ကိုနန္ဒာစစ်အောင်အား မေးမြန်းခြင်း

က

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ ကျနော်တို့ဆီမှာ မမျှတတဲ့ကိစ္စတွေကတော့ တလျှောက်လုံး ရှိနေခဲ့တာ။ စစ်အာဏာရှင် အောက်မှာ တလျှောက်လုံး ကြီးခဲ့ကြတာ။ မဆလအောက်မှာ သွားခဲ့ရတာ။ ကျနော်တို့ လူ့အဖွဲ့အစည်းက အုပ်ချုပ်ရေးနဲ့ နီးစပ်ခြင်းသည်ပင်လျှင် စီးပွားဥစ္စာရဲ့ အရင်းအမြစ်ဖြစ် သလို၊ လူမှုရေးဆိုင်ရာ အသိအမှတ်ပြုမှုတွေရဲ့ နေရာလည်း ဖြစ်တာကိုး။ တခါ အုပ်ချုပ် ရေးနဲ့ တရားဥပဒေစနစ်ကလည်း မကွဲတဲ့အခါကျတော့ ဘာဖြစ်လာသလဲဆိုရင် အခွင့် ထူးခံလူတန်းစားဖြစ်တဲ့ အုပ်ချုပ်ရေးက လူတွေကလွဲပြီး ကျန်တဲ့သူတွေ ကျနော်တို့ အား လုံးသည် တစုဖြစ်ပြီးတော့ အုပ်ချုပ်တဲ့လူတန်းစားက ကောင်းစားတဲ့လူ ဖြစ်သွားတာ ပေါ့။ နိုင်ငံတော်ဆိုတာ သူတို့ပဲလေ။ ကျနော်တို့ နိုင်ငံတော်ဆီက မျှော်လင့်တာက ဒုက္ခ မပေးရင်ပဲ တော်တော်စိတ်ချမ်းသာပြီလို့ မျှော်လင့်တာ။ နိုင်ငံတော်ကပဲ ကျနော်တို့ဆီက တချိန်လုံး တောင်းဆိုခဲ့တာ။ ကျနော်တို့က ကိုယ်ထူကိုယ်ထ ငါတို့လုပ်နိုင်မှ၊ ငါတို့ ရုန်း ကန်နိုင်မှဆိုတဲ့ အသိရှိနေရတယ်။ တဖက်ကတော့ အစိုးရတရပ်ရပ် အပြောင်းအလဲ ဖြစ်ရင် ရှိသင့်ရှိထိုက်တဲ့ နှုန်းစံတွေများ ရလာမလားဆိုတာတော့ မျှော်လင့်ရတာပေါ့။ အဲဒါကြောင့်ပဲ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာရော ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာပါ လူထုက မျှော်လင့်ချက် အတော်ကြီးခဲ့တယ်။ တကယ့်တကယ်ကျတော့ ခုနတုန်းက ပြဿနာက ကျနော်တို့ဆီမှာ ဒီမိုကရက်တစ်အင်စတီကျူးရှင်း သွားမယ် ဆိုရင် လူမှုတရားမျှတမှုတွေ ရလာလိမ့်မယ်ပေါ့၊ ဒါပေမဲ့ ကျနော်တို့ကိုယ်တိုင် ဒီနေ့ ကြုံနေရတာက ပြန်လှိုင်းလို့တောင် ပြောလို့ရပါသေးတယ်။ တချိန်က လူမှုတရားမျှတမှုတွေမရဘူးဆိုတာ သိပြီးသား၊ စစ် အာဏာရှင်စနစ်အောက်မှာ မရဘူးလို့ ယုံကြည်ခဲ့ကြတာ။ စစ်အာဏာရှင်စနစ် ပြိုကွဲ သွားရင် ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာ။ အရင်တုန်းက မျှော်လင့်ချက်ရှိခဲ့တယ်၊ ငါတို့ မရဘူး။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ပြိုကွဲရင် ရမယ်ပေါ့။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း အခင်းအကျင်းမှာတော့ ရင်ကြားစေ့ရေးပဲ ရှေ့ရောက်လာတဲ့အခါ အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှုတွေ အကုန်လုံးက နောက်ရောက်သွားတယ်။ တရားမျှတမှုတွေ လည်း မရရော ကျနော်တို့ဆီမှာ မျှော်လင့်ချက်မရှိတော့ဘူး။ အရင်က တခုခု အပြောင်း အလဲရနိုင်တယ်။ အခုကျတော့ ငါတို့ ရနိုင်ပါ့မလားဆိုတာ စိတ်ပူလာတယ်။

မေး ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြု ကာကွယ်ပေးခြင်းက အခု ချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။
ဖြေ ဆင်းရဲမွဲတေသူတွေကို အကာအကွယ်ပေးနိုင်တဲ့ ကိုယ်စားပြုမှု ဘယ် လုံလောက်မလဲ။ အများကြီး လိုအပ်နေတာပေါ့။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကိုပဲ ကြည့်လို့ရတယ်။ ဒီမိုကရက်တစ်အင်စတီကျူးရှင်းမှာ အားနည်းချက်ရှိမယ်ပေါ့။ ပါတီနိုင်ငံရေးရဲ့ အား နည်းချက်က ဘာလဲဆိုတော့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု တစုံတရာ အထိုက်အလျောက်ရှိမှ ရုန်းကန်လို့လွယ်တာလေ။ လွှတ်တော်ကိုယ်စားလှယ်တယောက်ဆိုရင်လည်း အနည်း ဆုံးတော့ ကိုယ့်ထမင်းကိုယ်စားနိုင်ရမယ်၊ သွားစရာ ကားလေးဘာလေးရှိမှ အဆင်ပြေ မှာကိုး။ အဲဒီတော့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းက လူလတ်တန်းစားကိုတော့ ဆွဲခေါ် ပေးတယ်။ ဒါပေမဲ့ ဆင်းရဲသားတွေကတော့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ဖို့မလွယ်ဘူး။ တလျှောက်လုံး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်နိုင်ငံတော် ထူထောင်ရေး တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးသမားတွေအနေနဲ့က မသေတာ ကံကောင်းလို့၊ စီးပွားရေး လုပ်နိုင်ဖို့ဆိုတာ ဝေလာ ဝေး၊ မိသားစုဝင်တွေပါ စီးပွား အဖျက်ခံခဲ့ကြရတာ။ နိုင်ငံရေး အခင်းအကျင်းမှာကိုက အဲဒီလို ဖြစ် နေတာကိုး။ လူ့အဖွဲ့အစည်းကို ကူညီ မယ်၊ ဆင်းရဲသားတွေကို ကူညီမယ်၊ ဆင်းရဲသားတွေရဲ့ ဘဝကို နားလည် တဲ့သူတွေတောင် ဆင်းရဲခြင်းကြား မှာ ပိတ်မိနေတယ်။ ကျန်တဲ့သူကို ကယ်တင်ဖို့ နေနေသာသာ သူကိုယ် တိုင်က နိစ္စဓူဝ ဆင်းရဲခြင်းကြားမှာ ပြန်ပိတ်မိသလို ဖြစ်နေတယ်။ အလှည့်အပြောင်းတွေ၊ ထွက်ပေါက် တွေ ပုံစံအမျိုးမျိုးနဲ့ ရှာကြရတယ်။ တချို့ CSOs တွေအဖြစ် တစုံတရာ ရပ်တည်ဖို့ ရုန်းကန်ကြရတယ်။ ပြီးတော့မှ ကိုယ်လုပ်ချင်တာလုပ်ဖို့ စိတ်ကူးကြရတာပေါ့။
ဆင်းရဲမွဲတေသူတွေဘက်မှာ ပိုဆိုးတာပေါ့။ မူလက မျှော်လင့်ထားသလို အပြောင်းအလဲကလည်း ဖြစ်မလာဘူး။ တရားမျှတမှုအပေါ် အကာအကွယ်ပေးမှုက လည်း မျှော်လင့်သလောက် ဖြစ်မလာဘူး။ အခွင့်အလမ်းတွေလည်း ရှေ့မှာမမြင်ရဘူး။ မမျှတမှုက မမျှတမှုပဲ ဆက်ဖြစ်နေတယ်။ နောက်ဆုံးတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ ကမ္မဓမ္မရဲ့ သဘော မျှော်လင့်သလို ဖြစ်မလာဘူး။ မှုန်းဝါးနေတယ်။ ကမ္မဓမ္မကို ရင်ကြားစေ့ရေးက အလွန်အမင်းတိုက်စားသွားမှာကိုပဲ စိုးရိမ်တယ်။ ကျနော်တို့ အခု အလုပ်သမား၊ လယ် သမားအရေး လှုပ်ရှားသူတွေဆိုရင်လည်း ရုန်းသာရုန်းနေရတာ။ အပိတ်ကြီးထဲမှာ ရုန်း နေရတာ။ တဦးချင်းတယောက်ချင်းအနေနဲ့ ဘယ်လောက် ရုန်းကန်ရုန်းကန် နောက်ဆုံး မှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထိပ်တိုက်တွေ့တော့တာပဲ။ အဲဒီအဆင့်မှာ တက်လို့ မရတော့ဘူး။ ဆင်းရဲမွဲတေနေသူတွေကို ခင်ဗျားတို့အတွက် မတရားမျှတမှု ရစေရမယ် လို့ အားပေးရင်း သူတို့က ဘယ်အဆင့်အထိပဲ မျှော်လင့်လို့ရမလဲလို့မေးလာရင်၊ ကျနော် တို့နဲ့အတူ ရုန်းကန်ကြမယ်၊ ခင်ဗျားတို့လည်း ရုန်းကန်ပေါ့၊ အရင်ကထက် ရုန်းကန်လို့ ပိုကောင်းပါတယ်ပေါ့။ ဒါပေမဲ့ ခက်တာက တရားမျှတမှုအတွက် မျှော်လင့်ချက် တကယ် ရမှာလား၊ ရလဒ်ကိုမေးရင် အစွမ်းကုန်လုပ်ကြ တာပေါ့ဆိုတဲ့ သတင်းစကားကလွဲရင် ကျနော်တို့ ဘာမှ ပိုပေးလို့မရခဲ့ဘူး။ ငါတို့က အမှန်တရား၊ တရားခြင်းကို ဖော်ဆောင်ရ မယ်၊ တရားတာတွေဖြစ်ရင် မတရားတာတွေ ကျဆုံးရမယ်၊ မျိုးဆက်တွေကို ဒီလိုပဲ လက်ဆင့်ကမ်းလာခဲ့တယ်။ ကျနော်တို့ရဲ့ တရားခြင်း၊ မတရားခြင်း သဘာဝတွေက ဒီနေ့ ပကတိခွင်ထဲမှာ မပြနိုင်ဘူးဆိုရင် ကျနော်ကြောက်တာက နောက်မျိုးဆက်တွေကို ဘာတွေ မျှော်လင့်ချက်ပေးမှာလဲ။ သူတို့ကရော ကျနော်တို့ မျိုးဆက်တွေလို ဆက် ရုန်း ကန်ပါဦးမလားပေါ့။

မေး ကမ္ဘာမှာတော့ မြန်မာဟာ ပေးကမ်းရက်ရောလူ့ဒါန်းမှု ပြုလုပ်မှုအများဆုံး နိုင်ငံတွေထဲ မှာ ထိပ်တန်းဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့ ဆင်းရဲမွဲတေမှုဟာ ကြီးထွားနေဆဲ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေမှုရှိပြီး ဆင်းရဲ မွဲတေမှုကို ကုစားပေးနိုင်ဖို့အတွက် ဘယ်လို ကူညီလူ့ဒါန်းမှုမျိုးက ထိရောက်နိုင်မလဲ။
ဖြေ ထွက်ပေါက်နှစ်ခု ရှိတယ်။ တမျိုးက ဆိုရှယ်လစ်ယိမ်းပေါ့။ အစိုးရဆီကမှီခိုပြီး ဖွံ့ဖြိုးရတဲ့ နည်းပေါ့။ နောက်တခုက အရင်းရှင်နည်းပေါ့။ အခုက နှစ်ခုစလုံးမှာ အားမကောင်းဘူး။ အရင်းရှင်လို့ပြောရင်လည်း ဈေးကွက်စီးပွားရေးစနစ် တကယ်ဖြစ်သလား၊ အဲဒီဘောင် ထဲမှာလည်း ရှိမနေဘူး။ ဆိုရှယ်ဒီမိုကရက်သွားဖို့ ဆိုပြန်တော့လည်း အခွန် ဘယ်ကရမှာ လဲ။ အစိုးရက ဘယ်ပုံဘယ်နည်းနဲ့ ဘယ်က ပိုက်ဆံရမှာလဲပေါ့။ အဲဒီတော့ ကျနော်တို့မှာ အခု ပိတ်နေတာက ဆင်းရဲသားတွေဆီ ကူညီပေးနိုင်ဖို့၊ အခွင့်အလမ်းတွေ ပိုပေးနိုင်ဖို့ အတွက် လုပ်ငန်းခွင်နဲ့ ပညာရပ်ဆိုင်ရာ နှစ်ပေါက်စလုံးပိတ်နေတာ။ ဈေးကွက်စီးပွားရေး နည်းနဲ့လည်း အဆင်မပြေ၊ ဆိုရှယ်ဒီမိုကရက် ရှုထောင့်ကလည်း အဆင်မပြေနိုင်ဘူးဗျ။ ထွက်ပေါက်တွေ အားလုံးပိတ်နေတယ်။ ဘယ်လမ်းကြောင်းကို သွားမယ်ဆိုပြီး ပြင်ထား တာလည်း မတွေ့ရဘူး။ သက်ဆိုင်ရာမူဝါဒတွေ မရှိသေးတဲ့အခါကျတော့ ကျနော်တို့ တက်ကြွ လှုပ်ရှားသူတွေတောင် ဘယ်လိုလိုင်းနဲ့ ဆင်းရဲမွဲတေသူတွေကို ကူညီပေးရမလဲ ဆိုတာ တွက်ဖို့ခက်တယ်။၊ ပေါ်လစီခင်းဖို့ ခက်တယ်။

မေး ဆင်းရဲမွဲတေမှုက ထူပြောနေတယ်။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အတွက်ကိုယ်သာ ရှင်သန်နေ ရတယ်။ တခါ လူဦးရေအရွှေ့အပြောင်းဖြစ်မှုတွေက လူ အချင်းချင်းအကြား အပြန်အလှန် နားလည်ထိစပ်မှု နည်းပါလာတယ်။ တဦးနဲ့တဦး နေရာတခုတည်းမှာ တဦးအကြောင်း တဦး မသိသူတွေအဖြစ် နေထိုင်လာ ရင်း အမုန်းပွားများလာမှုနဲ့အတူ မလုံခြုံမှုတွေဖြစ်လာကြတယ်။ ဒီလို ဖြစ်လာခြင်းတွေကို ဘယ်လို ကုစား ပေးနိုင်မလဲ။
ဖြေ ပထမအချက်အနေနဲ့ ပြောရရင် ဒေသအသီးသီးကလူတွေ ဘာလို့ လှိုင်သာယာကိုလာသလဲ မေးရင် ဘာနဲ့ဆိုင်လဲဆိုတော့ စက်မှုလူ့အဖွဲ့ အစည်းရှိတာနဲ့ သက်ဆိုင်တယ်။ စက်ရုံအလုပ်ရုံရှိတဲ့နေရာကို သူတို့ လာတာ။ စိုက်ပျိုးရေး လူ့အဖွဲ့ အစည်းကနေ စက်မှုလူ့အဖွဲ့အစည်း ကို တွန်းလာတဲ့လက္ခဏာ၊ ခေတ်ရဲ့ သဘာဝလှိုင်းက ရိုက်တဲ့အခါကျ တော့ ကျနော်တို့ နယ်ကလူတွေရဲ့ သဘာဝက မြို့ကိုသွားမယ်၊ အလုပ် လုပ်မယ်၊ ပိုကောင်းတဲ့လစာတခုတည်း ကြည့်တာမဟုတ်ဘူးဗျ။ နယ်မှာ နေရတာကိုက ခေတ်နောက်ကျတယ်လို့ ခံစားရတယ်။
ဒုတိယအချက်က နာဂစ်လို အခြေအနေမျိုးကြောင့် လှိုင်သာယာလိုနေရာမျိုးကို ဧရာဝတီတိုင်းကလူတွေ ရောက်လာပြီး ရန်ကုန်မှာ လာပုံနေတယ်။ ရန်ကုန်ကို ပြုံဆင်း လာတယ်။
တတိယအချက်က ပြည်တွင်းပဋိပက္ခပြဿနာပေါ့။ ပဋိပက္ခတွေရဲ့ ပြဿနာက မလုံခြုံတဲ့အခါကျတော့ ဘယ်ကိုလာသလဲဆိုရင် လုံခြုံတဲ့နေရာကို ကူးလာတာ၊ လုံခြုံတဲ့ နေရာကို ကူးဖို့အတွက်ဆိုရင် လွယ်လွယ်ကူကူနဲ့ ကူးလို့ရတာက၊ အလုပ်အကိုင် ရှိတဲ့ နေရာ၊ အခန်းငှားပြီး နေလို့ရတဲ့နေရာ၊ အဲဒီတော့ လှိုင်သာယာတို့၊ ရွှေပြည်သာတို့ စတဲ့ နေရာကို ပြည်တွင်း ပဋိပက္ခတွေရှိတဲ့နေရာကလူတွေ ရွှေ့ပြောင်းလာကြတယ်။
အံ့ဩစရာတခုပြောရရင် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ရွှေပြည်သာနဲ့ လှိုင်သာယာမှာ ရခိုင်တိုင်းရင်းသားဦးရေက ၂၀ဝဝဝ၀ နီးပါး တက်လာတဲ့သဘောရှိတယ်။ နောက်ပြီး မကွေးဘက်ကလူတွေ ဒီဘက်ရောက်လာတယ်။ ဒါက ကျနော်တို့ မဖြစ်မနေရင်ဆိုင်ရ မှာပဲ။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ ရောက်လာတယ်။ စိတ်ပူစရာက နှုန်းစံတွေကို မထိန်းကျောင်းနိုင်မှာကို ကြောက်တယ်ဗျ။ မထိန်းကျောင်းနိုင်ရင် ပြဿနာတက်မှာပဲ။ အမုန်းပွားမှုနဲ့အတူ မလုံခြုံတဲ့ကိစ္စရပ်တွေ၊ ဒါတွေကို ကျနော်တို့ စဉ်းစားဖို့လိုတယ်။ ခေတ်ကိုက စားဝတ်နေရေးကို မိသားစုလိုက်ရုန်းကန်ကြမှရမယ့်ခေတ်၊ လူတိုင်းနီးပါး အလုပ်လုပ်နေကြတော့ အိမ်မှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့ကြ တော့တာ။ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုနည်းလာတယ်၊ အလုပ်ပိတ်ရက်မှ ပတ်ဝန်းကျင်နဲ့ ထိတွေ့လာနိုင်တော့တယ်။ စိုးရိမ်မှုကြောင့် ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးမှာ သံသယဆက် ဆံရေးပဲ ရှိတော့တယ်။ လူ့အဖွဲ့အစည်းက တဖြည်းဖြည်း သူစိမ်းဆန်လာတယ်။ ကွဲပြား ခြားနားတဲ့ ဒေသတွေက ရုတ်တရက်ရောက်လာလို့ သူစိမ်းဆန်သလို၊ စက်မှု လူ့အဖွဲ့ အစည်းလှိုင်းကလည်း သူစိမ်းဆန်အောင် လုပ်လိုက်တယ်။ မြို့ပြဖွံ့ဖြိုးမှုကလည်း သူစိမ်း ဆန်အောင် လုပ်လိုက်တယ်ပေါ့။
ဒီတော့ လူ့အဖွဲ့အစည်းကြားမှာ အစည်းပြေသွားတာပေါ့။ တုံ့ပြန်မှုတွေက ပိုပြင်း ထန်လာတယ်။ ကြမ်းတမ်းလာတယ်။ မယုံကြည်မှုတွေနဲ့ ပိုဝေးလာသလို ဖြစ်လာတယ်။ အစည်းပြေသွားတဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို ပြန်စုမှာလဲ။ ကျနော်တို့ ရုံးတွေမှာတော့ တယောက်နဲ့တယောက် ကူညီပေးတယ်၊ တဦးနဲ့တဦး မိသားစု အဝန်းအဝိုင်းကလေး ဖြစ်လာတယ်။ သာရေး၊ နာရေး အတူရင်ဆိုင်ကြရင်းနဲ့ပဲ အသိုက်အမြုံတခု တည်ဆောက် တယ်။ ကျနော်တို့ကတော့ အဲဒီလိုသွားနေတယ်။ ဒါမျိုးကို ကျနော်တို့တင်မကဘူး အစိုးရကလည်း အစီအစဉ်တခုချမှတ်ပြီး လုပ်ဖို့ကောင်းတယ်။ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေရဲ့ အခန်းကဏ္ဍကိုလည်း အစိုးရက မြှင့်တင်ပေးသင့်တယ်။

မေး အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပြည်သူ့ဝန်ဆောင်မှုကိုလုပ်တဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တွေက ဘာလဲ။ နိုင်ငံတော်အနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို ဘယ်လို ပံ့ပိုးပေးနိုင်မလဲ။
ဖြေ အဓိကကတော့ နှစ်ပိုင်းပေါ့။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့သဘာဝကို တကယ် သိ သလားပေါ့။ ကျနော်မြင်တာကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းက အခြေခံနှစ်ခုအကြား မှာနေတယ်လို့ မြင်တယ်။
တစ်အချက်ကတော့ နိုင်ငံတည်ဆောက်ခြင်းရဲ့ ရည်မှန်းချက်က လွတ်လပ်ခွင့်လို့ မြင်တာကိုး။ လွတ်လပ်ခွင့်ဆိုတာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ ကိုယ့်ကိုယ်ကိုယ် စီမံ ခန့်ခွဲပိုင်ခွင့်ပေါ့ဗျာ။ ဒုတိယအချက်က ကျနော်တို့ နိုင်ငံကို ဘာကြောင့်တည်ဆောက် သလဲဆိုရင် လုံခြုံမှုရှိချင်လို့ပေါ့။ ခြုံငုံပြောရရင် လွတ်လပ်မှုတွေကို လုံလုံခြုံခြုံလိုချင်လို့ နိုင်ငံတည်ဆောက်တာဗျ။ အဲဒီတော့ ကျနော်တို့တောင်းဆိုချက်မှာ လုံခြုံမှုဆိုင်ရာ တောင်းဆိုချက်တွေ ရှိတာပေါ့ဗျာ။ အခုလည်း ဖိနှိပ်ခံရသူတွေအတွက် လုံခြုံမှုရဖို့ သွားနေတာ။ လူ့အဖွဲ့အစည်းရဲ့ တောင်းဆိုချက်နဲ့ လူတဦးချင်းစီရဲ့ တောင်းဆိုချက် အကြားမှာ ဟန်ချက်ညီအောင် သွားနေကြတာ။ ရှိနေတဲ့ တကယ့်အခြေအနေက တဦး ချင်းစီရဲ့ဘဝတွေ လုံခြုံမှုမရှိလို့ အခုလို ပြဿနာတွေ တက်နေရတာ။ ဒါပေမဲ့ ခက်တာက အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ သဘာဝကို အစိုးရကိုယ်တိုင်က လာတဲ့လမ်းကိုရော၊ လုပ်နေတဲ့အလုပ်ကိုပါ ပြန်ပြီး လေ့လာဖို့လိုတယ်။ အဲဒါမှသာလျှင် ထွက်ပေါက်ရှာနိုင် လိမ့်မယ်။
အခုဖြစ်နေတဲ့ပြဿနာက အစိုးရက ရင်ကြားစေ့ရေးလို့ဆိုတဲ့အချိန်မှာ တရား မျှတမှု ပျောက်တယ်ဗျာ။ အဲဒီတော့ ဖိနှိပ်ခံရသူတွေအတွက် တရားမျှတမှုတို့၊ ဖိနှိပ်ခံရမှု တို့ကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ပြောကြရရော၊ ပြောတဲ့အခါကျတော့ အစိုးရ ဘက်က ရင်ကြားစေ့ရေးနဲ့ တွေ့တော့တာပဲ။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးက ကျပ်နေတာကိုး၊ ကျပ်တဲ့အခါကျတော့ တဖက်က CSOs တွေ တောင်းတဲ့ဟာနဲ့ ဟိုဘက် က စစ်ဘက်-အရပ်ဘက်ကလည်း မသွားနိုင်ဘူး။ ဒီအခါက CSOs တွေက ပြဿနာတွေ တွန်းတယ်လို့ အစိုးရက ခံစားနေရပြန်ရော။ တကယ်ပြဿနာက အစိုးရရော၊ CSOs တွေဘက်မှာပါ တစိတ်တဝမ်းတည်း လုံခြုံမှုအတွက် လွတ်လပ်မှုဆီ ပူးပေါင်းပြီးသွားနိုင် ဖို့ လိုအပ်နေတာဗျ။
နှစ်ဘက်စလုံးမှာတော့ အားသာချက်၊ အားနည်းချက်တွေ ရှိကြမှာပဲ။ အခု အချိန်မှာ ဒီမိုကရေစီမျှော်မှန်းချက်နဲ့ လူ့အဖွဲ့အစည်းမှာ လူတဦးချင်းစီရဲ့ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် အပိုင်းအတွက် ရည်မှန်းချက်ကို ပြန်ပြီး ခေါင်းတည်ဖို့လိုတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရက်တစ် ဖယ်ဒရယ်နှုန်းစံအပေါ် အခြေခံတဲ့ အခြေခံ ဥပဒေအဖြစ် မပြောင်းနိုင်လို့ကတော့ အဲဒီလိုဆက်ဖြစ်နေမှာပဲ။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းလဲနိုင်မှသာ အဆင်ပြေမှာပါ။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment