ကွင်းဆက်ပြတ်နေသောချိတ်ဆက်မှု- အသွင်ကူးပြောင်းရေးကာလ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆင်းရဲနွမ်းပါးသူဦးစားပေးမူ The Missing Links: Myanmar’s Economic Reforms in transition and Pro-Poor Growth

က

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဆွေးနွေးကြတိုင်း ဗဟိုချုပ်ကိုင်မှုစနစ်အောက် ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲ ချမ်းသာ တဖက်စောင်းနင်းဖြစ်ခဲ့သော လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကို မေ့ထားလို့မရနိုင်ပါဘူး။
ပြည်သူလူထုရဲ့ ကြီးမားတဲ့ စားဝတ်နေရေး အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွေက မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသမိုင်းအတွက် အရေးပါတဲ့ မှတ်တိုင်များအဖြစ် ရှိခဲ့ပါတယ်။ အဲဒီ လူထုလှုပ်ရှားမှုတော်လှန်ရေးတွေကနေ မျိုးစေ့ချပေးနိုင်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဟာ ဆင်းရဲသား နင်းပြားပြည်သူတွေရဲ့ဘဝကို ဘယ်လောက်အထိ အခြေခံကျကျ ပြောင်းလဲစေခဲ့ ပြီလဲ။ ၂၀၁၀ ပြည့်နှစ်နှောင်းပိုင်းကစတဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြေလျော့မှုတွေက လူချမ်းသာတွေ ကိုပဲ အကျိုးပြုတာလား၊ ဆင်းရဲတွင်းနက်ခဲ့တဲ့ ပြည်သူတွေရဲ့ နိစ္စဓူ၀ စားဝတ်နေရေးပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိမရှိဆိုတာ ဆန်းစစ်ဖို့လိုလာပါတယ်။
မငြင်းနိုင်တဲ့ တိုးတက်မှုတခုက ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးဖြေလျော့မှုတွေ ပြုလုပ် လာတဲ့အတွက် နိုင်ငံတကာနဲ့ ပြန်လည်ချိတ်ဆက်မှု ပြုလုပ်လာနိုင်ခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လည်း ဝင်ရောက်ခဲ့တဲ့အချက်ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုအမှားအယွင်းတွေကို ဆယ်စုနှစ်ပေါင်း များစွာ ဒဏ်ခံခဲ့ရပေမဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်တဲ့ အစိုးရ လက်ထက် ၂၀၁၁-၂၀၁၅ ခုနှစ်တွေမှာ နိုင်ငံ့စီးပွားရေး နာလန်ပြန်ထူခဲ့တယ်လို့ ဆိုရပါမယ်။ ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်မှာ ဂျီဒီပီတိုးတက်မှုနှုန်း (GDP Growth Rate) က ၈ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံတကာမှာ စီးပွားရေးတိုးတက်မှုနှုန်း အမြန်ဆုံး နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၁၆ ခုနှစ်မှာ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းသွားပေမဲ့ တိုးတက်မှုမြန်ဆန်တဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ တိုးတက်လာတဲ့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှု တွေဟာ ဆင်းရဲနွမ်းပါးတဲ့ လူထုရဲ့ စားဝတ်နေရေးပြဿနာတွေကို လျှော့ချပေးနိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ စီးပွားရေးတိုးတက်မှုညွှန်းကိန်းတွေက အပေါင်းလက္ခဏာ ဆောင်နေပေမယ့် ကုန်ဈေးနှုန်းကြီးမားမှု၊ လယ်ယာထွက်ကုန်ကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု စတာတွေက ပြည်သူလူထုကြားမှာ ကျယ်ကျယ်လောင်လောင် ကြားနေရဆဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုရှိတိုင်း ဆင်းရဲနွမ်းပါးသူ နင်းပြားပြည်သူတွေရဲ့ဘဝကို အခြေခံကျကျ ပြောင်းလဲနိုင်လိမ့်မယ်လို့ လှေနံဓားထစ် မှတ်ယူလို့မရနိုင်ပါဘူး။
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရဲ့နောက်မှာ ကြုံတောင့်ကြုံခဲ စီးပွားရေးတိုးတက်မှု တွေ ရှိလာပေမဲ့ ဆင်းရဲချမ်းသာမညီမျှမှု၊ သို့မဟုတ် ကွာခြားချက်တွေက ကြီးမားနေဆဲပါ။ တနည်းအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုရေလှိုင်းဟာ ချမ်းသာသူများအတွက် ပိုမိုချမ်းသာအောင် ဆောင်ကြဉ်းပေးသော်လည်း နွမ်းပါးသူများကတော့ ဆင်းရဲခြင်းကပ်ဆိုးကနေ ရုန်းမထွက်နိုင် အောင် ပုတ်ထုတ်နေတဲ့ လှိုင်းတံပိုးသဖွယ် ဖြစ်နေပါတယ်။ ဒါဟာ အသွင်ကူးပြောင်းရေးကာလ စီးပွားရေးဆောင်ရွက်ချက်တွေက ဆင်းရဲနွမ်းပါးသူတွေရဲ့ နိစ္စဓူဝပြဿနာတွေအပေါ် ကူညီ ဖြေရှင်းပေးနိုင်ရေးကို ရည်ရွယ်တာထက်စာလျှင် ယေဘုယျ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာသာ အာရုံစိုက်တာကြောင့် ဖြစ်ရတယ်လို့ သုံးသပ်ပါတယ်။

ဒီဆောင်းပါးမှာ ဆွေးနွေးမယ့် အကြောင်းအချက်တွေက
(၁) ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ချဉ်းကပ်ပုံလမ်းနှစ်သွယ်၊
(၂) USDP အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နည်းနိဿယနှင့်
(၃) အားလုံးပါဝင်သော စီးပွားရေးတိုးတက်မှုဖြစ်ဖို့အတွက် ဂရုပြုစရာ အကြောင်းအချက်များ စသည်တို့ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာဆိုခဲ့တဲ့ အကြောင်းအချက် သုံးချက်နဲ့ပတ်သက်ပြီး ၂၀၁၁-၂၀၁၆ ခုနှစ် အသွင်ကူးပြောင်းရေးကာလ USDP အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အားထုတ်ချက်တွေကို အဓိကထားသုံးသပ်မှာဖြစ်ပြီး NLD အစိုးရလက်ထက် ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဖြစ်တန်ခြေများကို ဆောင်းပါးနောက်ဆုံးအပိုင်းမှာ ဆွေးနွေးထားပါတယ်။

(၁) ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ချဉ်းကပ်ပုံလမ်းနှစ်သွယ်

ဆင်းရဲမွဲတေမှုကို တိုင်းတာတဲ့ နည်းလမ်းများနဲ့ အဓိပ္ပာယ်ဖွင့်ဆိုကြပုံ အမျိုးမျိုးရှိပါတယ်။အစားအစာ၊ နားခိုစရာနေရာ၊ ပညာရေး၊ ကျန်းမာရေး စတာတွေ လောက်ငစွာ မရရှိသူတွေကို ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ပါတယ်။ ထိုသူများဟာ ရောဂါဘယဒဏ်၊ စီးပွားရေး တိုးတက်မှုဖြစ်စဉ်မှာ ဖယ်ကြဉ်ခံရတဲ့ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ် စတာတွေကို သာမန် လူတွေထက် ပိုခံရနိုင်ဖွယ်ရှိပါတယ်။ ယေဘုယျအားဖြင့် ဝင်ငွေနဲ့တိုင်းတာနိုင်သလို ဝင်ငွေ မဟုတ်တဲ့ ဖွံ့ဖြိုးမှုကိန်းဂဏန်းတွေနဲ့လည်း တိုင်းတာနိုင်ပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ ဆင်းရဲ နွမ်းပါးသူဆိုတာ တဦးကျဝင်ငွေ သို့မဟုတ် အသုံးစရိတ်များဟာ စုစုပေါင်းဆင်းရဲနွမ်းပါးမှုပြမျဉ်း အောက် သို့မဟုတ် ထိုမျဉ်းနှင့်ညီမျှသော အိမ်ထောင်စုတွင် နေထိုင်သူဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ် (World Bank, 2017)။ Oxford Poverty and Human Development Initiative (2017) မှာ အဓိကကဏ္ဍသုံးခုခွဲထားပြီး အဲဒီကဏ္ဍတွေအောက်မှာ နှုန်းတာ ၁၀ မျိုးနဲ့ တိုင်းတာ ပါတယ်။

ဒါတွေက ပညာရေးမှာ
(၁) ကျောင်းတက်ရောက်တဲ့ နှစ်အရေအတွက်နှင့်
(၂) ကျောင်းခေါ်ချိန်ပြည့်မီမှု၊
ကျန်းမာရေးမှာ
(၁) ကလေး အသေအပျောက်နှုန်းနှင့်
(၂) အာဟာရပြည့်မီမှု၊
လူနေမှုအဆင့်အတန်းစံနှုန်းမှာ
(၁) လျှပ်စစ်မီးရရှိမှု၊
(၂) မိလ္လာစနစ်၊
(၃) သောက်သုံးရေရရှိမှု
(၄) နေထိုင်တဲ့နေရာရဲ့ ကြမ်းခင်း၊
(၄) ချက်ပြုတ်ရန် လောင်စာရရှိမှုနှင့်
(၅) ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတို့ ဖြစ်ပါတယ်။
လူတဦးအတွက် အဲဒီနှုန်းစံများ ပေါင်းလိုက်တဲ့အခါ ၃၃ ဒသမ ၃ ရာခိုင်နှုန်းကျော်လျှင် ဘက်စုံဆင်းရဲနွမ်းပါးသူ (Multidimensionally poor-MPI) လို့ သတ်မှတ်ပါတယ်။ အကယ်၍ ကဏ္ဍသုံးခုထဲမှာ တခုက အလွန်ကျဆင်းနေရင် အလွန်အမင်းဆင်းရဲနွမ်းပါးသူ (Destitute) အဖြစ် သတ်မှတ်ပါတယ်။

စီးပွားရေးတိုးတက်မှု ဦးစားပေးခြင်းမူ (Pro-growth)
ဆင်းရဲမွဲတေမှုလျှော့ချရေး (Poverty reduction) ဆိုတဲ့အခါ ဘယ်လိုဘယ်ပုံ လျှော့ချ မလဲဆိုတာ မူဝါဒချမှတ်သူတွေအတွက် အရေးကြီးတဲ့ ရွေးချယ်မှုတခုဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် စီးပွားရေးတိုးတက်မှု ပဓာနကျတယ် (pro-growth) ဆိုတာ ထင်ရှားတဲ့ အယူအဆရှိပါတယ်။ စီးပွားရေးတိုးတက်မှုသာရှိပါစေ၊ ခွဲဝေမှုကိုနောက်မှလုပ် (growth first, distribution later) ဆိုတဲ့ အမြင်ပါ။ ပြည့်လျှံနေတဲ့ခွက်မှရေကို ခံထားခြင်းအားဖြင့် အချိန် အတိုင်းအတာတခုရောက်ရင် အောက်ဆုံးကခွက်တွေလည်း တဖြည်းဖြည်းချင်း ရေပြည့်လာနိုင် မယ်လို့ ယူဆပါတယ်။
ဒါဟာ ၁၉၅၀ ပြည့်နှစ်နှင့် ၁၉၆၀ ပြည့်နှစ်များမှာ ရှိခဲ့တဲ့ အယူအဆဖြစ်ပြီး (trickle-down development notion) လို့ အမည်တပ်ခဲ့ကြပါတယ်။ လူချမ်းသာတွေ၊ ငွေလုံးငွေရင်းရှိသူ တွေက ပွင်းလင်းတဲ့ ဈေးကွက်အခွင့်အလန်းတွေကို အမိအရဆုပ်ကိုင်ပြီး ရင်းနှီးမြှုပ်နှံကြ၊ ထိုမှ တဆင့် သာမန်လက်လုပ်လက်စားလူတန်းစားအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာ၊ လုပ်ခလစာတွေ တိုးမြှင့်ခံစားနိုင်ပြီး စားဝတ်နေရေးပြဿနာကို ဖြည်းဖြည်းချင်းဖြေရှင်းပေးနိုင် ပါလိမ့်မယ်။ ဒီနည်းနဲ့ ဆင်းရဲမွဲတေမှုကိုလျှော့ချဖို့ ဆောင်ရွက်ကြတာပါ။ ဒီယူဆချက်မှာ ဂျီဒီပီ တိုးတက်ရေး၊ နိုင်ငံသားတဦးကျဝင်ငွေ (GDP per capita) တိုးရေးအတွက် ဦးစားပေးမောင်းနှင်ပြီး ဆင်းရဲနိမ့်ပါးသူလူထုအတွက် အထူးတလယ်စဉ်းစားချက်တွေ မပါဝင်ပါဘူး။ ဒီတော့ တိုင်းပြည် တိုးတက်ပေမဲ့ ဓနဥစ္စာခွဲဝေမှုက အောက်ခြေဆင်းရဲနွမ်းပါးသူများအထိ မရောက်ရှိတာကြောင့် ဆင်းရဲသူများ ပိုမိုဆင်းရဲနိုင်ပြီး နိုင်ငံတွင်းမညီမျှမှုတွေ ရှိနိုင်ပါတယ်။
တိုးတက်ရေး ဦးစားပေးလမ်းစဉ် ထောက်ခံတဲ့ ပညာရှင်များက ဖွံ့ဖြိုးမှု (growth) နဲ့ မညီမျှမှု (inequality) ကို ကုဇနက်မျဉ်းကွေး (မြန်မာအက္ခရာ ‘ဂ’ သဏ္ဌာန်) ရှိတဲ့ ဆက်စပ်မှုနဲ့ ပုံဖော်ကြပါ တယ်။ အစပိုင်းမှာ တိုင်းပြည်စီးပွားရေး တိုးတက်မှုက မညီမျှမှုတွေ ဖြစ်စေနိုင်ပေမယ့် တဦးကျဝင်ငွေတိုးလာပြီး အတိုင်းအတာတခု ရောက်ရင် ဆက်စပ်မှုမရှိတော့ဘူးလို့ ဆိုကြ ပါတယ် (Kuznets, 1955; Galbraith, 2007)။ Lopez (2009) က အစိုးရရဲ့မူဝါဒ အစုံအတွဲမှန်ကန်ရင် စီးပွားရေးတိုးတက်မှု ဦးစားပေးခြင်းမူဟာ ဆင်းရဲမွဲတေမှုကိုပါ တပါတည်း လျှော့ချပေးနိုင်ပါလိမ့်မယ်လို့ အဆိုပြုပါတယ်။ စီးပွားရေးတိုးတက်မှုကို ဦးတည်တဲ့ ငွေကြေးဈေးကွက် ဖြစ်ထွန်း လာတာ၊ ကုန်သွယ်မှုတွေ ပွင့်လင်းမြန်ဆန် လာတာ၊ အစိုးရရဲ့အခန်းကဏ္ဍတွေ လျှော့ချပေးတာဟာ ချမ်းသာသူတွေကို ပိုမိုအကျိုးပြုနိုင်ပြီး ဆင်းရဲချမ်းသာမညီမျှမှုကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ပညာရေးစနစ် ကောင်းမွန်စေရေး၊ အခြေခံအဆောက်အဦ တိုးတက်ရေး၊ ငွေကြေးဖောင်းပွမှု လျော့နည်းစေရေးမူဝါဒတွေမှာ အလေးပေးနိုင်ရင် စီးပွားရေးတိုးတက်မှု ချဉ်းကပ်ပုံက မညီမျှမှုတွေကို ပိုမဖြစ်စေဘဲ ဓနဥစ္စာ ခွဲဝေမှုကိုပါ သင့်တင့်မျှတ နိုင်လိမ့်မယ်လို့ အကြံပြုပါတယ်။ ဒါကြောင့် တိုင်းပြည်ကို ဆင်းရဲတွင်း က ကယ်ထုတ်ချင်ရင် စီးပွားရေးတိုးတက်မှုကို ဦးစားပေးရမယ်လို့ ဆိုကြပါတယ်။
၁၉၆၀-၇၀ ပြည့်နှစ်တွေမှာ ဆင်းရဲမွဲတေမှုဒဏ်ခံခဲ့ကြရတဲ့ နိုင်ငံတော်တော်များများမှာ စီးပွားရေး နာလန်ထူအောင်လုပ်တဲ့အခါ စီးပွားရေး တိုးတက်ဖို့အတွက် ဦးတည်ပြီး တွန်းခဲ့ကြ ပါတယ်။ ပုဂ္ဂလိက စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးဖို့ အကြီးစား ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးတွေ၊ စက်မှု လုပ်ငန်းကြီးတွေကို ဦးစားပေး ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလို အပြင်းစားတွန်းအား (Big Push) တွေဟာ လျင်မြန်တဲ့တိုးတက်မှုရရှိဖို့၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးဖို့၊ နိုင်ငံစီးပွားရေး တည် ငြိမ်ဖို့၊ ပို့ကုန်သွင်းကုန်မျှတဖို့ အစရှိသည်တို့ကို ဖြစ်ပေါ်စေမှာပါ။ အဲဒီကမှတဆင့် အလုပ်အကိုင် တွေ ပေါများလာတဲ့အတွက် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌဟောင်း တိန့်ရှောင်ဖိန်ရဲ့ ‘ကြောင်ဖြူဖြူမဲမဲ ကြွက်ခုတ်ဖို့က အဓိကပဲ’ဆိုတဲ့ ယူဆချက်နဲ့အတူ အရင်းရှင်ဝါဒနဲ့ ဈေးကွက်ယန္တရားကို အသုံးပြုပြီးပဲဖြစ်ဖြစ် ဗဟိုချုပ်ကိုင်မှုရှိတဲ့ စီးပွားရေးစနစ်ပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ တိုင်းပြည်စီးပွားရေးတိုးတက်မှုကသာ အဓိကဖြစ်တယ်လို့ စီးပွားရေးပညာရှင်များက အဓိပ္ပာယ်ကောက်ကြပါတယ်။
တရုတ်နိုင်ငံဟာ ဥက္ကဋ္ဌ တိန့်ရှောင်ဖိန်ရဲ့ လက်ထက်ကစလို့ ဖွံ့ဖြိုးမှု အဓိကထားပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဆယ်စုနှစ်သုံးခုကျော် ဆောင်ရွက်ခဲ့ပါတယ်။ အခြေခံအဆောက် အဦတွေတည်ဆောက်ပြီး မြို့ပြဖြစ်ထွန်းရေး၊ စက်မှုလုပ်ငန်းကြီးများဖြစ်ထွန်းရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး၊ ပို့ကုန်မြင့်မားရေး၊ နိုင်ငံရဲ့ ပြည်တွင်းစုဆောင်းငွေ တိုးမြှင့်ရေးတို့ကို အဓိက တွန်းအားပေးလာခဲ့ပါတယ်။ ရလဒ်အားဖြင့် တရုတ်နိုင်ငံရဲ့ဂျီဒီပီဟာ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလတွေအတွက် အသားတင် ပျမ်းမျှ တနှစ်ကို ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ လူတဦးချင်းဝင်ငွေဟာလည်း ခြောက်ဆမြင့်တက်ခဲ့ပြီး လူပေါင်း သန်း ၅၀၀ ကျော်ကို ဆင်းရဲ တွင်းက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာလည်း စီးပွားရေးအရ ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်ငံတခုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာကတော နိုင်ငံရဲ့စီးပွားရေးဟာ လူထုရဲ့စားသုံးမှု (consumption) အပေါ် မူတည်တာမဟုတ်ပဲ ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုပေါ်မှာသာ အချိုးအစား မကျစွာ မှီခိုလွန်းနေခဲ့ပါတယ် (Zhu & Kotz, 2011)။ အစိုးရရဲ့ စီးပွားရေးလှုပ်ရှားလာအောင် ဈေးကွက်ထဲ ငွေလုံးငွေရင်းထည့်ပြီး နှိုးဆွတဲ့အစီအမံတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေ မှာသာ အာရုံစိုက်ထားခဲ့တာကြောင့် ပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းတွေမှာ ယှဉ်ပြိုင်မှုမရှိဘဲ တိုးတက်မှု နှောင့်နှေးနေခဲ့ပါတယ်။ စီးပွားရေး ပြောင်းလဲမှုတွေရဲ့ကောင်းကျိုးကို အချို့အချို့ ကသာ ခံစားရပြီး အများစုက အကာအကွယ်မဲ့နေဆဲ ဖြစ်ခဲ့ပါတယ်။ လူမှုဖူလုံရေး အကာအကွယ်၊ ပင်စင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ တိုးတက်မှုမရှိဘဲ နိုင်ငံအတွင်း ဆင်းရဲချမ်းသာ ကွာခြားမှု သိပ်ကြီးမားလာခဲ့ပါတယ်။ ကုဇနက်မျဉ်းကွေးရဲ့ အဆိုပြုချက်အတိုင်း တဦးချင်း ပျမ်းမျှ ဝင်ငွေမြင့်လေလေ ဆင်းရဲချမ်းသာကွာခြားချက် ကြီးမားလေလေ ဖြစ်ခဲ့ပါတယ်။ ပထဝီအနေ အထားအရဆိုရင် စီးပွားရေးတိုးတက်မှုကို စက်ရုံအလုပ်ရုံများရှိရာ ဆိပ်ကမ်း မြို့ပြဒေသ တလျောက်မှာနေထိုင်တဲ့ လူထုကသာ ပိုမိုခံစားခဲ့ကြရပါတယ်။ ကျေးလက်နေလူထုမှာတော့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုက နောက်ကျပြီး မညီမျှမှုဒဏ်ကြောင့် ဆင်းရဲတွင်းက နက်သထက်နက်လာခဲ့ပါတယ်။ မြို့နေ-ကျေးလက် ဆင်းရဲ ချမ်းသာ ကွာခြားချက်က အကြီးမားဆုံးဖြစ်လာခဲ့ပြီး မြို့နေ အလုပ်သမားတဦးရဲ့ဝင်ငွေဟာ ကျေးလက်နေအလုပ်သမားတဦးထက် ၆၅-၇၀ ရာခိုင်နှုန်း ပိုမိုရရှိတာကို တွေ့ရပါတယ် (Wan, 2008)။ စီးပွားရေးပညာရှင်များက တရုတ်နိုင်ငံရဲ့ ဆင်းရဲမှုလျှော့ချရေးဟာ ကိန်းဂဏန်းအရ ကျဆင်းသွားပေမဲ့ မညီမျှမှုတွေ ကြီးမားလာတာ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေပါတယ်။ ဒါဟာ အစိုးရရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးအစီအစဉ်တွေက ပညာရေး၊ ကျန်းမာရေး၊ အသေးစားငွေချေးမှု၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး စတဲ့ ကာလရှည်စီမံကိန်းများထက်စာလျှင် ကာလတိုစီမံကိန်း တွေမှာ ပုံအောပြီး ဦးစားပေးခဲ့တာကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ် (Shujie, Zhang & Hanmer, 2004)။
မညီမျှမှုကြီးမားလာတာကို လျှော့ချဖို့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ တရုတ်အစိုးရဟာ သူတို့ရဲ့ စီးပွားရေးချဉ်းကပ်ပုံကို အသစ်တဖန် ပြန်လည်စဉ်းစားလာရပါတယ်။ ရင်းမြစ်ခွဲဝေမှုဟာ ငွေလုံးငွေရင်းစိုက်ရတဲ့ လုပ်ငန်းတွေမှာပဲ ပုံအောမနေစေအောင်၊ အိမ်ထောင်စုတွေရဲ့ စားသုံးမှု ကို တိုးမြင့်လာအောင်၊ လူမှုဖူလုံရေးအကာအကွယ်တွေ ရှိလာအောင်၊ ဈေးကွက်နဲ့ အစိုးရ စွက်ဖက်မှု သမမျှတမှုရှိလာအောင်တို့ကို ထည့်သွင်းစဉ်းစားလာရပါတယ်။
ဒါကြောင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ တိုးတက်မှုအလေးပေး (pro-growth) စီးပွား ရေးပညာရှင်များကပင်လျှင် ကုန်သွယ်ရေး ပိုမိုပွင့်လင်းလာတာဟာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ပန်းတိုင် ရောက်စေနိုင်တဲ့အတွက် ကြိုဆိုရမှာဖြစ်သော်လည်း မညီမျှမှုကိုဖြစ်စေနိုင်တယ်လို့ ထောက်ပြဆွေးနွေးခဲ့ကြပါတယ် (Barro, 2000; Lundberg & Squire, 2003)။ ဒီလိုဆိုရင် နွမ်းပါးသူတွေ ပိုမိုနွမ်းပါးစေလို့ တိုးတက်မှုဦးစားပေးခြင်းမူဟာ တကယ်ပဲ မျှတပါရဲ့လားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

နွမ်းပါးသူများဦးစားပေးသော ဖွံ့ဖြိုးတိုးတက်ရေးမူ (pro-poor growth)
ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေအရ နိုင်ငံတနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ဖို့ ချဉ်းကပ်ပုံနောက်တမျိုး ရှိပါသေးတယ်။ ဒါက နွမ်းပါးသူများဦးစားပေးသော ဖွံ့ဖြိုးတိုးတက်ရေးမူ (pro-poor growth) ဖြစ်ပါတယ်။ စီးပွားရေးတိုးတက်မှုအသားပေးခြင်းမူ (pro-growth) လိုမျိုး နွမ်းပါးသူများကို ချန်လှပ်ထားခံခဲ့တာမျိုးမဟုတ်ဘဲ နွမ်းပါးသူတွေ အကျိုးကျေးဇူးဖြစ်ထွန်းရေးကို ဦးတည်တဲ့ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုဖြစ်စဉ်လို့ ယေဘုယျ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ တနည်း အားဖြင့် စီးပွားရေးတိုးတက်မှု (growth) နဲ့ ဓနဥစ္စာခွဲဝေမှု (distribution) နှစ်ခုစလုံးပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ချဉ်းကပ်ခြင်းလို့ နားလည်နိုင်ပါတယ်။ နိုင်ငံစီးပွားရေး တိုးတက်လာ တာနဲ့အမျှ နွမ်းပါးသူတွေရဲ့ဘဝဟာလည်း လူချမ်းသာများနည်းတူ အခွင့်အလမ်း ပိုမိုရရှိလာပြီး အဆင်ပြေလာတာမျိုးဖြစ်ပါတယ် (United Nations, 2000; World Bank, 2000)။ နွမ်းပါးသူများ၊ နှစ်ပေါင်းများစွာ ဖယ်ကြဉ်ခြင်းခံထားရတဲ့ အမျိုးသမီးနဲ့ တိုင်းရင်းသား လူနည်းစုတွေအတွက် ဝင်ငွေတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်တဲ့ စီးပွားရေး၊ လူမှုရေး အစီအစဉ် တွေ၊ မူဝါဒတွေဟာ ဆင်းရဲချမ်းသာကွာခြားချက်ကို လျော့နည်းစေနိုင်တဲ့ တိုးတက်မှုမျိုးကို ဆင်းရဲနွမ်းပါးသူများဦးစားပေး ဖွံ့ဖြိုးတိုးတက်ရေးမူ (pro-poor growth)လို့ ကမ္ဘာ့ဘဏ်က အဓိပ္ပာယ်ဖွင့်ဆိုပါတယ် (Asian Development Bank, 1999)။
နွမ်းပါးသူဦးစားပေးမူကို ကိုင်စွဲပြီး ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ ထင်ထင်ရှားရှား အောင်မြင်ခဲ့တဲ့နိုင်ငံက ဘရာဇီးနိုင်ငံဖြစ်ပါတယ်။ မညီမျှမှုတိုင်းတာတဲ့ စံနှုန်းများအရ ဘရာဇီး နိုင်ငံဟာ ဆင်းရဲချမ်းသာကွာခြားမှု ကြီးမားတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်၂၀ အတွင်းမှာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရုံတင်မကဘဲ ဆင်းရဲချမ်းသာ မညီမျှမှုတွေကိုပါ အတော်လေး ကျဆင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဂျီနီညွှန်းကိန်း (Gini coefficient) ဟာ ၀ ဒသမ ၆၃၄ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်မှာ ၀ ဒသမ ၅၂၅ အထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဘရာဇီးရဲ့ ဆင်းရဲမှုလျှော့ချရေးစီမံကိန်းဟာ တရုတ်မှာကြုံတွေ့ရတဲ့ ချမ်းသာသူများ မြို့နေ လူတန်းစားများကို ပိုမိုအကျိုးပြုခဲ့တဲ့ အဖြစ်အပျက်များနဲ့ များစွာကွာခြားခဲ့ပါတယ်။ နိုင်ငံရဲ့ ဝင်ငွေကို မျှဝေသုံးစွဲရာမှာ အောက်ခြေက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေဟာ ပိုမိုအကျိုးကျေးဇူး ရခဲ့တယ်လို့ ပညာရှင်များက ဆိုပါတယ်။ ၂၀၁၆ ခုနှစ် သမ္မတ လူလာလက်ထက်မှာ လူလတ် တန်းစားများ တနှစ်ပျမ်းမျှဝင်ငွေ ၇ ရာခိုင်နှုန်း တိုးတက်တဲ့အချိန်မှာ ဆင်းရဲနွမ်းပါးသူလူထုရဲ့ ထက်ဝက်ခန့်ဟာ ဝင်ငွေအားဖြင့် တနှစ်လျှင် ၁၂ ရာခိုင်နှုန်း တိုးတက်လာတဲ့အတွက်ကြောင့် အစိုးရရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးဟာ အောက်ခြေအထိ ပြန့်နှံ့တယ်လို့ ဆိုနိုင်ပါတယ် (Trebat 2009) ။
ဒီမညီမျှမှုတွေ လျှော့ချနိုင်ခဲ့တာဟာ ၁၉၉၀ ပြည့်နှစ်များအတွင်း သမ္မတ ကာဒိုဆို လက်ထက်ကတည်းက စီးပွားရေးနဲ့ပတ်သက်တဲ့ အခြေခံအုတ်မြစ်ကောင်းတွေ ချနိုင်ခဲ့လို့ ဖြစ်ပါ တယ်။ အလွန်အမင်း ငွေကြေးဖောင်းပွမှုကို လျှော့ချရေး၊ တိုင်းပြည်ရဲ့ စီးပွားရေးတည်ငြိမ်မှု တို့ကို ဦးစားပေးခဲ့တဲ့အတွက် ဈေးကွက်အတွင်း မလိုအပ်ဘဲ ငွေကြေးကစားတာတွေ လျော့နည်း သွားပါတယ်။ အခွန်ကောက်ခံတဲ့စနစ်ကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခဲ့တဲ့အတွက် အဂတိ လိုက်စားမှုများ လျှော့ချနိုင်ခဲ့ပြီး နိုင်ငံရဲ့ဝင်ငွေ တိုးပွားလာစေခဲ့ပါတယ်။ တဖက်မှာ နိုင်ငံရဲ့ဝင်ငွေ တွေကို ဆင်းရဲနွမ်းပါးသူများအတွက်သာ သီးသန့်ရည်ရွယ်ပြုလုပ်ထားတဲ့ စီမံကိန်းအသစ်တွေမှာ ပိုမို သုံးစွဲစေပါတယ်။ အခြေအနေပေါ်မူတည်သော ငွေကြေးထောက်ပံ့မှု (conditional cash-transfer) ဟာ ဘရာဇီးနိုင်ငံကို ဆင်းရဲချမ်းသာကွာခြားမှုကနေ လျင်မြန်စွာလျှော့ချပေးတဲ့မူဝါဒ တွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ အစိုးရရဲ့ ငွေကြေးအထောက်အပံ့ကို ခံစားရဖို့လိုအပ်တဲ့ အခြေအနေများကတော့ နွမ်းပါးသူမိသားစုမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်း တက် မှန်မမှန်၊ ဆေးရုံဆေးပေးခန်း ပုံမှန်သွားပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်း ရှိမရှိ၊ ကာလအလိုက် ကာကွယ်ဆေးထိုးထားမှုရှိမရှိ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက် ရောက်မှု ရှိမရှိ စတာတွေဖြစ်ပါတယ်။ ထိုအစီအစဉ်များဟာ အောက်ခြေက ဆင်းရဲနွမ်းပါးသူများ အတွက် လုံလောက်တဲ့ ဝင်ငွေရလမ်းတခုဖြစ်စေခဲ့တာကြောင့် နိစ္စဓူ၀ စားဝတ်နေရေးအတွက် သက်သာရာရခဲ့ပါတယ်။ ဒါ့အပြင် နွမ်းပါးသူ မိသားစုအတွက် ကျန်းမာရေး၊ ပညာရေး တိုး တက်စေဖို့ စနစ်တကျ ချိတ်ဆက်ထားတာ ဖြစ်လို့ ဆင်းရဲနွမ်းပါးသူတွေရဲ့ လတ်တလော ဝင်ငွေတိုးတက်ဖို့သာမက ရေရှည် ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာပါ အများကြီး အထောက်အကူပေးခဲ့ပါတယ်။
ဘရာဇီးနိုင်ငံရဲ့ နွမ်းပါးသူများ ဦးစား ပေးသော ဖွံ့ဖြိုးတိုးတက်ရေးမူ (pro-poor growth) ကို လေ့လာကြည့်ရင် ဆင်းရဲမှုနှုန်း လျှော့ချဖို့ကိုသာ တိုက်ဖျက်ခဲ့တာမဟုတ်ဘဲ ဆင်းရဲချမ်းသာကွာခြားချက်ကိုပါ ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းတွေ၊ တဦး ချင်းပျမ်းမျှဝင်ငွေအပေါ် တွက်ချက်မှုတွေ ထက်စာလျှင် ဓနဥစ္စာဖြန့်ဖြူးမှုမှာ အောက် ခြေရောက်နေခဲ့ကြတဲ့ နွမ်းပါးသူ လူထု အတွက် စနစ်တကျရည်ရွယ်ခဲ့တာကို တွေ့ရပါတယ်။
ထိုသူတွေကို ဆင်းရဲနွမ်းပါးမှုကပ်ဘေးက ကယ်တင်ဖို့ ဝင်ငွေကိုသာ ပံ့ပိုးပေးတာထက် ကျန်းမာရေး၊ ပညာရေး စတဲ့ ရေရှည်အတွက် အကျိုးဖြစ်ထွန်းမယ့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ကိုပါ ရည်ရွယ်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးမူဝါဒများ တောင့်တင်းခိုင်မာမှု၊ ဗဟိုဦးစီးမှု စီးပွား ရေးစနစ်ကနေ တံခါးဖွင့်စီးပွားရေးစနစ်ကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ခြင်း၊ လုပ်သားအများ အပြား လုပ်ကိုင်နေတဲ့ စက်မှုထွက်ကုန်များ ဖြစ်ထွန်းအောင်မြင်ရေးနဲ့ လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချမှုကို ပိုမိုတွင်ကျယ်လာစေခြင်းတို့ဟာ နွမ်းပါးသူလျှော့ချရေးကို အစဉ်တစိုက် အောင်မြင်စေတဲ့ အကြောင်းတရားတွေထဲမှာ ပါပါတယ်။ တချို့ နိုင်ငံတော်တော်များများမှာ ဘရာဇီးနိုင်ငံရဲ့ နွမ်းပါးသူများဦးစားပေးသော ဖွံ့ဖြိုးတိုးတက်ရေးမူ (pro-poor growth) ကို မှီငြမ်းပြီး လူမှုဖူလုံရေး၊ ပင်စင်၊ အနည်းဆုံးအခ ကြေးငွေစတဲ့ မူဝါဒများ အကောင်အထည် ဖော်လာတာကို တွေ့ရပါတယ်။ နိုင်ငံရဲ့ ရေမြေအခြေအနေ၊ နိုင်ငံရေး၊ စီးပွားရေး အခြေခံအချက် တွေပေါ် မူတည်ပြီး အောင်မြင်မှုရှိသလို မျှော်မှန်းသလောက် မပေါက်ရောက်တာများလည်း ရှိပါ တယ်။

(၂) USDP အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နည်းနိဿယ
စီးပွားရေးစနစ်ဆိုးရဲ့ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရတဲ့ရလဒ်က ပြည်သူအများစု ဟာ စားဝတ်နေရေးအတွက် ကာလရှည်ကြာ လှုပ်ရှားရုန်းကန်နေကြရတာပဲ ဖြစ်ပါတယ်။ ဒီမို ကရေစီ အသွင်ကူးပြောင်းရေး ပထမငါးနှစ်တာကာလ (၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်)အတွင်း တာဝန်ယူခဲ့တဲ့ USDP အစိုးရက ဆောင်ရွက်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဆင်း ရဲမွဲတေမှုလျှော့ချရေးကို ထည့်သွင်းစဉ်းစားလာခဲ့ကြပါတယ်။ ဒါပေမဲ့ စီးပွားရေးတိုးတက်မှုဟာ ရေမြင့်လို့ကြာတင့်တဲ့ပမာ တိုင်းပြည်တိုးတက်လာလို့ ဆင်းရဲနွမ်းပါးသူတွေ ချောင်လည်လာတာ ဖြစ်ကောင်းဖြစ်ပေမဲ့ ရေရှည်တည်တံ့ပြီး ဆင်းရဲချမ်းသာကွာခြားချက်နည်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု မျိုးကိုရဖို့ ခက်ခဲပါတယ်။ ဒါကြောင့် USDP အစိုးရ စီးပွားရေးမူဝါဒတွေထဲမှာ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းနက်ခဲ့ကြတဲ့ နင်းပြားတွေရဲ့ဘဝကို တိုးတက်ဖို့ ဦးစားပေးတဲ့ စီးပွားရေးပြောင်းလဲမှု အဖြစ် ပြောလို့မရနိုင်ပါဘူး။ တနည်းအားဖြင့် တရုတ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးလမ်းစဉ် လိုမျိုး တနိုင်ငံလုံး တိုးတက်မှုကိန်းဂဏန်းတွေကို အာရုံစိုက်ခဲ့တာကြောင့် စီးပွားရေးတိုးတက်မှု ဦးစားပေးခြင်းမူ (pro-growth) သဘော ပိုဆန်တာကို တွေ့ရပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်က ထုတ် ပြန်တဲ့ အစီရင်ခံစာအရ ၂၀၀၄-၀၅ ခုနှစ်၊ ၂၀၀၉-၁၀ ပြည့်နှစ်တွေနဲ့နှိုင်းယှဉ်ရင် ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့ ဂျီဒီပီ၊ တဦးချင်းပျမ်းမျှဝင်ငွေတို့မှာ တိုးတက် လာခဲ့ပါတယ်။ ဒါပေမဲ့ ငါးနှစ်တာကာလအပြီးမှာ ဆင်းရဲမွဲတေမှုကိန်းဂဏန်းအရ ကျဆင်းပေမဲ့ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုများဟာ အောက်ခြေက ဆင်းရဲနွမ်းပါးသူများအထိ ရောက်ရှိ သင့်သလောက် ရောက်ရှိခဲ့ပုံမရပါဘူး။ ဆင်းရဲချမ်းသာကွာခြားမှုတွေက ဆက်လက်ရှိနေခဲ့ပါ တယ်။
၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံလူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံ (၃၂ ဒသမ ၁ ရာခိုင်နှုန်း)ဟာ ဆင်းရဲနွမ်းပါးစွာနေထိုင်ကြရတယ်လို့ တွက်ချက်ခန့်မှန်းပါတယ် (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ကမ္ဘာ့ဘဏ်၊ ၂၀၁၇)။ ဆင်းရဲသူပမာဏကို ကိန်းဂဏန်းများနဲ့ အတိအကျ တိုင်းတာမှု မလုပ်ခင်မှာ ကျေးလက်နေ ဆင်းရဲနွမ်းပါးသူများဟာ မြို့ပြနေ နွမ်းပါးသူများထက် နှစ်ဆကျော် ရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ဆင်းရဲနွမ်းပါးသူတွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ ကျေးလက်နေထိုင်သူများဖြစ်ပြီး သူတို့ဟာ တောင်တန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများနဲ့ ခြောက်သွေ့တဲ့ဒေသတွေမှာ အများဆုံး ရှိနေ တယ်လို့ ဆိုပါတယ် (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်၊ ၂၀၁၇-ခ)။ ကျေးလက်-မြို့ပြမှာ ဝင်ငွေအပြင် အခြားကွာခြားချက်များရှိနေတာကို Oxford Poverty and Human

Development Initiative (2017) က ဖော်ပြထားတာလည်း ရှိပါတယ် (ပုံ – ၁)။ ပညာရေး၊ (ကျောင်းတက်ရောက်မှုနှစ်၊ ကျောင်းခေါ်ချိန်ပြည့်မီမှု၊ ကျန်းမာရေး (ကလေး အသေအပျောက် နှုန်း၊ အာဟာရပြည့်မီမှု)၊ လူနေမှုအဆင့်အတန်းပြည့်မီမှု (လျှပ်စစ်မီးရရှိမှု၊ မိလ္လာစနစ်၊ သို့မဟုတ် သန့်ရှင်းမှု)ကို ကဏ္ဍအလိုက် နှိုင်းယှဉ်ထားတာ တွေ့နိုင်ပါတယ်။ ကျေးလက်နေလူထုဟာ မြို့ပြ နေလူထုထက် များစွာနိမ့်ကျနေပြီး နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကိုဖြစ်စေတဲ့ အကြောင်းတရားများလို့ ဆိုပါတယ်။
ကျေးလက် မြို့ပြ ဆင်းရဲချမ်းသာ ကွာခြားချက်ဖြစ်စေတဲ့ အကြောင်းတရားများစွာ ရှိပါ တယ်။ အဓိကအားဖြင့်
(၁) နွမ်းပါးသူတွေအတွက် သီးသန့်ရည်ရွယ်တဲ့ အထောက်အပံ့တွေကို မလုပ်ပေးနိုင်တာ၊
(၂) ကျေးလက် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု နှောင့်နှေးတာ ဒါတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ပါ တယ်။

နွမ်းပါးသူများအတွက် သီးသန့်ရည်ရွယ်သော (pro-poor) အထောက်အပံ့မရှိခြင်း
၂၀၁၁ ခုနှစ် မတ်မှာ တက်လာတဲ့ USDP အစိုးရဟာ ယခင် အာဏာရှင်များနဲ့ လမ်းခွဲ ကြောင်း ပြသချင်ပုံရပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအပြင် စီးပွားရေး ပြုပြင်ပြောင်း လဲမှုကို မြင်သာထင်သာရှိအောင် လုပ်ပြခဲ့ပါတယ်။ အဓိကအားဖြင့် နိုင်ငံအတွင်း ငွေကြေးလည် ပတ်မှုရှိအောင် နိုင်ငံတကာနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။ စီမံကိန်းကြီး တွေအတွက် အစိုးရရဲ့အသုံးစရိတ်ကိုလည်း ပိုမိုကျခံသုံးစွဲခဲ့သလို ပုဂ္ဂလိကအခန်းကဏ္ဍကိုလည်း မြှင့်တင်ခဲ့ပါတယ်။ USDPအစိုးရရဲ့ နှစ် ၂၀ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများပါဝင်သော National Comprehensive Development Plan ထဲမှာ ဆင်းရဲမွဲတေမှုလျှော့ချရေးဟာ ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါတဲ့စိန်ခေါ်မှုဖြစ်နေတယ်လို့ သုံးသပ်ထားပါတယ်။ USDP အစိုးရ လက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ ‘စီးပွားရေးနှင့်လူမှုရေး ပြောင်းလဲမှုမူဘောင်’ Framework for Economic and Social Reform(FESR)ကို ချမှတ်ပြီး ဆင်းရဲမှုလျှော့ချရေးစီမံကိန်း အတွက် အချက်ရှစ်ချက် အကောင်အထည်ဖော်ခဲ့ပါတယ်။ ဗဟိုအစိုးရက ဆင်းရဲမွဲတေမှုလျှော့ချ ရေး စီမံကိန်းအတွက်လျာထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများကို ထောက်ပံ့ငွေများ လည်း ချပေးခဲ့ပါတယ်။ ကောင်းမွန်သိသာတဲ့ တိုးတက်မှုများက ကျန်းမာရေး၊ ပညာရေး အသုံး စရိတ် တိုးမြှင့်ကျခံခဲ့ပြီး အစိုးရပင်စင်လစာ တိုးမြှင့်ပေးခြင်း၊ အနိမ့်ဆုံးအခကြေးငွေ သတ်မှတ် ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး အစီအစဉ်တွေကြောင့် ဆင်းရဲချမ်းသာ ကွာ ခြားမှု လျှော့ချရေး (inequality reduction) အတွက် သိသာထင်ရှားတဲ့ရလဒ်များကို ငါးနှစ်တာ ကာလအတွင်းမှာ မတွေ့ခဲ့ရပါဘူး။ ဆင်းရဲချမ်းသာကွာခြားမှုကို လျှော့ချပေးမယ့် အဓိကအရာက နွမ်းပါးသူမိသားစုရဲ့ လတ်တလောဝင်ငွေအပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြင့်မားရေး စတာတွေကို ချိတ်ဆက်ပြီး ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၆ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးကို အလေးပေးခဲ့သော်လည်း လူဆင်းရဲတွေ စားဝတ်နေရေး အတွက် ပံ့ပိုးပေးမှုအပြင် ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ဖို့ pro-poor မူဝါဒအဖြစ် သီးသန့်ရည်ရွယ်တဲ့ အထောက်အပံ့တွေကို ကာလတို၊ ကာလရှည် စီမံ ကိန်းအနေနဲ့ အကောင်အထည်ဖော်ခဲ့ တာ မတွေ့ရပါဘူး။
အခြားတဖက်မှာလည်း အစိုးရ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာ ရေးပံ့ပိုးပေးမှု၊ လူမှုဖူလုံရေး အစီအစဉ် များဟာ ထိရောက်မှု၊ ပြန့်နှံ့မှုတွေမှာ အကန့်အသတ်များစွာ ရှိနေသေးပါ တယ်။ အစိုးရရဲ့ လူမှုဖူလုံရေး အစီအစဉ် ဟာ စုစုပေါင်းလူဦးရေရဲ့ ၃ ဒသမ၂ ရာခိုင်နှုန်းကိုသာ အကာအကွယ်ပေးပြီး အဲဒီထဲမှာမှ အလွန်အမင်း ဆင်းရဲနွမ်းပါး သူ ၀ ဒသမ ၁ ရာခိုင်နှုန်းသာ အကျိုး ခံစားခွင့်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါ တယ်။ အကျိုးခံစားခွင့်ရှိသူများအတွက် လည်း လူမှုဖူလုံရေးစုဆောင်းငွေပမာဏ က နည်းပါးလွန်းတာကြောင့် ရောဂါ ဘယဖြစ်ခဲ့ရင် တကယ်တမ်းကုန်ကျငွေ အတွက် အရာမထင်လှပါဘူး။
USDP အစိုးရ တာဝန်ယူစဉ်ကာလတွေမှာ လူနေမှုအဆင့်အတန်း ကိန်းဂဏန်းအရ တိုးတက်လာပေမဲ့ ဆင်းရဲနွမ်းပါးသူများထက် ဝင်ငွေမြင့်တဲ့သူတွေကို ပိုပြီး အကျိုးကျေးဇူးရှိစေခဲ့ ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်အရ တန်ဖိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းများဟာ မြို့ပြ၊ သို့မ ဟုတ် ပိုမိုချမ်းသာသော ထိပ်ပိုင်းလူဦးရေ ငါးပုံတပုံမှာ စုပုံရောက်ရှိနေတာ တွေ့ရပါတယ်။ အောက်ခြေက ဆင်းရဲနွမ်းပါးသူများအတွက်ကတော့ သူတို့ရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုပုံစံကို သိသိ သာသာကြီး တိုးတက်မှုမပြုခဲ့ပါဘူး။ တချိန်တည်းမှာပဲ နွမ်းပါးသူလူထုအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ် ကြီးမြင့်မှု၊ လယ်ယာမြေအလုပ်အကိုင်များ ရှားပါး လာမှု၊ လယ်ယာမြေပိုင်ဆိုင်မှု မလုံခြုံတဲ့ပြဿနာများ ဆက်လက်ရှိနေခဲ့ပါတယ်။

ကျေးလက်လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသောလူဦးရေဟာ ကျေးလက်နေထိုင်သူများဖြစ်ပြီး အဓိက ဝင်ငွေဟာ လယ်ယာကဏ္ဍအပေါ် မှီခိုနေပါတယ်။ လယ်ယာမြေမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒ၊ ကုန်သွယ်ရေးမူဝါဒတွေကို သုံးသပ်ခြင်းအားဖြင့် အစိုးရရဲ့ စီးပွားရေးမူဝါဒတွေဟာ ကျေးလက်နေ လယ်ယာကဏ္ဍ တိုးတက်ရေးအတွက် သက်ရောက်မှုနည်းလွန်းတာ တွေ့ရပါတယ်။ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု ဂျီဒီပီ(GDP) ရဲ့ အများစုဟာ ဝန်ဆောင်မှုအတွက်ဖြစ်ပြီး ကုန်ထုတ် လုပ်ရေးကဏ္ဍမှာ အထိုက်အလျောက် တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ လယ်ယာကဏ္ဍအတွက် တိုးတက်မှုက အနည်းဆုံး ဖြစ်နေပါတယ်။ (ပုံ – ၂)

လယ်ယာကဏ္ဍအတွက် စုစုပေါင်းကုန်ထုတ်စွမ်းအား တိုးတက်ဖို့ ငွေကြေးအရင်းအနှီးနဲ့ လူ့စွမ်းအားအရင်းအနှီး အခက်အခဲတွေ အများကြီးရှိနေသေးတာ တွေ့ရပါတယ်။ အစိုးရချေးငွေ၊ စိုက်ပျိုးစရိတ်ချေးငွေများဟာ အချိန်လွန်မှရရှိလာတာကြောင့် လယ်သမားများအတွက် နောက် ထပ် စပါး၊ သို့မဟုတ် သီးနှံစိုက်ဖို့ အရင်းအနှီးကို အချိန်မီရရှိအောင် မနည်းရှာဖွေရပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) က ပြုစုထားတဲ့ အစီရင် ခံစာများအရ ကျေးလက်အိမ်ထောင်စုများရဲ့ ၁၆ ရာခိုင်နှုန်းသာ တရားဝင်ငွေကြေးဝန်ဆောင်မှုရဲ့ အကျိုးကျေးဇူးကိုရရှိပြီး ကျန်လယ်သမားတွေဟာ ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှုများကို အတိုး နှုန်းကြီးစွာနဲ့ ချေးငှားနေရပါတယ် (Powell, 4 November 2016)။ ဒါဟာ မြေယာနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အထောက်အထား မပြနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ USDP အစိုးရလက်ထက်မှာ မြေယာသိမ်းဆည်းမှု ကျဆင်းသွားပေမဲ့ အရင်ကတည်းကရှိနေတဲ့ မြေသိမ်းပြဿနာတွေကို မဖြေရှင်းပေးနိုင်တာကြောင့် လယ်သမားတွေဟာ သူတို့ပိုင်ဆိုင်တဲ့လယ်မြေပေါ်မှာပဲ သူရင်းငှား ပြန်လုပ်နေရတဲ့အဖြစ်မျိုး များစွာရှိပါတယ်။ မြေယာနဲ့ပတ်သက်တဲ့ဥပဒေတွေ ထွက်ပေါ်လာပေမဲ့ ရှင်းလင်းမှုမရှိခြင်း၊ ဆင်းရဲသားလယ်သမားများကို ကာကွယ်မှုမပေးနိုင်ဘဲ လယ်ဧကများစွာပိုင် တဲ့ လယ်ပိုင်ရှင်များကိုသာ ပိုမိုအကျိုးကျေးဇူးပြုခဲ့ပါတယ် (Food Security Working Group’s Land Core Group, 2012)။
လယ်ယာကဏ္ဍဖွံ့ဖြိုးမှုနှေးကွေးတဲ့အကြောင်းများထဲမှာ အစိုးရရဲ့ပံ့ပိုးပေးမှု၊ နှစ်စဉ်နီးပါး ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် ထွက်ကုန်ကျဆင်းလာမှု အပြင် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်တာ နည်းပါးတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်ပေမဲ့ လယ်ယာကဏ္ဍဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ၁၉၈၈-၈၉ခုနှစ်မှစပြီး ၂၀၁၄-၁၅ ခုနှစ် ကာလများအထိ နှစ်ပေါင်း ၂၆ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စုစုပေါင်းတန်ဖိုးရဲ့ ၀ ဒသမ ၄ ရာခိုင်နှုန်းသာ လယ်ယာကဏ္ဍအတွက် ရရှိခဲ့ပါတယ်။ တခြားတဖက်မှာတော့ ရင်းနှီးမြှုပ်နှံမှုများရဲ့ ၆၅ ရာခိုင်နှုန်း ကျော်ဟာ စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ စတဲ့ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုများအပေါ် မှီခိုနေပါတယ်။ သယံဇာတရင်းနှီးမြှုပ်နှံမှုကြောင့် တိုင်းပြည်စီးပွားရေး တိုးတက်သော်လည်း ကျေးလက်နေ ဆင်းရဲနွမ်းပါးသူလူအများစုရရှိတဲ့ တိုက်ရိုက်အကျိုးခံစားခွင့်က နည်းပါးခဲ့တာကို တွေ့ရပါတယ်။ အလားတူ ကုန်သွယ်မှုတိုးတက်လာသော်လည်း နွမ်းပါးသူတွေကို တိုက်ရိုက် အကျိုးကျေးဇူးပြုတာ မဟုတ်ခဲ့ပါဘူး။ ပွင့်လင်းတိုးတက်လာတဲ့ကုန်သွယ်မှုမှာ ပို့ကုန်အားဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများရဲ့ အခန်းကဏ္ဍက ၃၀ ရာခိုင်နှုန်းအောက်မှာသာရှိပြီး ၆၀ ရာခိုင် နှုန်းကျော်က ရေနံနဲ့ သဘာဝသယံဇာတ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းများအပေါ် မှီခိုနေတာ ဖြစ်ပါတယ် (Burma Country Commercial Guide, 25 July 2017)။ ဒါ့အပြင် ပို့ကုန်အရည်အသွေး ထွက်နှုန်းကျဆင်းမှု၊ ဆန်ဈေးနှုန်းမတည်ငြိမ်မှုကို အခြားသော အရှေ့ တောင်အာရှနိုင်ငံများထက် မြန်မာနိုင်ငံမှလယ်သမားတွေက ပိုမိုခံစားနေရပါတယ်။ တပ်မတော် အစိုးရကာလများနှင့် နှိုင်းယှဉ်ရင် ပို့ကုန်တန်ဖိုး များစွာတိုးတက်လာပေမဲ့ လူအများစုဖြစ်တဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ များဟာ အကျိုးကျေးဇူး အနည်းအကျဉ်းကိုသာ ရရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ဆင်းရဲချမ်းသာမညီမျှမှု လျှော့ချရေးဟာ ဆင်းရဲသားလူများစုအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုနဲ့လည်း များစွာဆက်စပ်ပါတယ်။ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု နှေးကွေး တဲ့အတွက် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများလည်း တဖြည်းဖြည်း ကျဆင်းလာပါတယ်။ လယ် ယာလုပ်ငန်းကို စွန့်လွှတ်ပြီး မြို့ပြမှာဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံများမှာဖြစ်စေ အလုပ် သွားရောက် လုပ်ကိုင်သူ ပိုမိုများပြားလာပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (International Labour Organization) က ထုတ်ပြန်တဲ့ ကမ္ဘာ့လူမှုစီးပွားအလားအလာ အစီရင်ခံစာအရ လယ်ယာကဏ္ဍဟာ လုပ်သားအင်အား အများဆုံးရှိတဲ့ကဏ္ဍ ဖြစ်နေဆဲပါ။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်မှာ စုစုပေါင်းလုပ်သားအင်အားရဲ့ ၆၆ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၃ ခုနှစ်မှာ ၄၄ ရာခိုင်နှုန်းကို လျော့ ကျသွားတာ သတိထားစရာဖြစ်ပါတယ် (International Labour Organization, 2015) ။
ဒီလိုဆိုရင် မြန်မာ့အလုပ်သမားထုအများစုဟာ လယ်ယာကဏ္ဍကနေ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍများကို ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ ယူဆ ကောင်း ယူဆနိုင်ပါတယ်။ အနည်းအကျဉ်း မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ လက်မှုလယ်ယာကို အားပြုခဲ့ရတဲ့ မြန်မာ့လယ်ယာလုပ်သားအများစုဟာ ရင်းနှီးမြှုပ်နှံမှုအများဆုံးရှိလာတဲ့ စွမ်းအင် နဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်းမှာ ချက်ချင်း ရွှေ့ပြောင်းလုပ်ကိုင်ဖို့ရာ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ အလုံအလောက်မရှိခြင်း၊ နည်းပညာရယူဖို့ခက်ခဲခြင်း စတဲ့ အခက်အခဲ များစွာ ရှိပါတယ်။ ၁၉၉၁ ခုနှစ်က စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွေမှာ လုပ်ကိုင်သူ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၃ ခုနှစ်မှာ ၉ ဒသမ ၆ ရာခိုင်နှုန်းအထိပဲ တိုးတက်လာတာ တွေ့ရပါတယ်။ ဒါဟာ အဲဒီကဏ္ဍအတွက် ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့်စာရင် မပြောပလောက်ပါဘူး။ ဒါကြောင့် တိုးတက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုတွေကြောင့် တိုင်းပြည်စီးပွားရေး တိုးတက်တယ်လို့ ပြောနိုင်ပေမဲ့ နင်းပြားတွေရဲ့ဘဝကို အခြေခံကျကျ မပြောင်းလဲနိုင်ခဲ့ဘူးလို့ ပြောရပါမယ်။
လယ်ယာကဏ္ဍတိုးတက်မှု နှောင့်နှေးတာကြောင့် ဝင်ငွေအခက်အခဲ ဖြစ်ကြရသလို မြင့် တက်လာတဲ့ ဆန်ဈေး၊ အသုံးစရိတ်တွေကြောင့် ခြိုးခြံချွေတာရေးသာ လုပ်ကြရပါတယ်။ ပညာ ရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မှုစတဲ့ ကိန်းဂဏန်းများနဲ့ တိုင်းတာရင် မြန်မာနိုင်ငံရဲ့အခြေအနေက လွန်ခဲ့တဲ့ဆယ်စုနှစ်ထက် တိုးတက်လာပေမဲ့ အရှေ့တောင်အာရှ နိုင်ငံများနှင့်နှိုင်းယှဉ်ရင် များစွာ နောက်ကျနေပါသေးတယ်။ မူလတန်းကျောင်းအပ်နှံမှုများ တိုးတက်လာပေမဲ့ ဆင်းရဲနွမ်းပါးတဲ့အိမ်ထောင်စုများရှိ ကျောင်းနေအရွယ် ကလေးအများစုဟာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရတာကြောင့် မူလတန်းသာထားနိုင်ပြီး အလယ်တန်း ပညာရေးကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။ ဒါဟာ အနာဂတ်ကာလမှာ တိုင်းပြည်ရဲ့ ဉာဏ လုပ်သားထု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြီး မားတဲ့စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။ ဆင်းရဲ နွမ်းပါးသူများဟာ အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုအပြင် အဓိကအစားအစာဖြစ်တဲ့ ဆန်စပါးဈေး မြင့်တက်မှုဒဏ်ကိုလည်း ခံနေ ရပါတယ်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဆန်စပါးဈေးနှုန်းဟာ ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဝင်ငွေနိမ့်ပါးတဲ့ အိမ် ထောင်စုတခုရဲ့ ပျမ်းမျှသုံးစွဲငွေမှာ ဆန်ဝယ် ယူမှုဟာ ၅၀ ရာခိုင်နှုန်းမှ ၆၆ ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုများဟာ တက် လာတဲ့ ဆန်ဈေးနှုန်းကို ကာမိစေဖို့ ကျန်းမာ ရေး၊ ပညာရေးနှင့် အခြားအသုံးစရိတ်များကို ချွေတာရပါတယ်။ ကလေးသူငယ်များမှာ ဖြစ်ပေါ်နေတဲ့ အာဟာရမပြည့်ဝခြင်းနှင့် ကြီးထွားမှုနှောင့်နှေးခြင်းတို့ဟာ ဆင်းရဲမွဲတေမှု နက်ရှိုင်းနေမှုကို ပြသနေပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ICF International မှ ထုတ်ပြန်သော အစီရင်ခံစာအရ ငါးနှစ်အောက်အရွယ်ကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးဟာ ကြုံလှီနေပါတယ် (Ministry of Health and Sports (MOHS) and ICF International, 2016)။ အားထားစရာ လူမှုဖူလုံရေးအစီအစဉ်မရှိတဲ့အခါ ဆင်းရဲနွမ်းပါးသူများဟာ ကျန်းမာရေးအသုံး စရိတ်ကို ကိုယ်ပိုင်စိုက်ထုတ်ဖို့ မတတ်နိုင်တာကြောင့် အခက်အခဲများစွာ ကြုံနေရပါတယ်။ လျှပ်စစ်မီးရရှိမှုဟာလည်း လူနေမှုအဆင့်အတန်း တိုင်းတာရာမှာ မရှိမဖြစ်အရေးကြီးတဲ့ စံနှုန်း ဖြစ်ပါတယ်။ အစိုးရရဲ့ မဟာဓာတ်အားလိုင်းချိတ်ဆက်မှုဟာ စုစုပေါင်းလူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းပဲ ခံစားရပါတယ်။ ဒီထဲမှာမှ မြို့ပြအတွက် ၈၇ ရာခိုင်နှုန်းရှိပြီး ကျေးလက်အတွက် ၁၂ ဒသမ ၆ ရာခိုင်နှုန်းသာရှိလို့ ကျေးလက်နေသူတွေဟာ အစိုးရကဖြန့်ဖြူးတဲ့ လျှပ်စစ်ဓာတ်အားပုံမှန်ရှိဖို့ မဖြစ်နိုင်သေးပါဘူး။
ဒါကြောင့် USDP အစိုးရကာလ စီးပွားရေးတိုးတက်မှုများဟာ တိုင်းပြည်အတွက် အားရ စရာဖြစ်ခဲ့သော်လည်း အကျိုးခံစားခွင့်ရသူအများစုမှာ ကြွယ်ဝချမ်းသာပြီးသား လူများစုနဲ့ လူလတ်တန်းစား အနည်းငယ်သာ အထိုက်အလျောက် တိုးတက်ခဲ့ပါတယ်။ ဆင်းရဲချမ်းသာ မညီမျှမှုတွေကရှိနေပြီး နွမ်းပါးသူများကို သီးသန့်ရည်ရွယ်တဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့ ပါဘူး။

(၃) အားလုံးပါဝင်သော စီးပွားရေးတိုးတက်မှုဖြစ်ဖို့အတွက် ဂရုပြုစရာ အကြောင်းအချက်များ
နှစ်ပေါင်းများစွာ စနစ်ဆိုးအောက်မှာ ပြည်သူနဲ့အတူ ရုန်းကန်ခဲ့ရတဲ့ NLD ပါတီဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး ၂၀၁၆ ခုနှစ် မတ်မှာ အစိုးရတရပ် ဖွဲ့စည်းခဲ့ပါတယ်။ စီးပွားရေး ချွတ်ခြုံကျခဲ့တဲ့နိုင်ငံမှာ လူထုထဲက ပေါက်ဖွားလာတဲ့အစိုးရ တက် လာပြီးတဲ့နောက် ဆင်းရဲမွဲတေမှုဟာ အရေးတကြီးဖြေရှင်းမယ့်ပြဿနာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ NLD အစိုးရ တာဝန်ယူပြီး သုံးနှစ်တာကာလအတွင်းမှာ ခိုင်မာတဲ့ စီးပွားရေးမူဝါဒများ မတွေ့ရသလို ဆင်းရဲမွဲတေမှုကျဆင်းရေးကို ပန်းတိုင်ထားပြီး ဆောင်ရွက်တာကိုလည်း မျက်ဝါး ထင်ထင် မမြင်ခဲ့ရပေ။ နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုဟာ ယခင် USDP အစိုးရနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး ပြည်သူအများစု စားဝတ်နေရေးပြဿနာကို ကြီးစွာ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ NLD အစိုးရအုပ်ချုပ်တဲ့ သုံးနှစ်တာကာလအတွင်း စီးပွားရေးမူဝါဒတွေ၊ အကောင်အထည်ဖော်မှု တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ကြုံနေရပါတယ်။
NLD အစိုးရလက်ထက် ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် အခြား သီးသန့် မဟာဗျူဟာ အသစ် ထားရှိမှုရှိမရှိကို နှစ်နှစ်တာကာလအတွင်း အစိုးရကထုတ်ပြန်တဲ့ သတင်းအချက်အလက် တွေထဲမှာ လက်လှမ်းမှီသလောက် မတွေ့ရသေးပါဘူး။ လူမှုဖူလုံရေးကွန်ရက်ကို ယခင် အစိုးရ လက်ထက်ကအတိုင်း ဆက်လက်ကျင့်သုံးနေဆဲဖြစ်တာကြောင့် ထိရောက်မှု နည်းပါးပါတယ်။ NLD အစိုးရလက်ထက်မှာ အသက် ၉၀ ကျော် ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ကြေး တလ ကျပ် ၁၀၀၀၀ ပေးအပ်တဲ့အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (၂၀၁၅) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ပျမ်းမျှသက်တမ်းမှာ ကျား- ၆၄ နှစ်နှင့် မ- ၆၈ နှစ်ဆိုတဲ့အတွက် အသက် ၉၀ကျော် ဘိုးဘွားများ ထောက်ပံ့ရေးအစီအစဉ်မှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ကျေးလက်နေသူတို့ရဲ့ မညီမျှမှုလျော့နည်းစေရေးတို့အပေါ် သက်ရောက်မှု နည်းစေပါလိမ့်မယ်။ ကျေးလက် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် တိုက်ရိုက်ဆက်စပ်တဲ့ ဌာနများဖြစ်သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ အကောင် အထည်ဖော်နေတဲ့ မူဝါဒတွေထဲမှာ ‘ဆင်းရဲနွမ်းပါးသူများအတွက် ဦးတည်ထားတဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး’နဲ့ ပတ်သက်တဲ့ မဟာဗျူဟာသော်လည်းကောင်း၊ ယင်းကို အကောင်အထည်ဖော် ပေးမယ့် မူဝါဒများကိုလည်းကောင်း အကျယ်တဝင့် ဖော်ထုတ်ထားတာ မတွေ့ရပါဘူး။ ဒါကြောင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်တဲ့ မူဝါဒတွေရှိသည့်တိုင် နွမ်းပါးသူဦးစားပေး ချဉ်းကပ်မှုမျိုးမဟုတ်တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပေးမယ့် ချေးငွေအစီအစဉ်မှာ လယ်ယာမြေ ဧက ၅၀ အထိပိုင်ဆိုင်တဲ့ တောင်သူလယ်သမားတဦးကို ကျပ်သန်း ၅၀ အထိ ချေးငွေထုတ်ပေး သွားမယ့် အစီအစဉ်ဟာ လယ်ယာကဏ္ဍတိုးတက်ရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒီချေးငွေကိုခံစားဖို့ လယ်ဧက ၅၀ ပိုင်ဆိုင်တဲ့ တောင်သူဖြစ်ရမယ် ဆိုတာကြောင့် လယ်သမား အများစု ဒီခံစားခွင့်ကို ရနိုင်ဖွယ်မရှိပါဘူး။ နေရာဒေသ၊ မြေတန်ဖိုးပေါ်လိုက်ပြီး လယ်ပိုင်ရှင် သူဌေးအထိ ဖြစ်နေနိုင်တာကြောင့် လူလတ်တန်းစားမက လူချမ်းသာစာရင်းဝင်ပါတယ်။ တကယ်တမ်း အရင်းမရှိလို့ လယ်မစိုက်နိုင်တဲ့အတွက် မိသားစု စားဝတ်နေရေးပြဿနာ ကြုံတွေ့ နေကြသူတွေဟာ လယ်မြေမပိုင်တဲ့သူတွေ၊ လယ်ဧကအနည်းငယ်သာ ပိုင်ဆိုင်သူတွေ ဖြစ်ပါ တယ်။ ချေးငွေရရှိရေးကို သေရေးရှင်ရေးကဲ့သို့ အရေးတကြီးလိုအပ်နေသူတွေက နွမ်းပါးသူ သူရင်းငှားတွေ၊ လယ်ဧက အနည်းအကျဉ်းသာ ပိုင်ဆိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလယ်ယာကဏ္ဍအတွက် ချေးငွေမူဝါဒဟာ ဆင်းရဲသူဦးစားပေးလို့ မခေါ်ဆိုနိုင်ဘဲ လယ်ပိုင်ရှင် လူချမ်းသာတစုကိုသာ အကျိုးဖြစ်ထွန်းစေပါတယ်။ ဒီအတွက်ကြောင့်မို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတွေကို ဝန်ကြီးဌာနအလိုက် ဆန်စင်ရာကျည်ပွေ့လိုက်ပြီး အကောင်အထည်ဖော်နေတာဟာ သူ့နေရာအလိုက် အောင်မြင်ကောင်းအောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး ပန်းတိုင်ကို ဗဟိုအစိုးရက မဟာဗျူဟာနှင့်မူဝါဒ တိတိပပချမှတ်ပြီး တစုတစည်းတည်း အကောင် အထည်ဖော်တာနဲ့နှိုင်းယှဉ်ရင် ထိရောက်နိုင်ချေ နည်းပါးပါလိမ့်မယ်။
အချုပ်အားဖြင့်ဆိုလျှင် USDP အစိုးရလက်ထက်မှာ ချမှတ်ခဲ့တဲ့ မူဝါဒတွေဟာ ကနဦးမှာ နွမ်းပါးသူဦးစားပေးအဖြစ် ကြွေးကြော်ခဲ့ပေမဲ့ လက်တွေ့မှာ အောက်ခြေက နွမ်းပါးသူတွေရဲ့ဘ၀ ကို အခြေခံကျကျ ပြောင်းလဲပေးနိုင်မယ့် အထောက်အပံ့အစီအစဉ်များ မပါဝင်ခဲ့ပါဘူး။ ကိန်း ဂဏန်းအရ တိုးတက်ရေးကို အလေးပေးခဲ့တာကြောင့် တိုးတက်မှုများဟာ မြို့ပြဒေသများမှာ ပိုသက်ရောက်ပြီး ကျေးလက်-မြို့ပြ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ရရှိနိုင်မှုများမှာ ကွာခြားချက် ကြီးမားဆဲဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်အားဖြင့် USDP အစိုးရရဲ့ တိုးတက်ရေး ဦးစားပေးမူ (pro-growth) အရ ဓနဥစ္စာဖြန့်ဖြူးမှုက နင်းပြားတွေရဲ့လက်ထဲ တိုက်ရိုက်မရောက် စေနိုင်ခဲ့ပါဘူး။ NLD အစိုးရလက်ထက်မှာ ခိုင်မာတဲ့စီးပွားရေးမူဝါဒ မတွေ့ရသေးသလို ဆင်းရဲ နွမ်းပါးသူများ ဦးစားပေးမူ (pro-poor) မူဝါဒ ထင်ထင်ရှားရှားမရှိတာ တွေ့ရပါတယ်။ ထို့နည်းတူ တိုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ်နေတဲ့ တိုးတက်ရေးဦးစားပေးမူ (Pro-growth) လို့ လည်း ပြောလို့မရနိုင်ပါဘူး။ ဒါကြောင့် ယခင်က USDP အစိုးရလက်ထက်က ရှိခဲ့တဲ့ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးစီမံကိန်းဟာလည်း ရပ်တန့်ခဲ့သလို ဖြစ်ခဲ့ရပါတယ်။
ဘရာဇီးနိုင်ငံမှာ နွမ်းပါးသူဦးစားပေးမူ (pro-poor growth) ကို ကျင့်သုံးပြီး ဆင်းရဲ မွဲတေမှု၊ ဆင်းရဲချမ်းသာကွာခြားမှုများကို သိသိသာသာလျှော့ချခဲ့သလို မြန်မာနိုင်ငံမှာ အောင် မြင်နိုင်မလားဆိုတာ မူဝါဒဆိုင်ရာလက်ဆင့်ကမ်းမှု (Policy Continuity) လိုပါတယ်။ မူဝါဒတခုကို စနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့နဲ့ အကျိုးသက်ရောက်မှုရှိစေဖို့ သင့်တော်တဲ့အချိန် လိုပါ တယ်။ ဘရာဇီးနိုင်ငံမှာ ၁၉၉၀ ပြည့်ကျော်ကာလစတင်ခဲ့တဲ့ နွမ်းပါးသူများအတွက် ထောက်ပံ့ရေး အစီအမံများဟာ အစိုးရပြောင်းပေမဲ့ အခေါ်အဝေါ်ပိုင်း၊ အပြင်ပန်းပုံစံများသာ ပြောင်းလဲပြီး အနှစ်သာရပိုင်းကို နှစ်ပေါင်း၂၀ ကျော် ဆက်လက်ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။ သမ္မတ ကာဒိုဆို လက်ထက်မှာ အခြေအနေကိုစစ်ဆေးပြီး ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ် (mean-test payment) လို့ခေါ်တွင်ပြီး သမ္မတလူလာလက်ထက်မှာ ငတ်မွတ်သူကင်းစင်ရေးစီမံကိန်း (fome zero, or zero hunger)၊ နောက်ပိုင်းမှာ မိသားစုထောက်ပံ့ကြေး စီမံကိန်း (Bolsa familia, or family grant) စသဖြင့် နာမည်ပြောင်း၊ ပုံစံပြောင်းပြီး ဆက်လက် အကောင်အထည်ဖော်ခဲ့ ကြပါတယ်။ အနှစ်သာရဖြစ်တဲ့ ဆင်းရဲနွမ်းပါးသူများအတွက် ဝင်ငွေတိုးစေရုံသာမက ရေရှည် ပညာရေး၊ ကျန်းမာရေး တိုးတက်စေမယ့် ချိတ်ဆက်ထောက်ပံ့မှု သဘောကို အစိုးရအဆက်ဆက် အစဉ်တစိုက် ဆက်လက်ကျင့်သုံးခဲ့ကြပါတယ်။
ငါးနှစ်တကြိမ်တက်လာတဲ့ အစိုးရတိုင်းက မည်သည့်စီးပွားရေးမဟာဗျူဟာကို ကျင့်သုံး သည်ဖြစ်စေ၊ ‘ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ဆင်းရဲချမ်းသာမညီမျှမှု လျော့ကျရေး’ အစီအစဉ် များကို အစဉ်တစိုက် အလေးပေးဆောင်ရွက်ဖို့ လိုပါတယ်။ အစိုးရသစ်တရပ်တက်တိုင်း ပထမ အစိုးရကာလက အစီအစဉ်တွေကို အသစ်ကပြန်စပြီး ဆောင်ရွက်ရတာရှိသလို အရင်ရှိပြီးသား ကိုပဲ ပိုမိုကောင်းမွန်အောင် မွန်းမံခြင်းပြုလုပ်တာဟာ ပိုမိုအကျိုးများစေတာလည်း ရှိပါတယ်။
ကျန်နေတဲ့ အစိုးရသက်တမ်းကာလမှာ NLD အစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲမှုကို ဒီထက် အရှိန်အဟုန်မြှင့်တင်ဖို့လိုသလို ယခင် USDP လက်ထက် မူဝါဒအားဖြင့်ရှိခဲ့တဲ့ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို ဆက်လက်လက်ဆင့်ကမ်းပြီး တိုးတက်အောင် ဆောင်ရွက် သင့်ပါတယ်။ အရင်အစိုးရလက်ထက်မှာ အလေးပေးခြင်းနည်းခဲ့တဲ့ ၈၇ ရာခိုင်နှုန်းကျော်သော ဆင်းရဲနွမ်းပါးသူများရှိရာ ကျေးလက် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ကျေးလက်-မြို့ပြ ကွာခြားမှု လျှော့ချရေးတို့ကို ပိုမို အလေးပေးဆောင်ရွက်သင့်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးကို ကိန်းဂဏန်းပေါ်မှာ တိုင်းတာခြင်းထက် နွမ်းပါးသူများရဲ့ လူနေမှုဘ၀ ရေရှည်တိုးတက်ရေးကို ဦးတည်ချက်ထားပြီး အလုပ်အကိုင် အခွင့်အလမ်းပေါ်ထွန်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ နေထိုင် ရေးတို့မှာ မျှတစွာသုံးစွဲနိုင်ရေးတို့ကို အဓိကဦးစားပေးပြီး ဆောင်ရွက်သင့်ပါတယ်။

ကျမ်းကိုးစာရင်း
အင်္ဂလိပ်ဘာသာ
Asian Development Bank (ADB) (1999). Fighting Poverty in Asia and the Pacific: The Poverty Reduction Strategy of the Asian Development Bank. Manila, Philippines.

Barrom R. (2000). “Inequality and Growth in a Panel of Countries”. Journal of Economic Growth, 5, 5-32.

Burma Country Commercial Guide (25 July 2017). “Burma agriculture”. URL: https://www.export.gov/apex/article2?id=Burma-Agriculture

Food Security Working Group’s Land Core Group (2012). Legal Review of Recently Enacted Farmland Law and Vacant, Fallow and Virgin Lands Management Law Improving the Legal & Policy Frameworks Relating to Land Management in Myanmar. URL: http://www.forest-trends.org/documents/files/doc_3274.pdf

Guanhua, Wan (2008). Understanding Inequality and Poverty in China. United Nations University.

Galbraith, J. (2007). “Global inequality and global macroeconomics”. Journal of Policy Modeling. 29 (4): 587607. doi:10.1016/j.jpolmod.2007.05.008.

Gelb, S., Calabrese, L., & Tang, X. (2017). Foreign direct investment and economic transformation in Myanmar. Supporting Economic Transformation (SET).

Global Energy Network Institute. (2017). National Grid System, Energy Summary: Myanmar. Retrieved from http://www.geni.org/globalenergy/library/national_energy_grid/myanmar-burma/myanmarnationalelectricitygrid.shtml

Guanhua, Wan (2008). Understanding Inequality and Poverty in China. United Nations University.

Kuznets, Simon. 1955. Economic Growth and Income Inequality. American Economic Review 45 (March): 128.

Lopez, J. H. (2009). Pro-Growth, Pro-Poor: Is There a Trade-off?. Chapters.

International Labour Organisation (ILO) (2015), Myanmar Garment Sub-Sector Value Chain Analysis, Geneva, May.

Lundberg M., and L. Squire (2003). “The Simultaneous Evolution of Growth and Inequality”, The Economic Journal, 113,. 326-344.

Ministry of Health and Sports (MOHS) and ICF International. (2016). Myanmar Demographic and Health Survey 2015-16: Key Indicators Report. Nay Pyi Taw, Myanmar, and Rockville, Maryland, USA: Ministry of Health and Sports and ICF International.

Oxford Poverty and Human Development Initiative (2017). “Myanmar Country Briefing”, Multidimensional Poverty Index Data Bank. OPHI, University of Oxford. URL: www.ophi.org.uk/multidimensional-poverty-index/mpi-country-briefings/.

Powell, B. (November 2016). “The curse of debt in Myanmar” https://yostartups.com/the-curse-of-debt-in-myanmar/

Shujie, Y., Zhang, Z., & Hanmer, L. (2004). Growing inequality and poverty in China. China Economic Review, 15(2), 145-163.

Trebat, T. J. (2009). Brazil and the Transatlantic Community in the Wake of the Global Crisis.

United Nations, 2000. A Better World for All. New York: United Nations.

World Bank, 2000. World Development Report. New York: Oxford University Press.

Word Bank, 4 November 2015. Building Myanmar’s Social Protection System Can Protect the Poorest http://www.worldbank.org/en/news/feature/2015/11/04/building-myanmar-social-protection-system-can-protect-the-poorest.

Zhu, A., & Kotz, D. M. (2011). The dependence of China’s economic growth on exports and investment. Review of Radical Political Economics, 43(1), 9-32.

မြန်မာဘာသာ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်။ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ စိစစ်လေ့လာချက် အပိုင်း(၁)၊ ဆင်းရဲနွမ်းပါးမှုလေ့လာချက်၊ ၂၀၁၇-က။ http://documents.worldbank.org/curated/en/166171502992452067/pdf/118851-REVISED-BURMESE-v2-Poverty ReportPartMM.pdf

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်။ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ စိစစ်လေ့လာချက် အပိုင်း(၂)၊ ဆင်းရဲနွမ်းပါးမှုလေ့လာချက်၊ ၂၀၁၇-ခ။ URL http://documents.worldbank.org/curated/en/366581513001582254/pdf/121822-MYANMAR-PovertyReportPartMyn FinalLowRes.pdf

About the author

Dr. Su Mon Thazin Aung

Dr. Su Mon Thazin Aung is Director of Training and Capacity-Building at the
Institute for Strategy and Policy- Myanmar. She also works as a Consultant at the Asian Foundation in Myanmar on governance and policy-making project. Dr. Aung holds a PhD in Politics and Governance Studies from the University of Hong Kong. She also earned a M.Sc in International Political Economy from the Nanyang Technological University, Singapore, a MBA from the University of Newcastle, Australia, and a BA in Southeast Asia and Pacific Studies from the University of Yangon. Her current research interests encompass elite politics and policy studies during democratic transition, particularly in relation to ethnic conflicts, resources extraction, media reform and labour policies primarily in Myanmar and Southeast Asia. Dr. Aung has published several scholarly articles and book chapters in academic publications including Routledge, Journal of Contemporary Asia, ISEAS, and World Scientific. Her commentaries on Contemporary Myanmar’s Politics also appear on the Foreign Policy, and East Asia Forum. She is also a regular contributor of Myanmar Quarterly Journal.

Add comment