အရေးပေါ် ပန်ကြားချက်

၁။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) အနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် သဘောထား ပြသခဲ့ပြီး ဖြစ်သည်။ ထို့အတူ စစ်အာဏာသိမ်းမှု၏ အကျိုးဆက် ဖြစ်သော လက်ရှိ အထွေထွေ အကျပ်အတည်းမှ ထွက်မြောက်ရေးအတွက်လည်းကောင်း၊ အနာဂတ် မျိုးဆက်သစ်များ အပါအဝင် ပြည်သူလူထု၏ မျှော်လင့်ချက်များကို ထောက်ရှု၍ လည်းကောင်း၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးကို ရှေးရှု၍ လည်းကောင်း၊ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည် ရပ်တည် နိုင်ရေးအတွက် လည်းကောင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကို အမြန်ဆုံး ပြုလုပ်ပါရန် ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

၂။ လက်ရှိ အခြေအနေတွင် စစ်အာဏာသိမ်း ကောင်စီအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း အစား လူ့ အခွင့်အရေး၊ နိုင်ငံသားများ၏ နိုင်ငံရေးနှင့် ပြည်သူ့ လွတ်လပ်ခွင့်ကို ထိပါး ချိုးဖောက်သော ဖိနှိပ်ရေး ဥပဒေများကို ပြင်ဆင် ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ ပြင်ဆင်လိုက်သည့် ဥပဒေများဖြင့် ဥပဒေကြောင်းအရ တာဝန်ခံမှု ကင်းလွတ်ခွင့်ကို အကာအကွယ် ယူ၍ အရှိန်အဟုန် မြင့်လာသော ပြည်သူလူထု ဆန္ဒထုတ်ဖော်ပွဲများနှင့် အထူးသဖြင့် CDM လှုပ်ရှားမှုကိုလည်း ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ဖိနှိပ် ဖြိုခွဲရန် ဦးတည်နေဟန်ရှိပါသည်။ ထို့အပြင် မြို့အသီးသီး၌ ဖြစ်ပေါ်ခဲ့သော ဆန္ဒထုတ်ဖော်မှုများအနက် အချို့သော ဖြိုခွင်းခြင်းများ၊ ညအချိန်မတော် ဝင်ရောက် ဖမ်းဆီးခြင်းများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ကျင့်ထုံးများနှင့် ညီညွတ်မှု မရှိကြောင်း တွေ့ရှိရပါသည်။ စစ်အာဏာသိမ်းမှုနှင့်ဆက်စပ်၍ (ဖေဖော်ဝါရီ ၁၅ ရက်အထိ) လူပုဂ္ဂိုလ် ၄၂၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပစ်ခတ်မှုများကြောင့် လူသေဆုံးခဲ့ရသော ဖြိုခွင်းမှုလည်း ရှိခဲ့သည်။

၃။ ထို့ကြောင့် ပြည်သူအများ ကြည်ညို လေးစားခြင်းခံရသော ဗုဒ္ဒဘာသာ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ကျန် ဘာသာရေး ခေါင်းဆောင်များက တိုင်းပြည်တွင်း သွေးထွက် သံယိုမှုများ ဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ စစ်အာဏာသိမ်း ကောင်စီအား သတိပေး ဩဝါဒပြု၍ ဖျန်ဖြေပေးခြင်းအမှုကို မေတ္တာ ဂရုဏာ ရှေ့ထားကာ ဆောင်ရွက်ပေးနိုင်ပါရန် အလေးအမြတ် လျှောက်တင်အပ်ပါသည်။

၄။ ထို့အတူ မြန်မာ့အရေးကို စဉ်ဆက်မပြတ် အာရုံစိုက် လုပ်ဆောင်နေကြသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ်၊ ဂျပန် အထူးကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှုး အဖွဲ့အပါအဝင် နိုင်ငံတကာ ကိုယ်စားလှယ် အသီးသီး အနေဖြင့် မြန်မာအရေး ပြေလည် နိုင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ ဆထက်တပိုး အရှိန်မြှင့် ဆောင်ရွက်ပေးပါရန်နှင့် အထူးသဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံး လာရောက်ပြီး မြန်မာ စစ်အာဏာသိမ်း ခေါင်းဆောင်များအပါအဝင် အဆုံးအဖြတ် ပေးနိုင်သော အင်အားစုများအား တွေ့ဆုံ၍ (ပြည်သူအများ လိုလား တောင့်တနေသည့် အခြေအနေတရပ် ဖြစ်ပေါ်စေရန် အလို့ငှာ) ကြားဝင် ဖျန်ဖြေပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။၅။ ISP-Myanmar သည် ၂၀၁၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော လွတ်လပ်၍ ပါတီစွဲကင်းပြီး အစိုးရ မဟုတ်သည့် သုတေသန အဖွဲ့တခု ဖြစ်ပါသည်။ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှု အားကောင်းစေရန် ဦးတည်ပါသည်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment