ပုံပျက်ပန်းပျက် အ္တရာယ်များသော အချက်အလက်များပင်လော . . . ၂၀၁၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းမှ လူမျိုးဟူသည့် အသုံးအနှုန်းကို ဆန်းစစ်ခြင်း

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ၏ လူဦးရေနှင့် ပတ်သက်၍ ပထမဦးဆုံးသော စစ်မှန်သည့် လျှပ်တပြက် ရုပ်ပုံလွှာပင်ဖြစ်သည်။

■ ဖရက်ဒရစ် အော့က်ဝါယို
၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှု၏ နည်းပညာအကြံပေးအရာရှိချုပ်
(UNFPA, 2013)

၂၀၁၄ ခုနှစ်၌ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) က နည်းပညာပိုင်းဆိုင်ရာ ဦးဆောင် ပံ့ပိုးပေးသည့် အဖွဲ့အစည်းအဖြစ် တာဝန်ယူပြီး ပြည်ထောင်စုမြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန (MOIP) ကို ပံ့ပိုးကူညီပေးခြင်းအားဖြင့် နှစ်ပေါင်း ၃၁ နှစ် အတောအတွင်း ပထမဆုံးအကြိမ်အဖြစ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါသည်။ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူသည့် မေးခွန်း ၄၁ ချက်ထဲတွင် “လူမျိုး”ဟူသော မေးခွန်းတစ်ခုလည်း ပါဝင်ခဲ့ပါသည်။ အခြားမေးခွန်းများနှင့် သက်ဆိုင်သော ကောက်ခံရရှိသည့် အချက်အလက်များကို အချိန်ကိုက် ဆိုသလို ထုတ်ပြန်ပေးနိုင်ခဲ့သော်လည်း  သမ္မတဦးသိန်းစိန် အစိုးရသာမက NLD အစိုးရကပါ ထုတ်ပြန်ကြေညာခြင်း မပြုဘဲ အချိန်ဆွဲထားခဲ့သည့် အချက်အလက်မှာ “လူမျိုး” နှင့် သက်ဆိုင်သည့် ကိန်းဂဏန်း အချက်အလက်များပင် ဖြစ်ပါသည်။ ထိုအချက်အလက်ကို အဘယ်ကြောင့် အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာခြင်း မပြုပါသနည်း။ ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့ပြီး လူဦးရေစာရင်းကောက်ပညာကို လေ့ကျင့်သင်ကြားခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ညွှန်ကြားရေးမှူးတစ်ဦးက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ၌ သူ၏အမြင်ကို မြန်မာတိုင်းမ် သတင်းစာသို့ ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ ယခုကဲ့သို့သော နိုင်ငံရေး အသွင်ကူးပြောင်းမှု ကာလအတောအတွင်း “လူမျိုး”ဟူသည့် အချက်အလက်ကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် “နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက် ပျက်စီးစေလိမ့်မည်”ဟု ပြောခဲ့သည် (Pyae Thet Phyo, 2016 February 24) ။

“လူမျိုး” ဟူသည့် အချက်အလက်ကို အဘယ်ကြောင့် အ္တရာယ်များလှသည်ဟု ရှုမြင်ကြပါသနည်း။ ကိန်းဂဏန်း အချက်အလက်များကို  ထုတ်ပြန်ကြေညာလိုက်ပါက  တိုင်းရင်းသား  “လူမျိုး” များအနေဖြင့် မိမိတို့နှင့် ပတ်သက်သည့် ကိန်းဂဏန်း အချက်အလက် အတိအကျ၊ သို့မဟုတ် ကိုယ်စားပြုဖော်ပြမှုကို စိတ်ပျက်သွားနိုင်ပြီး အခြားတိုင်းရင်းသား “လူမျိုး”များမှာလည်း သံသယဖြစ်ဖွယ် ကောင်းလောက်အောင် များပြားလှသည်ဟု ရှုမြင်သုံးသပ် သွားနိုင်သည့်အပြင် သန်းခေါင်စာရင်း ကောက်ယူသည့် ဒီဇိုင်းပုံစံကပင် တိုင်းရင်းသား “လူမျိုး” များ ဖောင်းပွနေသည့်ဟန် ဖြစ်နေခဲ့ပါသည်။ နိုင်ငံရေးအရ ကိုယ်စားပြုဖော်ပြမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့၏ ကံကြမ္မာမှာ အကဲဆတ်နေသည့် အခြေအနေတွင် ရှိနေသည့်ပြင် လူမှုအဆင့်အတန်းနှင့် တိုင်းရင်းသားလူမျိုး ထက်အောက်ပိုင်းခြားမှု နက်နက်ရှိုင်းရှိုင်း ခံစားနေကြရသည့် အယူအဆ သဘောထားများကြောင့် ကိန်းဂဏန်း အချက်အလက်များမှာ သံသယဝင်စရာဖြစ်နေပြီး ကမောက်ကမ ဖြစ်နေသည်ဟု ဝေဖန်ခံရခြင်း ဖြစ်နိုင်ပါသည်။ UNFPA နှင့် MOIP တို့သည် ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်များနှင့် အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို လျစ်လျူရှုခဲ့ကြပြီး သန်းခေါင်စာရင်း သတင်းအချက်အလက် စုစည်းမှုများအား နိုင်ငံရေးသဘော သက်ဝင်စေခဲ့ပါသည်။ ထို့ကြောင့် အဆုံးစွန်ဆုံးအားဖြင့် အလွန်ရှည်ကြာသော ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်မှ မခိုင်မာသေးသည့် ထိရှလွယ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်လာနိုင်ပါသည်။ ထို့ပြင် ယင်းအဖွဲ့အစည်း နှစ်ခုလုံးက အသုံးပြုခဲ့သည့် တိုင်းရင်းသားလူမျိုးဆိုင်ရာ အချက်အလက် ကောက်ခံမှုမှာလည်း “ကမ္ဘာသုံး စံချိန်စံနှုန်း”များကို သီးခြားရွေးချယ်၍ ဂရုမစိုက်ဘဲ ဥပေက္ခာ ပြုထားခဲ့ကြပါသည်။ ငွေကုန်ကြေးကျ များလှသည့် သန်းခေါင်စာရင်း ကောက်ခံမှုကို နိုင်ငံခြားအလှူရှင်နိုင်ငံများ၏ အထောက်အပံ့ဖြင့် လုပ်ဆောင်ခဲ့သည့် ထိုအဖွဲ့အစည်းနှစ်ခုမှ ခေါင်းဆောင်များသည် “လူမျိုး”ဟူသော စရိုက်လက္ခဏာကို ကာကွယ်နေရသည့်၊ သို့မဟုတ် သူတစ်ပါး လက်ခံအောင် အခိုင်အမာ ပြောကြားလျှင်ပင် အသက်အ္တရာယ်နှင့် ရင်ဆိုင်နေရလေ့ရှိသည့် တိုင်းပြည်တစ်ပြည်၌ မသင့်လျော်သော နည်းလမ်းများဖြင့် သန်းခေါင်စာရင်း ကောက်ယူခဲ့ကြပါသည်။ ဤသို့ဖြင့် ၂၀၁၆ ခုနှစ် အစောပိုင်း၌ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ညွှန်ကြားရေးမှူး အကြံပြုခဲ့သည့်အတိုင်း အချက်အလက်များကို ဖုံးကွယ်ထားရခြင်းအား “အန္တရာယ် လျော့ကျ သက်သာစေသည့်” နည်းဗျူဟာအဖြစ် ရှုမြင်ရမည်ဆိုပါက UNFPA/MOIP  တို့၏ သန်းခေါင်စာရင်း ကောက်ယူမှု နည်းစနစ်မှာ မြန်မာနိုင်ငံ၏ “လူမျိုး” ဟူသည့် “လျှပ်တပြက် ရုပ်ပုံလွှာ”ကို ဆိုးဆိုးရွားရွား ပုံပျက် ကမောက်ကမ ဖြစ်သွားစေလိမ့်မည်ဟုသာ ဆိုရပါတော့မည်။

■ ၂၀၁၄ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ခံမှု၏ နောက်ခံ အကြောင်းအရာများ

သမိုင်းတွင်ခဲ့သော သန်းခေါင်စာရင်း ကောက်ယူမှု ပေါ်ပေါက်စေရန် တွန်းအားပေးခဲ့သည့် ကိစ္စရပ်မှာ မရှင်းလင်းလှဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း သန်းခေါင်စာရင်း မလိုအပ်ပါ။ သို့ရာတွင် ၂၀၁၁ ခုနှစ်၊ ဘာလီတွင် ပြုလုပ်သည့် အရှေ့အာရှ ထိပ်သီးညီလာခံ၌ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂမှ အကူအညီပေးရန် အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ သတင်းရင်းမြစ်များက အခိုင်အမာ ပြောကြားခဲ့ကြပါသည်။ ထို့အပြင် ဦးသိန်းစိန် အစိုးရအဖွဲ့က သန်းခေါင်စာရင်း ကောက်ယူမည့်ကိစ္စကို မစဉ်းစားမီကတည်းက ကုလသမဂ္ဂဝန်ထမ်းများက ထိုအကြံဉာဏ်ကို ပေးခဲ့ကြောင်းလည်း သမ္မတဦးသိန်းစိန်၏ အကြံပေးများက ပြန်ပြောင်း ပြောပြကြပါသည်။ မည်သို့ပင်ဖြစ်စေ ယင်းကိစ္စ အတည်ဖြစ်လာပြီးနောက် ကုလသမဂ္ဂ အထူးအကြံပေး ဗီဂျေ နမ်ဘီးယားနှင့် လဝက၀န်ကြီး ဦးခင်ရီတို့အကြား အဆင့်မြင့်စာချွန်လွှာ လဲလှယ်မှုများလည်း ၂၀၁၂ ခုနှစ် ဧပြီလတွင် ပေါ်ပေါက်လာခဲ့ပါသည်။ အဆိုပါ စာချွန်လွှာများအရ ကုလသမဂ္ဂ စာရင်းဇယားနှင့် ကိန်းဂဏန်း အချက်အလက် ကော်မရှင်က အတည်ပြု ထောက်ခံချက်ပေးသည့် “ကမ္ဘာသုံး စံချိန်စံနှုန်းများအတိုင်း ရေးဆွဲထားသော လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူရမည့် စည်းမျဉ်းစည်းကမ်းများနှင့် အကြံပြုချက်များ ပြန်လည်သုံးသပ်ချက် ၂” ကို အသုံးပြုရန် သဘောတူညီခဲ့ပါသည်။ ထို့နောက် “နိုင်ငံတကာစံနှုန်းများ” အတွက် ဖြစ်နိုင်သည့် ရွေးချယ်စရာ အချက်အလက် တည်ဆောက်မှုများအနက်မှ မစ္စတာနမ်ဘီးယားနှင့် ဦးခင်ရီတို့က မြန်မာနိုင်ငံနှင့် သင့်တော်သည်ဟု ယူဆသည့် စည်းမျဉ်းစည်းကမ်းများနှင့် ထောက်ခံချက်များကို ရွေးချယ် အတည်ပြုခဲ့ကြပါသည်။

သန်းခေါင်စာရင်း ကောက်ယူမှု စီမံချက်မှာ မူဝါဒပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အရေးပေါ် လိုအပ်သည့် အရာအဖြစ် အခိုင်အမာ ယူဆခဲ့သည့်အပြင် UNFPA နှင့် အလှူရှင်နိုင်ငံများကလည်း သန်းခေါင်စာရင်း ကောက်ယူမှုမှာ အနာဂတ်တွင် သက်သေခံ အချက်အလက်များကို အဓိကထားသည့် မူဝါဒ ဖြစ်လာရန်လိုအပ်ကြောင်း အလေးအနက် တိုက်တွန်းခဲ့ကြပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်းမှာ UNFPA ၏ ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ချက်ဖြစ်သည့် “သန်းခေါင်စာရင်း ဟူသည် ငြိမ်းချမ်းရေးရပြီး တည်ငြိမ်အေးချမ်းနေသည့် တိုင်းပြည်များတွင်သာ ဆောင်ရွက်သင့်သည်” ဟူသည့် အချက်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခဲ့သည်။ နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ဆက်လက် ဖြစ်ပွားနေသေးသည့် မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း မကောက်ယူသင့်ဟု ယူဆဖွယ်ရာပင် ဖြစ်ပါသည်။ ထို့အပြင် ကောက်ယူသော အချက်အလက် အမျိုးအစားများထဲတွင် ပါဝင်သည့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မေးခွန်းများ၊ စာတတ်မြောက်မှု၊ အခွန်ပေးဆောင်မှု စသည့် အကြောင်းအရာများမှာ လူမှုရေး တင်းမာမှုများ ရှိနေသည့် လူမှုပတ်ဝန်းကျင်အတွက် မီးလောင်ရာလေပင့် ဖြစ်စေမည့် အလားအလာ ရှိနေပါသည်။ UNFPA နှင့် MOIP တို့က ဖန်တီးပြုလုပ်သည့် လူမျိုးဟူသော မေးခွန်းနှင့် လုပ်ငန်းစဉ်မှာလည်း လွန်စွာ နိုင်ငံရေးသဘော သက်ဝင်လာသည့်အပြင် မြန်မာနိုင်ငံ၏ “လျှပ်တပြက်ရုပ်ပုံလွှာ”ကို ဖမ်းယူသည့် အထက်မှအောက်သို့ အဆင့်ဆင့် အမိန့်ပေး အုပ်ချုပ်မှု လုပ်ငန်းစဉ်ကို မတည်မငြိမ် ဖြစ်စေမည့် အလားအလာ ရှိနေပါသည်။

နိုင်ငံခြား အလှူရှင်နိုင်ငံများကလည်း UNFPA ၏ ၂၀၁၂ ခုနှစ်၌ ရန်ပုံငွေ ရှာဖွေခဲ့သည့် နည်းလမ်းအပေါ် အစကနဦးကပင် သတိကြီးကြီး ထားနေခဲ့ကြပြီး ထိုအချိန်မှာလည်း “အသွင်ကူးပြောင်းမှု” မသေချာ မရေရာသေးသည့် အစောပိုင်း ကာလများလည်း ဖြစ်ပါသည်။ ယင်းကဲ့သို့ ထူးကဲကြီးမားသော တာဝန်ကို လက်ခံဆောင်ရွက်ရာ၌ မလိုလားအပ်သောဖြစ်ရပ်များ ပေါ်ပေါက်လာမည်ကို အလှူရှင်နိုင်ငံများက စိုးရိမ်နေခဲ့ကြသည့်အပြင်  UNFPA နှင့် MOIP ခေါင်းဆောင်များကလည်း အသိအမှတ် မပြုခဲ့ကြပါ။ မည်သို့ပင်ဖြစ်စေ ပြည့်စုံကြွယ်ဝသည့် အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရန်ပုံငွေများကလည်း သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ တည်ငြိမ်အေးဆေးသည့် သဘောသဘာဝကို ပါဝင်ကူညီ အားဖြည့်ပေးခဲ့ပါသည်။ ဘဏ္ဍာရေးနှစ် တစ်နှစ် ကုန်ဆုံးပြီးနောက် ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း သြစတြေးလျနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူမှုနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ရှိနေသည့်တိုင် ရန်ပုံငွေထောက်ပံ့ရန် တာဝန်ယူခဲ့ပါသည်။ ထို့နောက် ဗြိတိန်နှင့် အခြားသော အစိုးရချင်း သဘောတူညီထားသည့် အလှူရှင်နိုင်ငံများကလည်း သန်းခေါင်စာရင်း ကောက်ခံရန် ရန်ပုံငွေ ထည့်ဝင်ပေးခဲ့ကြပါသည်။ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် အမေရိကန်ဒေါ်လာ ၇၅ သန်းခန့် ကုန်ကျခဲ့ရာ မြန်မာအစိုးရက ဒေါ်လာ ၁၅ သန်းသာ ထည့်ဝင်ခဲ့ပြီး နိုင်ငံခြားအလှူရှင်များက ထောက်ပံ့သည့် ရန်ပုံငွေများသည်လည်း တစ်ပြားတစ်ချပ်မှ မြန်မာအစိုးရထံ တိုက်ရိုက် မရောက်ရှိခဲ့ဘဲ UNFPA မှတဆင့် ပေးအပ်ခဲ့ခြင်းသာ ဖြစ်ပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များပြီးလျှင် အဆိုပါ သန်းခေါင်စာရင်း ကောက်ခံသည့် စီမံချက်မှာ သမ္မတ ဦးသိန်းစိန်လက်ထက် (၂၀၁၁-၂၀၁၆) နိုင်ငံခြားအလှူရှင်နိုင်ငံများ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ပြုလုပ်သည့် တစ်ခုတည်းသော အကြီးမားဆုံး၊ အခြေခံအဆောက်အဦဆိုင်ရာ စီမံချက် မဟုတ်သည့် စီမံချက်တစ်ခုပင် ဖြစ်ပါသည်။ ထို့ပြင် နှိုင်းယှဉ်ကြည့်ပါကလည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အလှူရှင်နိုင်ငံများ၏ ထောက်ပံ့ကူညီမှုမှာ ဒေါ်လာ သန်း ၃၀ ပင် မရှိခဲ့ပါ။

■ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူမှု၏ ဖွဲ့စည်းပုံ

UNFPA ၏ ကမကထပြု လှုံ့ဆော်မှုဖြင့် ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက် ညသန်းခေါင်ယံအချိန်၌ မြန်မာနိုင်ငံထဲတွင် ရှိနေသည့် လူသားတိုင်း၏ အရေအတွက်ကို ၁၀၀ ရာခိုင်နှုန်းပြည့် ကောက်ယူနိုင်မည့် တိုင်းပြည်၏ ပထမဆုံးသော ကြိုးပမ်းမှု ဖြစ်လာစေရန် စီမံချက်ချမှတ် ထားခဲ့ပါသည်။ ဆရာ/ဆရာမ အင်အား ၁ သိန်းခန့်အပြင် သားဖွားဆရာမများကိုပါ “စာရင်းကောက်”အဖြစ် ဆောင်ရွက်စေပြီး ထိုစာရင်းကောက်များသည်လည်း သန်းခေါင်စာရင်း ကောက်ခံရာတွင် ဒေသဆိုင်ရာ ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ယူမည့် အထက်တန်းပြ ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ကြီးများမှ သင်ကြားပေးသည့် သင်တန်းများကို တက်ရောက်ကြရပါသည်။ စာရင်းကောက်များအနေဖြင့် သန်းခေါင်စာရင်းနှင့် သက်ဆိုင်သည့် မေးခွန်းများ မေးမြန်းပြီးနောက် မြန်မာဘာသာဖြင့် ရေးသားထားသည့် စာရင်းစာရွက်များတွင် ဖြည့်သွင်းရန် လေ့လာ သင်ယူကြရပါသည်။ လေ့ကျင့် သင်တန်းပေးသူများသည်လည်း အခြား သင်တန်းပေးသူများထံမှ တစ်ပြန်တစ်လှည့် လေ့လာ သင်ယူခဲ့ကြရခြင်းဖြစ်ရာ မူလအစမှာ MOIP ၊ UNFPA  နှင့် အခြားအဖွဲ့အစည်းများက တိုက်ရိုက် သင်ကြားပေးသည့် အုပ်စုငယ်ကလေးမှ စတင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အရာရှိများ ဖြစ်ကြသည့် မြို့နယ် လ.ဝ.က (လူဝင်မှုကြီးကြပ်ရေး) ဦးစီးဌာနမှ တာဝန်ရှိများသည်လည်း အဆိုပါ စာရင်းအချက်အလက် ကောက်ယူမှု ပြီးပြည့်စုံခြင်း ရှိ/မရှိ သေချာစေရန် တာဝန်ပေးထားသည်။ ဒေသဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူမှု ကော်မတီများတွင် တရားဥပဒေစိုးမိုးရေး၊ လူမှုဖူလုံရေးနှင့် ထွေ/အုပ် စသည်တို့မှ တာဝန်ရှိသူများ ပါဝင်သည့်အပြင် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် လေ့ကျင့်သင်ကြားထားခြင်း မရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များလည်း ပါဝင်ခဲ့ကြပါသည်။ ထို့အပြင် အဆိုပါ ဒေသဆိုင်ရာ ကော်မတီဝင်များအနေဖြင့် စီမံချက်ရေးဆွဲခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမည့်ကိစ္စကို အများပြည်သူ သိရှိစေရန် ကြေညာပေးခြင်း၊ အဆောက်အအုံများတွင် သန်းခေါင်စာရင်း ကောက်ယူမည့် နံပါတ် ရေးထိုးထားသော စာရွက်များကပ်ပေးခြင်း၊ အကူအညီ အထောက်အပံ့များ စုစည်းပေးခြင်းနှင့် လိုအပ်ပါက အိမ်ထောင်စုစာရင်း ကောက်ယူမည့် စာရင်းကောက်များနှင့် အဖော်လိုက်ပေးပြီး စကားပြန်များ၊ အားဖြည့် ကူညီပေးသူများအဖြစ် ဆောင်ရွက်ပေးခဲ့ကြပါသည်။

စာရင်းကောက် ဆရာ/ဆရာမများမှာ UNFPA နှင့် MOIP တို့၏ ကြီးကြပ်မှုဖြင့် Google Earth ကို အသုံးပြု ထုတ်ဝေထားသည့် အိမ်ထောင်စု တည်နေရာပြ၊ စာရင်းကောက် မြေပုံများကို ရရှိမည် ဖြစ်သော်လည်း လူအနည်းငယ်ကသာ မြေပုံ ဖတ်တတ်ကြသည့်အတွက် အများစုက မြေပုံမယူလိုဟု ငြင်းဆန်ခဲ့ကြပါသည် (Stiegler, 2014, p. 4)။ စာရင်းကောက် တစ်ဦးသည် မိမိ၏ ကောက်ကွက်အဖြစ် သတ်မှတ် ပေးထားသည့် အိမ်ထောင်စု ၁၀၀ မှ ၁၅၀ ခန့်ကို မေးခွန်းပေါင်း ၄၁ ခု မေးမြန်းရမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ပြီးစီးရမည်ဟု တာဝန် သတ်မှတ်ပေးထားပါသည် (Dr Nyi Nyi, 2012)။

ထို့အပြင် အိမ်ထောင်စု တစ်ခုမှ အိမ်သား တစ်ဦးချင်းစီမှ အချက်အလက်များ ရရှိရန် မေးခွန်းများကို ထပ်ခါထပ်ခါ မေးမြန်းရမည် ဖြစ်သည့်အတွက် စာရင်းကောက်များသည် အိမ်ထောင်စု တစ်စုမှ အသက်အကြီးဆုံး အမျိုးသား (အိမ်ထောင်ဦးစီး) ကိုသာ မေးခွန်းများ မေးမြန်းရန် တရားဝင်ခွင့်ပြုချက် ရရှိထားပါသည်။ သို့သော်လည်း အိမ်ထောင်စု တစ်စုတွင် အိမ်သား အရေအတွက် ၂ ဦးမှ ၄ ဦးအထိသာ ရှိသော အိမ်ထောင်စုများ ရှိသကဲ့သို့ လူဦးရေ ၈၀ ခန့်ရှိသည့် အိမ်ထောင်စုများလည်း ပါဝင်ရာ စာရင်းကောက်များမှာ အလုပ်ဖိအားကြောင့် စိတ်ပျက် အားလျော့စေနိုင်ပါသည်။ ၁၀ ဒေသခံ သန်းခေါင်စာရင်း ကော်မတီဝင်များနှင့် လ.ဝ.က ဦးစီးဌာနမှ အရာရှိများသည်လည်း သန်းခေါင်စာရင်း ကောက်ယူမည့်ကာလ မတိုင်မီကတည်းက တစ်အိမ်တက်ဆင်း သွားရောက်ပြီး သန်းခေါင်စာရင်း ကောက်ယူမည့်ရက်၌ မေးခွန်းများကို ဖြေဆိုနိုင်ရန် အိမ်သားတစ်ဦးဦး အိမ်တွင် ရှိနေစေရေးအပြင် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် လူဦးရေ နှင့် အိမ်ထောင်စုစာရင်းဆိုင်ရာ ဥပဒေအရ မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေဆိုရေးကိုပါ နှိုးဆော် တိုက်တွန်းခဲ့ကြပါသည်။ မေးခွန်းများကို မမှန်မကန် ဖြေဆိုကြောင်း တွေ့ရှိရပါက ထောင် ဒဏ် ၁ လ၊ သို့မဟုတ် ထောင်ဒဏ် ၁ လနှင့် ငွေကျပ် ၅ သောင်း ပြစ်ဒဏ် ကျခံရမည် ဖြစ်ပါသည် (MOIP, 2013, section 20)။ စာရင်းကောက်များ အနေဖြင့် အိမ်ထောင်စုဝင် တစ်ဦးဦးမှ ဖြေကြားထားသည့် အဖြေများကို ရေးသွင်း မှတ်တမ်းတင်ရာတွင်လည်း ၂၀၁၃ ခုနှစ်၌ ဗြိတိန်အခြေစိုက် ပုံနှိပ်ထုတ်ဝေရေးကုမ္ပဏီ DRS မှ ထုတ်လုပ်ပေးပြီး ရွက်ရေ ၁၆ သန်း ထုတ်ဝေထားသည့် စက်ဖြင့် ဖတ်နိုင်သော ပုံစံစာရွက်ကြီးထဲတွင် ရေးသွင်းကြရပါသည်။ အဆိုပါ စာရွက်များ ရိုက်နှိပ်ရန် အတွက်လည်း ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ထည့်ဝင် ကူညီပေးခဲ့သည့် ဒေါ်လာ ၁၅ သန်းထဲမှ ငွေအများစု အကုန်အကျခံခဲ့ရခြင်း ဖြစ်ပါသည် (DFID, 2013)။

သန်းခေါင်စာရင်း မေးခွန်းမေးမြန်းမှု၊ သို့မဟုတ် အချက်အလက် ကောက်ယူမှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နားမလည်နိုင်သည့် အချက်မှာ “သန်းခေါင်စာရင်း ပုံစံစာရွက်များထဲ၌ အဖြေများကို အိမ်ထောင်ဦးစီး ကိုယ်တိုင် ရေးသွင်းခြင်း မပြုရ”ဟူသည့် အချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့်  စာရင်းကောက်များသည် မေးခွန်းများကို မေးမြန်းပြီးနောက် မိမိ၏ လက်စွဲစာအုပ်များ၊ လမ်းညွှန်စာအုပ်များနှင့် ကုတ်နံပါတ် စာရင်းများဖြင့် တိုက်ဆိုင် ညှိနှိုင်းပြီးနောက် ပုံစံစာရွက်ကြီးထဲတွင် အဖြေများကို ရေးသွင်းရပါသည်။ ပုံစံစာရွက်ကြီးထဲတွင် တိုက်ရိုက် ရေးသွင်းမှုမျိုး ရံဖန်ရံခါ ရှိတတ်သော်လည်း များသောအားဖြင့် မိမိ၏ ကိုယ်ပိုင် မှတ်စုစာအုပ်၊ သို့မဟုတ် စာရွက်အတို အပိုင်းအစများတွင် အဖြေများကို ရေးသွားသည့်အတွက် နောက်ပိုင်းတွင်မှ စစ်တမ်းမေးခွန်းလွှာ (ပုံစံစာရွက်ကြီး) ထဲသို့ ပြန်လည်ကူးရေးခြင်း ဖြစ်နိုင်ပါသည်။ ၁၁ ထို့အပြင် လက်တွေ့ ကွင်းဆင်း စာရင်းကောက်ယူမှုဆိုင်ရာ လမ်းညွှန်စာအုပ်အရ စာရင်းကောက် တစ်ဦး (အိမ်ထောင်ဦးစီး မဟုတ်)သည် ရေးသွင်းထားသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ပြန်လည် စစ်ဆေးရန် ဖြစ်သော်လည်း သန်းခေါင်စာရင်း ကောက်ယူမှုကို လေ့လာ သုံးသပ်ထားသည့် အစီရင်ခံစာတစ်ခုအရ စာရင်းကောက်များအနေဖြင့် ထိုသို့ ပြုလုပ်ခြင်းမျိုး နည်းပါးသည်ကို တွေ့ခဲ့ရပါသည် (Stieglar, 2017, p.14)။ ထို့ကြောင့် အိမ်ထောင်ဦးစီး တစ်ဦးအနေဖြင့် လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ အလုပ်အကိုင်၊ မီးဖိုချောင် အခြေအနေ စသည့် မိမိနှုတ်ဖြင့် ဖြေဆိုထားသည့် အဖြေများအား စာရင်းကောက်မှ မည်ကဲ့သု့ိ ရေးသွင်းသွားမှန်း မသိရှိနိုင်ခဲ့ပါ။

■ သန်းခေါင်စာရင်း ကောက်ယူမှုများကို နှိုင်းယှဉ်သုံးသပ် လေ့လာကြည့်ခြင်း

သန်းခေါင်စာရင်း ကောက်ယူမှုများမှာ နိုင်ငံရေးအရ လေးနက်သည့် လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်သည်ဟု ပညာရှင်များက ယခင်ကတည်းက ရှုမြင် သုံးသပ်ခဲ့ကြပါသည်။ ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ရိုးရိုး “နည်းပညာပိုင်းဆိုင်ရာ” လုပ်ငန်းစဉ်များသာ မဟုတ်ဘဲ နိုင်ငံရေးနှင့် ကင်းရှင်းမှု၊ ကြားနေမှု၊ ဘက်မလိုက်ဘဲ သမာသမတ်ကျသည့် အချက်အလက်များ ရရှိစေသည့်အပြင် ပိုမိုကောင်းမွန်သည့် မူဝါဒကိုလည်း မုချရရှိမည်ဟု ယူဆခဲ့ကြပါသည် (Hirschman, 1987)။ သာဓကအနေဖြင့် နာဇီတို့၏ သန်းခေါင်စာရင်း ကောက်ယူမှုမှာ လူဦးရေစာရင်း ကောက်ယူမှုထက် လူတန်းစား ခွဲခြားရန်ကိုသာ အဓိကဇောင်းပေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကနေဒါ၊ မက်စီဒိုးနီးယား၊ အယ်လ်ဘေးနီးယား၊ အာဖဂန်နစ္စတန်၊ အီရတ်၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံများတွင် ချမှတ် ကျင့်သုံးခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူမှုများ (Aly & Roth et. al, 2004) , မှာလည်း နိုင်ငံရေးအရ အငြင်းပွားစရာများ၊ သို့မဟုတ် ဂုဏ်သရေမဲ့သည့် လက်မခံနိုင်ဖွယ် ရလဒ်များ၊ ပါတီစွဲ စိတ်ဓာတ်ပြင်းထန်ပြီး ဘက်လိုက်သူ အများအပြားနှင့် နိုင်ငံရေးအရ အငြင်ပွားဖွယ် အချက်အလက်များ၊ ခြိမ်းခြောက်မှုများ၊ သို့မဟုတ် သန်းခေါင်စာရင်း ကောက်ယူသည့် အဆင့်အမျိုးမျိုး၌ အကြမ်းဖက်မှုများ အမှန်တကယ် ပျံ့နှံ့ ဖြစ်ပွားလာသည့်အတွက် သန်းခေါင်စာရင်း ကောက်ယူမှုများကို ပယ်ဖျက် ရွှေ့ဆိုင်းခဲ့ရလေ့ ရှိပါသည်။

မည်သည့် တိုင်းပြည်တွင်ဖြစ်စေ သန်းခေါင်စာရင်း ရလဒ်များသည် ကြားနေမှု၊ အဆင့်ဆင့် စိစစ်စစ်ထုတ်မှု၊ စစ်မှန်သည့် “လျှပ်တပြက်ရုပ်ပုံလွှာ” စသည်တို့ကို မရရှိစေနိုင်ပါ။ ထိုအစား သန်းခေါင်စာရင်းများသည် အနာဂတ်သမိုင်းအတွက် အငြင်းပွားဖွယ် လူမှုအဆင့်အတန်း၊ နိုင်ငံသားဖြစ်မှုနှင့် ထင်ရှားသော ကိုယ်ပိုင်လက္ခဏာ အမျိုးအစားခွဲခြားမှုတို့ကို ကမောက်ကမ ဖြစ်စေခြင်း၊ အားဖြည့်ပေးခြင်း၊ တရားဥပဒေနှင့်အညီ ဖြစ်စေခြင်းနှင့် ရပ်တန့်သွားစေခြင်းတို့ကို ဖြစ်စေခဲ့ပါသည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် ထိုအချက်အလက်များကို အသုံးပြုခြင်းအားဖြင့်  အနှုတ်လက္ခဏာဆောင်ဟန် ရှိသော်လည်း  သန်းခေါင်စာရင်းမှ ရရှိသည့် “သက်သေ အထောက်အထား”များကြောင့် အချို့လူဦးရေအများစု အုပ်စုများအတွက်မူ အကျိုးအမြတ် ဖြစ်စေခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ ဖြစ်သည့် အမျိုးအစား ခွဲခြားမှုနှင့် ရည်ညွှန်းသတ်မှတ်ချက်များ ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ မူဘောင်များနှင့် ညီညွတ်သည့် အယူအဆများနှင့်အညီ ၁၀ နှစ် တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ခံရန် အလှူရှင်နိုင်ငံများက ဖိအားပေးလာခြင်းမျိုးကို ဖွံ့ဖြိုးပြီးနိုင်ငံများ ရင်ဆိုင် ကြုံတွေ့လာခဲ့ ကြရပါသည်။ ထိုကဲ့သို့သော အမျိုးအစား ခွဲခြားမှုများကို ခြုံငုံ လေ့လာကြည့်ရာ၌ အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပာယ် ဖွင့်ဆိုထားခြင်းကိုသာ တွေ့ရလေ့ရှိပြီး တိုင်းပြည်တစ်ခုတွင် ကျင့်သုံးသည့် စနစ်တစ်ခုကို အခြားတိုင်းပြည် တစ်ခုသို့ ပြောင်းရွှေ့ ကျင့်သုံးရာတွင်လည်း စာသားများကို အနည်းငယ်သာ ပြင်ဆင်ထားခြင်း၊ သို့မဟုတ် နိုင်ငံရေး ယဉ်ကျေးမှုနှင့် ဘာသာစကား အနက်အဓိပ္ပာယ် ပြန်ဆိုမှုတို့အပေါ် အလေးအနက် ဆင်ခြင်စဉ်းစားထားခြင်း မရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မြားမြောင် ရှုပ်ထွေးလှသည့် လူမှုရေး အကြောင်းချင်းရာများကို ကျွမ်းကျင်စွာ စီမံကိုင်တွယ်နိုင်မည့် လူမှုရေး “အချက်အလက်များ” အဖြစ် ပြောင်းလဲရာတွင် ပို၍ ခက်ခဲစေပြီး အလွန်အမင်း ပုံကြီးချဲ့ထားသည့် လံကြုတ်ထွင်လုံးများသာ ဖြစ်လာစေခဲ့ပါသည်။ သန်းခေါင်စာရင်းသည် ရလဒ်များကို ဖော်ပြထားသည့် ဓာတ်ပုံတစ်ပုံဟု သန်းခေါင်စာရင်း ပညာရှင်များက အခိုင်အမာ ပြောလာခဲ့သည် ဆိုပါက အဆိုပါ ဓာတ်ပုံကို ရိုက်ယူသည့် ကင်မရာ၏ ဆုံချက်မှာလည်း ကမ္ဘာပေါ်ရှိ ချမ်းသာသည့် နိုင်ငံများအနေဖြင့် နိုင်ငံတကာတွင် ထင်ရှားသောအချက်ဟု ယုံကြည်ယူဆထားသည့် အကြောင်းအရာများကိုသာ အဓိကထား ရိုက်ကူးထားခြင်း ဖြစ်ပါလိမ့်မည်။

ပုံသေကားချ တပုံစံတည်းဖြင့် အချက်အလက် ကောက်ယူမှု သဘောသဘာဝအရ သန်းခေါင်စာရင်း အစီရင်ခံ တင်ပြမှုမှာ ကျယ်ပြန့် များပြားလှသော၊ ဥပမာတင်စားရလျှင် “ဖြတ်-ညှပ်-ကပ်”လုပ်ထားသော အချက်အလက်များအပေါ် များစွာ မှီခိုနေပါသည်။ ဆိုလိုသည်မှာ သန်းခေါင်စာရင်း ကောက်ယူရာမှ ထွက်ပေါ်လာသည့် ကိန်းဂဏန်းများမှာ ယုံကြည် အားထားရသော အချက်အလက် ရင်းမြစ်များအပေါ် အနည်းနှင့်အများ အခြေခံထားပြီး ဆောလျင်စွာ ပြန်လည်စိစစ် တည်းဖြတ်ထားခြင်း ဖြစ်ပါသည်။ ယင်းမှာလည်း မေးခွန်းထုတ်ဖွယ် ရှိသည့် သန်းခေါင်စာရင်း ရလဒ်များနှင့် သာမန်လူများ၊ လူနည်းစု ထိပ်သီးများက ပိုမိုတိကျ မှန်ကန်စွာ သရုပ်ဖော် ရေးဆွဲထားသည့် အရှိတရား/အမှန်တရားကို နားလည် သဘောပေါက်မှုတို့အကြားမှ ကွာဟမှုကို ဟန်ဆောင် ဖုံးကွယ်ထားရန် ဖြစ်ပါသည်။ သာဓက အနေဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ UNFPA ၏ မြန်မာနိုင်ငံရုံးခွဲက “သန်းခေါင်စာရင်း အစီရင်ခံစာ- မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူများအနက် လူဦးရေ ၄ ဒသမ ၂၅ သန်းမှာ ယခုအခါ နိုင်ငံရပ်ခြားတွင် နေထိုင်နေကြသည်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ခု ထုတ်ပြန်ကြေညာခဲ့ပါသည် (UNFPA Myanmar, 2017)။ အမှန်စင်စစ် ၂၀၁၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်း မေးခွန်းများအရ နိုင်ငံခြားတွင် ရောက်ရှိ နေထိုင်နေသည့် အိမ်သားဦးရေ ၂ ဒသမ ၀၂ သန်းသာ ရှိသည်ဟု ဖော်ပြထားသည့်အတွက် ကိန်းဂဏန်း အချက်အလက်များ လွန်စွာ လွဲချော်နေခဲ့ပါသည်။ ထို့ကြောင့်  UNFPA ၏ ဝန်ထမ်းများ အနေဖြင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းကဲ့သို့ ပို၍ စနစ်ကျပြီး ပိုမိုသင့်လျော်သည့် သုတေသနပြုမှုများ လိုအပ်နေခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူများအနက် လူဦးရေ အနည်းဆုံး ၄ သန်းမှ ၆ သန်းအထိ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေထိုင်နေကြသည်ဟု လွန်ခဲ့သော နှစ်များကတည်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှ မေးခွန်း ၄၁ ခုသည် ပြဿနာ ဖြစ်စေသည့် အချက်အလက်များကိုသာ ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့အပြင် သန်းခေါင်စာရင်း ကောက်ခံသည့် လုပ်ငန်းစဉ်များထဲတွင် ပါဝင်ခဲ့သည့် နိုင်ငံတကာမှ နည်းပညာအကြံပေးများ၊ စာရင်းကောက်များ၊ အချက်အလက် ကိန်းဂဏန်းများကို ဇယားရေးသွင်းသူများနှင့် ကူညီ အားဖြည့်ပေးသူများ အနေဖြင့် အနက်အဓိပ္ပာယ်ဖော် ဆုံးဖြတ်ချက် ချမှတ်မှု ထောင်ပေါင်းများစွာကို နေ့စဉ်နေ့တိုင်း လုပ်ဆောင်ခဲ့ကြရသော်လည်း သမာသမတ်ကျသော “လျှပ်တပြက်ရုပ်ပုံလွှာ” များကို လူမှုရေး လံကြုတ်ထွင်လုံးများ ဖြစ်သွားစေသည်ဟု စွပ်စွဲခံရသည့် ပုံဖျက်ထားသော အနေအထားမျိုးသာ ပေါ်ပေါက်စေခဲ့ပါသည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းဆောင်တာ အများစုကိုလည်း မြန်မာနိုင်ငံရှိ မည်သည့် လူမှုရေး အင်အားစုမျိုးနှင့်မှ သင့်တော် မှန်ကန်သည့် ဆွေးနွေးမှုမျိုး လုပ်ဆောင်ခဲ့ခြင်း မရှိပါ။ နားလည်ရ ခက်ခဲသော အချက်မှာ UNFPA အနေဖြင့် မြန်မာနိုင်ငံ၏ ပွင့်လင်း ဖြောင့်မတ်ပြီး လွန်စွာ စွမ်းဆောင်နိုင်သည့် အရပ်ဘက် အဖွဲ့အစည်းများကို သန်းခေါင်စာရင်း ကောက်ယူမှု မတိုင်မီ လအနည်းငယ်ကမှ လုပ်ငန်းစဉ်များကို ရှင်းပြပြီး အလိုအလျောက် ထောက်ခံစေခဲ့သည့် အချက်ပင် ဖြစ်ပါသည်။ ၁၂ ထို့အပြင် သန်းခေါင်စာရင်း မေးခွန်းလွှာ သို့မဟုတ် အဓိက လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် ပြင်ဆင်ရန်အတွက် “လုပ်ငန်းစဉ်များအပေါ် ဝေဖန်သုံးသပ်မှုများ”ကိုလည်း လူသိထင်ရှား လုပ်ဆောင်ခဲ့ခြင်း မရှိပါ။

ယခုဆောင်းပါးမှ ကျန်ရှိသည့် အကြောင်းအရာများမှာ “လူမျိုး” (စာပေဆန်ဆန် ပြောရလျှင် “လူအမျိုးအစား” ဖြစ်သော်လည်း နေ့စဉ်သုံး စကားတွင် race ဟု သုံးနှုန်းထားပါသည်) ဟူသည့် သန်းခေါင်စာရင်း မေးခွန်းအပေါ် အဓိကချဉ်းကပ်ထားပြီး သန်းခေါင်စာရင်း ကောက်ယူမည်ဟု စီစဉ်ဆောင်ရွက်ခဲ့စဉ်က မြန်မာနိုင်ငံ ရင်ဆိုင်ခဲ့ရသည့် အပြောင်းအလဲများကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ထားပါသည်။

■ “လူမျိုး” ဟူသည့် စရိုက်လက္ခဏာကို မှတ်တမ်း တင်မှုအပေါ် ပိုမိုကျယ်ပြန့်စွာ ချဉ်းကပ် လေ့လာကြည့်ခြင်း

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၌ နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ဆောင်နေသည့် အချိန်ကာလအတွင်း နိုင်ငံတွင်းမှ တရားဝင်နှင့် တရားဝင် မဟုတ်သည့် အင်အားစုများ ပေါင်းစည်မှု တစ်ခုသာမက နိုင်ငံခြားရောက် မြန်မာများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အနေဖြင့် ယခင်က မကြုံဖူးသည့် တိုင်းရင်းသား လူမျိုးရေးရာ ပွင့်အန် ပေါက်ကွဲထွက်လာမှုနှင့် နိုင်ငံရေးအရ နယ်နိမိတ် သတ်မှတ်မှုတို့ကို ကြုံတွေ့လာခဲ့ရပါသည်။

ယင်းအချက်များမှာ မည်သည့်လူမျိုးက နိုင်ငံထဲတွင် ပါဝင်ခွင့်ရှိပြီး မည်သူက ပါဝင်ခွင့် မရှိဟူသည့်အချက်၊ မည်သူက မည်ကဲ့သို့ ခေါင်းစဉ် အမည်တပ်ရန် အခွင့်ရှိ/မရှိနှင့် ကွဲပြား ခြားနားသော လူမျိုးများစွာ ရှိသည့်အနက် မည်သူက ကိုယ်စားပြု ဖော်ပြခွင့်ရှိပြီး မည်သူက ကိုယ်စားပြု ဖော်ပြခွင့်မရှိဟူသည့် အချက်တို့ကို နောက်ကြောင်းပြန် ဇာတ်လှန်ပြောခြင်း၊ ရေတွက်ခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ မှတ်ပုံတင် ရေးသွင်းခြင်း၊ မှတ်တမ်း ရေးသွင်းခြင်းနှင့် ကိုယ်စားပြု ဖော်ပြမှုကို ပိုင်းခြားစိစစ်ခြင်း တို့ကိုလည်း ပြုလုပ်လာကြပါသည်။  Burmese ဆိုသည်ကို “လူမျိုး” ဟု ပိုင်းခြား အမျိုးအစား သတ်မှတ်ထားသော်လည်း စာပေဆန်ဆန် ပြောရလျှင် “လူမျိုး အမျိုးအစား” ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်  ethnic ဟု မှားယွင်း ဘာသာပြန်ဆို ခဲ့ကြပါသည်။ လူသိများသည့် အသုံးအနှုန်းနှင့် မြန်မာပညာရပ်ဆိုင်ရာ ဝေါဟာရအရ “တိုင်းရင်းသား”ဟူသည့် အသုံးအနှုန်းဖြင့် မကြာခဏ ဖော်ပြခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် “indigenous” ဟူသည့် အသုံးအနှုန်းနှင့် နီးစပ်ပါသည်။ သမိုင်းကြောင်းအရ ကြည့်လျှင်လည်း “တိုင်းရင်းသားလူမျိုး”ဟူသည့် ယူဆချက်မှာ စရိုက်သွင်ပြင် လက္ခဏာ အခြေပြုအုပ်စုများနှင့် အနက်အဓိပ္ပာယ် ကွဲလွဲလာပြီး မြန်မာလူမျိုး အများစုကလည်း မြန်မာတိုင်းနိုင်ငံ (ရှေးယခင်က ဗမာဘုရင်များ၏ အုပ်ချုပ်ခံဒေသ) အတွင်း ပါဝင်ခဲ့မှသာလျှင် ဥပဒေအရ တရားဝင်ဖြစ်သည်ဟု ယူဆလာခဲ့ကြပါသည်။ ၁၃ “တိုင်းရင်းသားလူမျိုး”ဟူသည့် ယူဆချက်တွင် ငုပ်လျှိုးနေသည့် အချက်မှာ ဓမ္မဓိဋ္ဌာန်ကျကျ ယုံကြည်ယူဆမှုများ၊ ဇီဝဗေဒနည်းကျ၊ ခိုင်မာမှန်ကန်စွာ စစ်ဆေးနိုင်စွမ်း၊ ပုံသေကားကျဖြစ်မှု၊ စရိုက် သွင်ပြင်လက္ခဏာအရ  သွေးသားတော်စပ်မှု သဘောသဘာ၀ စသည့်အချက်များ  ပါဝင်ပါသည်။ ထို့ကြောင့်  “လူမျိုး” ဟူသည့် အသုံးအနှုန်းမှာ အင်္ဂလိပ်အယူအဆ race ထက် ethnicity နှင့် ပိုနီးစပ်ပြီး ethnicity ဆိုသည်မှာလည်း စရိုက်သွင်ပြင် လက္ခဏာအရ အမည်တံဆိပ်ကပ်မှု၏ လူမှုရေးဖွဲ့စည်း တည်ဆောက်ပုံ အဆင့်အချို့မှ ဖြစ်တန်စွမ်းဟု ဂယက်အနက် ရှိပြန်ပါသည်။ ထိုကဲ့သို့သော “တိုင်းရင်းသားလူမျိုး” ဆိုသည်မှာလည်း မြန်မာနိုင်ငံတွင်မူ minorities (လူနည်းစု) ဟု နိုင်ငံခြားသားများက ခေါ်ဆိုကြပြီး လူများစု မဟုတ်သည့် တိုင်းရင်းသားရေး တက်ကြွလှုပ်ရှားသူ တချို့ကမူ “ ethnic nationalities ” သို့မဟုတ် “national races” ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်ခြိုက် ကြပါသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဗမာ ဟူသည်မှာလည်း တိုင်းရင်းသား လူများစုသာ ဖြစ်ပြီး “တိုင်းရင်းသားလူမျိုး”  nationalities သို့မဟုတ်  national races ထဲမှ လူမျိုးတစ်မျိုးသာ ဖြစ်ပါသည်။ ထို့အပြင် ဗမာအများစုသည်လည်း “တိုင်းရင်းသား” ဟူသည့် အသုံးအနှုန်းမှာ ဗမာ မဟုတ်သူများကိုသာ ရည်ညွှန်းသည့် အသုံးအနှုန်း ဖြစ်သည်ဟူသည့် အယူအဆမျိုး ရှိနေပြီး မည်သို့ပင်ဖြစ်စေ ဗမာများအနေဖြင့် “ရပိုင်ခွင့်” ပိုမို များပြားခြင်း သို့မဟုတ် နိုင်ငံသားဖြစ်မှုဆိုင်ရာ  သွင်ပြင် စရိုက်လက္ခဏာ ရပိုင်ခွင့်များအတွက် မှန်ကန်ကြောင်း သက်သေပြရန် များစွာ မလိုအပ်ခြင်း သို့မဟုတ် “တိုင်း” ဟူသော အသုံးအနှုန်းမှာ မည့်သည့်ပုံစံ သတ်မှတ်ချက်မျှ မလိုအပ်ဟု အခြေခံကျကျ ယူဆထားခဲ့ကြပါသည်။

လူမျိုးနှင့် ပတ်သက်သည့် မည်သည့် သန်းခေါင်စာရင်း မေးခွန်းကိုမဆို စရိုက် သွင်ပြင် လက္ခဏာဖြင့် ဘောင်ခတ် ခံထားရသည့် ပြည်တွင်းစစ်များ ဖြစ်ပွားနေချိန် ကာလအတောအတွင်း မေးခွန်းထုတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့အပြင် အခြေတည်စ မခိုင်မာသေးသည့် အသွင်ကူးပြောင်းမှုမှာလည်း နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့သည့် အမိန့်ပေး အာဏာပြ အုပ်ချုပ်မှုစနစ် လက်အောက်မှ လွတ်မြောက်ကာစသာ ရှိသေးသည့်အပြင် ထိရှလွယ်သော ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အငြင်းပွားမှုများကို ဖိတ်ခေါ်မိနေပြီး ၎င်း၏ ရလဒ်များမှာလည်း လွန်စွာ လက်ခံနိုင်ဖွယ် မရှိပါ။ ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူမှုမှာ လူမျိုးရေး စရိုက် သွင်ပြင်လက္ခဏာများဖြင့် စုစည်းထားသည့် ဒါဇင်နှင့်ချီသော နိုင်ငံရေးပါတီများက လွန်စွာ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်၌ ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဖက်မှ သက်ဆိုင်ရာ ကျွမ်းကျင်သူများက ဝိရောဓိများ ဖြစ်နေသည့်အပေါ် အကြံဉာဏ် ပေးခဲ့ကြသော်လည်း UNFPA ၏ နည်းပညာဆိုင်ရာ အကြံပေးများနှင့် အလှူရှင် နိုင်ငံများက ထိုမေးခွန်းကို ချန်လှပ်ထားရမည့်ကိစ္စအား အခိုင်အမာ ငြင်းဆိုခဲ့ကြပါသည်။ ထို့အပြင် ဆွေးနွေး ညှိနှိုင်းမှုများ၊ ပုံစံများနှင့် အစီအစဉ်ဇယားများကို ပုံနှိပ်ထုတ်ဝေရာ၌ ပိုမိုတိကျ မှန်ကန်သည့် အသုံးအနှုန်း ဖြစ်သော  “ race ” သို့မဟုတ်  မြန်မာပြည်တွင်း၌  လူအများ ပိုမို လက်ခံထားသည့် “nationality” ဟု ခေါ်ဝေါ် သုံးစွဲရန်ကိုလည်း ငြင်းပယ်ခဲ့ကြပါသည်။ မြန်မာဘာသာဖြင့်ပင် ဂယက်အနက်များရှိပြီး အနက်အဓိပ္ပာယ်များ တွဲဆက်နေသည့် “တိုင်းရင်းသားလူမျိုး”ဟူသော အသုံးအနှုန်းကို ဆန့်ကျင်၍ ၂၀၁၄ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူခြင်းဆိုင်ရာ စာရင်းကောက် လက်စွဲတွင် ဖော်ပြထားသည်မှာ “ ethnicity ဟူသည် သမိုင်းကြောင်းဆိုင်ရာ နားလည် သဘောပေါက်မှုများကို မျှဝေခြင်း၊ သို့မဟုတ် တိုင်းရင်းသား လူမျိုးစုများ၏ ပိုင်နက်နယ်မြေဆိုင်ရာ (ဒေသလုံးဆိုင်ရာ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ) မူလအစနှင့် ဘာသာစကား သို့မဟုတ် ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် ပြုမူနေထိုင်ပုံ စသည့် သီးသန့်ယဉ်ကျေးမှု စရိုက်လက္ခဏာများပေါ်တွင် အခြေခံသည်” ဟု ဖော်ပြခဲ့ပါသည် (MOIP, 2014, p.30)။ ယင်းမှာ ၂၀၀၆ ခုနှစ်၊ ကုလသမဂ္ဂ၏ ဥရောပ စီးပွားရေးကော်မရှင် (UNECE) ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို စကားလုံး အတိအကျ ကူးယူဖော်ပြထားခြင်း ဖြစ်ပြီး UNFPA/MOIP တို့၏ မြန်မာနိုင်ငံအတွက် လမ်းညွှန်ချက်များနှင့် မတူညီဘဲ အနည်းဆုံးအားဖြင့် “ ethnicity ” ဟူသည် ထိရှလွယ်ကြောင်း အသိအမှတ်ပြု ဝန်ခံထားပါသည်။ သို့သော်လည်း အဆုံးသတ်အားဖြင့် စရိုက် သွင်ပြင် လက္ခဏာဟူသည် နည်းပညာပိုင်းအရ နိုင်ငံရေးနှင့် မပတ်သက်သော အသုံးအနှုန်းများနှင့် ရင်ဆိုင်လာရလျှင်လည်း ယဉ်ကျေးမှုအားဖြင့် တိုင်းတာ ဆုံးဖြတ်ရမည်ဟု UNECE က ကောက်ချက်ချခဲ့ပါသည် (UNECE, 2006)။

■ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စုစာရင်းမှ “လူမျိုး” ဟူသော စရိုက် သွင်ပြင်လက္ခဏာဆိုင်ရာ တိုင်းတာမှု

လဝက၀န်ကြီး ဦးခင်ရီ ထောက်ခံပြောဆိုခဲ့သည့် “နိုင်ငံတကာ စံချိန်စံညွှန်းများ”ဆိုင်ရာ လက်စွဲစာအုပ်နှင့် UNSTAT ၏ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူမှုအတွက် စည်းမျဉ်းစည်းကမ်းများနှင့် အကြံပြုချက်များကို နှိုင်းယှဉ်ကြည့်ပါက တိုင်းရင်းသားလူမျိုးများ မြားမြောင်ထွေပြားမှု၊ တိုင်းရင်းသားလူမျိုး၊ တိုင်းရင်းသား မျိုးနွယ်စုနှင့် အခြားသော စရိုက် သွင်ပြင် လက္ခဏာ ကွဲပြားသည့် အုပ်စုများကို သုံးသပ်ထားသည်ကို တွေ့ရပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများ၏ စရိုက် သွင်ပြင် လက္ခဏာ အချက်အလက် စုစည်းမှုအတွက် “နိုင်ငံတကာနှင့် သက်ဆိုင် ဆီလျော်သည့် မှတ်ကျောက်စံနှုန်းများ၊ သို့မဟုတ် အမျိုးအစား ခွဲခြားသတ်မှတ်မှုကို ထောက်ခံချက် ပေးနိုင်ခြင်း မရှိ”ဟု အဆုံးသတ် ကောက်ချက် ချခဲ့ပါသည် (UNSAT, 2008, p.140)။ တစ်နည်းပြောရမည်ဆိုလျှင် ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် ဦးခင်ရီ တို့အနေဖြင့် “လူမျိုး” ဟူသည့် မိမိကိုယ်တိုင် ခွဲခြား အသိအမှတ်ပြုခြင်းကို မှတ်တမ်း ရေးသွင်းရမည့် နိုင်ငံတကာ စံချိန်စံညွှန်းမီ အမျိုးအစား ခွဲခြားသတ်မှတ်မှု၊ သို့မဟုတ် မှတ်ကျောက်စံနှုန်းကို အသုံးပြုရန် တရားဝင် တာဝန်ခံ ကတိပြုခဲ့ခြင်း မရှိပါ။ ယင်းမှာလည်း သူတို့ ထောက်ခံပြောဆိုခဲ့သည့် စံချိန်စံညွှန်းများ ( UNSTAT ၏ စည်းမျဉ်း စည်းကမ်းများနှင့် အကြံပြုချက်များ) မှာ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်း၏ ဖြစ်တန်စွမ်းကို အတိအလင်း ဆန့်ကျင်နေပါသည်။ ထို့ပြင် UNSTAT က ထောက်ခံချက် ပေးထားသည်မှာလည်း တိုင်းရင်းသားလူမျိုးဆိုင်ရာ မေးခွန်းများ မေးမြန်းရာ၌ အမျိုးအစား ခွဲခြားမှုများ ပုံသေ သတ်မှတ်ထားပြီး မဖြစ်ရပါ။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော အမျိုးအစား ခွဲခြားသတ်မှတ်မှုများကို အသေးစိတ် ချပြရမည်ဖြစ်ပြီး ဖြေဆိုသူ တစ်ဦးချင်း အနေဖြင့်လည်း မိမိကိုယ်တိုင် အမျိုးအစား ခွဲခြားနိုင်ခွင့်အတွက် ရွေးချယ်စရာတစ်ခု ရှိသင့်ပါသည်။  သို့ရာတွင် UN နှင့် MOIP တို့မှ ချမှတ် ကျင့်သုံးခဲ့သော “ကမ္ဘာသုံး စံချိန်စံညွှန်း” ဖြစ်သည့် ဖြေဆိုသူကိုယ်တိုင် အမျိုးအစား ခွဲခြားပိုင်ခွင့်မှာ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် လက်တွဲ လုပ်ဆောင်ခဲ့သည့် UNFPA နည်းပညာအကြံပေးများ၏ ငြင်းပယ်မှုကို ခံခဲ့ရပါသည်။

ထို့အပြင် မေးခွန်းပေါင်း ၄၁ ခု ပါဝင်သည့် စစ်တမ်း မေးခွန်းလွှာ မူကြမ်းကို ၂၀၁၂ ခုနှစ်၌ UNFPA ၏ နည်းပညာ ကျွမ်းကျင်သူများက အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲခဲ့ရာ မြန်မာနိုင်ငံဘက်မှ အထူးပြု ဖော်ပြမှုများ မပါဝင်ခဲ့ပါ။ ထို့နောက် မူကြမ်းတစ်ခုကို မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် တင်သွင်းခဲ့ပြီး မူကြမ်းတစ်ခုကိုမူ ကုလသမဂ္ဂ အဖွဲ့အစည်းများထံ တင်သွင်းခဲ့ပါသည်။ (သို့သော်လည်း ထိုသို့ တင်သွင်းခဲ့သည်ကို လူအများ မသိရှိလိုက်ကြပါ) ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများထံ တင်သွင်းခဲ့သည့် မူကြမ်းမှာ ပုံတူပွား ထပ်ကျော့ထားခြင်းသာ ဖြစ်ပြီး မြန်မာအစိုးရထံ တင်သွင်းသည့် မူကြမ်းမှာမူ “ ethnicity ” ဟူသည့် ကမောက်ကမ အမျိုးအစား ခွဲခြားဖော်ပြမှု ပါဝင်နေခဲ့ပါသည်။ ဤသို့ဖြင့် မူကြမ်းတခုမှာ ဝိရောဓိ ဖြစ်စရာများနှင့် လုံး၀ ရေးဆွဲ ပြီးစီးသွားခဲ့သည့်နောက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါသည်။ ၁၄ သို့ရာတွင် “စည်းမျဉ်းစည်းကမ်းများနှင့် အကြံပြုချက်များ”ကို ကျိုးကြောင်း ဖော်ပြချက်များအား ဆန့်ကျင်၍  ရေးဆွဲထားသည့်  မြန်မာနိုင်ငံ၏ “ ethnicity ” ဆိုင်ရာ အချက်အလက် စုစည်းမှုမှာ နည်းပညာပိုင်း သက်သက်သာဖြစ်၍ စစ်မှန်ခြင်းကြောင့် နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသုံးအနှုန်း ဝေါဟာရများနှင့် ပတ်သက်ပြီး ပြဿနာ (လုံးဝ) ဖြစ်စရာမရှိဟု ရှုမြင်သုံးသပ် ခံခဲ့ရပါသည်။ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာထားသည့် အတွေ့အကြုံများအရ ယင်းအချက်မှာ အလွန်ထူးဆန်းနေပြီး အာဖဂန်နစ္စတန် ကဲ့သို့သော လူမျိုး စရိုက် သွင်ပြင် လက္ခဏာချင်း အလွန်နီးစပ် ထပ်တူညီသည့် နိုင်ငံမျိုးတွင်ပင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ပြင်းထန်သော ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ အာဖဂန်နစ္စတန်၌ UNFPA က ထောက်ခံချက်ပေးခဲ့သည့် စစ်တမ်း မေးခွန်းလွှာမူကြမ်း ပြုစုခဲ့ချိန်မှာ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပြီး အာဖဂန်နစ္စတန်ရှိ UNFPA အကြီးအကဲ လောရင့် ဇက်စ်စလာက “လူမျိုး၊ သို့မဟုတ် ပြောဆိုသည့် ဘာသာစကားကို တမင်သက်သက်ပင် မေးမြန်းခြင်း မပြုခဲ့ပါ။ ဤနိုင်ငံ (အာဖဂန်နစ္စတန်) တွင် နိုင်ငံရေးလုပ်ငန်းစဉ်၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဂရုပြု ဆောင်ရွက်ရမည့် ကိစ္စပေါင်းများစွာ ရှိသည့်အနက် ယင်းကိစ္စကို မေးမြန်းခြင်းအားဖြင့် အဘယ်ကြောင့် ပိုမို ရှုပ်ထွေးစေရပါမည်နည်း”ဟု အခိုင်အမာ ပြောကြားခဲ့ပါသည် (The Guardian, 2013, January 3)။

သို့သော်လည်း မြန်မာနိုင်ငံတွင်မူ  UNFPA နှင့် MOIP တို့အနေဖြင့် အဆိုပါ ထိရှလွယ်သည့် အကြောင်းအရာမျိုးအပေါ် အလေးအနက် လက်ခံစဉ်းစားခဲ့ခြင်း မရှိပါ။ သန်းခေါင်စာရင်း စစ်တမ်း မေးခွန်းလွှာ၌ ဂဏန်းသုံးလုံး ရေးသွင်းနိုင်သည့် လေးထောင့်ကွက်ငယ် ထည့်သွင်းပေးထားရာ စာရင်းကောက်များ အနေဖြင့် တိုင်းရင်းသား လူမျိုးအမည်စာရင်း ကုတ်နံပါတ် ၉၉၉ မျိုးအထိ ရေးသွင်းနိုင်ပါသည်။ သန်းခေါင်စာရင်း စစ်တမ်းမေးခွန်းလွှာ မူကြမ်းတွင်မူ အဆိုပါ ဂဏန်းသုံးလုံး ရေးသွင်းနိုင်သည့် လေးထောင့်ကွက်ငယ်အောက်၌ မျဉ်းကြောင်းတစ်ကြောင်း ထည့်သွင်းပေးထားရာ တိုင်းရင်းသား လူမျိုးအမည်စာရင်း ကုတ်နံပါတ် မရှိသေးသည့် တိုင်းရင်းသားအမည်ကို လက်ရေးဖြင့် ရေးသွင်းနိုင်ရန် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင်မူ ထိုမျဉ်းကြောင်းမှာ ဂဏန်းသုံးလုံး ရေးသွင်းရမည့် လေးထောင့်ကွက်ငယ်၏ ညာဖက်သို့ ရောက်သွားပြီး “အခြား”ဟူသော ကုတ်အမည် ရေးသွင်းရန် ဖြစ်လာပါသည်။  အရေးပါသည့် အချက်မှာ “အခြား”ဟူသော  ကုတ်အမည်မှာ  ကုတ်နံပါတ်စာရင်းတွင်  ပါဝင်သည့် “နိုင်ငံခြားသား” ဟူသည့် ကုတ်အမည်၏ ခေါင်းစဉ်ခွဲ တစ်ခုဖြစ်နိုင်ပြီး သီးခြား နေရာလပ် မရှိခြင်း၊ သို့မဟုတ် “အခြား”ဟူသည့် လူအများ ထင်မြင်မှန်းဆချက် ကုတ်အမည် ဖန်တီးထားသည့်အတွက် “အခြား”ဟူသည့် ကုတ်အမည်ထဲတွင် “တိုင်းရင်းသား”များပါ ပါဝင်သွားနိုင်ပါသည်။

သန်းခေါင်စာရင်း ကောက်ယူထားသည်မှာ လအတန်ကြာခဲ့သည့် အချိန်အထိ အစိုးရ၊ သို့မဟုတ် UNFPA တို့က တိုင်းရင်းသားအုပ်စုများကို အမျိုးအစားခွဲခြားခြင်း၊ သို့မဟုတ် ပိုင်းခြားသတ်မှတ်ခြင်း ပြုလုပ်ရာ၌ ကုတ်နံပါတ်များကို မည်ကဲ့သို့ အသုံးပြုခဲ့ကြောင်း ကြေညာခဲ့ခြင်း မရှိပါ။ ထို့ကြောင့် သန်းခေါင်စာရင်း ရလဒ်များကို ထုတ်ပြန် ကြေညာခဲ့သောအခါ တိုင်းရင်းသားရေး တက်ကြွလှုပ်ရှားသူများနှင့် ပြောရေးဆိုခွင့် ရှိသူများက ပြဿနာပေါင်းများစွာ တွေ့ရှိရသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြခြင်း ဖြစ်ပါသည်။ ယင်းမှာလည်း သန်းခေါင်စာရင်း ကောက်ယူသည့် လုပ်ငန်းစဉ်များအရ “လူမျိုး”ဟူသည့် အချက်အလက်ကို ကောက်ယူရာတွင် များစွာ အငြင်းပွားဖွယ် ဖြစ်နေသည့် တိုင်းရင်းသားလူမျိုး “၁၃၅” မျိုး ရှိသည်ဟူသည့် အချက်အပေါ် အခြေခံထားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အဆိုပါ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိသည် ဟူသည့် အချက်မှာလည်း ၁၉၆၂-၁၉၈၈ ဆိုရှယ်လစ်ခေတ် နှောင်းပိုင်းမှ အယူအဆကို ထပ်တူနီးပါး ပုံတူကူးထားခြင်းဖြစ်ပြီး နဝတ/နအဖ စစ်အစိုးရ ၁၉၈၈-၂၀၁၁ လက်ထက်တွင် ပြန်လည် အသက်သွင်းခဲ့ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် Transnational Institute(TNI) က ၂၀၁၄ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူမှုဆိုင်ရာ အစီရင်ခံစာကို လေ့လာ သုံးသပ်ခဲ့ပြီး “၁၉၈၉ ဇူလိုင်လ၌ နဝတအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်က “သန်းခေါင်စာရင်းဌာန” ကို မှီငြမ်းကိုးကား အထောက်အထားပြုပြီး တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ ထိုစဉ်က အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခံ အစိုးရ မရှိသည့်အချိန် ဖြစ်ရာ ရှုပ်ထွေးမှုများ ဖြစ်စေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သိမြင်ထားခဲ့ကြပါသည်။ ထို့အပြင် အဆိုပါ နည်းဗျူဟာမြောက် ကြိုးပမ်းမှုမှာ ဗမာ မဟုတ်သည့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို အင်အားချိနဲ့ သွားစေရန်ဖြစ်ပြီး “သွေးခွဲအုပ်ချုပ်မှု”  နည်းစနစ်သစ်ပင် ဖြစ်သည်”ဟုဖော်ပြခဲ့ပါသည် (TNI, 2014, p. 6)။

ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း စသည့် လူများစု တိုင်းရင်းသားလူမျိုး ရှစ်မျိုးကို တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအဖြစ် ကျပန်း ခွဲခြားလိုက်ပြီး ထိုသို့ ခွဲခြားရာတွင်လည်း ဘာသာစကားနှင့် ယဉ်ကျေးမှုအရ ဆက်နွယ်မှုတို့အပေါ် အခြေခံခဲ့ပါသည်။ ထို့ကြောင့် “ရှမ်း” လူမျိုးများ၏ ဖြစ်ရပ်ကိုကြည့်ပါက ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်မှုအပေါ် မူတည်၍ ခွဲခြား သတ်မှတ်သည့် သဘော သက်ဝင်သွားခဲ့ပါသည်။ သာဓက အနေဖြင့် “ဝ” တိုင်းရင်းသားလူမျိုးများမှာ “ရှမ်း”တိုင်းရင်းသား လူမျိုးတို့နှင့် ဘာသာစကား၊ ယဉ်ကျေးမှုအရ ဆက်နွယ်မှု မရှိသော်လည်း ရှမ်းပြည်နယ်အတွင်း နေထိုင်နေခြင်းကြောင့် “ရှမ်း” လူမျိုး ခေါင်းစဉ်ခွဲအောက် ရောက်ရှိသွားခဲ့ပါသည်။

သံသယဖြစ်ဖွယ်ကောင်းသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ခွဲခြားထားခြင်း၏ နိုင်ငံရေးဆိုင်ရာ အကျိုးဆက်မှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုမှ UNFPA/MOIP တို့၏ လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် ပိုမို ဆိုးရွားစေခဲ့ပါသည်။ သန်းခေါင်စာရင်းစစ်တမ်း မေးခွန်းလွှာကို ဖြေဆိုသူ တစ်ဦးအနေဖြင့် “လူမျိုး” ဟူသည့်အချက်ကို တစ်ကြိမ်သာ ရေးသွင်း မှတ်တမ်းတင်နိုင်သည်ဖြစ်ရာ ကမ္ဘာသုံး စံချိန်စံညွှန်းဖြစ်သည့် UNSTAT ၏ “စည်းမျဉ်း စည်းကမ်းများနှင့် အကြံပြုချက်များ” နှင့် တစ်သားတည်း မကိုက်ညီခဲ့ပါ။ UNSTAT ၏ “စည်းမျဉ်း စည်းကမ်းများနှင့် အကြံပြုချက်များ” အရ “ဖြေဆိုသူ အိမ်ထောင်ဦးစီးများ အနေဖြင့် တိုင်းရင်းသားလူမျိုး တစ်မျိုးထက်ပို၍ ဆက်နွယ်ပေါင်းစည်းမှု ရှိကြောင်း ထောက်ပြနိုင်သည့် ရွေးချယ်ခွင့် ရှိရမည်” ဟူသည့်အချက် ပါဝင်ပါသည် (TNI, 2014, p. 140) ။ ထို့အပြင် “ ethnicity နှင့် ပတ်သက်၍ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ သုံးသပ်ရမည်ဖြစ်ပြီး ပုံသေအယူအဆ တစ်ခုထက်ပိုသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုး အမျိုးအစား ခွဲခြား သတ်မှတ်ရာ၌ လိုတိုးပိုလျှော့ လုပ်နိုင်စွမ်း ရှိရပါမည်”ဟု ဖော်ပြထားပါသည် (UNSTAT, 2008, p. 139)။ သန်းခေါင်စာရင်း အချက်အလက် ကောက်ယူမှုတွင် လူမျိုးတစ်မျိုးထက်ပို၍ သွေးနှောနေခြင်းကို ခွင့်ပြုထားပြီး အခြားနိုင်ငံများတွင်လည်း ထိုအတိုင်းပင် လက်ခံကျင့်သုံးကြပါသည်။ ယင်းမှာ ကုလသမဂ္ဂ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည်သာမက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ကလည်း သဘောတူညီထားပြီးသား ဖြစ်ပါသည်။ ထို့အပြင် မြန်မာအစိုးရ၏ ထုတ်ပြန်ကြေညာချက်များတွင်လည်း နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ၌ ယခင်ကတည်းက လူမျိုးတစ်မျိုးထက်ပို၍ သွေးနှောနေခြင်းကို အသိအမှတ်ပြုထားကြောင်း ဖော်ပြပါရှိပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံခြားသား နည်းပညာ ကျွမ်းကျင်သူများအနေဖြင့်လည်း “လူမျိုး”ဆိုင်ရာ အချက်အလက် ကောက်ယူမှု လုပ်ငန်းစဉ်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ၊ သို့မဟုတ် လူမျိုးတစ်မျိုးထက်ပို၍ သွေးနှောနေသူများအတွက် အထူးပြု စဉ်းစားပေးခဲ့သည့် မှတ်တမ်းများ မတွေ့ရပါ။ ထို့ကြောင့် ၂၀၁၄ ခုနှစ် အိမ်ထောင်စုစာရင်း ကောက်ယူရာ၌ ရှမ်း-ဗမာ၊ မွန်-ကရင်၊ တရုတ်-ဗမာ စသည့် သွေးနှောများကို မှတ်တမ်း တင်နိုင်မည့် “လျှပ်တပြက် ရုပ်ပုံလွှာ” မျိုးရရှိရန် မဖြစ်နိုင်ခဲ့ပါ။ ထို့နောက် တိုင်းရင်းသား “လူမျိုး” အရေအတွက် စုစုပေါင်းကို ထုတ်ပြန် ကြေညာခဲ့လျှင်လည်း အချက်အလက်များမှာ လွန်စွာ လူမျိုးရေး ခွဲခြားသည့်သဘော သက်ဝင်နေနိုင်ပြီး ဇီဝဗေဒသဘောအရ၊ ယဉ်ကျေးမှုအရ၊ သို့မဟုတ် လူမျိုး စရိုက် သွင်ပြင် လက္ခဏာ ခွဲခြားမှုအရ ကမောက်ကမ ဖြစ်နေသည့် “လျှပ်တပြက် ရုပ်ပုံလွှာ” မျိုးသာ ဖြစ်နေပါလိမ့်မည်။

■ ပုံပျက်ယွင်းနေသော ကိန်းဂဏန်းများနှင့် စာရင်းကောက်ယူသည့် လုပ်ငန်းစဉ်

“လူမျိုး” ဟူသော မေးခွန်းမှာ သန်းခေါင်စာရင်း စစ်တမ်းမေးခွန်းလွှာ၏ နံပါတ် (၈) မေးခွန်းဖြစ်၍ “ကိုးကွယ်သည့် ဘာသာ”နှင့် “မသန်စွမ်းမှု အခြေအနေ” ဟူသည့် မေးခွန်းနှစ်ခုကြားတွင် ရှိပြီး အခြားသော အငြင်းပွားဖွယ် မေးခွန်းဖြစ်သည့် နိုင်ငံသားဖြစ်မှု အခြေအနေ (ကိုင်ဆောင်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား အမျိုးအစား) လည်း ပါဝင်နေပါသည်။ စာရင်းကောက်များသို့ ညွှန်ကြားချက်မှာ အိမ်ထောင်စုဝင် တစ်ဦးချင်းစီအတွက် “မြန်မာနိုင်ငံရှိ မည်သည့် တိုင်းရင်းသား လူမျိုးထဲတွင် ပါဝင်ပါသနည်း၊ သို့မဟုတ် မြန်မာနိုင်ငံသား မဟုတ်သူများအတွက် မည်သည့်နိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသနည်း”ဟူသော မေးခွန်းကို အိမ်ထောင်ဦးစီးထံမှ မေးမြန်းရန် ဖြစ်ပါသည် (MOIP, 2014, p. 30)။ ၁၅ လူတစ်ဦးချင်းစီအတွက် ကုတ်နံပါတ် တစ်မျိုးသာ ရေးသွင်း မှတ်တမ်းတင်ရန်နှင့် ဥပဒေအရလည်း စာရင်းကောက်များ အနေဖြင့် အိမ်သားအားလုံး၏ လူမျိုးစရိုက် သွင်ပြင်လက္ခဏာကို ထိုအိမ်ထောင်စုမှ အသက်အကြီးဆုံး အမျိုးသား အိမ်ထောင်ဦးစီးထံမှ မေးမြန်းရမည် ဖြစ်ပါသည်။ နိုင်ငံခြားတိုင်းပြည်များအတွက် ပုံစံရေးဆွဲမှုများ အပါအဝင် ယင်းအဖြေများအရ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲတွင် မပါဝင်ပါက “နိုင်ငံခြားသား” ဟူသည့် ခေါင်းစဉ်အောက်မှ “အခြား”ဟူသော ကုတ်အမည်ကို လက်ရေးဖြင့် ရေးသွင်း မှတ်တမ်းတင်မည် ဖြစ်ပါသည်။

၂၀၁၅  အထွေထွေ ရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ သန်းခေါင်စာရင်းမှ “တိုင်းရင်းသားလူမျိုး” ဟူသည့် အချက်အလက်ကို တိုင်းရင်းသား လူနည်းစုများ၏ ကိုယ်စားပြု ဖော်ပြမှုပုံစံ ရေးဆွဲရန် အသုံးပြုသင့်သည်ဟု တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ အများအပြားက ယုံကြည်ယူဆ လာခဲ့ကြပါသည်။ ထို့အပြင် ရွေးကောက်ပွဲကို အကြောင်းပြပြီး ကိန်းဂဏန်း အချက်အလက်များ ဖောင်းပွ လာနိုင်သည့်အတွက် သူတို့က မိမိတို့၏ တိုင်းရင်းသားလူမျိုးများ အနေဖြင့် တစ်ခုတည်းသော “လူမျိုး” ကုတ်နံပါတ်ကိုသာ ဖြေဆိုစေရန် စုရုံးကြိုးပမ်း လာခဲ့ကြပါသည်။ သာဓက အနေဖြင့် ချင်း၊ ရှမ်း၊ မွန်နှင့် ဇိုမီး တိုင်းရင်းသားများက အဆုံးသတ် သန်းခေါင်စာရင်း ရလဒ်များထဲတွင် ပါဝင် အစီရင်ခံနိုင်ရေးအတွက် လူဦးရေစာရင်း ကြိုတင်ရေတွက်ထားရန် သူတို့၏ ကိုယ်ပိုင် သန်းခေါင်စာရင်းကော်မတီများ ဖွဲ့စည်းခဲ့ကြပါသည်။ ၁၆ မွန်လူမျိုး သန်းခေါင်စာရင်း ကော်မတီ၏ အကြီးအကဲက “ရန်ကုန်မြို့တွင် နေထိုင်နေသည့် မွန်လူမျိုး ၁ သိန်းခန့်ရှိပြီး ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း အများအပြား နေထိုင်ကြရာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မွန်တိုင်းရင်းသားများအတွက် နောက်ထပ် ကိုယ်စားပြု ဖော်ပြခွင့် ရသင့်သည်”ဟု ပြောကြားသွားခဲ့ပါသည် (Eleven Media Online, 2015, February 9)။

အခြားတိုင်းရင်းသား လူမျိုးများကလည်း သူတို့ကို မျိုးနွယ်စုငယ်များ၊ အုပ်စုငယ်များအဖြစ် ထပ်မံခွဲခြားခံရပြီး မိမိတို့၏ အခွင့်အရေးများ လက်လွတ် ဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်ခဲ့ကြပါသည်။ သာဓက အနေဖြင့် တချို့သော ကချင်လူမျိုး တက်ကြွလှုပ်ရှားသူများက ကချင်လူမျိုး အားလုံးကို မျိုးနွယ်စုငယ် အုပ်စုခွဲများ၊ သို့မဟုတ် ရိုးရာတူ လူမျိုးစုများအဖြစ် ထပ်မံခွဲခြားခြင်း မပြုရန်နှင့် စစ်တမ်း မေးခွန်းလွှာမှ ကုတ်နံပါတ် ၁၀၁ “ကချင်” ဟူသော အားလုံးကို ဆက်စပ် လွှမ်းခြုံနိုင်သည့် အမည်ကုတ်နံပါတ်ကိုသာ အသုံးပြုရန် ထောက်ခံခဲ့ကြပါသည်။ ထို့နောက် လူမှုကွန်ရက်၊ မီဒီယာများတွင်လည်း “ကချင် ၁၀၁” ဟူသော လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြပါသည်။

လက်တွေ့ ကွင်းဆင်း စာရင်းကောက်ခံမှု လက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များမှာလည်း ယင်း အဓိကလူမျိုးများနှင့် မျိုးနွယ်စု အုပ်စုခွဲငယ်များအကြား ဝိရောဓိ ဖြစ်နေပြီး မေးခွန်းဖြေဆိုသူများက မည်သည့်အဖြေကို ပေးသည်ဖြစ်စေ ရေးသွင်း မှတ်တမ်းတင်ထားရန်သာ အခိုင်အမာ ပြောကြားထားပါသည်။ အခြားတစ်ဖက်တွင်လည်း အဓိက တိုင်းရင်းသားလူမျိုးအမည် ရှိပြီးသားဖြစ်၍ ကုတ်နံပါတ် စာရင်းထဲတွင် ပါဝင်ပြီးသား ဖြစ်လျှင်သော်မှ အဆိုပါမျိုးနွယ်စု အုပ်စုခွဲများအတွက် ဖြေဆိုသူမှ သက်သေပြရန် စာရင်းကောက်များကို ညွှန်ကြားထားပါသည်။

သာဓကပြရမည် ဆိုပါက လူပုဂ္ဂိုလ်တစ်ဦးသည် ကချင်တိုင်းရင်းသား အုပ်စုထဲမှ ထရုံလူမျိုးဖြစ်သည်ဆိုလျှင် ကုတ်နံပါတ်အရ ၁၀၂ ဟု ရေးသွင်းသွားမည် ဖြစ်ပါသည်။ ၁၇ အကယ်၍ ကရင်လူမျိုးများထဲမှ ပကူလူမျိုး ဖြစ်ပါက ကုတ်နံပါတ် ၃၀၇ ဖြစ်ပါသည်။ သီးသန့် တိုင်းရင်းသား/လူမျိုး အမည် မပေးထားဘဲ ကုတ်နံပါတ် စာရင်းထဲတွင် မရှိသည့် “အခြားတိုင်းရင်းသား/ လူမျိုး”ဖြစ်လျှင် ကုတ်နံပါတ် ၉၁၄ “အခြား”ဖြစ်ပြီး ပေးထားသည့် နေရာလွတ် မျဉ်းကြောင်းပေါ်တွင် အမည်ရေးသွင်းမည် ဖြစ်ပါသည် (Ministry of Immigration & Population, 2014, p. 30)။

ယင်းမှာ အလွန့်အလွန် ရှုပ်ထွေးလှပြီး ကိုလိုနီခေတ်လွန် သမိုင်းကြောင်းဆိုင်ရာ စာအုပ်စာတမ်းများဖြစ်သည့်  ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ  စာအုပ်စာတမ်းများတွင်လည်း “အဓိက လူမျိုးကြီး ရှစ်မျိုး” ရှိသည်ဟူ၍သာ မှီငြမ်းကိုးကား အမှတ်အသား ပြုထားသည့်အပြင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့၏ ကိုယ်ပိုင် ကုတ်နံပါတ်များလည်း ရှိပြီးဖြစ်ပါသည်။ သို့သော်လည်း စာရင်းကောက်များ အနေဖြင့် (က) မေးခွန်းဖြေဆိုသူ ပြောကြားသည့်အတိုင်း လက်ခံရန် (ခ) ဖြေဆိုသူ၏ အဖြေမှာ အဓိက လူမျိုးကြီးခေါင်းစဉ်အောက်တွင် ပါဝင်နေပါက လက်မခံရန်နှင့် ခေါင်းစဉ်ခွဲများထဲအထိ အသေးစိတ်ရှာဖွေရန် ညွှန်ကြား ခံထားရပါသည်။ ၁၈ ယင်းအဓိပ္ပာယ်အရ မေးခွန်းဖြေဆိုသူ အနေဖြင့် “ကချင်”လူမျိုး ဖြစ်ပါသည်ဟု စောဒကတက်ခွင့် ရှိသော်လည်း စာရင်းကောက်မှ ရိုးရာတူ လူစု၊ သို့မဟုတ် အုပ်စုခွဲ အမည်ထဲတွင် ရေးသွင်း မှတ်တမ်းတင်သွားမည့် ပြဿနာကို လက်ခံရဖွယ် ရှိနေပါသည်။

၂၀၁၄ ခုနှစ် ဧပြီနှောင်းပိုင်း၌ စာရေးသူအနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာ၌ မေးခွန်းများကို ဖြေဆိုခဲ့ရသူ ၁၀၀ နီးပါးခန့်နှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်နှင့် မ္တလေးမြို့ကြီးများရှိ အသိုင်းအဝိုင်း၊ အုပ်စုများမှ ရွေးချယ်ထားသူများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပြီး “လူမျိုး”ဟူသော မေးခွန်းကို မည်သို့ ဖြေဆိုဖြစ်ခဲ့ကြောင်း အဓိကထား မေးမြန်းခဲ့ရာ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်အပေါ် ၎င်းတို့၏ ယေဘုယျအမြင်ကို  ပြောပြခဲ့ကြပါသည်။ ဖြေဆိုသူ အများစုက မိမိတို့ကို မေးခွန်းပေါင်း ၄၁ ခုအနက် တချို့အဝက်သာ မေးမြန်းခဲ့ကြောင်းနှင့် “ဘာလူမျိုးလဲ”ဟု မေးမြန်းသည့်အခါ “မြန်မာ”ဟု ဖြေဆိုခဲ့ကြောင်း ဖြေဆိုသူ ရာခိုင်နှုန်းအများစုက ပြောပြခဲ့ပါသည်။ “မြန်မာ”ဟူသည်မှာ တိုင်းရင်းသား လူမျိုးအမည် မဟုတ်သည့်အပြင် စစ်တမ်းမေးခွန်းလွှာရှိ တရားဝင် ကုတ်နံပါတ်စာရင်းမှ “လူမျိုး”ခေါင်းစဉ်အောက်တွင်လည်း မပါဝင်ဘဲ နိုင်ငံသားဖြစ်မှုနှင့်သာ သက်ဆိုင်ပါသည်။ စာရေးသူ မေးမြန်းခဲ့သူများထဲမှ မြန်မာဟု ဖြေဆိုသူ ၃ ပုံ ၁ ပုံခန့်မှာ တရားဝင် ကုတ်နံပါတ်စာရင်းမှ “လူမျိုး” အမျိုးအစားအတွက် သက်သေပြခဲ့ရပါသည်။ အခြား ၃ ပုံ ၁ ခန့်မှာမူ “ဒါဆို ဗမာလူမျိုးပေါ့”ဟူသည့် တန်ပြန်မေးခွန်းကို မေးမြန်းခံခဲ့ရရာ ထိုသူများမှာ ဗမာလူမျိုးများ မဟုတ်ကြသော်လည်း “ဟုတ်ကဲ့ ဆရာမ” ဟုသာ ဖြေဆိုခဲ့ကြောင်း ပြောပြခဲ့ကြပါသည်။ ပိုမိုဆိုးရွား ရှုပ်ထွေးလှသည်မှာ “မြန်မာ” ဟုဖြေဆိုခဲ့သည့် ဖြေဆိုသူ နောက်ထပ် ၃ ပုံ ၁ ပုံခန့်ကို စာရင်းကောက်မှ မည်သို့မျှ ထပ်ဆင့် မေးမြန်းသွားခြင်း မရှိသည့်အတွက် စာရင်းကောက်သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လူမျိုးအမည်စာရင်း ရေးသွင်းသွားသည့် သဘောမျိုး ဖြစ်နေပါသည်။ ထို့အပြင် လူ ၃၀ ကျော်ကျော်မှာ “လူမျိုး” ဟူသည့် မေးခွန်းကို လုံးဝမေးမြန်း မခံခဲ့ရပါ။ အချို့သော မွတ်ဆလင် ဘာသာဝင်များက “လူမျိုး” မေးခွန်းကို ဖြေဆိုရာတွင် “မွတ်ဆလင်”ဟု ဖြေဆိုခဲ့ကြရာ “လူမျိုး” ကုတ်နံပါတ် စာရင်းထဲတွင် “မွတ်ဆလင်” မပါဝင်ကြောင်း စာရေးသူက သူတို့ကို ပြသခဲ့ပြီးနောက် အဆိုပါကိစ္စအတွက် တစုံတရာ သက်သေမပြခဲ့ရခြင်းကြောင့် အံ့အား သင့်ကုန်ကြပါသည်။ သို့ဖြစ်ရာ သူတို့ကို မည်သို့ ရေးသွင်း မှတ်တမ်းတင်သွားမှန်း ထိုသူများ မသိရှိခဲ့ကြရပါ။

သန်းခေါင်စာရင်း ကောက်ယူသည့် တနေ့တာ ကုန်ဆုံးပြီးနောက် စာရင်းကောက် အားလုံးသည် မိမိတို့၏ သက်ဆိုင်ရာ သန်းခေါင်စာရင်းကောက် ရုံးများသို့ ပြန်ကြပြီး စစ်တမ်းမေးခွန်းလွှာ ပုံစံများကို ပြန်လည် စစ်ဆေးခြင်း၊ မေးခွန်းတိုင်းကို အဖြေရေးသွင်းခဲ့ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကြီးကြပ်သူများထံသို့ ပုံစံများ ပြန်အပ်ကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ထို့ကြောင့် “လူမျိုး” ဆိုင်ရာ မေးခွန်း အပါအဝင် မေးခွန်းအားလုံးနှင့် ပတ်သက်သည့် အချက်အလက်များအပေါ် ယုံကြည်အားထားရမှု ရှိ/မရှိ ဟူသော မေးခွန်းများလည်း ရှိလာနိုင်ပါသည်။ အကယ်၍ “လူမျိုး”ဟူသည့် စာရင်းကောက်ယူမှုနှင့် ပတ်သက်သည့် မေးခွန်းဖြစ်ပါက အချက်အလက်အမှားများ ရရှိလာသည်နှင့်အမျှ ဒီမိုကရေစီကို ဆန့်ကျင်သွေဖီသည့် နိုင်ငံရေးအရ ဂယက်ရိုက်ခတ်မှုများ အထင်အရှား ပေါ်ပေါက်လာမည်သာ ဖြစ်ပါသည်။

■ လူနည်းစု အခွင့်အရေးအတွက် အချက်အလက် မှားများ၏ နိုင်ငံရေးအရ ဂယက် ရိုက်ခတ်မှုများ

မြန်မာအစိုးရက တိုင်းရင်းသား လူမျိုးဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ကြေညာမှု အတန်ငယ် နှောင့်နှေးမည်ဟု ကြေညာခဲ့ရာ မူလက ၂၀၁၅-၂၀၁၆ ၌ ထုတ်ပြန် ကြေညာမည်ဟု အစီအစဉ် ရေးဆွဲထားခြင်း ဖြစ်ပါသည်။ တာဝန်ရှိသူများက သန်းခေါင်စာရင်း မကောက်ယူမီ ကတည်းက “လူမျိုး”နှင့်ပတ်သက်သည့် အချက်အလက်များမှာ အခြားသော ကိန်းဂဏန်း အချက်အလက်များ ထုတ်ပြန်ကြေညာချိန်ထက် တစ်နှစ်ခန့် နောက်ကျမည်ဟု သတိပေးခဲ့ပြီး ဖြစ်ပါသည်။ ယင်းမှာလည်း “အခြား”ဟူသော ခေါင်းစဉ်အောက်၌ လက်ရေးဖြင့် ရေးသား စာရင်းသွင်းရသည့် လိုအပ်ချက်ကြောင့်ဟု ဆိုပါသည်။ မည်သို့ပင်ဖြစ်စေ ပိုမိုရှုပ်ထွေးစွာ စာရင်းရေးသွင်းထားသည့်  အဆိုပါ အချက်အလက်များကို  ၂၀၁၄  ခုနှစ် သန်းခေါင်စာရင်း အတွဲ ၂-ခ  “ပြည်ထောင်စု အစီရင်ခံစာ- အလုပ်အကိုင်နှင့် လုပ်ငန်း” ၁၉ အဖြစ် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ အခြားသော စဉ်းစားစရာများ ရှိလာခဲ့ပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် အဆိုပါ နှောင့်နှေးကြန့်ကြာမှု၏ အဓိက အကြောင်းပြချက်ကို UNFPA က ထုတ်ပြန် ကြေညာခဲ့ရာ “တိုင်းရင်းသား လူမျိုးများနှင့် ပတ်သက်သည့် အချက်အလက် ကောက်ခံမှုနှင့် စပ်လျဉ်း၍ အစိုးရက ဦးဆောင်ပြီး တိုင်းရင်းသားလူမျိုး အသီးသီးနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်သည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်မည် ဖြစ်ပါသည်။ ထို့နောက် ရလဒ်များကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း၊ သို့မဟုတ် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန် ကြေညာနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်”ဟု ဖော်ပြခဲ့ပါသည် (Myanmar Census Update: Provisional Results Released, 2014)။၂၀

သို့ရာတွင် UNFPA သို့မဟုတ် MOIP တို့က အဆိုပါ ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည် ဟူသည့် အများသိ မှတ်တမ်းမှတ်ရာများလည်း မရှိခဲ့ဘဲ “သန်းခေါင်စာရင်းထဲတွင် ကိန်းဂဏန်း အရေအတွက် လျှော့ချ ခံထားရပြီး တိုင်းရင်းသားလူမျိုး အမည်များလည်း လွဲမှားနေသည့် တိုင်းရင်းသား လူမျိုးများနှင့် ဗဟို သန်းခေါင်စာရင်း ကော်မရှင်တို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်”ဟူသော မတိကျမရေရာသည့် သတင်း အစီရင်ခံစာများသာ ရှိခဲ့ပါသည် (Eleven Media Online, 2015, February 9)။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဗဟို သန်းခေါင်စာရင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်ကြိုင်က “တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကော်မတီ၊ သမိုင်းပညာရှင်များ၊ လူဦးရေ စာရင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်ပြီးမှသာ အချက်အလက်များကို ထုတ်ပြန် ကြေညာနိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များက ထိုအချက်အလက်များကို အတည်မပြုမချင်း ထုတ်ပြန်ကြေညာနိုင်ဦးမည် မဟုတ်ကြောင်း” ပြောကြားခဲ့ပါသည် (Eleven Media Online, 2015, February 9)။ ၂၁

သို့သော်လည်း အတည်ပြုချက် ရယူနိုင်မည့် မည်သည့် လုပ်ငန်းစဉ်မျိုးကိုမှ ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ အကယ်၍ ဆောင်ရွက်ခဲ့သည် ဆိုလျှင်လည်း အပြောင်းအလဲ အလျှော့အတင်း မရှိ၊ တစ်ခုတည်းသော စရိုက် သွင်ပြင် လက္ခဏာခေါင်းစဉ်များကို အသုံးပြုကာ “လူမျိုး” နှင့် သက်ဆိုင်သည့် အချက်အလက်များကို ကောက်ယူခဲ့ခြင်းဖြစ်ရာ ပြည်သူလူထု ပူးပေါင်းပါဝင် ဝေဖန်နိုင်မည့် သို့မဟုတ် နိုင်ငံရေးအရ အဓိပ္ပာယ်ရှိပြီး  ပညာသားပါသည့် နည်းလမ်းများဖြင့် “လူမျိုး”ဆိုင်ရာ အချက်အလက်များကို တစ်နည်းတစ်ဖုံ ပြန်လည် ပြင်ဆင်နိုင်မည့် သိသာထင်ရှားသော အခွင့်အလမ်း မရှိခဲ့ပါ။ လူဦးရေစာရင်း ကောက်ယူရာတွင် အသုံးပြုသည့် ကိရိယာ၊ နည်းနာများမှာ နိုင်ငံရေးအားဖြင့် အဓိက ချဉ်းကပ်ထားခြင်းဖြစ်ပြီး လွန်စွာရိုးရှင်း၍ ညံ့ဖျင်းဆိုးရွားစွာ ပုံစံထုတ်ထားသော မေးခွန်းများကြောင့်လည်း ကမောက်ကမ ဖြစ်နေသော အချက်အလက်များကိုသာ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

NLD အစိုးရ လက်ထက်သို့ ရောက်သောအခါ ဦးမြင့်ကြိုင်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်အဖြစ် ရာထူး တက်သွားပြီးနောက် ကတိပေးထားခဲ့သည့်အတိုင်း “လူမျိုး” ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာခဲ့ပါသည် (South Asian Moni-tor, 2016, December 27)။ မည်သို့ပင် ဖြစ်စေ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက် NCA လက်မှတ် ရေးထိုးခဲ့သည့် တစ်နှစ်ပြည့် အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားရာတွင် အလွန်တိကျသည့် ကိန်းဂဏန်း အချက်အလက်များကို ထုတ်ဖော် ပြောဆိုသွားခဲ့ပြီး အချက်အလက် အပြည့်အစုံကို ထုတ်ပြန်ကြေညာခဲ့ပါက ပေါက်ကွဲ ထွက်လာမည့် သဘောသဘာဝ၊ အလားအလာ ရှိသည်ဟူသည့် အချက်လည်း ပါဝင်ခဲ့ပါသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းအပြည့်အစုံကို အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ပါသည်။ ၂၂ ထို့အပြင် တိုင်းရင်းသားလူမျိုး အမည်ပေးထားသည့် ပြည်နယ် ခုနစ်ပြည်နယ်အနက် ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကချင်နှင့် ရှမ်းလူမျိုးတို့မှာ လူများစု မဟုတ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အသေးစိတ် ရှင်းလင်းချက်အရ အဆိုပါ ပြည်နယ်များသည် ပြည်နယ်အတွင်း နေထိုင်သူ တိုင်းရင်းသား လူများစု၏ အမည်ကို ပေးထားခြင်း ဖြစ်သည် ဟူသည့် အချက်အပေါ် အခြေခံပါသည်။ အကယ်၍သာ ကချင်ပြည်နယ်၌ ကချင်လူမျိုးများက လူများစု မဟုတ်ခဲ့လျှင် အခြေခံဥပဒေအရ အမည်ပြန်ပေးခြင်းနှင့် နယ်နိမိတ် အသေးစိတ် ပြန်လည် သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်သင့်ပါသည်။ ထို့ပြင် အခြေခံဥပဒေထဲတွင် တိုင်းရင်းသားလူမျိုး ခြောက်မျိုးကို “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ” အဖွဲ့အစည်းများအဖြစ် သတ်မှတ် ပေးထားခဲ့ပါသည် (Sections 49-56, 274-283 of the 2008 Constitution)။ သို့သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများ (ပြည်နယ်များ၊ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၊ သို့မဟုတ် နယ်မြေများ) ၏ အနာဂတ်အတွက် ပြဋ္ဌာန်းချက်များ မပါဝင်ခဲ့ရာ ယခင်က ကောက်ယူခဲ့ဖူးသည့် သန်းခေါင်စာရင်းမှ တိုင်းရင်းသားလူမျိုး လူဦးရေ ကိန်းဂဏန်း အချက်အလက်များကို အခြေခံ၍ အဆိုပြု စဉ်းစားခဲ့ခြင်း ဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်မှ အုပ်ချုပ် စီမံခန့်ခွဲခွင့်ရှိသည့် နယ်နိမိတ် သတ်မှတ်ချက်များ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် တိုင်းဒေသကြီးများ၏ နယ်နိမိတ်များကို ပြန်လည်ရေးဆွဲခြင်း၊ အမည်ပြန်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို ထည့်သွင်း ရေးဆွဲထားပါသည်။ အဆိုပါလုပ်ငန်းစဉ်မှာ ရှုပ်ထွေးပြီး စမ်းသပ် လုပ်ဆောင်ခြင်းလည်း  မပြုရသေးပါ။  ထို့အပြင်  ငြိမ်းချမ်းရေး  ဆွေးနွေးညှိနှိုင်းမှုများမှာလည်း “ဖက်ဒရယ်” နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အခြေခံ ရွေ့လျားနေသည့်အတွက် “လူမျိုး” နှင့် ပတ်သက်သည့် ကိန်းဂဏန်း အချက်အလက်များကို အုပ်ချုပ်စီမံခန့်ခွဲမှု အခြေအနေ၊ အဆင့်အမျိုးမျိုး တရားဝင် ရရှိစေရေး တောင်းဆိုရန်နှင့် သန်းခေါင်စာရင်း ရလဒ်များမှ “လူမျိုး”နှင့် ပတ်သက်သည့် အချက်အလက်များအား အသေးစိတ် ပြန်လည် ပြင်ဆင်ရေးဆွဲရန် အသုံးပြုနိုင်ပါလိမ့်မည် (Sections 53-55 of the 2008 Constitution)။ အခြေခံဥပဒေအရ အသေးစိတ် ပြန်လည်ပြင်ဆင် ရေးဆွဲရန်မှာ တိုင်းဒေသကြီး/ပြည်နယ်၊ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ တစ်ခုရှိ မြို့နယ်များမှ မဲပေးခွင့်ရှိသူ လူများစု၏ ထောက်ခံမှု လိုအပ်ပြီး တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောတူ ခွင့်ပြုမှုရှိရမည့်အပြင် ပြည်ထောင်စုလွှွတ်တော်မှ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရပါမည်။ အဆိုပါ လိုအပ်ချက်များမှာ အသေးစိတ် ပြန်လည်ပြင်ဆင် ရေးဆွဲရန်အတွက် အဓိကကျသည့် အခက်အခဲ အတားအဆီးများ ဖြစ်နေပြီး ထုတ်ပြန်ကြေညာတော့မည့် သန်းခေါင်စာရင်းမှ “လူမျိုး”နှင့် ပတ်သက်သည့် အချက်အလက်များအပေါ် တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုကို ပိုမိုဆိုးရွားစေကာ မျှော်လင့်ချက် မှုန်ပြပြမျှသာ ရှိနေစေပါသည်။ အကယ်၍ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်မှ ထုတ်ပြန်လိုက်သည့် ကိန်းဂဏန်း အချက်အလက်များအရ ကချင်၊ မွန်နှင့် ကယားတို့မှာ သူတို့ပြည်နယ်များ၌ လူဦးရေ လူများစု မဟုတ်ခဲ့လျှင်ဟူသော အမေးတစ်ခု ရှိလာပါသည်။ ထိုအခါ တိုင်းရင်းသား လူမျိုး၊ အခွင့်အရေးနှင့် နယ်နိမိတ် အပိုင်းအခြားတို့အပေါ် စွဲမြဲသိမြင် နားလည်မှုများကြောင့် တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းသစ်များ တောင်းဆိုသည့် နိုင်ငံရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာစေရန် တိုက်တွန်းလှုံ့ဆော်သည့် သဘောမျိုး ဖြစ်လာနိုင်ပါသည်။ ထို့အပြင် တရားဝင်ဖြစ်မှုကို အခြေခံပြီး တရားမဝင် နည်းဥပဒေ၊ လူမှုရေးနှင့် နိုင်ငံရေးအရ ဆက်နွယ်မှုများရှိသည့် ကိုလိုနီခေတ်လွန် “လူများစု”၊ “လူနည်းစု” တိုင်းရင်းသားလူမျိုးဟူသော နာမည်ကျော် ဗိုလ်ကျလွှမ်းမိုးသော အပြောမျိုးဖြင့် ပြဿနာ ကြီးလာနိုင်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  ဥပဒေပြု လွှတ်တော်၌  လူဦးရေကို  အခြေခံပြီး  လူနည်းစု “တိုင်းရင်းသားလူမျိုး” များ ကိုယ်စားပြု ပါဝင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ သို့သော်လည်း သူတို့၏ ပါဝင်မှုကို ကန့်သတ်ထားပြီး “အဓိကအားဖြင့် မိမိတို့၏ တိုင်းရင်းသား လူမျိုးရေးရာကိစ္စများကိုသာ တာဝန်ယူ ဆောင်ရွက်ရန်”၂၃ ဟု ဖော်ပြထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပုဒ်မ ၁၆၁ (ခ)နှင့် (ဂ) တို့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်သစ်များတွင် တိုင်းရင်းသားလူမျိုးစုတို့၏ ကိုယ်စားပြု ပါဝင်ခွင့်ကို အာမခံတာဝန်ယူ ပြဋ္ဌာန်းပေးထားပြီး တိုင်းရင်းသား လူမျိုးစုဟူသည်မှာ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိရမည်ဟု ဖော်ပြထားပါသည်။ သို့သော်လည်း မြန်မာဘာသာဖြင့်သာမက အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားထားသည့် အဆိုပါပြဋ္ဌာန်းချက်များမှာ စကားရပ်အားဖြင့် ရှုပ်ထွေးလှပါသည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ  ကျင်းပတော့မည့်အချိန်၌  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က “ပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီး၏ နယ်နိမိတ်အတွင်း နေထိုင်လျက် ရှိသည့် လူဦးရေ ၅၇၀၀၀  (တစ်နိုင်ငံလုံးရှိ လူဦးရေ၏  ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့်  အနီးစပ်ဆုံး ခန့်မှန်းချက်) ရှိသည့် “တိုင်းရင်းသားလူမျိုး” များမှာ လွှတ်တော် အမတ်နေရာများကို ကိုယ်စားပြု ပါဝင်ခွင့်ရှိသည်”ဟု အဓိပ္ပာယ် ပြန်ဆိုခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၌ တိုင်းရင်းသားလူမျိုးများအတွက် မဲဆန္ဒနယ် ၂၉ နေရာ သတ်မှတ် ပေးခဲ့ပါသည်။ ထိုအထဲတွင် ယခင်က ခွဲခြားသတ်မှတ်မှု မရရှိခဲ့သည့် အခါ၊ ကယန်းနှင့် လားဟူတို့အပြင် ဗမာအတွက်ပါ ပါဝင်လာခဲ့ပါသည်။၂၄ ၂၀၁၅ ခုနှစ်၌ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စုစာရင်းကို ကြေညာခဲ့သောအခါ ခန့်မှန်းထားသည့် လူဦးရေ သန်း ၆၀ ထက် သန်းပေါင်းများစွာ လျော့နည်းနေခဲ့ပြီး လူဦးရေ ၅၁ ဒသမ ၅ သန်းသာ ရှိသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က တိုင်းရင်းသားများအတွက် မဲဆန္ဒနယ် ၂၉ ခုသာ သတ်မှတ်ပေးခဲ့ပါသည်။ (ထိုသို့ဆိုလျှင် တိုင်းရင်းသားများ၏ ကိုယ်စားပြု ပါဝင်ခွင့်အတွက် တစ်နိုင်ငံလုံးရှိ လူဦးရေ ၅၁ ဒသမ ၅ သန်း၏ ဝ.၁ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၅၁၅၀၀ ဖြင့်သာ ဖြစ်သင့်ပါသည်) ထို့အပြင် တိုင်းရင်းသားလူမျိုးများနှင့် သက်ဆိုင်သည့် ကိန်းဂဏန်းများကို မည်သို့ ရရှိခဲ့မှန်း မသိရပါ။

ထိုအတွက်ကြောင့် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အဆိုပါ ပြဋ္ဌာန်းချက်များကို ပြီးမြောက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လူဦးရေစာရင်းကို မည်သို့ တွက်ချက်ခဲ့ကြောင်း မသိရပြန်ပါ။ ၂၀၁၅ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁၆၁ ပြဋ္ဌာန်းချက်များအရ ဝင်ရောက်ယှဉ်ပြိုင်ရမည့် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်ကို သီးခြား မဲရုံများတွင် ကြေညာထားမည်ဖြစ်ပြီး “တိုင်းရင်းသားလူမျိုး” ဆိုင်ရာ မဲပေးခွင့် ရှိသူများ စာရင်းတွင် မိမိအမည် ပါဝင်သည့် မဲဆန္ဒရှင်သည်သာလျှင် မိမိနှင့်လူမျိုးတူ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဲပေးနိုင်မည် ဖြစ်ပါသည်။၂၅ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံခဲ့ရသည့် “တိုင်းရင်းသားလူမျိုး” လွှတ်တော် ကိုယ်စားလှယ်များမှာ နောက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်က သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များ၌ “တိုင်းရင်းသားရေးရာဝန်ကြီးများ”အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းခံခဲ့ရပါသည်။၂၆ ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင်လည်း တိုင်းရင်းသားလူမျိုးများအတွက် သတ်မှတ်ပေးထားသည့် မဲဆန္ဒနယ် ၂၉ ခုသာ ထပ်တူ ပြန်လည် ပါဝင်လာခဲ့ပြန်ရာ သန်းခေါင်စာရင်း ရလဒ်များကို ရွေးကောက်ပွဲ ကော်မရှင်၏ ပုံစံချမှတ် ရေးဆွဲမှုများထဲသို့ ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပြန်ပါ။ သာဓကအနေဖြင့် ၂၀၁၃ ခုနှစ်၌ မွန်လူမျိုးများ၏ သန်းခေါင်စာရင်း ကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စေတနာ့ ဝန်ထမ်းများ စေလွှတ်ပြီး စစ်တမ်း ကောက်ယူစေခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် မွန်လူမျိုး ၁ သိန်းနီးပါး ရှိသည်ဟူသော ကိန်းဂဏန်း အချက်အလက်ကို ရရှိခဲ့ပါသည်။ သို့ရာတွင် မွန်လူမျိုးများမှာ အခြေခံဥပဒေ ပုဒ်မ ၁၆၁ အရ ရန်ကုန်တိုင်းဒေသကြီးအတွက် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်နေရာ မရရှိခဲ့ဘဲ ရခိုင်နှင့် ကရင်တို့ကသာ ရရှိခဲ့ကြပါသည်။

■ နိဂုံး

မြန်မာအစိုးရ၊ UNFPA နှင့် အလှူရှင်နိုင်ငံများ၏ တိုင်းရင်းသား လူမျိုးဆိုင်ရာ အချက်အလက် ကောက်ယူရေး ကြိုးပမ်းမှုမှာ အခြေမခိုင်ခဲ့သည့် ရွေးချယ်မှုများဖြင့် စတင်ခဲ့ပြီး စာရင်းကောက်ယူမှုဆိုင်ရာ အခက်အခဲများ၊ အပြစ်အနာအဆာ ချို့ယွင်းချက်ရှိသည့် ရလဒ်များနှင့် အပြီးသတ် အချက်အလက်များကို ထုတ်ပြန် ကြေညာခဲ့လျှင်လည်း နိုင်ငံရေးအရ မလိုလားအပ်သည့် အကျိုးဆက်များကိုသာ အထင်အရှား ပေါ်ပေါက်လာစေနိုင်ခြင်းတို့ကိုသာ ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူမှု၏ လွန်စွာ နိုင်ငံရေးဆန်သည့် သဘောသဘာဝနှင့် ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်များကို လျစ်လျူရှု ဥပေက္ခာ ပြုထားသည့်အပြင် ကန့် သတ် ဘောင်ခတ်ထားသည့် တာဝန်ယူ ဆောင်ရွက်မှုကို အသေဆုပ်ကိုင်ထားပြီး  “နည်းစနစ်အတိုင်း” ဟူ၍ တသွေမတိမ်း လိုက်နာ ကျင့်သုံးခဲ့ကြပါသည်။ လူဦးရေကို တိုင်းတာတွက်ချက် စီမံဆောင်ရွက်ရန် UNFPA နှင့် မြန်မာအစိုးရတို့က ဖန်တီးထားသည့် နည်းနာများကိုလည်း ပြည်သူလူထု၊ သို့မဟုတ် အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထက်စာလျှင် ပို၍ ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် လူသိထင်ရှား ဆွေးနွေးတိုင်ပင်မှု မပြုခဲ့ပါ။

မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးများ၏ “လျှပ်တပြက် ရုပ်ပုံလွှာ”ကို ရယူမည့် မည်သည့် ကြိုးပမ်းမှုမျိုးမဆို တိုင်းပြည်၏ နှစ်ရာပေါင်းများစွာ ကြာညောင်းနေပြီ ဖြစ်သည့် လူမှုရေး သမိုင်းကြောင်းအရ ရှုပ်ထွေးသည့် အကြောင်းအရာများကို နားလည် သဘောပေါက်ထားသင့်ပါသည်။ မြန်မာနိုင်ငံရှိ ကျေးရွာများ၊ မြို့များ၊ ခရိုင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေ အများစုမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဟင်းလေးအိုးကြီး ဖြစ်နေပြီး လူမှုရေးအရ ပတ်သက် ဆက်နွယ်မှုများမှ မတူကွဲပြားမှုအဆင့်များ၊ ရွှေ့ပြောင်းနေထိုင်သည့် ပုံစံများပေါ် မူတည်၍သာ ကွဲပြားခြားနားသွားကြခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ပြည်တွင်း၊ ပြည်ပသို့ ပြောင်းရွှေ့အခြေချ နေထိုင်မှုသာမက အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းနှင့် ဒုက္ခသည်အဖြစ် ထွက်ပြေးရခြင်းတို့လည်း မြင့်တက်လာခဲ့ရာ လူအများစုမှာ ယခင်က မကြုံဖူးသည့် အနေအထားမျိုးဖြင့် မိမိတို့၏ မိသားစုနေအိမ်များ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာနှင့် ဘာသာစကားတို့မှ ကင်းကွာလာခဲ့သည့်အတွက် အထက်ပါ မတည်ငြိမ်မှုမျိုးကို ထပ်လောင်း အားဖြည့်ပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။

နိဂုံးချုပ်အားဖြင့် အရေးအပါဆုံး အချက်လည်း ဖြစ်နိုင်သည်မှာ UNFPA နှင့် MOIP တို့အနေဖြင့် သူတို့ သဘောတူ ချမှတ်ခဲ့သည့် စံချိန်စံညွှန်း သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။ သူတို့ ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်သည့် တိုင်းရင်းသားလူမျိုးဆိုင်ရာ အချက်အလက် ကောက်ယူမှု၊ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်မှု၊ သတင်းဖြန့်ချိမှုနှင့်  မြန်မာနိုင်ငံ၏ အရောင်အသွေး စုံလင်လှသည့် ယဉ်ကျေးမှုဆိုင်ရာ “လျှပ်တပြက် ရုပ်ပုံလွှာ”တို့မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက်၊ ပြောရမည်ဆိုလျှင် နိုင်ငံရေးခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းအတွင်း ဆွေးနွေး ငြင်းခုံနေကြသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ဖက်ဒရယ်စနစ်တို့အတွက် ကောင်းကျိုးအခွင့်အလမ်း၊ ဆုလာဘ်တစ်ခုပင် ဖြစ်ပါသည်။ UNSTAT ၏  “စည်းမျဉ်း စည်းကမ်းများနှင့် အကြံပြုချက်များ”တွင် “အရေးပါသည့် အချက်မှာ တိုင်းရင်းသား လူမျိုးနှင့် သက်ဆိုင်သည့် အချက်အလက်များအတွက် အလားအလာရှိသည့် အသုံးဝင်မှုများနှင့် လိုအပ်ချက်များကို သန်းခေါင်စာရင်း ကောက်ယူမှုအား တုံ့ပြန်လာမည့် ပြည်သူလူထုထံ အသိပေး အကြောင်းကြား ရှင်းပြထားရမည်”ဟု ဖော်ပြထားပါသည် (UNSAT, 2008, p,139)။ မည်သို့ပင်ဖြစ်စေ UNFPA နှင့် MOIP တို့၏ ပြည်သူလူထုထံ ချဉ်းကပ်မှုမှာ အထက်မှအောက်သို့ အဆင့်ဆင့် ကြိုးကိုင်ထားသည့် လူသိများသော လှုံ့ဆော်မှုများကိုသာ ဖြစ်ပေါ်စေခဲ့သည့်အပြင် သန်းခေါင်စာရင်း အချက်အလက်များ၏ အကျိုးကျေးဇူးကို ခံစားစေရပါမည်ဟု ကတိပြုထားခြင်းမှာလည်း နိုင်ငံသားများက ယုံကြည်စိတ်ချမှု မရှိတော့သဖြင့် လုပ်ပိုင်ခွင့်အာဏာ မပေးအပ်တော့ခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရပါသည်။

■ စာညွှန်း

■ ၁။    ၂၀၁၂ ခုနှစ်ကတည်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပေါင်းစပ် ဖွဲ့စည်းခဲ့ပါသည်။

■ ၂။    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မဟီဒေါတက္ကသိုလ်မှ လူဦးရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ပါရဂူဘွဲ့ရရှိခဲ့သူ ဒေါက်တာညီညီ၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု လေးစားခံခဲ့ရသည့် အစီအစဉ်ဟု Pyae Thet Phyo (2016, February 24) သတင်းတွင် ကောက်နှုတ်ဖော်ပြခဲ့သည်။

■ ၃။    ယခုဆောင်းပါးမှာ “လူမျိုး”နှင့် သက်ဆိုင်သည့် မေးခွန်းအတွက် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်များနှင့် အချက်အလက် စုစည်းမှုများကိုသာ အဓိကထား ချဉ်းကပ်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် UNFPA ၊ MOIP နှင့် အလှူရှင်နိုင်ငံများက ရခိုင်ပြည်နယ် ရိုဟင်ဂျာ (ဘင်္ဂါလီ) များ နေထိုင်ရာ ဒေသများမှ သန်းခေါင်စာရင်း စာရင်းကောက်များကို ပြန်လည်ခေါ်ယူရန် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများအကြောင်း မပါဝင်ပါ။ အဆိုပါ အကြောင်းအရာများမှာ ဆောင်းပါးတစ်ပုဒ် သပ်သပ်ရေးရန်ပင် ထိုက်တန်လှပါသည်။

■ ၄။    ၂၀၁၂ ခုနှစ်၊ ဧပြီလ၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “လွန်ခဲ့သော နိုဝင်ဘာလ၊ ဘာလီကျွန်း၌ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့စဉ်က ကြားအားလပ်ချိန်များတွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည်ဟု အသိပေး ပြောကြားခဲ့ပါသည်။ ထို့နောက် ကုလသမဂ္ဂ ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ဌာနခွဲကြီးနှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့တို့၏ အတွေ့အကြုံနှင့် ကျွမ်းကျင်လိမ္မာမှုတို့ကို သိရှိထားသည့်အတွက် သန်းခေါင်စာရင်း ကောက်ယူရန် ကုလသမဂ္ဂမှ အကူအညီ ပေးနိုင်/မပေးနိုင် မေးမြန်းခဲ့ပါသည်” (Ban Ki Mon,  2012) ဟု ထုတ်ဖော်တင်ပြခဲ့ပြီး UNSG (2015, November 22) တွင် ဖော်ပြထားပါသည်။

■ ၅။    ၂၀၁၄-၂၀၁၅ ၌ နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦးနှင့် သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အကြံပေးများကို သီးသန့် လျှို့ဝှက် တွေ့ဆုံ မေးမြန်းမှုများ။

■ ၆။    “စည်းမျဉ်းစည်းကမ်းများနှင့် အကြံပြုချက်များ”ကို အသုံးပြုရာတွင် နမ်ဘီးယားက သီးသန့် “ကမ္ဘာသုံး စံချိန်စံညွှန်း”အစား မြန်မာနိုင်ငံနှင့် ပိုမိုသင့်တော်မည့် ဖြစ်နိုင်သည့် စံချိန်စံညွှန်းများကို အသုံးပြုရန် ပုံစံရေးဆွဲ ချမှတ်ခဲ့သည်။ UNSTAT၏ စံချိန်စံညွှန်းများကို UNSAT (2008) တွင် ရယူနိုင်ပါသည်။

■ ၇။    သန်းခေါင်စာရင်းများအကြောင်းကို UNFPA ၏ ပင်မဝက်ဘ်ဆိုက် စာမျက်နှာ http://www.unfpa.org/census တွင် ဖော်ပြထားပြီး “သန်းခေါင်စာရင်းဟူသည် အရှုပ်ထွေးဆုံး ကိစ္စရပ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး များသောအားဖြင့် တိုင်းပြည် ငြိမ်းချမ်းရေး ရရှိနေချိန်တွင်မှ ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သည်”ဟု ရှင်းလင်းစွာ ဖော်ပြထားပါသည်။

■၈။     ယခင်က ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ စစ်ပြီးခေတ် သန်းခေါင်စာရင်း ကောက်ယူမှုများမှာ တရားဥပဒေအရ တရားဝင်ဖြစ်မှု နည်းလမ်းကို အသုံးပြုလေ့ရှိပြီး ယင်းနည်းလမ်းအရ လူဦးရေစာရင်း ကောက်ယူရာတွင်လည်း ပကတိရှိနေသည့် လူဦးရေထက် တရားဝင် နေထိုင်သူများကို စာရင်းကောက်ယူမှုအပေါ် အခြေခံပါသည်။

■ ၉။    သန်းခေါင်စာရင်း ဥပဒေအရ “သန်းခေါင်စာရင်း မေးခွန်းများကို ဖြေဆိုသူမှာ အိမ်ထောင်ဦးစီး၊ သို့မဟုတ် အိမ်ထောင်စုထဲမှ တာဝန်ယူနိုင်သည့် မိသားစုဝင်တစ်ဦး ဖြစ်ရမည်”ဟု ဖော်ပြထားပါသည်။ အဆိုပါ ဥပဒေမှာ ၂၉-၇-၂၀၁၃ ၌ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊  ပြည်သူ့အင်အားဦးစီးဌာန၏ “လူဦးရေနှင့် အိမ်ထောင်စုဆိုင်ရာ သန်းခေါင်စာရင်း ဥပဒေ”၊ အမျိုးသားလွှတ်တော် ဥပဒေအမှတ် ၁၉၊ ပုဒ်မ ၁၂ (ဂ) ဖြစ်ပြီး  UNFPA ၏ ပံ့ပိုးကူညီမှုဖြင့် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် ပြန်ကြည့်လျှင်လည်း ဥပဒေနှင့် လူမှုရေး စံနှုန်းများအရ အမျိုးသားများကိုသာ အိမ်ထောင်ဦးစီးအဖြစ် ယူဆလေ့ ရှိပါသည်။ ကျား မ တန်းတူညီမျှမှု ကွန်ရက် GEN (2015) ၏ စာမျက် နှာ ၇၅ ကို ကြည့်ပါ။

■ ၁၀။  စစ်တမ်းကောက်ယူမှု ကျွမ်းကျင်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းချက် ၂၀-၁၂-၂၀၁၆

■ ၁၁။  အဆိုပါ တရားမဝင် ရေးသားထားသည့် စာရွက်စာတမ်းများကို MOIP/UNFPA တို့မှ စုဆောင်း သိမ်းဆည်းခြင်း၊ ဖျက်ဆီးပစ်ခြင်း၊ လဝကမှ ထိန်းသိမ်းထားခြင်း၊ အထွေထွေ အုပ်ချုပ်စီမံခန့်ခွဲရေး ဦးစီးဋ္ဌာနသို့ လွှဲပြောင်းပေးခြင်း၊ သို့မဟုတ် စာရင်းကောက်များ ကိုယ်တိုင် သိမ်းဆည်းထားခြင်း စသည့် တစ်နည်းနည်းဖြင့် မည်သို့ ဆက်လက် လုပ်ဆောင်ခဲ့ကြကြောင်း မသိရှိရပါ။ အဆိုပါ တရားမဝင် စာရွက်စာတမ်းများကို အသုံးပြုပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရေးသား မှတ်တမ်းတင်ခဲ့ခြင်းကြောင့် သန်းခေါင်စာရင်းဥပဒေ၊ ကုလသမဂ္ဂနှင့်  MOIP တို့ သဘောတူညီခဲ့သော ကမ္ဘာသုံး စံချိန်စံညွှန်းများအရ အာမခံထားသည့် ယုံကြည်စိတ်ချရမှုနှင့် စပ်လျဉ်း၍ အလွန် စိုးရိမ်ဖွယ်ရာပင် ဖြစ်ပါသည်။

■ ၁၂။  သန်းခေါင်စာရင်း ကောက်ယူသည့် လုပ်ငန်းစဉ် မစတင်မီ ၄ လအလို၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက် မတိုင်မီအထိ အရပ်ဘက် အဖွဲ့အစည်းများကို သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ဆွေးနွေး တိုင်ပင်ခြင်း မရှိခဲ့ပါ။ ထို့နောက် UNFPA မှ နေပြည်တော်တွင် အစည်းအဝေး ခေါ်ယူပြီး အရပ်ဘက် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ (သို့သော်လည်း အစည်းအဝေး တက်ရောက်ရမည့် သူကို မည်သို့ ရွေးချယ်ခဲ့မှန်း မရှင်းလင်းပါ) အစည်းအဝေး တက်ရောက်သူများ အနေဖြင့် ၎င်းတို့၏ ဆွေးနွေးတင်ပြမှုများကို နားထောင်ပြီး အလွတ်သဘော ဝေဖန်နိုင်သည့် အခွင့်အရေးလည်း ရခဲ့ပါသည်။ ထို့နောက် UNFPA မှ မြန်မာနိုင်ငံ အမျိုးသားအဆင့် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ အကြံပေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည် (UNFPA Myanmar, 2013) ။ အစည်းအဝေး ကျင်းပပြီးနောက် UNFPA က သတင်းထုတ်ပြန် ကြေညာသည့်အချိန်တွင်မှ အစည်းအဝေး တက်ရောက်ခဲ့သူများအနေဖြင့် မိမိတို့သည် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ အကြံပေးကော်မတီဝင်များ ဖြစ်နေကြကြောင်း သိရှိခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၌ အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးနှင့် သီးသန့် တွေ့ဆုံမေးမြန်းခဲ့ရာ “အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံရသူ၊ သို့မဟုတ် အစည်းအဝေး တက်ရောက်ခဲ့သူများ အနေဖြင့် မိမိတို့ ကော်မတီဝင်များ ဖြစ်နေသည်ကို မသိရှိခဲ့ကြရကြောင်း” ပြောပြခဲ့ပါသည်။

■ ၁၃။  “တိုင်းရင်းသားလူမျိုး” နှင့် သက်ဆိုင်သည့် အယူအဆများအတွက် အကျယ်တဝင့် ရှင်းလင်းချက်ကို Transitional Institute (2014)  တွင် ဖတ်ရှုနိုင်ပါသည်။

■ ၁၄။  မေးခွန်းများကို မြန်မာဘာသာဖြင့် UNFPA Website တွင် ကြည့်ရှုနိုင်ပါသည်။ http://myanmar.unfpa.org/sites/default/files/pub-pdf/Main%20Questionnaire%20-%20MYANMAR.pdf

■ ၁၅။  (MOIP, 2014, p. 30). သတိပြုရမည်မှာ အဆိုပါ မေးခွန်းသည် UNSTAT ၏  Principles and Recommendations  စံချိန်စံညွှန်းများနှင့် သွေဖီနေပြီး “တိုင်းရင်းသားလူမျိုးဖြစ်မှုနှင့် ပတ်သက်သည့် အချက်အလက်မှာ နိုင်ငံသားဖြစ်မှု၊ သို့မဟုတ် မွေးဖွားသည့် နိုင်ငံနှင့် သက်ဆိုင်ခြင်း မရှိစေရ”ဟု UNSTAT ၏  Principles and Recommendations  စာမျက်နှာ ၁၃၉ တွင် အတိအလင်း ဖော်ပြထားပါသည်။

■ ၁၆။  သန်းခေါင်စာရင်း မကောက်ယူမီ တစ်နှစ်ခန့်အလိုက ချင်းလူမျိုး တက်ကြွလှုပ်ရှားသူများက သန်းခေါင်စာရင်း ကောက်ယူသည့် ကိန်းဂဏန်း အချက်အလက်များကို လျှော့ချဖော်ပြမည့် အလားအလာ ရှိကြောင်း အသိအမှတ်ပြုခဲ့ကြပါသည်။ ချင်းလူမျိုး စုစုပေါင်း ၁၃၅၅၃ သာရှိသည်ဟု ဖော်ပြခဲ့သည့်အတွက် ချင်းလူမျိုးတို့၏ အင်အားကို များစွာချိနဲ့စေကြောင်း ချင်းအမျိုးသားပါတီ (CNP) အတွင်းရေးမှူး ငယ်ပီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် “သူတို့ဟာ သူတို့တောင် အနိုင်နိုင် ရပ်တည်နေရတဲ့ သူတွေကို တိုင်းရင်းသား လူမျိုးအုပ်စုအဖြစ် လက်မခံနိုင်ပါဘူး၊ အမှန်တကယ် ရှိနေတဲ့ စာရင်းကို ကျွန်တော်တို့ စုစည်းပြီး အစိုးရဆီ တင်သွင်းပါမယ်”ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ (Democracy for Burma, 2013 May 7)

■ ၁၇။ ကချင်လူမျိုးအတွက် ကုတ်နံပါတ်မှာ “၁၀၁” မဟုတ်ပါ။

■ ၁၈။ သမိုင်းကြောင်းအရ ကြည့်လျှင် လူများစုတိုင်းရင်းသားများ ဖြစ်ခဲ့ခြင်းကြောင့် “လူမျိုး” ခေါင်းစဉ်ခွဲအောက်သို့ ရောက်ရှိမသွားသင့်ဘဲ “မွန်”ဟူသည့် ခေါင်းစဉ်ဖြင့် အခိုင်အမာ ရှိသင့်ပါသည်။

■ ၁၉။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ၂၀၁၆ မတ်လတွင် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။

■၂၀။   “အလုပ်အကိုင်နှင့် လုပ်ငန်း” အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မပြုနိုင်သည့်ကိစ္စနှင့် ပတ်သက်၍ အကျိုးသင့် အကြောင်းသင့် ရှင်းပြထားခြင်းမရှိဘဲ “နောက်ထပ် လက်ရေးဖြင့် ကုတ်ဖြည့်သွင်းနေရသည့်” လိုအပ်ချက်ကြောင့် ဟူ၍သာ ဖော်ပြထားပါသည်။

■၂၁။ The article implies the MOIP official, U Myint Kyaing, head of the PHC, is the source, but does not actually cite him as the source.

■ ၂၂။ “Greetings of Commander-in-Chief of Defence Services Senior General Min Aung Hlaing at the first anniversary of the NCA,” က “ကချင်ပြည်နယ်တွင် လူဦးရေ ၁ ဒသမ ၆ သန်း နေထိုင်လျက်ရှိရာ ၂၉ ဒသမ ၂ ရာခိုင် နှုန်းမှာ ဗမာလူမျိုး၊ ရှမ်းလူမျိုး ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျင်းဖော ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လော်ဝေါ် ၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ လချိတ် ၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇိုင်ကွာ ၁ ဒသမ ၅၇ ရာခိုင်နှုန်း၊ အခြားတိုင်းရင်းသား ၈ ရာခိုင်နှုန်း ရှိကြောင်း ၂၀၁၄ တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ သိရှိရကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ်တွင် နေထိုင်သူ လူဦးရေ ၅ ဒသမ ၈ သန်း ရှိသည့်အနက် ရှမ်းလူမျိုး ၃၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဗမာ ၁၁ ဒသမ ၄၄ ရာခိုင်နှုန်း၊ ပအိုဝ်း ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ပလောင် ၇ ဒသမ ၀၆ ရာခိုင်နှုန်း၊ “ဝ” ၆ ဒသမ ၄၁ ရာခိုင် နှုန်း၊ ဓနု ၄ ဒသမ ၄၆ ရာခိုင်နှုန်း၊ ကိုးကန့် ၃ ဒသမ ၂၂ ရာခိုင်နှုန်း၊ လားဟူ ၄ ဒသမ ၀၅ ရာခိုင်နှုန်း၊ ဂျိန်းဖော ၂ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် အခြားတိုင်းရင်းသား ၁၆ ဒသမ ၈၄ ရာခိုင်နှုန်း နေထိုင်ကြသည်ဟု သိရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်”ဟု Global New Light of Myanmar (2016, October 15) တွင် ဖော်ပြထားပါသည်။

■ ၂၃။ အခြေခံဥပဒေ ပုဒ်မ ၁၇ (ဂ) ၉၊ မည်သို့ပင်ဖြစ်စေ အခြေခံဥပဒေ ပုဒ်မ ၂၆၂ (ဈ)အရ တိုင်းရင်းသားရေးရာ ဝန်ကြီးများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနများကိုလည်း တစ်ပြိုင်တည်း ကိုင်တွယ်ရပါသည်။

■ ၂၄။  စာရင်းအပြည့်အစုံမှာ ဗမာ (၅) နေရာ၊ ကရင် (၅) နေရာ၊ ချင်း (၃) နေရာ၊ ရှမ်း (၃) နေရာ၊ ပအိုဝ်း (၂) နေရာ၊ ရခိုင် (၂) နေရာ၊ လီဆူး (၂) နေရာ၊ အခါ၊ အင်းသား၊ ကချင်၊ ကယန်း၊ ကရင်၊ လားဟူ၊ မွန်၊ ရဝမ်တို့က (၁) နေရာစီ ဖြစ်ပါသည်။Transnational Institute (2010, p .8).

■၂၅။   မှတ်ပုံတင်အရ တိုင်းရင်းသားလူမျိုး တစ်မျိုးထက်ပို၍ သွေးနှောနေသည့် မဲဆန္ဒရှင်များနှင့် ပတ်သက်၍ မဲရုံ တာဝန်ရှိသူများ မည်သို့ ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများ မရှိခဲ့ပါ။ ထို့အပြင် အချို့မဲဆန္ဒရှင်များက တိုင်းရင်းသား ကိုယ်စားလှယ်အတွက် မဲပေးခွင့်မှာ မိမိတို့၏ စရိုက်သွင်ပြင် လက္ခဏာပေါ်မူတည်ပြီး တာဝန်ရှိသူများက တဖက်သတ် ထင်ရာမြင်ရာ ဆုံးဖြတ်ခဲ့မှုကြောင့် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရကြောင်း ပြောပြခဲ့ကြပါသည်။ (ဥပမာ- မဲရုံသို့ လာရောက် မဲပေးသည့်အခါ လုံချည်၊ ပုဆိုး စသည့် ဝတ်ဆင်ဆင်ယင်မှုအပေါ် အခြေခံဆုံးဖြတ်မှု) ၂၀၁၅ နိုဝင်ဘာတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံ မေးမြန်းခန်းများ

■၂၆။   လူနည်းစု တိုင်းရင်းသားများ ဖြစ်သော်လည်း အခြေခံဥပဒေပုဒ်မ ၂၇၆ (ဇ)၊ (ဈ) တို့အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ရရှိထားသည့် တိုင်းရင်းသားလူမျိုးများမှာ ကိုယ်စားပြု ပါဝင်ခွင့်အတွက် အလားတူ အာမခံချက် ရရှိထားကြောင်း သတိပြုရပါမည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၏ ဦးစီးအဖွဲ့များက ယင်းကိုယ်စားပြု ပါဝင်ခွင့်ကို အစပြု ဆောင်ရွက်ပြီး ကိုယ်စားပြု ပါဝင်ခွင့်အတွက် သတ်မှတ်ထားသည့် လူဦးရေမှာ ၁ သောင်း ဖြစ်ပါသည်။

■ မယ်ရီ ကယ်လာဟန်၏ ဆောင်းပါးကို စည်သူကျော် ဘာသာပြန်ဆိုသည်။

■ အယ်ဒီတာမှတ်ချက်   ။     ယခုဆောင်းပါးတွင် စာရေးသူက ရိုဟင်ဂျာဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက ဘင်္ဂါလီဟု သုံးစွဲပါသည်။

■ ကျမ်းကိုးစာရင်း

Aly, G., Roth, K. H., Black, E., & Oksiloff, A. (2004). The Nazi census: Identification and control in the Third Reich (Vol. 61). Philadelphia: Temple University Press.

Ban Ki-moon (2012, April 30). Remarks at census event. Retrieved from https://www.un.org/sg/en/content/sg/speeches/2012-04-30/remarks-census-event

Democracy for Burma. (2013). Chin leaders say they will compile an “actual” list of Chin ethnic groups living in their respective state. Retrieved from https://democracy forburma.wordpress.com/2013/05/07/chin-leaders-say-they-will-compile-an-actual-list-of-chin-ethnic-groups-living-in-their-respective-state/

Department for International Development. Burma. (2013). UK support for the 2014 Burma census: Business case £10 million. Retrieved from  http://iati.dfid.gov.uk/iati_documents/4049873.odt

Dr Nyi Nyi. (2012, December 14). 2014 Population and Housing Census (Central Census Commission). [Powerpoint Presentation]. Yangon, Myanmar.

Eleven Media Online. (2015, February 9). Ethnic census release delayed. Retrieved from http://www.elevenmyanmar.com/local/ethnic-census-release-delayed

Eleven Media Online. (2013, May 7). Chin leaders say they will compile an “actual” list of Chin ethnic groups living in their respective state.  Retrieved from https://democracyforburma.wordpress.com/2013/05/07/chin-leaders-say-they-will-compile-an-actual-list-of-chin-ethnic-groups-living-in-their-respective-state/

Gender Equality Network Yangon. (2015). Raising the curtain: Cultural norms, social practices and gender equality in Myanmar.  Retrieved from http://www.genmyanmar.org/publications/GEN%20Raising%20the%20Curtain%20Full%20Eng.pdf

Global New Light of Myanmar. (2016, October 15). Greetings of Commander-in-Chief of Defence Services Senior General Min Aung Hlaing at the first anniversary of the NCA. Retrieved from http://www.globalnewlightofmyanmar.com/greetings-of-commander-in-chief-of-defence-services-senior-general-min-aung-hlaing-at-the-first-anniversary-of-the-nca/

Guardian. (2013, January 3). Afghan census dodges questions of ethnicity and language: Door-to-door interviewers embark on controversial project to count population of country for first time since 1979. Retrieved from https://www.theguardian.com/world/2013/jan/03/afghan-census-questions-of-ethnicity

Hirschman, C. (1987). The meaning and measurement of ethnicity in Malaysia: An analysis of census classifications. The Journal of Asian Studies, 46(3), 555-582.

Ministry of Immigration and Population, The Republic of the Union of Myanmar. (2014). Field instructions Manual for enumerators and supervisors: 2014 population and housing census. Ministry of Immigration and Population The Union of Myanmar.

Ministry of Immigration and Population, The Republic of the Union of Myanmar. (2013). Population and Housing Census Law, Department of Population. Ministry of Immigration and Population, Myanmar.  Retrieved from http://www.dop.gov.mm/moip/index.php?route=census/download/product_download&download_id=79

Myanmar Census Update: Provisional Results Released. (2014). Myanmar Census Update: Provisional Results Released. (2014) Retrieved From http://www.themimu.info/sites/themimu.info/files/documents/Ref_Doc_Census_Update_Sep2014.pdf,

Pyae Thet Phyo (2016, February 24). Census data could ‘shatter’ transition stability, says official. Myanmar Times. Retrieved from http://www.mmtimes.com/index.php/national-news/nay-pyi-taw/19137-census-data-could-shatter-transition-stability-says-official.html

South Asian Monitor. (2016, December 27). Myanmar finalizes ethnic census data without Rohingya..  Retrieved from http://southasianmonitor.com/2016/12/27/myanmar-finalizes-ethnic-census-data-without-rohingya/

Stiegler, N. (2014). Union of Myanmar, 2014 census observation mission: Final report. Yangon, Myanmar: UNPFA.

Transnational Institute. (2014). Ethnicity without meaning, data without context: Identity and citizenship in Myanmar. Burma Policy Briefing No. 13. Retrieved from https://www.tni.org/files/download/bpb_13.pdf

Transnational Institute. (2010). Unlevel playing field: Burma’s election landscape. TNI-BCN Burma Policy Briefing No. 3. Retrieved from https://www.tni.org/files/download/bpb3.pdf

United Nations Economic Commission of Europe (UNECE). (2006). Conference of European statisticians’ recommendations for the 2010 censuses of population and housing. New York: United Nations. Retrieved from https://www.unece.org/fileadmin/DAM/stats/publications/CES_2010_Census_Recommendations_English.pdf

United Nations Population Fund (UNFPA). (2017). Census report: 4.25 million people born in Myanmar now live abroad. Retrieved from http://myanmar.unfpa.org/news/census-report-425-million-people-born-myanmar-now-live-abroad

United Nations Population Fund (UNFPA). (2013). UNFPA addresses preparations on Myanmar’s upcoming census in 2014.  Retrieved from http://myanmar.unfpa.org/news/unfpa-addresses-preparations-myanmar%E2%80%99s-upcoming-census-2014

United Nations Population Fund (UNFPA). (2013). UNFPA set up National Myanmar Census Advisory Committee. Retrieved from http://myanmar.unfpa.org/news/unfpa-set-national-myanmar-census-advisory-committee#sthash.1Shpr7wF.dpuf

United Nations Statistic Division (UNSTAT). (2008). Principles and Recommendations for Population and Housing Censuses, Revision 2. Department of Economic and Social Affairs, Statistics Division. Statistical Papers, Series M, no. 67. New York: United Nations Publications, 2008. Retrieved from https://unstats.un.org/unsd/demographic/sources/census/docs/P&R_Rev2.pdf

United Nations Secretary-General. (2015, November 22). Readout of the Secretary-General’s meeting with H.E. Mr. Thein Sein, President of the Republic of the Union of Myanmar. Retrieved from UN Website https://www.un.org/sg/en/content/sg/readout/2015-11-22/readout-secretary-general%E2%80%99s-meeting-he-mr-thein-sein-president

Stiegler, N. (2014). 2014 Myanmar Census Observation Mission, National Report. UNFPA.

Southasian Monitor. (2016, December). Myanmar Finalizes Ethnic Census Data without Rohingya.. Retrieved from http://southasianmonitor.com/2016/12/27/myanmar-finalizes-ethnic-census-data-without-rohingya/

Distorted, Dangerous Data?  Lumyo in the 2014 Population and Housing Census

By Mary P. Callahan
University of Washington

Although Myanmar undertook its first census in 31 years in 2014, the governments of Pres. Thein Sein and State Counsellor Aung San Suu Kyi have withheld the ethnicity statistics polled in the enumeration. The Ministry of Immigration and Population and the United Nations Population fund framed the ethnicity – or “lumyo” – question to fail to produce reliable data, given that it neither met international standards nor took into account the complex and politically charged landscape of ethnicity. As a result, the ethnic results of the 2014 Population and Housing Census became to be viewed as destabilizing to the political reform and peace processes.

About the author

Mary P Callahan

ဝါရှင်တန်တက္ကသိုလ်၊ Jackson  နိုင်ငံတကာလေ့လာရေးကျောင်းမှ တွဲဖက်ပါမောက္ခ ဖြစ်သည်။

Add comment