို မကာမိသော် လည်း တောင်သူများအတွက် များစွာ အထောက်အကူဖြစ်ပေသည်။ စိုက်ပျိုးလယ်ဧက အများ စုမှာ ဗမာအများစုရှိသော တိုင်းဒေသများတွင်ဖြစ်သောကြောင့် စိုက်ပျိုးစရိတ်ချေးငွေအတွက် အစိုးရ၏အထောက်အပံ့ကို နှိုင်းယှဉ်ဇယားဆွဲလျှင် တိုင်းရင်းသားဒေသများမှာ အစိုးရကပံ့ပိုး သော စိုက်ပျိုးရေးအကူအညီရရှိမှု များစွာနည်းပါးသည်ကို တွေ့နိုင်ပေသည်။ စပါးစိုက်ပျိုးရေးကို အားပေးလိုသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ပိုမိုထုတ်ချေးပေးရန်နှင့် စက်မှုလယ်ယာ အားပေးရန်အတွက် နိုင်ငံခြားအထောက်အပံ့ရယူကာ ကာလလတ် ချေးငွေပေးရန်များ စီစဉ် ဆောင်ရွက်နေသည်ဟု ကြားသိရသောအခါ ဗျူရိုကရေစီကြိုးနီစနစ် ပုံစံ(၇) လိုအပ်ချက်အပေါ် မူတည်၍ ပြည်မနှင့် တိုင်းရင်းသားဒေသများ သိသိသာသာ ကွာဟချက် ပိုမိုကြီးမားလာမည့် အန္တရာယ်ကို တွေးဆမိပေသည်။
အလားတူပင် ဗမာအများစုစိုက်ပျိုးသော ဆန်၊ ပဲ ကဲ့သို့သီးနှံများ၏ ဈေးနှုန်း အတက် အကျဒဏ်နှင့် တောင်သူဆုံးရှုံးမှုခံနိုင်ရန် အစိုးရက ကြားခံဝယ်ယူမည့် အစီအစဉ်များ ရေးဆွဲ နေရာ တောင်တန်းဒေသများတွင် စိုက်ပျိုးမှုများသော ပြောင်းကဲ့သို့ သီးနှံမျိုးအတွက် မည်သို့မှ အကာအကွယ်မရှိသည်ကို သတိပြုနိုင်ပေသည်။ ပထဝီဝင်အနေအထားအလိုက် ကွဲပြားသော ပတ်ဝန်းကျင်ဂေဟစနစ်များတွင် မတူညီသော စိုက်ပျိုးသီးနှံများအပေါ်လိုက်၍ မူဝါဒရေးရာ ဦးစားပေးခွဲခြားနေခြင်းမှာ ပတ်ဝန်းကျင်တရားမျှတမှုဆိုင်ရာ အရေးပင်ဖြစ်သည်။ တိုင်းပြည်၏ လူဦးရေအများစုဖြစ်သော တောင်သူများကို ကူညီသည့်ကိစ္စမှာ ဝမ်းမြောက်စရာဖြစ်သော်လည်း ပတ်ဝန်းကျင်တရားမျှတမှုဆိုင်ရာ သိရှိမှု နည်းသည့်အလျောက် မလိုလားအပ်သည့် ခွဲခြားအုပ် ချုပ် လုပ်ကိုင်ဆက်ဆံမှုမျိုး (divide and rule) ဆီသို့ ဦးတည်သွားနိုင်ပြီး ရေများရာမိုးရွာအဖြစ်မျိုး ရောက်သွားနိုင်ပါသည်။ သို့ဖြစ်၍ တောင်တန်းဒေသများတွင် ပုံစံ(၇)များ အလျင်အမြန်ထုတ် ပေးခြင်း၊ သင့်တော်သော တောင်သူနှင့် ကျေးလက်ချေးငွေထောက်ပံမှု၊ ကူညီမှုအစီအစဉ်များ ပြန်လည်စဉ်းစားကာ နိုင်ငံနှင့်အဝန်း တောင်သူများ တပြေးညီရရှိခံစားစေရန် လုပ်ဆောင်သွားဖို့ အရေးတကြီး လိုအပ်နေပေသည်။
လယ်ယာမြေဥပဒေနည်းတူ စနစ်တလွဲ (systemic default) အရ လူမျိုးရေးခွဲခြားမှုနှင့် ပတ်ဝန်းကျင်တရားမျှတမှု ထိခိုက်စေသော အခြားဥပဒေမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေပင် ဖြစ်သည်။ လွတ်လပ်ရေးရပြီးကတည်းက ခေတ်အဆက်ဆက် ဒေသခံများကျင့်သုံးခဲ့သည့် ဓားမဦးချ လယ်ယာမြေလုပ်ကိုင်မှု မိရိုးဖလာစနစ်ကို ဤဥပဒေဖြင့် ချုပ်ကိုင်ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ မြန်မာပြည်မနှင့် တောင်တန်းဒေသများတွင် ဥပဒေအရသော်လည်းကောင်း၊ မိရိုး ဖလာ ဓလေ့ထုံးစံများအရသော်လည်းကောင်း အထူးကန့်သတ်ထားသည့် နယ်မြေများမှလွဲ၍ ကျေးလက်နေဒေသခံများအတွက် ကြုံရာကျပန်းတောရိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုး လုပ်ကိုင်ခွင့်ရှိပြီး မိမိဆန္ဒအရ မြေစာရင်း ဦးပိုင်ဖောက်ပိုင်ခွင့်ရှိသည်။ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသလိုက်၍ မြေစာရင်းမြေပုံ မထုတ်ငြားသော်လည်း မိရိုးဖလာဓလေ့ထုံးစံအရ ၎င်းတို့ လုပ်ကိုင်သော စိုက်ပျိုးမြေအဖြစ် ဒေသအတွင်းအသိအမှတ်ပြုပြီးသားဖြစ်ပြီး အခြားသူများက ကျူးကျော်လေ့မရှိပါ။ ယခင်တည်ရှိသော ဥပဒေများအရ အဆိုပါမြေများကို အစိုးရ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေများအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ စီရင် လုပ်ကိုင်ခွင့်ဖြစ်သည်။ ကျေးရွာအတွင်း အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံဆက်ဆံရေး အဆင်ပြေ ချောမွေ့နေသည့် ကာလတလျောက်လုံး ဓားမဦးချ ဆောင်ရွက်လုပ်ကိုင်ခြင်းအပေါ် ကန့်သတ် ချုပ်ချယ်ထားခြင်း အထူးမရှိဟု ဆိုနိုင်မည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင်ထွက်ရှိလာသော မြေလွတ် မြေရိုင်းဥပဒေအရ အဆိုပါမြေအမျိုးစားများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအဖြစ် သတ်မှတ် ခံရမည်ဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနဦးဆောင်သည့် ကော်မတီ၏ လုပ်ပိုင်ခွင့်အာဏာထဲသို့ သွတ်သွင်းခြင်း ခံရပေသည်။ မြေ လက်ဝယ်ပိုင်ဆိုင်အသုံးချခွင့် တရားဝင်လျှောက်ထားရာတွင် ရှေးကကဲ့သို့ ကျေးလက်မိရိုးဖလာ အသိအမှတ်ပြုမှုကိုအခြေခံ၍ ဆောင်ရွက်ဆဲဟုဆိုငြားလည်း ဆင့်ကဲအုပ်ချုပ်လုပ်ကိုင်ရမှုများ ပိုလာကာ ကြိုးနီစနစ် တင်းကျပ်လာသည်ဟု စောဒကတက်နိုင် ပါသည်။ လက်တွေ့အခြေအနေတွင်လည်း ဝန်ကြီးဌာနများ အကြား မြေယာလုပ်ပိုင်ခွင့်အာဏာကို ပိုမိုဆုပ်ကိုင်နိုင်ရန် ယှဉ်ပြိုင်အားထုတ်မှုဟု ရှုမြင်နိုင်ပြီး အဖွဲ့အစည်းနှင့် တဦးတယောက်လူနည်းစု အကျိုးစီးပွားအတွက် ဦးတည်အသုံးချမှုရှိမရှိ ဆန်းစစ်ရန် အထူးလိုအပ်လာပေသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများမှာလည်း မြန်မာပြည်မဒေသများထက် တောင်တန်း ဒေသများတွင် ပိုမိုရှိခြင်းဖြစ်ရာ ဤဥပဒေများဖြင့် မြေယာစီမံခန့်ခွဲမှုတွင် ဗဟိုချုပ်ကိုင်မှု အား ကောင်းအောင် ပြုလုပ်နေခြင်းသဘော သက်ရောက်သည်ဟု ဆိုနိုင်သောကြောင့် ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးဦးတည်မှုများနှင့် လုံးလုံးလျားလျားကြီး ဆန့်ကျင်လျက်ရှိပေ သည်။ စာရေးသူ၏အမြင်အရ ဤဥပဒေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလအတွင်း လွှတ်တော်မှ အထူးဥပဒေထုတ်ပြန်၍ ခေတ္တရပ်ဆိုင်းထားရန် လိုအပ်မည်ဟု ယူဆပါသည်။ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်များကို အလျင်အမြန် အကောင်အထည်ဖော်ရန် လိုလာပါက ဤဥပဒေသည် အခက်အခဲအဟန့်အတား ဖြစ်လာနိုင်စရာရှိသည်ဟု ထင်မြင်ယူဆသောကြောင့် ဖြစ်သည်။ ဆိုင်းငံ့ကာလအတွင်း မြေအသုံးချမှုကိစ္စရပ်များအတွက် ပိုမို အဆင်ပြေချောမွေ့၍ ဒေသအလိုက် လိုက်လျောညီထွေရှိသည့် လုပ်ထုံးလုပ်နည်းကို ဒေသဆိုင်ရာ အစိုးရအဖွဲ့များက ရေးဆွဲ၍ ကိုင် တွယ်ဆောင်ရွက်ခြင်းက ပို၍လိုအပ်ချက်နှင့် လက်တွေ့ကျမည်ဟု ထင်မြင်ပါသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများနှင့် ဆက်နွယ် နေသော အရေးကြီးသည့် ပတ်ဝန်းကျင်ရေးရာ တရားမျှတမှုကိစ္စမှာ ရွှေ့ပြောင်းတောင်ယာ လုပ် ကိုင်ခြင်းဖြစ်သည်။ တည်ဆဲဥပဒေများတွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းကို တရားဝင် စိုက်ပျိုးရေးလုပ်ငန်းတခုအဖြစ် အသိအမှတ်မပြုသလို မြေအသုံးချမှုမြေစာရင်း အထောက် အထားများ ထုတ်ပေးရန် တိကျစွာ ပြဌာန်းထားခြင်းမရှိသောကြောင့် ရွှေ့ပြောင်းတောင်ယာကို အဓိကလုပ်ကိုင်နေကြသည့် တောင်ပေါ်တိုင်းရင်းသားများအတွက် မြေယာလုံခြုံမှုပေးရန် ပျက် ကွက်လျက်ရှိပြီး မြေအသိမ်းခံရမည့်အရေး များပြားလာကာ ဘဝလုံခြုံရေး ပို၍ အကာအကွယ် မဲ့လာသည်ဟု သုံးသပ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အစိုးရဌာန တာဝန်ရှိသူများအားလုံး နီးပါးက ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်းသည် ပတ်ဝန်းကျင်ပျက်စီးစေသော မြေအသုံးချ နည်းဖြစ်သည်ဟု တရားသေခံယူထားပုံရပြီး လုံး၀ ပပျောက်လိုသော ရည်ရွယ်ချက်အတွက် ဥပဒေဖြင့် တရားဝင်မှုကို ပယ်ဖျက်ထားခြင်းဟု ဆိုနိုင်ပေသည်။
ကမ္ဘာတွင်လည်း ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်းအပေါ် ပညာရှင်အချင်းချင်း ရှုထောင့်အမျိုးမျိုးမှ ပတ်ဝန်းကျင်ပျက်သည်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြု သည်ဟု အစရှိသဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အငြင်းပွားလျက်ရှိရာ တဖက်ဖက်ကိုလိုက်၍ မူဝါဒ ဘက်လိုက်ခြင်းကို မပြုလုပ်အပ်ဟု ယူဆပါသည်။ အသစ်အသစ်တွေ့ရှိသော သုတေသနရလဒ် များအရလည်း ရွှေ့ပြောင်းတောင်ယာ၏ ကောင်းကျိုးဆိုးကျိုးမှာ အမြဲတမ်း တသမတ် မှန်ကန် နေသောတရား (universal truth) မဟုတ်ဘဲ ကာလံ၊ ဒေသံအပေါ်မူတည်၍ ဖြစ်ပေါ်နေပြီး အဓိကဆိုးကျိုးများစေသည်မှာ အတွင်းဗဟိဒ္ဓ (endogenous factors) အချက်များကြောင့် မဟုတ်ဘဲ ပြင်ပဗဟိဒ္ဓအကြောင်းတရား (exogenous factors) ကြောင့်ဖြစ်သည်ဟု ယေဘုယျ သုံးသပ်နိုင်ပါသည်။ တနည်းအားဖြင့် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူ တောင်သူများ၏ စိုက် ပျိုးရေးနည်းစနစ်များကြောင့် သစ်တောများပြုန်းတီးသည်၊ မီးရှို့ခြင်းကြောင့် ကမ္ဘာကြီးပူနွေးစေ သော ကာဗွန်ဒိုင်အောက်ဆိုဒ်များ ထွက်ရှိရုံသာမက မီးခိုးများကြောင့် လူ့ကျန်းမာရေးကို ထိခိုက် စေသည်၊ တောင်စောင်းများ မြေပြိုတိုက်စားမှု ပိုမိုဖြစ်စေပြီး မြစ်ချောင်းများနုန်းပို့သည်ဟု အပြစ်တင်ပြောဆိုခြင်းထက် မူဝါဒအလွဲများနှင့် အထိန်းအချုပ်မရှိသော လက်ဝါးကြီးအုပ် ဈေး ကွက်စီးပွားရေးစနစ်များ ရိုက်ခတ်မှုကြောင့် တိုင်းရင်းသားဒေသများအတွင်း ဖိအားများ ဖြစ်စေ ပြီး လူမှုဘ၀ ပိုကျပ်တည်းကာ မြေယာလု ယက် လက်ဝါးကြီးအုပ်မှုများ များပြားလာ ခြင်း၊ လူဦးရေသိပ်သည်းမှု ပိုမိုလာခြင်း၊ မြေယာအသုံးပြုမှု ပုံစံများ ပျက်ယွင်းလာ ခြင်း၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းတို့ ကြောင့် မိရိုးဖလာ ဓလေ့ထုံးစံ အသိပညာ အရ ဆိုးကျိုးများနည်းပါးအောင် လုပ်လေ့ လုပ်ထရှိသော နည်းစနစ်များ မကျင့်သုံးနိုင် တော့ခြင်း၊ စီမံခန့်ခွဲမှု အစီအမံများ မပြုလုပ် နိုင်တော့ခြင်း အစရှိသည့် အကြောင်းတရား များကြောင့် ရွှေ့ပြောင်းတောင်ယာ အနား ပေးရသည့်ကာလများ တိုတောင်းလာပြီး ပတ်ဝန်းကျင်ပျက်စီးရသည်မှာ ပိုမိုလာသည် ဟု ဆိုလိုရင်းဖြစ်သည်။
ပတ်ဝန်းကျင်တရားမျှတမှု ရှုထောင့် မှကြည့်လျှင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင် ခြင်းထက် ပိုမိုကောင်းမွန်သောနည်းစနစ်နှင့် လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ အကူအညီမပေးနိုင်သည့်ကာလတွင် ယင်း နည်းစနစ်ကို မှီခိုအားထားနေရသူများအား တဖက်သတ် ဥပဒေအရ အကာအကွယ်မဲ့အောင် မလုပ်သင့်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်နေခြင်းကို ဥပဒေအရသော်လည်းကောင်း၊ နည်းပညာအရသော်လည်းကောင်း တရားမျှတသင့်တော်သည်ဟုယူဆ၍ တရားသေ လုပ်ကိုင် နေမည်ဆိုပါက တိုင်းရင်းသားများ၏ အခြေခံလူမှုဘဝကို မည်သို့မျှ စာနာနားလည်နိုင်မည် မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရာတွင် ကြီးမားသောအဟန့်အတားကို ဖြစ်နေစေပါမည်။ ငြိမ်းချမ်းရေးအတွက် အခြေခံလိုအပ်ချက်မှာ ကိုယ်ချင်းစာနာစိတ် (empathy) ပင် မဟုတ်ပါလော။
အထက်တွင်ဆွေးနွေးခဲ့သော ၂၀၁၂ ခုနှစ် မြေယာဥပဒေများမှာ ငြိမ်းချမ်းရေးအတွက် ဆူးညှောင့်ခလုတ် ဖြစ်နေရသည့်အထဲ လက်ရှိလွှတ်တော်တွင် ပြင်ဆင်ရန်တင်သွင်းထားသည့် မြေယာသိမ်းဆည်းခြင်းဥပဒေကြမ်းမှာလည်း မြွေပူရာကင်းမှောင့်ဆိုသလို တရားမျှတမှုကို ထိခိုက်စေနိုင်မည့်အန္တရာယ် ရှိနေပေသည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကိုသိမ်းပိုက်၍ ကိုလိုနီလုပ်ခဲ့ ပြီးနောက် မြေယာသိမ်းဆည်းခြင်းကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် Land Acquisition Act မြေသိမ်းဥပဒေကို ၁၈၉၄ ခုနှစ်တွင် အိန္ဒိယတိုက်နယ်အတွက် ရေးဆွဲခဲ့သည့်နည်းတူ တပြေးညီ ပြဌာန်းခဲ့သည်။ တဦးချင်းပိုင်ဆိုင်မှုကို အလေးထားသည့် ဈေးကွက်စီးပွားရေးစနစ်တွင် မြေသိမ်း ဥပဒေမှာ အယူအဆအားဖြင့် ဆန့်ကျင်ဘက်သဘော သက်ရောက်နေသော်လည်း တကယ့် မြေပြင် လက်တွေ့အခြေအနေတွင် အများပြည်သူအကျိုးငှာ ဆောင်ရွက်ရန်ရှိသော အခြေခံ အဆောက်အအုံများနှင့် မြေယာအသုံးချမှု ထိရောက်စွာစီမံခန့်ခွဲရန် လိုအပ်ချက် ရှိနေသော ကြောင့် ပုဂ္ဂလိကပိုင်ဆိုင်သောမြေယာကို စနစ်တကျ တရားမျှတမှုရှိရှိ ရယူနိုင်ရန်အတွက် ဥပဒေပြဌာန်းရန်လိုသည်ကတော့ အမှန်ဖြစ်သည်။ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအနေဖြင့် ပြီး ပြည့်စုံသည့် ဥပဒေမဟုတ်သော်လည်း အတိုင်းအတာတခုအထိ လက်ခံနိုင်သော ဥပဒေဖြစ် သည်ဟု ဆိုနိုင်သည်။ ယင်းအတိုင်း လိုက်နာဆောင်ရွက်၍ မြေသိမ်းလုပ်ငန်း ဆောင်ရွက်လျှင်ပင် ခံသာသေးသည်ဟု ဆိုရမည်ဖြစ်သည်။ လက်ရှိ မြေယာသိမ်းဆည်းမှုအများစုမှာ တည်ဆဲ ယင်း ဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် ဥပဒေကြောင်းအရ မြေယာသိမ်းဆည်းမှုများမှာ တရား မဝင်ဟု ဆိုနိုင်ပေသည်။ လက်ရှိလွှတ်တော်တွင် ပြဋ္ဌာန်းရန်တင်သွင်းထားသော ဥပဒေကြမ်းကို အတည်ပြုလိုက်ပါက အတိတ်ကာလက လုပ်ဆောင်ခဲ့သော မတရားမှုမှန်သမျှကို တရားသည်ဟု ခဝါချလိုက်ရမည်လားဆိုသည်မှာ စိုးရိမ်စရာအကောင်းဆုံးအချက်ဖြစ်သည်။
တိုင်းရင်းသားများက မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ Free Prior Inform Consent (FPIC) ဟုဆိုသည့် အခြေခံမူကို မြန်မာပြည်အပါအဝင် ကမ္ဘာ့နိုင်ငံများက လက်ခံအတည်ပြု ထားသည့် United Nations Declaration of The Right of Indigenous People (UNDRIP) နိုင်ငံတကာ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာချက် ပဋိဉာဉ်အရ တောင်းဆို နေကြခြင်းဖြစ်သည်။ ယင်းသဘောအရ တိုင်းရင်းသားဒေသများတွင် မည်သည့်စီမံကိန်းမဆို လွတ်လပ်စွာ ကြိုတင်အသိပေး သဘောတူညီချက်ရယူရန် လိုအပ်မည်ဖြစ်သည်။ မြေသိမ်းကိစ္စ တွင် ကာယကံရှင်အနေဖြင့် မည်သို့မျှသဘောတူနိုင်မည့်အနေအထား မရှိသော်လည်း ဒေသ အတွင်းနေထိုင်သူ တိုင်းရင်းသားအများစုက မြေသိမ်းရမည့်အကြောင်းကိစ္စမှာ ဌာနေတိုင်းရင်း သားများ အကျိုးအတွက်ဖြစ်သည်မှာ သေချာသည်ဟုဆိုသော သဘောတူညီချက်မျိုးကိုတော့ community consensus အဖြစ် မဖြစ်မနေရယူရန် လိုအပ်မည်ဖြစ်သည်။ အရေးပေါ် မြေသိမ်း ယူရမည့်ကိစ္စမျိုးတွင် အဆိုပါ အစုအဖွဲ့လိုက်ဒေသခံများ၏ သဘောတူညီချက်ကို မည်သို့ရယူမည် နည်းကို ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်ပေမည်။ ဗျူရိုကရက်များ၏ လုပ်မှားကိုင်မှားကို မည်သို့ အပြန်အလှန် ထိန်းကျောင်းမည်နည်း (check and balance) ဟူသော အချက်များကိုလည်း ထည့်သွင်းပြဋ္ဌာန်းရမည်ဖြစ်သည်။ အခြား အရေးကြီးသည့်အချက်မှာလည်း လုံး၀ မြေသိမ်းမယူ နိုင်သည့် ဌာနေတိုင်းရင်းသားများ၏ မြေယာအမျိုးအစား၊ နယ်မြေများကိုလည်း သတ်မှတ် ထည့်သွင်းဖော်ပြသင့်ပါသည်။ မြေသိမ်းခံရသူအတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများက လက်ခံပြဋ္ဌာန်းထားသည့် မြေသိမ်းခြင်းဆိုင်ရာ လျော်ကြေး၊ နစ်နာကြေး၊ ဘဝအာမခံကြေးများ ရရှိခံစားနိုင်ရေးအတွက် သတ်မှတ်ဖော်ပြရန် လိုအပ်ပေသည်။
အိန္ဒိယနိုင်ငံတွင် အလားတူဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ကျင့်သုံးရာ၌ တွေ့ရှိရသည့် အတွေ့အကြုံ အခက်အခဲများကို ထည့်သွင်းစဉ်းစားကာ လက်တွေ့ကျကျ ပြဋ္ဌာန်းသင့်ပေသည်။ ဥပမာအားဖြင့် မြေသိမ်းရာတွင်သိမ်းဆည်းမြေ၏ ကာလ ပေါက်ဈေးတန်ဖိုး လေးဆပေးလျော်ရမည်ဟု ပြဋ္ဌာန်းထားရာ ဒေသဆိုင်ရာအစိုးရများ အများ ပြည်သူအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် မြေယာသိမ်းဆည်းမှု မပြုနိုင်သည့်အတွက် ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများ ကြုံတွေ့နေရသည်ကိုလည်း ဤဥပဒေကြမ်းကို ထောက်ခံသူရော၊ ဆန့်ကျင်သူများကပါ သတိချပ်ဖို့ရာဖြစ်သည်။ ကာလ တန်ဖိုးသတ်မှတ်ရေးမှာလည်း လက်တွေ့ မှန်ကန်စွာခန့်မှန်းလုပ်ဆောင်ရေး အခက်အခဲများ များစွာဖြစ်စေပြီး အဂတိလိုက်စားမှုများ၊ မတရားမှုများ ပေါက်ဖွားစေမည့် ရေခံ၊ မြေခံ အချက် အလက်ဖြစ်နေပေသည်။ ဤစိန်ခေါ်ချက်ကိုလည်း မည်သို့ ကျော်လွှားလုပ်ဆောင်မည်နည်း ဆိုသည်မှာ အဓိကဖြစ်နေပေသည်။ လက်ရှိ မြေသိမ်းဥပဒေကြမ်းအပေါ်တွင် မြေယာအရေး လှုပ်ရှားသူများက ကန့်ကွက်ဆန့်ကျင်နေကြပြီး ပတ်ဝန်းကျင် တရားမျှတရေးရှုထောင့်မှ သုံးသပ် ရလျှင် လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ အစိုးရက သက်ဆိုင်ရာဌာနဆိုင်ရာများကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံတာဝန်ယူမှုအပြည့်ရှိရန် စီမံကွပ်ကဲလမ်းညွှန်နိုင်မှု အကန့်အသတ် ရှိသည့်အလျောက် စွမ်းဆောင်ရည်မပြည့်ဝခြင်းနှင့် အဂတိလိုက်စား ကိုယ်ကျိုးစီးပွား ရှေ့တန်း ထားခဲ့သည့် သမိုင်းကြောင်း အတွေ့အကြုံများရှိသည်နှင့်အညီ အလောသုံးဆယ် အတည်ပြု မပြဋ္ဌာန်းအပ်ဟု ရှုမြင်ပါသည်။ အဘယ်ကြောင့်ဆိုသော လက်တွေ့တွင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမိုဖြစ်စေပြီး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများနှင့် ယုံကြည်မှု တည် ဆောက်ရာတွင် အက်ကြောင်းထင်စေနိုင်သောကြောင့်ဖြစ်သည်။ လက်ရှိမြေသိမ်းဥပဒေဘောင် အတွင်းမှပင် ပိုမိုကောင်းမွန်သော ဌာနတွင်းညွှန်ကြားချက်များ ဖြည့်စွက်၍ trial law ဥပဒေ ရှေ့ပြေး လုပ်ထုံးလုပ်နည်းအနေဖြင့် စမ်းသပ်ကျင့်သုံးကာ အတွေ့အကြုံများကို ပြန်လည်သုံးသပ် ၍ ပိုမိုကောင်းမွန်ပြည့်စုံသော ဥပဒေရေးဆွဲရေးကို ကြိုးပမ်းဆောင်ရွက်သင့်ပေသည်။
လက်ရှိ ပြည်သူ့အစိုးရလက်ထက်တွင် အထူးစိုးရိမ်စရာကောင်းသော မူဝါဒရေးရာ ကိစ္စ တရပ်မှာ ယခင်အစိုးရလက်ထက် နိုင်ငံတဝန်း တိုင်းရင်းသားပြည်သူအများစုဖြင့် ဆွေးနွေး တိုင်ပင်ညှိနှိုင်းကာ ရေးဆွဲထားသော National Land Use Policy(NLUP) နိုင်ငံလုံးဆိုင်ရာမြေအသုံးချမှုမူဝါဒပါ အရေးကြီးအချက်များကိုပယ်ချ၍ အသစ်ရေးဆွဲရန် ပြည်ထောင်စု လွှတ်တော် သို့ တင်ပြသော လွှတ်တော်မူဝါဒရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာရေးကော်မရှင်၏ အကြံ ပြုတင်ပြချက်ဖြစ်သည်။ အဆိုပါ NLUP သည် ဖက်ဒရယ်ငြိမ်းချမ်းရေးကိစ္စများအတွက် အထောက်အကူဖြစ်အောင် ပြီးပြည့်စုံအောင်ကောင်းသော မူဝါဒ မဟုတ်သော်ငြားလည်း တိုင်း ရင်းသားဒေသများအတွင်း ပိုမိုကောင်းမွန်သည့် မြေယာစီမံခန့်ခွဲရေး ဖြစ်စေနိုင်သော အကျိုး ရှိသည့်အချက်အလက်၊ အခြေခံမူများပါဝင်ပေသည်။ ဥပမာအားဖြင့် ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာမြေယာစီမံခန့်ခွဲမှုကို အသိအမှတ်ပြုခြင်း၊ လွတ်လပ်စွာ ကြိုတင်အသိပေး သဘော တူညီချက်ရယူခြင်းဆိုင်ရာ (FPIC) အခြေခံမူများကိုကျင့်သုံးခြင်း၊ အမျိုးသမီးများ၏ တန်းတူညီမျှ မြေယာလုပ်ကိုင်ပိုင်ဆိုင်နိုင်ခွင့်ကို အကာအကွယ်ပေးခြင်း၊ မြေယာအငြင်းပွားမှုများကို လက် တွေ့ကျကျ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ခြင်း အစရှိသည့်အချက်များ ပါဝင်ပြဋ္ဌာန်းထား သည်။ ဤ NLUP ကိုပင်အခြေခံ၍ မြေယာနှင့်သယံဇာတဆိုင်ရာ အာဏာခွဲဝေကျင့်သုံးခြင်း ဆိုင်ရာ သဘောတူညီချက်များ ဖြည့်စွက်လိုက်ခြင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လျင်မြန်စွာ ပြီးမြောက်စေရန် အထောက်အကူများစွာ ဖြစ်စေမည်ဖြစ်သည်။ ဤ အရေးပါသောအချက်ကို မျက်ကွယ်ပြု၍ တိုင်းရင်းသားများ တက်ကြွစွာ ပါဝင်ရေးဆွဲထားသည့် NLUP ကို မည်သည့် အတွက်ကြောင့် အထူးကိစ္စရပ်များကော်မရှင်က ရပ်ဆိုင်း၍ ပြန်လည်ရေးဆွဲစေရန် အကြံပြုခြင်း ကို နားမလည်နိုင်အောင်ဖြစ်မိသည်။ သို့ဖြစ်၍ တာဝန်ရှိအစိုးရအဖွဲ့နှင့် လွှတ်တော်ကလည်း ဤအချက်ကို အလေးအနက်ထား၍ ပြန်လည်သုံးသပ် စဉ်းစားလုပ်ဆောင်သင့်သည်ဟု ထင်မြင် ပါသည်။

(ခ) သစ်တောနှင့် ဇီဝထိန်းသိမ်းရေးနယ်မြေများ
စီမံခန့်ခွဲရေးဆိုင်ရာ ပတ်ဝန်းကျင် တရားမျှတမှုကိစ္စ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲခြင်းသည် သာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းပြ၍ သစ်တောနှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည်လည်း ပတ်ဝန်းကျင်တရားမျှတမှုနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက် နွယ်လျက်ရှိသည်။ သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ ရှေ့မီနောက်မီပုဂ္ဂိုလ်များ၏အဆိုအရ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်သို့ ကိုလိုနီအဖြစ်ကျရောက်သည့် ၁၈၈၅ ခုနှစ် အချိန်အခါ ကာလလောက် က မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် တနိုင်ငံလုံး၏ ၇၀ နှင့် ၇၅ ရာခိုင်နှုန်းအကြားတွင် ရှိမည်ဟု ခန့်မှန်းကြသည်။ ကမ္ဘာစစ်များကြောင့် သစ်တောပြုန်းတီး ပျက်စီးခဲ့ရသည်ဆိုသော် လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကာလ ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်) ကြားတွင် သစ်တောဖုံးလွှမ်းမှုမှာ အားကောင်းဆဲဖြစ်ကာ ၆၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။ ပထမဆုံးအကြိမ် ဂြိုဟ်တုဓာတ်ပုံများသုံး၍ ခန့်မှန်းတွက်ချက်သော ၁၉၇၅ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ ၆၁ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်း လူထု အုံကြွမှုများဖြစ်ပြီးနောက် တက်လာသည့် တပ်မတော်အစိုးရ တာဝန်ယူကာစတွင် သစ် တောဖုံးလွှမ်းမှုမှာ ၅၉ ရာခိုင်နှုန်းခန့်ဖြစ်သော ကြောင့် ၁၉၇၅ ခုနှစ် အခြေအနေနှင့် နှိုင်း ယှဉ်ပါက မဆိုသလောက်သာ နှစ်ပေါင်း ၁၃ နှစ်အတွင်း သစ်တောဆုံးရှုံးမှုများ ဖြစ်ခဲ့သည် ဟု ဆိုနိုင်မည်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် တနှစ်လျှင် ၀ ဒသမ၂၆ ရာခိုင်နှုန်းခန့်သာ ရှိပေသည်။ သို့သော် သစ်တောပျက်စီးပြုန်းတီးမှုနှုန်းမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း တာဝန် ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သိသိသာသာမြင့်တက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ ၁၀ နှစ်တာ ကာလ အတွင်း ၅၂ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။ ပြုန်းတီးမှုနှုန်းမှာ တနှစ်လျှင် ၁ ဒသမ ၁၈ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ထိုမှစ၍ သစ်တော ပြုန်းတီးမှုနှုန်းမှာ တစ်ရာခိုင်နှုန်းပတ်လည်၌ ဆက်တိုက်ရှိနေပြီး ဒီမိုကရေစီပြုပြင်ရေးများ စတင်လုပ်ဆောင်သည့် စစ်အစိုးရတပိုင်း သမ္မတ ဦးသိန်းစိန်လက်ထက် မတိုင်ခင် ၂၀၁၀ ပြည့်နှစ်တွင် တနိုင်ငံလုံးအကျယ်အဝန်း၏ ၄၇ ရာခိုင်နှုန်း ခန့်သာ သစ်တောများ ကျန်တော့သည်ဟု FAO Forest Resource Assessment အရ ဖော်ပြ ထားသည်။ အခြား သုတေသနတခုဖြစ်သော အမေရိကန်နိုင်ငံမှ ထင်ရှားသည့် သိပ္ပံအဖွဲ့စည်း ဖြစ်သော Smithsonian Bio-diversity Institute မှ ရိုက်ကူးသည့် ဂြိုဟ်တုဓာတ်ပုံများ လေ့လာ ဆန်းစစ်ချက်အရ ၂၀၁၄ ခုနှစ်တွင် ရွက်အုပ်များပိတ်လျက် ရှားပါးတောတိရိစ္ဆာန်များ ခိုနား ကျက်စားရန်ကောင်းသော သစ်တော (intact forest) ဖုံးလွှမ်းမှုမှာ တနိုင်ငံလုံးအတိုင်းအတာ၏ ၂၄ ရာခိုင်နှုန်း (ဟက်တာ ၁၆သန်း) သာ ကျန်တော့ပြီး တောပျက်တောညံ့များရောနှောနေသည့် ရွက်အုပ်ပွင့်သစ်တောများ (open forest) မှာ ၃၉ ရာခိုင်နှုန်းမျှ တွေ့ရှိရသည်။ (မှတ်ချက်။ သစ်တောဖုံးလွှမ်းမှု တွေ့ရှိချက်များမှ သစ်တောဟူသော အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အသုံးပြု သော သုတေသနနည်းစနစ်များအပေါ်တွင်မူတည်၍ တွေ့ရှိချက် ကွာခြားနိုင်ပါသည်)
သစ်တောများပျက်စီးပြုန်းတီးမှု များပြားလာသည်နှင့်အမျှ သစ်တောသယံဇာတမှာ လည်း လျော့ပါးလာပြီး သစ်တောများကို စီးပွားရေးအကျိုးအမြတ်များအတွက် အသုံးပြုလိုသည့် အစိုးရ (ကုန်သည်များအပါအဝင်)နှင့် နေ့စဉ် လူမှုဘ၀ တည်ငြိမ်ရပ်တည်ရေးအတွက် လို သလောက်သာ အသုံးပြုထိန်းသိမ်းလိုသည့် တိုင်းရင်းသား ဒေသခံပြည်သူများအကြားတွင် ယှဉ်ပြိုင်မှုများ ပြင်းထန်လာသလို ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်မှုများ တနေ့ထက်တနေ့ ပိုမိုကြီး ထွားလာပေသည်။ သစ်တောစီမံခန့်ခွဲမှု အစဉ်အလာအားဖြင့် စီးပွားဖြစ်သစ်မျိုးသစ်ပင်များ ပေါက်ရောက်မှုကောင်းသည့် ရွက်အုပ်ပိတ်တောများကို အစိုးရက သစ်ထုတ်လုပ်ရန် အဓိက ရည်ရွယ်၍ သစ်တောကြိုးဝိုင်းများ ဖွဲ့စည်းလေ့ရှိသည်။ ၂၀၁၆ ခုနှစ် စာရင်းများအရ မြေပြင်တွင်တိုင်းတာဖွဲ့စည်းထားသော သစ်တောကြိုးဝိုင်းဧရိယာ ဟက်တာ ၁၇ သန်း ရှိ၍ တနိုင်ငံလုံး အကျယ်အဝန်း၏ ၂၆ ရာခိုင်နှုန်းခန့် ရှိပေသည်။ သို့သော် ဂြိုဟ်တုဓာတ်ပုံအမြင်အရ အဆိုပါ သစ်တောကြိုးဝိုင်းများတွင် စုစုပေါင်း ဧက ၁၇ သန်း အနက် ၂၇ ရာခိုင်နှုန်းနှင့်ညီမျှသော ဟက် တာ ၄ ဒသမ ၇ သန်းခန့်ကသာ တောကောင်းများအဖြစ်တည်ရှိပြီး တောညံ့များအနေဖြင့် ဟက် တာ ၉ ဒသမ ၆ သန်း (၅၅ ရာခိုင်နှုန်း)ကို တွေ့ရှိရပေသည် (ပုံ-၁)။

ရည်ညွှန်း ။ ECODEV (2014), Myanmar Forest Cover Change (2012-2014) Yangon အစီရင်ခံစာပါ အချက်အလက်များအပေါ်တွင် အခြေခံတွက်ချက်သည်။

အလားတူပင် ဇီဝမျိုးစုံကွဲပြားကြွယ်ဝမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ကာကွယ်သည့် အဆင့်အတန်းအလိုက် ဖွဲ့စည်းသော အမျိုးသားဥယျာဉ် (National Park)၊ သားငှက်တိရိစ္ဆာန် ဘေးမဲ့ကာကွယ်တော (Wildlife Sanctuary) အစရှိကဲ့သို့သော ဇီဝထိန်းသိမ်းရေးနယ်မြေ (Protected Area System-PAS) များတွင်လည်း တောပျက်တောညံ့ဧရိယာမှာ စုစုပေါင်း ဟက်တာ ၅ ဒသမ ၄ သန်းအနက် ၁ ဒသမ ၁ သန်းခန့်ရှိသောကြောင့် ၂၀ ရာခိုင်နှုန်းခန့် ရှိနေပေသည် (တောကောင်းဧရိယာမှာ ၃ ဒသမ ၇ သန်း ဟက်တာ ၆၈ ရာခိုင်နှုန်းဖြစ်ပြီး ကျန်ရှိသည်တို့မှာ သစ်တောမဟုတ်သော မြေနေရာများနှင့် စိုက်ခင်းများဖြစ်သည်)။ တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် အထက်တွင်ညွှန်းဆိုခဲ့သလို တောကောင်းဧရိယာ ဟက်တာ ၁၆ သန်းရှိသည်ဟု ဂြိုဟ်တုဓာတ်ပုံမှ ပြဆိုထားရာ ယင်းတို့အနက် ဟက်တာရှစ်သန်းမှာ သစ်တောကြိုးဝိုင်းများနှင့် ဇီဝထိန်းသိမ်းရေး နယ်မြေများအဖြစ်တည်ရှိပြီး ကျန်တဝက် ၅၀ ရာခိုင်နှုန်း ဟက်တာရှစ်သန်းမှာ တောရိုင်းများအဖြစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်း သတ်မှတ်မြေအမျိုးအစားအဖြစ် မှတ်ယူနိုင်ပါ သည်။
အောက်ဖော်ပြပါ အကြောင်းတရား အခြေအနေများကြောင့်လည်း အဆိုပါကျန်ရှိသော ကြိုးပြင်သစ်တော ဟက်တာရှစ်သန်းမှာလည်း ပတ်ဝန်းကျင်တရားမျှတမှုရေးရာ အန္တရာယ်များ ပေါက်ပွားပြန့်နှံ့ကူးစက်၍ ငြိမ်းချမ်းရေးကိုထိပါးနိုင်သည့် ဘူမိနက်သန်အဖြစ် တည်ရှိနေပေသည်။
ပဲခူးရိုးမသစ်တောများတွင် သုတေသနလေ့လာတွေ့ရှိချက်တခုအရ ကြိမ်ဖန်များစွာ သစ်ထုတ်ခြင်းခံရသော သစ်တောကြိုးဝိုင်းအကွက်များ၌ (ပျက်စီးပြုန်းတီးနေသော တောပွင့် တောညံ့လိုနေရာများတွင်) သစ်ပင်များပေါက်ရောက်မှု သိပ်သည်းဆ (tree density) မှာ တဟက်တာတွင် အပင် ၂၀ သာတွေ့ရပြီး သစ်ထုတ်ခြင်း သိပ်မခံရသေးဟုယူဆရသော ကြိုးဝိုင်း အကွက်များတွင် (ရွက်အုပ်ပိတ်တောကောင်းများကဲ့သို့နေရာ) တဟက်တာတွင် ၁၆၅ ပင်ခန့် ကျန်သေးသည်ကို ကြည့်ခြင်းအားဖြင့် ကြိုးဝိုင်းများ၏ တောပျက်တောညံ့များတွင် စီးပွားဖြစ် သစ် ထုတ်နိုင်စွမ်းမှာ များစွာ ကျဆင်းသွားပြီဖြစ်သည်။ သစ်ပင်များအနက် အဖိုးတန်သစ်ဖြစ်သည့် ကျွန်းသစ်နှင့် ဈေးကွက်ဝင် ပိတောက်၊ ပျဉ်းကတိုးကဲ့သို့သော သစ်မာမျိုးကိုကြည့်ပါက တော ကောင်းများတွင် စုစုပေါင်းလက်ကျန် ပေါက်ရောက်နေသောအပင်များ၏ ၂၀ ရာခိုင်နှုန်းခန့် တွေ့နေရသေးသော်လည်း တောညံ့များတွင် တပင်မျှ မကျန်ရှိတော့ပေ။ သို့ဖြစ်၍ သစ်တော ကြိုးဝိုင်းများထဲရှိ ရွက်အုပ်ပိတ်တောများအပေါ်တွင် မှီခို၍ စီးပွားဖြစ်သစ်ထုတ်ရန်မှာ ဖြစ်နိုင်ခြေ နည်းသွားသည့်အလျောက် ပြည်တွင်းသုံး သစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် အစိုးရ၏ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်သော မြန်မာ့သစ်လုပ်ငန်းရှိ ဝန်ထမ်း ၁၇၀၀၀ ကျော်ကို အလုပ် အကိုင် ဆက်ပေးထားနိုင်ရန် သစ်တောကြိုးဝိုင်းအဖြစ် မဖွဲ့စည်းရသေးသည့် ရွက်အုပ်ပိတ်တော ကောင်း ကြိုးပြင်သစ်တောဧရိယာ (သစ်တောဌာနမှ အများဆိုင်သစ်တောဟု တရားဝင်သုံးစွဲ ခေါ်ဝေါ်၍ စိုက်ပျိုးရေး၊ မြေစာရင်းဌာနမှ တောရိုင်းဟုသုံးစွဲသော မြေလွတ်၊ မြေရိုင်း အမျိုးအစား) များတွင် သစ်ထုတ်လုပ်သွားရမည့် အခြေအနေမျိုးဖြစ်သည်။ အဆိုပါ ကြိုးပြင်သစ်တော ရွက် အုပ်ပိတ် တောကောင်းဧရိယာမှာ တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဟက်တာ ရှစ်သန်း (တနိုင်ငံလုံးအကျယ်အဝန်း၏ ၁၂ ရာခိုင်နှုန်း)ခန့်ရှိပြီး အများစုမှာ ကချင်၊ စစ်ကိုင်း၊ ရှမ်း၊ ကယား၊ ကရင်၊ တနသာFရီ၊ ရခိုင်နှင့် ချင်းတို့တွင်သာ ကျန်တော့ရာ တိုင်းရင်းသားများ မိရိုးဖလာထုံးစံအရ အသုံးပြုနေသည့် သစ်တောများတွင် အပြိုင်သစ်ထုတ်ရမည့်ကိန်း ဖြစ်သည်။ ထုတ်ယူရရှိသော သစ်အများစုမှာလည်း ပြည်ပပို့ရန်သာအဓိကဖြစ်ပြီး ပြည်တွင်းသုံးဖြန့်ဖြူးရောင်းချမှုမှာ မပြောပ လောက်ပေ (ပုံ-၂)။ လွှတ်တော်၌ ပြည်သူ့ကိုယ်စားလှယ်များက သက်ဆိုင်ရာဒေသများတွင် သစ်ထုတ်သည့်ပမာဏနှင့် ဒေသသုံးဖြန့်ဖြူးမှုအတွက် အစီအစဉ်များကို မကြာခဏ မေးမြန်း သည်ကို တွေ့ရသည်။ ပြည်တွင်းဖြန့်ဟုဆိုရာလည်း အများစုမှာ ဗမာပြည်မမြို့ကြီးများတွင်သာ ဖြန့်ဖြူးပေးခြင်းဖြစ်သည်ကို တွေ့နိုင်ပါသည်။ မကြာသေးခင်ကလည်း ရခိုင်ပြည်နယ်အစိုးရက ၎င်းတို့အား ကြိုတင်အသိပေး သဘောထားမှတ်ချက်တောင်းခံမှုမရှိဘဲ မြန်မာ့သစ်လုပ်ငန်းမှ ယခုနှစ်အတွင်း သစ်ထုတ်လုပ်ခြင်းကိုမေးမြန်းခဲ့ရာ တိုင်းရင်းသားဒေသများကို ထည့်သွင်းမစဉ်း စားဘဲ ဗဟိုမှထိန်းချုပ်မှုလွန်ကဲသည့် သစ်တောစီမံခန့်ခွဲမှုပုံစံကို သိသာစွာမြင်တွေ့နိုင်ပေသည်။

အခြားထင်ရှားသောသာဓကမှာလည်း ထားဝယ်ခရိုင်တွင် ၂၀၁၇ ခုနှစ် သစ်ထုတ်ရေး အတွက် ကျေးရွာများ၏ မိရိုးဖလာအရ ထိန်းသိမ်းထားသည့် အစုအဖွဲ့ပိုင် သစ်တောများတွင် ပင်ထောင် ဝင်ရိုက်ခြင်းဖြစ်သည်။ သစ်ထုတ်ရန်သတ်မှတ်ထားသော သစ်တောဧရိယာနှင့် ကြိုးဝိုင်းအကွက်များတွင် သစ်ထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာမှ အရွယ်အစားသတ်မှတ်ချက် ပြည့်မီသောအပင်များကို မခုတ်လှဲမီ ဝင်ရောက်သတ်မှတ်၊ အမှတ်အသားပြုလုပ်ပြီး မြန်မာ့ သစ်လုပ်ငန်းသို့ပေးအပ်ကာ မြေပုံနှင့်တကွ သတ်မှတ်ထားသော အဆိုပါပင်ထောင်များ ကို သစ်ခုတ်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် အဖွဲ့များက ရှာဖွေခုတ်လှဲ၊ ထုတ်လုပ်လေ့ရှိ ကြသည်။ အပင် ၃၀၀၀ ခုတ်ယူရန်ရှိသည် အနက် အပင် ၂၀၀၀ ကျော် ပင်ထောင် သတ်မှတ်ပြီးသည့်အချိန်ကျမှသာ ဒေသခံ များက တွေ့ရှိပြီး တရားဝင်ကန့်ကွက်သဖြင့် အဆိုပါဒေသများတွင် သစ်ထုတ်ရန် ပယ် ဖျက်ပေးလိုက်ပေသည်။ ဤကိစ္စတွင် အဓိက သတိပြုနိုင်သည့် အချက်နှစ်ချက်ရှိပေသည်။
ပထမတချက်မှာ အစိုးရကအသုံးပြု သော မြေစာရင်း၊ မြေပုံများ မှန်ကန်တိကျမှု နည်းပါး၍ လက်တွေ့အခြေအနေနှင့် ကွဲလွဲ နေခြင်းဖြစ်သည်။ မြေပုံနှင့် သက်ဆိုင်ရာ စာရင်းဇယားများကို အချိန်နှင့်တပြေးညီ တိုးတက်ကောင်းမွန်အောင် မှတ်တမ်း ပြင် ဆင်ပြုစုခြင်း မဆောင်ရွက်နိုင်သောအခါ သက်ဆိုင်ရာ ဌာနတခုအတွင်းမှာသော်လည်းကောင်း၊ အခြား ဆက်စပ်အဖွဲ့အစည်း ဌာနများနှင့်သော်လည်းကောင်း အချက်အလက်များ မကိုက်ညီ သောကြောင့် ပြဿနာတက်လေ့ရှိကာ အငြင်းပွားမှုများတိုးပွားရသည်။ တိုင်းရင်းသားဒေသ အပစ်အခတ်ရပ်စဲထားသော နေရာဒေသများတွင်ဖြစ်ပါက အခြေအနေများကို တင်းမာစေနိုင်ပါ သည်။ ဒုတိယအချက်မှာ သစ်ထုတ်ကိစ္စရေးများတွင် UNDRIP ပါ စံနှုန်းများအတိုင်း လွတ်လပ်စွာ ကြိုတင်အသိပေး သဘောတူညီချက် FPIC ကျင့်သုံးရေးဖြစ်သည်။ တည်ဆဲဥပဒေအရ သစ်တော ကြိုးဝိုင်းများသည် သစ်တောဦးစီးဌာန၏ စီမံခန့်ခွဲပိုင်ခွင့်အောက်တွင်ရှိပြီး အခြားနယ်မြေများ သည်လည်း သစ်တောဖုံးလွှမ်းမှုရှိပါက ပေါက်ရောက်ရာနယ်မြေကို စီမံခန့်ခွဲရန် လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းမထားသော်လည်း ပေါက်ရောက်သော သစ်ပင်များအတွက် စီမံဆုံးဖြတ်နိုင်ခွင့် အာဏာကို ပေးအပ်ထားပေသည်။ ဤအချက်ကြောင့်ပင် သစ်တောဦးစီးဌာနအနေဖြင့် တိုင်း ရင်းသားဒေသများရှိ ကြိုးပြင်သစ်တောများတွင် သစ်ထုတ်ခြင်းမှာ မည်သူ့ထံမှ ခွင့်တောင်းစရာ မလိုဘဲ ဥပဒေအရအပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာအရ ဆောင်ရွက်သည်ဟု ဆိုနိုင်ပေ သည်။
သစ်တောကြိုးဝိုင်းဖွဲ့စည်းခြင်းစနစ်မှာ အင်္ဂလိပ်ကိုလိုနီလက်ထက်က တီထွင်ဖန်တီး ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ဥပဒေအာဏာသက်ရောက်မှုမှာ မြန်မာပြည်မဒေသများနှင့် ပိုမို သက်ဆိုင် အကျူံးဝင်ပြီး တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသများတွင် အင်္ဂလိပ်က သီးခြား ဥပဒေများပြဌာန်းကာ မြေယာစီမံခန့်ခွဲမှုများကို သက်ဆိုင်ရာ တိုင်းရင်းသားဒေသအကြီးအကဲ များကို ပေးအပ်ခဲ့သည်ဖြစ်သောကြောင့် သစ်တောကြိုးဝိုင်းဆိုင်ရာ အာဏာအကန့်အသတ်ကို သတိပြုဆင်ခြင်ရာ၏။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဥပဒေများ နိုင်ငံနှင့်တဝန်း တပြေးညီ အာဏာသက်ရောက်အောင် ဆောင်ရွက်ကြိုးပမ်းခဲ့သော်လည်း ပြည်တွင်းစစ်များကြောင့် အုပ် ချုပ်ရေးအာဏာသက်ရောက်မှုမှာ အကန့်အသတ်များရှိဆဲဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် များအတွင်း အစိုးရ၏ အုပ်ချုပ်ရေးအာဏာ သက်ရောက်နိုင်သောဒေသများ ကျယ်ပြန့်လာသော အခါ ဥပဒေစိုးမိုးရေးအတွက် ပြဋ္ဌာန်းချက်များ တပြေးညီ လက်ခံကျင့်သုံးရန်လိုအပ်သည်ဆိုခြင်း အား သံသယဖြစ်စရာမလိုသော်လည်း ယင်းတည်ဆဲဥပဒေများနှင့်အညီ တိုင်းရင်းသားဒေသ များတွင် တရားသေလက်ကိုင်ထား ဆောင်ရွက်သင့်မသင့်ဆိုသည့်ကိစ္စသည် ကာလံ၊ ဒေသံအရ ခြွင်းချက်ဖြင့် လေးလေးနက်နက်စဉ်းစားလာရမည့် ကိစ္စတရပ်ဖြစ်သည်။
တိုင်းရင်းသားများအနေဖြင့်လည်း သမိုင်းကြောင်းဆိုင်ရာ အခွင့်အရေး အစဉ်အလာ ရှိသည်က တကြောင်း၊ လူမှုဘ၀ ရှင်သန်ရပ်တည်ရေးအတွက် မိရိုးဖလာဓလေ့ထုံးစံများအရ လုပ်ရိုးလုပ်စဉ်ကိစ္စများ၊ အခွင့်အရေးများကို ရယူပိုင်ဆိုင် ရှင်သန်ရပ်တည်ရမည် ဖြစ်သည်က တကြောင်း အစိုးရ၏တည်ဆဲဥပဒေပါအချက်များကို နားလည်မသိရှိသလို လိုက်ပါဆောင်ရွက် လိုစိတ်လည်း မရှိကြပေ။ လိုက်ပါဆောင်ရွက်ရပါက ၎င်းတို့အပေါ် တရားမျှတမှုမရှိစွာ နိုင်ထက် စီးနင်းပြုကျင့်သည်ဟု နက်နက်ရှိုင်းရှိုင်း ခံယူလေ့ရှိကြသည်။ ဤသည်မှာပင် ဗမာအများစုနှင့် တိုင်းရင်းသား လူနည်းစုများအကြား နားလည်ခံယူကျင့်သုံးပုံ ကွာဟခြင်းကိုပြသနေပြီး ယင်း အကွာအဟ၊ အက်ကြောင်းပမာဏ အနည်းအများကပင်လျှင် ပဋိပက္ခများ၏အခြေခံ ဖြစ်နေပေ တော့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်တွင်ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ (Citizen’s Budget) အရ နိုင်ငံတော်သို့ဘဏ္ဍာရေးထည့်ဝင်ငွေ အများဆုံးပေးသွင်းရန်ရှိသည့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့စည်းငါးခု ဖော်ပြရာတွင် မြန်မာ့သစ်လုပ်ငန်းမှာ တခုအပါအဝင်ဖြစ်သောကြောင့် သစ်တော ကဏ္ဍမှဝင်ငွေသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် အစိတ်အပိုင်း တရပ်ဖြစ်ဆဲဆိုသည်မှာ ထင်ရှားလှပေသည်။ ဤသည်ကိုငဲ့ကွက်၍ အထက်က ဆွေးနွေးခဲ့သည့် အချက်များကို မျက်ကွယ်ပြုကာ သစ်ထုတ်လုပ်မှုများကို ပိုနေမြဲ၊ ကျားနေမြဲ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပါက ရေရှည်တွင် တိုင်းရင်းသားလှုပ်ရှား တက်ကြွ သူများ စွပ်စွဲသည့် ဗမာလူမျိုးများ လွှမ်းမိုးချုပ်ကိုင်ကြီးစိုးရေးကို သက်သေထူနေသကဲ့သို့ ရှိပေ မည်။ လိုအပ်ချက်အရ သစ်ထုတ်ရမည်ဆိုပါကလည်း လုပ်မြဲလုပ်ရိုးအတိုင်း မလုပ်ဆောင်သင့် တော့ဘဲ ဒေသခံများအကျိုးရှိမည့် ၎င်းတို့ကိုယ်တိုင် စီမံခန့်ခွဲဆုံးဖြတ်လုပ်ဆောင်သည့် သစ် တောစီမံခန့်ခွဲမှုမျိုးကို ပြောင်းလဲဖို့လိုအပ်နေပြီဖြစ်သည်။ တနည်းအားဖြင့် ပြည်ပတင်ပို့မှု အခြေခံ သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု (Export led Forest Administration) မှ ပြည်သူ့ ရှေ့ဆောင် သစ်တောများစီမံခန့်ခွဲထိန်းကျောင်းမှု (Pro-actively People led Forest Stewardship & Governance) ကို Paradigm shift ခေတ်လိုအပ်ချက်နှင့်အညီ အမြင်ပြောင်းလဲ ရဲရဲဝံ့ဝံ့ ဖော်ဆောင်သင့်ပြီဖြစ်သည်။
သစ်တောနှင့်ပတ်သက်၍ အပ်ကြောင်းထပ် ဓာတ်ပြားတချပ်မှာ တရားမဝင် သစ်ခိုး ထုတ်မှုများပင် ဖြစ်သည်။ တရားမဝင်သစ်ခိုးထုတ်မှု ကာလတန်ဖိုးမှာ တရားဝင်သစ်ထုတ်လုပ်မှု မှရရှိသော အကျိုးအမြတ်ထက် များစွာမြင့်မားပြီး အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွက် အခွန်အခ ရပေါက်ရလမ်းတခု ဖြစ်နေသည်ဟု လေ့လာပြောဆိုနေသူများ ရှိကြပေသည်။ ဤသည်မှာ အတည်ပြုရန်ခက်ခဲသော်လည်း ငြင်းဆိုရန်လည်း မလွယ်သောအချက်လည်း ဖြစ် သည်။ ဒေသခံများအနေဖြင့်လည်း မိမိတို့တသက်လုံး မိရိုးဖလာထုံးစံအရ ရွာနီးချုပ်စပ် သဘာ၀ သစ်တောများကို ထိန်းသိမ်းလေ့ရှိကြသော်လည်း အဆိုပါတောများကို အကြောင်းအမျိုးမျိုး ကြောင့် ပြင်ပအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များက ထုတ်ယူအသုံးချသွားသည်များကို တွေ့လာရသောအခါ ဒေသခံများကိုယ်တိုင်ကပင် သစ်တောများကို ခုတ်ယူရောင်းချလာသည်မှာ ရောဂါတခုလို ပြန့် ပွားလျက်ရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင်လည်း ကျေးရွာအတွင်း ပါးရည်နပ်ရည်ရှိသူ၊ ဩဇာ အာဏာရှိသူ လူတစုကပင် အကျိုးရှိ၍ သစ်ခုတ်ရောင်း၍ရသောငွေဖြင့် ကျေးရွာအတွင်း ကျောင်းဆောက်မလိုလို၊ လျှပ်စစ်မီးပေးမလိုလို၊ လမ်းတံတားဖောက်မလိုလိုဖြင့် မည်မည်ရရ မရှိဘဲ သစ်တောများပြုန်းတီးပျက်စီးကာ ကျေးရွာသူရွာသားများမှာ ဒုက္ခရောက်ရခြင်းဖြင့်ပင် အဆုံးသတ်လေ့ရှိသည်။
တရားမဝင်သစ်ခိုးထုတ်မှုမှာ စီးပွားရေးအရ အကျိုးအမြတ်ကြီးမားသည့်အလျောက် သစ်ထွက်ရာဒေသများ၊ ဈေးကွက်ရှိရာနယ်စပ်များသို့ တရားမဝင် သယ်ယူပို့ဆောင်သည့်လမ်းကြောင်းများကို နယ်မြေစိုးမိုးမှုအရ ချုပ်ကိုင်နိုင်အောင် ကြိုးပမ်းမှုများမှာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိပါးထိခိုက်စေပါသည်။ ငြိမ်းချမ်းရေးတွင် ပါဝင်ဆက်စပ်နေသော နှစ်ဖက် လက်နက်ကိုင် အဖွဲ့များမှ တာဝန်ရှိသူများသည် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် အဂတိလိုက်စားကာ မလျော် ဩဇာသုံး၍ တရားမဝင်ခိုးထုတ်မှုများကို အကာအကွယ်ပေးလျက်ရှိသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိသော်လည်း ခိုင်ခိုင်မာမာ တရားဝင်သက်သေပြနိုင်ခြင်းတော့ မရှိပေ။ အကယ်၍ တပ်မတော် လက်အောက်ခံ ဒေသဆိုင်ရာပြည်သူ့စစ်များက တရားမဝင်သစ်ထုတ်လုပ်မှုမျိုး၊ ကျူးလွန်မှုမျိုး ရှိပါက တည်ဆဲသစ်တောဥပဒေများအရ သစ်တောဦးစီးဌာနက အရေးယူနိုင်ရန် မဖြစ်နိုင်ဘဲ တပ်မတော်၏ တည်ဆဲဥပဒေအရသာ အပြစ်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့စည်းများကို အရေးယူနိုင်မည် ဖြစ်သည်။
တရားမဝင်သစ်သူခိုးများအား ဖမ်းဆီးအရေးယူရန်ကြိုးပမ်းသည့် သစ်တောအရာရှိများ ကို ရှမ်းပြည်နယ်အလယ်ပိုင်း၌ လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံရသည့် အဖြစ်အပျက် ၂၀၁၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည်။ တရားမဝင်သစ်ခိုးမှုများနှင့်ပတ်သက်၍ အန္တရာယ်များသည့် အလျောက် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်မှုရှိသည်ဆိုသော သံသယကြောင့် သက်ဆိုင်ရာ တာဝန်ရှိ သစ်တောဦးစီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ဆက် လက်လုပ်ကိုင်ဆောင်ရွက်ရန် တွန့်ဆုတ်နေမည်ဖြစ်ကာ လက်တွေ့တွင် ဥပဒေစိုးမိုးရေး ဆောင် ရွက်နိုင်မှုရှိမည်မဟုတ်ပေ။ ဆိုးသွမ်းနှောင့်ယှက်နေသော ကြောင်ပေါက်စကလေးကို ကြွက်များ ကဖမ်း၍ ကြောင်သူတော်အမေကြီးကို သွားတိုင်သည့်အဖြစ်နှယ် တူနေပေလိမ့်မည်ဖြစ်သည်။ ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နေသော တရားမဝင် သစ် ခိုးမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ ဥပဒေအထက်တွင်နေ၍ ကင်းလွတ်နေသူများရှိပါက ပတ်ဝန်း ကျင်ရေးရာတရားမျှတမှု ဆောင်ရွက်ခြင်းမှာ ရယ်ဖွယ်လိလိ ဖြစ်နေပေလိမ့်မည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးကိုလိုလားသူ တာဝန်ရှိသူများအနေဖြင့် အဆောတလျင်ဆောင်ရွက်ရန် အချက် နှစ်ချက်ကို တင်ပြလိုသည်။
ပထမအချက်မှာ Redressing mechanism on illegal logging and resource conflict ဟု ဆိုရမည်ဖြစ်သော တရားမဝင်သစ်ခိုးမှုများနှင့် ဆက်စပ်ဖြစ်ပေါ်ကာ အပစ်အခတ် ရပ်စဲရာ နေရာများတွင် ဒေသလူမှုဘဝတည်ငြိမ်ရေးကို ပျက်ပြားစေကာ ငြိမ်းချမ်းရေး ပျက်ပြားစေနိုင် သည်အထိ ခြိမ်းခြောက်နိုင်သော ပတ်ဝန်းကျင်ရေးရာပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အထူးအဖွဲ့ကို လက်ရှိ ငြိမ်းချမ်းရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်ဖွဲ့စည်းထား သည့် ပူးတွဲအဖွဲ့ Joint Monitoring Committee (JMC) အောက်တွင် ဖွဲ့စည်းထားရှိ ဖြေရှင်း ဆောင်ရွက်သွားရန်ဖြစ်သည်။ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းလမ်းညွှန်များလည်း လိုအပ်သလို ကျွမ်းကျင်သူများနှင့် ညှိနှိုင်းရေးဆွဲသွားရန် လိုအပ်မည်ဖြစ်ပေသည်။ ဒုတိယအချက်မှာ လက်ရှိ အစိုးရက ဥရောပသမဂ္ဂနှင့် သဘောတူညှိနှိုင်းရန် ကြိုးပမ်းဆောင်ရွက်နေသည့် တရားဝင် သစ် တောထွက်ပစ္စည်းများ ကူးသန်းရောင်းဝယ်ဖောက်ကားရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော သစ်တောစီမံခန့်ခွဲမှု တိုးမြှင့်ရေးလုပ်ငန်းအစီအစဉ် (Forest Law Enforcement Governance & Trade-FLEGT) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်နှင့် တပ်မတော်မှ တာဝန်ရှိ အဆင့်မြင့်အရာရှိကြီးများအနေဖြင့် အဆိုပါလုပ်ငန်းအရဖွဲ့စည်းသော အဖွဲ့များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရေး ကြိုးပမ်းရန်ပင် ဖြစ်သည်။
တရားမဝင် သစ်ခိုးထုတ်ခြင်းများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာကောင်းသော ကိစ္စတခုမှာလည်း တည်ဆဲ သစ်တောဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြစ်သည်။ ခိုးသစ် များကို ဖမ်းမိသောအခါ သစ်တောပုံစံ(၈)ဖြင့် စာရင်းသွင်း မှတ်တမ်းတင်သိမ်းဆည်း လေ့ရှိသည်။ အဆိုပါသစ်စာရင်းအရ ဖမ်းဆီး ရမိသောသစ်များကို သစ်တောဦးစီးက ပြန် လည်၍ ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ တရားဝင်ပြန်အသုံးပြုနိုင်အောင် ရောင်းချ ပေးလေ့ရှိသည်။ ထိုအခါ အဆိုပါသစ်များမှာ တရားဝင်သစ်များဖြစ်သွားပြီး အခက်အခဲမရှိ တနေရာမှတနေရာ သယ်ယူ ပို့ဆောင်နိုင် ခြင်း၊ ခွဲစိတ် အချောထည်ပြုလုပ် အသုံးပြု နိုင်ပေသည်။ ဤကဲ့သို့ ဖမ်းဆီးသစ်များကို တရားဝင်သစ်ပြန်လည်ဖြစ်အောင် လုပ်ထား သောသစ်များကို အရပ်အခေါ် ပုံစံ(၈)သစ် ဟု ရည်ညွှန်းပြောဆိုကြသည်။ ယခင် တပ်မတော်အစိုးရလက်ထက်တွင် ယင်းပုံစံ(၈) သစ်မျိုး များကို ဒေသဖွံ့ဖြိုးရေးအတွက်သာမက ပြည်ပတင်ပို့နိုင်အောင်အထိပါ မူဝါဒအရခွင့်ပြုပေးခဲ့ရာ တရားမဝင်သစ်များ တရားဝင်အောင်ပြုလုပ်ပေးနိုင်သော စီမံရေးရာထွက်ပေါက်အဖြစ် တည်ရှိ လာပေသည်။ သစ်ထုတ်လုပ်ရေးတင်ဒါများ ချပေးခြင်းမရှိသည့်အလျောက် ခိုးသစ်များကို တရားဝင်သစ်အဖြစ်တင်ပြရန် အခက်အခဲရှိလာသည်နှင့်အညီ သစ်ထုတ်လုပ်သူများ စိတ်တိုင်း ကျသစ်များကို တောတွင်းမှ ခိုးထုတ်လုပ်ကြပြီး သက်ဆိုင်ရာမှ လာ၍ဖမ်းဆီးရန် ခိုးသူများကပင် ကမကထပြု၍ ဆောင်ရွက်ကြသည်။ ခိုးသစ်များ ပုံစံ(၈)စာရင်းဝင်ပြီးပါက အဆိုပါသစ်ခိုးသူများ ကပင် ၎င်းတို့နှင့်နီးစပ်သူ အထက်လူကြီးများ၏ မလျော်ဩဇာကိုအသုံးပြု၍ အဆိုပါသစ်များကို ပြန်လည်လေလံတင်သည့်အခါ ၎င်းတို့ပင် ပြန်လည်ရရှိသွားအောင် ဆောင်ရွက်ကြပြီး နိုင်ငံခြား တင်ပို့မှုများ စီးပွားဖြစ်ဆက်လုပ်ကြသည်။ တရားဝင် သစ်စာရင်းများကို နည်းအမျိုးမျိုးနှင့်ပွားယူ၍ မူလခွင့်ပြုပမာဏထက် ပိုမိုများပြားစွာ ခိုးသစ်များကို ထပ်မံအသုံးပြု အစားထိုးလဲလှယ်၍ အသုံးပြုသောကြောင့် သစ်တောပြုန်းတီးမှုမှာ အတိုင်းအဆမရှိ များပြားလာခဲ့ရသော အကြောင်းတရပ် ဖြစ်နေခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်လက်ထက်တွင် ဤကဲ့သို့ ဆောင်ရွက် ခြင်း လျော့ပါးသွားသည်ဟု ယူဆရသော်လည်း ပုံစံ(၈)သစ်မှာ အသုံးဆက်ဝင်နေသေးသည့် သဘော ရှိပေသည်။
၂၀၁၃ ခုနှစ်တွင် ‘ဝ’ဒေသ လက်နက်ကိုင်များ ရှမ်းပြည်အရှေ့ပိုင်းဒေသတွင် သစ်များ ခုတ်ယူနေစဉ် အစိုးရတပ်များက ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းသဖြင့် စစ်ရေး၊ နိုင်ငံရေး တင်းမာ ခဲ့သည့်သဘော ရှိပေသည်။ နောင်များမကြာမီတွင် အဆိုပါသစ်များကို တရားမဝင်ထုတ်သော ‘ဝ’တပ်ဖွဲ့များကပင် ‘ဝ’ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ပြကာ ပြန်လည်ထုတ်ယူသွားသည်ဟု ကြားသိ ရသဖြင့် ပုံစံ(၈)လုပ်ထုံးလုပ်နည်းကို အသုံးပြု၍ ဖြေရှင်းဆောင်ရွက်ခဲ့သည်ဟု ခန့်မှန်းရသည်။ လက်ရှိအစိုးရလက်ထက်တွင် ပုံစံ(၈)သစ်များကို ပြည်ပတင်ပို့ခွင့် လုံး၀ ပိတ်ပင်လိုက်ပြီဖြစ်သည်။ သို့သော် လိုသလိုသုံးနိုင်သည့် ပုံစံ(၈) သစ်လုပ်ထုံးလုပ်နည်းများမှာ ကျန်ရှိနေသေးရာ တရား မဝင် သစ်များကို တရားဝင်သစ်အဖြစ် လုပ်ဆောင်နိုင်သည့် အုပ်ချုပ်ရေးနည်းလမ်းကို အပြီးတိုင် ပယ်ဖျက်ပြီး သင့်တော်သော အခြားနည်းလည်းများဖြင့် အစားထိုးကာ လိုရာသုံး နိုင်ငံရေး ဂျိုကာအဖြစ် ဘက်လိုက်နေနိုင်မှုကို အဆုံးသတ်အမြစ်ဖြတ်ရန် လိုအပ်ပေသည်။ နှစ်စဉ် ဖမ်းဆီး ရမိသော တရားမဝင်သစ်ပမာဏမှာ မနည်းလှဘဲ ၂၀၁၇ ခုနှစ်အတွင်းတွင် တန်ပေါင်း ၄၀၀၀၀ ခန့်အထိ ရှိသည်ကိုတွေ့ရသောကြောင့် အခြားနိုင်ငံများမှာကဲ့သို့ ဖျက်ဆီးပစ်ရန် မသင့်တော်ဘဲ ဒေသအစိုးရကို သစ်များမဆွေးမြေ့မီ အမြန်လွှဲပေးသင့်ပြီး ဒေသတွင်း ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများနှင့် အခြေခံလူတန်းစားများအတွက် စရိတ်သင့်တော်သော အိမ်ရာဆောက် လုပ်ရေး စီမံချက်တွေအတွက်သာ ပွင့်လင်းမြင်သာစွာ အသုံးပြုနိုင်ဖို့ စီမံဆောင်ရွက်သင့်ပါသည်။ ကောင်းသည့်သစ်များကို ဆုပေးသလိုမျိုး လူကြီးများနှင့်နီးစပ်သူများ အသုံးပြုနိုင်ရန် ခွဲတမ်း ချပေးသောစနစ်ကို လုံး၀ သတိပြုရှောင်ရှားသင့်ပါသည်။
သစ်ထုတ်လုပ်ရေးနည်းတူ ပတ်ဝန်းကျင်တရားမျှတမှုကို ခြိမ်းခြောက်နေသည့် အခြား သစ်တောကဏ္ဍလုပ်ငန်းများမှာ Green grabing ခေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်း ပြ၍ ဌာနေတိုင်းရင်းသားများ၏ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ စွန့်လွှတ်ဆုံးရှုံးရမည့် အရေးဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များတွင် လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံဖြစ်သည့်နည်းတူ အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ချမှတ်ထား သော ပတ်ဝန်းကျင်ရေးရာလျာထားချက်များကို ဥပဒေအရ ချည်နှောင်ထားခြင်းမရှိသော်လည်း နိုင်ငံအလိုက် အကောင်ထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိပေသည်။ United Nations Convention on Biological Diversity (UNCBD) အရ နိုင်ငံအတွင်း ကွဲပြားခြားနားစွာ တည်ရှိနိုင်သော ဂေဟစနစ် အမျိုးမျိုးရှိသည့်အနက် (ဥပမာ- တောင်ပေါ် ရေဝေရွက်ကြွေသစ်တောများ၊ အမြဲစိမ်း သစ်တောများ၊ ကုန်းမြင့်မြက်ခင်းများ၊ ကမ်းရိုးတန်း ဒီရေရောက်တောများ၊ အပူပိုင်း ခြောက်သွေ့ တောများ အစရှိသဖြင့်) ဂေဟစနစ်တခုချင်းဆီအလိုက် အနည်းဆုံး စုစုပေါင်းအကျယ်အဝန်း၏ ၁၇ ဒသမ ၅ ရာခိုင်နှုန်းခန့်အထိ ထိန်းသိမ်းထားနိုင်မှသာလျှင် ပတ်ဝန်းကျင်အရ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မည်ဟုဆိုသော သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ တွေ့ရှိချက်အပေါ်မူတည်၍ အဖွဲ့ဝင်နိုင်ငံများကို ဇီဝထိန်းသိမ်းရေးနယ်မြေ လျာထားချက်များထားရှိရန် တိုက်တွန်းထားသဖြင့် မြန်မာနိုင်ငံသည် လည်း ဆောင်ရွက်ရန်တာဝန်ရှိပေသည်။ လက်ရှိတွင် တည်ဆဲ သစ်တောမူဝါဒအရ သစ်တော ကြိုးဝိုင်းကို နိုင်ငံအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုန်းနှင့် သားငှက်ထိန်းသိမ်းရေးနယ်မြေများကို ၁၀ ရာခိုင်နှုန်းထားရှိမည်ဟု လျာထားရာ အစိုးရက စီးပွားရေးအရသော်လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက်သော်လည်းကောင်း ဥပဒေအရ သတ်မှတ်ထိန်းသိမ်းရမည့် လျာထားနယ် မြေမှာ တနိုင်ငံလုံးအကျယ်အဝန်း၏ ၄၀ ရာခိုင်နှုန်းအထိရှိပေသည်။ လက်ရှိအားဖြင့် နယ်နမိတ် သတ်မှတ်ပြဋ္ဌာန်း တည်ထောင်ထားရှိမှုမှာ ၃၂ ရာခိုင်နှုန်းခန့်ရှိသည်ဟု ခန့်မှန်းသောကြောင့် လျာထားချက်ပြည့်ရန် နောက်ထပ် တိုးချဲ့ရမည့်ဧရိယာမှာ ရှစ်ရာခိုင်နှုန်းအထိ ရှိနေပေသည်။
အထက်တွင်ဆိုခဲ့သည့်အတိုင်း အမှန်တကယ် သစ်တောများကောင်းပြီး ဇီဝထိန်းသိမ်း ရေးအတွက် အရေးကြီးကာ ဥပဒေအရ မပြဋ္ဌာန်းရသေးသည့် နယ်မြေစုစုပေါင်းမှာ ၁၂ ရာခိုင်နှုန်း သာကျန်တော့၍ အဆိုပါနယ်မြေကိုပင် သစ်ထုတ်လုပ်ရေးအရသော်လည်းကောင်း၊ ဇီ၀ ထိန်းသိမ်းရေးအရသော်လည်းကောင်း သစ်တောဦးစီးဌာနမှ ဒေသခံတိုင်းရင်းသားများနှင့် အပြိုင်လုပြီး သစ်တောကြိုးဝိုင်း သို့မဟုတ် ဇီဝထိန်းသိမ်းရေးနယ်မြေ (Protected Area System) တိုးချဲ့လုပ်ရန်ရှိနေပေသည်။ အဆိုပါ ၁၂ ရာခိုင်နှုန်းမှာလည်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းသဘော အနေဖြင့် သတ်မှတ်ထားရာ အဆိုပါမြေများကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့်အသုံးပြုရန် ပြိုင်ဆိုင်မှု မှာ အလွန်အမင်း မြင့်မားနေပေသည်။ အဆိုပါဒေသရှိ တိုင်းရင်းသားများမှာလည်း မိရိုးဖလာ ဓလေ့ထုံးစံအသုံးချမှုကို အခြေပြု၍ ၎င်းတို့ မွေးရာပါအခွင့်အရေးကို တောင်းဆိုလျက်ရှိနေရာ အကျိုးစီးပွား ထိပ်တိုက်ရင်ဆိုင်မှုများ ရှိနေပေသည်။ ထင်ရှားသည့်သာဓကများမှာ နာဂဒေသ စာရာမေတိတောင် သဘာဝထိန်းသိမ်းရေးနယ်မြေ တည်ထောင်ရန် သစ်တောဦးစီးဌာနမှ ကြိုးပမ်းသောအခါ ဒေသခံများက အပြင်းအထန် ကန့်ကွက်လာခြင်းဖြစ်သည်။ အလားတူ ခါကာ ဘိုရာဇီတောင် သဘာဝထိန်းသိမ်းရေးနယ်မြေကို ကမ္ဘာ့အမွေအနှစ်ဒေသ (World Heritage) အဖြစ် UNESCO ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းတွင် လျှောက်ထား ရန် ကြိုးစားသောအခါ ဒေသခံများ၏ကန့်ကွက်ခြင်းကို ကြုံတွေ့နေရပေသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ အဆိုပြုဇီ၀ ထိန်းသိမ်းရေးနယ်မြေများတွင် တိုင်းရင်းသားဒေသခံ များ၏ အခွင့်အရေးများကို အလေးထား ထည့်သွင်းစဉ်းစားမည်ဖြစ်သကဲ့သို့ ၎င်းတို့၏ လူမှုဘ၀ ဖွံ့ဖြိုးရေးအတွက် အစီအမံများပါရှိသည်ဟု ရှင်းလင်းလင့်ကစား တည်ဆဲဥပဒေများတွင် ဤ သည်နှင့်ဆက်စပ်၍ ရေရေရာရာ အာမခံချက်၊ ကျေနပ်ဖွယ်ရာပြဌာန်းချက် မပါရှိသည်က တကြောင်း၊ လက်တွေ့တွင်လည်း အကျိုးရှိနေသည်ကို မမြင်တွေ့ရသည်ကတကြောင်း ဌာန ဆိုင်ရာများနှင့် ဒေသခံများအကြား အကွာအဟက များနေသေးသည်။
အခြား ခေတ်စားလာသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာလည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထိန်း ချုပ်နိုင်ရေးအတွက် သစ်တောများကို လုံး၀ မခုတ်တော့ဘဲ ထိန်းသိမ်းရေးနှင့် အဆိုပါ ထိန်းသိမ်း သောနိုင်ငံများသို့ ကာဗွန်ထိန်းသိမ်းခ အဖိုးပေးချေပေးရေးပင်ဖြစ်သည်။ အင်ဒိုနီးရှားတွင် သစ် တောများမခုတ်တော့ရန် နော်ဝေးနိုင်ငံက ဒေါ်လာ ၂၀၀၀ ဘီလျံခန့် ပေးချေရန် အကူအညီ ပေးမှုများရှိရာ အလားတူ မြန်မာနိုင်ငံတွင် ကျင့်သုံးနိုင်ခြင်းရှိမရှိကို သစ်တောထိန်းသိမ်းရေး သမားများက စိတ်ဝင်တစား အကောင်အထည်ဖော်ရန် စိတ်အားထက်သန်လျက်ရှိကြသည်။ ဒေသခံများအနေဖြင့် ၎င်းတို့ မိရိုးဖလာထိန်းထားသောတောများကို အဆိုပါ ကာဗွန်ထိန်းသိမ်းခ ရရှိမည်ဆိုပါက ပိုမိုတက်ကြွစွာ ထိန်းသိမ်းကြမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အကျိုးအမြတ် ခွဲဝေရေး Benefit sharing agreement သဘောတူညီချက်မှာ ယနေ့အထိ ပီပီပြင်ပြင် မရေးဆွဲ နိုင်သေးသလို လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန်တင်သွင်းထားသော သစ်တော ဥပဒေကြမ်းတွင် သေချာတိကျစွာ အာမခံချက်ပြဌာန်းထားခြင်း မရှိသေးပါ။
လက်ရှိအထိ သစ်တောဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားရှိပြီးသော တနိုင်ငံလုံး အတိုင်းအတာ၏ ၃၂ ရာခိုင်နှုန်းနှင့်ညီမျှသော သစ်တောကြိုးဝိုင်းနှင့် အမျိုးသားဥယျာဉ် ဇီ၀ ထိန်းသိမ်းရေး နယ်မြေများကိုကြည့်လျှင် အင်္ဂလိပ်လက်ထက်က တည်ထောင်ခဲ့သော ကြိုးဝိုင်း များ (တနိုင်ငံလုံးအကျယ်အဝန်း၏ ၁၅ ရာခိုင်နှုန်းခန့်) ကသာ အသေအချာ စနစ်တကျ တည် ထောင်ထားရှိခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တည်ထောင်ခဲ့သော အဆိုပါ သစ်တော စီမံခန့်ခွဲမှု နယ်မြေအများစု (တနိုင်ငံလုံး၏ ၂၀ ရာခိုင်နှုန်းမျှ)မှာ မြေယာလုယူမှုဟု စွပ်စွဲပြောဆို နိုင်သည့် အထောက်အထားများ ရှိနေပေသည်။ ဥပမာအားဖြင့် တောင်ငူ၊ သံတောင်ဘက်တွင် ကရင်အမျိုးသားများ အစဉ်အဆက် လုပ်ကိုင်ခဲ့သော ဥယျာဉ်ခြံမြေများကို မြေပြင်အနေအထား ကွင်းဆင်း၍ ဒေသခံများနှင့် ညှိနှိုင်းခြင်းမရှိဘဲ ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းထားရှိခြင်း၊ မြိတ် ခရိုင် ကျွန်းစုဒေသတွင် စိုက်ပျိုးရေးဦးပိုင်ထွက်ပြီးသား ဒေသခံများ၏ ရာဘာခြံများကိုသိမ်းယူ၍ ကြိုးပြင်ကာကွယ်တောဖွဲ့စည်းခြင်း၊ ကချင်ပြည်နယ် တနိုင်းဒေသ၊ ဥရုချောင်းဖျား၊ ခန္တီးနယ်များ အပါအဝင် ကျယ်ပြန့်သော ကျားထိန်းသိမ်းရေးနယ်များ ဖွဲ့စည်းတည်ထောင်ခြင်းတို့ကို လေ့လာ ကြည့်ရှုပါက အဆိုပါအချက်အလက်ကို မြင်သိနိုင်ပါသည်။
တရားမဝင် တောတိရိစ္ဆာန် သတ်ဖြတ် ရောင်းဝယ်ဖောက်ကားမှုကို အကြောင်းပြု၍ သားငှက်ထိန်းရဲများကို ပြည်ထဲရေးမှ ခေါ်ယူအသုံးပြုကာ နယ်မြေများကို ကင်းလှည့်စီမံခန့်ခွဲ သောအခါ ဒေသအတွင်းတွင် သံသယများ၊ ယုံကြည်မှုကင်းမဲ့မှုများ တိုးပွားလာပေသည်။ ရှိနေ နိုင်သော အဂတိလိုက်စားမှုများမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကြောင်းပြု၍ မြေယာ သိမ်းဆည်းမှုများ တရားမျှတမှု ကင်းမဲ့မှု အခြေအနေကို ပိုမိုတွန်းပို့သကဲ့သို့လည်း ဖြစ်နိုင်ရာ ဆင်ခြင်သင့်ပေသည်။ ဒေသခံများ သစ်တောထိန်းသိမ်းရေးတွင် ပိုမိုပူးပေါင်း ပါဝင်မှုကို အားပေးရန် သစ်တောဦးစီးဌာနမှ ဒေသခံအစုအဖွဲ့ပိုင်သစ်တော လမ်းညွှန်ချက် ကို ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ကာ ဒေသ ခံများ မိရိုးဖလာထိန်းသိမ်းခဲ့သော သစ်တော များကို ကိုယ်တိုင်တရားဝင်စီမံခန့်ခွဲ အသုံးချ နိုင်ရန် လွှဲပြောင်းမှုများ ပြုလုပ်ပေးခဲ့ပေ သည်။ ယင်းလုပ်ငန်းစဉ်မှာ နှစ်လိုဖွယ်ဖြစ် သော်လည်း ကောင်းစွာ အကောင်အထည် မဖော်နိုင်ပါက ဒေသအတွင်း ပုံစံတမျိုးဖြင့် မြေယာလုယက်မှုများကို ဖြစ်ပေါ်စေနိုင် သည်။ ပြင်ဦးလွင်ကဲ့သို့သော အပန်းဖြေမြို့ များတွင် မြို့ပြအိမ်ခြံမြေဈေးများမှာ မြင့်မား ပြီး မြို့တွင်းနှင့် ထိစပ်လျက်ရှိသော သစ်တော ထိန်းသိမ်းရေးနယ်မြေများမှာ အစုအဖွဲ့ပိုင်သစ်တောခေါင်းစဉ်ဖြင့် ဒေသခံများ လွှဲပြောင်းပေး သည်ဆိုကာ ဌာနတွင်း လုပ်ပိုင်ခွင့်ရှိသူများ၊ ၎င်းတို့နှင့်နီးစပ်သူများ ခွဲဝေယူထားသည်ကို အတိတ်ကာလတွင် တွေ့ရှိခဲ့ရပါသည်။ လက်ရှိ သစ်တောကြိုးဝိုင်းတွင်း ကျူးကျော်သူများကို ပြန်လည်နေရာချထားပေးသည့် အစီအစဉ်တွင် ထိုစဉ်ကာလက ဖြစ်ပွားခဲ့သော အဂတိလိုက် စားမှုများ၊ မလျော်ဩဇာသုံး ဆွေမျိုးသားချင်းကောင်းစားရေး အသုံးချမှုများ ရှိမည်ဆိုပါက သက်ဆိုင်ရာဌာနမှ ကောင်းမွန်သောအနှစ်သာရဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အပေါ်တွင် ဒေသခံပြည်သူများ၏ ယုံကြည်ကိုးစား ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းနေမည်ဖြစ် သောကြောင့် သတိပြုအပ်ပါသည်။ ဤသို့သတိပြုရာတွင် ဥပဒေပါ လုပ်ထုံးလုပ်နည်းများ ပြန်လည်ပြုပြင်ရန် လိုအပ်ပေသည်။
တည်ဆဲ သစ်တောဥပဒေတွင် သစ်တောကြိုးဝိုင်း ဖွဲ့စည်းမည်ဆိုပါက နယ်နမိတ်အပိုင်းအခြားများသတ်မှတ်ရာ၌ တိကျ၍ ဘက်လိုက်မှုမရှိစေရန် ကြေးတိုင်အရာရှိသတ်မှတ်ဖို့လိုသလို အဆိုပြုနယ်မြေအတွင်း အသုံးချမှုများရှိနေပါက အဆိုပါသူများ ဆုံးရှုံးနစ်နာမှုမရှိစေရန် ကိုင် တွယ်ဖြေရှင်းဆောင်ရွက်မည့် ကော်လိတ်တော်အရာရှိ ခန့်အပ်ရန် လိုအပ်ပေသည်။ အဆိုပါ အရာရှိများမှာ ဘက်လိုက်မှုကင်းစေရန် သစ်တောဦးစီးဌာနမှ မဟုတ်သောသူများကို အင်္ဂလိပ် ကိုလိုနီခေတ်ကာလက ခန့်အပ်လေ့ရှိကြသည်။ လက်ရှိတည်ဆဲဥပဒေတွင် မြေယာအငြင်းပွားမှု များကို ဖြေရှင်းကာ ဒေသခံ များ၏ အကျိုးစီးပွားကို ကာကွယ်ပေးမည့် ကော်လိတ်တော်အရာရှိမှာ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများဖြစ်နေရာ မည်မျှဘက် မလိုက်ဘဲ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်မည်နည်းမှာ အမေးပုစ္ဆာတခု ဖြစ်နေပေသည်။ လယ်ယာမြေဥပဒေအရ ကျေးရွာအုပ်စုများ မြေယာစီမံခန့်ခွဲမှုအတွက် ကော်မတီဖွဲ့ရာတွင်လည်း ဒေသခံ တောင်သူကိုယ်စားလှယ်များ ပါဝင်ရမည်ပြဌာန်းထားသော်လည်း နိုင်ငံရေး အသွေး အရောင်မပါဘဲ တောင်သူလယ်သမားအစည်းအရုံးများ စနစ်တကျဖွဲ့စည်းရန် အလှမ်းဝေးကွာနေ သည့်အလျောက် ဒေသခံများမှာ အကာအကွယ်မဲ့နေသည်မှာ အရှိတရားဖြစ်သည်။ မြေယာ ကော်မတီတွင် ပါဝင်ရမည့် ရပ်ကျေးဥက္ကဋ္ဌများမှာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အနေအထားအရ အစိုးရဗျူရိုကရက်ကိုသာ သစ္စာခံရမည့်အနေအထားဖြစ်နေရာ အစိုးရကိစ္စရပ် များနှင့် ပတ်သက်လာပါက ဒေသခံများမှာ တူညီမျှတသော တရားဥပဒေစိုးမိုးရေး အကာ အကွယ်ကို မရရှိနေသလို တရားမျှတမှုရှာဖွေနိုင်ရေးမှာ မရေရာမသေမချာရှိနေသောကြောင့် ဒေသခံများဘက်ကလည်း မလျှော့ဘဲ ထိတ်တိုက်ရင်ဆိုင်ရေးနည်းလမ်းကို ရွေးချယ်ကြသည့် အနေအထားများ (Zero sum game approach) ကို လေ့လာသုံးသပ်ရရှိပါသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးအထောက်အကူပြုစေရန် ပတ်ဝန်းကျင်တရားမျှတမှုကို အလေးပေးဆောင်ရွက်မည် ဆိုပါက အဆိုပါ ဆွေးနွေးခဲ့သောမူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ပြုပြင်ဆောင်ရွက် နိုင်မှသာ ရှေ့ဆက်နိုင်မည့်သဘော ရှိပေသည်။

နိဂုံး

ဤဆောင်းပါးအစတွင် ‘ရှမ်းပြည်ကရေနှင့် ကယားပြည်နယ်မှထုတ်တဲ့ လျှပ်စစ်မီး သွားလင်းတော့ ဗမာပြည်’ဟု တိုင်းရင်းသားများ မှတ်ယူကြသည်ဟု အလေးပေးပြောခဲ့ပါသည်။ လက်ရှိအားဖြင့် တိုင်းရင်းသားဒေသများတွင် ဒီဇယ်အင်ဂျင်မီးစက်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ် လုပ်ဖြန့်ဖြူးသုံးစွဲမှုအတွက် ဒေသခံများအနေနှင့် လျှပ်စစ်တယူနစ်လျှင် ၄၀၀ ကျပ်ခန့်အထိ ပေးသုံးနေရသော်လည်း လောပိတဓာတ်အားရရှိသော ဗမာပြည်မြို့ကြီးများတွင် တယူနစ် ၃၅ ကျပ်မျှသာ ပေးချေနေရပေသည်။ အဆိုပါဓာတ်အားခမှာလည်း အမှန်တကယ် ထုတ်လုပ်စရိတ် ထက်နည်းသောကြောင့် အစိုးရဘတ်ဂျက်မှာ တနှစ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ စိုက် ထုတ်ကာ အရှုံးခံ သုံးစွဲနေရပေသည်။ ၂၀၁၇ ခုနှစ် စာရင်းဇယားများအရလည်း လျှပ်စစ်ဝန်ကြီး ဌာနမှာ အစိုးရဘဏ္ဍာငွေ အများဆုံးခွဲဝေရရှိသော ဌာနကြီးဖြစ်ပြီး ယင်းတို့မှာလည်း မြို့ပြများ သာ အဓိကအကျိုးရှိမည့် လျှပ်စစ်စီမံကိန်းကြီးများဖြစ်ကြသည်။ ဤအခြေအနေက ဘာကိုပြဆို နေသနည်းဟုဆိုလျှင် ဗမာပြည်မီးလင်းရုံတွင်သာမက ဘဏ္ဍာရေးဆိုင်ရာ တဖက်စောင်းနင်းဖြစ် မှု သိသိသာသာကြီးရှိနေသည်ဟု ညွှန်းဆိုသောကြောင့် တိုင်းရင်းသားများတောင်းဆိုနေသည့် တန်းတူညီမျှရှိမှု၊ တရားမျှတမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်တို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေသော အနေအထားပင်ဖြစ်သည်။ တမင်တကာရည်ရွယ်သည်ဟု မဆိုလိုသော်လည်း ပတ်ဝန်း ကျင်တရားမျှတမှုဆိုင်ရာအရ အသိတရား လုံလောက်စွာမရှိသည့်အလျောက် မူဝါဒများ ချမှတ် ရာတွင်လည်းကောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း လေးလေးနက်နက် ထည့်သွင်းစဉ်းစားလုပ်ဆောင်မှုမျိုး ကင်းမဲ့နေခြင်းဖြစ်သည်။ အမေရိကန်ကဲ့သို့သော နိုင်ငံမျိုး တွင်ပင်လျှင် ပတ်ဝန်းကျင်တရားမျှတမှုရေးရာ လူထုလှုပ်ရှားမှု ဆယ်စုနှစ်မက ကြာမြင့်ပြီးမှသာ အစိုးရက သတိထားဆောင်ရွက်ရန် ပြုပြင်လာသည်ကိုတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း ပတ်ဝန်းကျင်တရားမျှတမှုကို ဖော်ဆောင်နိုင်ရေးမှာ ဆယ်စုနှစ်များစွာ အချိန်ယူရဦးမည်ဖြစ် သည်။ တခါတရံတွင် ပထဝီဝင်နိုင်ငံရေးအရသော်လည်းကောင်း၊ လူပုဂ္ဂိုလ် ဩဇာလွှမ်းမိုးမှု ကြောင့်သော်လည်းကောင်း ငြိမ်းချမ်းရေးသဘောတူညီမှုချက်များ ရရှိနိုင်ပါသည်။ သို့သော် အဆိုပါသဘောတူညီချက်များတွင် ဤဆောင်းပါး၌ဆွေးနွေးသည့် ပတ်ဝန်းကျင် တရားမျှတမှု ဆိုင်ရာ အခြေခံမူများ၊ ပြုပြင်ရမည့်အချက်များ မပါရှိပါက လက်တွေ့မကျင့်သုံးနိုင်သည်နှင့်အညီ မငြိမ်းချမ်းရသည့် အကြောင်းတရားများကို မပယ်သတ်နိုင်ဘဲ ပြည်သူများအကြား ငြိမ်းချမ်းရေး အရသာ အမှန်တကယ်ရရှိခံစားရေးမှာ ဝေးကွာနေဦးမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

ကျမ်းကိုးစာရင်း
အင်္ဂလိပ်ဘာသာ

Displacement Solutions. (2015). Land Acquisition Law and Practice in Myanmar: Overview Gap Analysis with IFC PS1 & PS5 and Scope of Due Diligence Recommendations. Retrieved from http://displacementsolutions.org/wp-content/uploads/2015/05/LAND.ACQUISITION.LAW.AND.PRACTICE.IN.MYANMAR.pdf

ECODEV (2014), Myanmar Forest Cover Change (2012-2014), Yangon. http://www.myanmaraffairs.com/sites/default/files/upload_pdf/MyanmarForestCoverChange2002-2014_Report.pdf

Global Forest Resource Assessment, 2010 Country Report: Myanmar. (2010). Forestry Department, Food and Agriculture Organization of the United Nations. Retrieved from http://www.fao.org/docrep/013/al576e/al576e.pdf

Kyaw Tint. (2017). Wood based Industry in Myanmar: A Situation Analysis, Discussion Paper of ECCDI, Yangon.

Learn about Environmental Justice. United States Environmental Protection Agency. Retrieved from https://ww.epa.gov/environmentaljustice

Miller, G. Tyler. (1988), Living the Environment 5th Edition, USA, p.272

Myanmar National Environmental Performance Assessment (EPA) Report. 2016. National Commission for Environmental Affairs. Retrieved from http://www.gmseoc.org/uploads/resources/22/attachment/Myanmar%20EPA%20.Report.pdf

Myanmar Forest Cover Change (2012-2014). (2014). http://www.myanmaraffairs.com/sites/default/files/upload_pdf/MyanmarForestCoverChange2002-2014_Report.pdf

National Environmental Policy of Myanmar. (1994). Retrieved from http://mya.gms-eoc.org/themes/environment

National Land Use Policy. (2016). The Republic of The Union of Myanmar. Retrieved from http://e_twprlegs1.fao.org/docs/pdf/mya152783.pdf

Personnel communication with Dr.Namita Wahi, Fellow of Center for Policy Research, India http://www.landrightsinitiative.cprindia.org/

Robert D.Bullard. (2005). The Quest for Environmental Justice: Human Right and the Politics of Pollution. San Francisco. Retrieved from https://bit.ly/2CiafcU

The Environmental Conservation Law. (2012). The Republic of The Union of Myanmar. Retrieved from http://www.burmalibrary.org/docs15/2010-environmental_conservation_law-PH_law-09-2012-en.pdf

The Farmland Law. (2012). The Republic of The Union of Myanmar. Retrieved from https://www.lift-fund.org/sites/lift-fund.org/files/uploads/Lan%20Law.pdf

The Vacant, Follow and Virgin Lands Management Law. (2012). The Republic of The Union of Myanmar. Retrieved from https://www.lift-fund.org/sites/lift-fund.org/files/uploads/Vacant,%20Fallow%20…..%20Land%20Law.pdf

Tual Cin Khai, et.al. (2016). Stand structure, composition and illegal logging in selectively logged production forests of Myanmar: Comparison of two compartments subject to different cutting frequency. Global Economy and Conservation Journal, 7, 132-140. Retrieved from https://www.sciencedirect.com/science/article/pii/S2351989416300622

Wahi.N, Bhatia.A. (2018) The Legal Regime and Political Economy of Land Rights of Scheduled Tribes in the Scheduled Area of India. Centre for Policy Research, New Delhi.

Zaw Thu Ra (2017), Personnel communication with Zaw Thu Ra, Official Civil Society Representative of Interim Task forced formed by Government for Forest law enforcement governance and trade (FLEGT) process.

မြန်မာဘာသာ
မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ (၁၉၉၄) Retrieved from http://www.mya.gms-eoc.org/uploads/resources/766/attachment/MYA%20-%20Myanmar%20Environmental%20Policy%20-%201994.pdf or http://www.mya.gms-eoc.org/themes/environment

မြန်မာနိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂) www.altsean.org/Docs/Laws/Environmental%20Conservation%20Law.pdf

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေ (၂၀၁၂) Retrieved from https://www.lift-fund.org/sites/lift-fund.org/files/uploads/Vacant,%20Fallow%20…..%20Land%20Law.pdf

လယ်ယာမြေဥပဒေ (၂၀၁၂) https://www.lift-fund.org/sites/lift-fund.org/files/uploads/Lan%20Law.pdf

About the author

Win Myo Thu

မြန်မာနိုင်ငံ၏ သဘာ၀၀န်းကျင်အဖွဲ့အစည်း တစ်ခုဖြစ်သော Ecodev ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သည်။

Add comment