/wp-content/uploads/2020/08/Logo.png
  • Home
  • Who We Are
    • About ISP-Myanmar
    • What We Value
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • Explainers
    • ISP’s OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Talk Show
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • Burmese Version
/wp-content/uploads/2020/08/Logo.png
  • Home
  • Who We Are
    • About ISP-Myanmar
    • What We Value
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • Explainers
    • ISP’s OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Talk Show
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • Burmese Version
January 28, 2021

မြန်မာနိုင်ငံရေးအကျပ်အတည်း ဖြစ်တန်ခြေသုံးရပ်နှင့် မဆင်းသက်အပ်တဲ့ အာဏာသိမ်းဝဲဩဃ

  • By မင်းဇင်
  • Articles

မြန်မာ့နိုင်ငံရေးဟာ အကျပ်အတည်း ဆိုက်နေပါပြီ။ အကျပ်အတည်းက ဖြစ်လာနိုင်တဲ့ ဖြစ်တန်ခြေ တွေထဲမှာ အာဏာသိမ်းရေးဟာလည်း တပ်မတော်ဘက် ပြောဆိုနေတဲ့ ဖြစ်တန်ခြေတခု ဖြစ်နေပါတယ်။ ဒီလို အာဏာသိမ်းမယ်ဆိုရင် ဒါဟာ တပ်မတော်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေ အပါအဝင် တည်ဆဲ အင်စတီကျူးရှင်းတွေနဲ့ လက်ရှိ ကျင့်သုံးပုံတွေဟာ သူ့ရဲ့ နိုင်ငံရေးဗီတိုအာဏာကို ဆက်လက် ကာကွယ်နိုင်ရေးအတွက် သူမျှော်မှန်းသလောက်၊ သူလိုအပ်သလောက် အကာအကွယ် မဖြစ်တော့လို့ အာဏာ သိမ်းချင်တာလား ဆိုတဲ့ အမေး ရှိလာပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ လို အာဏာသိမ်း ဝဲဩဃ (Coup trap) ထဲ နစ်မွန်းရေးလမ်းကို လိုက်တာမို့ လုံး၀မဖြစ်သင့်၊ မလုပ်အပ်တဲ့ လမ်းကြောင်းလို့ပဲ သုံးသပ်ပါတယ်။ ဒီအခြေနေမျိုးကို ရှောင်ရှားနိုင်ဖို့ NLD အစိုးရနဲ့ တပ်မတော်အကြား တဖက်နဲ့တဖက် အလျော့အတင်း အပေးအယူနဲ့ ထိပ်တိုက်တွေ့ စရာမလိုဘဲ စေ့စပ်ဆွေးနွေးတဲ့ နည်းနဲ့ နိုင်ငံရေး အဖြေ ပေါ်ထွက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။

လက်ရှိ အကျပ်အတည်း ဆိုက်ရတဲ့ အကြောင်းကတော့၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိ နေတာကို ဖြေရှင်းပေးဖို့ တပ်မတော်က စွပ်စွဲတာကနေ အစ ပြုပါတယ်။ အခုအချိန်မှာတော့ တပ်မတော်အနေနဲ့ အာဏာ မသိမ်းဘူးလို့ မပြောနိုင်ကြောင်း၊ အခြေခံဥပဒေကို မလိုက်နာရင် ဖျက်သိမ်းရမှာ ဖြစ်ကြောင်း တပ်မတော် ခေါင်းဆောင်ပိုင်းက ပြောဆိုမှုတွေ ကျယ်လောင်လာတာကြောင့် စိုးရိမ်စရာ ပိုဖြစ်လာတာပါ။ ဒီအကျပ်အတည်းဟာ ဒီမိုကရေစီ လမ်းကြောင်းက သွေဖည် သွားနိုင်ခြေရှိတဲ့အထိ ဖြစ်စေနိုင်လို့ စိန်ခေါ်မှု ဘေးအန္တရာယ် သိပ်မြင့်မားပါတယ်။ မကြာမီ အသစ်ခေါ်ယူမယ့် လွှတ်တော် မစခင် ဖြေရှင်းရမှာမို့ အမြန်ဆုံး ဖြေရှင်းရမယ့် အခြေနေ ဖြစ်ပြီး ချက်ချင်းဆိုတဲ့ ဖိအား ရှိနေပါ တယ်။ တခါ အကျပ်အတည်း ကြုံနေရပြီဆိုရင် ဘာဖြစ်နေတာလဲ၊ ဘယ်လို ဖြစ်ခဲ့တာလဲ၊ ရှေ့ ဘာဆက်ဖြစ်ဦးမှာလဲ၊ ဘယ်လောက် ထပ်ဆိုးဖို့ အခြေနေရှိလဲဆိုတဲ့ မေးခွန်းတွေအပြင် အကျပ်အတည်းကို ဖြေရှင်းဖို့ အဖြေနဲ့ ပတ်သက် ရင်လည်း မရေရာမှုတွေပဲ ကြီးစိုး နေတတ်ပါတယ်။ ဒီအကျပ်အတည်းကို ဘယ်လို တုန့်ပြန်နိုင်မလဲ၊ ဒီလိုတုန့်ပြန်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်မလဲ မသေချာမှုတွေ များလှပါတယ်။ ဒီအကျပ်အတည်း လက္ခဏာ သုံးရပ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့နိုင်ငံရေးမှာ ဖြစ်တန်ခြေ သုံးခုရှိလာပါတယ်။ ပထမတခုက တပ်မတော်အနေနဲ့ အာဏာသိမ်းတဲ့ အထိ လက်ကုန် မသွားသေးဘဲ လွှတ်တော်တက်၊ ဒါပေမဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မပြုဘဲ နေတာမျိုးပါ။ ဒုတိယကတော့ လွှတ်တော်ကို မတက်ရောက်ဘဲ သပိတ် မှောက်တာမျိုးပါ။ ဒီလိုဆိုရင်တော့ သမ္မတ ရွေးချယ်ရေးက‌နေ လုံခြုံရေးဝန်ကြီး သုံးပါး ခန့်အပ်ရေးအဆုံး အကျပ်တည်း ကြီးသွားနိုင်ပါတယ်။ နောက်ဆုံး ဖြစ်တန်ခြေကတော့ တပ်မတော်က အာဏာသိမ်းတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလို ခေတ်သစ် အမျိုးသား နိုင်ငံတော်အဖြစ် ပေမီ ဒေါက်မီ မဖြစ်သေးတဲ့ တိုင်းပြည်၊ ဆင်းရဲတဲ့ တိုင်းပြည်၊ လူထုတွေရဲ့ နိုင်ငံရေး ထက်သန်မှု အရှိန်အဟုန် မြင့်သလောက် ဒီနိုင်ငံရေး ဇောတွေကို ဇာတ်ရှိန် သတ်ပေးနိုင်မယ့် အင်စတီကျူးရှင်းတွေ အခြေတကျ မရှိသေးတဲ့ တိုင်းပြည်‌တွေမှာ အာဏာသိမ်းပုံတွေကို ခွဲခြားကြည့်ရင် အခြေခံအားဖြင့် သုံးမျိုး သုံးစားတွေ့ရပါတယ် (Huntington 1968)။ ပထမ တမျိုးကတော့ လက်ရှိ အခြေနေကနေ လမ်းခွဲ ဖောက်ထွက်ပြီး ပြုပြင် ပြောင်းလဲဖို့ ကြိုးစားတဲ့၊ အင်စတီ ကျူးရှင်း အသစ်တွေပါ တည်ဆောက်ဖို့ ကြိုးစားတဲ့ အာဏာသိမ်းမှု (Breakthrough coup/ reform/institution-building) ပါ။ ဟန်တင်တန်က မြန်မာနိုင်ငံက ၁၉၆၂ အာဏာသိမ်းမှုကို ဒီအမျိုးအစားထဲ ထည့်သွင်းချင်ပုံ ဆိုပါတယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်‌ရေး၊ ပါလီမန် ဒီမိုကရေစီဟာ အကွဲအပြဲ ဗရုတ်ဗရက်၊ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်နဲ့ သွားမှရမယ် စသဖြင့် ဆင်ခြေပြု ချက်တွေက ဟန်တင်တန်ကို ဒီလို ရှုမြင်စေပုံ ရပါတယ်။

ဒုတိယ အမျိုးစားကတော့ ဒို့စောင့်ရှောက်မှ ရမယ်၊ ဒို့ကာကွယ်မှ ရမယ်ဆိုတဲ့ အုပ်ထိန်းသူ အဖြစ်နဲ့ စဉ်းစားတဲ့ အာဏာသိမ်းပုံမျိုး(Guardian type) ပါ။ ခြစားမှုကို ရှင်းလင်းဖို့တို့၊ မင်းမဲ့စရိုက်ကို တားဆီးဖို့ တို့၊ တိုင်းပြည် ချောက်ထဲကျခါနီး လက်တလုံး အလိုမှာ ထိန်းသိမ်း ကယ်တင်ဖို့တို့ ဆိုတာတွေဟာ ဒီအမျိုးစားထဲက လေယူ လေသိမ်းတွေပါ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွဲပြီး စစ်တပ်က အာဏာ သိမ်းခဲ့တာဟာ ဒီပုံစံမျိုးလို့ သတ်မှတ်ချင်ပါတယ်။

တတိယ အမျိုးအစားကတော့ ဗီတို အာဏာသိမ်းခြင်း (Veto coup) လို့ ဆိုပါတယ်။ ဒီအာဏာ သိမ်းမှုမျိုးက အခြေအနေ နှစ်ရပ်အောက်မှာ ဖြစ်နိုင်တယ်လို့ ဟန်တင်တန်က ရေးပါတယ်။ တခုကတော့ စစ်တပ် ဆန့်ကျင်တဲ့ (ဝါ) စစ်တပ်က နိုင်ငံရေးက ဖယ်ထုတ်ချင်တဲ့ အင်အားစုတွေကို ကိုယ်စားပြုတဲ့ ပါတီ (ဝါ) လှုပ်ရှားမှု တခုဟာ ရွေးကောက်ပွဲမှာ တကယ်နိုင်ခဲ့တာ၊ အနိုင်ရနိုင်ခြေ ရှိတာဆိုရင် ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ နောက်တခုကတော့ အာဏာရ အစိုးရက ရယ်ဒီကယ် ကျတဲ့ မူဝါဒတွေကို မြှင့်တင်တာ၊ စစ်တပ်က နိုင်ငံရေး အာဏာကနေ ဖယ်ကြဉ် ထားချင်တဲ့ အင်အားစု (ဥပမာ အောက်ခြေ အလုပ်သမား လူတန်းစားစသဖြင့်) ကို ဆွဲဆောင်ဖို့ ကြိုးစားတာတွေ လုပ်ရင် အာဏာသိမ်းတယ်ဆိုတာမျိုးပါ။

ဒီတတိယ အမျိုးအစားကို နည်းနည်း ဖြည့်စွက် ချဲ့ထွင် တွေးမိပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အာဏာ မလွှဲဘဲ ဆက်ထိန်းထားတာဟာ ချောက်ကမ်းပါးထဲမကျအောင် ကယ်ရေးဆိုတဲ့ Guardian mission ဆင်ခြေကနေ နောက်တဆင့်ရွှေ့ပြီး အနိုင်ရပါတီ NLD တက်လာရင် စစ်တပ်ရဲ့ နိုင်ငံရေး ဗီတိုအာဏာကို ထိခိုက် လာနိုင်တဲ့အတွက် တားမြစ်တဲ့ အာဏာ ဆက်ထိန်းမှုအဖြစ် မြင်နိုင်ပါတယ်။ ဒါကြောင့် တပ်ရဲ့ နိုင်ငံရေး ဗီတိုအာဏာကို အာမခံနိုင်မယ့် အခြေခံဥပဒေကို စိတ်တိုင်းကျ ရေးဆွဲ ပြီးမှ ၂၀၀၈ မှာ အတည်ပြု ၂၀၁၀ မှာ နိုင်ငံရေးဖြေလျော့မှုကို လုပ်တာပါပဲ။ ဒါပေမဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲ အလွန်အခြေနေမှာ တပ်မတော်အနေနဲ့ သူ့ရဲ့ နိုင်ငံရေး ဗီတိုအာဏာကို ဆက်လက် ကာကွယ်နိုင်ရေး ၂၀၀၈ အခြေခံ ဥပဒေအပါအဝင် တည်ဆဲ အင်စတီကျူးရှင်းတွေနဲ့ လက်ရှိကျင့်သုံး ပုံတွေဟာ သူမျှော်မှန်းသလောက် သူ လိုအပ်သလောက် အကာအကွယ် မဖြစ်တော့ဘူးလို့ ယူဆ လာနေပြီလားဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။ ဒီလိုဆိုရင်တော့ စစ်တပ်အာဏာ သိမ်းရေး အလားအလာဟာ သူ့ဗီတို အာဏာပြန် လည်ခိုင်မာအောင် ပြင်ဆင် ဖြည့်စွက်ရေး (ဥပမာ၊ ကာလုံ၊ ရွေးကော်၊ အခြေခံ ဥပဒေခုံရုံးစတဲ့ အင်စတီ ကျူးရှင်းဖွဲ့ပုံ ဆောင်ရွက်ပုံ၊ ရွေးကောက်ပွဲ စနစ် စတဲ့ အင်စတီးကျူးရှင်း ဒီဇိုင်းတွေ၊ ဒီ့ထက်ပိုရင် တိုင်းရင်း သား လက်နက်ကိုင် ပဋိပက္ခဖြေရှင်း ပုံစံသစ်တွေစသဖြင့်) ဦးတည်နိုင်ဖွယ် ရှိပါတယ်။ ဒီ့အတွက် နမူနာ အဖြစ် ထိုင်းနိုင်ငံပုံစံကိုလည်း တပ်မတော်အနေနဲ့ လေ့လာပုံ ရပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့ နိုင်ငံရေးဗီတို အာဏာကို အကာအကွယ် မပေးနိုင်တော့လို့ မကြာခဏ အာဏာ ပြန်သိမ်းပြီး ဗီတိုစည်းမျဉ်း ပြန်ပြန် ပြင်နေရတယ်ဆိုရင် တိုင်းပြည်ဟာ Coup trap ခေါ်တဲ့ အာဏာသိမ်း ဝဲဩဃထဲ နစ်မွန်းဖို့သာ ရှိပါတော့တယ်။ ထိုင်းနိုင်ငံမှာ ၁၉၃၂ ကနေ ဒီနေ့အထိ စစ်တပ်က အာဏာသိမ်းမှုအကြိမ်ပေါင်း ၁၉ ကြိမ်ရှိခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်မှုပေါင်း အနည်းဆုံး ၁၈ ကြိမ် ရှိခဲ့တာပါ။ သူ့စိတ်ကြိုက် အအခြေအ‌နေ (ဥပမာ ၂၀၁၇ အခြေခံဥပဒေအရ ဆီးနိတ်လွှတ်တော် အမတ် ၂၅၀ စလုံးကို စစ်အစိုးရက ကခန့်အပ်တာမျိုး) ကြိုက်သလို ပြင်ပေမယ့် အခြေနေတွေ ပြောင်းလဲ တဲ့အခါ၊ ရွေးကောက်ပွဲ ရှုံးတဲ့အခါ ဗီတိုစည်းမျဉ်း တွေကို ထပ်ပြန်ပြင်ရင်းနဲ့ပဲ တိုင်းပြည်ဟာ နိုင်ငံရေးအရ အဖတ် ဆယ်ရဖွယ်မရှိပါဘူး။ ဒီ့ထက် ပိုဆိုးတာက လူအဖွဲ့စည်းထဲမှာ ရှပ်ဝါ၊ ရှပ်နီ ပဋိပက္ခလို အက်ကြောင်း ကြီးဖြစ်သွားတာမျိုးပါပဲ။ မြန်မာနိုင်ငံမှာလည်း ဗီတို အာဏာပြင်ဆင်ရေး အာဏာ သိမ်းတာမျိုးဖြစ်ရင် တပ်မတော် ထောက်ခံသူများ၊ အမျိုးသားရေးသမားများ စသူတွေနဲ့ ဒီမိုကရေစီ လိုလားသူများစတဲ့ လူအဖွဲ့စည်းတွင်း ပဋိပက္ခတွေ ဖန်တီးလာကြမှာ မြင်ယောင်ကြည့်ရတာနဲ့တင် ရင်မောစရာပါ။

စစ်တပ် အာဏာသိမ်းမှုတွေကို ပိုဖြစ်နိုင်စေတဲ့ အကြောင်းရင်းတွေ အများကြီးထဲက စစ်ခေါင်းဆောင် တွေရဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်နဲ့ စစ်တပ်အင်စတီကျူးရှင်းအပေါ် ခြိမ်းခြောက် တယ်ဆိုတဲ့ ရှုမြင်ချက် နှစ်ရပ်ကို ဒီနေ့အခြေနေနဲ့ ဆက်စပ် စဉ်းစားသင့်ပါတယ် (Ezrow and Frantz 2011)။ စစ်ခေါင်းဆောင်တွေအနေနဲ့ အစော်ကား ခံရတယ်လို့ ခံစားရရင်၊ ပျော့ညံတယ်လို့ ရှုမြင်ခံရရင်၊ ရာထူး လက်လွှတ်ရတော့မယ့် အချိန်နဲ့ တိုက်ဆိုင်နေခဲ့ရင်၊ ရာထူးက ဖယ်ရှားခံရတော့မယ်လို့ ယူဆလာရင်၊ မိသားစု စီးပွားရေးစတဲ့ အကျိုးစီးပွားတွေ ထိခိုက်တော့မယ်လို့ မြင်လာရင် အာဏာသိမ်းရေးဟာ ပိုဖြစ်နိုင်ခြေ ရှိလာတတ်ပါတယ်။ တခါ တဦးချင်းကနေ စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်း တခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကိုပါ ထိခိုက်လာပြီလို့ ရှုမြင်လာရင်၊ ရှုမြင် လာအောင် စစ်ခေါင်းဆောင်ပိုင်းက ပုံဖော်နိုင်လာရင် ဒါဟာ အင်စတီကျူးရှင်းအပေါ် ခြိမ်းခြောက်မှု အန္တရာယ် ပြုမူသဖွယ် ရှုမြင်မှု အားကောင်း လာနိုင်ပါတယ်။ ဒါဆိုရင် အာဏာသိမ်းဖို့ တွန်းအား ပိုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီတွန်းအားတွေဟာ ဗီတိုအာဏာကို ပြန်ဖြည့်စွက် ပြင်ဆင်တဲ့ အာဏာသိမ်းမှုတွေ (Veto coup) ကို ပို ရှေးရှုစေနိုင်ပါတယ်။

ပြန်ချုပ်ရရင်တော့ ၂၀၂၀ ရွေးကောက်ပွဲလွန် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အကျပ်အတည်းဟာ ဘယ်ဘက်က ဥပဒေ နည်းလမ်းကျသလဲ ငြင်းခုန်နေလို့ ပြေလည်မယ့် အကျပ်အတည်းမျိုး မဟုတ်ပါဘူး။ နိုင်ငံရေးအရ ဖြေရှင်းရမယ့် အကျပ်အတည်းပါ။ ဖြစ်တန်ခြေ သုံးခုဖြစ်တဲ့ (၁) တပ်မတော်အနေနဲ့ အာဏာ သိမ်းသည် ဖြစ်စေ၊ (၂) မသိမ်းဘဲ တဆင့်လျော့ပြီး လွှတ်တော် တက်သည်ဖြစ်စေ၊ (၃) လွှတ်တော် မတက်ဘဲ သပိတ်မှောက်လို့ သမ္မတ ရွေးချယ်ရေးကနေ လုံခြုံရေးဝန်ကြီး သုံးပါး ခန့်အပ်ရေးအဆုံး အကျပ်ရိုက်သည် ဖြစ်စေ အရပ်ဘက်-စစ်ဖက် ဆက်ဆံရေး ဆိုးရွားစေမယ့် အခြေနေ မှန်သမျှကို ရှောင်ရှား သင့်လှပါတယ်။ အာဏာရ ပါတီအနေနဲ့ အခြေခံ ဥပဒေခုံရုံးကို ခန့်အပ်ထားတာမို့ လုပ်ထုံးလုပ်နည်းအရ အပေါ်စည်းက (Procedural upper-hand) ရနိုင်တယ်လို့ ယူဆ အရဲစွန့်နေသူတွေ ရှိချင် ရှိနိုင်ပေမယ့် နိုင်ငံရေးအရ အရပ်ဘက်-စစ်ဖက် ဆက်ဆံရေး အချိန်အတော်ကြာ ပြန်စေ့ဖို့ ခက်သွားရလောက်အောင်၊ (ကိုဗစ်လွန်စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေး၊ အခြေခံဥပဒေပြင်ဆင်ရေးစတဲ့) တိုင်းပြည် အတွက်အရေးကြီးတဲ့ကိစ္စရပ် တိုင်းမှာ ပူးပေါင်း ဆောင်ရွက်ဖို့ (Political cooperation) မဖြစ်နိုင် လောက်အောင် အခြေနေမျိုး ဆိုက်သွားမှာကို စိုးရိမ် ပူပန်သင့်လှပါတယ်။ ဒီနေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ငါက အမှန်ဘက်ကဆိုတဲ့ ဘဝင်ကြွတဲ့ (Self-righteous stance) ရပ်တည်ချက်မျိုး၊ ငါ့မှာ လက်ရုံးအားနဲ့ ထစ်ခြုန်း ထန်ပြင်းနိုင်တယ်ဆိုတဲ့ အာဏာစက်မာန် (Power-based stance) ရပ်တည်ချက်မျိုးတွေနဲ့ အခြေခံပြီး မချဉ်းကပ်ဘဲ၊ နစ်မွန်းနေတဲ့ တိုင်းပြည်က တိုင်းရင်းသား ပြည်သူတွေ အားလုံးအတွက် အကျိုးကျေးဇူး များစေမယ့် (Interest-based stance) တဖက်နဲ့တဖက် အလျော့ အတင်းအပေးအယူနဲ့ ထိပ်တိုက်တွေ့ စရာမလိုတဲ့ စေ့စပ် ဆွေးနွေးတဲ့နည်း၊ ဟာနောပါဒါန နည်းနဲ့ပဲ နိုင်ငံရေး အဖြေပေါ်အောင် လုပ်သင့်ကြောင်း တိုက်တွန်းအပ်ပါတယ်။

စာညွှန်း

(၁) Huntington, Samuel P. (1968). Political order in changing societies. New Haven, Yale University Press, 1968.

(၂) Ezrow, N. M., & Frantz, E. (2011). Dictators and dictatorships: Understanding authoritarian regimes and their leaders. New York: Continuum.

About ISP-Myanmar

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.
  •   +95 9 960 839 801
  •   [email protected]

Recent Publication

  • October 3, 2020
    ISP-Myanmar Special Series (No-5) (COVID 19 & Myanmar)
  • July 8, 2020
    ISP-Myanmar Special Series (No-4) (COVID 19 & Myanmar)
  • July 24, 2020
    Assessment on Lawmakers’ understanding of Federal and Democratic Principles in Myanmar

More Links

  • Promoting Localised Policies on CMEC
  • Opportunity Cost of War
  • The Politics of Population
  • Emerging Leaders in Governance
  • Emerging Young Researcher Initiative
  • Yaw Min Gyi Zayat
  • Myanmar Quarterly Symposium
Follow us on
Copyright ISP-Myanmar © 2023. All Rights Reserved